စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက် အထိ)


(ISP-Myanmar က ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစပြီး တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ဖေဖော်ဝါရီ ၂၉ ရက်အထိ ဖော်ပြထားခြင်းဖြစ်သည်။)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအပြောင်းအလဲများသည် ပြည်တွင်းရေးသာဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးဖြစ်စဉ်များတွင်လည်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂစင်မြင့်အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားများအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။

(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
(ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
၂၀၂၄၊ ဖေဖော်ဝါရီ ၂၉

ကရင်ပြည်နယ် မြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၉၇ ဦး ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Khaosod English သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ တရုတ်နိုင်ငံသားများကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်-၂ မှ လွှဲပြောင်းပေးခဲ့ပြီး ထိုင်းအာဏာပိုင်များကတဆင့် တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အခြေတည်ရာနယ်မြေများဖြစ်သည့် ရွှေကုက္ကို၊ KK Park တို့တွင် လုပ်ကိုင်နေကြသူများဖြစ်ပြီး လွှဲပြောင်းခံရသူ အများစုမှာ ငွေကြေးလိမ်လည်ရန် ဖိအားပေးခိုင်းစေခံရသူများဖြစ်သည်။ ယခုအကြိမ်လွှဲပြောင်းမှုသည် မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့် ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံအကြား ပထမဆုံးအကြိမ် တိုက်ရိုက်လွှဲပြောင်းပေးမှုဖြစ်သည်။
(ရွှေကုက္ကိုစီမံကိန်းကို ISP-Myanmar China Desk ၏ Special Issue တွင်ရှုပါ။)
 ၂၀၂၄၊ ဖေဖော်ဝါရီ ၂၉

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ဆောင်ရွက်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအတွက် လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်း စီမံကိန်းပြီးစီးခြင်း အခမ်းအနားကို နေပြည်တော်တွင်ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ နှစ်နှစ်ခွဲကြာ ပြုလုပ်ခဲ့သော အဆိုပါ ‘နယ်စပ်ဖြတ်ကျော် မီးခိုမြူငွေ့ညစ်ညမ်းမှုနှင့် ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာစီမံကိန်း’ တွင် လေထုအရည်အသွေးတိုင်းတာသည့် Parameter ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter ခြောက်မျိုးကို တိုင်းတာသည့် စက်ပစ္စည်းများကိုဝယ်ယူခြင်း၊ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ သင်တန်းများ၊ စက်ကိရိယာကိုင်တွယ်အသုံးပြုခြင်းသင်တန်းများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးသင်တန်းများကို ပို့ချခဲ့ပြီး စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ပွင့်လင်းရာသီ၌ ဖြစ်ပွားတတ်သည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်သည့် မီးခိုးညစ်ညမ်းမှုပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေကြောင်း စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောခဲ့သည်။  နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးသင်တန်းများနှင့် လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာရေးကိရိယာကိုင်တွယ်ခြင်း သင်တန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၈

မူဆယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့သွားရောက်မှုများ များပြားလာမှုကြောင့် နယ်စပ်ဝင်ခွင့်လက်မှတ် (စာအုပ်အနီ) တိုကင်ရရှိရန် တန်းစီစောင့်ဆိုင်းနေရကြောင်း ဒေသတွင်းသတင်းဌာနဖြစ်သည့် သျှမ်းသံတော်ဆင့်တွင် ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (စာအုပ်အနီ) ရရှိရန် တရက်လျှင် ၅၀၀ ဦးကိုသာ ခွင့်ပြုခြင်း၊ သက်တမ်းတိုးရန် အချိန်ကြာမြင့်ခြင်း၊ စာအုပ်ရရှိရန် တဦးလျှင် တရုတ်ယွမ်ငွေ ၁,၀၀၀ ကျော် (မြန်မာကျပ်ငွေ ငါးသိန်းမှ ရှစ်သိန်းကြား) ပေးဆောင်ရခြင်းတို့ကြောင့် တန်းစီစောင့်ဆိုင်းနေရသည်။ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တွင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကို ထုတ်ပေးနေခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် TBP (တပတ်ခံကတ်များ) ဖြင့် ဝင်ရောက်၍ ရက်လွန်နေထိုင်သူများကိုလည်း တရုတ်ရဲများကဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းနှင့် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရမည်ကို စိုးရိမ်မှုများကြောင့် တနှစ်သက်တမ်းရှိသည့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်များကို ရရှိရန် လုပ်ဆောင်နေကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၆-၂၈

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Regional Comprehensive Economic Partnership – RCEP) ကို ပိုမိုနားလည်စေရန်နှင့် အသုံးပြုမှုမြင့်မားစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို နေပြည်တော်တွင် သုံးရက်ကြာကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းစာတွင်ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) က RCEP ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွက် အကျိုးရှိစေကြောင်း၊ တရုတ်နိုင်ငံသည် RCEP အဖွဲ့ဝင်နိုင်ငံများအတွက် အကြီးမားဆုံးစီးပွားဖက်နိုင်ငံဖြစ်ပြီး ‘တံခါးဖွင့်၍ ဖွံ့ဖြိုးတိုးတက်မှု အယူအဆ’ ကို ကိုင်စွဲ၍ RCEP သဘောတူစာချုပ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် ဈေးကွက်ဖွင့်လှစ်ရေး၊ အကောက်ခွန်လျှော့ချရေးများအပြင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီမြှုပ်နှံမှုအဆင်ပြေချောမွေ့စေရေး၊ ဒေသတွင်းစီးပွားရေးကို အဆက်မပြတ်မြှင့်တင်နိုင်ရေးနှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်နိုင်ရေးကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ တရုတ်-အာဆီယံအကြား ကုန်သွယ်မှုသည် RCEP သဘောတူစာချုပ်အသက်မဝင်မီ ၂၀၂၁ ခုနှစ်နှင့် စာချုပ်အသက်ဝင်ပြီး ၂၀၂၃ ခုနှစ် နှင့်နှိုင်းယှဉ်ပါက တရုတ်ယွမ်ငွေ ၁၂ ထရီလီယံကျော် တိုးလာကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် တရုတ်-အာဆီယံနိုင်ငံများအကြား တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် တရုတ်ယွမ်ငွေ ခြောက်ထရီလီယံကျော် ရောက်ရှိလာကြောင်း ဒေါက်တာကျန်းကျိဟုန်က ပြောကြားခဲ့သည်။ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က RCEP သည် ပွင့်လင်း၍ အားလုံးပါဝင်သည့် စည်းမျဉ်းများဖြင့် ကုန်သွယ်ရေးစနစ်တခုဖြစ်ပြီး ဒေသတွင်းကုန်သွယ်မှုအခွင့်အလမ်းသစ်များကိုဖန်တီးကာ စီးပွားရေးပြန်လည်ထူထောင်မှုကို အရှိန်မြှင့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် သဘောတူစာချုပ်တွင်ပါရှိသည့် အကောက်ခွန်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းများကို ပိုမိုနားလည်ခြင်းဖြင့် အကောက်ခွန်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ အတွေ့အကြုံများမှတဆင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဖွဲ့ဝင်နိုင်ငံများကြား ပြည်သူများနှင့် ပုဂ္ဂလိကဌာနဆိုင်ရာ စွမ်းရည်တည်ဆောက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး  RCEP သဘောတူစာချုပ်ကို လက်တွေ့ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံအားလုံးသည် RCEP တွင် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများ၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆင့်မြင့်ကုန်သွယ်မှုဥပဒေများဖြင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် RCEP အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်နိုင်ရန်ရည်ရွယ်၍ တရုတ်-အာဆီယံ ကုန်သွယ်မှုဥပဒေဖိုရမ် (China-ASEAN Commercial Law Forum) နှင့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင်ကျင်းပခဲ့သည်။ RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဩစဩေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးသည့် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သည့် ကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံပိုင် Bank of China ရန်ကုန်ဘဏ်ခွဲမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါပညာသင်ထောက်ပံ့ကြေးစီမံကိန်းကို ၂၀၂၂ ခုနှစ်မှ စတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ အယောက် ၁၀၀ ကို နှစ်စဥ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်နေခြင်းဖြစ်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး မစ္စချောင်ဂျင်း (Ms. Cao Jing)၊ မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပညာသင်ထောက်ပံံ့ကြေးရရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ Bank of China ရန်ကုန်ဘဏ်ခွဲသည်​ တရုတ်-မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် ယွမ်ငွေပေးချေမှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဘဏ်တခုဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၅

တရုတ်နိုင်ငံ​ဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကို ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံသံရုံးမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါစီမံကိန်းအရ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် သုံးခုနှင့် ကျေးရွာသုံးရွာအတွက် ဆိုလာရေမော်တာစက်၊ ရေသန့်စင်စက်၊ ရေလောင်ကန်နှင့် ရေပိုက်ကွန်ရက်များကို တည်ဆောက်ပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို မြန်မာနိုင်ငံသို့ မျှဝေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူနေမှုဘဝ မြင့်မားရေးအတွက် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daoping)က အခမ်းအနားတွင် ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့လည်း တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၃

တာချီလိတ်မြို့အခြေစိုက်၍ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်ကြောင်း သံသယရှိသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသား တဦး၊ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ မြန်မာနိုင်ငံသား ၅၄၀ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တာချီလိတ်မြို့အခြေစိုက်ပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား ၄၉၇ ဦးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံသားများနှင့် အိမ်နီးချင်းနိုင်ငံများကိုထိခိုက်စေသည့် အွန်လိုင်းလိမ်လည်မှုများကို သက်ဆိုင်ရာနိုင်ငံများနှင့်အတူ အမြစ်ပြတ်ချေမှုန်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ကတိပြုခဲ့သည်။ ထို့အပြင် နိုင်ငံခြားသို့ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသားများကို ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ရန် တရုတ်နိုင်ငံလုံခြုံရေးဗြူရိုက သတိပေးထားသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၂-၂၃

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၃ ဖြင့်ဆောင်ရွက်မည့် ‘စားသောက်ကုန်ကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းမိတ်ဆက်အခမ်းအနား’ကို နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ စားသောက်ကုန်လုပ်ငန်းအတွက် စက်ရုံများတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲနိုင်ရေးမှတဆင့် ထုတ်လုပ်မှုစရိတ်လျော့ကျစေရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှာစကားပြောခဲ့သည်။ အမျိုးသားအဆင့်စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးမူဝါဒအောက်မှတဆင့် စက်မှုကဏ္ဍ၊ အဆောက်အအုံကဏ္ဍ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စွမ်းအင်စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍနှင့် စွမ်းအင်အသုံးချကဏ္ဍ စသည့် ကဏ္ဍလေးခုကို အကောင်အထည်ဖော်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်။ ထို့ပြင် ယခုစီမံကိန်းသည် စက်မှုကဏ္ဍများတွင် စွမ်းအင်သုံးစွဲမှုနှင့် စက်ရုံ၊ အလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ်များကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်သံရုံးမှ သံမှူး ဒေါက်တာကျန်းကျိဟုန်က စီမံကိန်းများ၏ အခြေအနေများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ စစ်ကောင်စီ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အကြံပေး အသီးသီးက စားသောက်ကုန်လုပ်ငန်းတွင်စွမ်းအင်အကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ဖော်ဆောင်မည့် စီမံကိန်းများကို  ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁

ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းမှ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်များ လှူဒါန်းခြင်းအခမ်းအနားကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ‘စိတ်ချင်းယှက်နွယ် ယူနန်အစီအစဥ်’ ခေါင်းစဥ်အောက်တွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် သာကေတမြို့နယ်ရှိလမ်းများ၌ အသုံးပြုရန် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ ၄၀ ကို လှူဒါန်းခဲ့ကြောင်း ဖော်ပြထားသည်။ အခမ်းအနားသို့ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yubo)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်နှင့် စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ‘စိတ်ချင်းယှက်နွယ် ယူနန်အစီအစဥ်’ သည် အိမ်နီးချင်းနိုင်ငံများတွင် ပြည်သူဗဟိုပြုသော အသေးစားစီမံကိန်းများကို ဖော်ဆောင်သည့် အစီအစဥ်တခုဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် စီမံကိန်း ၉၂ ခုကို အကောင်အထည်ဖော်ခဲ့ပြီး အကျိုးသက်ရောက်သည့် ရပ်ကွက်ကျေးရွာ ၄၈ ခု၊ အခြေခံပညာကျောင်းနှင့် တက္ကသိုလ်ပေါင်း ၁၅၃ ခုနှင့် လူဦးရေ ၂ ဒသမ ၆ သန်းရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါအစီအစဥ်ဖြင့် ၂၀၂၂ ခုနှစ်မှစတင်ကာ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့် သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့် ကဏ္ဍများတွင် စီမံကိန်း ၂၄ ခုကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁

စစ်ကောင်စီနှင့် ညီနောက်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီမှုဖြင့် ယာယီအပစ်ရပ်ဆဲထားသော်လည်း တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခြင်းမရှိကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အကြီးဆုံးကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ်-ချင်းရွှေဟော် ကုန်သွယ်ရေးဂိတ်တွင် ကုမ္ပဏီများနှင့် ကိုယ်စားလှယ်များမရှိတော့သဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး ကုမ္ပဏီအများစုမှာ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းလားမြို့တို့သို့ ရောက်ရှိသွားကြောင်း မူဆယ်ဒေသခံများက ပြောသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်ရန်ရည်ရွယ်၍ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အဆင့်ကွန်မြူနစ်ပါတီဒုတိယအတွင်းရေးမှူး မစ္စတာဝမ်ယူဘို (Mr. Wang Yubo) တို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ တွင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်းစသည့် မြို့ကြီး ငါးမြို့ကို ညီနောင်မဟာမိတ်အဖွဲ့မှ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစန်းကျော့စသည့် တရုတ်-မြန်မာနယ်စပ်ဂိတ် လေးခုကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တဖက်တွင် စစ်ကောင်စီက မူဆယ်မြို့ ၁၀၅-မိုင် ကုန်သွယ်ရေးစခန်းကို တစိတ်တပိုင်းထိန်းချုပ်ထားလျက်ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်၊ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းလားနယ်စပ်ဂိတ်များမှတဆင့် တင်ပို့လျက်ရှိသော်လည်း စစ်ဆင်ရေးနောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံး၏ ၉၁ ရာခိုင်နှုန်းရပ်တန့်ခဲ့သည်။
(ISP-Myanmar ၏ Insight Email အမှတ် ၂၉၊ ‘ကျနေဦးမည့်စီးပွားရေး’ ကိုရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁

တာချီလိတ်မြို့၌အခြေစိုက်၍ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်ကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၄၉၇ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းတွင် ဖော်ပြထားသည်။ ထိုဖမ်းဆီးရမှုသည် တရုတ်အာဏာပိုင်များနှင့် စစ်ကောင်စီ ရဲတပ်ဖွဲ့တို့အကြား ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းတိုက်ဖျက်မှုဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း အခြေစိုက် အွန်လိုင်းလိမ်လည်မှု ကွန်ရက်များကို တိုက်ဖျက်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် China Central Television (CCTV) မှတဆင့် ပြောခဲ့သည်။ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ စုစုပေါင်း ၄၆,၀၀၀ ဦးကို မြန်မာနိုင်ငံမှ လွှဲပြောင်းပေးပြီး နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်သော တရုတ်နိုင်ငံသားများအနေနှင့် ရာဇဝတ်မှုများကို ရပ်တန့်ပြီး တရုတ်နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ခြေကုပ်ယူထားသော အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် ခေါင်းဆောင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် စစ်ကောင်စီမှတဆင့် ဖမ်းဆီးခဲ့ပြီးဖြစ်သည်။
(ISP-Myanmar ၏ Explainer-09 ပယ်မိသားစုကြမ္မာငင်ချိန် ကို၌ရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၂၀

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးကိစ္စများအတွက် တရုတ်နိုင်ငံ၊​ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yu Bo) နှင့် စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် ကုန်စည်များအဆင်ပြေစွာစီးဆင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ စစ်ကောင်စီဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအပြင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံဘက်မှ တရုတ်သံအမတ် မစ္စတာချန်းဟိုင်၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်ပြီးနောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံး၏ ၉၁ ရာခိုင်နှုန်းရပ်တန့်ခဲ့သည်။
(ISP-Myanmar ၏ Insight Email အမှတ် ၂၉၊ ‘ကျနေဦးမည့်စီးပွားရေး’ ကိုရှူပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၂၀

နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ရေးအတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယုဘို (Mr. Wang Yubo) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် တရုတ်နိုင်ငံအကူအညီဖြင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဥ်များ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှစ်နိုင်ငံဆက်လက်ပူပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ယူနန်ပြည်နယ်မှ နည်းပညာအကူအညီပေးအပ်ရေးနှင့် တရုတ်-မြန်မာ ရထားလမ်းတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စွမ်းအင်နှင့် ပန်းမန်စိုက်ပျိုးရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ပထမအပတ်တွင် လာရောက်ခဲ့သည့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင် (Mr. Wang Ning) ၏  ခရီးစဥ်ပြီးနောက် မစ္စတာဝမ်ယုဘို၏ ယခုခရီးစဥ်သည် ယူနန်ပြည်နယ် ပါတီထိပ်ပိုင်းခေါင်းဆောင်တဦး၏ ဒုတိယအကြိမ်မြောက် နေပြည်တော်ခရီးစဥ်ဖြစ်သည်။ ထို့အပြင် ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ပထမဆုံးလာရောက်သည့် ယူနန်ပြည်နယ် ထိပ်တန်းအရာရှိတဦး၏ ခရီးစဥ်လည်းဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများ၏ ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်ကူးပွဲတော်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင်ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါနှစ်ကူးအခမ်းအနားတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊ တရုတ်ပြည်သူများနှင့် တကမ္ဘာလုံးရှိ တရုတ်နွယ်ဖွားများအတွက် နှစ်သစ်ဆုတောင်းစကားပြောခဲ့သည်။ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကျယ်ပြန့်လာကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးကြောင်း၊ မြန်မာ့အရေးကိစ္စတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့မှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ရပ်တည်ပေးမှုနှင့် တရုတ်နိုင်ငံဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှတဆင့် ပံ့ပိုးကူညီမှုများအတွက်လည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်းမူဝါဒနှင့် တရုတ်နိုင်ငံမှ ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းများ၊ အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည်ဖော်လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံသံအမတ် မစ္စတာချန်းဟိုင် (Mr. Chen Hai) က နှစ်သစ်တွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းသံတမန်ဆက်ဆံရေးမူဝါဒဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအတွက် ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ယူနန်ပြည်နယ် တယ်ဟုန်းခရိုင်နှင့် ထိန်ချုံးမြို့တို့မှ အနုပညာအဖွဲ့များ၊ မြန်မာနိုင်ငံမှ အနုပညာအဖွဲ့များက အဆိုအက၊ ဝူရှုး၊ တရုတ်စီချွမ်အော်ပရာပြဇာတ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံတမန်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) နှင့် မြန်မာနိုင်ငံမှ တရုတ်နွယ်ဖွားများအပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ စစ်ကောင်စီကကျင်းပသည့် ရွှေနဂါးတရုတ်နှစ်ကူးပွဲတော်ကို တရုတ်နှစ်သစ်ကူးနေ့အပြီး ရှစ်ရက်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၆

တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်ဖြစ်သည့် ကျင်စန်းကျော့-မက်မန့် (မူဆယ်) ဂိတ်တွင် ‘စစ်ဆင်ရေး ၁၀၂၇’ ကြောင့် သွင်းကုန်ကားများ ပိတ်မိနေသည့် ကုန်သည်များက ကုန်ချမပေးသဖြင့် သွင်းကုန်ယာဉ်ပိုင်ရှင်များ အခက်အခဲကြုံတွေ့နေရကြောင်း ယာဥ်ပိုင်ရှင်များကို ကိုးကားကာ Voice of Myanmar သတင်းဌာနတွင် ဖော်ပြထားသည်။ စစ်ဆင်ရေးဖော်ဆောင်နေသည့် လေးလနီးပါးအတွင်း တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများသည် ကုန်တင်ယာဉ်ပေါ်တွင် ပိတ်မိနေပြီး ကုန်သည်များက တာဝန်ခံမှုမရှိခြင်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေသောကြောင့် ကုန်ကားပိုင်ရှင်များမှာ အခက်အခဲကြုံတွေ့လျက်ရှိသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မူဆယ် (၁၀၅-မိုင်) တွင် ပို့ကုန်သွင်းကုန် ကားအစီး ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ကုန်တင်ကားများ နယ်စပ်ဂိတ်တွင် ပိတ်မိလျက်ရှိသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၅

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ခိုင်မာစေရေးနှင့် ထုတ်ကုန်များအတွက် အမျိုးသားအရည်အသွေးထောက်ခံချက်ထုတ်ပြန်ရေးစနစ်ကို အကောင်အထည်ဖော်ရေး စီမံကိန်းစတင်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါစီမံကိန်းသည် အမျိုးသားအဆင့် အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရန်၊ ထုတ်ကုန်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ထုတ်လုပ်မှုနည်းစနစ်များတွင် အရည်အသွေးထောက်ခံချက်စနစ်ကို အကောင်အထည်ဖော်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး မစ္စချောင်လီ (Ms. Qiao Li) က တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်အဆိုပြုခဲ့သည့် အေးအတူပူအမျှအသိုက်အဝန်းတွင် အားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း (Economy Globalization) ကို အားပေးကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ ချိတ်ဆက်မှုသည် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းအတွက် အရေးပါကြောင်းနှင့် ရပ်ဝန်းလမ်းကြောင်းအစီအမံ၏ အဆိုပြုချက်တွင် အပြန်အလှန်ချိတ်ဆက်မှုသည် အရေးပါကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများနှင့်အတူ စံချိန်စံညွှန်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးစီမံခန့်ခွဲမှုများကို နိုင်ငံအသီးသီးနှင့် မျှဝေသွားမည်ဖြစ်ကြောင်းနှင့် မဲခေါင်မြစ်တလျှောက်ရှိ နိုင်ငံများ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ထုတ်လုပ်မှုနည်းစနစ်များအတွက် ‘အမျိုးသားအရည်အသွေးထောက်ခံချက်စနစ်’ ကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုန်ပစ္စည်းများ၏စံချိန်စံညွှန်း၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်ထောက်ခံမှုနှင့် ချိတ်ဆက်မှုကိုမြှင့်တင်ပေးရန်၊ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအဆင်ပြေစေရန်နှင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆိုပါစနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း မစ္စချောင်လီမှ ထည့်သွင်းပြောကြားခဲ့သည်။
စစ်ကောင်စီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာတို့မှ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် နယ်စပ်ဖြတ်ကျော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်စွမ်းရည်မြင့်မားလာမှု၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော တွန်းအားတခုဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။ KNU အနေနှင့် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင်ကာစီနိုလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တရားမဝင်ကာစီနိုလုပ်ငန်းများမှ တိုက်ရိုက်အကျိုးအမြတ်ရရှိနေပြီး နောက်ကွယ်မှ အကာအကွယ်ပြုလုပ်ပေးခြင်း၊ ထောက်ခံပေးခြင်းတို့ကြောင့် လူမှုဒုက္ခများနှင့် ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။ ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်တွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာ နယ်မြေများဖြစ်သည့် ရွှေကုက္ကို၊ KK Park နှင့် ကျောက်ခက်ကာစီနိုများ တည်ရှိနေပြီး အဆိုပါနယ်မြေများကို ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) နှင့် ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (DKBA) တို့က ထိန်းချုပ်ထားသည်။
(ရွှေကုက္ကိုမြို့သစ်စီမံကိန်း ကို ISP-Myanmar ၏ Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၉

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး​အတွက် ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံနှင့်အကောင်အထည်ဖော်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရေနက်ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများ၊ ရေနံနှင့် ဓာတုစက်ရုံများ တည်ဆောက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့သည်။ အဆိုပါ စီးပွားရေးဇုန်များတွင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အရေးရရှိမည့် စက်မှုလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေးဇုန်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်၊ စီမံကိန်းအလိုက် လုပ်ငန်းပြီးစီးမှုများကို ပြန်လည်သုံးသပ်ရန်လည်း ပြောကြားခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဦးအောင်နိုင်ဦးနှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၈

တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် မလေးရှားနိုင်ငံသံရုံးက ဦးဆောင်ကျင်းပကာ ဘေဂျင်းမြို့ အာဆီယံကော်မတီ  (ASEAN Committee in Beijing – ACB) ၏ ၂၀၂၄ ခုနှစ် ပထမအကြိမ်အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အစည်းအဝေးတွင် ဘေဂျင်းမြို့အခြေစိုက် အာဆီယံသံအမတ်များက တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး မလေးရှားနိုင်ငံသံအမတ် မစ္စတာနော်မန်မူဟာမတ် (Mr. Norman Muhamard) က စစ်ကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာသံအမတ် ဦးတင်မောင်ဆွေထံ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးခဲ့သည်။ ဦးတင်မောင်ဆွေက ၎င်းတာဝန်ယူနေသည့်ကာလအတွင်း ဆောင်ရွက်မည့်ကိစ္စများကို ပြောကြားခဲ့ပြီး အာဆီယံသံရုံးများအကြား ထိတွေ့ဆက်ဆံရန်နှင့် ပြည်သူများအကြား ဖလှယ်မှုမြှင့်တင်ရေးနှစ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၄ ခုနှစ်တွင် တရုတ်-အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ပြည်သူများအကြား အပြန်အလှန်နားလည်မှုမြှင့်တင်ရန် ရည်ရွယ်၍  ‘၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြားဖလှယ်ရေးနှစ်  မိတ်ဆက်ပွဲ’ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တရုတ်နိုင်ငံ ဖူကျိုးမြို့၌ကျင်းပခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၈

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွင်အရေးပါသော စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နှင့်အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်သို့လည်း လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်သို့ ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြားတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်မှစတင်ကာ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ ဓညဝတီရေတပ်ဌာနချုပ်သည် တရုတ်စီမံကိန်းဖြစ်သည့် ‘ရွှေ’ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သင်္ဘောများအဝင်အထွက်ပြုလုပ်သည့် လမ်းကြောင်းပေါ်တွင်တည်ရှိပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ငါးမိုင်ခန့်ကွာဝေးသည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ပြီးနောက် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ (Implementation Plan) အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် ရမ်းဗြဲကျွန်းနှင့် မဒေးကျွန်းကို ချိတ်ဆက်မည့် ပေါင်းကူးတံတားနှင့် ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ရန် ရည်ရွယ်ထားသည်။
 (ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ISP-Myanmar Special Issue တွင်ရှုပါ။)
၂၀၂၄၊ ဖေဖော်ဝါရီ ၈

အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများနှင့် မြန်မာနိုင်ငံတွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား အများဆုံးပါဝင်သော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁,၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား ၂၀ ဦးနှင့် လာအိုနိုင်ငံသား ၁၈ ဦးတို့အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀,၆၁၉ ဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးအနေနှင့် တရုတ်နိုင်ငံသားများ အများဆုံးပါဝင်သည့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံအတွင်းက အခြေအနေများကို ဟောင်ကောင်ဒေသအခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့ အုပ်ချုပ်ရေးဝန်ကြီး  မစ္စတာအဲရစ်ချန်ကွခ်ကီ (Mr. Eric Chan Kwok-ki) နှင့် တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် ဟောင်ကောင်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးအခြေအနေများ၊ ဆက်ဆံရေးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်ကိစ္စများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၆

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနှင့် အထည်မှာယူမှုများမရှိခြင်းကြောင့် မြန်မာနိုင်ငံရှိ တရုတ်အထည်ချုပ်စက်ရုံ ခြောက်ရုံခန့်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့သို့ ရွှေ့ပြောင်းနေကြောင်း ရွှေလီမြို့ရှိ မြန်မာလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို VOA သတင်းဌာနတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ရောဂါနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ကုန်ကြမ်းရရှိရန်ခက်ခဲခြင်း၊ အထည်မှာယူမှုမရှိခြင်းနှင့် လုပ်ခလစာတိုးမြှင့်မပေးနိုင်ခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများသည် အဆိုပါစက်ရုံများသို့ ရွှေ့ပြောင်း၍ အလုပ်လုပ်ကိုင်နေကြောင်းလည်း ရေးသားထားသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ရရှိရန် လျှောက်ထားသည့် မြန်မာနိုင်ငံသားအရေအတွက်မှာ တရက်လျှင် တသောင်းနီးပါးရှိနေသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၆

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု သံသယရှိသူ ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်သည်။ ၎င်းတို့ကို တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်အနီးတွင် ဖမ်းဆီးရမိပြီး နိုင်ငံခြားသားမှုခင်းစုံစမ်းရေးဌာနသို့ လွှဲပြောင်းစစ်ဆေးမည် ဖြစ်သည်ဟု ဆိုသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို ဖမ်းဆီးရရှိရန် အထူးဒေသနယ်မြေရှင်းလင်းရေး အထူးစီမံချက်ကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ MNDAA က အကောင်အထည်ဖော်လျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ နိုင်ငံခြားသား ၅၀ ဦးကို စိီမံချက်စတင်ပြီး ခြောက်ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၅

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွင် ပါဝင်ပတ်သက်နေကြောင်း သံသယရှိသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ အဆိုပါသံသယရှိသူများကို လောက်ကိုင်မြို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မျဉ်း BP-125 မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှုများနှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုများကို တိုက်ဖျက်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ဆေးမှုများနှင့် ဖမ်းဆီးမှုများကို အထူးစီမံချက်ဖြင့် MNDAA က လုပ်ဆောင်လျက်ရှိသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၅

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ရှမ်းပြည်နယ် အေးသာယာမြို့တွင် တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ ယခုစင်တာသည် တိုင်းရင်းသားလူမျိုးစုများအတွက် မြန်မာ့ပထမဆုံး သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာ ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သက်မွေးဝမ်းကျောင်းနည်းပညာဆိုင်ရာ လူရည်ချွန်များ မွေးထုတ်ပေးမည့် နေရာဖြစ်လာမည်ဟု မျှော်လင့်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အရေးပါသော စင်တာဖြစ်လာမည်ဖြစ်ကြောင်း  တရုတ်သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong) က အမှာစကားပြောကြားခဲ့သည်။ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက သက်မွေးပညာသင်တန်းစင်တာသည် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေနှင့် နိုင်ငံတော်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများကို ဆွေးနွေးဖလှယ်ခြင်း၊ အသိပညာမျှဝေခြင်းများကို ဆောင်ရွက်နိုင်ရန်၊ ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားများ၏ လူမှုဘဝတိုးတက်စေရန် သက်မွေးပညာသင်တန်းများ၊ ရိုးရာလက်မှုပညာ သင်တန်းများကို ကျင်းပနိုင်ရန် ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ စစ်ကောင်စီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါစင်တာကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ခေါင်းစဥ်အောက်တွင် အစားအစာ၊ စိုက်ပျိုးရေး၊ သမားရိုးကျမဟုတ်သည့် လုံခြုံရေးကဏ္ဍ၊ လူမှုရေးနှင့်ယဥ်ကျေးမှု ကဏ္ဍများနှင့် သက်ဆိုင်သည့် စင်တာပေါင်း ကိုးခုကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၅

တရုတ်နိုင်ငံဦးဆောင်သည့် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အထူးရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုအထောက်အကူပြု ဝါးစိုက်ပျိုးခြင်း၊ မျှစ်ထုတ်ကုန်များလက်တွေ့ပြုလုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်ခြင်းသင်တန်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းသင်တန်းတွင် စီမံကိန်းဧရိယာမှ ဒေသခံများအား ရေရှည်တည်တံ့သော မျှစ်ထုတ်ယူခြင်း၊ ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်ရောင်းချခြင်းနှင့် စျေးကွက်ချိတ်ဆက်ခြင်း ဆိုင်ရာနည်းစနစ်များကို ငါးရက်သင်တန်းပို့ချမည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ သင်တန်းနှင့် လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေးကိရိယာ ကိုင်တွယ်ခြင်းသင်တန်းသည် လေထုညစ်ညမ်းမှုကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားလာရန်၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကောင်းမွန်သောပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစောင့်ကြည့်လေ့လာခြင်းစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၆၂ ဦးကို သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်သည်ဟု သံသယရှိသူ ၃၆ ဦးကို ဖမ်းဆီးထားကြောင်း MNDAA ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ သံသယရှိသူများကို လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်နှင့် စွမ်ဟော့ချိန်ရပ်ကွက်အတွင်း ဖေဖော်ဝါရီ ၃ ရက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး လက်ကိုင်ဖုန်းအပါအဝင် လက်နက်များကို MNDAA အထူးရဲဌာနသို့ အပ်နှံထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်းတို့သည် မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုများ ပပျောက်စေရန်ရည်ရွယ်၍ MNDAA က အထူးဒေသနယ်မြေရှင်းလင်းရေး အထူးစီမံချက်ကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကိုးကန့်ဒေသအတွင်း တရားဝင်နေထိုင်သည့် နိုင်ငံခြားသားများကိုလည်း မှတ်ပုံတင်နှင့် ယာယီနေထိုင်ခွင့်လက်မှတ်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း MNDAA မှကြေညာခဲ့သည်။ ဟိုင်ဂင်သဘောတူညီချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့် တရုတ်နိုင်ငံသားများကို တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုသို့ စစ်ကောင်စီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက လွှဲပြောင်းပေးလျက်ရှိသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်၍ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်ခဲ့ကြောင်း တရုတ်အာဘော် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ အသိုက်အဝန်းကို ပူးပေါင်းတည်ထောင်ရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးကျေးဇူးများကို ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သံအမတ် မစ္စတာချန်းဟိုင်က ကတိပြုခဲ့သည်။​ အခမ်းအနားတွင် တရုတ်ရိုးရာ နဂါးနှင့် ခြင်္သေ့အကများ၊ ဝူရှူးဖျော်ဖြေပွဲများနှင့် အခြားလှုပ်ရှားမှူများပါဝင်သည့် ယဉ်ကျေးမှုပြခန်းကိုပြသခဲ့သည်။ ဖွင့်ပွဲသို့ စစ်ကောင်စီ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဦးဆောင်၍ တရုတ်ပညာတော်သင် မြန်မာကျောင်းသားများ၏ နှစ်သစ်ကူးစကားဝိုင်းကို တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်သံမှူး မစ္စတာပန်ဖန့် (Mr. Pan Feng) က တရုတ်နှစ်ကူးပွဲတော်ကို နိုင်ငံပေါင်း (၂၀၀) ကျော်တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ တရုတ်ပညာတော်သင် မြန်မာကျောင်းသားများအနေနှင့် နှစ်နိုင်ငံကြား ပြည်သူများအတွက် ပညာတော်သင် အတွေ့အကြုံများနှင့် ချစ်ကြည်ရေးကို အလေးထားပြောစေလိုကြောင်း တိုက်တွန်းခဲ့သည်။ ထို့ပြင် စင်ကာပူဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုးက တရုတ်ပညာတော်သင်အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပြီး ပညာတော်သင် ကျောင်းသားများအနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွမြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ပညာတော်သင်ကျောင်းသားများကလည်း ၎င်းတို့အတွေ့အကြုံများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပြန်လည်မျှဝေခဲ့ပြီး တရုတ်ရိုးရာယဥ်ကျေးမှူပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။ နှစ်ကူးစကားဝိုင်းသို့ တရုတ်ပညာတော်သင်ကျောင်းသားများ၊ စစ်ကောင်စီ ရန်ကုန် အထက်တန်းကျောင်း၊ အခြေခံပညာရေးကျောင်း၊ တရုတ်ဘာသာပညာရေး အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ နီးပါး တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၃

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောစာချုပ် (RCEP) အဖွဲ့ဝင်နိုင်ငံများအကြား စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ပိုမိုနားလည်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးပိုက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင်ပြုလုပ်ခဲ့သည့် နယ်စပ်ဖြတ်ကျော်စက်မှုလုပ်ငန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို ပြန်လည်မျှဝေခဲ့သည်။ RCEP အဖွဲ့ဝင်နိုင်ငံများရှိ ပုဂ္ဂလိက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ််ငန်းများ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များအကြား လွတ်လပ်သော စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းနှင့် ကုမ္ပဏီဥပဒေဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်း (Online)၊ အော့ဖ်လိုင်း (Offline) ဖြင့် တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁-၂

တရုတ်နှင့် အာဆီယံပြည်သူများအကြား နားလည်မှုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့တွင် ကျင်းပသည့် တရုတ်-အာဆီယံပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲအခမ်းအနားသို့ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည််ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ပြည်သူချင်း အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေးကို ထောက်ခံကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ထုံးတမ်းစဉ်လာများနှင့် မတူကွဲပြားမှုများသည် အာဆီယံဒေသ အတွက် အရေးပါကြောင်းနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ပြည်သူချင်းအပြန်အလှန် နားလည်မှုမြှင့်တင်ရေးကို မြန်မာနိုင်ငံက ကြိုဆိုကြောင်း ဦးတင်ဦးလွင်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ်အစီအစဉ်မှတဆင့် မတူကွဲပြားသော လူမှုအဖွဲ့အစည်းများအကြား လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ အခမ်းအနားဖွင့်ပွဲသို့ တရုတ်နိုင်ငံတော်အကြံပေး မစ္စရှန်းရင်ချင် (Shen Yiqin)၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁

တရုတ်-မြန်မာစီးပွားရေးစင်္ကြတွင် ဦးစားပေးအကောင်အထည်ဖော်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။ ကျောက်ဖြူမြို့နယ် မလကျွန်း၊ ပြင်ရှည်ရွာသစ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီိ၏ ဓညဝတီရေတပ်ဌာနချုပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ငါးမိုင်ခန့်အကွာရှိ ဂုံးချွိန်တိုက်နယ် အူချေကျေးရွာမှ အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်သည့် ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး တောင်ပိုင်းအထိလည်း တိုက်ပွဲများကျယ်ပြန့်လာနေသည်။ တဖက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာအကောင်အထည်ဖော်နိုင်ရန် စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့က ကြိုးပမ်းနေပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စီမံကိန်းအကောင်အထည်ဖော်မည့် CITIC ကုမ္ပဏီနှင့် စစ်ကောင်စီအကြား စီမံကိန်းနောက်ဆက်တွဲစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထို့အပြင် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၁

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးများကို ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ အာဏာပိုင်များနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်များ၏ ကုန်သွယ်ရေးအခြေအနေများ၊ နယ်စပ်ဒေသကျည်ကျော်ကျရောက်မှုမရှိစေရေး၊ ဒေသခံများထိခိုက်မှုမရှိစေရေး ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများမှတဆင့် စစ်ဆင်ရေးများပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ကိုးကန့်ဒေသသည် ယခင်အချိန်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ကာစီနိုဝိုင်းများရှိသည့် နေရာများဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာမှတဆင့် နိုင်ငံခြားသားများ တရားမဝင်ရောက်ရှိလာကြောင်းနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) များကို တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းနှိမ်နင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားများကိုလည်း KNU က လုပ်ဆောင်လျက်ရှိကြောင်းလည်း စွပ်စွဲပြောကြားခဲ့သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့သည် နယ်စပ်ဒေသများတွင် တိုက်ပွဲဖော်ဆောင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းလျက်ရှိသည့်အတွက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှိမ်နင်းမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်။ တရားမဝင်ရောက်ရှိနေသော တရုတ်နိုင်ငံသား ၄၈,၂၁၀ ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ စစ်ကောင်စီက တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၁

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် လာအိုကောင်စစ်ဝန်ချုပ်ရုံးက ပြုလုပ်သည့် အာဆီယံကောင်စစ်ဝန်ချုပ်များ နေ့လည်စာစားပွဲသို့ ဟောင်ကောင်ဒေသ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါ နေ့လည်စာစားပွဲသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အကောက်ခွန်ဌာန ကော်မရှင်နာ မစ္စလွိစ်ပီအက်စ်ဟို (Ms. Louise P S Ho) လည်း တက်ရောက်ခဲ့ပြီး ဟောင်ကောင်အကောက်ခွန်ဌာနနှင့် အာဆီယံနိုင်ငံများ၏ အကောက်ခွန်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် မတ်လတွင် ပြုလုပ်မည့် WCO 6th Global Canine Forum နှင့် Regional High-level Conference on Intellectual Property တို့ကို အာဆီယံနိုင်ငံများအနေနှင့် ပါဝင်တက်ရောက်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀ – ၃၁

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူး မစ္စတာအိုးယောင်တောင်ပင်း (Mr. Ouyang Daobing) နှင့် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အရာရှိများ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ စီမံကိန်းများရှိ တရုတ်နိုင်ငံသားဝန်ထမ်းများ၏ လုံခြုံရေး၊ ကုန်သွယ်မှုချောမွေ့ရေး၊ ပြည်သူအကျိုးပြု ကူညီထောက်ပံ့ရေးကိစ္စများ၊ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းလမ်းကြောင်းအစီအမံကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
၂၀၂၄၊ ဇန်နဝါရီ ၃၁

အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်သည်ဟု သံသယရှိသည့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ဝရမ်းထုတ်ပြန်ထားသည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိနှစ်ဦးကို ချက်ချင်းဖမ်းဆီးရန် UWSA မှ အမိန့်ထုတ်ပြန်ခဲ့သည်။ ရှောင်တိမ်းနေသည့် UWSA မှ မိုင်းလင်းခရိုင်မှူး အိုက်ဟော့နှင့် ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းတို့ကို  သတင်းအချက်အလက်ရရှိသည့် မည်သည့်နေရာမဆို၊ လက်ခံထားသည့် မည်သူ့ကိုမဆို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ရှာဖွေစစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ အဆိုပါအရာရှိနှစ်ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးနိုင်ရေးအတွက် တရုတ်ယွမ်ငွေ ငါးသိန်း ဆုငွေထုတ်ခဲ့သည်။ ထို့အပြင်  UWSA ကလည်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ပျက်ပြားစေကြောင်း အကြောင်းပြချက်ဖြင့် အဆိုပါအရာရှိနှစ်ဦးကို အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါအရာရှိနှစ်ဦးသည် ‘ဝ’ ဒေသအတွင်းမှ ထွက်သွားခြင်းမရှိသေးကြောင်းနှင့် စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိလျှင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀

အာဆီယံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကြား ချိတ်ဆက်မှုအားကောင်းစေရန် ရည်ရွယ်၍ ဟောင်ကောင်ဒေသအစိုးရအဖွဲ့၊ ကုန်သွယ်ရေးနှင့်စက်မှုဌာနနှင့် Invest Hong Kong တို့ ပူးတွဲ၍ ‘ဟောင်ကောင်ဒေသနှင့် အာဆီယံ ချိတ်ဆက်ခြင်း’ ခေါင်းစဉ်ဖြင့် နေ့လယ်စာစားပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အာဆီယံနှင့်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေး ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ ဆောင်ရွက်နေမှုများကို ဟောင်ကောင်ဒေသအစိုးရအဖွဲ့ ကုန်သွယ်ရေးနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာအလ်ဂါနွန်ယောင် (Mr. Algernon Yau) က အဆိုပါနေ့လည်စာစားပွဲတွင် ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါနေ့လည်စာစားပွဲသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်၊ အခြားအာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ပြည်ပကုန်သည်ကြီးများအသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀

စစ်ကောင်စီနှင့် ချုပ်ဆိုသည့် မည်သည့်စာချုပ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနှင့် တာဝန်ခံမည်မဟုတ်ကြောင်း NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်အပါအဝင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် ၎င်းတို့၏ သဘောထားကို VOA သတင်းဌာနက မေးမြန်းရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်အပေါ် သဘောထားမှတ်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း NUG က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး စစ်ကောင်စီနှင့် ချုပ်ဆိုသည့် မည်သည့်စာချုပ်ကိုမဆို တာဝန်ခံမည်မဟုတ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။  ထို့အပြင် မြန်မာ့ပဋိပက္ခအပေါ် တရုတ်နိုင်ငံက ချဥ်းကပ်ဆောင်ရွက်ပုံနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံသည် ယခင်စစ်အာဏာသိမ်းမှုများနှင့် မတူညီသည့် တုံ့ပြန်မှုများရှိကြောင်းနှင့် အဆိုပါအချက်သည်ပင် တော်လှန်ရေးအင်အားစုများအတွက် မျှော်လင့်ချက်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် အစဥ်အလာမဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ပြီး တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ပြုတ်ကျကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကို အားပေးသည့် မည်သည့်နိုင်ငံနှင့်မဆို ဆက်သွယ်ဆောင်ရွက်ရန် အသင့်ရှိကြောင်းကိုလည်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံအကြား သဘောတူစာချုပ်များကို တာဝန်ယူဆက်ခံမည်ဆိုသည့်အချက် အပါအဝင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကာအကွယ်ပေးမည်ဟုဆိုသည့် အချက် ၁၀ ချက်ပါ တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်ကို ဇန်နဝါရီ ၁ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၃၀

အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသော ကိုးကန့်ဒေသတွင်း ဩဇာကြီးမားသည့် မိသားစုကြီးသုံးခုမှ မိသားစုဝင်များအပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ စစ်ကောင်စီနှင့် နီးစပ်သည့် အဆိုပါကိုးကန့်ဒေသခေါင်းဆောင်များနှင့် လုပ်ငန်းရှင်များကို နေပြည်တော်လေဆိပ်မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၁၀ ဦးတွင် ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ပယ်ရင်ချန်၊ အမှတ်-၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝေဆန်း၊ ဝေမိသားစုပိုင် ဟိန်းလီလုပ်ငန်းစုဥက္ကဋ္ဌ ဝေယုံ၊ ဖူလီလိုက်လုပ်ငန်းစုဥက္ကဋ္ဌ လျိုအားပေါက်အပါအဝင် မြီမိသားစုပိုင် ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ်ဝင်းအတွင်း သေနတ်ပစ်ခတ်မှုတွင် ပါဝင်ကြောင်း သံသယရှိသူ လေးဦးတို့ ပါဝင်ခဲ့သည်။ အဆိုပါ ၁၀ ဦးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခုလွှဲပြောင်းမှုသည် တရုတ်-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့များ၏ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရာတွင် အထင်ကရ အောင်မြင်မှုတခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် အွန်လိုင်းလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၄,၀၀၀ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် ငွေကြေးထောက်ပံ့သူနှင့် အဓိကကြိုးကိုင်သူ ၁၇၁ ဦး၊ တရားခံပြေး ၂,၉၀၈ ဦးတို့ ပါဝင်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့၏ ဟိုင်ဂင်သဘောတူညီချက် ချုပ်ဆိုပြီးနောက်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အဓိကကြိုးကိုင်သူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
(ပယ်မိသားစု ကြမ္မာငင်ချိန် ကို ISP-Myanmar ၏ Explainer-09 တွင် ရှုပါ။)
၂၀၂၄၊ ဇန်နဝါရီ ၂၉

စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် ‘မုန့်ဖုတ်နည်းလေ့ကျင်ရေး’ စီမံကိန်းသင်တန်းဖွင့်ပွဲနှင့် ဆရာဖြစ်သင်တန်း အမှတ်စဉ်-၆ ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်-မြန်မာ ခရီးသွားပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော်သည့် အဆိုပါသင်တန်းတွင် တရုတ်သံမှူး မစ္စတာပန်ဖန့် (Mr. Peng Feng) က နိုင်ငံတကာအဆင့်မီစားသောက်ကုန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် အရည်အသွေးတိုးမြင့်လာစေရန် ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ မြန်မာနိုင်ငံအနေနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအောက်မှ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း၊ အထူးရန်ပုံငွေများကို အသက်မွေးဝမ်းကျောင်းကဏ္ဍတွင် အသုံးချမည်ဖြစ်ကြောင်း စစ်ကောင်စီ ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျတို့က မိန့်ခွန်းပြောခဲ့သည်။ ထိုစီမံကိန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အကောင်အထည်ဖော်ခဲ့ပြီး အခြေခံသင်တန်း ၁၀ ကြိမ်နှင့် ဆရာဖြစ်သင်တန်း ငါးကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။
၂၀၂၄၊ ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား အပစ်အခတ်ရပ်ဆဲရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ရန်ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် သတင်းဌာနများတွင် ရေးသားထားသည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာယောင်ဝမ် (Mr. Yao Wen) နှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟက်ဆန်မာမတ် (Dr Hasan Mahmud) တို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် မြန်မာပြည်မြောက်ပိုင်းပဋိပက္ခတွင် သဘောတူညီချက်များရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အတွက်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိစေလိုကြောင်း မစ္စတာယောင်ဝမ် (Mr. Yao Wen) က ပြောခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် တရုတ်၊ မြန်မာ၊  ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ ရပ်တန့်နေသော်လည်း ပိုမိုယုံကြည်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီနှင့် AA အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရန်အတွက် AA က ထိုးစစ်ဆင်လျက်ရှိသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၆-၂၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပန်ပရီဘာဟီဒါနူကာရာ (Mr. Parnpree Bahiddha Nukara) တို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ တွေ့ဆုံရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ပထဝီနိုင်ငံရေးအရ အရေးပါသော ကိစ္စရပ်များ၊ မြန်မာ့အရေးကိစ္စများအတွက် ဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအမံများဖြစ်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအမံအတွက်လည်း သဘောထားအမြင်များ ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၅

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များဆွေးနွေးရန် တရုတ်သံအမတ် မစ္စတာချန်းဟိုင် (Mr.Chen Hai) နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမျက်နှာစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံမှုတွင် စစ်ကောင်စီနယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးကိစ္စရပ်များကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကိုလည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် အွန်လိုင်းလိမ်လည်မှုများကို ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းများအကောင်အထည်ဖော်မှုကို အရှိန်မြှင့်ဖော်ဆောင်သွားရန်ပြောဆိုခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၂၄

တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍများမှတဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆက်လက်ထောက်ခံအားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhinhong) က တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် ပြောခဲ့ကြောင်း Eleven Media News တွင် ရေးသားထားသည်။ ထိုမီဒီယာတွေ့ဆုံပွဲကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ သံမှူးကြီး ဒေါက်တာကျန်းကျိဟုန်က တရုတ်သမ္မတရှီကျင့်ဖျင်၏ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးလုပ်ငန်းအစည်းအဝေးတွင် ပြောကြားခဲ့သော အမှာစကားများကို ပြန်လည်ပြောကြားသည်။ သမ္မတရှီကျင့်ဖျင်သည် အေးတူပူမျှ အသိုက်အဝန်းတည်ဆောက်ခြင်းဖြင့် တရုတ်သံတမန်ဆက်ဆံရေး တည်ဆောက်လိုကြောင်း၊ တန်းတူညီမျှဖြစ်သော နိုင်ငံအားလုံးပါဝင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း (Economic Globalization) ကို တင်ပြခဲ့ကြောင်း ဒေါက်တာကျန်းကျိဟုန်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင်ဒေါက်တာကျန်းကျိဟုန်က မြန်မာနိုင်ငံသည် အေးတူပူအမျှ အသိုက်အဝန်းတည်ထောင်ရာတွင် အရေးပါသော အဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးတွင်လည်း တိုးတက်မှုများရှိခဲ့ကြောင်းနှင့် ရပ်ဝန်းလမ်းကြောင်း အစီအမံခေါင်းစဉ်အောက်မှတဆင့် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများတိုးလာကြောင်း မိန့်ခွန်းပြောခဲ့သည်။ တရုတ်နိုင်ငံသည် ဗဟိုကော်မတီ၏ နိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေးမှ လမ်းညွှန်ချက်များဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကိုခိုင်မာစေရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့နောက် မီဒီယာကိုယ်စားလှယ်များက တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးဖလှယ်ခဲ့ကြပြီး မီဒီယာများက တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပြန့်ပွားစေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ တွေ့ဆုံပွဲသို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ၊ စစ်ကောင်စီ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်၊ စစ်ကောင်စီအာဘော်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ The Global New Light of Myanmar၊ ပြည်တွင်းသတင်းဌာနများဖြစ်သည့် စံတော်ချိန်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ Myanmar Insider၊ One News စသည့် မြန်မာမီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်မီဒီယာ ကိုယ်စားလှယ်များနှင့် သံရုံးမှ လူငယ်သံတမန်များ၊ စုစုပေါင်း လူ ၃၀ ခန့် တက်ရောက်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် ဒေါက်တာကျန်းကျိဟုန်က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (Global Security Initiative – GSI) နှင့်ပတ်သက်သော အဆိုပြုချက်များကို ပြန်လည်မျှဝေရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များ တွေ့ဆုံခဲ့သေးသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၃

‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် သောင်းဂဏန်းကျော်သောဒေသခံများ တန်းစီစောင့်ဆိုင်းနေရကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရက်လျှင် လူဦးရေ ၆၀၀ ခန့်ဝင်ခွင့်ပြုခဲ့သော်လည်း ယခုအချိန်တွင် တပတ်လျှင် လူဦးရေ ၁,၀၀၀ ခန့်သာ ဝင်ခွင့်ပြုကြောင်း ဒေသခံများ၏ ပြောကြားချက်များကို ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (TBP) ကတ်များကိုလည်း တပတ်လျှင် တကြိမ် သို့မဟုတ် ဆယ်ရက်လျှင် တကြိမ်သာပေးအပ်သဖြင့် အလုပ်လုပ်ကိုင်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်။ ထို့အပြင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပါက ယခင်က တရက်လျှင် ယွမ်ငွေ ၈၀ ခန့် (မြန်မာကျပ်ငွေ ၃၇,၅၀၀ ကျပ်ခန့်) ရရှိသော်လည်း  ‘၁၀၂၇ စစ်ဆင်ရေး’နောက်ပိုင်းတွင် လမ်းခရီးအဆက်အသွယ်ပြတ်တောက်မှုများကြောင့် တရက်လျှင် ယွမ်ငွေ ၄၀ ခန့်  (မြန်မာကျပ်ငွေ ၁၉,၀၀၀ ကျပ်ခန့်) အထိ ဝင်ငွေထက်ဝက်လျော့ကျခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အဓိက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိပြီး နေ့စဥ် ပျမ်းမျှကုန်သွယ်ရေးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါးရှိနေသည်။
(ISP OnPoint အမှတ် – ၁၈ တွင်ရှုပါ)။
၂၀၂၄၊ ဇန်နဝါရီ ၂၁

ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် ပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ် အစည်းအဝေးကို တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ အစည်းအဝေးတွင် ချုံချင့်မြူနီစီပယ်အစိုးရ မြို့တော်ဝန် မစ္စတဟူဟန်ဟွာ (Mr. Hu Heng Hua) က ချုံချင့် မြူနီစီပယ်အစိုးရ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့သည်။ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်၊ ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ အရာရှိများ၊ ကိုယ်စားလှယ်များနှင့် ချုံချင့်မြို့နှင့် ချိန်တူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့သည်။ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်သည် ‘ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယအကြိမ် အစည်းအဝေး’ သို့လည်း တက်ရောက်ခဲ့သေးသည်။
၂၀၂၄၊ ဇန်နဝါရီ ၂၀

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ‘ဆဋ္ဌမအကြိမ်မြောက် ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယအကြိမ် အစည်းအဝေး’ ကို ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် မစ္စတာဝမ်ရှင်းချင်း (Mr. Wang Xin Qing) နှင့် မစ္စလီဂျင်း (Ms. Li Jing) တို့က ချုံချင့်မြူနီစပယ်အစိုးရ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် အဆိုပြုချက်များကို တင်သွင်းသည်။ ဖွင့်ပွဲသို့ ချုံချင့်မြို့အခြေစိုက် စစ်ကောင်စီ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်၊ ချုံချင့်မြူနီစီပယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ အရာရှိများ၊ ကိုယ်စားလှယ်များအပြင် ချုံချင့်မြို့နှင့် ချိန်တူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအခြေအနေများကို ဆွေးနွေးရန် ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရီလီနာ (Mrs. Ye Lina) နှင့် ချုံချင့်မြို့ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်တို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့ကြား စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်လုပ်ဆောင်ရန် အတွက် ဆွေးနွေးခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

နန်နင်းမြို့ Guangxi Minzu University တွင် မြန်မာ့ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါမြန်မာ့ယဉ်ကျေးမှုဖလှယ်ပွဲ သို့ စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းက မြန်မာဘာသာအထူးပြုကျောင်းသားများကို မြန်မာ့ယဉ်ကျေးမှုအကြောင်းအရာများဆွေးနွေးခဲ့ပြီး မြန်မာဘာသာဌာနမှ ဧည့်ပါမောက္ခ ဒေါ်ဝတီလွင်က လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။ ပါတီကော်မတီအတွင်းရေးမှူး မစ္စဝေရွေ့ဖန် (Mrs. Wei Xuefang)၊  Guangxi Minzu University  မှ နိုင်ငံတကာဆက်ဆံရေးဌာနမှူး မစ္စတာဖန်ဂေါင်ဟို (Mr. Feng Guanghuo)၊ ဒုတိယဌာနမှူး မစ္စတာကျန်းဇုဟန် (Mr. Zhang Yuzhen)၊ အရှေ့တောင်အာရှဘာသာစကားနှင့် ယဉ်ကျေးမှုကောလိပ် ပါတီအတွင်းရေးမှူး မစ္စတာဟီဘို (Mr. He Bo) နှင့် မြန်မာဘာသာသင်ကျောင်းသားများ စုစုပေါင်း ၃၀ ကျော်တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

တရုတ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ်ကျင်းပသော ‘နှလုံးသားမှ ပိုးလမ်းမှ (Care for the future) လှူဒါန်းမှုအစီအစဉ်’ နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး ယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး မစ္စချောင်လီ (Mrs. Qiao Li) မှ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်းပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်မှ နှစ်နိုင်ငံကြားပညာရေးဆွေးနွေးမှုများနှင့် နေအုပ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးနေအုပ်က နှစ်နိုင်ငံကြား လူမှုရေးပူးပေါင်းဆောင်ရွက်မှုများ စသည့် ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့သည်။ China Foundation for Peace and Development မှ အတွင်းရေးမှူး မစ္စတာရွှီးကျင့်ဂေါ်က ရန်ကုန်မြို့ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း (ရန်ကင်း) အတွက် ကျပ်သိန်းတရာတန်ဖိုးရှိ  စာရေးကိရိယာများ၊ မီးလုံးများနှင့် အားကစားပစ္စည်းများကို လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဗဟို ဥက္ကဋ္ဌ၊ တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုနာယက ပြည်ထောင်စုစာရင်းစစ်ချုပ် (ငြိမ်း) ဦးတင်ဦး တို့တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၇

စီးပွားရေးစင်္ကြံစီမံကိန်းတွင် ဦးစားပေးစီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ (Implementation Plan) အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် မြန်မာဘက်မှ ကြိုတင်ပြင်ဆင်ရမည့်  စီမံကိန်းအထောက်အကူပြု အခြေခံအဆောက်အအုံများတည်ဆောက်ရန်နှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ရန် စစ်ကောင်စီ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန-၂ မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကားပြောခဲ့သည်။ အစည်းအဝေးသို့ စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ အရာရှိများ တက်ရောက်ခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီကိုယ်စားလှယ်တို့အကြား နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၆

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်စေရန် ရည်ရွယ်၍ နှစ်နိုင်ငံချစ်ကြည်ရေးဂုဏ်ပြု ညစာစားပွဲ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ‘မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိိတ်ချရသော အိမ်နီးချင်းဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား အေးတူပူအမျှ အသိုက်အဝန်းတည်ဆောက်ကာ  ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲလိုကြောင်းနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို မလိုလားသူများမှ သတင်းမှားများဖြန့်ဝေလျက်ရှိကြောင်း  ညစာစားပွဲတွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မောင်အုန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။ ညစာစားပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးမစ္စချောင်လီ (Mrs. Qiao Li)၊ တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ မစ္စတာရွီးကျန့်ဂေါ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေးနာယက ဦးတင်စိုးတို့တက်ရောက်ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်းမူဝါဒ (One China Policy) ကို အစဉ်တစိုက်ထောက်ခံကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထွတ်မရသော အစိတ်အပိုင်းအဖြစ် မှတ်ယူကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက  သဘောထားကြေညာချက်ထုတ်ပြန်သည်။ ထိုင်ဝမ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများကို ဆန့်ကျင်ကြောင်း သဘောထားဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၄၊ ဇန်နဝါရီ ၁၄

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းနှင့် အအေးခန်းသိုလှောင်ရုံကို မိတ်ဆက်ရှင်းလင်းပွဲကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကံဆိပ်ကျေးရွာတွင်  ဆိုလာဓာတ်အားပေးရေးနှင့် ရေရရှိရေး စီမံကိန်းနှင့် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာတွင် ဆိုလာဓာတ်အားပေးစနစ်နှင့် ရေထွက်ကုန်များအတွက် အအေးခန်းသိုလှောင်ရုံစီမံကိန်းများကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်သည်။ စစ်ကောင်စီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း ယင်းအခမ်းအနားတွင် ပြောသည်။ ထို့ပြင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျေးလက်လူမှုဘဝမြင့်မားရေး၊ ကျေးလက်ထုတ်ကုန်များ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်ဟုလည်း ဆိုသည်။ အမေရိကန်ဒေါ်လာ ရှစ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ အဆိုပါ ဆိုလာစီမံကိန်းများသည် အသေးစားဆိုလာဓာတ်အားပေးစနစ်နှင့် ရေထွက်ပစ္စည်းအတွက် အအေးခန်းစနစ်စီမံကိန်းသည် ရေပေးဝေရေးလုပ်ငန်းများအပြင် ပင်လယ်စာထွက်ကုန်များကို အအေးခန်းသိုလှောင်ရုံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ရည်ရွယ်သည်။ ထို့ပြင် လျှပ်စစ်မီးမရရှိသည့် ကျေးရွာများတွင် လျှပ်စစ်မီးအသုံးပြုနိုင်ရန် ရည်ရွယ်ကာ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်မီးလင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက တရုတ်အာဘော် ဆင်ဟွာသတင်းဌာနသို့ ပြောသည်။ မိတ်ဆက်ရှင်းလင်းပွဲသို့ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကြိမ်မဲတောင်ကျေးရွာ မီးလင်းရေး ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဒေသခံများ တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ၊ ဇန်နဝါရီ ၁၂

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စမော်နင် (Ms. Mao Ning) က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ “တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သုံးဖွဲ့ဖြစ်သည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA) အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း” သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ “နှစ်ဖက်ကြား ချက်ချင်း အပစ်အခတ်ရပ်စဲရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် အဆိုပါသဘောတူညီမှုတွင် ပါဝင်ကြောင်းနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံရန်” တို့ကိုလည်း တောင်းဆိုခဲ့သည်။ “မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် စေ့စပ်ညှိနှိုင်းပေးမှုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ညှိနှိုင်းပေးမှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေကြောင်း” မစ္စမော်နင်က ရှင်းလင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုက်နာရန်နှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် မျှော်လင့်ကြောင်း တိုက်တွန်းခဲ့သည်။ ထို့ပြင် “တရုတ်နိုင်ငံသည် မြန်မာ့ပဋိပက္ခတွင် ဆက်လက်ကူညီထောက်ပံ့ရန် ဆန္ဒရှိကြောင်းနှင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၁၁

၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ဘေဂျင်းမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရည်မှန်းချက်များဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအသိုက်အဝန်းကို ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံအကြား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်လည်း ပြောခဲ့သည်။ အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာနုန်ရုန် (Mr. Nong Rong)၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးချုပ်ရှန့်ဝေ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သံရုံးတာဝန်ခံများ တက်ရောက်ခဲ့သည်။ ထို့ပြင် အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမှ တာဝန်ရှိသူများ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၁၀-၁၁

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဟိုင်ဂင်သဘောတူညီချက် (Haigeng Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား တရုတ်နိုင်ငံ ကူမင်းမြို့၌ တတိယအကြိမ် ဆွေးနွေးမှုအပြီးတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်တပ်ဖွဲ့များအနေနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှစ၍ ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်တပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန်နှင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် သဘောတူညီခဲ့သည်။  ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ လုံခြုံရေးနှင့် တရုတ်နိုင်ငံသားများ၏လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်နှင့် အခြားကိစ္စရပ်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန် ကတိပြုခဲ့ကြသည်။ ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေနှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ရန်နှင့် စစ်ကောင်စီကလည်း ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသောနေရာများကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ မပြုလုပ်ရန်အတွက်လည်း အပြန်လှန်သဘောတူခဲ့ကြသည်။
၂၀၂၄၊ ဇန်နဝါရီ ၉

လန်ချန်း-မဲခေါင် အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်လျက်ရှိသည့် သက်မွေးစီးပွားရေးမြှင့်မားရေးစီမံကိန်းများ အကောင်အထည်ဖော်နေမှုအား စစ်ကောင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ ပဲခူးတိုင်း ရွာသစ်ကျေးရွာတွင် အကောင်အထည်ဖော်လျက်ရှိသည့် ကျွဲမွေးမြူရေး၊ ငါးမွေးမြူရေး၊ ဘဲမွေးမြူရေးလုပ်ငန်းများနှင့် ဥယျာဉ်ခြံစိုက်ပျိုးရေး လုပ်ငန်းများ၏ အခြေအနေကို လေ့လာခဲ့သည်။ ထို့နောက် လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ဖန်လုံအိမ်နည်းပညာဖြင့် စိုက်ပျိုးထားသည့် စိုက်ခင်းများကိုလည်း စစ်ဆေးခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၉

မြန်မာပြည်မြောက်ပိုင်းတွင် အခြေစိုက်လုပ်ကိုင်နေသော အွန်လိုင်းမှတဆင့်ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သည်ဟု သံသယရှိသူ ၄၁,၀၀၀ ကို မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်သည်။ တရုတ်နိုင်ငံသားများကို ထိခိုက်စေသော အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို တရုတ်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမှ အာဏာပိုင်များ ပူးပေါင်း၍ အကြိမ်ပေါင်းများစွာ ဖြိုခွင်းခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် တရုတ်-မြန်မာနယ်စပ်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပပျောက်ရေးအတွက်ဟုဆိုကာ ဆင်နွှဲသည့် ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို စစ်ကောင်စီအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက တရုတ်နိုင်ငံ အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၇

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရေးမှူးချုပ် မစ္စတာကျန်းမင်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ၇၆ နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် သဝဏ်လွှာပေးပို့ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။ လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အကြား မိတ်ဖက်ဆက်ဆံရေး တိုးတက်ပြီး ဒေသတွင်းအပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ကြောင်း အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ၂၀၀၁ ခုနစ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဦးဆောင်တည်ထောင်ခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံ ဂိုဟာမြို့၌  SCO ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခွင့် စာချွန်လွှာက်ို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၆

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သော ‘မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း’ အတွက် အလုပ်ရုံဖွင့်လှစ်ခြင်း အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြသည်။ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အလုပ်ရုံဖွင့်ပွဲတွင် အခြောက်ခံစက်၊ လေစုပ်အိတ်ပိတ်စက်၊ နှီးဖြာစက်၊ မျှစ်လှီးစက်များကို အလုပ်ရုံတွင် ထားရှိပေးပြီး လုပ်ငန်းလည်ပတ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းမှတဆင့် ကျေးရွာတရွာ ထုတ်ကုန်တမျိုး ထုတ်လုပ်နိုင်သည်ထိ ရည်ရွယ်ကြောင်း မိန့်ခွန်းပြောခဲ့သည်။ ထို့ပြင် ဆင်းရဲမှုလျှော့ချရေး၊ ဝါးသစ်တောများကို စနစ်တကျသုံးစွဲနိုင်ရေး၊ သစ်တောများ ရေရှည်ဖွံ့ဖြိုးနိုင်ရေးအတွက်ပါ ဆောင်ရွက်စေလိုကြောင်း ထည့်သွင်းပြောခဲ့သည်။ ထို့နောက် အလုပ်ရုံဖွင့်ပွဲတွင် ရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပေးခဲ့ပြီး စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) က တောင်သူကိုယ်စားလှယ်များနှင့် သမဝါယမအသင်းများအား လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။ ဖွင့်ပွဲသို့  စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) မှ  တောင်သူကိုယ်စားလှယ်များ၊ အလင်းရောင်သမဝါယမအသင်း၊ ငွေမြိုင်သမဝါယမအသင်း၊ နေပြည်တော် ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးတာဝန်ခံတို့ တက်ရောက်ခဲ့သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြသည်။ စစ်ကောင်စီတပ်သားများသည် ဒေသခံများကို စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်၏ ဖြေကြားချက်ကို RFA သတင်းဌာနက ဖော်ပြခြင်းဖြစ်သည်။ ဝမ်ပေါင်ကုမ္ပဏီအနေနှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝမ်ပေါင်ကြေးနီစီမံကိန်းကို တိုက်ခိုက်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှာ ယခုအကြိမ်မှာ ကိုးကြိမ်မြောက် ဖြစ်သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၅

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ရပ်ဝန်းလမ်းကြောင်းအစီအမံခေါင်းစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွမ်းဝေတုန်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံတွေ့ဆုံရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်ရှိ စီမံကိန်းများကို အရှိန်မြှင့်တင်ရန်၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ အာဆီယံနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အစီအမံခေါင်းစဉ်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတကာစာမျက်နှာတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရန် ဆွေးနွေးခဲ့ကြသည်။ တရုတ်ဦးဆောင်သော ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်ရှိ စီမံကိန်းများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအစီအမံအောက်ရှိ စီမံကိန်းများကို အရှိန်မြှင့်အကောင်အထည်ဖော်ရန်နှင့် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရန် တရုတ်နိုင်ငံက ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း တွန်းအားပေးလျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်တည်ငြိမ်ရေးအတွက် မီဒီယာများမှတဆင့် တိုက်တွန်းလျက်ရှိသည်။
၂၀၂၄ ၊ ဇန်နဝါရီ ၅

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) နှင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက ထုတ်ပြန်သည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရန်၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း နိုင်ငံသားများ၏ လုံခြုံရေးကို အာမခံပေးရန်လည်း တောင်းဆိုခဲ့သည်။ နယ်စပ်ဒေသလုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် (Mr. Wang Xiaohong) နှင့် စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် အလွတ်သဘော တွေ့ဆုံခဲ့သေးရာ ယခုတွေ့ဆုံမှုသည် ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။​
၂၀၂၄ ၊ ဇန်နဝါရီ ၅

တရုတ်-မြန်မာနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတိိုးမြှင့်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်အာဘော်သတင်းစာဖြစ်သည့် China Daily သတင်းဌာနတွင် ဖော်ပြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ စီးပွားရေးစင်္ကြံစီမံကိန်းခေါင်းစဉ်အောက်ရှိ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။ ထို့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု လုပ်ငန်းများဖြစ်သည့် အွန်လိုင်းမှတဆင့်ငွေကြးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရန်၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်လည်း ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင်၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန်ရှီကျွန်း (Mr. Deng Xijun)၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ မစ္စတာဝမ်ရှောင်ဟုန်နှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် တွေ့ဆုံခဲ့ကြပြီး  လုံခြုံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့အတွက် စစ်ကောင်စီခေါင်းဆောင်နှင့် တရုတ်နိုင်ငံမှ ဝန်ကြီးများနှင့်တွေ့ဆုံမှုသည် ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။
၂၀၂၄ ၊ ဇန်နဝါရီ ၅

စီးပွားရေးစင်္ကြံစီမံကိန်းတွင် ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည့် မူဆယ်-မန္တလေးရထားလမ်း စီမံကိန်းကို တရုတ်-မြန်မာ နှစ်နိုင်ငံအကြား မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း တရုတ်အာဘော် သတင်းဌာနဖြစ်သည့် ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြထားသည်။ ရထားလမ်းစီမံကိန်းအတွက် နိုင်ငံတော်အဆင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ (Project Steering Committee) ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီကို စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရေးမူဘောင်ကို အတည်ပြုရေးဆွဲမည်ဖြစ်သည်။ ထို့အပြင် ရထားလမ်းစီမံကိန်းတွင် တံတား ၁၂၄ စင်း၊ ဥမင် ၆၀ ခု ပါဝင်မည်ဖြစ်ပြီး လျှပ်စစ်ရထားလမ်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းကိုလည်း အကောင်အထည်ဖော်မည်ဖြစ်သည်။ မူဆယ်-မန္တလေး အမြန်ရထားလမ်းနှင့် ချိတ်ဆက်မည့် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် မြေပြင်တိုင်းတာမှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာမီးရထားလမ်းနှင့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းများကို အကောင်အထည်ဖော်မှု အရှိန်မြှင့်ရန်အတွက် စစ်ကောင်စီအား တရုတ်နိုင်ငံမှ တွန်းအားပေးလျက်ရှိသည်။
(မူဆယ်-မန္တလေး မီးရထားလမ်းကို ISP-Myanmar ၏ Special Issue တွင် ရှုပါ။)
၂၀၂၄၊ ဇန်နဝါရီ ၄

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အထိ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ကျူးလွန်သူ ၃၉၁,၀၀၀ ဦးကို ဖမ်းဆီခဲ့ကြောင်း တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်သည်။ ရာဇဝတ်မှုကျူးလွန်သူများတွင် ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ဆက်သွယ်ရေးလိမ်လည်မှုတို့အပြင် အခြားသော တရားမဝင်နည်းလမ်းများဖြင့် ငွေကြေးလိမ်လည်သူများပါဝင်ပြီး ငွေကြေးထောက်ပံ့သူ၊ အဓိကကြိုးကိုင်သူ၊ ခေါင်းဆောင်များ အပါအဝင် ၂၆၃ ဦး နှင့် သံသယရှိသူ ၇၉,၀၀၀ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေနှင့် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် အခြားပါဝင်ပတ်သက်နေသည့် နိုင်ငံတွင်းရှိ ရာဇဝတ်မှုကျုးလွန်သူများကိုပါ ဖော်ထုတ်နိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု ကျူးလွန်သူ ၃,၀၀၀ ဦးကိုပါ ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြည်သူ့လုံခြုံရေးဗျူရိုမှတဆင့် ယူနန်ပြည်နယ်နှင့် အခြားသောပြည်နယ်များတွင် ပြည်သူ့လုံခြုံရေးအေဂျင်စီများကို နေရာချထားပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေတည်ကာ ငွေကြေးလိမ်လည်မှု ကျုုးလွန်နေသည့် ဂိုဏ်းများနှင့် ကွန်ရက်များကို ဖြိုခွင်းနိုင်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တရုတ်နိုင်ငံ၊ အမျိုးသားအဂတိလိုက်စားမှူတိုက်ဖျက်ရေးဗဟိုဌာနက အွန်လိုင်းလိမ်လည်မှုကိုတားဆီးနိုင်ရန် သတိပေးကြေညာချက်များကို ထုတ်ပြန်ခဲ့ပြီး ငွေကြေးလိမ်လည်သည့် တယ်လီဖုန်းခေါ်ဆိုမှုများနှင့် စာတိုများမှတဆင့် အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်ကို ကြားဖြတ်တားဆီးနိုင်ခဲ့သည်။ ထို့ပြင် ပြည်သူ့လုံခြုံရေးဗျူရိုသည် အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများကို အထူးစစ်ဆင်ရေးများဖြင့် ဆက်လက်ဖြိုခွင်းမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားများ၏ တရားဝင်လူ့အခွင့်အရေးများနှင့် ပိုင်ဆိုင်မှုအကျိုးစီးပွားများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ငွေကြေးလိမ်လည်မှုကျုးလွန်သည့် ဂိုဏ်းခေါင်းဆောင်များဖြစ်သော မင်မိသားစုခေါင်းဆောင် မင်ရှုကျန်း (ကွယ်လွန်)၊ ပယ်မိသားစု ခေါင်းဆောင် ပယ်ဆောက်ချိန်၊ ဝေမိသားစုခေါင်းဆောင် ဝေဟွေ့ရန် (ဗိုလ်မှုးကြီး ဝေဆန်း) နှင့် လျိုမိသားစုခေါင်းဆောင် လျိုကျိန်ရှန်း တို့ကိုလည်း ဖမ်းဆီးခဲ့သည်။
(ပယ်မိသားစု ကြမ္မာငင်ချိန် ကို ISP-Myanmar ကပြင်ရပ်ဝန်း၏ Explainer 09 တွင် ဖတ်ရှုနိုင်သည်။)
၂၀၂၄၊ ဇန်နဝါရီ ၄

ကိုးကန့်ဒေသ လောက်ကိုင်မြို့နှင့်ကပ်လျက်တွင်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်ဆန် (Nansan) ရွာတွင် မြန်မာဘက်မှပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝန်းပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့လည်း အပြင်းအထန်ကန့်ကွက်ကြောင်း ပြောကြားထားပြီး တရုတ်နိုင်ငံအနေနှင့် ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံး ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေသော ဖြစ်ရပ်များကို ရပ်တန့်ရန်နှင့် ခိုင်မာသည့် အရေးယူဆောင်ရွက်ချက်များပြုလုပ်ရန် မစ္စတာဝမ်ဝန်းပင်းက တောင်းဆိုခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် လိုအပ်သည့်ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံအနေနှင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ လက်နက်ကြီး ကျရောက်မှုနှင့်ပတ်သက်၍ AFP သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ယူနန်ပြည်နယ် နန်ဆန်ရွာ၌ မြန်မာဘက်ကပစ်လိုက်သည့် လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ငါးဦး ထိခိုက်ခဲ့ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသားများအနေနှင့် လက်နက်ကြီးကျရောက်မှုကြောင့် မိမိတို့ လုံခြုံရေးကို စိုးရိမ်ပူပန်ကြောင်းနှင့် နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအတွက် ဒေသခံများအနေနှင့် ဒုက္ခမရောက်သင့်ကြောင်း ဒေသခံများက တရုတ်သတင်းဌာနများသို့ ပြောခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူများက မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ချက်ချင်းအပစ်ရပ်ရန်နှင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းလျက်ရှိသည်။ ၂၀၁၅ ခုနှစ် မေလတွင် မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ နန်ဆန်ရွာသို့ လက်နက်ကြီးကျရောက်ခဲ့သေးသည်။
၂၀၂၄၊ ဇန်နဝါရီ ၄

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံလွှင့်တင်ခြင်းအခမ်းအနားကို တရုတ်နိုင်ငံ နန်နင်းမြို့ရှိ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြသည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နန်နင်းမြို့ စစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ရုံးသို့ ကွမ်ရှီး(ကျွမ့်)ဒေသ အစိုးရရုံး၊ ကွမ်ရှီး(ကျွမ့်)ဒေသ နိုင်ငံခြားရေးရုံး၊ နန်နင်းမြို့အစိုးရရုံး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ (ကွမ်ရှီးကော်မတီ)၊ တရုတ်-အာဆီယံ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် ဘရူနိုင်း-ကွမ်ရှီးကုန်သည်ကြီးများအသင်းတို့ကလည်း ဂုဏ်ပြုပန်းခြင်းများ ပေးပို့ခဲ့သည်။
၂၀၂၄၊ ဇန်နဝါရီ ၁

နှစ်နိုင်ငံကြား စစ်မှန်သည့် ‘ဆွေမျိုး-ပေါက်ဖော်’ ဆက်ဆံရေးကို တည်ဆောက်ပြီး မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏လုံခြုံရေးကို ကာကွယ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်နိုင်ငံဆိုင်ရာသဘောထားကို ထုတ်ပြန်ကြေညာသည်။ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည့် သဘောထားအပါအဝင် တရုတ်နိုင်ငံဆိုင်ရာ သဘောထား ၁၀ ခုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သဘောထားကြေညာချက်တွင် NUG အနေနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပြည်သူချင်းဆက်ဆံမှုကို အလေးထား၍ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးကိုလည်း ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်  နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များအပါအဝင် နှစ်နိုင်ငံအကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံက တာဝန်ယူဆက်ခံမည်ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် အွန်လိုင်းငွေလိမ်မှု(ကျားဖြန့်)များ၊ လောင်းကစားလုပ်ငန်းများ၊ လူကုန်ကူးမှုလုပ်ငန်းများ၊ မူးယစ်ဆေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်မည်ဖြစ်ကြောင်း စသည်တို့လည်း ပါဝင်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်မြောက်ပိုင်းပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ချက်ချင်းအပစ်ရပ်ရန်၊ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကို အာမခံပေးရန်အတွက် တောင်းဆိုလျက်ရှိသည်။ ထို့အပြင် စစ်ကောင်စီသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ဦးစားပေးစီမံကိန်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် တွန်းအားပေးလျက်ရှိပြီး စီမံကိန်းကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီနှင့် တရုတ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည်။ NUG ၏ ယခုထုတ်ပြန်ချက်သည် အဆိုပါလက်မှတ်ရေးထိုးမှုနှင့်လည်း တိုက်ဆိုင်နေသည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment