News

ISP-Myanmar ၏ အဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်မျိုးထက်အား ချက်ချင်းပြန်လွှတ်ရန် တောင်းဆိုခြင်း

By ISP Admin | April 20, 2021

ရက်စွဲ – ဧပြီ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။

၁) မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) တွင် တာဝန် ထမ်းဆောင်နေသူ တဦးဖြစ်သော ကိုအောင်မျိုးထက်သည် ၎င်း၏ ဇာတိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၌ ယနေ့ (ဧပြီ ၂၀ ရက်) နံနက်ပိုင်းက လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရပါသည်။

၂) လက်ရှိအချိန်တွင် ကိုအောင်မျိုးထက်နှင့် အဆက်အသွယ် မရသေးသည့်အပြင် မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုခြင်းနှင့် မည်သို့ ဆောင်ရွက်နေသည် ဆိုခြင်းကိုလည်း အတိအကျ မသိရသေးသဖြင့် ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ် ပူပန်ရပါသည်။ ထို့ကြောင့် အကြောင်းတစုံတရာ မသိရဘဲ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ကိုအောင်မျိုးထက်အား ၎င်း၏ မိသားစု ဝင်များ၊ ရှေ့နေများနှင့် အမြန်ဆုံး တွေ့ဆုံခွင့်ပေးရန် တောင်းဆိုပါသည်။

၃) ကိုအောင်မျိုးထက်အား အမှုဆင်စွဲဆိုခြင်းများ မပြုလုပ်ဘဲ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ISP-Myanmar အလေးအနက် တောင်းဆိုပါသည်။

၄) ကိုအောင်မျိုးထက်သည် The Voice Weekly ဂျာနယ်နှင့် တနင်္သာရီ ဂျာနယ်တို့တွင် လုပ်ကိုင်ခဲ့ဖူးသော စာနယ်ဇင်းသမား အယ်ဒီတာဟောင်း တဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ ISP-Myanmar တွင် တာဝန် ထမ်းဆောင်နေသူ တဦး ဖြစ်ပါသည်။

၅) ISP-Myanmar သည် လွတ်လပ်သော သုတေသနအဖွဲ့အစည်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက် အဖွဲ့အစည်များ ရှင်သန် အားကောင်းရေးအတွက် ၂၀၁၆ ခုနှစ်မှ စတင်ကာ အစဉ်တစိုက်လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *