News

ISP ကပြင်ရပ်ဝန်း တနှစ်ပြည့်

ISP-Myanmar က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ စတင်ခဲ့တဲ့ “ကပြင်ရပ်ဝန်း”ဟာ ဒီကနေ့မှာ တနှစ်ပြည့်ခဲ့ပါပြီ။ ISP ကပြင်ရပ်ဝန်းမှာ ချိတ်ဆက် လျှောက်ထား ပါဝင်ခဲ့ကြတဲ့ ရပ်ဝန်းသူ ရပ်ဝန်းသား ၁၁,၁၂၄ ဦး ရှိလာပါတယ်။
By ISP Admin | September 22, 2023

ISP-Myanmar က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ စတင်ခဲ့တဲ့ “ကပြင်ရပ်ဝန်း”ဟာ တနှစ်ပြည့်ခဲ့ပါပြီ။ ISP ကပြင်ရပ်ဝန်းမှာ ချိတ်ဆက် လျှောက်ထား ပါဝင်ခဲ့ကြတဲ့ ရပ်ဝန်းသူ ရပ်ဝန်းသား ၁၁,၁၂၄ ဦး ရှိလာပါတယ်။ ကပြင်ရပ်ဝန်း ဝက်ဘ်ဆိုက် ဝင်ကြည့်ခဲ့ကြတဲ့ အရေအတွက်ကတော့ တနှစ်အတွင်း ၁၈၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကပြင်ရပ်ဝန်း ပင်မ အခြေတည်ရာဖြစ်တဲ့ ISP-Myanmar ဝက်ဘ်ဆိုက်ကို ဝင်ကြည့်မှု တနှစ်အတွင်း ၄၃၀,၀၀၀ ကျော်ရှိခဲ့ပြီး၊ ISP- Myanmar ရဲ့ ဆိုရှယ် မီဒီယာစာမျက်နှာကို Follow လုပ်သူ ၃၀၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ISP ကပြင်ရပ်ဝန်း ကတဆင့် ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ ဒေတာနဲ့ သုတေသနပြုချက်တွေရဲ့ ပျံ့နှံ့မှုဟာ တနှစ်အတွင်း ၂၃ သန်းကျော် ရှိခဲ့တဲ့အပြင် ဒါတွေအပေါ် တုံ့ပြန်ပြောဆို ဖလှယ်ကြတာ ခြောက်သန်းကျော် ရှိခဲ့ပါတယ်။ ISP ကပြင်ရပ်ဝန်းအတွင်း ဖော်ပြချက်တွေကို သတင်းမီဒီယာတွေနဲ့ သုတေသန အဖွဲ့အစည်းတွေရဲ့ ကိုးကားဖော်ပြမှုကလည်း တနှစ်အတွင်း ၃၅၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ နောင်မှာလည်း ဆက်ပြီး တိုးပွား စည်ပင်နေမယ်လို့ ယုံကြည်ပါတယ်။ ရပ်ဝန်းသူ ရပ်ဝန်းသားတွေရဲ့ ပူးပေါင်းပါဝင်မှု မရှိရင် အခုလို အောင်မြင်မှု ရနိုင်ဖွယ် မရှိတာကြောင့် ကျေးဇူးစကား ဆိုပါရစေ။

∎ ကပြင်ရပ်ဝန်း ဖွင့်ဆိုချက်

ISP-Myanmar က လုပ်ဆောင်ခဲ့တဲ့ အစီအစဉ်များစွာထဲက တခုဖြစ်တဲ့ ISP ကပြင်ရပ်ဝန်းဟာ စည်းကမ်းနဲ့အညီ အဖွဲ့ဝင်အဖြစ် လျှောက်ထားသူများကိုသာ လက်ခံတဲ့ အွန်လိုင်းအခြေပြု သီးသန့် ရပ်ဝန်းတခု ဖြစ်ပါတယ်။ မြန်မာအဘိဓာန်မှာ “ကပြင်ဆိုတာ အိမ်မနဲ့ တဆက်တည်းထုတ်ထားတဲ့ အမိုးမဲ့ကြမ်းပြင်” လို့ ဆိုပါတယ်။ ကပြင်ကို ကျေးရွာအိမ်တွေရဲ့ မျက်နှာစာမှာ ဝင်ဝင်ချင်း တွေ့ရလေ့ရှိပါတယ်။ မြန်မာ ပညာရှင် ဆရာမြဇင်က “ဇရပ်ဟာ မြန်မာ့ကျေးရွာရဲ့ ရွာပြင်ယဉ်ကျေးမှု သင်္ကေတဆိုရင် ကပြင်ဟာ ရွာတွင်း ယဉ်ကျေးမှု ပစ္စည်း၊ ယဉ်ကျေးမှုသင်္ကေတ” ဖြစ်တယ်လို့ ရှင်းပြဖူးပါတယ်။ ဆရာက “ကပြင်သည် ရပ်ရွာကိစ္စ၊ လူမှုဆက်ဆံရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ သတင်းဖလှယ်ရေးကိစ္စ စသည့်ကိစ္စများ၏ လုပ်ငန်းဌာနခွဲတခုဟု ဆိုနိုင်သည်” လို့ ဖွင့်ဆိုခဲ့ပါတယ်။

∎ ISP ကပြင်ရပ်ဝန်းဆိုသည်မှာ

ISP ကပြင်ရပ်ဝန်း ဆိုတာက ISP-Myanmar ဆိုတဲ့ အိမ်မကြီးကနေ အမိုးအကာ တဆက်တည်း ထုတ်ထားပြီး လင်းပွင့် လွတ်လပ်စွာ ဖိတ်ခေါ်ခဲ့တဲ့ ရပ်ဝန်းတခု၊ ဆုံစည်း ဆွေးနွေး ဖလှယ်စရာ ဌာနေတခု ဖြစ်ပါတယ်။ သိုးဆောင်းစကားနဲ့ပြော ရင် community အသိုက်အမြုံတခု ဖြစ်ပါတယ်။ ရပ်ဝန်းထဲက ကပြင်စကားဝိုင်းမှာ ပြောကြဆိုကြ ဖလှယ်ကြမယ်၊ ဆိုရှယ်မီဒီယာ စကောကြီးထဲက ဆီးဖြူသီးလို သူ့အမှတ်ပေးစည်းမျဉ်းအောက်မှာ အဆဲအဆို အညစ်အပတ်တွေကို ကြောက်နေစရာမလိုဘဲ ရပ်ရေးရွာရေး၊ ရွာနီးချုပ်စပ်ရေးကစလို အကျိုးအပြစ်တွေကို ခြေခြေမြစ်မြစ် ပြောဆိုကြမယ်၊ အာဏာရှင်တွေက ဆိုရှယ်မီဒီယာကို ပိတ်ပင်ရင်တောင် ကိုယ့်ရပ်ဝန်းထဲမှာ သိမှုစီးဆင်းခြင်းကို ဆက်ထိန်းကြမယ်၊ ကိုဗစ်-၁၉ လို ကပ်ဘေးတွေကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးစနစ်ဆိုတွေရဲ့ ဖိနှိပ်မှုတွေကြောင့်ပဲ ဖြစ်ဖြစ် လူချင်းမတွေ့နိုင်ကြ သေးရင်တောင် စိတ်ချင်း ဉာဏ်ချင်းတွေ့နိုင်တဲ့ ဆုံချက်ဖြစ်စေဖို့ ISP ကပြင်ရပ်ဝန်းကို ဖန်တီးခဲ့တာပါ။ ဒီအကြောင်းအသေးစိတ်ကို ကပြင်ရပ်ဝန်းအကြောင်း အယူအဆမှတ်စုမှာ ဖတ်နိုင်ပါတယ်။

∎ လာရန်ရှိသေးသည်

ISP ကပြင်ရပ်ဝန်း တနှစ်ပြည့်ချိန်မှာ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေအတွက် သီးသန့် လုပ်ဆောင်ပေးတဲ့ ISP Insight Email အပါအဝင် အခြားသော ဒေတာနဲ့ သုတေသနပြုချက်တွေပါဝင်တဲ့ အီးမေးလ် ၉၉ စောင်ကို ပို့ပေးခဲ့ပါတယ်။ ဒီအထဲမှာ အင်္ဂလိပ်ဘာသာနဲ့ ပေးပို့ခဲ့တဲ့ အီးမေးလ် ၃၁ စောင်လည်း ပါဝင်ပါတယ်။ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေပဲ တက်ရောက် ဆွေးနွေးဖလှယ်ခွင့်ရှိတဲ့ ISP Briefing တခုကိုလည်း လုပ်ခဲ့ပါတယ်။ နောက်မှာတော့ မူလရည်မှန်းချက်နဲ့ အညီ ဒေတာနဲ့ သုတေသနာပြုချက်တွေ ကြွယ်၀စုံလင်ပြီး လွတ်လပ်လုံခြုံတဲ့ “ကပြင်စကားဝိုင်း”၊ “ကပြင်ရပိုင်ခွင့်”နဲ့ “ကပြင်သင်တန်း” စတဲ့ ခေါင်းစဉ် သုံးခုအောက်ကနေ အကြောင်းချင်းရာ ကိုးခုထက်မနည်းကို ကပြင်ရပ်ဝန်းသူ ရပ်ဝန်သားတွေ ပြန်ရစေဖို့ စီစဉ်နေပါတယ်။

ISP ကရပ်ဝန်းမှာ ပါဝင်ချင်တယ်ဆိုရင် ဒီနေရာမှာ ချိတ်ဆက်နိုင်ပါတယ်။ “လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေးအမြင် မတူမှု စတာတွေအပေါ် ချိုးနှိမ် ခွဲခြား စော်ကားတဲ့ အမုန်းစကား မပြောရဘူး” ဆိုတဲ့ တခုတည်းသော စည်းကမ်းကို လိုက်နာရုံကလွဲပြီး ကုန်ကျစရိတ် မရှိပါဘူး။



One Response

Leave a Reply

Your email address will not be published. Required fields are marked *