စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊အဆောက်အအုံ ၅၈၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခြင်းခံခဲ့ရ

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၂၁)

ISP-Myanmar က ပြုစုထားတဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်အထိ (စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီး) နေအိမ်၊ အဆောက်အအုံ အရေအတွက် ၅၈၆ လုံး ထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။ ချိပ်ပိတ် သိမ်းဆည်းခံရမှု အများဆုံးဟာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပြီး ၁၅၉ လုံးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းမှာ ၁၂၂ လုံး၊ မန္တလေးတိုင်းမှာ ၈၈ လုံး၊ မကွေးတိုင်းမှာ ၄၈ လုံး နဲ့ ဧရာ၀တီတိုင်းမှာ ၄၇ လုံး ထက်မနည်း ချိပ်ပိတ် သိမ်းဆည်းခြင်းခံခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ သတင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီးလက်လှမ်းမီသမျှ စုစည်းထားခြင်းဖြစ်ပါတယ်။ တကယ့်မြေပြင်အခြေအနေမှာတော့ ဒီထက်ပိုပြီး အရေအတွက်များပြားနိုင်ပါတယ်။

Download as PDF Version

သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံတွေထဲမှာ အရပ်သားတွေရဲ့ပိုင်ဆိုင်မှုတွေ အများဆုံး ချိပ်ပိတ်သိမ်းဆည်း ခြင်းခံခဲ့ရပြီးတော့ ၃၇၃ လုံးထက်မနည်းရှိခဲ့ပါတယ်။ ဒါဟာ စုစုပေါင်း သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက်အားလုံးရဲ့ ၆၃ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပိုင်ဆိုင်မှု နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီး ၂၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။ NLD ပါတီဝင်များနဲ့ ပါတီရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်၊ အဆောက်အအုံ ၆၆ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီးတော့ ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။ ဒီလို ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ အကြောင်းအရင်းတွေကို ပြန်ကြည့်ရရင် CRPH/NUG/PDF တို့နဲ့ ပတ်သက်တယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတာ အများဆုံးရှိခဲ့ပါတယ်။

အခြားထုတ်ပြန်ချက်တွေအနေနဲ့ကတော့ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်နဲ့ လုပ်ငန်း ၁၆၆ လုံးကို ချိပ်ပိတ်ခံခဲ့ရပြီး ပါတီဝင်တွေရဲ့ နေအိမ်နဲ့ လုပ်ငန်း ၁၀၁ လုံးအပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်နဲ့ လုပ်ငန်း ၁၅၂ လုံးလည်း ချိပ်ပိတ်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစလို့ ဧပြီလကုန်ပိုင်းအထိ တစ်နိုင်ငံလုံး မှာ ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့နေအိမ်နဲ့ အဆောက်အအုံပေါင်း ၅၇၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

∎ ဘာကြောင့်အလေးထားသင့်လဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း ဥပဒေ၊ ပုဒ်မအမျိုးမျိုးသုံးပြီး ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူတွေနဲ့ သူတို့နဲ့ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အအုံပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းမှုတွေအပေါ် လေ့လာခြင်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူတွေအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေ ရှိ၊မရှိ ဆိုတာအပြင် အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု (Transitional Justice) ကိစ္စရပ်တွေ အတွက် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကြောင့် ဖမ်းဆီးခံရတာတွေအပြင် ပါဝင်လှုပ်ရှားနေသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေရဲ့ နေအိမ်၊ အဆောက် အအုံစတဲ့ ပိုင်ဆိုင်မှုတွေကို ချိိတ်ပိတ်သိမ်းဆည်းမှုအရေအတွက်တွေ ကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တို့လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ်လေ့လာနိုင်ပါတယ်။

နေအိမ်၊အဆောက်အအုံ ၅၈၀ ကျော်ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရ
စစ်ကိုင်းတိုင်းတွင် နေအိမ်၊ အဆောက်အအုံ အများဆုံးသိမ်းဆည်းခံခဲ့ရ
အရပ်သားပိုင်ဆိုင်မှု အများဆုံးချိပ်ပိတ်သိမ်းဆည်းခြင်းခံခဲ့ရ
NUG/CRPH/ PDF များနှင့်ပတ်သက်၍ အများဆုံးချိတ်ပိတ်သိမ်းဆည်းခြင်းခံခဲ့ရ

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment