မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ်

ကနဦးသုံးသပ်ချက် (အမှတ်-၄)

ဖြစ်ရပ်အချက်အလက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ကြောင်း ၂၀၂၂ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမယ့် ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ သူ့အရင် တာဝန်ယူခဲ့တဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရီ ဝမ်ယူဆော့ဖ် မလုပ်နိုင်ခဲ့တဲ့ကိစ္စ၊ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့ အာဆီယံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ဘုံသဘောတူညီချက်ငါးရပ် အထမြောက်အောင် ဆက်လက် တာဝန် ယူရမှာပါ။

Download as PDF

ကနဦးသုံးသပ်ချက်

စစ်အာဏာသိမ်းပြီး ၁၀ လကျော် ကြာလာပြီဖြစ်တဲ့ မြန်မာ့ အကျပ်အတည်းမှာ ပါဝင်နေသူတွေအနေနဲ့ အခြေအနေဆိုးက ကျော်လွှားဖို့ အနိုင်-အရှုံးနဲ့ပဲဖြစ်ဖြစ်၊ ပဋိပက္ခဖြေရှင်းရေး အခြား နည်းလမ်းများနဲ့ပဲဖြစ်ဖြစ် ပြေလည်အောင် ဖြေရှင်းကြဖို့ ခက်ခဲနေသေးတာဟာ လက်ရှိနိုင်ငံရေးရဲ့ ပကတိအခြေအနေပဲ ဖြစ်ပါ တယ်။ အချင်းချင်း မရှင်းနိုင်ရင် နိုင်ငံတကာရဲ့ တဖက်ဖက်လိုက် စွက်ဖက်မှု ဒါမှမဟုတ် ကြားဝင် ဖျန်ဖြေပေးမှုတွေအတွက်ရော   အဆင်သင့်ဖြစ်ပြီလားဆိုတာ အရေးကြီးတဲ့ မေးခွန်းတရပ် ဖြစ် လာပါတယ်။ တချိန်တည်းမှာ စစ်အာဏာသိမ်းချိန်ကစလို့ ဖြစ်ခဲ့တဲ့ လူသေကြေဒဏ်ရာရမှုတွေ၊ အိုးအိမ်မြို့ရွာတွေ ပျက်စီးလို့ နေရပ်စွန့်ခွာရမှုတွေကြောင့် အရပ်သားများအပေါ် ကာကွယ်ပေးမှုဆိုင်ရာကိစ္စနဲ့ နောက်ပိုင်းမှာ ကျယ်ပြန့်လာတဲ့ စစ်မီးပဋိပက္ခကြောင့်သာမက ကိုဗစ်-၁၉ ကပ်ဘေးလို ရောဂါဆိုးတွေ ကြောင့်လည်း ပြည်သူတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီးလိုအပ်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးအကျပ်အတည်း ဝေးလို့ ဒီ အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး၊ သက်သာလျော့ပါးရေးအတွက်တောင် အရေးပါတဲ့ အင်အားစုတွေအကြား ဖြေရှင်းဖို့ အခြေအနေ အချိန်အခါ မရင့်မှည့်သေးဘူးလို့ မြင်နိုင်သလို၊ မြန်မာလူထုရဲ့ ယုံကြည်ကိုးစားမှုရဖို့လည်း ခက်ပါတယ်။နိုင်ငံတကာရဲ့ ကြားဝင်မှုကလည်း ကုလသမဂ္ဂသာမက အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း စိန်ခေါ်မှုတွေရင်ဆိုင်ရမှာ မလွဲ ဧကန်ပါပဲ။ သေချာတာက ဒေသတွင်း အရေးပါတဲ့ အင်အားကြီး နိုင်ငံတွေ (တရုတ်၊ အိန္ဒိယ)၊ အာဆီယံရဲ့ ခိုင်မာတဲ့ ကျောထောက်နောက်ခံပေးမှု၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂ (EU) တို့လို အရေးပါတဲ့ ကမ္ဘာ့အင်အားစုတွေဆီက ထောက်ခံပေးမှု၊ ညှိနှိုင်းဆောင်ရွက်ပေးမှုတွေလည်း လိုအပ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့လပိုင်းက နိုင်ငံတကာသံတမန်တွေ နေပြည်တော်ကို ဝင်ထွက်ခဲ့ကြတာ သိသိသာသာ တွေ့မြင်ခဲ့ကြရပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ အမေရိကန် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ဘီလ် ရစ်ချတ်ဆန် လာခဲ့သလို၊ တချိန်တည်းလောက်မှာပဲ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်၊ ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ ယိုဟေးတို့ လာခဲ့ပါတယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွဒ်ဝိနိုင် နေပြည်တော်ကို နေ့ချင်းပြန် လာခဲ့တာကလည်း ထူးခြားပါတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

https://anchor.fm/isp-myanmar/episodes/ep-e1cpuso

အများယူဆချက်က ကမ္ဘောဒီးယား အထူးကိုယ်စားလှယ်အပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ရှိနိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ရွေးချယ်မှုကို သေချာ မသိနိုင်သေးပါဘူး။ တရုတ်အနေနဲ့ မြန်မာ့အရေး ကိုင်တွယ်ရာမှာ အာဆီယံ အထူးကိုယ်စားလှယ်ကို အားကိုးမလား၊ ဒါမှမဟုတ် ကုလသမဂ္ဂကခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်း ဟေဇာကို အားထားမှာလားဆိုတာ အသေအချာမသိနိုင်သေးတဲ့ အချက်ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ပေးမှုက မြန်မာလူထုနဲ့ လက်ရှိအကျပ်အတည်းမှာ အဓိက ပါဝင် နေတဲ့ အင်အားစုအသီးသီးရဲ့အသံကို နားထောင်ချင့်တွက်ပြီး ဆောင်ရွက်တာမျိုးမဟုတ်ရင်တော့ ဆေးကြောင့်လေးဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဖြစ်တန်ခြေ အကဲဖြတ်ချက်

၂၀၂၁ ခုနှစ် ဩဂုတ် ၃၀ ရက်မှ ISP-Myanmar က ထုတ်ဝေခဲ့တဲ့ မူဝါဒဆိုင်ရာအာဘော် အမှတ်(၂)ပါ အကြံပြုချက်များနဲ့ ချိန်ထိုးကြည့်ရမယ့် အညွှန်းစနစ်များမှာ ဆွေးနွေးခဲ့သလိုပဲ အာ ဆီယံ အထူးကိုယ်စားလှယ်သစ်ရဲ့ ဆောင်ရွက်မှုတွေဟာ နိုင်ငံရေးအရ အောင်မြင်မှုကြီးကြီးမားမား ရရှိဖို့ထက်စာရင် ယုံကြည်မှုတည်ဆောက်ရေးကိုပဲ ကနဦး ဆောင်ရွက်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းမှုကို ရှေးရှုစေမယ့် အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး (ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာပါတဲ့ အကြမ်း ဖက်မှု ချက်ချင်းရပ်တန့်ရေး စတဲ့ လူ့အခွင့်အရေး)နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိုပဲ ဦးစားပေးလုပ်နိုင်ဖွယ်ရှိပါတယ်။ အရေးကြီးတာက အာဆီယံ အထူးကိုယ်စားလှယ်သစ်အနေနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ တရုတ်အထူးကိုယ်စားလှယ်၊ ဂျပန်အထူးကိုယ်စားလှယ် စတဲ့ အထူးကိုယ်စားလှယ်တွေ အားလုံးနဲ့ အချင်းချင်းညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ဖို့လိုသလို မြန်မာလူထုရဲ့အသံကို နားထောင်ပြီး ချိန်ထိုးချင့်တွက် ဆောင်ရွက်ဖို့လည်း အထူးလိုအပ်ပါလိမ့်မယ်။

➥ “အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်၊ ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ချိန်ထိုးရမယ့် အညွှန်းစနစ်”  မူဝါဒဆိုင်ရာအာဘော် အမှတ် (၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://ispmyanmar.com/burmese/2021/08/30/pe-2/

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment