PodcastsReview Essay

မြန်မာ့အရေး ကျရှုံးနိုင်ငံဖြစ်တော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း

By ISP Admin | July 1, 2021

နိဒါန်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ဖြစ်လာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကျရှုံးနိုင်ငံတခု (failed state) အဖြစ် ဦးတည်သွားနိုင်တယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လေ့လာသူတွေက ဆိုနေကြပါတယ်။ အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ချေမှုန်းမှုကြောင့် သေဆုံးရမှုတွေ အမြောက်အများ ရှိနေသလို၊ လက်တုံ့ပြန် ခုခံ တိုက်ခိုက်မှုတွေကြောင့်လည်း စစ်ပွဲတွေ ကျယ်ပြန့်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒုက္ခသည်တင်ပို့မှု ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အရေအတွက် တသန်းကျော်တဲ့ နိုင်ငံတွေကို မှတ်တမ်းပြုထားရာမှာ မြန်မာနိုင်ငံက ဒုက္ခသည် (Persons of concern) အရေအတွက်ဟာ ၁ ဒသမ ၉ သန်း ရှိနေပါတယ် (Nikkei Staff Writers, 2021)။

ယခု ဆန်းစစ်ချက်အား နားဆင်နိုင်ပါသည်။ 

ISP-Myanmar မှ ထုတ်လွှင့်သော Podcast ကို ယခုနေရာတွင်လည်း နားသောတဆင်၍ Download ရယူနိုင်ပါသည်။

ယခုဆန်းစစ်ချက်ကို PDF file ဖြင့်လည်း Download ရယူနိုင်ပါသည်။ 

မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်မယ့် အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ International Crisis Group (ICG) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟိုဆေး (Richard Horsey) က သတိပေးခဲ့ပါတယ် (Horsey, 2021)။ ဩဇာကြီးတဲ့ The Economist မဂ္ဂဇင်းကလည်း “မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန် ပြီးရင် အာရှရဲ့ နောက်ထပ်ကျရှုံးနိုင်ငံ ဖြစ်နိုင်တယ်” လို့ ဖော်ပြခဲ့ပါတယ်။ အမေရိကန်အခြေစိုက် အကြံပေးအဖွဲ့တခုဖြစ်တဲ့ CSIS ရဲ့ သုံးသပ်ချက်ဆောင်းပါးမှာလည်း “မြန်မာနိုင်ငံ ပြိုလဲသွား နိုင်သလား၊ တော်လှန်ရေး ဖြစ်မှာလား” (Is Myanmar Headed for Collapse or Revolution?)လို့ ဆိုခဲ့သလို၊ နှစ် ၇၀ ကျော် ကြာမြင့်ခဲ့တဲ့ မြန်မာပြည်တွင်းစစ်ဟာ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့် များပြားလာနေပြီး အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဒုက္ခသည်အရေးတွေကို ရှောင်ဖို့ ခက်ခဲမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဖြစ်နေတာတွေ ဘယ်လို နိဂုံးချုပ်မှာလဲ။ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ရရှိမလား ဒါမှမဟုတ် နိုင်ငံတော်ပြိုလဲမှု ကြုံရနိုင်သလား မသိနိုင်သေးပါလို့ ဆိုပါတယ်  (Poling & Hudes, 2021)။ 

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဥ် (UNDP) က ၂၀၂၁ ခုနှစ် ဧပြီလကုန်မှာ ထုတ်ဝေခဲ့တဲ့ အစီအရင်ခံစာမှာလည်း မြန်မာ နိုင်ငံဟာ အခုချိန်မှာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးနဲ့ အာဏာသိမ်းမှုဖြစ်စဥ် စတဲ့ အကျပ်အတည်းနှစ်ခု ရင်ဆိုင်နေရတာကို ဖော်ပြပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ဝင်ငွေနည်းပါးတဲ့ မိသားစုဝင်တွေရဲ့ အခြေအနေဟာ ၂၀၂၀ ပြည့်နှစ် မှာတင် ဆိုးရွားလျက်ရှိနေပြီး၊ နိုင်ငံရေး အကျပ်အတည်း အဆိုးဆုံး အခြေအနေမှာ နိုင်ငံ့လူဦးရေရဲ့ တဝက်နီးပါး (၄၈ ဒသမ ၂ ရာခိုင်နှုန်း) ဟာ ဆင်းရဲမှုမျဉ်းအောက် ကျရောက်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ် (UNDP, 2021)။

အရေးပါသည့် ဆွေးနွေးချက်များ၊ အထောက်အထားနှင့် အကြံပြုချက်များ

ဖော်ပြပါ ဆွေးနွေးချက်တွေမှာ မြန်မာနိုင်ငံက ကျရှုံးနိုင်ငံဖြစ်လာနိုင်တဲ့အကြောင်း ဆွေးနွေးရာမှာ အချက်ငါးချက်ကို အဓိက ထား ထောက်ပြခဲ့တာ တွေ့ရပါတယ်။

ပထမအချက်က ပဋိပက္ခ၊ တင်းမာမှုမြင့်မားလာနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ် ၇၀ ကျော် ပြည်တွင်းစစ် ဖြစ်နေခဲ့ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာအရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို ဖော်ဆောင်နိုင် ခဲ့တာလည်း ရှိပါတယ်။ အခုအခြေအနေမှာတော့ စစ်ပွဲပဋိပက္ခတွေ ပိုပြီးခေါင်းထောင်လာမယ့် အလားအလာ ရှိပါတယ်။ ရွေးကောက်ခံအမတ်တချို့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခဲ့ပြီး၊ လူငယ်အများအပြားကလည်း လက်နက်ကိုင် ပုန်ကန်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းလက်နက်ကိုင် နယ်မြေတွေဆီသွားပြီး တောခိုခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့  အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဒေသခံတွေဘက်က ပြန်လည်ခုခံကာကွယ် တိုက်ခိုက်မှုတွေ ဖြစ်ပွားလျက် ရှိပါတယ်။ အရင်ကာလက တိုက်ပွဲမရှိခဲ့တဲ့ အညာဒေသ၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ ရရာ လက်နက်စွဲကိုင် တိုက်ပွဲဝင်တာတွေ၊ မြို့ပြတွေမှာ ဗုံးပေါက်ကွဲမှု၊ လုပ်ကြံ သတ်ဖြတ်မှုတွေ မြင့်မားလာနေပါတယ်။ International Commission of Jurists (ICJ)  မှာ တာဝန်ထမ်းဆောင်နေတဲ့ ဇာရီဖီ (Zarifi) က Nikkei Asia သတင်းဌာနကို နှိုင်းယှဉ် ပြောကြားရာမှာလည်း “တပ်မတော်ရဲ့ သတ်ဖြတ်နှုန်းက အလွန်တရာ မြင့်မားပါတယ်။ ဆီးရီးယားက လူထုအုံကြွမှုမှာ ကနဦးချေမှုန်းမှုတွေကြောင့် သေကြေခဲ့ရတဲ့ အရေအတွက် ၅၀၀ ထက်ကို ကျော်လွန်သွားပါပြီ” လို့ ဆိုထား ပါတယ်။

ဒုတိယအချက်က စီးပွားရေးအခြေခံ ပြိုဆင်းလာနေခြင်းပါ။ The Economist ဆောင်းပါးမှာတော့ အထွေထွေသပိတ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ သွက်ချာပါဒ ဖြစ်သွားခဲ့ပါတယ်။ အစိုးရဝန်ဆောင်မှုကဏ္ဍဟာလည်း များသောအားဖြင့် ရပ်ဆိုင်းနေပါတယ်။ ဘဏ်စနစ်ပြိုလဲမယ့် ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရ ပါတယ်။  

ဘဏ်လုပ်ငန်းတွေကို စစ်ကောင်စီက ဖိအားပေးခဲ့တာကြောင့် မေလဆန်းမှာ ပြန်ဖွင့်ခဲ့ပေမယ့် အပ်နှံငွေတွေကို ပြန်ထုတ်တာ များလာတဲ့အတွက် ငွေထုတ်ယူမှု ပမာဏ ကန့်သတ်ခဲ့ရပါတယ်။ အခုဆိုရင် ငွေကြေးကျပ်တည်းမှုကို သိသိသာသာ ကြုံတွေ့နေရပါတယ်။ အွန်လိုင်းငွေပေးချေမှုစနစ်လည်း ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။ ပုဂ္ဂလိကဘဏ်တွေရဲ့ ရှေ့ရေးက စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးဘက်မှာလည်း ပို့ကုန်-သွင်းကုန် ပမာဏကျဆင်းလာပါတယ်။ စိုက်ပျိုးရေးပို့ကုန် အဓိကထား မှီခိုရပ်တည်နေတဲ့ စိုက်ပျိုးရေး သွင်းအားစုတွေ တင်သွင်းနိုင်မှု လုပ်ငန်းစဉ်မှာ နှေးကွေးနေပါတယ်။ အလုပ်လက်မဲ့ ပမာဏ များပြားလာတာ၊ ငွေကြေးစျေးကွက် မလည်ပတ်နိုင်တာ၊ အခြေခံ လူတန်းစားတွေ ငွေသား လက်လှမ်းမီနိုင်မှု နည်းပါးလာတာ စတဲ့အချက်တွေကြောင့် အငတ်ဘေးဆိုက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနေကြတဲ့ ဒေသတွင်းလုပ်ငန်းရှင်တွေလည်း အခက် တွေ့နေပြီး တချို့ဆိုရင် လုပ်ငန်းရပ်ဆိုင်းရမှုတွေ ရှိလာပါပြီ။ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းငယ်တွေလည်း နာလံမထူတော့ပါဘူး။ ကမ္ဘာ့ဘဏ်က ခန့်မှန်းရာမှာ မြန်မာ့စီးပွားရေးက အာဏာသိမ်းမှု မတိုင်မီ အခုနှစ်မှာ ခြောက်ရာခိုင် နှုန်းခန့် တိုးတက်မယ်လို့ဆိုခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ စီးပွားရေးတိုးတက်မှုဟာ ၁၀ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ထုတ်ပြန်ပါတယ်။ အခြားစီးပွားရေး အဖွဲ့အစည်းတွေကတော့ ၂၀ ရာခိုင်နှုန်းထိ ကျုံ့နိုင်တယ်လို့ သတိပေးထားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လာမယ့် သုံးလကနေ ခြောက်လအတွင်း  မြန်မာနိုင်ငံမှာ လူဦးရေ ၃ ဒသမ ၄ သန်းနဲ့ အထက် စားနပ်ရိက္ခာ အခက်အခဲ ကြုံရနိုင်ကြောင်း ထုတ်ပြန်ထားပါသေးတယ်။

တတိယအချက်ကတော့ လူမှုရေးပြဿနာတွေက အကျပ်အတည်းတခုအဖြစ် ရောက်လာတာ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲသွားသလို ဖြစ်နေပါတယ်။ အစိုးရဆေးရုံ အတော်များများဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စစ်ကောင်စီနဲ့ မပူးပေါင်း သပိတ်မှောက်ရေးလှုပ်ရှားမှု (CDM) ကြောင့် ပိတ်ထားရပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ စစ်ဆေးခြင်းနဲ့ ကုသခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတွေမှာလည်း နှောင့်နှေးနေပါတယ်။ အခုဆိုရင် ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို စတင်ခံစားလာရပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ထိန်းချုပ်နိုင်မယ့်ပုံစံ မရှိပါဘူး။ မွေကင်းစ ကလေးငယ် ကာကွယ်ဆေးထိုးနှံမှု ပုံမှန် အစီအစဉ်တွေ၊ ဆေးယဉ်ပါး တီဘီတိုက်ဖျက်ရေး၊ ရာသီတုပ်ကွေးနဲ့ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေဟာလည်း ရပ်တန့်နေပါတယ်၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍမှာ အကျပ်အတည်း တွေ့ကြုံနေရပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အခြေအနေကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် အကျပ်အတည်း နှစ်ဆင့် ကြုံရနိုင်ပါတယ်။ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကာလ အတွင်းမှာပဲ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူ လူဦးရေ မြင့်တက်လာနေပါတယ်။ နိုင်ငံရေးအကျပ်အတည်း ထပ်ဆင့်ခဲ့တာကြောင့် အဆိုးဆုံး အခြေအနေမှာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီးပါး (၄၈ ဒသမ ၂ ရာခိုင်နှုန်း) ဟာ ဆင်းရဲမှုမျဉ်းအောက် ကျရောက်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ ဆင်းရဲသားလူထုတွေနဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းအနီး ရှိနေတဲ့ လူတွေအဖို့ ပိုလို့ထိခိုက်သက်ရောက် နစ်နာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည် ရှစ်သိန်းကျော်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည် စခန်းကိုးခု ရှိပါတယ်။ အခုအခါ ပြည်တွင်း ဒုက္ခသည် (IDPs) အရေအတွက်ကလည်း အလျင်အမြန် တိုးပွားနေပါတယ်။

စတုတ္ထအချက်ကတော့ သဘာဝသယံဇာတကြွယ်ဝမှုကို ကောင်းမွန်စွာ အသုံးချစီမံခန့်ခွဲဖို့ပဲ ဖြစ်ပါတယ်။ လုံခြုံရေး တရားဥပဒေ မစိုးမိုးတဲ့ နေရာမှာ လုယက်မှုတွေ၊ စည်းမျဉ်းမရှိ ထုတ်ယူမှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ဆုံးအချက်က အစိုးရရဲ့ အရေးပါတဲ့ ဝန်ဆောင်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကျဆင်းလာနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ The Economist မဂ္ဂဇင်းက ဆွေးနွေးရာမှာ မြန်မာနိုင်ငံဟာ အာဖဂန် နစ္စတန်နိုင်ငံလို တရားဥပဒေမဲ့ အခြေအနေ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ ဒီလမ်းကြောင်းကို ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်။ ထူးခြားတာက မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ ဒေသတွေဟာ ဟီးရိုးအင်းနဲ့ မက်သာအမ်ဖီတမင်း ထုတ်လုပ်တင်ပို့ရာ ဒေသဖြစ်နေတယ်လို့ ထောက်ပြပါတယ်။ ဒီလို ဒုက္ခတွင်းထဲ မြန်မာနိုင်ငံဆင်းသက်သွားတာကို နိုင်ငံတကာကကြည့်နေရင် “မူးယစ်ဆေးဝါး၊ ဒုက္ခသည်၊ မတည်ငြိမ်မှု”တွေက ဒေသတွင်း ခြိမ်းခြောက်မှုတွေ ဖြစ်လာ နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဆွေးနွေးသူတွေနဲ့ ဆောင်းပါးဖော်ပြချက်တွေမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ်ကိုင်နိုင်မယ့် ရွေးချယ်စရာ နည်းလမ်းများ အဖုံဖုံကို တင်ပြထားကြပါတယ်။ ပထမအချက်အနေနဲ့ ဆွေးနွေးကြတာက အကြမ်းဖက်လုပ်ရပ်တွေအားလုံး အမြန်ဆုံး ရပ်တန့်စေရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမြန်ပြန်ရောက်စေဖို့ လိုပါတယ်။ ဒီနေရာမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအ‌ပေါ် ပစ်မှတ်ထား စီးပွား‌‌ရေးပိတ်ဆို့မှုတွေနဲ့အတူ သံတမန်ရေးအရ အထီးကျန်စေတဲ့ နည်းနဲ့ ဖိအား ပေးခြင်းကိုလည်း တိုက်တွန်းကြပါတယ်။ အောင်မြင်ဖြစ်မြောက်နိုင်ဖို့ အလွန်ခက်ခဲတယ်လို့လည်း အသိအမှတ် ပြုကြပါတယ်။ အရင်အတွေ့အကြုံ သမိုင်းတွေရှိတယ်လို့ CSIS က ထောက်ပြပါတယ်။ Nikkei Asia ဆောင်းပါး မှာတော့ မြန်မာနိုင်ငံဟာ တရုတ်၊ရုရှားနိုင်ငံတွေရဲ့ ထောက်ခံပံ့ပိုးမှုရနေတဲ့အတွက် မအောင်မြင်နိုင်ဘူးလို့ ထောက်ပြပါတယ်။

နည်းလမ်းတခုကတော့ အာဆီယံအသင်းကြီးလိုမျိုး စစ်ကောင်စီနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတိုက်တွန်းရေး ဖြစ်ပါတယ်။ အာဆီယံဗဟိုချက်ဗွေဖြစ်မှု (ASEAN Centrality) သဘောမျိုးနဲ့ ကုလသမဂ္ဂအအပါအဝင် အင်အားကြီးနိုင်ငံတွေကပါ အာဆီယံအနေနဲ့ ဗဟိုချက်မနေရာကနေ ကြားဝင်ဆောင်ရွက်မှု တိုက်တွန်းကြတာ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ အတော်ကြီးနောက်ကျလွန်းတဲ့ ဧပြီ ၂၄ ရက်ကျမှ အရေးပေါ်ထိပ်သီး အစည်းအဝေးခေါ်ယူနိုင်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ငါးချက် ရခဲ့ပါတယ်။ သို့တိုင်အောင် အခုအချိန်အထိ မြန်မာနိုင်ငံမှာ သေကြေဆုံးရှုံးရမှုတွေကို ထိထိရောက်ရောက် မတားဆီးနိုင်တဲ့အပြင်၊ ထင်သာမြင်သာ လုပ်ဆောင်ချက်တွေလည်း မရှိသေးပါဘူး။

တချို့အကြံပြုချက်တွေမှာတော့ စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အတိုက်အခံ အင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် စစ်ကောင်စီနဲ့ မပူးပေါင်း သပိတ်မှောက်ရေးလှုပ်ရှားမှု (CDM) တွေကို ထောက်ပံ့ပေးနိုင်ဖို့ စတာတွေအပြင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအဖြစ်ကနေ ဆိုင်းငံ့သင့်တယ်ဆိုတဲ့ တိုက်တွန်းချက်တွေလည်း ရှိပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအပါအဝင်၊ အာဆီယံနိုင်ငံများ ဘုံသဘောတူညီချက် ငါးချက်နဲ့ လက်ရှိနိုင်ငံတကာ တိုက်တွန်းချက်တွေမှာလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ အရေးပေါ်ဖြစ်လာတဲ့ အခြေအနေကို အမြန်ဖြေရှင်းကြဖို့လည်း တိုက်တွန်းထားကြပါတယ်။

ဆန်းစစ်သုံးသပ်ခြင်း

ကျရှုံးနိုင်ငံတခု ဒါမှမဟုတ် ချည့်နဲ့ပြိုကွဲလွယ်တဲ့ နိုင်ငံတခု သတ်မှတ်တာနဲ့ ပတ်သက်လို့ သေချာ စောင့်ကြည့် လေ့လာနေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေရှိပါတယ်။ အထူးသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း (World Peace Foundation) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ရောဘတ် အိုင် ရောဘတ်ဂ် (Robert I. Rotberg) ဖွင့်ဆိုတာက “ပြည်တွင်း အကြမ်းဖက်မှုတွေကြောင့် ယိုယွင်းရပ်ဆိုင်းနေတဲ့ နိုင်ငံတော်များ   ဖြစ်ပြီး၊ နေထိုင်နေသူတွေအပေါ် အပြုသဘောဆောင်တဲ့ နိုင်ငံရေး ကောင်းကျိုးချမ်းသာ (Political goods) ကို ဆက်လက် မပေးစွမ်းနိုင်တဲ့ နိုင်ငံတွေ” လို့ ဖွင့်ဆိုထားပါတယ်။ ပြည်သူတွေရဲ့  နှလုံးသားနဲ့ စိတ်ထဲမှာ သူတို့အစိုးရအပေါ် ယုံကြည်ကိုးစားမှု ကျဆင်းလာမယ်၊ ဆက်လက်ပြီးတော့ နိုင်ငံတော် Nation-stateတခုရဲ့ သဘော သဘာဝအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာမယ်၊ တရားမဝင်ဘူးလို့ မြင်လာမယ်…စသည်ဖြင့် ဆိုထားပါတယ် (Rotberg, 2004))။ ယေဘုယျဆိုရင်တော့ နိုင်ငံတော်တခုက ပြည်သူတွေကို ဆောင်ကျဉ်းပေးရမယ့် မဖြစ် မနေ ဝန်ဆောင်မှုတွေ၊ (ဒီနေရာမှာတော့ နိုင်ငံရေး ကောင်းကျိုးချမ်းသာ political goods လို့ သုံးထားပါတယ်) မပေးဆောင် နိုင်တော့တဲ့အခြေအနေ ဖြစ်လာခြင်းပါပဲ။

 The Fund for Peace အဖွဲ့ကတော့ ချည့်နဲ့ပြိုကွဲလွယ်တဲ့ နိုင်ငံဆိုင်ရာ ညွှန်းကိန်းများ (Fragile State Index) ကို တိုင်းတာ ရာမှာ ညွှန်းကိန်းအချို့ကို ဖော်ထုတ်ခဲ့ပါတယ်။ အဲသည်မှာ ပဋိပက္ခဆိုင်ရာ အန္တရာယ်ရှိမှု ညွှန်းကိန်း ၁၂ ခုကို ထုတ်ယူတိုင်း တာပါတယ်။ စည်းလုံးညီညွတ်မှု (ဝါ) အစေးကပ်မှု ညွှန်းကိန်း (Cohesion indicators) တွေမှာ လုံခြုံရေးဆိုင်ရာ အဖွဲ့ အစည်းများ၊ စည်းလုံးမှု ပြိုကွဲနေသော ထိပ်သီးခေါင်းဆောင်များ၊ အုပ်စုလိုက် နစ်နာခံစားနေရမှုများ စတဲ့ အချက်တို့ ပါဝင်ပါတယ်။ စီးပွားရေး ညွှန်းကိန်း (Economic indicators) တွေမှာတော့ စီးပွားရေး ကျဆင်းမှု၊ စီးပွားရေး ဖွံ့ဖြိုးမှု မညီမျှမှု၊ လူတွေ ထွက်ပြေးနေရခြင်းနဲ့ ဦးနှောက်ယိုစီးမှုတို့ ပါဝင်ပါတယ်။ နိုင်ငံရေးညွှန်းကိန်းများ (Political indicators) မှာတော့ နိုင်ငံတော်ရဲ့ တရားဝင်ဖြစ်မှု၊ အစိုးရ ဝန်ဆောင်မှု‌နဲ့ လူ့အခွင့်အရေးများ၊ ဥပဒေနည်းကျ အုပ်ချုပ်ခြင်းတို့ ပါဝင်ပါတယ်။ လူမှုရေးနဲ့ အခြားကဏ္ဍတွေအပေါ် လွှမ်းခြုံတဲ့ ညွှန်းကိန်း (Social and Cross-cutting indicators) တွေမှာတော့ လူဦးရေအရ ဖိစီးမှု၊ နေရပ်စွန့်ခွာဒုက္ခသည်နဲ့ ပြည်တွင်းဒုက္ခသည် (IDPs)တွေ၊ ပြည်ပစွက်ဖက်မှု အကြောင်းတွေ ပါဝင်ပါတယ်။ ချည့်နဲ့ပြိုကွဲလွယ်တဲ့ နိုင်ငံများနဲ့ ပတ်သက်တဲ့ အခုလေ့လာမှုမှာ မတူခြားနားတဲ့ သရုပ်သကန် လက္ခဏာအုပ်စုတွေ၊ ဘာသာစကား၊ လူမျိုး၊ တိုင်းရင်းသားဖြစ်မှု၊ နိုင်ငံသားဖြစ်မှု၊ လူတန်းစား၊ လူမျိုးနွယ်အုပ်စု၊ ကိုးကွယ်ရာ ဘာသာ စသဖြင့် အုပ်စုများအကြားမှာ အက်ကြောင်း (Fault lines) တွေ တည်ရှိနေသလား ဆိုတာလည်း အလေးထား လေ့လာပါတယ်။ အခြားအခြေအနေတွေဖြစ်တဲ့ သဘာဝအရင်းမြစ်တွေအတွက် ပြိုင်ဆိုင် လုယက်ကြခြင်း၊ ရက်စက် ကြမ်းကြုတ် ဖိနှိပ်တဲ့ခေါင်းဆောင်မှု၊ ခေါင်းဆောင်မှုပြိုကွဲခြင်း၊ အကျင့်ပျက်ခြစားမှုနဲ့ မဖြေရှင်းရသေးတဲ့ အုပ်စု နစ်နာ ခံစားရမှုများကလည်း ချည့်နဲ့ပြိုကွဲစေတဲ့ နိုင်ငံတခုအတွက် အကြောင်းအချက်များအဖြစ် သတ်မှတ်လေ့လာပါတယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ၂၀၂၁ ခုနှစ် Fragile State Index မှာ မြန်မာနိုင်ငံဟာ ညွှန်းကိန်းရမှတ် ၉၃ ဒသမ ၈ ရှိနေတာကို တွေ့ရပါတယ်။ FSI က ညွှန်းကိန်း တခုချင်းစီကို ၁၀ မှတ်စီ ပေးထား ပြီး၊ အမှတ် ၉၀-၉၉ ဒသမ ၉ အကြား နိုင်ငံတွေကိုတော့ သတိပြု စောင့်ကြည့်ရမယ့် (Alert) စာရင်းထဲ ထည့်သွင်းထားပါတယ်။ မြန်မာနိုင်ငံက အဲသည်လို စောင့်ကြည့် သတိပြုရမယ့်နိုင်ငံတခု ဖြစ်ပါတယ်။ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၇၈ ခုကို တိုင်းတာရာမှာ မြန်မာက ချည့်နဲ့ပြိုကွဲနိုင်ခြေ အဆင့်သတ်မှတ်ချက် ၂၃ နေရာမှာ စိုးရိမ်ဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အင်အားစုပေါင်းစုံ ပါဝင်နိုင်တဲ့ နိုင်ငံတော်တခုအဖြစ် မတည်ရှိသေးသလို၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု ရရှိဖို့လည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ကာလရှည် ပြည်တွင်းစစ် တည်ရှိနေသလို၊ အဖွဲ့ပေါင်း ၂၀ ထက် မနည်းတဲ့ တိုင်းရင်း သားနဲ့ အခြားလက်နက်ကိုင် အင်အားစုတွေကလည်း ဗဟိုအစိုးရနဲ့ စစ်ပွဲဆင်နွှဲနေကြပါတယ်။ နိုင်ငံရေး ဖွဲ့စည်းထားပုံအရ အက်ကြောင်း (Fault lines) တွေလည်း ရှိနေပါတယ်။ အဲဒါအပြင် အစိုးရ ဝန်ဆောင်ပေးမှုတွေမှာ ညံ့ဖျင်းသလို၊ အကျင့်ပျက် ခြစားမှုလည်း အကျယ်အပြန့် ရှိနေပါသေးတယ်။ သွေးထွက်သံယို အကြမ်းဖက်မှုတွေ မြင့်မားလာတဲ့အခါ၊ စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာ ကျဆင်းလာနေတဲ့အခါ၊ လူသားချင်းစာနာမှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ ကြီးမြင့်လာတဲ့အခါ နိုင်ငံတကာနဲ့ ပြည်တွင်းအင်အားစုတွေအနေနဲ့  ပြိုကွဲကျရှုံးနိုင်ငံတခု ဖြစ်လာမှာ စိုးရိမ်ပူပန်ကြတာ မဆန်းလှပါဘူး။ ဒီကိစ္စတွေကို စစ်ရေး အဖြေ (Militarized solutions) တခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာ သေချာသလို၊ နိုင်ငံတခုတည်းရဲ့ ပြည်တွင်း ကြိုးပမ်း အားထုတ်မှု တခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာ သေချာပါတယ်။  

 သို့သော်လည်း နောက်ပိုင်းမှာ အချို့သော ပညာရှင်တွေက ‘ကျရှုံးနိုင်ငံ’ ဒါမှမဟုတ် ‘ချည့်နဲ့ပြိုကွဲလွယ်တဲ့နိုင်ငံ’ဆိုတဲ့ သတ်မှတ်မှု၊ နားလည်သဘောပေါက်မှုတွေကို ပြန်ပြီး မေးခွန်းထုတ်ကြတာလည်း ရှိပါတယ်။ သူတို့က “နိုင်ငံတော်တခုဖြစ်မှု အကန့်အသတ်ရှိတဲ့သဘော” (limited statehood) ကိုအသားပေး ပြောဆိုကြပါတယ်။ အထူးသဖြင့်တော့ တောင်ကမ္ဘာဘက်ခြမ်းက နိုင်ငံတွေမှာပါ။ အဲဒီ နိုင်ငံတွေမှာ ဗဟိုအစိုးရ အာဏာချုပ်ကိုင်ထားသူများက အကြမ်းဖက်မှု (တနည်း) ဥပဒေစည်းကြပ်မှု တွေကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်တဲ့ စွမ်းရည်လည်း မရှိကြပါဘူး။ အုပ်ချုပ်လို့ လုံးဝမရတဲ့ အခြေအနေ မဟုတ်သလို၊ အုပ်ချုပ်လို့ မရတာလည်း မဟုတ်ပါဘူး။ အစိုးရတွေက ချည်နဲ့အားပျော့ကြပါတယ်။ မရှိမဖြစ် အရေးပါတဲ့ အစိုးရရဲ့တာဝန် လေးရပ်ဖြစ်တဲ့ ၁) ဖွံ့ဖြိုးမှုဖြစ်ဖို့၊ တန်းတူညီမျှတဲ့ စီးပွားဖွံ့ဖြိုးမှုဖြစ်ဖို့ ဝန်းကျင် ဖန်တီးနိုင်တဲ့ စွမ်းရည်၊ ၂) တရားဝင်တဲ့၊ ပွင့်လင်း မြင်သာမှုရှိတဲ့၊ တာဝန်ယူတာဝန်ခံမှုရှိတဲ့ နိုင်ငံရေး အင်စတီ ကျုရှင်းတွေ တည်ထောင် ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်၊ ၃) သူတို့ရဲ့ ပြည်သူတွေကို အကြမ်းဖက် ပဋိပက္ခတွေကနေ လုံခြုံမှုပေးနိုင်တဲ့ စွမ်းရည်၊ သူတို့နယ်မြေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်နဲ့ ၄) သူတို့ ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ စွမ်းရည်မရှိဘဲ ဖြစ်နေရတဲ့ အခြေအနေမျိုးကို ဆိုချင်တာပါ။ ဆိုလိုတာကတော့ နိုင်ငံတော်အစိုးရတခု အနေနဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင် စတာတွေကို ပေးဆောင်နိုင်စွမ်း အကန့်အသတ် ရှိနေပါတယ်။ ကောင်းစွာလည်ပတ် စီမံနေတဲ့ နိုင်ငံတော်တခု မဟုတ်နိုင်ဘဲ အကန့်အသတ် သဘောရှိနေတာကို ပြောချင် တာပါ။

မြန်မာ့အရေး ကျရှုံးနိုင်ငံ ဖြစ်တော့မလားလို့ ဆွေးနွေးရေးသားချက်တွေကို ဧကန်သဘော၊ ရှေ့ဖြစ်ဟောသဘော မမှတ်ယူ သင့်ပါဘူး။ တကယ်တော့ ဒီလိုချည့်နဲ့ပြိုကွဲလွယ်တဲ့ အခြေအနေတို့၊ ကျရှုံးနိုင်ငံဖြစ်သွားတော့မယ့် အရေးတို့ကို ကြိုတင် နိမိတ်ဖတ်ရတာ ခက်ခဲပါတယ်။ ရှုပ်ထွေးပွေလီတဲ့ သဘောလည်း ရှိပါတယ်။ ဒါကြောင့် ဒီဆွေးနွေးရေးသားချက်တွေကို ဖြစ်တန်ခြေအခင်းအကျင်း လေ့လာတဲ့သဘော (Scenario thinking) အဖြစ် ရှုမြင်နိုင်ရင် ပိုအကျိုးများဖွယ် ရှိပါတယ်။ လက်ရှိဖြစ်နေတဲ့ အချက်အလက်တွေ၊ ရေစီးကြောင်းတွေ ဘယ်လောက်အားကောင်းသလဲ၊ ဘယ်ကိုရှေးရှု ဦးတည်နေသလဲ၊ ဥပမာ- လုံခြုံရေးပျက်ယွင်းမှုဟာ ဘယ်လောက် ကျယ်ပြန့်အားကောင်းနေလဲ၊ အရှည်သဖြင့် ဆက်ဖြစ်နိုင်ခြေများ မများ၊ ရိုက်ခတ်မှု အနည်းအများစတာတွေကို တွက်ချက်ပြီး အခင်းအကျင်းကို လေ့လာတဲ့သဘောပါပဲ။ ဒါတောင်မှ ချည့်နဲ့ ပြိုကွဲလွယ်တဲ့ နိုင်ငံ တခုကနေလုံးဝ ကျရှုံးနိုင်ငံတခုအဖြစ် ဘယ်အချိန်မှာ ပြောင်းမှာလဲဆိုတာ တွက်ဆဖို့ ခက်ပါတယ်။ မြန်မာနဲ့ပတ်သက်ရင် ဗြုန်းကနဲ ကျရှုံးနိုင်ငံအဖြစ် ပြောင်းသွားတာမျိုးထက် တအိအိနဲ့ အတွင်းလှိုက်ပြိုကွဲနေတဲ့ အခြေအနေ မျိုးကိုလည်း ဖြစ်တန်ခြေ အဖြစ် သတိပြုလေ့လာသင့်ပါတယ်။

ဂယက်ရိုက်နိုင်တဲ့ နောက်ဆက်တွဲများ

မြန်မာနိုင်ငံက ကျရှုံးနိုင်ငံတခု အဖြစ်သို့ ရောက်ရှိသွားနိုင်ပါသလား။ သုံးသပ်သူများ၊ အဖွဲ့အစည်းများက စိုးရိမ်ပူပန်မှုတွေ ဖော်ပြကြတာ အတိအလင်း တွေ့မြင်ရပါတယ်။ ကျရှုံးနိုင်ငံအဖြစ် ပြောဆိုကြတဲ့အခါ အာရပ်နွေဦးတော်လှန်ရေး ဖြစ်လာပြီး ပြာပုံဆိုက်ခဲ့ရတဲ့ ဆီးရီးယားနိုင်ငံကို အများစုက ကိုးကားရည်ညွှန်းလေ့ ရှိကြပါတယ်။ အခုလို နိုင်ငံတကာက ပြောဆိုချက်တွေကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဇာတ်ကြောင်းဖော်မှု၊ ပုံရိပ်ပေါ်လွင်စေမှု၊ မျှော်လင့်ချက်ထားမှုတွေ အပေါ်လည်း ဂယက်ရိုက်ခတ်မှုတွေ၊ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ “ကျရှုံးနိုင်ငံ” ဆိုတဲ့ ဇာတ်ကြောင်း အာဘော် အားကောင်းလာတဲ့အတွက် နိုင်ငံတကာ မူဝါဒချမှတ်သူတွေကြားမှာ “တည်ငြိမ်ရေး”ကို ပိုလို့ အာရုံစိုက်စရာ ဖြစ်လာ နိုင်ပါတယ်။ မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေကို ကပ်ရောဂါ၊ မူးယစ်ဆေး၊ ဒုက္ခသည်တွေ ဒလဟော တင်ပို့လာမယ့် အရေး ကာကွယ် တားဆီးဖို့ အဓိက မူဝါဒတွေလည်း ဖြစ်လာစရာ ရှိနေပါတယ်။ တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုကို ပံ့ပိုး ထောက်ခံရမယ့်အစား၊ လက်ရှိအာဏာပိုင်နဲ့ ပူးပေါင်းပြီး လူသားချင်းစာနာမှု အကျပ်အတည်းကို ဝိုင်းဝန်းဖြေရှင်းကြဖို့ တိုက်တွန်း နှိုးဆော်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်ဖြင့် ရေသောက်မြစ်ပြဿနာထက် အကိုင်းအခက် ပြဿနာကို အာရုံထားဖို့ရာ ဖြစ်သွားနိုင်ပါကြောင်း သုံးသပ်ရပါတယ်။

နိဂုံး

တိုင်းပြည်တပြည် ကျရှုံးနိုင်ငံ ဖြစ်တော့မယ်ဆိုတဲ့ ဆွေးနွေးရေးသားမှုတွေ ဖြစ်လာပြီဆို ဒါဟာ alarmist rhetoric လို့ ခေါ် ကြတဲ့ ခြောက်ခြားသွေးလန့်မှုဖြစ်အောင် သံချောင်းဆူညံခေါက်နေတာလား၊ ပွဲလန့်တုန်း ဖျာခင်း အကျိုးလိုလို့ ပွဲဆူအောင် ညာသံပေးနေတာလားဆိုတာ သံသယ အမြဲထားသင့်တဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ သံချောင်းမည်တာ ဘယ်အချိန်လဲ၊ သံချောင်းခေါက်တာ ဘယ်သူလဲ၊ ဘာကြောင့် ခေါက်နေရတာလဲ ဆိုတာလည်း ဆန်းစစ် စေ့ငုကြရမှာပါ။ ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ဆွေးနွေးရေးသားမှုတွေအရ မြန်မာဟာ ကျရှုံးနိုင်ငံ ဖြစ်တော့မယ်ဆိုတဲ့ အချက်တွေကို စုစည်းရင် လက်ရှိ စီးပွားရေး ပြိုလဲနေတဲ့အချိန်၊ လူသားချင်း စာနာမှု အကျပ်အတည်း ကပ်ဆိုက်နေတဲ့အချိန်နဲ့ မြို့ပြတွေမှာပါ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြင်းထန်ကျယ်ပြန့်လာနေတဲ့အချိန်မျိုးမှာ တီးတဲ့ သံချောင်းခေါက်သံဖြစ်လို့ ခေါင်းထောင်မထဘဲ ဆက်အိပ် နေလို့ရသေးတဲ့ အချက်ပေးသံမျိုးမဟုတ်ပါဘူး။ ဦးထိပ်မီးလောင်ဆိုသလို မြန်မြန်မီးငြိမ်းကြရမယ့် သတိပေး တပ်လှန့် သံမျိုးပါ။ တီးတဲ့ သူတွေကလည်း မြန်မာ့အရေး ဆွေးနွေးရေးသားရာမှာ အရေးတယူ နားထောင်ကြရမယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း၊ မီဒီယာတွေ ဖြစ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတာတွေဟာ မြန်ဆန်လွန်းပြီး အချိုးအကွေ့အလှည့်အပြောင်းများ လွန်းတာမို့ ဒီဆွေးနွေးရေးသားချက်တွေကို ဧကန်မုချအနာဂတ်ဟောကိန်းအဖြစ် မမှတ်ယူဖို့တော့ သတိချပ်ရမှာပါ။ ကျရှုံးနိုင်ငံဆိုတာကို ဖြစ်တန်ခြေအခင်းအကျင်းတခုအဖြစ်လေ့လာပြီး အထောက်အထားအသစ်တွေကို ပိုမိုစုဆောင်း၊ ဘက်စုံဆန်းစစ်၊ ရှောင်လွှဲနိုင်စေမယ့် အကြံပြုချက်တွေကို ပိုမိုရှာဖွေကြဖို့ အရေးကြီးပါတယ်။

For further Reading: 

Poling, G. B., & Hudes, S. T. (2021, May 21). Is Myanmar Headed for Collapse or Revolution? Center for Strategic and International Studieshttps://www.csis.org/analysis/myanmar-headed-collapse-or-revolution?fbclid=IwAR2zNMmfeHtDLT_VNgP5GKnTNgMQ0qWW11zIueVkkQffOA85bC326dFTV_k

Fragile State Index 2021. (2021, May 20). Retrieved from Fragile State Index: https://fragilestatesindex.org/country-data/

Horsey, R. (2021). Myanmar on the brink of State Failure. International Crisis Group. https://www.crisisgroup.org/asia/south-east-asia/myanmar/myanmar-brink-state-failure

U, T. M. (2021). Myanmar Coming Revolution: What Will Emerge From Collapse? Foreign Affairs.  https://www.foreignaffairs.com/articles/burma-myanmar/2021-06-11/myanmars-coming-revolution

Writers, N. S. (2021, April 14). Failed state: Myanmar collapses into chaos. Nikkei Asiahttps://asia.nikkei.com/Spotlight/The-Big-Story/Failed-state-Myanmar-collapses-into-chaos

Draude, A., Börzel, T. A., & Risse, T. (Eds.). (2018). The Oxford Handbook of Governance and Limited Statehood. Oxford University Press. https://doi.org/10.1093/oxfordhb/9780198797203.001.0001

Rotberg, R. I. (Ed.). (2004). When States Fail: Causes and Consequences. Princeton University Press.  http://www.columbia.edu/itc/journalism/stille/Politics%20Fall%202007/Readings%20–%20Weeks%201-5/Rotberg%20–%20failed%20states.pdf

Myanmar could be Asia’s next failed state. (2021). The Economist.

https://www.economist.com/leaders/2021/04/15/myanmar-could-be-asias-next-failed-state

UNDP. (2021, April 30). COVID-19, Coup d’Etat and Poverty: Compounding Negative Shocks and Their Impact on Human Development in Myanmar.

https://www.asia-pacific.undp.org/content/rbap/en/home/library/democratic_governance/covid-19-coup-d-etat-and-poverty-impact-on-myanmar.html  

The Fund for Peace အဖွဲ့မှ ထုတ်ပြန်ခဲ့သော ချည့်နဲ့ပြိုကွဲလွယ်သည့် နိုင်ငံဆိုင်ရာ ညွှန်းကိန်းများ (Fragile State Index) တွင်ပါရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်၊ ညွှန်းကိန်းများကို အောက်ဖော်ပြပါ Dashboard တွင် ကြည့်နိုင်ပါသည်။အဆိုပါ Dashboard ကို Fragile States Index ဝက်ဘ်ဆိုက်မှ ရယူဖော်ပြထားခြင်း ဖြစ်သည်။

အက်ဆေးကဏ္ဍ
လမ်းကြောင်းထွင်အာဘော်များကို ဆန်းစစ်သုံးသပ်ခြင်း
Review Essay Section on Trend-setting Analyses
စစ်အာဏာသိမ်းခံရပြီးနောက် မြန်မာ့အရေးဟာ နိုင်ငံတကာသုတေသီတွေနဲ့ မီဒီယာတွေအကြားမှာ စိတ်ဝင်စားမှု မြင့်တက်လာသလို သုံးသပ်အကြံပြု ရေးသားချက်တွေလည်း ပိုများလာပါတယ်။ ဩဇာရှိတဲ့ စာမျက်နှာတွေပေါ်က ရေးသားချက်တွေဟာ မူဝါဒချမှတ်သူတွေရဲ့ စဉ်းစားချက်တွေအပေါ် လွှမ်းမိုးမှုရှိနိုင်သလို အများပြည်သူရဲ့ သဘောထားကိုလည်း ပုံသွင်းယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာ မျက်နှာစာတွေမှာ ရေးသားဖော်ပြလာကြတဲ့ လမ်းကြောင်းထွင် အာဘော်တွေကို မိတ်ဆက်ပေးတာ၊ ဆန်းစစ်သုံးသပ်တာတွေကို လုပ်ဆောင်နိုင်ဖို့ ဒီကဏ္ဍကို ဖွင့်လှစ်ပါတယ်။ လမ်းကြောင်းထွင် အာဘော်ဆောင်းပါးတွေကို ရွေးချယ်ခြင်းနဲ့ ဆန်းစစ်သုံးသပ်ရာမှာ အောက်ပါ စံနှုန်းတွေကို အခြေခံပါတယ်။

(၁) လွတ်လပ်ပြီး အစိုးရမဟုတ်တဲ့ မီဒီယာ (ဝါ) သုတေသနအဖွဲ့အစည်းတွေက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့စာများ။

(၂) တူရာစု ခေါင်းစဉ်ငါးမျိုးနဲ့ အကျုံးဝင်တဲ့ အကြောင်းအရာများဖြစ်တဲ့ (က) အန်တုတိုက်ပွဲဝင်တဲ့ နိုင်ငံရေး (contentious politics) (ခ) အာဏာသိမ်းစစ်ကောင်စီရဲ့ ပြုမူဆောင်ရွက်ပုံ (ဂ) ပထဝီ နိုင်ငံရေးနဲ့ နိုင်ငံတကာအခင်းအကျင်း (ဃ) လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး (င) နိုင်ငံရေးဘောဂဗေဒ၊ တို့နဲ့ ပတ်သက်တဲ့စာတွေကို ရွေးချယ်ပြီး ဆန်းစစ်သုံးသပ်ပါမယ်။

(၃) ဒီခေါင်းစဉ်တွေနဲ့ပတ်သက်လို့ မတူညီတဲ့ (ဝါ) အငြင်းပွားစရာဖြစ်တဲ့ (ဝါ) သမားရိုးကျကနေ ဖောက်ထွက်တီထွင်ကြံဆတဲ့ (ဝါ) ဩဇာကြီးတဲ့သူတွေကိုယ်တိုင် ရေးသားထားတာဖြစ်တဲ့ သုံး သပ်ချက်၊ အမြင်သဘောထား၊ အကြံပြုချက်များကို ဦးစားပေး ရွေးချယ်တင်ဆက်ပါမယ်။ 

ဒီကဏ္ဍဟာ အကြောင်းကြောင်းကြောင့် လမ်းကြောင်းထွင်အာဘော်တွေကို လက်လှမ်းမမီနိုင်တဲ့သူ၊ လက်လှမ်းမီ ဖတ်ရှုနိုင်သော်လည်း တစုတစည်းတည်းတင်ဆက်တဲ့ ဆန်းစစ်သုံးသပ်ချက်တွေကို လေ့လာလိုသူများအတွက် ရည်ရွယ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *