သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည်

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅)

Download PDF Version

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် နိုင်ငံတကာ နည်းတူ မြန်မာနိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကျောင်းသား လူငယ်အများအပြား ဦးဆောင် ပါဝင်ခဲ့ကြသလို ဆရာ-ဆရာတွေ၊ကျောင်း-တက္ကသိုလ်တွေနဲ့ သက်မွေး တက္ကသိုလ်တွေကလည်း အကြမ်း မဖက် လှုပ်ရှားမှု (CDM) မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။အာဏာသိမ်း စစ်ကောင်စီက လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲပြီး အခု (ကိုဗစ် တတိယလှိုင်း အန္တရာယ်ကိုစိုးရိမ်မှုတွေရှိ နေတဲ့ကြားက) ကျောင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားလာပါတယ်။ တဖက်မှာလည်း “စစ်အာဏာရှင် လက်အောက် – ကျောင်းမတက်ရေး” လှုံ့ဆော်မှုတွေ ရှိပါတယ်။ ဒီအခြေအနေတွေ ကြားထဲမှာ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းများ (Learning losses) မဖြစ်စေရေးဟာ အလေးထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်လာပါတယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။



∎ ဆိုလိုရင်း အနှစ်ချုပ်

နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချမှတ် ကျင့်သုံးကြတဲ့ မူဝါဒတွေမှာ လူသားရင်းမြစ် (Human capital) နဲ့လူ့အဖွဲ့အစည်းပေါ် ရင်းနှီး မြှုပ်နှံမှုတွေကို အများအပြား လုပ်ကြပါတယ်။ အထူးသဖြင့် ပညာရေး ကဏ္ဍက အရေးကြီးပါတယ်။လူတဦးချင်း ထုတ်လုပ်နိုင်စွမ်း တိုးတက်ဖို့အတွက် ကျွမ်းကျင်မှုတွေ ဖြည့်ဆည်း ပေးရပါတယ်။ စီးပွားရေးစနစ် တခုလုံးအတွက်တော့ ပြောင်းလဲလာတဲ့ နည်းပညာတွေကို အမီလိုက်ဖို့ ပညာရေးအခံ လိုအပ်ပါတယ်။ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (OECD) အစီရင်ခံစာ (၂၀၂၀) ရဲ့ ဖော်ပြချက်မှာ ပါရှိတဲ့ သုတေသနတွေအရ ကျောင်းတွေ ပိတ်ထားရတာကြောင့် တတန်းကနေ ၁၂ တန်း ပညာရေး ဆုံးရှုံးရသူ ကျောင်းသားတွေဟာ သူတို့ ဘဝ တသက်တာမှာ လစာဝင်ငွေ သုံးရာခိုင်နှုန်းအထိ လျော့နည်းသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတွေအနေနဲ့တော့ ကျန်ရာရှိတဲ့ ရာစုနှစ် တလျောက်လုံး အခုလိုသင်ယူလေ့လာမှု ဆုံးရှုံးမှု အတွက် GDP ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။အထူးသဖြင့် အခွင့်အရေးနည်းတဲ့၊ ချို့ငဲ့တဲ့ ကျောင်းသား တွေအပေါ် ထိခိုက် သက်ရောက်မှု ပိုကြီးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ ပညာသင်နှစ်ကို ရပ်နားခဲ့ရပါတယ်။ အခုအခါမှာ စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေအပါအဝင် လူအများစုရဲ့ အနာဂတ်ဟာ မရေရာမှုတွေ ဖြစ်လာပါတယ်။ စစ်အာ သိမ်းမှုကြောင့် ဖြစ်လာတဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေကို (ခေတ်အဆက်ဆက် လူထု တော်လှန်ရေးများနည်းတူ) လူငယ်တွေကပဲအစပျိုး ဦးဆောင်ခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အကြမ်း ဖက် ဖြိုခွဲမှုတွေ လုပ်ခဲ့တဲ့အပြင် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်က ပညာရှင်၊ ဝန်ထမ်းတွေကိုလည်း အလုပ်ဖြုတ်တာ၊ ပုဒ်မ ၅၀၅-က တပ်ပြီးတရားစွဲဆို အမှုဖွင့် ဖမ်းဆီးတာတွေ လုပ် ဆောင်နေပါတယ်။ ဒီကြားထဲမှာပဲ စစ်ကောင်စီက တက္ကသိုလ်ဆိုင်ရာ အဆင့်မြင့်ပညာသင်တန်းတွေကို မေလ ထဲမှာ ဖွင့်စေခဲ့ပြီး၊ ဇွန်လပိုင်းမှာ အခြေခံ ပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ကြော်ငြာပါတယ်။ တဖက်မှာလည်းအာဏာသိမ်း စစ်ကောင်စီကို ဖီဆန်တဲ့ အနေနဲ့ “စစ်အာဏာရှင်အောက်က ပညာရေးကို ဆန့်ကျင်ရေး”၊ “ကျောင်းမတက်ရေး” လှုပ်ရှား တောင်းဆိုမှုတွေ ဖြစ်လာသလို တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား အများစုကလည်း ကျောင်းမတက်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ ပိုစိုးရိမ်စရာ တခုကတော့ တက္ကသိုလ် ပရိ၀ုဏ်အတွင်းမှာ ဗုံးပေါက်ကွဲမှုလို ကိစ္စမျိုးတွေဖြစ်လာနေတာပါပဲ။

ဒီအခါမှာ နိုင်ငံရေးဘောင်ကို ကျော်ပြီး ပညာရေးကို စဉ်းစား သင့်ပါသလား၊ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ ဖြစ်ခဲ့ရင်ကျောင်းသား လူငယ်တဦးချင်း သာမက လူ့အဖွဲ့အစည်း၊ နိုင်ငံ၊ စီးပွားရေးစနစ် တခုလုံးအပေါ် ဘယ် လောက် သက်ရောက် နစ်နာနိုင်ပါသလဲ။ မူဝါဒ ချမှတ်သူများ၊ တော်လှန်ပြောင်းလဲရေးလိုလားသူများအနေနဲ့ စနစ်တကျ လေ့လာချင့်ချိန် ဆုံးဖြတ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

OCED/ Harvard survey (2020 May) လေ့လာချက်တွေအရ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ကျောင်းများ ပိတ်ထားရတဲ့အခါသင်ယူလေ့လာ ဆုံးရှုံးမှု၊ စီးပွားရေး သက်ရောက်မှုတွေ သာမက၊ ကျောင်းသား တဦးချင်း (ကလေးများနဲ့ အရွယ်ရောက်စ လူငယ်များ) ရဲ့ လူမှု- စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်အားထက်သန်မှု ဆိုင်ရာ ဖွံ့ဖြိုးမှု တွေအပေါ် များစွာ သက်ရောက်တယ်လို့ ဖော်ပြပါတယ်။ အကြောင်းကတော့ စာသင်ခန်းဖော်များနဲ့ ထိတွေ့ ဆက်ဆံရမှု လျော့နည်းနေရလို့ ဖြစ်ပါတယ်။ UNICEF ရဲ့ ဖော်ပြချက်တွေအရ အသက်ငယ်ရွယ်စဉ် အချိန်ကစလို့ လေ့လာသင်ယူမှု ရရှိနိုင်မှုဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်ပြီး၊ ကမ္ဘာကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်များ (SDG 2030) မှာလည်း အရေးပါတဲ့ ပစ်မှတ်ထားရည်မှန်းချက်တခု ဖြစ် တာကြောင့် အလေးထားသင့်ပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

မြန်မာနိုင်ငံရဲ့ အခြေအနေက မိအေးနှစ်ခါနာ ပုံစံမျိုးပါပဲ။ ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက် နစ်နာခဲ့ရတာတွေကို ပြန်လည် ကုစားဖို့မစွမ်းနိုင်သေးတဲ့အချိန်မှာ စစ်အာဏာ သိမ်းမှုကြောင့် မသေချာ၊ မရေရာမှုတွေ ပြည့်နှက်ပြီး တ ဖြည်းဖြည်း ပြိုလဲသွားမယ့် ဘက်ကို ဦးတည်နေပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေအရ ပညာရေး နိမ့်ကျတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ပညာရေး အသုံးစရိတ်ဟာGDP ရဲ့ နှစ်ရာခိုင်နှုန်းလောက်ပဲ သုံးစွဲနိုင်ပါတယ်။ ဒီသုံးစွဲမှုဟာ NLD အစိုးရလက်ထက်ရောက်မှ ရောက်လာတာ ဖြစ်ပြီး၊ ၂၀၁၀ပြည့်နှစ် မတိုင်ခင် စစ်အစိုးရလက်ထက်မှာ အဲဒီလောက်တောင် သုံးစွဲမှု မရှိခဲ့ပါဘူး။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၁၅ ခုနှစ် စစ်တမ်း ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အသက် ၃-၅ နှစ်ကြားကလေး ၂၀ ရာခိုင်နှုန်းဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကျောင်းစာ (သင်ယူမှု) မလုပ်နိုင်ပါဘူး။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရအသက် ၆-၁၀ ကြား ကလေး ၈၁ ရာခိုင်နှုန်းကပဲ မူလတန်းကျောင်းကို တက်ရောက် နိုင်ပါတယ်။ အသက် ၁၀-၁၉ နှစ်ကြားကလေးတွေမှာလည်း ကျောင်းထွက်ရမှုနှုန်း မြင့်မားပါတယ်။ အသက် ၁၇ နှစ်မှာ ကျောင်းထွက်ရသူ ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သန်းခေါင်စာရင်း (၂၀၁၄) အရ တွေ့ရှိရပါတယ်။ အသက် ၃-၁၇ နှစ်အကြား ကလေး ၁၈၄,၀၀၀ ဦးဟာလည်း မြန်မာနိုင်ငံပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသတွေ မှာ ကြီးပြင်း နေရပါတယ် (UNICEF)။

ကမ္ဘာ့ဘဏ် ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့ အဆင့်မြင့် ပညာရေးဌာနတွေမှာ သင်ကြား နေတဲ့ဆရာ၊ ဆရာမ ၂၆,၀၀၀ ကျော် ရှိပါတယ်။ CDM လှုပ်ရှားမှုကြောင့် ဆရာ-ဆရာမပေါင်း ၁၁,၀၀၀ ကျော်ကို အရေးယူ ထုတ်ပစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မေ ၁၁ ရက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၃,၈၀၀ ကျော်မှာ ဆရာ-ဆရာမ ၄၇ ဦး ပါဝင်ပြီး၊၁၅၀ ကျော်ကိုလည်း ၀ရမ်းထုတ်ထားပါတယ်။ ဒီလုပ်ဆောင်မှုတွေက ရှိထားပြီးဖြစ်တဲ့ လူသားရင်းမြစ်နဲ့ လူ့အဖွဲ့အစည်းအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေမှာ ဂေဟစနစ် ပျက်သုဉ်းတဲ့အထိ ဆိုးကျိုးဖြစ်စေပါတယ်။ အချိန်တိုအတွင်း ပြန်လည် ကုစားနိုင်ဖို့ ခက်ခဲပါမယ်။

မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အမျိုးသား ပညာရေး မဟာဗျူဟာအစီအစဉ် (NESP 1) ၂၀၁၆ -၂၀၂၁ နဲ့ (NESP 2) ၂၀၂၁-၂၀၃၀ တို့ကို ပြင်ဆင်နေပါတယ်။ အခု စစ်အာဏာ သိမ်းလိုက်တာကြောင့်စစ်ကောင်စီ အုပ်ချုပ်ရေးကို ကျောင်းဆရာ-ကျောင်းသား အများစုက ပူးပေါင်း ဆောင်ရွက်မှု မလုပ်တော့ပါဘူး။ ဒါ့အပြင် NESP 2 အကောင်အထည်ဖော်မှုတွေမှာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုနဲ့ ရန်ပုံငွေ ရရှိမှုအပိုင်းတွေမှာလည်း အခက်အခဲများစွာကြုံတွေ့ရမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကြောင့် ဖြစ်စေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပုံသဏ္ဌာန် မျိုးစုံနဲ့ ပါဝင်လုပ်ဆောင် နေရတာကြောင့် ဖြစ်စေ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ (Learning losses) ရှိလာတော့မှာ ဖြစ်ပါတယ်။အထူးသဖြင့် အခြေခံအဆင့်ကျောင်းပညာရေးကိစ္စက အထူးအလေးထား စဉ်းစားသင့်ပါတယ်။ ကလေးသူငယ်တွေ ကျောင်းတက်ခွင့် ဆုံးရှုံးရမယ်ဆိုရင် သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးခွင့်၊ လူမှုဆက်ဆံရေး အတွေ့အကြုံ ကျယ်ပြန့်ခွင့်တွေသာမက မိဘတွေရဲ့စားဝတ်နေရေးကအစ တိုင်းပြည်အနာဂတ်အဆုံး အကုန် ထိခိုက်မှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအနေနဲ့ ကျောင်းနေရွယ်ကလေးကို အိမ်မှာထား စာသင်ပေးတဲ့ အိမ်ကျောင်း၊ ပုဂ္ဂလိက ကျောင်း၊ နိုင်ငံရပ်ခြားကကျောင်း စတာတွေကို မထားနိုင်သလို၊ သားသမီးငယ်တွေကို ကျောင်း မပို့နိုင် လို့ လူကြီးတယောက်ယောက် အိမ်မှာ စောင့်ရှောက်သူအဖြစ် နေနေရတဲ့အခါမိသားစုဝင်ငွေ ရှာနိုင်စွမ်း နည်းပါးသွားမှာမျိုးကိုလည်း လျော့မတွက်သင့် လှပါဘူး။ အလားတူ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်းကနေ၊ ပြည်သူ အချင်းချင်း ကျောင်းသား အချင်းချင်း အမုန်းပွားတာကစလို့ အကြမ်းဖက်တာ အထိ မဖြစ်စေဖို့ ဂရုထားသင့်ပါတယ်။

ဒါကြောင့် ပညာရေးအတွက် မူဝါဒပဲ ဖြစ်ဖြစ်၊ လှုံဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်ကို ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် အပြိုင် ပညာရေးစနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မဖန်တီးပေးနိုင်သေးတဲ့ ကာလမှာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် တန်ဖိုးတွေနဲ့ လျော်ညီတဲ့ သမိုင်းနဲ့ တိုင်းရင်းသား မိခင်ဘာသာစကားလိုသင်ရိုးတွေကို စာသင်ကျောင်းတွေမှာ ဖြည့်စွက် သင်ကြားနိုင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်တာမျိုးက ပညာရေးလည်း အဆက်မပြတ်စေဘဲ လှုပ်ရှားမှုကိုလည်း လူတိုင်းပါဝင်နိုင်တဲ့ နည်းနဲ့ ဆက်ထိန်းနိုင်ဖို့ လမ်းစတခုမို့ အကျိုး များနိုင်ပါတယ်။ ဒီဥပမာအပြင် အခြား ပိုမိုကောင်းမွန်တဲ့ ထိုးထွင်း ဖန်တီးမှုရှိတဲ့ နည်းနာတွေကိုလည်း ၀ိုင်းစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် မိဘေတွအနေနဲ့ အခြေခံပညာအဆင့်က သူတို့သားသမီးတွေရဲ့ အနာဂတ်ကို စီမံပုံဖော်ပိုင်ခွင့်၊ ကျောင်သားတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးထားမှု တခုဖြစ်တဲ့ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အဖြစ် လေးစား အသိမှတ်ပြုဖို့ လိုအပ်ပါတယ်။ ငါဖြစ်စေချင်တာနဲ့ မတူ ငါ့ရန်သူဆိုပြီး မိဘနဲ့ ကျောင်းသားတွေကို အပြစ်တင် ရန်-ငါခွဲနေမယ့်အစား စစ်အာဏာရှင်စနစ်ကို ပြည်သူအားလုံး သူ့နည်းနဲ့သူ၊ သူတတ်နိုင်တဲ့ အခြေနေဘောင်ထဲက တိုက်ပွဲဝင်နိုင်အောင် တီထွင် ကြံဆမှုရှိတဲ့ တိုက်ပွဲပုံစံတွေကို ဖန်တီး ဖော်ထုတ်ပေးတာ၊ ချိတ်ဆက် ထိရောက်အောင် ဆောင်ရွက်ပေးတာကသာလျှင် အသင့်တော်ဆုံး နည်းလမ်းတခု ဖြစ်နိုင်ပါမယ်။ ပစ်မှတ်မလွဲဖို့ တန်ဖိုးထားမှုမသွေဖည် လိုအပ်လှပါတယ်။

အချုပ်ကတော့ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းကို ကုစားနိုင်ဖို့နဲ့ (စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလအတွင်း) ပညာ ဆက်သင်လိုသူတွေ အခွင့်အရေး မဆုံးရှုံးစေဖို့ ပညာရေးမူဝါဒကို ဘယ်လို ဖော်ဆောင်ကြမလဲ၊ စာသင်ကြားရေးနဲ့ ပတ်သက်တဲ့ လှုံဆော်လှုပ်ရှားမှုတွေကို ဖော်ဆောင်ရာမှာ အင်အားစု အသီးသီးက ရေတိုသာမက ရေရှည်ပါ ထည့်စဉ်းစားတဲ့ လက်တွေ့ကျကျ ပြင်ဆင်မှုတွေ ပြုလုပ်ကြရပါတော့မယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment