လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁)

Download PDF Version

စစ်အာဏာသိမ်းမှုနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေဟာ အချိန်လေးလကျော် ရှိလာပါပြီ။ စစ်အာဏာသိမ်း ကောင်စီက လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့သလို လူထုလှုပ်ရှားမှု ပုံစံကလည်း လက်နက်ကိုင် တော်လှန်ရေးဘက်ကိုဦးတည် ပြောင်းလဲလာတာ တွေ့ရပါတယ်။ နေရာဒေသအသီးသီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး ရရာ လက်နက်စွဲကိုင်တော်လှန်လာတဲ့ အခြေအနေတွေကိုလည်း တွေ့လာရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ရှေ့ပြေးအဖြစ် ပြည်သူ့ ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖယ်ဒရယ် မဟာမိတ်တပ်ပေါင်းစု ပုံစံမျိုး ကနေတဆင့် ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသွားမယ်လို့ ပြောထားတာတွေလည်း ရှိပါတယ်။ ဒီအချိန်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့အကြား ပါဝါချိန်ခွင်လျှာ အပြောင်းအလဲက NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ EAOs တွေအကြား မဟာမိတ် ဖွဲ့နိုင်မှုအပေါ် အဓိက မူတည်လာပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ အလေးထားရမယ့် အကြောင်းအချက်တခုဖြစ်လာပါတယ်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။



∎ ဆိုလိုရင်း အနှစ်ချုပ်

တော်လှန်ရေးအဖွဲ့တွေ အရေအတွက် အများအပြား ပါဝင် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာတော်လှန်ရေး အုပ်စုတွေအကြား ဘာကြောင့် မဟာမိတ် ဖွဲ့ကြသလဲ၊ အဖွဲ့စည်းအသီးသီးဟာ သူတို့ရဲ့ ရှိရင်းစွဲ အခြေအနေတွေမှာအပြောင်းအလဲ အဖြစ်ခံ စွန့်စားပြီး မဟာမိတ်ဖွဲ့မှု အခြေနေသစ်၊ စိန်ခေါ်မှုအသစ်မျိုးကို ဘယ်လို အကြောင်းချက်တွေရဲ့ ဆွဲဆောင်မှုကြောင့် အရဲကိုးလက်ခံဖို ဆုံးဖြတ်ရသလဲ၊ ဒါ့အပြင် မဟာမိတ်ဖွဲ့တယ် ဆိုရင်ရော ဘယ်လိုပုံစံ စုဖွဲ့မှုမျိုးနဲ့ မဟာမိတ် ဖွဲ့ကြသလဲ ဆိုတဲ့ မေးခွန်းတွေကို သုတေသီတွေ၊ ပညာရှင်တွေက ရှာဖွေ လေ့လာကြပါတယ်။ သုတေသနတခုကတော့တော်လှန်ရေးတပ်ဖွဲ့တွေ အများအပြား ပါဝင်နေတဲ့ လက် နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာ တော်လှန်ရေး တပ်ဖွဲ့တွေအကြားမဟာမိတ်ဖွဲ့မှုကို စဉ်းစားတဲ့ အခါ လွှမ်းမိုးနေတဲ့ အဓိက အချက်ကြီး သုံးချက်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်တွေကတော့ (၁) တော်လှန်ရေး အိုင်ဒီရော် လိုဂျီ (Revolutionary Ideology)၊ (၂) ပါဝါ (Power) နဲ့ (၃) ပြင်ပနိုင်ငံတခုခုရဲ့ကျောထောက် နောက်ခံပေးမှု(State Sponsorship) တို့ ဖြစ်ပါတယ် (Gade, Gabbay, Hafez, & Kelly, 2019)။

ပထမဆုံး အချက်ဖြစ်တဲ့ တော်လှန်ရေး အိုင်ဒီရော်လိုဂျီကို စဉ်းစားကြတဲ့အခါ ရန်-ငါ ခွဲပြီး ပဋိပက္ခကို ရှု့မြင်ပုံ (တနည်းအားဖြင့်) ဒီပဋိပက္ခမှာ ဘယ်သူက ကိုယ့်လူလဲ၊ ဘယ်သူက သူ့လူလဲ ကတ္တားခြား ရှုမြင်ပုံမျိုးက အခရာ ကျပါတယ်။ တခါ ပဋိပက္ခအလွန်မှာပေါ်ပေါက်လာမယ့် အခင်းအကျင်း အသစ်အောက်မှာ မျှော်လင့်ထားတဲ့ အနာဂတ် မျှော်ရည်ချက် စံပြု နိုင်ငံရေး စုဖွဲ့မှုမျိုး၊ ဒါ့အပြင် နယ်မြေခွဲဝေမှုနဲ့ ပတ်သတ်တဲ့ မျှော်မှန်းချက်များ စတာတွေအပေါ် အခြေခံတတ်ကြပါတယ်။ ဒုတိယ လွှမ်းမိုးနေတဲ့ အချက်ဖြစ်တဲ့ ပါဝါ (Power) စဉ်းစားချက်မှာတော့ အဓိကအားဖြင့် အင်အားအသုံးပြုနိုင်စွမ်း ဘယ်လောက်အထိ တူညီတယ်၊ဘယ်လောက်အထိ ကွာဟတယ် ဆိုတဲ့အပေါ် အခြေပြု စဉ်းစားတာမျိုး ဖြစ်ပါတယ်။ သဘောကတော့ တော်လှန်ရေး အဖွဲ့တွေအကြား အိုင်ဒီရော် လော်ဂျီတင်မက တပ်အင်အား ဘယ်လောက်ကြီးလဲ၊ လက်နက်ဘယ်လောက် ပေါသလဲ၊ စွမ်းရည်ဘယ်လောက် ထက်သလဲ၊ အရင်းအမြစ်ဘယ်လောက်ရှိသလဲ ဆိုတဲ့အချက်တွေကို ထည့်စဉ်းစားတဲ့ သဘောပါပဲ။ မဟာမိတ်ဖွဲ့တယ် ဆိုပြီး နူတ်ခမ်းပဲ့ခြင်း မီးမှုတ်နေတာမျိုး မဖြစ်ချင်ကြလို့ ပါဝါစဉ်းစားချက်ဟာ အရေးပါတာ ဖြစ်ပါတယ်။ တတိယ အချက်ဖြစ်တဲ့ ပြင်ပနိုင်ငံ တခုခုရဲ့ ကျောထောက် နောက်ခံပေးမှု မှာဆိုရင် တူညီတဲ့ တတိယ နိုင်ငံတခုခုက ကျောထောက် နောက်ခံပေးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ ဖြစ်ဖို့ လွယ်ကူလေ့ရှိပြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံမတူညီရင်တော့ မဟာမိတ်ဖွဲ့မှု အတွက် အကန့်အသတ် ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်နေတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ အကြားက မဟာမိတ်ဖွဲ့မှုတွေဟာ ကစားပွဲအပြောင်းအလဲ (Game-Changer) လို့ ညွှန်းကြတဲ့အထိ ဖြစ်စဉ်တခုလုံး အပြောင်းအလဲတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်း အင်အား ကြီးမားတဲ့ အုပ်စိုးသူတပ် (ဝါ) ပြိုင်ဖက်တပ် တွေအနေနဲ့ သူတို့ရဲ့ ဆန့်ကျင်ဘက် တော်လှန်ရေး တပ်ဖွဲ့တွေမဟာမိတ်ဖွဲ့ပြီး အင်အား ကြီးမားလာမှု မရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒါ့အပြင် မဟာမိတ်ဖွဲ့မှုနဲ့ ပတ်သက်ပြီးသုတေသီ Akcinaroglu က ၁၉၄၆ ခုနှစ်ကနေ ၂၀၀၈ ခုနစ်အတွင်း တကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေရဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၄၅ ခုကို လေ့လာခဲ့ပါတယ်။ ဒီသုတေသနရဲ့ ရလဒ်အရတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်သုံးချက်အပေါ်အခြေခံပြီး တော် လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈၁ ခု (စုစုပေါင်း ၅၂ ရာခိုင်နှုန်း) ဟာ အခက်အခဲတွေကြားထဲက မဟာမိတ် ဖွဲ့မှုတွေကို ပြုလုပ်ခဲ့ကြတယ်လို ဆိုပါတယ် (Akcinaroglu 2012)။ ဒါကြောင့် ဒီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားကမဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးလှပြီး အလေးထားဖို့ လိုအပ်ပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြား မဟာမိတ်စုဖွဲ့မှုဟာ ကြန်အင် လက္ခဏာတရပ် ဖြစ်နေပါပြီ။ ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ဖြစ်တဲ့ စစ်ရေး ပဋိပက္ခများလည်း ကျယ်ပြန့်လာတာမို့လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြား မဟာ မိတ်ဖွဲ့မှုတွေကို လေ့လာတာဟာ မြန်မာနိုင်ငံအတွက် ဆီ‌လျော်မှုရှိပါတယ်။

ရှေ့မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ပထမဆုံးအချက် ဖြစ်တဲ့ တော်လှန်ရေးအိုင်ဒီရော်လိုဂျီဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့မှုအပေါ် အတော်လေး လွှမ်းမိုးမှု ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေရဲ့ နောက်ဆုံး နိုင်ငံရေးရည်မှန်းချက်ဟာ ဖယ်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးလို့အကြမ်းဖျင်းယူဆနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင့်တပ်တော်လို့ အချိန်အနည်းငယ် အတွင်းမှာ အင်အား တောင့်တင်းလာတဲ့ အဖွဲ့အစည်းကတော့ အနိမ့်ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်းပုံစံမျိုး လိုချင်တယ်လို့ ပေါ်ပေါ်ထင်ထင် ပြောဆိုထားတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ဝ ပြည်နယ်လို ဟာမျိုးဆိုရင် တရားဝင်ပြည်နယ်ဆိုတဲ့ အသိအမှတ်ပြုမှုမျိုး မပေးထားပေမဲ့ သာမန်ပြည်နယ် တခုထက် ပိုတဲ့ ပုံစံမျိုးအဖြစ် ရှိနေတာပါ။ ဒီလို မတူညီတဲ့မျှော်မှန်းချက်၊ အခွင့်အလမ်း ဖန်တီးနိုင်စွမ်းတွေကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ ပဋိပက္ခအပေါ် ရှုမြင်ပုံ၊ ဒီပဋိပက္ခကနေ ဖြစ်လာနိုင်မယ့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းနဲ့အာဏာသိမ်း စစ်ကောင်စီက လုပ်နေတဲ့ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာမယ့် နယ်မြေစိုးမိုးမှု၊ နယ်မြေလက်လွှတ် ဆုံးရှုံးရမှုကိစ္စတွေပေါ်မူတည်ပြီး ဘယ်သူတွေနဲ့ မဟာမိတ်ဖွဲ့ရမလဲ ဆိုတာကို စဉ်းစားနိုင်ခြေရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။

ဒုတိယ အချက်ဖြစ်တဲ့ ပါဝါကတော့ အခုလို စစ်အာဏာသိမ်းထားတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာ ပိုပြီး အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ စစ်ရေးအင်အား မတူညီသော်လည်း နိုင်ငံရေးအရ ဆွေးနွေးပြီး စုဖွဲ့မှု လုပ်ထားတဲ့ NCA ဖြစ်စဉ်ထဲက PPST လိုအဖွဲ့မျိုးဟာ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချဖို့အတွက် လိုအပ်တဲ့အချိန်မှာ ဖွဲ့ခဲ့တဲ့ စုဖွဲ့မှုမျိုး ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေတုန်းကလည်းအင်အားချင်း သိပ်မကွာတဲ့ အဖွဲ့တွေအကြားမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ဆိုပြီး စစ်ရေးမဟာမိတ် ဖွဲ့တာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအင်အားကို ပိုအသားပေးတဲ့ အခုလို နိုင်ငံရေး အခြေအနေမျိုး ပြောင်းလဲသွားတဲ့ အခါမှာတော့ မဟာမိတ်စုဖွဲ့မှု စဉ်းစားချက်က “နိုင်ငံရေးလျို စစ်အင်အားပို” ဆိုတဲ့ တွက်ချက်မှုဘက်ကို ပိုကဲလာမလားဆိုတာ ဆင်ခြင်ကြည့်စရာပါ။ ဥပမာပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ PPST ရဲ့ အစည်းဝေး (၁၅/၂၀၂၁) အရဆိုရင် စုဖွဲ့မှုအသစ် ဖော်ဆောင်နိုင်ဖို့အတွက် ညီနောင် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးနဲ့ပါ ချိတ်ဆက် မဟာမိတ်ဖွဲ့ဖို့ ထုတ်ဖော် ပြောဆိုလာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ မဟာမိတ်ဖွဲ့မှုတွေမှာ ဒီဒုတိယအချက်ကလည်း အရေး ပါပါတယ်။

တတိယအချက်ဖြစ်တဲ့ ပြင်ပ နိုင်ငံတခုခုရဲ့ ကျောထောက် နောက်ခံရယူမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက အတိအလင်း ငြင်းဆန်ကြပေမယ့် မကင်းရာ မကင်းကြောင်းတွေ ရှိနေကြတာကိုတော့အားလုံးလိုလို လက်ခံကြပါတယ်။ မြောက်ပိုင်း မဟာမိတ်လို စစ်ရေး မဟာမိတ်အဖွဲ့တွေနဲ့ FPNCC လို နိုင်ငံရေး မဟာမိတ်အဖွဲ့တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ သြဇာ အထိုက်အလျောက် လွှမ်းမိုးနေတာ ကိုလည်း တွေ့ရပါတယ်။ အဲ့ဒီအထဲ ပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အများစုဟာ တရုတ် – မြန်မာ နယ်စပ်မှာ လှုပ်ရှားလေ့ ရှိကြပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား တချို့ဟာလည်းအဲ့ဒီအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာ ရှိနေပါတယ်။ ဒါကြောင့် အဲ့ဒီတရုတ်-မြန်မာနယ်စပ်ဒေသတလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှု စဉ်းစားချက်မှာ ပြင်ပနိုင်ငံရဲ့အခန်းကဏ္ဍကို ထည့်သွင်း တွက်ချက်ရတာဟာအချက် တချက်အဖြစ် ပါဝင်နေတာပါပဲ။ အလားတူပဲ ထိုင်း-မြန်မာ နယ်စပ်တလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တော် လှန်ရေးတပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှုမှာလည်း ဆိုင်ရာ ပြင်ပနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့အချက် တချက် ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အပြန်အလှန် အကျိုးစီးပွားတွေအရ ဒီမဟာမိတ် အဖွဲ့ဝင်တွေ ဟာ ဆက်စပ်မှုရှိတဲ့ ပြင်ပနိုင်ငံရဲ့ တိုက်ရိုက်(ဝါ) သွယ်၀ိုက် ထောက်ပံ့မှုမျိုးကို ရနေတာလို့ ဆိုရမှာပါ။

အချုပ်အားဖြင့် ဆိုရရင်တော့ ဖော်ပြခဲ့တဲ့ အချက် သုံးချက်စလုံးက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့ဖို့ စဉ်းစားရာမှာ လွှမ်းမိုးမှုရှိတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။ ဒီသုတေသနမှာ ထည့်သွင်းထားခြင်း မရှိတဲ့ အချက်တခုအဖြစ် လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်စီးပွားရေး (war economy) ကြောင့် ရရှိတဲ့ အကျိုးစီးပွား ချိတ်ဆက်ယှက်ဖြာနေမှုလိုမျိုးတွေကလည်း လက်နက်ကိုင် တပ်တွေ အကြား မဟာမိတ်စုဖွဲ့မှု စဉ်းစားပုံကို သက်ရောက်စေနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဖော်ပြပါ အကြောင်းအချက် သုံးချက်ကို လေ့လာထားခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှု အကြောင်းတရားတွေအပေါ် သိမြင်နားလည်မှု ပိုတိုးစေပြီး တိုင်းပြည်မှာ အပြောင်းအလဲ ဖန်တီးလိုသူများအတွက် စဉ်းစားစရာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

∎ Further Readings 

Akcinaroglu, S. (2012). Rebel interdependencies and civil war outcomes. Journal of Conflict Resolution, 56(5), 879-903.

Gade, E. K., Gabbay, M., Hafez, M. M., & Kelly, Z. (2019). Networks of cooperation: Rebel alliances in fragmented civil wars. Journal of Conflict Resolution, 63(9), 2071-2097.

◉ What Matters 

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေအကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar ကဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်းအလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေးတင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာသုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment