နန်းတော်တွင်းမှ သီအိုရီဆရာ၊ ကျရှုံးနိုင်ငံ ပြင်ဆင်ရေးနှင့် အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် (၁၀) ခု

အာဖဂန်နစ္စတန် သမ္မတ အာရှရပ် ဂါနီ (Ashraf Ghani) အကြောင်းကို The New Yorker ဂျာနယ်မှာ ဖတ်ရတယ်။ သူက ထူးခြားတဲ့သူ၊ ဘာဖြစ်လို့လဲ ဆိုတော့ “ကျရှုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း” (Fixing Failed States: A Framework for Rebuilding a Fractured World”) ဆိုတဲ့ စာအုပ်ကိုရေးခဲ့ဖူးတဲ့သူ၊ ကျရှုံးနိုင်ငံများအကြောင်းဆိုင်ရာ သိရှိကျွမ်းကျင် သူလို့လည်း ဆိုနိုင်တယ်။ သူ ကိုယ်တိုင်က မတည်မငြိမ်မှုတွေ၊ စစ်ပွဲပဋိပက္ခတွေများတဲ့ နိုင်ငံရေးအရ အလွန်တရာ မတည် မငြိမ်နိုင်လှတဲ့ အာဖဂန် နစ္စတန်လို နိုင်ငံမျိုးမှာ သမ္မတ ဖြစ်လာခဲ့တယ်။ သူရေးခဲ့တဲ့ သဘောတရားတွေကို သူကိုယ်တိုင် ပြန်ပြီး လက်တွေ့ အ သုံးချနိုင်ပါ့မလား.. သူ့နိုင်ငံကိုလည်း ကျရှုံးနိုင်ငံ ဘဝက ပြန်ကယ်ဆယ်နိုင်ပါ့မလား ဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။

နန်းတော်တွင်းမှ သီအိုရီဆရာ

သူက အမေရိကန်ပြည်ထောင်စု၊ ကိုလံဘီယာတက္ကသိုလ်က ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရခဲ့ ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ထုတ်လုပ်မှုနှင့် လွှမ်းမိုးထိန်းချုပ်မှု (၁၇၄၇-၁၉၀၁) Production and Domination: Afghanistan, 1747-1901 လို့ အမည်ရတဲ့ ကျမ်းပြုစာတမ်း ရေးခဲ့ပါတယ်။ စီးပွားရေးအရ ခေတ်နောက်ကျလွန်းတဲ့ နိုင်ငံမှာ နိုင်ငံအမျိုးသားတည်ဆောက်ရေး၊ ဗဟိုချုပ်ကိုင်မှုရှိတဲ့ အစိုးရတစ်ရပ်အဖြစ် တည်ဆောက်ရေး ဘယ်လောက် အခက်အခဲ ရှိတယ်ဆိုတာ လေ့လာထားတာပါ။ နောက်ပိုင်းမှာတော့ ကမ္ဘာ့ဘဏ်မှာ အလုပ်လုပ်ခဲ့ပါတယ်။ အာဖဂန် နစ္စတန်နိုင်ငံမှာ ရုရှားတပ်တွေကျူးကျော်ချိန် ၁၉၇၉ ခုနှစ်ကစလို့ ပြည်ပမှာနေထိုင်ခဲ့ရပြီး၊ နိုင်ငံနဲ့ကွဲကွာနေတာ နှစ်ပေါင်း ၂၀ ကျော် ရှိခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်မှာ အလုပ်လုပ်ဆောင်နေစဉ် ကာလမှာ သူက အထူးသဖြင့် အကြမ်းဖက်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတွေမှာ အဖွဲ့အစည်းစနစ် (အင်စတိကျူးရှင်း) တွေ ဘယ်လိုတည် ထောင်မယ်ဆိုတာ အလေးပေး လုပ်ကိုင်ခဲ့ရပါတယ်။ အထူးသဖြင့် ဒီလိုဖြတ်သန်းခဲ့ရတဲ့နိုင်ငံတွေမှာ ဘယ်လိုမျိုးတရား ဥပဒေ စိုးမိုးရေးကို တည်ဆောက်မယ်၊ ဥပဒေ သက်ဝင်အောင် စည်းကြပ်မယ်၊ မျှတတဲ့ ဈေးကွက်ကို ဘယ်လိုဖန်တီးကြမလဲ၊ အခွန်တွေ ဘယ်လိုရအောင် ကောက်မလဲ၊ နိုင်ငံသားတွေကို ဘယ်လိုဝန်ဆောင်မှု ပေးကြမှာလဲ၊ လုံခြုံအောင် ဘယ်လိုထားမှာလဲ စတဲ့ကိစ္စတွေကို အထူးစိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူနဲ့စာအုပ်အတူရေးသူ ဗြိတိသျှ နိုင်ငံက လူ့အခွင့်အရေးရှေ့နေ ကလယ်ရာ လော့ခ်ဟတ် (Clare Lockhart) နဲ့အတူ နိုင်ငံတော်အစိုးရများ ထိရောက်စေရေး အင်စတိကျု (Institute for State Effectiveness) အဖွဲ့ကို ဝါရှင်တန်ဒီစီမှာ ထူထောင်ခဲ့ကြပါတယ်။ ဆိုမာလီယာ၊ အီရတ်၊ ပါကစ္စတန်၊ အာဖဂန် နစ္စတန် စတဲ့နိုင်ငံတွေက ဖြစ်ရပ်တွေဟာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အခါ သူတို့ရဲ့ လေ့လာမှု၊ ကျွမ်းကျင်မှုတွေ ဟာ အများက အလေးထားရတဲ့ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။

ပညာရှင်တွေထဲမှာ သူတို့ရဲ့သီအိုရီ သဘောတရားတွေကို လက်တွေ့အကောင်အထည်ဖော်ခွင့်ရတဲ့သူက အတော့်ကို ရှားပါးပါလိမ့်မယ်။ အဲဒီအထဲကမှ ဂါနီကတော့ ဒီလိုအခွင့်ရသူ တစ်ဦးဖြစ်ပါတယ်။ သူ့ကို ပညာရှင်သုတေသီတယောက် လို လေ့ကျင့်ထားခဲ့တော့၊ သူက သမ္မတဖြစ်တော့လည်း ဒီအတိုင်း ဆက်လက်ကျင့်သုံးပါတယ်။ သူက မနက် ၅ နာရီ လောက်ဆို အိပ်ယာထပါတယ်။ ပြီးရင် ၂-၃ နာရီလောက် စာဖတ်ပါတယ်။ ရုံးသွားတဲ့အခါလည်း လက်မလောက်ထူတဲ့ ရုံးဖိုင်၊ စာတွဲတွေနဲ့ သွားတာပါ။ သူက စာဖတ်တဲ့နေရာမှာ အသေးစိတ်လည်း ဖတ်ပါတယ်။ ဥပမာအားဖြင့် ဟီရတ် မြို့ဝန် အဖြစ် လျှောက်လွှာတွေအားလုံးကို ဖတ်ပြီး၊ သူကိုယ်တိုင် ရွေးချယ်ခဲ့တာပါ။ ကာဘူးလ်မြို့တော် ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတော့ မြို့တော်အင်ဂျင်နီယာ ၄၄ ဦးက တင်ပြတဲ့ တင်ပြချက်တွေကိုလည်း အကုန်ဖတ်ပါတယ်။ တခါက သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ မတွေ့ဆုံမီမှာ သြစတြေလျအစိုးရရဲ့ နိုင်ငံခြားအကူအညီဆိုင်ရာ စက္ကူဖြူစာတမ်းကို အကုန်အစင် ဖတ်ပြီးမှ တွေ့သူပါ။

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် ဆီးနိတ်ကလေ့လာထုတ်ဝေတဲ့ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ညှဉ်းပန်း နှိပ်စက်မှုအစီရင်ခံစာ (အာဖဂန်စစ်ပွဲအတွင်း အမေရိကန်တပ်တွေက ညှဉ်းပန်း နှိပ်စက်မှုတွေရှိကြောင်း စွပ်စွဲဖော်ပြချက် တွေအပြီး ဖြစ်လာတာပါ) စာမျက်နှာ ၄၀၀ ကျော်ကို သူကိုယ်တိုင်ဖတ်ပါတယ်။ နောက်တနေ့ တွေ့ဆုံမှုမှာ အာဖဂန် အတွက် အမေရိကန်တပ်မှူး ဂျွန်ကမ်းဘဲလ်နဲ့တွေ့တော့ အစီရင်ခံစာအကုန်ဖတ်လို့ မပြီးသေးတာ တောင်းပန်ခဲ့ပါသေး တယ်။ သူ့ရဲ့ မိန့်ခွန်းတွေ၊ ဟောပြောရမယ့် အချက်တွေကိုလည်း သူကိုယ်တိုင်ပြင်ဆင်တတ်ပါတယ်။ အဲဒါအပြင် သူစိတ်ဝင်စားရာ အရှေ့ဥရောပမှာ ဆိုရှယ်လစ်ဝါဒကနေ အရင်းရှင်စနစ် ပြောင်းလဲလာခဲ့ပုံ၊ အလယ်ပိုင်းအာရှဒေသရဲ့ ဉာဏ်အလင်းခေတ်၊ ခေတ်သစ် စစ်ပွဲများအကြောင်း၊ အာဖဂန်က မြစ်တွေရဲ့သမိုင်းကြောင်း စတာတွေလည်း ဖတ်ပါ သေးတယ်။ သူ့ကို နန်းတော်ထဲက သီအိုရီသမားလို့ ခေါ်ရတာက သမ္မတဖြစ်ပြီးနောက် သူနေထိုင်ရတဲ့ ၁၉ ရာစု ခံတပ် အာ့ခ် (Arg) နန်းတော်ကို အစွဲပြုပြီး ပြောတာဖြစ်ပါတယ်။ သူ့ရုံးက ဂူးလ်ခါနာ နန်းတော် (Gul Khana Palace) မှာ ရုံးဖွင့်ထားပါတယ်။

သူက ရောဂါသည်ပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အစာအိမ်ကင်ဆာဖြစ်ခဲ့ပါတယ်။ အသက်ဆုံးရှုံးလု နီးပါးပါ။ ဒါကြောင့် အစာကို နည်းနည်းပဲစားနိုင်ပါတယ်။ သံလွင်သီး၊ စပျစ်သီးလိုမျိုးကို တနေ့ ၆ ကြိမ်လောက် နည်းနည်းပဲ စားနိုင်ပါတယ်။ တခါတလေ ပင်ပန်းလွန်းလို့ အစာစားဖို့ ခဏအနားယူရတာမျိုးတွေ ရှိပါတယ်။ အရင်သမ္မတ ဟာမက်ကာဇိုင်းလက်ထက် ဖုံတက်နေခဲ့တဲ့ အရင်ဘုရင် ဟာရမ်ဆာရိုင်း (Haram Sarai) ရဲ့ စာကြည့်တိုက်ကတော့ သူ့ရဲ့ အနှစ်သက်ဆုံးနားနေရာလို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ သူသမ္မတတာဝန်ယူတော့ စာအုပ်တွေကို အမျိုးအစားခွဲ၊ သေချာပြန်စုဆောင်းခဲ့ပါတယ်။ အရင်သမ္မတ ဟာမက်ကာဇိုင်းက အသုံးအဖြုန်းကြီးခဲ့ပေမယ့် အခုသမ္မတဂါနီရဲ့ ပိုင်ဆိုင်မှုကတော့ ၄-ဧကလောက်ကျယ်တဲ့ ကာဘူးလ်မြို့အနောက်ဖက်က ခြံရယ်၊ အိမ်ရယ်၊ သူစုထားတဲ့ စာအုပ် ၇၀၀၀ ကျော်ရယ် ပေါင်းရင် ဒေါ်လာ ၄ သန်း လောက်ပဲ ရှိတယ်လို့ ဖော်ပြပါတယ်။

သမ္မတက လူဖလံပါ။ အရပ်ခပ်ပြပ်ပြပ် ပိန်ပိန်ပါးပါး ရှိပါတယ်။ ဝတ်ပုံစားပုံကလည်း စီးပွားရေးကောင်းတဲ့ ဆိုင်ပိုင်ရှင် တစ်ဦး ဝတ်သလောက်ပါပဲ။ ထိပ်ပြောင်ပြီးတော့ မျက်လုံးတွေက ချိုင့်ဝင်နေပါတယ်။ သည်တော့ အိန္ဒိယက ဂန္ဒီကြီးနဲ့ တူတယ်ဆိုပြီးတောင် ပြောဆိုကြပါတယ်။ သူ့ကို လေးစားကြည်ညိုတဲ့ လူငယ်များစွာ ရှိသလို၊ သူ့ကို မလိုလားမုန်းတီးသူ  ကလည်း အများအပြားပါ။ အရင်သမ္မတ ဟာမက်ကာဇိုင်းလက်ထက်က ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူခဲ့ဖူးပါတယ်။ အဲဒီ အချိန်မှာ သူက စစ်အုပ်စုခေါင်းဆောင် ဖာဟင် (Fahim) အတွက် ထောက်ပံ့ကြေးတွေကို ဖြတ်ချခဲ့ပါတယ်။ ဖာဟင်က အဲဒီအချိန်က ဘဏ္ဍာဝန်ကြီး ဂါနီကို သတ်ချင်ကြောင်း သမ္မတ ဟာမက်ကာဇိုင်းကို ပြောဆိုခဲ့ပါတယ်။ အဲဒီအခါက သမ္မတ က “အာရှရပ်ကို သတ်ချင်ရင်တော့ တန်းစီရမယ်၊ သူ့ကိုသတ်ချင်တဲ့ လူတန်းက အရှည်ကြီးပဲ” လို့ ပြန်ဖြေခဲ့ပါသေးတယ်။

သမ္မတဂါနီ ငယ်စဉ်ဘဝ  

သူက အာဖဂန်မှာ သြဇာကြီးမားတဲ့ ပက်ရှ်တွန်းအနွယ်က ဖွားမြင်လာသူ ဖြစ်ပါတယ်။ သူ့ရဲ့အဖိုးက ၁၉၂၉ ခုနှစ်မှာ ဘုရင် နဒါးကို နန်းတင်ပေးခဲ့သူ တပ်မှူးတဦး ဖြစ်ပါတယ်။ သူ့ကို ၁၉၄၉ ခုနှစ်မှာ မွေးပြီး၊ ကဘူးလ်မြို့ဟောင်းမှာ ကြီးပြင်းခဲ့ပါ တယ်။ ငယ်စဉ်ဘဝမှာ သူက လူခပ်ညှက်ညှက်၊ ဒါပေမယ့် သူ့ရဲ့လေးနက်မှု၊ ကြိုးစားမှုကို သူငယ်ချင်းတွေက အသိအမှတ် ပြုခဲ့ကြရပါတယ်။ ဂါနီက တက္ကသိုလ်ကျောင်းသားဘဝမှာ လက်ဘနွန်လူမျိုး၊ ခရစ်ယာန်ကျောင်းသူ ရူလာဆာဒီနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၇၄ ခုနှစ်မှာ စေ့စပ်ကြပြီး နောက်ပိုင်းလက်ထပ်ဖြစ်ပါတယ်။ ဒီကာလမှာ သူက ကဘူးလ်တက္ကသိုလ်မှာ စာသင်ကြားပို့ချပါတယ်။ ရူလာ့အဖေက “မင်းကတော့ကွာ နိုင်ငံရေးနဲ့ပဲ အချိန်ကုန်နေတော့မှာပဲ၊ ငါ့သမီးကတော့ ဘဝပျက်ပါပြီ” လို့ ဆိုခဲ့ပါတယ်။ အဲသည်အချိန်တုန်းက ဂါနီက “ကျနော့်ဘဝမှာတော့ ပညာသည်ဘဝကိုပဲ တစိုက်မတ်မတ် လုပ်သွားမှာပါ” လို့ ဆိုခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ ပညာတော်သင်ဆုရပြီး အမေရိကန်ကို သူတို့ မိသားစု ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီအချက်ပဲ သူ့အတွက် ရာစုနှစ်လေးပုံတစ်ပုံလောက် နိုင်ငံပြင်ပကို ရောက်သွားဖို့ အကြောင်းဖန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ ကိုလံဘီယာတက္ကသိုလ်က ပီ၊ အိပ်ချ်၊ ဒီဘွဲ့ရပြီး နောက်ပိုင်းမှာ ကယ်လီဖိုး နီးယားတက္ကသိုလ် (ဘာကလေ)၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တွေမှာ စာပို့ချနေခဲ့ပါတယ်။

အဲန်ဂျီအို ပုံစံ တော်လှန်ရေးသမား

၁၉၉၁ ခုနှစ်မှာတော့ ကမ္ဘာ့ဘဏ်မှာ မနုဿဗေဒ ပညာရှင်အနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ လူမှုရေးမူဝါဒ၊ အစီအစဉ်တွေမှာ သူရဲ့အကျိုးပြုချက်တွေ အများအပြား လုပ်ဆောင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ နိုင်ငံ ဘဏ္ဍာငွေကြေးစနစ်များနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူဖြစ်လာခဲ့ပါတယ်။ ကမ္ဘာဘဏ်က ဆင်းရဲသားတွေ ဆင်းရဲတွင်း က လွတ်မြောက်အောင် ငွေချေးပေးတဲ့အစီအစဉ်တွေကို လုပ်ဆောင်လာတဲ့အခါ၊ သူက ခပ်ပြင်းပြင်း ဝေဖန်သုံးသပ်ထား တဲ့ စာတန်းတစောင်တင်ခဲ့တဲ့အတွက်လည်း အဲသည်အချိန်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရဲ့ မျက်နှာသာ မရခဲ့ပါဘူး။ သူ့လုပ်ဖော် ကိုင်ဖက် တယောက်ကတော့ ဂါနီရဲ့ စူးစူးစိုက်စိုက် လေ့လာပုံ၊ ပြုပြင်ပြောင်းလဲလိုစိတ် ပြင်းပြပုံတွေကိုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“ဂါနီက အဲန်ဂျီအိုပုံစံ တော်လှန်ရေးသမား တယောက်ပဲ။ သူက ကွန်မြူနစ်ပါတီဝင် မဟုတ်ဘဲ၊ ကမ္ဘာ့ဘဏ်ရဲ့ ကေဒါတွေ အကြား ကြီးပြင်းလာခဲ့ရတဲ့ တော်လှန်ရေးသမားတယောက်” လို့ ဆိုခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၀၁ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦ (World Trade Centre) ကို လေယာဉ်တွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။ အဲသည်အချိန်က ဂါနီက ဝါရှင်တန်ဒီစီမြို့ ကမ္ဘာ့ဘဏ်ရုံးခန်းထဲ ထိုင်နေဆဲပါ။ သူက အာဖဂန်နစ္စတန်မှာ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်ဆိုတာ သိလိုက်ပါပြီ။ သူက အာဖဂန်နစ္စတန် အပြောင်းအလဲ မှာ အင်အားစုအများ ကိုယ်စားပြု ပါဝင်နိုင်မယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အဆင့် ၅-ခုပါ အစီအစဉ်ကို ရေးဆွဲလိုက်ပါ တယ်။ သူက တာလီဘန်တွေကို အင်အားဖြည့်မထောက်ပံ့ပေးဖို့၊ စစ်ဘုရင်အုပ်စု (မြောက်ပိုင်းမဟာမိတ် အင်အားစုများ) တွေကို အင်အားဖြည့် ထောက်ပံ့ပေးတာမျိုးတွေ မလုပ်ဖို့ သတိပေးပါတယ်။ နောက်ပိုင်း အမေရိကန်နိုင်ငံက ဦးဆောင်ပြီး အာဖဂန်ကို စစ်ပွဲဆင်နွှဲတော့၊ ဂါနီရဲ့ ဝါရှင်တန်ဒီစီမြို့တော် ဆင်ခြေဖုန်းက အိမ်မှာ ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ သူ့ မိတ်ဆွေ လော့က်ဟတ်၊ အာဖဂန်အရေး ကျွမ်းကျင်သူ ဘားနက် ရူဘင်၊ ကုလသမဂ္ဂရဲ့ အာဖဂန်ဆိုင်ရာ အထူးသံတမာန် အယ်လ်ဂျီးရီးယားသံအမတ် လက်ဒါ ဘရာဟီမီတို့ ပါဝင်ကြပါတယ်။ သူတို့ရဲ့ ဆွေးနွေးချက်တွေက နောက်ပိုင်းမှာ အာဖဂန် ကိစ္စ ဘွန်းသဘောတူညီချက် (Bonn Agreement) မှာ အများကြီး သြဇာလွှမ်းမိုးမှု ရှိခဲ့ပါတယ်။

နောက် ၆-လမှာ အမေရိကန်က တင်ပေးတဲ့ ဟာမက်ကာဇိုင်းက သမ္မတဖြစ်လာပါတယ်။ သမ္မတသစ်က နိုင်ငံခြားကူညီ ထောက်ပံ့မှုတွေကို ပြင်ပကျွမ်းကျင်သူတွေက ချယ်လှယ်နေတာထက်စာရင်၊ အာဖဂန်ပြည်သူတွေ လိုအပ်ချက်နဲ့ ဆုံးဖြတ် တာ ဖြစ်စေချင်ပါတယ်။ ဂါနီကလည်း အဲသည်အချိန်မှာ အာဖဂန်နိုင်ငံတွင်း နိုင်ငံခြားအကူအညီတွေ၊ ကန်ထရိုက်တာ တွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာမှာ မျှော်လင့်ထားပါတယ်။ ဂါနီက USAID အဖွဲ့ အရာရှိတဦးအနေနဲ့ ဝင်ရောက်လာခဲ့ပါ တယ်။ ဂါနီက ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီးနဲ့ ပူးပေါင်းပြီး အမျိုးသားစည်းလုံးညီညွတ်ရေး အစီအစဉ် (National Solidarity Program) နဲ့ ကမ္ဘာ့ဘဏ် ထောက်ပံ့ပေးမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ (မြန်မာနိုင်ငံက CDD ရပ်ရွာအခြေပြု ဖွံ့ဖြိုးမှုအစီအစဉ်တွေနဲ့ တူပါတယ်)။ ဒီအစီအစဉ်တွေကို ဂါနီက အိန္ဒိယ၊ အင်ဒိုနီးရှားတို့မှာ လေ့လာပြီး သဘောကျထားတာပါ။ ရပ်ရွာတွေက သူတို့ကောင်စီ ဥက္ကဋ္ဌ၊ ကောင်စီဝင်တွေကို ရွေးချယ်မယ်၊ သူတို့ရပ်ရွာ ပန်းတိုင်ကို ကိုယ်တိုင်ချမှတ်မယ်။ သူတို့ဘာသာ စာရင်းကိုင်ပြီး ထောက်ပံ့ငွေတွေကို ဆောင်ရွက်မယ် ဆိုတာမျိုးပါ။ ရပ်ရွာတွေမှာ ဒီမိုကရေစီ ထွန်းကားလာဖို့နဲ့၊ ပြည်သူလူထုတွေကို ခွန်အားမြှင့်တင်ပေးဖို့ အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေက အာဖဂန်ရဲ့ အအောင်မြင်ဆုံးနဲ့ လာဘ်စားမှုအနည်းဆုံး အစီအစဉ်များ ဖြစ်လာခဲ့ပါတယ်။

အာဖဂန်နိုင်ငံကို နိုင်ငံရပ်ခြားအကူအညီတွေ အများဆုံးရရှိနေတဲ့ကာလတုန်းက USAID လို အဖွဲ့ကြီးတွေက ကန်ထရိုက် တွေပေး၊ ငှား၊ အကောင်အထည်ဖော် လုပ်နေခဲ့ကြတာပါ။ အာဖဂန်ပြည်သူတွေကတော့ အမေရိကန်တစ်ဒေါ်လာပေးရင် ၁၀ ဆင့်၊ ၂၀ ဆင့် (0.1 or 0.2 $) လောက်ပဲ ရကြတယ်လို့ သုံးသပ်ကြပါတယ်။ ၂၀၀၂ မှာတော့ သူ့ကို ဘဏ္ဍာရေး ဝန်ကြီးလုပ်ဖို့ ချည်းကပ် ခဲ့ပါတယ်။ သူက အာဖဂန်ငွေကြေးစနစ်သစ်၊ အကျင့်ပျက်ခြစားမှု ပပျောက်ရေး လုပ်ဆောင်ချက် များ၊ ဗဟိုချုပ်ကိုင်မှုရှိတဲ့ ဘဏ္ဍာဝင်ငွေစနစ်တွေ ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရသစ်ထဲမှာ ဂါနီက အထက်မြက်ဆုံး ခေါင်းဆောင်အဖြစ် စွမ်း ဆောင်နိုင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလမှာ သူက စက်ခေါင်းအင်ဂျင်၊ ဝန်ကြီးချုပ် မဟုတ်သော်လည်း ဝန်ကြီးချုပ် အလား အာဏာရှိသူဖြစ်ခဲ့ပါတယ်။ ဂါနီက ဒေါသကြီးတတ်ပါတယ်။ သူ့ရဲ့ အစာအိမ် ကင်ဆာ ဝေဒနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့တိကျမှု၊ မာနကြီးတာ တွေကြောင့် ကက်ဘိနက်တခုလုံးနဲ့ ဆက်ဆံရေး မကောင်းတာတွေလည်း ရှိခဲ့ပါတယ်။ ကက်ဘိနက်တခုလုံးနဲ့ မတည့်တော့ သူ့ကိုထုတ်ပစ်ဖို့ထိ သမ္မတ ဟာမက် ကာဇိုင်းက စဉ်းစားခဲ့ပါသေးတယ်။ ကုလ အထူးသံ ဘရာဟီမီက မေးပါတယ်။ ဂါနီနေရာကို အစားထိုးနိုင်သူ ရှိသလား။ မရှိပါဘူး။ ဆက်လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ တဖက်မှာလည်း ကုလအထူးသံက ဂါနီကို မေးပါတယ်။ မင်း ဒီနိုင်ငံမှာ ပြန်လာပြီး ၃-နှစ်လုပ်တာ မိတ်ဆွေ ဘယ်နှစ်ယောက်ရသလဲ မေးပါတယ်။ ဂါနီမှာ မိတ်ဆွေ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာ ဂါနီက အစိုးရဝန်ကြီးအဖြစ် ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဂါနီကတော့ မူးယစ်ဆေးကိစ္စ လာဘ်စားမှုတွေ သည်းညည်းမခံနိုင်တာကြောင့် ထွက်ရတာပါလို့ နောက်ပိုင်းမှာ အကြောင်းပြပါတယ်။ နောက်ပိုင်း သူက ကာဘူးလ် တက္ကသိုလ်မှာ ပါချုပ်သွားလုပ် နေခဲ့ပါတယ်။

ပထမအကြိမ် သမ္မတရွေးကောက်ပွဲ ၂၀၀၉ မှာ ဝင်ပါတယ်။ မဲ ၃% ပဲရပြီး မရှုမလှ ရှုံးနိမ့်ပါတယ်။ ဟာမက်ကာဇိုင်းပဲ သမ္မတ အဖြစ် ပြန်လည်ရွေးချယ်ခံရပါတယ်။ အာဖဂန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဟာမက်ကာဇိုင်းက ၃ ကြိမ်တိုင်တိုင် သမ္မတ ရွေးကောက်ခံပိုင်ခွင့် မရှိပါဘူး။ ဒီလိုနဲ့ ၂၀၁၄ မှာ ဂါနီက နောက်တကြိမ် ရွေးကောက်ပွဲဝင်ပါတယ်။ ၂၀၁၄ ခုနှစ်က နေတိုး (NATO) တပ်တွေ အမေရိကန်က ဆုတ်ခွာဖို့၊ စစ်တပ်အမိန့်ပေးမှုကိုလည်း အမေရိကန်က အာဖဂန်တပ်မတော်ကို ပြန်လည် လွှဲပေးမယ့်နှစ်ပါ။ ဒီလို ပြင်ဆင်မှုကိစ္စတွေအတွက် ဂါနီက လခမရဘဲ၊ စေတနာ့ဝန်ထမ်း နိုင်ငံတွင်း လှည့်လည် လေ့လာရပါတယ်။ ကောင်းတာက သူခရိုင်အုပ်ချုပ်ရေး ခေါင်းဆောင်တွေ၊ စစ်တပ်မှူးတွေ၊ ရဲအရာရှိတွေနဲ့ တွေ့ဆုံစကား ပြောရပါတယ်။ ၂၀၁၄ ရွေးကောက်ပွဲဝင်တော့ သူက စာမျက်နှာ ၃၀၀ ပါ ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်ပါ တယ်။ “ရပ်ရွာနဲ့ အပြောင်းအလဲ” (Community and Change) ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီမှာ တိုင်းပြည်ပြဿနာ တွေကို ကောင်းကောင်းခွဲခြမ်း သုံးသပ်ထားပါတယ်။ ပြည်သူလူထုတွေကို ခွန်အားဖြည့်တင်းပြီး၊ အကျင့်ပျက်ခြစားနေတဲ့ လူနည်းစု ရေပေါ်ဆီတွေကို စိန်ခေါ်ကြဖို့ တိုက်တွန်းထားပါတယ်။ သူက အနောက်တိုင်းဝတ်စုံ ဝတ်နေတာကို ရပ်လိုက်ပါ တယ်။ ဒေသခံနာမည် အာမက်ဇိုင်း (Ahmadzai) လို့ ပြန်မှည့်ခေါ်ပါတယ်။ “အာဖဂန် ပြည်သူတိုင်းဟာ တန်းတူညီမျှမှု ရှိတယ်” ဆိုပြီး ကြေညာလိုက်ရင် လူတွေက ဝက်ဝက်ကွဲ ထောက်ခံကြပါတယ်။ ကျနော်တို့ရဲ့ သခင်တွေဟာ အာဖဂန် ပြည်သူတွေပါလို့ ဂါနီက ဆိုပါတယ်။ သူ့ဇနီးကလည်း ဒီမဲဆွယ်ပွဲတွေမှာ ရှေ့သွားနောက်လိုက်ညီစွာ စည်းရုံးလုပ်ဆောင်ခဲ့ ပါတယ်။ အာဖဂန်နိုင်ငံက အစ္စလမ်မစ်ဥပဒေနဲ့ ဆန့်ကျင်စွာပဲ သူ့ရဲ့အရေးပါတဲ့ မဲဆွယ်စည်းရုံးပွဲတခုမှာ “အာဖဂန်နိုင်ငံ တရားလွှတ်တော်ချုပ်အတွက် အမျိုးသမီးတရားသူကြီးတဦးကို ခန့်အပ်ပေးမယ်” လို့ ကြေညာခဲ့ပါတယ်။

လူနည်းစုတွေကို စည်းရုံးနိုင်ဖို့ ဥဇဘက်လူမျိုး ဗိုလ်ချုပ်ကြီး အဗ္ဗဒူ ရာရှစ် ဒေါ့စတမ်ကို ဒုသမ္မတလောင်း လျာထားလိုက်ပါ တယ်။ တချိန်က သူကိုယ်တိုင် ဒီဗိုလ်ချုပ်ကြီးကို သူ့ရဲ့လူသတ်ပွဲသတင်းတွေကြောင့် “လူသိများတဲ့ လူသတ်သမား” လို့ ခေါ်ဆိုဖူးသူပါ။ သူလည်း နိုင်ငံရေးကို ဒီလိုညစ်ပတ်တဲ့ ခေတ်ဟောင်းနည်း ပြန်သုံးတာပဲလို့ ဝေဖန်ကြသူတွေလည်း ရှိခဲ့ ပါတယ်။ သူ့ပြိုင်ဖက်က ၂၀၀၉ ရွေးကောက်ပွဲမှာ ကာဇိုင်းကို ရှုံးခဲ့တဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာခေါ် ထင်ရှားတဲ့ သံတမာန်တဦး ပါ။ ရွေးကောက်ပွဲ မဲမသာမှု အငြင်းပွားမှုတွေကြောင့် အငြင်းပွားမှုတွေဖြစ်ပြီး လိပ်ခဲတည်းလည်း ကြာနေခဲ့ပါသေးတယ်။ နောက်ပိုင်းမှ ဂါနီနိုင်ကြောင်း စစ်ဆေးရေးကော်မရှင်က ကြေညာပေးခဲ့ပါတယ်။ နိုင်ငံတကာက ကြားဝင်ဖြန်ဖြေစေ့စပ်မှု တွေလည်း ရှိခဲ့ပါတယ်။

သမ္မတဂါနီက ပြောခဲ့သလိုပဲ မောက်မာတယ်လို့ လူအများက ထင်ကြပါတယ်။ သူ့ဝန်ထမ်းတွေက သူ့ကို ရွံကြောက် ကြောက်ပါတယ်။ အရင် သမ္မတဟာမက်ကာဇိုင်းက လူတွေနဲ့ နွေးနွေးထွေးထွေး ပြောဆိုနိုင်သလောက်၊ သမ္မတသစ်က အချိန်သိပ်မပေးချင်ပါဘူး။ မောက်မာတဲ့ အသေးစိတ်ကိစ္စတွေကို ဝင်စီမံချင်သူ မန်နေဂျာ (arrogant micromanager) လို့ မြင်ကြပါ တယ်။ စစ်ဘုရင် နယ်စားပယ်စားတွေဆို သူက သိပ်မုန်းပါတယ်။ အရင်သမ္မတက သူတို့နဲ့ အပေးအယူ ရှိခဲ့ကြပေမယ့်၊ သမ္မတသစ်က ၁၅-မိနစ်တောင် အချိန်ပေး စကားမပြောချင်ပါဘူး။ ၂၀၀၄ ရွေးကောက်ပွဲအောင်မြင်လို့ သမ္မတဖြစ်တော့ စစ်တမ်းကောက်ယူမှုတခုမှာ သူ့ကိုထောက်ခံမှု ၈၀% ရှိပါတယ်။ နောက် ၁၈-လအကြာမှာတော့ ပြည်သူ့ထောက်ခံမှုက ၂၃% ပဲ ရှိပါတော့တယ်။

သူကတော့ သူ့ရဲ့အမြင်တွေကို အစိုးရကဏ္ဍတိုင်းမှာ သက်ဝင်စေဖို့ အတင်းအကျပ် ချပါတယ်။ စစ်ဗိုလ်ချုပ် တစ်ရာကျော် ကို အနားပေးခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး နဲ့ ဝန်ကြီးအားလုံးဆီကလည်း နှုတ်ထွက်စာ တောင်းထားပါတယ်။ အစိုးရ ရှေ့နေ ၄၀ ကျော်ကိုလည်း အထောက်အထားအတုတွေ လုပ်တယ်ဆိုပြီး နှုတ်ထွက်စေခဲ့ပါတယ်။ ဒေသအသီးသီး တွေက တပ်မှူးတွေနဲ့ ပုံမှန် ဗီဒီယိုကွန်ဖရင့်ခေါ် ဆွေးနွေးတာတွေ လုပ်ပါတယ်။ အလှူရှင် နိုင်ငံတကာ အဖွဲ့အစည်းတိုင်း ရဲ့ လုပ်ဆောင်ချက်၊ အဖွဲ့တွေအကြောင်း သူဖတ်ပြီး စိစစ်ပါတယ်။ နောက်ဆုံး ပြောရေးဆိုခွင့်ရှိသူလည်း သူ့ကိုယ်စား မထားပါ။ ကဘူးလ်မြို့တော်ဝန်လည်း မထားပါ။ ကက်ဘိနက် အစည်းအဝေးတွေဆိုရင်လည်း ကြောက်စရာကောင်း လောက်အောင် တိတ်ဆိတ်နေကြတယ်လို့ ဆိုပါတယ်။ သူဖြုတ်ခံလိုက်ရတဲ့ ယခင် ထောက်လှမ်းရေးအရာရှိချုပ်ကတော့ “အစည်းအဝေးတွေက ကြောက်စရာကောင်းလောက်အောင် တိတ်နေတယ်။ အစည်းအဝေးမှာ ရုပ်ပိုင်းအရ သူတယောက် ပဲ ရှိနေသလို၊ သဘောတရား အတွေးအခေါ်အရလည်း သူတယောက်တည်း ရှိနေသလို ဖြစ်နေတယ်” လို့ ဆိုခဲ့တယ်။ သူက သူ့ဆီက မျက်နှာသာရလိုလို့၊ အကျိုးလိုလို့ လာတွေ့သူတွေကိုလည်း အတွေ့မခံပါဘူး။

 

သူ့ရုံးမှာ ဝန်ထမ်း ၄၄ ဦး ရှိပါတယ် (ကျား ၄၀၊ မ ၄)။ သူတို့နဲ့ပဲ ကဘူးလ်မြို့တော် စီမံခန့်ခွဲရေးကိုလည်း လုပ်ပါတယ်။ မြို့တော် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို သူက အင်ဂျင်နီယာတယောက်ချင်း တင်ပြတာ နားထောင်ပါတယ်။ ဒီလို အတွေးသစ် အိုင်ဒီယာသစ်တွေဆီက ကြားရတဲ့ မနက်ခင်းမျိုးဆို ပျော်ရွှင်နေပုံရတယ်လို့တော့ စာရေးဆရာက ဖော်ပြခဲ့ပါတယ်။ အချို့သူတွေက သူ့ကို ခင်ဗျားလိုအပ်တဲ့ နိုင်ငံရေးမလုပ်ဘူး။ ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ မူဂျာဟီဒင် တွေ ကို လိုအပ်သလောက် မတွေ့ဘူးလို့ ဝေဖန်ကြပါတယ်။ သူကတော့ ဒါဟာရွေးချယ်မှုပါ။ ဒီလိုရွေးချယ်တွေ့ဆုံတာမျိုး မလုပ် ဘူးလို့ ဆိုပါတယ်။ ဒီလိုခေါင်းမာမှုတွေနဲ့ အလုပ်ဖြစ်ပါ့မလား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ သူမျှော်မှန်းတွေးခေါ်ထား တဲ့ ကျရှုံးနိုင်ငံ ပြင်ဆင်ရေး အယူအဆကရော ဖြစ်နိုင်ပါ့မလား။ စဉ်းစားစရာ ရှိနေပါတော့တယ်။ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တယ်ဆိုပေမယ့်၊ ယခင် အကျင့်ပျက်ခြစားခဲ့သူတွေ စည်းဝိုင်းတွင်း ရှိနေစေတာရော အလုပ်ဖြစ်ပါ့မလား ဝေဖန် ပြောဆိုသူတွေလည်း ရှိလာနေပါတယ်။

ကျရှုံးနိုင်ငံ ပြင်ဆင်ရေး

၂၀၀၉ ခုနှစ်မှာ ထုတ်ဝေတဲ့ “ကျရှုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း”ဆိုတဲ့ စာအုပ်မှာတော့ ဂါနီက ခေတ်သစ်နိုင်ငံတော် တစ်ခုအဖြစ် မရှိမဖြစ် ဆောင်ကျဉ်းပေးရမယ့် လုပ်ငန်းနယ်ပယ် (၁၀) ခုကို ခုလို ဖော်ပြထားတာ ဖတ်ရပါတယ်။

၁။ အကြမ်းဖက်မှုနည်းလမ်းများကို တရားဝင် လက်ဝါးကြီးအုပ် အသုံးပြုခွင့်

ဆိုလိုတာက စစ်တပ်၊ ရဲတပ်ဖွဲ့လို အကြမ်းဖက်မှု၊ စည်းကြပ်အရေးယူ အပြစ်ပေးမှု သုံးနိုင်တဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတော်က ချုပ်ကိုင်အာဏာရှိဖို့ပါပဲ။ အာဖဂန်နိုင်ငံမှာက စစ်ဘုရင်တွေ၊ ဒေသဆိုင်ရာ ပိုင်ရာ နယ်စားပယ်စားတွေလို ရှိနေကြပါတယ်။

၂။ အုပ်ချုပ်ရေးဆိုင်ရာ ထိန်းချုပ်မှု

၃။ အစိုးရဘဏ္ဍာငွေကြေးကို စီမံခန့်ခွဲမှု

အစိုးရဘဏ္ဍာကို သင့်တင့်စွာ သုံးစွဲစီမံမှု၊ အထူးသဖြင့် အခွန်ကိစ္စတွေက အရေးပါပါတယ်။ အကူအညီပေးရေးစနစ် တွေက နိုင်ငံတခုကို ဖွံ့ဖြိုးစေပါမယ်လို့ အာမခံချက် မရှိပါဘူး။ ဒီလိုဝတ္တရားလည်း သူတို့ဆီမှာ ရှိမနေပါဘူး။ ဒီလို နိုင်ငံ တကာ အကူအညီတွေကို နိုင်ငံတခု ဖွံ့ဖြိုးရေးအတွက် ရေရှည်မဟာဗျူဟာအဖြစ် အသုံးပြုလို့လည်း မရနိုင်ပါဘူး။ တဖက် မှာလည်း အစိုးရဖက်က တာဝန်ယူတာဝန်ခံမှု (Accountability)၊ လူသားအရင်းအမြစ်တွေအတွက် ပြန်လည် ရင်းနှီးမြှုပ်နှံ မှုတွေက အရေးကြီးပါတယ်။

၄။ လူသားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံခြင်း

၅။ နိုင်ငံသားအခွင့်အရေးများကို ပေးအပ်ခြင်း

၆။ အခြေခံ အဆောက်အဦများ ဆောက်လုပ်ပေးခြင်း

၇။ နိုင်ငံတော်ပိုင် (မြင်သာသော၊ မမြင်သာသော) ပိုင်ဆိုင်မှုများကို ဥပဒေစည်းမျဉ်းများဖြင့် စီမံခန့်ခွဲခြင်း

၈။ ဈေးကွက်ဖန်တီးပေးခြင်း

၉။ ငွေချေးမှုများ အပါအဝင် နိုင်ငံတကာသဘောတူညီချက်များကို ထိန်းသိမ်းခြင်း

၁၀။ ဥပဒေနည်းကျ အုပ်ချုပ်ခြင်း (rule of law)

ဒီအချက်မှာတော့ နိုင်ငံတော်က အင်အားအသုံးပြုမှု၊ အုပ်ချုပ်ရေး အာဏာပိုင်များရဲ့ အာဏာတွေက ဥပဒေနဲ့ ညီညွတ်စွာ အသုံးပြုဖို့ လိုအပ်ပါတယ်။

အဲဒါအပြင် ဂါနီက အချိန်သင့်မှု (Timing)၊ ဖက်စုံ တာဝန်ယူတာဝန်ခံမှု (multiple accountability)၊ မိတ်ဖက်ဖွဲ့မှု (partnership)၊ နိုင်ငံတော်တခုရဲ့ ရည်ရွယ်ချက်၊ ပွင့်လင်းမြင်သာမှုတွေကလည်း ကျရှုံးနိုင်ငံတခုကို ကယ်တင်ဖို့ဆိုရင်  အခြားထည့်သွင်းစဉ်းစားတဲ့ အရေးကြီးအချက်တွေပါဆိုပြီး သူတို့စာအုပ်မှာ ဆွေးနွေးထားခဲ့ပါတယ်။

သူတို့နှစ်ယောက် (စာအုပ်ရေးသူ ဂါနီနဲ့ လော့ခ်ဟတ်)  အဓိက ဆွေးနွေးထားတာကတော့ ကျရှုံးနိုင်ငံတွေအပေါ် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ဆောင်ရွက်ချက်တွေက မထိရောက်ဘူး။ တစိတ်တပိုင်း လုပ်နေကြတာတွေ ဖြစ်နေတယ်။ ဒီလိုနိုင်ငံတွေအပေါ်မှာလည်း သဘောပေါက်နားလည်မှုက နည်းလွန်းတယ်လို့ ဆိုကြပါတယ်။ နိုင်ငံတော်တွေက ခေတ်သစ်ကမ္ဘာကြီးရဲ့ နိုင်ငံအင်္ဂါရပ် စနစ်တွေနဲ့ ပြည်မီဖို့ လိုအပ်သလို၊ နိုင်ငံသားတွေကိုလည်း ကမ္ဘာ့စီးကြောင်းထဲ ဆက်သွယ်ပေးရမယ် ဆိုပါတယ်။ သူတို့က နိုင်ငံသားအခြေပြု ချည်းကပ်မှု “citizen-based approach” ကို တိုက်တွန်းပါတယ်။ နိုင်ငံတော် တည်ဆောက်ရေးအတွက် ဆိုရင် စာချုပ်သဖွယ် သဘောတူညီမှု ၂-ရပ် လိုအပ်မယ်။ ပထမတခုက နိုင်ငံခေါင်းဆောင်များနဲ့ နိုင်ငံတကာ မိသားစု အကြား သဘောတူညီချက်၊ ဒုတိယတချက်က နိုင်ငံခေါင်းဆောင်များနဲ့ နိုင်ငံသားပြည်သူများအကြား သဘောတူညီချက် လိုအပ်တယ်လို့ ဆွေးနွေးကြပါတယ်။

အာဖဂန်နိုင်ငံ အခြေအနေက တိုးတက်လာတယ် ဆိုရပေမယ့်လည်း၊ ယခုထိတိုင် ဟန်ကျပန်ကျ မဟုတ်သေးပါဘူး။ စစ်ဘုရင်တွေ တန်ခိုးထွားဆဲ ဖြစ်သလို၊ အကြမ်းဖက်တိုက်ခိုက်မှု၊ ဥပဒေမစိုးမိုးမှု၊ မူးယစ်ဆေး ကုန်သွယ်မှု ဒါတွေ လည်း ရှိနေဆဲပါ။

သမ္မတကို ဝေဖန်နေတဲ့ ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်း အာမူလာ ဆာလေး (Saleh) ကတော့ သူ့ရဲ့ နိုင်ငံ တည်ဆောက်ရေးဆိုတဲ့အမြင်ကို ပြောပါတယ်။ “၂၀၀၁ ခုနှစ်အကြမ်းဖက် တိုက်ခိုက်မှု (9/11) မတိုင်မီတုန်းကတော့ ဆွေးနွေးကြတဲ့ အဓိက ခေါင်းစဉ်က နိုင်ငံတော် (state) တခု ဘယ်လို ဖွဲ့စည်း တည်ဆောက်ကြမလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီကိစ္စ မဟုတ်တော့ဘူး။ ဒီနေ့ အဓိက စဉ်းစားကြရမယ့်လမ်းကြောင်းကတော့ နိုင်ငံတော် တခုက ဘယ်လိုဝန်ဆောင်မှုပေး (deliver) မှာလဲ။ နိုင်ငံတော်တခု ဘယ်လိုဆက်ရှင်သန်မှာလဲ၊ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မတူကွဲပြားမှု (diversity) တွေ ရှိနေပြီး၊ ဆက်လက် မကွဲမကွာ ပေါင်းစည်းနိုင်မှာလဲ။ ကမ္ဘာ့နိုင်ငံတွေနဲ့ ဘယ်လိုမိတ်ဖက်ဖွဲ့ ပေါင်းစည်းကြမလဲ” ဆိုပြီး ပြောပါတယ်။ အစိုးရက ပြည်သူတွေကို ဖြည့်ဆည်းပေးစွမ်းနိုင်တာ နည်းနည်းပဲ ရှိပါသေးတယ်။ ဒါဟာ အာရှရပ် ဂါနီရဲ့ ကျဆုံးခြင်းသာမက၊ အာဖဂန်နိုင်ငံရေးမှာ နည်းပညာပိုင်း၊ ကျွမ်းကျင်မှုရှိသူတွေရဲ့ အရေးပါမှုပါ ကျဆုံးရမယ့် အရေးပါ” ဟု ဆာလေးက ဆိုခဲ့ပါတယ်။

[toggle title=”သမ္မတ မိုဟာမက် အာရှရပ်ဂါနီ၏ ကိုယ်ရေးအကျဉ်း” load=”hide”]ဖေဖေါ်ဝါရီ ၁၂၊ ၁၉၄၉ ဖွား။ ငယ်စဉ်က အာဖဂန်နိုင်ငံ လိုဂါပြည်နယ်တွင် နေထိုင်ခဲ့။ ကဘူးလ်မြို့ ဟာဘီဘီယာ (Habibia) အထက်တန်းကျောင်းတွင် မူလတန်း၊ အထက်တန်းသင်ယူခဲ့။
၁၉၇၃ ခုနှစ်တွင် ဘေရွတ် အမေရိကန်တက္ကသိုလ်မှ မနုဿဗေဒဖြင့် ဘွဲ့ရရှိ။
၁၉၇၄ ခုနှစ်တွင် ကဘူးလ်တက္ကသိုလ် မနုဿဗေဒဌာတွင် အာဖဂန်လေ့လာရေးဌာနတွင် စာပို့ချ။
၁၉၇၇ ခုနှစ်တွင် အစိုးရပညာသင်ဆု ရရှိ၍ နယူးယောက်မြို့၊ ကိုလံဘီယာတက္ကသိုလ်တွင် မနုဿဗေဒ မဟာဘွဲ့ယူရန် ထွက်ခွာ။ ၁၉၈၃ ခုနှစ်တွင် နိုင်ငံတည်ဆောက်ခြင်း၊ လူမှု ပြုပြင်ပြောင်းလဲမှုများဖြင့် Ph. D ဘွဲ့ ရရှိပြီး၊ ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာကလေ) တွင် စာပို့ချ။
၁၉၈၃ မှ ၁၉၉၁ အတွင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တွင်လည်း စာပို့ချခဲ့။
၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ဘဏ်သို့ ဦးဆောင်မနုဿဗေဒ ပညာရှင် (lead anthropologist) အဖြစ် အလုပ်ဝင်ရောက်။ ၁၁- နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ကမ္ဘာ့ဘဏ်၏ လူမှုရေးမူဝါဒများ၊ အစီအစဉ်များ ချမှတ်ရာတွင် အရေးပါသူဖြစ်။
၂၀၀၁ ခုနှစ်တွင် တာလီဘန် အစိုးရပြုတ်ကျပြီးနောင်၊ ဂါနီကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံ ဖြစ်သူ Lakhdar Brahimi ၏ အထူးအကြံပေးအဖြစ် တာဝန်ယူခဲ့။
၂၀၀၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် အာဖဂန်ကြားဖြတ် သမ္မတ ဟာမက်ကာဇိုင်း၏ ပင်မအကြံပေးအဖြစ် တာဝန်ယူ။
၂၀၀၂ ခုနှစ်၊ ဇွန်လတွင် အာဖဂန်၏ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူ။ သူ့ကာလတွင် အမျိုးသားစည်းလုံးညီညွတ်ရေး အစီအစဉ် (National Solidarity Program) ထောက်ပံ့ပေးမှုများ စတင်လုပ်ဆောင်ခဲ့။
၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အစိုးရအလုပ်မှထွက် ကဘူးလ်တက္ကသိုလ် ပါချုပ် (chancellor) အဖြစ် တာဝန်ယူ။
၂၀၀၉ ခုနှစ်၊ မေလရွေးကောက်ပွဲတွင် ကိုယ်စားလှယ်စာရင်း တင်သွင်း၍ သမ္မတရွေးကောက်ပွဲဝင်။ သူက ဆင်းရဲမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ စီးပွားရေးကောင်းလာစေရေး..စသည်ဖြင့် မဲဆွယ်စည်းရုံး ခဲ့သည်။ မဲ ၃% သာ ရရှိ၍ စတုတ္ထနေရာသာ ချိတ်ခဲ့သည်။
၂၀၁၄ ခုနှစ်၊ ရွေးကောက်ပွဲအတွက် ဂါနီက ဗိုလ်ချုပ်ကြီး အဗ္ဗဒူ ရာရှစ် ဒေါ့စ်တမ် (General Abdul Rashid Dostum)၊ နှင့် ဆာဝါ ဒန်းနစ်ချ် (Sarwar Danish) ယခင် တရားရေးဝန်ကြီးတို့ကို ဒုသမ္မတများအဖြစ် တင်သွင်းခဲ့သည်။
၂၀၁၄ ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် ၃-လကျော် ကြာမြင့်ခဲ့ပြီး၊ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် စာရင်းစစ်ကော်မီတီက သမ္မတအဖြစ် ဂါနီကို မဲ ၅၅.၄% ဖြင့် အနိုင်ပေးခဲ့သည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။

မိသားစုဘဝ
ဂါနီက သူ၏ဇနီး ရူလာ ဆာဒီး (Rula Saade)၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ လက်ဘနွန်လူမျိုးနှင့် ဘေရွတ် အမေရိကန်တက္ကသိုလ် ကျောင်းသားဘဝတွင် တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး၊ ၁၉၇၀ ခုနှစ်များအတွင်း လက်ထပ်ခဲ့သည်။ သမီးတယောက်၊ သားတယောက်ရှိပြီး နှစ်ဦးစလုံးမှာ အမေရိကန် နိုင်ငံသားများ ဖြစ်သည်။ သူတို့ လင်မယားက အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားခဲ့ပြီး၊ အာဖဂန်နစ္စတန်နိုင်ငံတွင် ဝန်ကြီးအဖြစ် တာဝန် ထမ်း ဆောင်စဉ် ပြန်၍စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။[/toggle]

 

အကိုးအကား

၁။ Packer. G. (July 2016). “Afganistan’s theorist-in-chief: President Ashraf Ghani is an expert on failed states. Can he save his country from collapse?”, The New Yorker. http://www.newyorker.com/magazine/2016/07/04/ashrafghaniafghanistanstheoristinchief

၂။ The Economist. (July 2017). Conquering Chaos: Why states fail and how to rebuild them. Retrieved only on May 12, 2017 from http://www.economist.com/news/international/21713835fixingfragilenationslessonsafghanistanandsouthsudanwhystatesfailandhow

၃။ Ghani. A and Clare Lockhart. (2009). “Fixing Failed States: A Framework for Rebuilding a Fractured World”. Oxford University Press.

၄။ Ghani. A (July 2005). How to rebuild a broken state? TedGlobal Talk., retirved online at https://www.ted.com/talks/ashraf_ghani_on_rebuilding_broken_states

၅။ Ashraf Ghani’s biography http://www.thefamouspeople.com/profiles/ashraf-ghani-6925.php

(၂၀၁၇ ခုနှစ် ဇွန်လထုတ် The Wave မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးအား ပြန်လည် ဖော်ပြခြင်း ဖြစ်သည်)

About the author

Aung Thu Nyein

Aung Thu Nyein is the Director of Communications at ISP Myanmar. He is a former student activist in 1988 Democracy Movement and took leadership several positions in exile democracy movement. He read Masters in Public Administration (M. P.A) at Harvard University in 2002. He co-founded Vahu Development Institute (VDI) along with other expatriates in 2006, which is focusing on policy advocacy on democratization and strengthening civil society in Burma/Myanmar. He returned to Myanmar after 2011country's political reforms and joined in the Center for Economic and Social Development (CESD) of Myanmar Development Institute (MDRI). (from 2012- until 2014 Dec). He is pursuing a Ph.D. study on development administration at National Institute of Development Administration (NIDA) in Bangkok.

Add comment