နှစ်နှစ်သား ဒီမိုကရေစီနှင့် ၂ဝ၁၈ ခုနှစ် မြန်မာ့နိုင်ငံရေး အလားအလာ

ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းဂျာနယ်တွင် အိအိတိုးလွင် ရေးသားခဲ့သော သတင်းဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဒီမိုကရေစီ တိုက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆင်နွှဲနေသည့် နိုင်ငံ အများအပြားရှိသည်။ အောင်မြင်သည့် နိုင်ငံ ရှိသလို မအောင်မြင်သည့် နိုင်ငံလည်းရှိသည်။ အောင်မြင်ပြီးနောက် ပြန်လည် ကျဆုံးသွားသော နိုင်ငံများလည်းရှိနေသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲနေသည့် အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ နှစ်ပေါင်း ၂ဝ ကျော်ကြာ ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲပြီးနောက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် ၂ဝ၁၆ မတ်လ ကုန်ပိုင်းတွင် အစိုးရ အာဏာကို ရယူနိုင်ခဲ့သည်။ ယခုဆိုလျှင် နှစ်နှစ်သား အစိုးရဘဝ၊ အတိအကျပြောလျှင် တစ်နှစ်နှင့် ရှစ်လ ကာလကို ရောက်ရှိခဲ့ပြီဖြစ်သည်။

အတိုက်အခံ ဘဝတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အင်န်အယ်လ်ဒီပါတီ အပေါ် လူထု၏ တစ်ခဲနက် မျှော်လင့်ချက်များ၊ ထောက်ခံ အားပေးမှုများသည် အစိုးရ သက်တမ်း ကြာမြင့်လာသည့်အမျှ အားပျော့လာပြီ ဖြစ်သည်။ ချီးကျူးဂုဏ်ပြုမှုများ အစား စိတ်ပျက် အားလျော့မှုနှင့် ဝေဖန်မှုများ အစားထိုး နေရာယူလျက် ရှိသည်။

နှစ်နှစ်တာ ကာလအတွင်း ကျဆင်းလာသည့် စီးပွားရေး အခြေအနေ၊ တိုးတက်မှု မရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်အရေး နိုင်ငံတကာ ဖိအား မြင့်တက်လာမှု၊ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်လာသည့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရွေးကောက်ပွဲ ကတိများ အကောင်အထည် မဖော်နိုင်ခြင်း စသည့် အခြေအနေများက အင်န်အယ်လ်ဒီ အစိုးရအတွက် အမှတ်လျော့စေသည့် အကြောင်းအရာများ ဖြစ်သည်။

လူထု၏ ယုံကြည်ထောက်ခံမှု တစ်ခုတည်းကို အားကိုးနေခြင်းက ဒီမိုကရေစီ ခရီးပန်တိုင်အတွက် အန္တရာယ်ကြီးသည့် အရဲကိုးမှုပင် ဖြစ်သည်။ လူထုထောက်ခံမှု တစ်ခုတည်းကို အားကိုး နေခြင်းထက် ပြုပြပင်ပြောင်းလဲရေး ခြေလှမ်းများကို စတင်ရန် ၂ဝ၁၈ ခုနှစ်သည် အင်န်အယ်လ်ဒီ အတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အကဲခတ်များက ဆိုသည်။

အစိုးရအဖွဲ့နှင့် ဗဟိုချုပ်ကိုင်မှု

၂ဝ၁၆ ဧပြီလတွင် တက်လာသည့် အင်န်အယ်လ်ဒီ အစိုးရသည် ယခင် ရှိပြီးသား ဝန်ကြီးဌာနများကို လျှော့ချကာ ဝန်ကြီးဌာန ၂၁ ဖြင့် ပွဲဦးထွက် အစိုးရ တာဝန်ကို ယူခဲ့သည်။ ဝန်ကြီးဌာန အားလုံးကို ပြည်ထောင်စု ဝန်ကြီးတစ်ဦးချင်းစီဖြင့် အုပ်ချုပ်စေပြီး ဒုတိယ ဝန်ကြီးများ ခန့်ထားခြင်း မရှိခဲ့ပေ။ ယခင် အစိုးရလက်ထက်က ဖောင်းပွနေသည့် ဝန်ကြီး ဌာနများကို လျှော့ချလိုက်သည့်အတွက် အစိုးရ အသုံးစရိတ် သက်သာစေသည်ဟု ဆိုကာ လူထုက ယင်းလုပ်ရပ်ကို ထောက်ခံခဲ့သည်။ သို့သော် အစိုးရတစ်ရပ်၏ ယန္တရားကို လက်တွေ့ လည်ပတ်ရာတွင် အလုပ်ဖြစ်လား ဆိုသည့် မေးခွန်းများ ပေါ်ထွက်လာသည်။

နောက်ပိုင်းတွင် ဝန်ကြီးဌာန အချို့တွင် ဒုတိယဝန်ကြီးများ ခန့်အပ်ခဲ့ရသလို ဝန်ကြီးဌာန အသစ်များလည်း တိုးချဲ့ခဲ့ရသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနများသည် အင်န်အယ်လ်ဒီ အစိုးရသစ်လက်ထက်တွင် အသစ် ထွက်ပေါ်လာသည့် ဝန်ကြီးဌာနများ ဖြစ်သည်။ လက်ရှိ အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၄ ခု၊ ပြည်ထောင်စု ဝန်ကြီး ၂၂ ဦးနှင့် ဒုတိယဝန်ကြီး ၁၄ ဦးအထိ ရှိနေသည်။

စတင် တာဝန်ယူသည့် အချိန်မှ ယနေ့အထိ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ကို လူထုက ပြင်းထန်သည့် ဆန့်ကျင် မှုများ မရှိခဲ့သော်လည်း ဝန်ကြီးဌာနများ အလိုက် ပြည်ထောင်စုဝန်ကြီးများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍မူ မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

အထူးသဖြင့် စီးပွားရေး ကျဆင်းလာသည့် အချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနများ၌ ဝန်ကြီးအပြောင်းအလဲ လုပ်ရန် တောင်းဆို ခံလာရသည်။ သို့သော် အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ရုံဖြင့် တိုးတက်မှု သေချာပေါက်ရလာမည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသူအချို့က အယုံအကြည် မရှိပေ။

လက်ရှိ အနေအထား အားလုံး၏ တရားခံက”ဗဟိုချုပ်ကိုင်မှု များလွန်းခြင်း” ဟု ၎င်းတို့က သုံးသပ်ကြသည်။ တာဝန် အရှိဆုံးသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်ဟု အများစုက မှတ်ချက်ပြုကြသည်။

”အဓိက မှားနေတာက ဝန်ကြီးနဲ့ တိုက်ရိုက် မဆိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က တော်တာ်များများ ကိုင်ထားတာ များလွန်းတော့ အကုန် မနိုင်ဘူး။ ဒါက သဘာဝပဲ။ လုပ်နိုင်တဲ့သူ ခွဲပေးဖို့လိုတယ်။ အခုက ပွင့်ပွင့်လင်းလင်းပြောရင် ဗဟိုချုပ်ကိုင်မှု သိပ်များတယ်။ ဒါကို အသေ ကိုင်ထားရင် ဝန်ကြီးတွေ ဘယ်လောက် ပြောင်းပြောင်း သိပ်အကြောင်းထူးမယ် မထင်ဘူး” ဟု မြန်မာ့ နိုင်ငံရေးကျွမ်းကျင်သူ ဦးကျော်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သမ္မတရုံး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများအတွက် ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန် ယူထားသည်။ ထို့ပြင် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေး၊ စီးပွားရေး၊ တရား ဥပဒေ စိုးမိုးရေး၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ကော်မတီ ၁၆ ခုတွင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူထားသည်။

အစိုးရအဖွဲ့၏ အရေးကြီး လုပ်ငန်းတာဝန် အများစုတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ပတ်သက်နေရခြင်းနှင့် ပတ်သက်၍ ”သူကိုယ်တိုင်က ဗဟို ချုပ်ကိုင်မှုကို သဘောကျလို့ ကိုင်ထားတယ်တော့ မထင်ပါဘူး။ ဖြစ်နိုင်စရာ နှစ်ချက်ရှိတယ်။ တစ်က သူ့လူတွေကို စိတ်ချလက်ချ မယုံရဲတာ၊ နှစ်က တာဝန်ပေးနိုင်လောက်အောင် လုပ်ကိုင်တတ်တဲ့ အရည်အချင်း မရှိတာလည်း ဖြစ်နိုင်တယ်။ နှစ်ခုစလုံးလည်း ဖြစ်နိုင်တယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

ထို့အတွက် အဓိက ဖြေရှင်းချက်မှာ အစိုးရ အနေဖြင့် မိမိ ဦးတည်သွားချင်သည့် လမ်းကြောင်းအပေါ် ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ချမှတ်ပေးနိုင်ရန် လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။

တမ္ပဒီပ သုတေသနအဖွဲ့ကို တည်ထောင်သူ ဒေါက်တာ ခင်ဇော်ဝင်းကမူ တစ်နိုင်ငံလုံး တစ်ပြေးညီ တိုးတက်မှုအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်ကို အပြည့်အဝ ပေးနိုင်ရန် လိုအပ်ကြောင်း ထောက်ပြသည်။ စစ်မှန်သည့် ဖက်ဒရယ် မူအရ မကျင့်သုံးနိုင်သေးသည့်တိုင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသည့် လုပ်ပိုင်ခွင့်ကိုပင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ရနေရဲ့လားဆိုသည်ကို သူက မေးခွန်းထုတ်သည်။

”နှစ် ၅ဝ လုံး စစ် အစိုးရလက်ထက်မှာ အာဏာကို ချုပ်ကိုင်ထားတယ်။ အမိန့်နာခံ ဒါပဲ။ အခု ဒီမိုကရေစီခေတ်မှာ ဒီနည်းနဲ့ပဲ ဆက်သွားနေရင် ဘာမှ မျှော်လင့်စရာ မရှိဘူး။ အရေးကြီးတာက ဒီစနစ်ပေါ်မှာ သာယာနေတယ် ဆိုရင် ပိုမလွယ်ဘူး”ဟု ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။

ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ဖြေရှင်းရန် ၂ဝ၁၈ တွင် လက်ရှိ အစိုးရအဖွဲ့၏ လက်ရှိ လူများဖြင့် ဆက်လက် လည်ပတ်မလား။ အပြောင်းအလဲ ရှိနိုင်မလား ဆိုသည်က မသေချာ မရေရာသည့် အနေအထား ရှိနေသည်။

ဗဟိုချုပ်ကိုင်မှု လျှော့ချရန် လုပ်နိုင်ကိုင်နိုင်သူများကို သူ့လူကိုယ့်လူ မခွဲဘဲ လူမှန်နေရာမှန် အသုံးချသင့်သည်ဟု ဦးကျော်ဝင်းက အကြံပေးသည်။ သို့မှသာ ၂ဝ၁၈ တွင် ကျဆင်းနေသည့် စီးပွားရေး အပါအဝင် ကဏ္ဍအချို့တွင် သိသာသည့် ပြောင်းလဲမှု တိုးတက်မှုကို တွေ့မြင်ရလိမ့်မည်ဖြစ်သည်။

”မှန်းဆကြည့်ရတာတော့ ဒေါ်စုက သူ့အပေါ် သစ္စာရှိတဲ့သူတွေနဲ့ ထိန်းသိမ်းပြီး လုပ်သွားရင် ရလိမ့်မယ်လို့ ထင်ဟန် တူပါတယ်။ အရင် အစိုးရလက်ထက်က လူတွေကို မသုံးချင်တဲ့ အစွဲလည်း ရှိလိမ့်မယ်လို့ ထင်တယ်။ နှစ်နှစ် အချိန်ကာလကို ဖြတ်ပြီးတဲ့အချိန်မှာ အဲဒါ မဖြစ်တော့ဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်” ဟု ဦးကျော်ဝင်းက သတိပေးသည်။

ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး

ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် အင်န်အယ်လ်ဒီ အစိုးရ၏ ရွေးကောက်ပွဲ ကတိကဝတ်များအနက် အရေးပါသည့် အဓိက နှစ်ချက်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် အစိုးရ၏ ပထမဦးစားပေး လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

အစိုးရ သစ်လက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို နှစ်ကြိမ် ကျင်းပနိုင်သည့်တိုင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် (အင်န်စီအေ)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သစ်များ ပါဝင်လာအောင် စည်းရုံးနိုင်ခြင်း မရှိသေးပေ။

လက်ရှိ ရင်ဆိုင်နေရသည့် အကျပ်အတည်းများအနက် ငြိမ်းချမ်းရေးက ၂ဝ၁၈ ခုနှစ်တွင် တိုးတက်မှု အလားအလာ အရှိဆုံး ဖြစ်နိုင်သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံး ပါဝင်နိုင်မည့်အင်န်စီအေ စာချုပ်ဖြစ်လာဖို့တော့ ခက်ခဲနိုင်သည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) အဖွဲ့ဝင်တချို့ အင်န်စီအေစာချုပ်တွင် လက်မှတ်ထိုးလာနိုင်သည့်တိုင် တစ်ခြမ်းပဲ့ ငြိမ်းချမ်းရေး အနေအထားမျိုးကို တွေ့မြင်ရနိုင်ကြောင်း ငြိမ်းချမ်းရေးတွင် ပါဝင် လုပ်ကိုင်နေသူများက ပြောသည်။

”အင်န်အယ်လ်ဒီက ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ၂ဝ၂ဝ ရွေးကောက်ပွဲအထိ မှန်းပုံရတယ်။ ၂ဝ၁၈ ထဲမှာ တတ်နိုင်သလောက်၂၁ ပင်လုံတွေ ခဏခဏ လုပ်ပြီး အဲဒီက တက်လာတဲ့ သဘော တူညီချက်တွေကို လွှတ်တော် သဘောတူညီချက်ကတစ်ဆင့် အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် တွန်းတာမျိုး လုပ်လာနိုင်တယ်။ နဂိုက စဉ်းစားသလို အားလုံးပါဖို့တော့ ခက်မယ်။ တစ်ခြမ်းပဲ့နဲ့ပဲ လူးကာ လွန့်ကာ သွားတဲ့ အနေအထားမျိုး ဖြစ်လာနိုင်တယ်” ဟု မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (မြန်မာ) ၏ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်က ပြောသည်။ ဦးမင်းဇင်သည် ပထမကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေး အစုအဖွဲ့ဆွေးနွေးမှု၏ ပြည်ပ ပညာရှင် အနေဖြင့် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

မြန်မာ့ တိုင်းရင်းသား လက်နက်ကိုင်အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းဆရာ ဘာတေးလ်လင့်တနာက လက်ရှိ သွားနေသည့် စာချုပ်ကို အရင် လက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးမှု လုပ်ရမည့် လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက် အလုပ်မဖြစ်ဟု ဆိုသည်။

”၂ဝ၁၈ မှာ မွန်နဲ့ ကရင်နီတွေက လက်မှတ် ထိုးလာသည့်တိုင် တိုင်းပြည်ရဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ဝ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါမလာဘူးဆိုရင် ဘယ်လို ငြိမ်းချမ်းရေးရမလဲ” ဟု ဘာတေးလ်လင့်တနာက မေးခွန်းထုတ်သည်။

ထိရောက်သည့် ရလဒ်အတွက် နိုင်ငံရေးအရ အရင် ဆွေးနွေးပြီး စာချုပ် လက်မှတ်ရေးထိုးခြင်းဖြင့် အဆုံးသတ်သင့်သည်ဟု ဘာတေးလ်က အကြံပြုသည်။

အင်န်အယ်လ်ဒီသည် အတိုက် အခံဘဝတွင် ဗိုလ်ချုပ်ကြီးများ ရေးဆွဲ အတည်ပြုခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာချိန်တွင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လွှတ်တော်က တစ်ဆင့် ပြင်ဆင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

၂ဝ၁၅ ရွေးကောက်ပွဲအပြီး ကိုယ်တိုင် အစိုးရ ဖြစ်လာသည့် အချိန်တွင် ၂ဝဝ၈ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ လှုပ်ရှားမှု အလျင်းမရှိခဲ့ပေ။ ပြင်ဆင်ရေးအတွက် သီးသန့် ကြိုးပမ်းမှု မရှိသည့်တိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ တစ်ဆင့် ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းနေသည်။

ထိုလမ်းကြောင်းသည် လက်တွေ့ကျသည့် ”ဂယ်ပေါက်”တစ်ခု ဖြစ်သော်လည်း ပါးပါးနပ်နပ်ကျော်ဖြတ်နိုင်ရန် အရေးကြီးသည်ဟု ဦးကျော်ဝင်းက ပြောသည်။

”ဖက်ဒရယ်ရဲ့ အခြေခံမူတွေ စလုပ်မယ်။ အဲဒါရမှ အခြေခံဥပဒေ ပြင်ဆင်ရေး စလုပ်မယ်ဆို အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးက ချောက်ကမ်းပါး ခြားသလို ဖြစ်နေတယ်” ဟု ဦးကျော်ဝင်းက သုံးသပ်သည်။

ထိုလမ်းကြောင်းအစား အခြေခံ ဥပဒေ၏ ပြင်ဆင်ရန် လွယ်ကူသည့် ပုဒ်မများကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြင်ဆင်ရန် ညှိနှိုင်းပြီး သဘောတူညီချက် ရပါက အနီးဆုံးလွှတ်တော်၌ အတည်ပြုချက်ရယူကာ ပြင်ဆင်နိုင်သည်ဟု သူက ပြောသည်။

”ဒါဆို အခြေခံဥပဒေကို အင်န်စီအေက ပြောင်းလို့ရပါလားဆိုတဲ့ အသိတစ်ခု လူတွေကြားထဲ ရောက်သွားမယ်။ ရောက်သွားတာနဲ့ အမျှ ဒေါ်စုနဲ့ ပါတီရဲ့ သြဇာလည်း တက်လာနိုင်တယ်။ အခုက အခြေခံမူက စသွားတော့ ဒီအခြေခံမူက ဘယ်ပုဒ်မနဲ့ ဆိုင်လည်း ဆိုတာ ပြန်သွားရမယ်။ ဒါဆိုရင် သိပ်ကြာမယ်။ လုပ်ထုံးလုပ်နည်းက အားနည်းချက်ရှိတော့ ပြင်နိုင်ရင် ပိုကောင်းတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။

အခြေခံ ဥပဒေဇယား ၁၊ ၂ ၊၃၊ ၅ ၏ ပြဠာန်းချက်များ အနက် ပြင်ဆင်ရန် လွယ်ကူသည့် အချက်များ အတွက် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကို ရွေးထုတ် ညှိနှိုင်းစေပြီး အစိုးရကမူ မည်သူ့ဘက်မှ ဝင်မပါဘဲ ကြားနေသင့်သည်ဟု ဦးကျော်ဝင်းက အကြံပြုသည်။ ထို့ပြင် သယံဇာတ ခွဲဝေရေး၊ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခွင့်နှင့် ပြည်နယ် ဝန်ကြီးချုပ်ကို သမ္မတ တိုက်ရိုက် ခန့်ပိုင်ခွင့်များသည် ပြင်ဆင်ရန် ဖြစ်နိုင်သည့် အချက်များဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။

ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အဓိက လုပ်ဆောင်ရမည့် အချက်မှာ အားလုံး ပါဝင်ရေးမူကို စွဲကိုင်ခြင်းထက် လက်မှတ် ထိုးပြီးသားအဖွဲ့များနှင့် ခိုင်မာသည့် ငြိမ်းချမ်းရေးရအောင် တည်ဆောက်ရမည် ဖြစ်သည်။

”ဒါဆို တပ်မတော်ကို ချဉ်းကပ်လို့ ရသွားပြီ။ ငြိမ်းချမ်းရေး အပြည့်မရသေးပေမဲ့ တစ်ဝက်တော့ ရသွားပြီဆိုတော့ တပ်မတော်ရဲ့ ပါဝင်မှုကို ပြန်စဉ်းစားပေးပါ။ ၂၅ မလုပ်ပါနဲ့ ၂ဝ ရာခိုင်နှုန်းလောက် ပြင်ပေးပါ။ ဝန်ကြီးသုံးပါး တစ်ပါးတော့ လျှော့ပေးပါ။ အဲဒီလို ချဉ်းကပ်ပြီး တပ်နဲ့ ညှိသင့်တယ် ထင်တယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

ရခိုင်အရေးနှင့် နိုင်ငံတကာဖိအား

၂ဝ၁၇ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ အစိုးရအတွက် အပြင်းထန်ဆုံး ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့သည့် ရခိုင်ပြည်နယ် အရေးသည် ၂ဝ၁၈ ခုနှစ်တွင်လည်း ဆက်လက် ဖြေရှင်းရမည့် ပြဿနာ ဖြစ်သည်။

ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာက အပြင်းအထန် ဝေဖန်မှုများ ရှိနေပြီး ပြည်တွင်း အင်အားစုများ၏ ဝေဖန်မှုကို ခံနေရသည့် ကာလလည်း ဖြစ်သည်။ ယင်း အကျပ်အတည်းကို ကျော်လွှားနိုင်ရန် နိုင်ငံတကာ မျက်နှာစာတွင် အရေးတကြီး သတိထား ကိုင်တွယ်ရမည်ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်များကို တုံ့ပြန်ဖြေရှင်းနည်း မမှန်ပါက စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ရန် နိုင်ငံတကာက ဖိအား ပေးလျက်ရှိသည်။ ၂ဝ၁၈ တွင် အလားအလာ ရှိနေသည့် ပိတ်ဆို့မှုများ ဝင်မလာရန် အစိုးရက မည်သို့မည်ပုံ တုံ့ပြန်မလဲဆိုသည်ကို စီးပွားရေး လုပ်ငန်းရှင်များက စိုးရိမ်ပူပန်နေကြသည်။

”နိုင်ငံတကာက စွဲချက်တွေကို မမှန်ဘူးလို့ နေပြည်တော်ကနေ ပိတ်ငြင်းနေလို့ကတော့ အဆင်မပြေနိုင်ဘူး” ဟု ဒေါက်တာ ခင်ဇော်ဝင်း ပြောသည်။

ရခိုင်အရေးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲကို အစဉ်တစိုက် ထောက်ခံခဲ့သည့် အနောက်အုပ်စုများနှင့် ဆက်ဆံရေးကို ပြောင်းပြန် လှည့်လိုက်သည့် အခြေအနေဖြစ်သည်။

အဆိုပါ အခြေအနေများက ၂ဝ၁၈ တွင် ဆက်လက် အားကောင်းနေဦးမည် ဖြစ်သည်။ နိုင်ငံရေး လေ့လာသူများကတော့ တရုတ်၏ အရေးပါမှုကို အသိအမှတ် ပြုသည့်တိုင် မြန်မာအစိုးရ အနေဖြင့် အနောက်အုပ်စု နိုင်ငံများနှင့် ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းသင့်ကြောင်း အကြံပြုကြသည်။

ရခိုင်အရေးကြောင့် မြန်မာပြည်ကို နိုင်ငံတကာက မြင်သည့် အမြင်နှင့် ပြည်တွင်းက မြင်သည့်အမြင်က အင်မတန် ကွာဟလျက် ရှိသည်။

”အခြေအနေတွေက ဖြစ်တာ သိပ်မြန်တယ်။ လှိုင်းလိုပဲ။ လူတွေရဲ့ စိတ်နှလုံးကို ပြုပြင် ပေးနိုင်စွမ်းကတော့ သိပ်နိမ့်တယ်။ ကိုယ့်ဘေးကို အိမ်နီးချင်း အသစ်ရောက်လာရင် ကြောက်တယ်။ မကြားဘူးတဲ့ စကားတွေ၊ မမြင်ဘူးတဲ့ အစားအစာတွေ ချက်ပြုတ်နေရင် ကြောက်တယ်။ ဒီအတိုင်းဆို ဘာမှ မဖြစ်ဘူး။ တစ်ခုခု ဖြစ်လာရင် တစ်ယောက်ကို တစ်ယောက် အကြမ်းဖက်မှု ဖြစ်လာတာပေါ့။ ရခိုင်က အဆိုးဆုံး ဥပမာပဲ။ ဒီလို ပြဿနာတွေက ၂ဝ၁၈ မှာ ဆက်ဖြစ်နေဦးမယ်လို့ ထင်တယ်” ဟုဦးမင်းဇင်က သုံးသပ်သည်။

တပ်မတော်၏ အခန်းကဏ္ဍနှင့် အရပ်ဘက်စစ်ဘက် ဆက်ဆံရေး

ရခိုင်အရေးနှင့်အတူ မပြီးဆုံးသေးသည့် ပြည်တွင်းစစ်များက တပ်မတော်၏ အခန်းကဏ္ဍကို ၂ဝ၁၈ ခုနှစ်တွင် ပိုမိုမြင့်တက်စေမည့် လက္ခဏာ ရပ်များပင်ဖြစ်သည်။

”ပဋိပက္ခတွေ မထိန်းနိုင်သရွေ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ်ပြုလို့ မရဘူး” ဟု ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။

လက်ရှိ အစိုးရသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားသည့် အာဏာကို အာရုံစိုက်လွန်းပြီး လုပ်ငန်း သဘာဝအရ တည်ရှိနေသည့် အာဏာကို အာရုံစိုက်နိုင်ပုံ မရဟု ဦးမင်းဇင်ကလည်း သုံးသပ်သည်။ လုပ်ငန်း သဘောအရ တည်ရှိနေသည့် အာဏာ ဆိုသည်မှာ ပဋိပက္ခများအတွင်း မဖြစ်မနေ ပါဝင်လာရသည့် တပ်မတော်၏အခန်းကဏ္ဍပင် ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်သည် ဥပဒေပြုရေးတွင် ၂၅ ရာခိုင်နှုန်း ရယူထားပြီး အုပ်ချုပ်ရေးတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ပိုင်ခွင့် ဘောင်ထဲတွင် ရှိနေသည်။ သို့ဖြစ်ရာ တိုင်းပြည်တွင် တစ်ခုခု မငြိမ်မသက် ဖြစ်လာပါက အခြေခံ ဥပဒေအရ တပ်မတော်သည် တိုင်းပြည်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

”ကချင်၊ ရခိုင်အရေး၊ ဒီကြားထဲ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာရင် တပ်အခန်း ကဏ္ဍက ပိုပြီးတော့တောင် အရေး ပါလာမယ်။ ဘာကြောင့်လဲ၊ လူတွေက တည်ငြိမ်မှု၊ လုံခြုံမှုကို ပိုကြိုက်တယ်။ ဒါတွေက ထင်ရှားတဲ့နမူနာပဲ။ ပြီးခဲ့တဲ့ တစ်လျှောက်လုံးမှာ ကာလုံ မခေါ်တာပဲရှိမယ်၊ တပ်ရဲ့ အခန်းကဏ္ဍနဲ့ သြဇာကို လက်ခံမှုက ပိုမြင့်လာတယ်။ ပဋိပက္ခတွေ ပိုပြင်းလာလေ ဖြေရှင်းနိုင်တဲ့ အင်အားရှိသူ ခေါင်းဆောင်က တပ်ပဲ ဆိုတာ မြင်လာတယ်” ဟု ဦးမင်းဇင်က ပြောသည်။

ပဋိပက္ခ လျော့ပါးရေးနှင့် တပ်မတော်၏ လုပ်ငန်းအရ ပါဝင်မှုသည် ဆက်စပ်မှု ရှိနေသည်ကို သတိထားသင့်ပြီး ထိုပဋိပက္ခများ လျော့ကျစေရေး အတွက် အစိုးရနှင့် တပ်မတော်၏ ဆက်ဆံရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေသည်။

ဒေါက်တာခင်ဇော်ဝင်းကမူ တပ်မတော်နှင့် အစိုးရ၏ ကောင်းမွန်သည့် ဆက်ဆံရေးက ဟန်ပြမျှသာ ဖြစ်သည်ဟု သုံးသပ်သည်။ လူမြင်ကွင်း လက်ဆွဲ နှုတ်ဆက်ရုံ၊ ပြုံးပြ နှုတ်ဆက်ပုံထက် ပိုသည့် ဆက်ဆံရေးမျိုး အစိုးရနှင့် တပ်မတော်ကြားတွင် မရှိဟု သူက ဆိုသည်။ အစိုးရသည် တပ်ကို ခယဆက်ဆံဖို့ မလိုသည့်တိုင် ကြောက်ရွံ့စရာ မလိုဘဲ အလုပ်ဖြစ်သည့် ဆက်ဆံရေးမျိုး တည်ဆောက်ရန် ကြိုးစားသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

အစိုးရနှင့် တပ်မတော် ဆက်ဆံရေးဟု ဆိုလျှင် လူတိုင်း ပြေးမြင်ကြမည်က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင်ဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၏ အဓိက ပန်းတိုင်မှာ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုအောက်တွင် ထားရှိရေး ဖြစ်ပြီး တပ်မတော်၏ လုပ်ပိုင်ခွင့် အာဏာကို တစ်ဆင့်ချင်း လျှော့ချရန် ကြိုးပမ်းခြင်း ဖြစ်သည်။

ဒီမိုကရေစီ အကူးအပြောင်း ကြားကာလ တည်ငြိမ်ရေးအတွက် အဓိက အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြားတွင် နိုင်ငံရေး သဘောတူညီချက် တစ်ခု ရရှိရန် ဖြစ်သည်။ သို့ရာတွင် ထိုသဘောတူညီချက်က ယနေ့တိုင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

၂ဝ၁၈ အတွက် သာမက အနာဂတ် နိုင်ငံတည်ငြိမ်ရေးအတွက် မရှိအဖြစ် လိုအပ်သည့် အရာဖြစ်သော်လည်း အစိုးရ အနေဖြင့် တပ်မတော်ကို ထိပ်တိုက်မတွေ့သမျှ ကြီးမားသည့် ပြဿနာ မရှိနိုင်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

”ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မတော်ကို ထိပ်တိုက် မတွေ့သရွေ့ ပြဿနာမရှိပါဘူး။ အင်န်အယ်လ်ဒီက အခုလို အမှားအယွင်းတွေ များများ လုပ်လေလေ တပ်ဘက်က ကျေနပ်လေလေ နေမှာပဲ။ အတိုက်အခံ ဘဝတုန်းကလို ထိပ်တိုက်တွေ့ပြီး အာဏာ သိမ်းရလောက်တဲ့ အလားအလာ မတွေ့ရဘူး။ အင်န်အယ်လ်ဒီ အာဏာရပြီး နောက်ပိုင်း အာဏာသိမ်းနိုင်တဲ့ အလားအလာ နည်းသွားတယ်။ ၂ဝ၁၈ နောက်ပိုင်းတောင် သိပ်ဆိုးဆိုးရွားရွား ဖြစ်မယ် မထင်ဘူး။ ဒေါ်စုဘက်က ထိတ်တိုက် မတွေ့ဖို့ လိုတယ်၊ တပ်ကလည်း စိတ်ရှည် လက်ရှည်သွားရင် အဆင်ပြေနိုင်တယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းကြည်၏ အားသာချက်က ပကတိ တရားကို မြန်မြန် သဘောပေါက်ခြင်း ဖြစ်ပြီး လွှတ်တော်ထဲ ဝင်လာချိန်မှ အစိုးရဖွဲ့နိုင်လာသည့် အချိန်တွင် တပ်မတော်နှင့် ဆက်ဆံရေး အနေအထားက သိသိသာသာ ပြောင်းလဲသွားသည်ဟု ဦးကျော်ဝင်းက ဆိုသည်။ တပ်မတော်နှင့် ပတ်သက်ပြီး စကားလုံး ရွေးချယ်မှုကအစ သတိထားလာသည်ကို ရခိုင်အရေးနှင့် ပတ်သက်သည့် တပ်မတော်အပေါ် နိုင်ငံတကာ၏ စွပ်စွဲချက်များကို အစိုးရ၏ တုံ့ပြန်မှုကို ကြည့်ပါက တွေ့မြင်ရမည်ဖြစ်သည်။

”အဲဒါက မြန်မာ့နိုင်ငံရေးမှာ ကြိုက်သည် ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ သဘောတူညီမှု မရရင် အပြောင်းအလဲ လုပ်ဖို့ ခက်တယ်။ ဒါ ခါးသီးတဲ့ ပကတိ အရှိတရားပဲ။ ဒေါ်စု နားလည်လာတဲ့ သဘောပဲ။ ခုထိ တပ်မတော်နဲ့ ဆက်ဆံရေးမှာ အမှားအယွင်း မရှိသေးဘူးလို့ ထင်တယ်။ ဒါပေမဲ့ ဒေါ်စုဘက်က မရှိပေမဲ့ အင်န်အယ်လ်ဒီက လူတစ်ချို့မှာတော့ ရှိလာနိုင်တယ်။ တပ်နဲ့ ဆက်ဆံရေး အင်မတန် အရေးကြီးတယ်၊ ဆက်ဆံရေး မကောင်းတာနဲ့ အချိန်မရွေး နောက်ကြောင်းပြန်နိုင်တယ်” ဟု ဦးကျော်ဝင်းက သုံးသပ်သည်။

မြန်မာ့ နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရေးသည် ငြိမ်းချမ်းရေး သဘောတူ စာချုပ်မှ တစ်ဆင့် သွားနိုင်ရန် အင်မတန် အရေးပါသည်ဟု ၎င်းက ထောက်ပြသည်။

”ကြိုးစားနိုင်တဲ့ အကွက်အကွင်းတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ အားမရဘူး။ လက်တွေ့ အကောင်အထည်ဖော်နေတာ ဒေါ်စုက လွဲလို့ ကျန်တဲ့ သူတွေက အားရကျေနပ်စရာ မကောင်းဘူး” ဟု ဦးကျော်ဝင်းက ပြောသည်။

၂ဝ၂ဝ ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိနေသည့် သုံးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြားတွင် အချိန်ကာလတစ်ခု သတ်မှတ်ကာ အဆင့်လိုက် ဆောင်ရွက်နိုင်မည့် နိုင်ငံရေး သဘောတူညီချက်တစ်ခု ထွက်ပေါ်လာရေး ကြိုးစားပေးရန် လိုသည်ဟု ဦးကျော်ဝင်းက ဆိုသည်။

”ဘယ်အဆင့်မှာ ဘာလုပ်မယ် ဆိုတဲ့ သဘောတူညီချက် တစ်ခုသာ ရှိသွားရင် အပြောင်းအလဲက ဘယ်လောက်ကြာကြာ အေးအေးငြိမ်းငြိမ်း ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူ့အခွင့်အရေး အလားအလာ

အင်န်အယ်လ်ဒီ အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် နှစ်နှစ် အတွင်း မည်သည့် အတိုင်းအတာအထိ အောင်မြင်မှု ရခဲ့ပါသလဲ ဆိုသည့် မေးခွန်း၏ အဖြေက အားရ ကျေနပ်စရာ ကောင်းမည် မဟုတ်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မည်သည့် အစိတ်အပိုင်းကိုမျှ မပြင်ဆင်နိုင်သည့် အပြင် အစိုးရတစ်ရပ် လုပ်ဆောင်နိုင်သည့် အရာများကိုပင် လျစ်လျူ ရှုခဲ့သည်ဟု မြန်မာ့ အရေး အကဲခတ်များက သုံးသပ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အဟန့်အတား ဖြစ်စေသည့် ဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ ၆၆ ကို ပယ်ဖျက်ရန်၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဠာန်းရန်တို့သည် လက်ရှိ အခြေခံ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ပေးနိုင်သည့် အရာများဖြစ်သည်။

ယခင်က တိုင်းပြည်တွင် နိုင်ငံရေး အကျဉ်းသားတစ်ဦး ကျန်လျှင်ပင် များလှပြီဟု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဆိုခဲ့သော်လည်း သူ၏ ပါတီ အာဏာရလာ ချိန်အထိ နိုင်ငံရေး အကျဉ်းသားက လျော့ကျသွားခြင်း မရှိသေးပေ။ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကော်မတီ၏ စာရင်းအရ ထောင်ထဲတွင် ကျန်ရှိနေသည့် အကျဉ်းသားဦးရေက ၄၆ ဦး ဖြစ်ပြီး တရား ရင်ဆိုင်နေရသူ ၄၉ ဦးရှိနေသည်။ ထို့ပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကလည်း အင်န်အယ်လ်ဒီ အစိုးရ လက်ထက်တွင် ပိုမို ကျဉ်းမြောင်းလာသည်က အငြင်းပွားစရာ မရှိပေ။

ယင်းပြဿနာရပ်များကို ဦးစားပေး ဆောင်ရွက်ရမည့် အစား ပေါ်ပြူလာ ဖြစ်နိုင်သည့် ဗိုလ်ချုပ်အာင်ဆန်း ကြေးရုပ်များ ထုလုပ်ခြင်း၊ ဗိုလ်ချုပ် အောင်ဆန်းတံတားဟု အမည်ပေးရန် ကြိုးပမ်းခြင်း စသည့် လုပ်ရပ်များဖြင့်သာ အချိန် ကုန်ခံခဲ့သည်ဟု ဦးမင်းဇင်က ပြောသည်။

”ဒါမျိုးတွေ ပိုများလာပြီး အခြေခံကျတဲ့ အခွင့်အရေးတွေ ပိုနည်းလာနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ လာမယ့်နှစ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ဆိုင်တဲ့ ဥပဒေတွေ ပြင်တာ၊ အသစ်ဆွဲတာ၊ ဥပဒေကြမ်းရေးဆွဲတာ လုပ်လာ နိုင်တယ်။ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုကိုကြည့်ရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ချဲဖို့ တင်ဖို့ထက် ပိုကျုံ့ လာမလားဆိုတာ စောင့်ကြည့်ရမယ်”ဟု သူက ပြောသည်။

၂ဝ၁၈ တွင် ကြုံတွေ့ လာနိုင်ဖွယ်ရှိသည့် အခြား ကိစ္စတစ်ခုမှာ ခေါင်းဆောင်မှု ပြဿနာဖြစ်သည်။ လူပုဂ္ဂိုလ်ကို အားပြုသည့် မြန်မာ့နိုင်ငံရေးတွင် ခေါင်းဆောင် တစ်ခုခုဖြစ်ပါက ကြိုတင် စီမံထားသည့် အစီအမံရှိပုံ မရပေ။ အကယ်၍ နိုင်ငံရေးသြဇာ ကျဆင်းခြင်း၊ ကျန်းမာရေး ပြဿနာဖြစ်ပါက ခေါင်းဆောင်မှု လေဟာနယ် ဖြစ်လာကာ အရေးပါသည့်သူများက မည်ကဲ့သို့ ဖြေရှင်းမလဲ ဆိုသည်က မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

”လေဟာနယ် ပေါ်လာရင် ဖြစ်လာနိုင်တဲ့ မသေချာမှုက ပြဿနာ အကြီးအကျယ် ဖြစ်လာနိုင်တယ်။ တချို့တွေ ပြောနေတဲ့ အာဏာ သိမ်းနိုင်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပေါ်မှာ အများကြီးမူတည်နေတယ်။ လေဟာနယ် ပြဿနာက ၂ဝ၁၈ မှာ မဖြစ်ဘူး မပြောနိုင်ဘူးလို့ ယူဆရတယ်” ဟု ဦးမင်းဇင်က ဆိုသည်။

လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာ အားလုံးမှာ ထိုခေါင်းဆောင်မှုအပေါ် ယုံကြည် ကိုးစားလွန်းခြင်းဖြစ်ပြီး ခေါင်းဆောင်များ ကိုယ်တိုင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် တိုင်းပြည်၏ ပုံရိပ်ကို တိတိကျကျ သတ်မှတ်ကာ ဦးတည် အကောင်အထည်ဖော်မှု ကင်းမဲ့နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေကို သင်္ဘောတစ်စင်းဖြင့် တင်စားပါက လူထုကို သဘောၤ ဦးတည်ချက် ဖြစ်သည့် သံလိုက် အိမ်မြှောင်နောက်ကို မလိုက်ခိုင်းဘဲ ကပ္ပတိန် (သဘောၤမာလိန်မှူး) နောက်ကို လိုက်ခိုင်းသလို ဖြစ်နေသည်ဟု ဦးမင်းဇင်က သုံးသပ်သည်။ ကပ္ပတိန် ဘယ်သွားနေသည်ကိုကား မသိ။ ယုံကြည်မှု တစ်ခုတည်းဖြင့် ထိုသူနောက်ကို လိုက်နေခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

နောက်ဆုံး ခေါင်းဆောင် အလိုက် ထောက်ခံမှုတွေသာ ဖြစ်လာပြီး လူနှင့် ဂိုဏ်းဂဏ အုပ်စုဖွဲ့ထောက်ခံခြင်းသာ ကျန်ရစ်မည် ဖြစ်သည်။ ထိုအခြေအနေတွင် လူ့အဖွဲ့အစည်း တစ်ရပ်လုံး ပူးပေါင်း ပါဝင်နိုင်စွမ်း နည်းလာကာ နောက်ဆုံးတွင် လားရာ ဦးတည်ချက် ပျောက်ဆုံး သွားနိုင်သည်ဟု ဦးမင်းဇင်က သတိပေးသည်။

”တိုင်းပြည်မှာ ဦးတည်ရာကို ခေါင်းဆောင်တွေက ပုံဖော်သင့်တယ်။ ဒီမိုကရေစီ တိုက်ပွဲက ဖြစ်လာတဲ့ ခေါင်းဆောင်တွေက တစ်ခါ အောင်ပွဲခံပြီးရင် ငါတို့ကို တစ်သက်လုံး ထောက်ခံမယ် ဆိုတာမျိုး လုပ်လို့ မရဘူး။ ငါတို့ လူ့အဖွဲ့အစည်းက ဘယ်သွားမှာလဲ။ မျှော်ရည်တဲ့ အနာဂတ်က ဘာလဲ၊ နောက် ဘာဖြစ်ချင်သလဲ သတ်မှတ်ရမယ်” ဟု သူက ပြောသည်။

ကဏ္ဍအလိုက် ပုံဖော်မည့် တိကျ ရှင်းလင်းသည့် မူဝါဒ ပျောက်ဆုံးခြင်း၊ ဖရိုဖရဲဖြစ်မှု၊ အချိတ်အဆက် ကင်းမဲ့ခြင်း များကြောင့် တိုင်းပြည်၏ ဒီမိုကရေစီ ဒေါက်တိုင်များ ပြိုလဲနေသည်ဟု ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် နိုင်ငံရေး ကျွမ်းကျင်သူများက ဆိုသည်။

အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်ပိုင်းကမူ ထိုအချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုသည်။ အစိုးရ၊ ပါတီနှင့် ခေါင်းဆောင်ကို လူထုက ပြင်းပြင်းထန်ထန် မဆန့်ကျင်သေးသမျှ ဒီမိုကရေစီ ဒေါက်တိုင်များ မပြိုလဲဟု ခိုင်ခိုင်မာမာ ပြောဆိုကြသည်။

”ကျွန်တော်တို့ ပါတီက နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အတွေ့အကြုံ အင်မတန် နည်းတယ်။ ဒါကို ဝန်ခံရမှာပဲ။ အတွေ့အကြုံ နည်းတဲ့အတွက် တိုင်းပြည်ကို မအုပ်ချုပ် နိုင်သေးဘူးလားဆိုတော့ မဟုတ်သေးဘူး။ နည်းတာကို အားကောင်းအောင် ကြိုး စားရမှာပါ။ ဒီလို အားကောင်းအောင် ပြည်သူ လူထုကပဲ ကျွန်တော်တို့ကို စောင့်ကြည့် ထောက်ပြနေမှာပဲ” ဟု အင်န်အယ်လ်ဒီ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က လက်ရှိ ဝေဖန်ပြောဆိုမှုများကို တုံ့ပြန်လိုက်သည်။

ဒီမိုကရေစီ၏ ဒေါက်တိုင်များ ယိုင်နဲ့သည့်တိုင် ယိုင်နဲ့နေသည့် ထောက်တိုင်များကို အချိန်မှီကုစားနိုင်သည့်၊ အစားထိုး လဲလှယ်နိုင်သည့် အင်အားရှိပြီး ထိုအင်အားမှာ အားကောင်းသည့် ခေါင်းဆောင်နှင့် လူထု၏ ထောက်ခံမှုပင် ဖြစ်သည်ဟုလည်း သူက ပြောသည်။

အားနည်းနေသည့် ဒေါက်တိုင်များ အစားထိုး လဲလှယ်ကာ ပိုမိုခိုင်ခံ့ပြီး အင်အားကောင်းသည့် ဒီမိုကရေစီ ဒေါက်တိုင်သစ်များဖြင့် မွမ်းမံထားသည့် မြန်မာပြည်ကို ၂ဝ၁၈ တွင် တွေ့မြင်နိုင်ရန် လူထုက စိတ်အားထက်သန်လျက်ရှိသည်။

 

About the author

Ei Ei Toe Lwin

အိအိတိုးလွင်သည် မြန်မာတိုင်း(မ်) သတင်းဂျာနယ်၏ နိုင်ငံရေးကဏ္ဍ သတင်းထောက်ချုပ် ဖြစ်သည်။

1 comment

  • အစိုးရသည် ပါတီမူဝါဒအတိုင်းလုပ်ဆောင်နေပြီး မအောင်မြင်လျှင် ပြည်သူလက်ခံမည်မဟုတ်ဟု တပ်ချုပ် ပြော
    http://burmese.dvb.no/archives/191945