တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနားမှာ (NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စား၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ခေါင်းဆောင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ) ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားနည်းချက်တွေအပေါ် ပြောဆိုခဲ့ရာမှာ အဓိကထား ပြောခဲ့တာ တခုရှိပါတယ်။
“NCA စာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နေတဲ့ အချိန်မှာ အဓိက အားနည်းချက် တခုက JICM အစည်းအဝေးကို ပုံမှန်ခေါ်ယူ ကျင်းပနိုင်ခြင်းမရှိတဲ့ ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။ NCA စာချုပ်အရ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်ရာတွင် JICM သည် အမြင့်ဆုံးအစည်းအဝေး ဖြစ်ပါတယ်။ JICM က JMC နှင့် UPDJC တို့ကို ဖွဲ့စည်း တာဝန်ပေးအပ်ထားတာ ဖြစ်သလို JMC နှင့် UPDJC တို့မှာ မဖြေရှင်းနိုင်တဲ့ အရေးကိစ္စများကို တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် JICM အစည်းအဝေးဆိုတာ ပြဿနာရှိမှ ကျင်းပတာမျိုး မဟုတ်ဘဲ ၎င်းရဲ့ TOR မှာ ဖော်ပြထားတဲ့အတိုင်း သုံးလတကြိမ် ပုံမှန် ကျင်းပပေးရန် လိုအပ်တဲ့အကြောင်း အလေးထား တင်ပြချင်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဆိုခဲ့ပါတယ်။
NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ထဲမှာ KNU ဟာ နိုင်ငံရေးအရ သိက္ခာရော၊ အင်အားအရပါ ကြီးမားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်၊ အခု သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်၊ အစိုးရ နှစ်ဆက်စလုံးမှာ KNU သာ အစိုးရ၊ တပ်မတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ဒီနေ့ ဒီအချိန်အထိ ခရီးပေါက်မှာ မဟုတ်ပါဘူး။ ဆိုလိုချင်တာက KNU ဟာ အစိုးရနဲ့ တပ်မတော်အပေါ် ယုံကြည်မှု အရဲကိုးပြီး (အငြင်းပွားမှုများ အကြားမှ) ပြီးပြည့်စုံခြင်း မရှိသေးတဲ့ ငြိမ်းချမ်းရေး ပလက်ဖောင်းပေါ် တက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ သူတို့ ပြောတဲ့ စကား၊ သူတို့ ပြောတဲ့ ထောက်ပြချက်တွေကို အစိုးရအနေနဲ့ အာရုံစိုက်သင့်ပါတယ်။
အခု ဆာင်းပါးမှာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးပြောတဲ့ JICM အစည်းအဝေးဆိုတာ ဘာလဲ၊ သူက ဘာတွေ လုပ်နိုင်တာလဲ၊ ဒီအစည်းအဝေးကို ဘာကြောင့် ခေါ်သင့်တာလဲဆိုတဲ့ အချက်တွေကို ဖော်ပြပါမယ်။
JICM အစည်းအဝေးဆိုတာ ဘာလဲ
JICM အစည်းအဝေးဆိုတာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဆိုလိုတာပါ။ သူ့ရဲ့ လုပ်ငန်းစဉ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ သဘောတူ ဆုံးဖြတ်ဖို့ရာ အခက်အခဲရှိတဲ့ ကိစ္စရပ်တွေကို အပြီးသတ် ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးမှုအဆင့်ဆင့် ပုံစံ (Structure) ပိုင်းကို ကြည့်ရင်လည်း JICM ဟာ အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက တဆင့် တက်လာတဲ့ ဆုံးဖြတ်ချက်တွေဟာ သက်ဆိုင်ရာ လုပ်ငန်းကော်မတီတွေဆီ ရောက်ပါတယ်။ အဲဒီကနေ UPDJC ကို ဆက်သွားပါတယ်။ UPDJC ကမှ တဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရောက်ပါတယ်။ အကယ်၍ UPDJC မှာပဲ ဖြစ်ဖြစ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) မှာပဲ ဖြစ်ဖြစ် ဖြေရှင်းဖို့ အခက်အခဲကြုံပြီ၊ တနည်းအားဖြင့် Deadlock Breaking ဖြစ်ပြီဆိုရင် JICM က ကြားဝင် ဖြေရှင်း ပေးရပါတယ်။
ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ ပြဿနာတွေ ရှိခဲ့ပြီး Deadlock ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ ယေဘူယျအားဖြင့် ပြောရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးဖို့ သတ်မှတ်ပေးလိုက်တဲ့ အကြောင်းအရာတွေဟာ (NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့၏ နေရာတိုင်းတွင် ပြုလုပ်ရမည့်) အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ နေရာစုံမှာ လုပ်ပြီးမှ ထွက်လာတဲ့ အချက်တွေ မဟုတ်ပါဘူး။ ဥပမာ – ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်ခဲ့တာကြောင့် အုတ်နှစ်ချပ် လပ်နေတဲ့ သဘောတူညီချက်တွေသာ ဖြစ်ခဲ့ပြီး အားလုံးကို ကိုယ်စားပြုခြင်း မရှိပါဘူး။
ဒီအခါ NCA စာချုပ်မှာ ပါဝင်တဲ့ နိုင်ငံရေးလမ်းပြ မြေပုံအရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စတွေ လုပ်ပြီးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူရမယ်ဆိုတဲ့ အချက်ကို ပြန်ပြောစရာ ဖြစ်လာပါတယ်။ ဒီအတိုင်းပဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ခင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (The Framework for Political Dialogue) ကို ရေးဆွဲပြီး အားလုံးရဲ့ သဘောတူညီချက် ယူရမယ်ဆိုတဲ့ အချက်လည်း ရှိနေပါတယ်။
ပြန်ကြည့်မယ်ဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးဟာ NCA ပါ နိုင်ငံရေး လမ်းပြမြေပုံ ဒုတိယအဆင့် ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲမှု မပြီးခင်၊ ပြီးပြည့်စုံမှု မရှိဘဲ လုပ်ခဲ့တာပါ။ အခုချိန်ထိလည်း မပြီးသေးပါဘူး။ တခါ တတိယဆင့်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကိုလည်း နေရာစုံမှာ မလုပ်နိုင်ဘဲ စတုထ္ထအဆင့်ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးဖို့ အကြောင်းအရာတွေ သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ အစိုးရ ကိုယ်တိုင်က NCA ပြဋ္ဌာန်းချက်ပါ နိုင်ငံရေးလမ်းပြမြေပုံကို ကျော်လွန်လုပ်ဆောင်တဲ့ သဘော သက်ရောက်စေခဲ့ပါတယ်။
၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး လက်တွေ့ဆွေးနွေးချိန်မှာလည်း အခက် ကြုံခဲ့ကြပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေဟာ အားလုံးကို ကိုယ်စားပြုခြင်း မရှိခဲ့သလို ဒါတွေကို ဆွေးနွေးပြီး သဘောတူညီချက် ယူရာမှာလည်း ညီလာခံတက်ရောက်သူ အားလုံး၊ အများစုရဲ့ သဘောတူညီချက် တောင်းခံခဲ့ခြင်း မရှိပါဘူး။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် မပြီးသေးတဲ့ အတွက် ဆွေးနွေးမှုတွေအပေါ် ဘယ်လို သဘောတူညီမှု လုပ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း ပျောက်ဆုံးခဲ့ပါတယ်။ ဒုတိယ အစည်းအဝေး အပြီးမှာ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း – ၁ အဖြစ် အချက် ၃၇ ချက်ကို သဘောတူခဲ့ကြောင်း (ရလဒ်အဖြစ်) ထုတ်ပြ ခဲ့ပေမယ့် ဒါဟာ UPDJC ကပဲ တင်သွင်း၊ UPDJC ကပဲ ဆုံးဖြတ်ဆိုတဲ့ ပုံစံဖြစ်ခဲ့ပြီး ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ဘေးဖယ်ခံလိုက်ရသလို ဖြစ်ခဲ့ပါတယ်။
ညီလာခံ ဒုတိယ အစည်းအဝေးမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ လုပ်ထုံးလုပ်နည်း ကျော်လွန်မှုတွေ၊ ပုံစံမကျမှုတွေဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပြီး သဘောတူညီချက် ၃၇ ချက်ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါ တယ်။ အခုချိန်မှာ အစိုးရက အဲဒီ သဘောတူညီချက် ၃၇ ချက်ကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုချက် ယူဖို့ ခြေလှမ်းပြင်ပါတယ်။ ဒီအခါမှာ နောက်ထပ် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေသာမက လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေအပေါ်ပါ ရိုက်ခတ်မှုတွေ ဖြစ်လာပါတယ်။ သဘောက အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ညှိနှိုင်းပူးပေါင်း လုပ်ဆောင်ခြင်းထက် ကိုယ်လိုချင်တဲ့ ရလဒ် ထွက်ရေး (ကြောင်ဖြူခြင်း၊ မည်းခြင်း ပဓာနမကျ၊ ကြွက်မိရေးသာ အဓိက) ကိုသာ တွန်းလုပ်နေသလားဆိုတဲ့ သံသယ ဖြစ်စေပါတယ်။ ဒီသံသယက ယုံကြည်မှုကိုပါ ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။
JICM မှာ ဘယ်သူတွေပါလဲ၊ ဘာလုပ်နိုင်လဲ
NCA လက်မှတ်ရေးထိုးပြီး ပထမအကြိမ် JICM အစည်းအဝေးခေါ်တဲ့ နေ့က စတင်လို့ NCA စာချုပ်မှာ ပါဝင်တဲ့ အချက်အလက်အားလုံး အကောင်အထည်ဖော် ပြီးဆုံးတဲ့အထိ JICM ကို လိုအပ်သလို ညှိနှိုင်း ကျင်းပရမယ်လို့ JICM လုပ်ငန်းလမ်းညွှန် (TOR) မှာ ဆိုထားပါတယ်။
JIMC အစည်းအဝေး တက်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက ကိုယ်စားလှယ် တဦးစီ ဖြစ်ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တဖွဲ့ကို အကြံပေး ၃ ဦးစီ တက်ရောက်ပိုင်ခွင့် ရှိပါတယ်။ အစည်းအဝေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်တွေ အပါအဝင် တဖက်စီက ဆုံးဖြတ်ချက်ချနိုင်သူ ၇၅ ရာခိုင်နှုန်းစီ တက်ရောက်တယ် ဆိုရင် အစည်းအဝေး အထမြောက်ပါတယ်။
လုပ်ငန်းအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ လုံလောက်တဲ့ စုပေါင်းသဘောထား ပုံစံ (Sufficient Consensus) နဲ့ ဆုံးဖြတ်ရမှာပါ။ လုံလောက်တဲ့ စုပေါင်းသဘောထား ဆိုတာ အနည်းဆုံးအနေနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က တဖက်ချင်းစီမှာ ထောက်ခံမဲ သုံးပုံနှစ်ပုံ ရဖို့ လိုအပ်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
JICM အစည်းအဝေးကို သုံးလလျှင် တကြိမ် ကျင်းပရမယ်လို့ သတ်မှတ်ထားပြီး အရေးပေါ် အစည်းအဝေးကို လိုအပ်သလို ကျင်းပရမယ်လို့ ဆိုပါတယ်။ JICM ကို သုံးလလျှင်တကြိမ် ကျင်းပရမယ်လို့ သတ်မှတ်ထားပေမယ့် လက်တွေ့မှာတော့ မေမှာ လုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးအပြီး အောက်တိုဘာ ငါးလအတွင်း တကြိမ်မှ မလုပ်ခဲ့တာဟာ မေးခွန်းထုတ်စရာပါ။
JICM အစည်းအဝေးရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် အခြားလိုအပ်သော ကော်မတီများ ဖွဲ့စည်းခြင်း။
(၂) အထက်ပါ ကော်မတီများ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များ ညှိနှိုင်းဖြေရှင်းပေးခြင်း။
(၃) စာချုပ်ပါအချက်များ အကောင်အထည်ဖော်ရာတွင် ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်း ဖြေရှင်းပေးခြင်း။
(၄) NCA စာချုပ်ပါ အချက်များ အကောင်အထည်ဖော်မှုအပေါ် လိုအပ်သလို ဆန်းစစ်ခြင်း။
(၅) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝိဝါဒ ကွဲပြားမှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်းဖြေရှင်းပေးခြင်း။
(၆) JMC ၏ လုပ်ငန်းလမ်းညွှန်များ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြုပေးခြင်း။
(၇) JMC မှ ရေးဆွဲထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အတည်ပြုပေးခြင်း။
(၈) UPDJC နှင့် အခြားကော်မတီများ၏ လုပ်ငန်းလမ်းညွှန်များ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြုပေးခြင်း။
ဖော်ပြပါ အချက်ရှစ်ချက်ကိုကြည့်ရင် JICM ဟာ UPDJC နဲ့ JMC တို့ရဲ့ အထက်မှာ ရှိနေပြီး ဘေးဖယ်ထားလို့ မရတဲ့ အဆင့်မှာ ရှိပါတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှာ ချန်လှပ်ထားလို့ မရတဲ့ အစည်းအဝေးတရပ်လည်း ဖြစ်ပါတယ်။
အခုချိန်မှာတော့ JICM အစည်းအဝေးကို သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ခေါ်ယူပေးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လူသိရှင်ကြား တောင်းဆိုလိုက်ပါတယ်။ အစိုးရဘက်ကတော့ ခေါ်ယူခြင်း မရှိသေးဘဲ အခြားနည်းတွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ ဒီရက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ UPDJC အစည်းအဝေးတရပ်ကို နေပြည်တော်မှာ လုပ်ခဲ့ပေမယ့် ဘာ အဖြေမှ မထွက်ခဲ့ပါဘူး။ ဒါသည်ပင်လျျင် JICM အစည်းအဝေးခေါ်ဖို့ လိုအပ်နေတယ်ဆိုတာ ပြဆိုတဲ့ အချက်တချက် ဖြစ်ပါတယ်။
ဘာအဖြေမှ မထွက်ခဲ့တဲ့ UPDJC အစည်းအဝေးမှာ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးက ထွက်လာတဲ့ အငြင်းပွားဖွယ် သဘောတူညီချက် ၃၇ ချက်ကို လွှတ်တော်မှာ အတည်ပြုဖို့၊ ဒီနှစ်မကုန်မှာ လုပ်ဖို့ ပြင်ဆင်နေတဲ့ တတိယ အစည်းအဝေးမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ သတ်မှတ်ဖို့၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်နေရာ၊ ပုံစံတွေအကြောင်း သဘောတူညီချက်ယူဖို့ အချက်တွေ ဆွေးနွေးခဲ့ကြတာပါ။ တချိန်တည်းမှာပဲ ၂၀၁၈ ခုနှစ်ထဲမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို အခြေခံ အုတ်မြစ် အနေနဲ့ ချမှတ်ဖို့ ရည်မှန်းတယ်လို့ UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။
အစိုးရ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက် အထမြောက်ဖို့ဆိုရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ရှိနေပါတယ်။ ဒီလုပ်ငန်းစဉ်တွေထဲမှာ အရေးကြီးဆုံး အားနည်းချက် ဖြစ်နေတဲ့ JICM အစည်းအဝေး ခေါ်ဖို့ နှောင့်နှေးနေတာမျိုး မဖြစ်သင့်ပါဘူး။ အခုချိန်မှာ အငြင်းပွားစရာတွေ၊ ယုံကြည်မှု ပျက်ယွင်းစရာတွေ ထပ်မတိုးစေဖို့ဆိုရင် အဖြေရှာခြင်းကို အရင်လုပ်သင့်တယ်လို့ မြင်ပါတယ်။
(ယခုဆောင်းပါးကို နိုဝင်ဘာ ၁ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၄၈ တွင် ဖော်ပြခဲ့သည်)
သတင်းဖော်ပြချက်
သုံးသပ်ချက်
အကြံပြုချက်
တိုက်တွန်းချက်တွေ ဖတ်ရတာကျေးဇူးတင်ပါတယ်
လက်တွေ့ဆန်ပြီး နိုင်ငံ့အကျိုးစီးပွား ပြည်သူ့အကျိုးစီးပွား
ပါအောင် ရေးသားတင်ပြနိုင်ပါစေ။