မူဝါဒများ အလုပ်ဖြစ် မဖြစ်ကို စဉ်းစားကြတဲ့ အခါ ချဉ်းကပ်ပုံ အမျိုးမျိုးထဲမှ အခြေခံ အဆင့် သုံးဆင့်နဲ့ စဉ်းစားတဲ့ ပုံစံ ရှိပါတယ်။ အဲဒါကတော့ အရင်ဆုံး လိုချင်တဲ့ ဦးစားပေး ပန်းတိုင်များ (Goals/ Objectives) ချမှတ်၊ ပြီးနောက် အဲဒီ ပန်းတိုင်တွေကို ရောက်ဖို့ မဟာ ဗျူဟာတွေ (Strategies) ရေးဆွဲ၊ နောက်ဆုံး အဲဒီ မဟာဗျုဟာတွေကို အသေးစိတ် အကောင်အထည် ဖော်ပေးမယ့် နည်းလမ်းတွေနဲ့ ပြီးစီးမှု အချက်အလက်တွေကို ဖော်ပြပေးမယ့် (Measures & Milestones) ဆိုပြီး GOSM အဆင့် သုံးဆင့်နဲ့ ကြည့်တဲ့ ချဉ်းကပ်ပုံ ဖြစ်ပါတယ်။
ဥပမာ – အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရ တာဝန် ယူထားတဲ့ ကာလ ငါးနှစ် အတွင်း ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ဆိုတာဟာ (Goal/ Objective) ဖြစ်ပြီး၊ ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတာဟာ မဟာဗျူဟာ ဖြစ်ပါတယ်။ အဲဒီ မဟာ ဗျူဟာတွေကို ရောက်ရှိဖို့အတွက် အပစ်အခတ် ရပ်စဲမှု သဘောတူ စာချုပ်ကို လက်မှတ်ထိုး ဖြစ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲမှု ကော်မတီနဲ့ အပစ်အခတ် ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီတို့ အစည်းအဝေး ကျင်းပခြင်း၊ ပြည်ထောင်စု သဘောတူညီမှု စာချုပ် အတွက် အခြေခံမူများ ချမှတ်နိုင်ခြင်း စတာတွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ (Measures) ကို တိုင်းတာလို့ ရနိုင်ပါတယ်။ အဲဒီထဲကမှ အစိုးရက ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ၂၁ ရာစု ပင်လုံ ညီလာခံ သုံးကြိမ် ကျင်းပနိုင်မယ်လို့ ကြေညာခဲ့တာဟာ အစိုးရသတ်မှတ် ထားတဲ့ ပြီးစီးမှု မှတ်တိုင် Milestones တွေ အဖြစ် မှတ်ယူနိုင်ပါတယ်။
မူဝါဒတွေ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာ ပန်းတိုင် – မဟာဗျူဟာ – ဆောင်ရွက်ချက် ဆိုတဲ့ GOSM အဆင့် သုံးဆင့်ဟာ အပြန်အလှန် ချိတ်ဆက်မိဖို့ လိုပါတယ်။ ဒီနောက်မှာမှ မူဝါဒ တခုချင်းစီ အကောင်အထည်ဖော်ဖို့ လိုအပ်ချိန်၊ ပါဝင်တဲ့ လူအင်အားနဲ့ ရင်းမြစ်တွေ သုံးစွဲမှု အပေါ် မူတည်ပြီး လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အားစိုက် ထုတ်မှုကို ထည့်သွင်း စဉ်းစားနိုင်ပါတယ်။ လက်တွေ့ အကောင်အထည် ဖော်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေက ဒီ အဆင့်တွေထဲမှာ အံ့ဝင်ခွင်ကျ ဖြစ်မနေရင် ပန်းတိုင် – မဟာဗျူဟာ- ဆောင်ရွက်ချက် GOSM သုံးဆင့်လုံးရဲ့ အလုပ်ဖြစ်မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။
သမ္မတရဲ့ မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းမှာပါတဲ့ အစိုးရရဲ့ တနှစ်တာ လုပ်ဆောင်ချက်တွေကို အဲဒီ ပန်းတိုင် – မဟာဗျူဟာ- ဆောင်ရွက်ချက် အဆင့် သုံးဆင့် အပေါ်မှာ မူတည်ပြီး သုံးသပ်တဲ့ အခါ ချိတ်ဆက်မှု အားနည်းချက်တွေ ရှိပါတယ်။ အဲဒီအတွက် တနှစ်အတွင်း ဆောင်ရွက်ချက်တွေဟာ မဟာဗျူဟာ လုပ်ငန်းစဉ် အပေါ် အခြေခံပြီး အကောင်အထည် ဖော်တာထက် စာလျှင် အကောင်အထည် ပေါ်လွယ်တဲ့ လုပ်ငန်းတွေကို မဟာဗျူဟာ လုပ်ငန်းစဉ်ထဲကို ပြန်ထည့် နေရသလို ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်က ဆောင်ရွက်ချက်တွေဟာ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း စနစ်တကျ အကောင်အထည် ဖော်တာထက် အလုပ်ဖြစ်နိုင်မယ့် အရာကို Ad hoc အကောင်အထည်ဖော်ခဲ့ရတာ များတယ်လို့ သုံးသပ်ပါတယ်။
◆ မနှစ်ကပေးခဲ့တဲ့ သမ္မတရဲ့ ကတိများနဲ့ ဒီနှစ် အကောင်အထည် ဖော်နိုင်မှု အခြေအနေ ဒွိဟများ
အခုဆိုရင် သမ္မတ ဦးဝင်းမြင့် သက်တမ်း တနှစ်တာ စွန်းစွန်း ကာလထဲမှာပါ။ တနှစ်တာအတွင်း အကောင်အထည် ဖော်ခဲ့တဲ့ ဆောင်ရွက်ချက်တွေမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး စတဲ့ လုပ်ငန်းတွေမှာ သိသိသာသာ ပြောင်းလဲမှုတွေ တွေ့နေရပါတယ်။ ဒါတွေဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ မူဝါဒရေးရာ တနှစ်တာ အားထုတ်ချက်ကို အသိအမှတ်ပြုစရာ ဖြစ်လာပါတယ်။
မနှစ်က သမ္မတ ဦးဝင်းမြင့် တာဝန်ယူကာစမှာ ဦးစားပေး ရည်မှန်းချက် ပန်းတိုင်သုံးရပ် ဖြစ်တဲ့ (၁) တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု၊ စီးပွား ဘဝ တိုးတက် မြင့်မားရေး၊ (၂) အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ (၃) ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် မနှစ်က မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းအရ သမ္မတရုံးက ဖော်ပြထားတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် (၁၁) ရပ်မှာ (၁) ပြုပြင်ပြောင်းလဲမှု နှောင့်နှေးသည့် ဌာနများကို ကြပ်မတ်ရေး၊ (၂) ယိမ်းယိုင်နေသည့် တရားစီရင်ရေး မဏ္ဍိုင်ကို တည့်မတ်ရေး၊ (၃) လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြှင့်တင် ကာကွယ်ရေး၊ (၄) မူးယစ်ဆေးဝါးများကို ပိုမို နှိမ်နင်းနိုင်ရေး၊ (၅) ပြည်သူ့ဘဏ္ဍာများ အလေအလွင့် မရှိအောင် စီမံခန့်ခွဲရေး၊ (၆) ဥပဒေမဲ့ သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေး၊ (၇) တောင်သူ လယ်သမားများ၏ လူမှုဘဝ တိုးတက် မြင့်မားရေး၊ (၈) အလုပ်သမားများ၏ ဘဝသာယာရေး၊ (၉) ကျောင်းသားလူငယ်များ အဆင့်မြင့် ပညာများ ဆည်းပူးခွင့်ရရှိရေး၊ (၁၀) အစိုးရ ပြုပြင် ပြောင်းလဲရေးနှင့် (၁၁) ဗဟိုချုပ်ကိုင်မှု လျော့ချရေး ဆောင်ရွက် သွားမယ်လို့ ပြောကြားခဲ့ပါတယ် (ပုံ-၁ ကို ကြည့်ပါ)
မနှစ်က မိန့်ခွန်းမှာ သက်ဆိုင်ရာ လုပ်ငန်းစဉ် (၁၁) ရပ်ကို အကောင်အထည်ဖော်ရာမှာ လျာထားချက်များကို အကြမ်းဖျဉ်း သော်လည်းကောင်း၊ ကိန်းဂဏန်းနဲ့ တိကျတဲ့ တိုင်းတာမှုများဖြင့် လည်းကောင်း ပြောခဲ့ပါတယ်။ ကိန်းဂဏန်း အားဖြင့် လာမယ့် နှစ်များမှာ ဝန်ထမ်း အိမ်ယာ ၁ သောင်းကျော် တည်ဆောက်ရန်၊ အမှုထမ်းများ၊ အရာထမ်းများ လစာ တိုးမြှင့် ပေးသွားမယ့် အစီအစဉ်၊ ၃၀၀၀ မဂ္ဂါဝပ် ရှိရာကနေ သုံးနှစ်အတွင်း မဂ္ဂါဝပ် ၆၀၀၀ အထိ တိုးမြှင့်ရန်၊ လျှပ်စစ်၊ ဓါတ်အား ဖြန့်ဖြူးရေးအတွက် ၅၀၀ KV လိုင်းကို တိုးချဲ့ဖြန့်ဖြူးပေးရန်၊ လာမယ့်နှစ် တနှစ် အတွင်း လမ်းမကြီးအတွက် မိုင်ပေါင်း ၁၀၀ ကျော် အသစ်ဖောက်လုပ်ရန်၊ မိုင် ၂၀၀ ကျော်ကို ကွန်ကရစ် (သို့မဟုတ်) ကျောက်လမ်း ခင်းရန်၊ မိုင် ၆၀၀ ကျော်ကို ကျေးလက် လမ်းသစ် ဖောက် လုပ်ရန်၊ ကြိုးတံတား ၂၉ စင်းကို သုံးလအတွင်း စစ်ဆေးပေးရန် စတဲ့ ဆောက်လုပ်ရေး ဆိုင်ရာ ဖြည့်ဆည်း ဆောင်ရွက်ရန် စသည်ဖြင့်ပါရှိပါတယ် (နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားမှ ကောက်နှုတ်ချက်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်)။ ထို့အတူ အခြား အကောင်အထည်ဖော်နိုင်မည့် အစီအစဉ်များကိုလည်း အရင်နှစ်မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားသွားပါတယ်။
အကောင်အထည်ဖော်မှု အခြေအနေကို တင်ပြရာမှာ အစိုးရ ယန္တရားကြီး တခုလုံးက လုပ်ငန်းဆောင်တာကို သိဖို့ထက် စာရင် မနှစ်က ပေးသွားတဲ့ သမ္မတရဲ့ ကတိကဝတ်တွေထဲမှာ ဘယ်အရာကတော့ဖြည့်ဆည်းပြီးပြီ။ ဘယ်အရာတွေကတော့ ဘယ်အဆင့် ရောက်နေပြီ စတဲ့ အချက်အလက်တွေဟာ ပို အရေးကြီးပါတယ်။
မနှစ်က မိန့်ခွန်းမှာ ကိန်းဂဏန်းအရ ဖော်ပြခဲ့တဲ့ လျှပ်စစ်ဓါတ်အားလိုင်း တိုးချဲ့မှု လျာထားချက်အရ အခြေအနေအရ တနှစ်ကာလအတွင်း ဘယ်လောက် မဂ္ဂါဝပ်အထိ တိုးမြှင့်ပြီးပါပြီ ဆိုတဲ့ သတင်းအချက်အလက်မျိုး၊ တနှစ်အတွင်း လမ်းမကြီးအတွက် မိုင်မည်မျှ ဖောက်လုပ်ခဲ့သည်၊ ကွန်ကရစ် (သို့မဟုတ်) ကျောက်လမ်း ခင်းနိုင်ခဲ့သည်၊ ကြိုးတံတား အစင်းရေ မည်မျှကို မနှစ်က ပြောကြားခဲ့သည့် အတိုင်း သုံးလ အတွင်း စစ်ဆေးပေးခဲ့ခြင်း ရှိ မရှိဆိုတဲ့ အခြေအနေတွေကို ဒီနှစ်မိန့်ခွန်းမှာ ပါဝင်သင့်ပါတယ်။ အဲဒီတော့မှ ပြီးစီးမှု အတိုင်းအတာ (Measures and Milestones) ကို လုပ်ငန်းစဉ် (၁၁) ချက်၊ မူဝါဒပန်းတိုင် (၃) ရပ် နဲ့ ချိတ်ဆက်ပြီး သဘောပေါက်နိုင်ပါ့မယ်။ အဲဒီအချက်အလက်တွေကိုတော့ ဒီနှစ်မိန့်ခွန်းမှာ မတွေ့မိပါဘူး။ အဲဒီအတွက် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ အလုပ်ဖြစ်မဖြစ်၊ မနှစ်က ပြောခဲ့တဲ့ ကိန်းဂဏာန်းများနဲ့ ဒီနှစ်ပြီးစီးမှု ချိန်ထိုးဖို့ရာ လွယ်လင့်တကူ မဖြစ်နိုင်ပါဘူး။
◆ ချမှတ်ထားတဲ့ အစီအစဉ်နှင့် လက်တွေ့ မူဝါဒပြဿနာ ဖြေရှင်းနေပုံ ကွဲလွဲမှု ဒွိဟ
NLD အစိုးရက တာဝန်ယူထားတဲ့ သုံးနှစ်တာ ကာလ တလျောက်လုံးမှာ ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက် တည်တံ့နေရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လမ်းပြမြေပုံများ ချမှတ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ၂၁ ရာစု ပင်လုံညီလာခံကနေတဆင့် ဆောင်ရွက်နေသလို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လူထုတွေ့ဆုံပွဲတွေမှာ ငြိမ်းချမ်းရေး စကားဝိုင်း၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေး စတဲ့ ငြိမ်းချမ်းရေးကို ခေါင်းစဉ်တွေအမျိုးမျိုးနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ပါတယ်။
ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အတွက် အစိုးရသာမက တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့မှုအဖွဲ့အစည်းများကလည်း တခဲနက် ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း နည်းပညာပိုင်းရော၊ ငွေရေးကြေးရေးအပိုင်းကပါ ထောက်ပံ့ပေးကြပါတယ်။
ဖယ်ဒရယ်ကို အခြေခံတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ လက်တလောမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အဟန့်အတား ဖြစ်စေပါတယ်။ ဒါ့ကြောင့် ၂၁ ရာစု ပင်လုံ ညီလာခံမှသည် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး အတွက်ပါ ဆောင်ရွက်သွားမယ်လို့ လူထုကို ကြေညာ ထားတာကြောင့် ပြည်သူလူထုကလည်း အထူးပဲ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် သမ္မတရဲ့ မိန့်ခွန်းမှာ ပထမဦးဆုံး ပြောသွားတာက ငြိမ်းချမ်းရေး ဖြစ်စဉ် အကြောင်း မဟုတ်ခဲ့ပါဘူး၊ နောက်ဆုံးအချက် အနေနဲ့သာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အလားတူပဲ အရင်နှစ် မိန့်ခွန်းမှာလဲ ငြိမ်းချမ်းရေး ဖြစ်စဉ် အကြောင်း ထည့်သွင်း ပြောကြားသွားတာ မရှိခဲ့ပါဘူး။ ဒါကြောင့် မိန့်ခွန်းရဲ့ မူဝါဒ အလေးပေးမှုဟာ လက်တွေ့ မြေပြင်ပေါ်မှာ ရှိတဲ့ မူဝါဒ ဦးစားပေးမှုနဲ့ အနည်းငယ် ကွဲလွဲမှု ရှိပါတယ်။
တခါ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ချိတ်ဆက်ထားတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရဲ့ အဓိက မဲဆွယ်မှု ကတိလည်း ဖြစ်ခဲ့တဲ့ အတွက်ကြောင့် ပြည်သူတွေရဲ့ စိတ်အဝင်စားဆုံး ဖြစ်နေခဲ့ပေမယ့် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အတွက် အားထုတ်နေတာတွေ ကိုတော့ မပြောသွားခဲ့ပါဘူး။ အဲဒီတော့ သမ္မတကြီးရဲ့ မဟာဗျူဟာ ရည်မှန်းချက် ပန်းတိုင် နံပတ် သုံးအချက် ဖြစ်တဲ့ “ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး”တို့ကို ဆောင်ရွက်သွားဖို့ရာ ဘယ်အခြေအနေ ရောက်ပြီလဲ၊ အောင်မြင်နိုင်မှု အတိုင်းအတာ ဘယ်လောက်ရှိပြီလဲ ဆိုတာ နားလည်ဖို့ရန် ဒွိဟဖြစ်စရာပါ။
သမ္မတရဲ့ မိန့်ခွန်းထဲမှာ အရင်ဦးဆုံး တင်ပြသွားတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကိစ္စဟာ သမ္မတအနေနဲ့ အားရ ကျေနပ်မှု ရှိတဲ့ ဆောင်ရွက်ချက်ဖြစ်ခဲ့ ဟန်တူပါတယ်။ ဒါပေမယ့် အဂတိတိုက်ဖျက်ရေးဟာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် (၁၁) ချက်မှာ ခေါင်းစဉ်ကြီး တခု အနေနဲ့ ပါဝင်တာ မဟုတ်ပါဘူး။ အဲဒီထဲက ဒုတိယမြောက် အချက်ဖြစ်တဲ့ “တရားရေး မဏ္ဍိုင်ကို တည့်မတ်ဖို့ အတွက် အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းငန်းစဉ် တရပ်” အဖြစ်သာ ပါရှိပါတယ်။
ဒါပေမယ့် တကယ် တမ်းလက်တွေ့မှာ အကောင်အထည် ဖော်ခဲ့တဲ့အ ခါမှာ တရားရေး မဏ္ဍိုင်တွင် သာမက မဏ္ဍိုင် သုံးရပ်စလုံး အတွက် ထိန်းကျောင်းမှု ဖြစ်သင့်ပါတယ်။ လက်တွေ့မှာလည်း အဂတိ တိုက်ဖျက်ရေးဟာ မဏ္ဍိုင် သုံးရပ်စလုံး အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲရေး အတွက် ချမှတ်ထားတဲ့ အစီအစဉ် ပါရှိတဲ့ အချက်နဲ့ လက်တွေ့ မူဝါဒ အလေးသာမှု အခြေအနေ ကွဲလွဲချက်တွေ ရှိနေတယ် ဆိုတာကို ဖော်ပြနေပါတယ်။ မနှစ်က ချမှတ်သွားတဲ့ လုပ်ငန်းစဉ် (၁၁) ချက်ရဲ့ အလုပ်ဖြစ်နိုင်ချေကို တနှစ်အတွင်း အကောင်အထည် ဖော်မှုတွေနဲ့ ပြန်ယှဉ်ထိုးကြည့်ရင် အစီအစဉ်ပါတာတွေနဲ့ တကယ်လုပ်ခဲ့တာတွေ အံ့ဝင်ခွင်ကျ ဖြစ်မနေတာဟာ ပန်းတိုင်- လုပ်ငန်းစဉ်- ဆောင်ရွက်ချက် တို့ ချိတ်ဆက်မှု မရှင်းလင်းတာကြောင့် ဖြစ်ရတယ်လို့ ယူဆပါတယ်။
◆ ပန်းတိုင်- လုပ်ငန်းစဉ်- ဆောင်ရွက်ချက်တို့ ချိတ်ဆက်မှု ပြဿနာများ
သမ္မတကြီး ချမှတ်ထားတဲ့ ဦးစားပေး ရည်မှန်းချက် ပန်းတိုင်တွေ (Policy Goals) နဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် (Reform Strategy) တွေနဲ့ ဘယ်လို အချိတ်အဆက် ရှိတာလဲ။ မဟာဗျူဟာ လုပ်ငန်းစဉ် (၁၁) ချက်ထဲက ဘယ် Reform Strategy အချက် ကတော့ ဘယ်ရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည် ဖော်ဖို့အတွက် ချမှတ်သလဲဆိုတာ ဒီနေ့အချိန်ထိ မသဲကွဲပါဘူး။ လက်လှမ်း မီသလောက် လေ့လာကြည့်လျင် အစိုးရ ထုတ်ပြန်ချက်တွေမှာ ရည်မှန်းချက် ပန်းတိုင်ကို သီးသန့်တင်ပြထားပြီး၊ လုပ်ငန်းစဉ် (၁၁) ချက်က သီးသန့်တင်ပြလေ့ ရှိပါတယ်။ နောက်ပြီး ဘယ်လုပ်ငန်းစဉ်ဟာက ဘယ်ဦးစားပေး ပန်းတိုင်ထဲမှာ ပါလို့၊ ဆောင်ရွက်ချက်တွေ၊ ပြီးစီးမှု အတိုင်းအတာတွေ (Measures and Milestones) ကို ဘယ်လို တိုင်းတာ ရမလဲဆိုတာ မသိကြပါဘူး။ သွားချင်တဲ့ နေရာ ရည်မှန်းချက် ပန်းတိုင်ကို သိပေမယ့် ဘယ်လို ရောက်အောင် သွားမလဲ၊ မရောက်ခင် လိုအပ်တဲ့ မှတ်တိုင်လေးတွေက ဘာတွေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ချိတ်ဆက်မိဖို့လိုပါတယ်။
မြန်မာ နှစ်ဆန်းတရက်နေ့က ထုတ်ပြန်တဲ့ သမ္မတမိန့်ခွန်းပါ အချက် (၁၅)
ချက်ကို ဖော်ပြတဲ့ ပုံကားချပ်ကို ကြည့်ပြီး ပန်းတိုင် သုံးရပ်၊ လုပ်ငန်းစဉ်
(၁၁) ချက်နဲ့ ဘယ်လို ချိတ်ဆက်နားလည် ရမလဲ ဆိုတာ မသဲကွဲပါဘူး။
အကောင်အထည်ဖော်ခဲ့တဲ့ အချက် (၁၅) ချက်ကို သက်ဆိုင်ရာ လုပ်ငန်းစဉ်များ၊
ထိုမှတဆင့် မူဝါဒ ပန်းတိုင်တို့နှင့် တွဲကာ အောက်တွင် ဖော်ပြထားပါတယ် (ပုံ – ၂
ဇယားကို ကြည့်ပါ)။
ပုံ (၂) ပန်းတိုင်- လုပ်ငန်းစဉ်- ပြီးစီးမှု အတိုင်းအတာတို့ ချိတ်ဆက်မှု ပြပုံ
တနှစ်အတွင်း အကောင်အထည် ဖော်ခဲ့တဲ့ ဆောင်ရွက်ချက် (၁၅)ချက်ထဲမှာ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အခြေခံအဆောက်အဦနဲ့ လူမှုရေးစတဲ့ အချက် (၄)ချက်ဟာ မူလဖော်ပြထားတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် (၁၁) ချက် ဘောင်ထဲမှာ ရှိမနေပါဘူး။ ဒါပေမယ့် ယေဘုယျ သုံးသပ်ရင်တော့ ဒီအချက် လေးချက်ဟာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု၊ စီးပွား ဘဝတိုးတက်မြင့်မားရေးနဲ့ ဆက်စပ်နိုင်လို့ ရည်မှန်းချက်ပန်းတိုင် (၁) အနေနဲ့ ထည့်သွင်းဖော်ပြထားပါတယ်။
အချက် (၁၅) ချက်ထဲက နောက်ဆုံး အချက် ဖြစ်တဲ့ ငြိမ်းချမ်းရေးဟာ တကယ်တမ်းမှာ မဟာဗျူဟာ လုပ်ငန်းစဉ် ခေါင်းစဉ် တရပ် ဖြစ်သင့်ပါတယ်။ သူက ဆောင်ရွက်ချက် သက်သက် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သမ္မတ ချမှတ်ထားတဲ့ ကနဦး မဟာဗျူဟာ လုပ်ငန်းစဉ် (၁၁) ချက်မှာ မပါပါဘူး။ ဒါ့ကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ပန်းတိုင် အောက်မှာ တနှစ်အတွင်း ဆောင်ရွက်ချက် အဖြစ်သာ ထားပါတယ်။ (အစိုးရက အခြေခံဥပဒေပြင်ဆင်ရေးကို ငြိမ်းချမ်းရေးကနေ တဆင့် ဆောင်ရွက်မယ်လို့ ဆိုထားတဲ့အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေး ပန်းတိုင်နဲ့လည်း ပတ်သက်မှု ရှိပါတယ်)
အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက မိန့်ခွန်း ကောက်နှုတ်ချက် အရ
တနှစ်အတွင်း အကောင်အထည် ဖော်ခဲ့တဲ့ ဆောင်ရွက်ချက် အများစု (၁၄ချက်ဟာ) ဟာ
ဦးစားပေး ရည်မှန်းချက် ပန်းတိုင် နံပတ်(၁)ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးနှင့်
ပြည်သူများ၏ လူမှု၊ စီးပွား ဘဝတိုးတက် မြင့်မားရေး အတွက်သာ ဖြစ်နေပြီး
ရာခိုင်နှုန်းအားဖြင့် ဆိုရင် ၉၃ ရာခိုင်နှုန်း ရှိပါတယ်။ ရည်မှန်းချက် ပန်းတိုင်
(၂) ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးမှာ
အကျုံးဝင်တဲ့ ဆောင်ရွက်ချက် တချက် (အကောင်အထည်ဖော်မှုရဲ့ ၇ ရာခိုင်နှုန်း)
ဖော်ပြထားပါတယ်။ ရည်မှန်းချက် ပန်းတိုင် (၃) ဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက်
ဖော်ပြထားတာ မတွေ့ပါဘူး (ပုံ- ၃ ကိုကြည့်ပါ)။ ဆိုလိုတာကတော့ မနှစ်က
ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ ရည်မှန်းချက် ပန်းတိုင် (၁) ကိုသာ
ဦးစားပေးခဲ့တယ်လို့ နားလည်ရပါတယ်။ ဒါဟာ လက်တွေ့ နဲ့ ကွဲလွဲမှုရှိပါတယ်။
လုပ်ငန်းစဉ် (၁၁) အရ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပန်းတိုင် (၁) မှာ အကုန် ပုံအော ထားသလို ဖြစ်နေပါတယ်။ ပန်းတိုင် (၂) နဲ့ ပန်းတိုင် (၃) တို့ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းစဉ်တွေ၊ ပြီးစီးမှု အတိုင်းအတာပြ Measures and Milestone တွေ ထည့်သွင်းဖို့ လိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော် အဆင့်အနေနဲ့ တစိုက်မတ်မတ် အားသွန်ခွန်စိုက် အကောင်အထည် ဖော်လာတဲ့ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ငန်းစဉ် (၁၁) ချက်ထဲမှာ မတွေ့ရတဲ့အတွက် အဲဒီပန်းတိုင်တွေကို ရောက်အောင်သွားမယ့် မဟာဗျူဟာ လုပ်ငန်းစဉ်တွေ လိုအပ်နေပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် လက်ရှိ ဦးစားပေး ရည်မှန်းချက် ပန်းတိုင် Policy Goals သုံးချက်နဲ့ လုပ်ငန်းစဉ် (၁၁) ချက်ဟာ လက်တွေ့ ဆောင်ရွက်ချက်တွေကို တစုတစည်းထဲ ဖော်ပြနိုင်ဖို့ အတွက် မဖြစ်နိုင်သေးပါဘူး။ လုပ်ဆောင်ချက်တွေရဲ့ တစိတ် တပိုင်းသာ ခြုံငုံမိပါသေးတယ်။ လက်တွေ့လုပ်ဆောင်ချက်များရဲ့ နယ်ပယ်ဟာ အစီအစဉ်ထက် အများကြီး ကျယ်ပြန့်သွားတဲ့ ကိစ္စများရှိသလို မဟာဗျုဟာမှာ လုံးဝ မပါဝင်ခဲ့တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ တခါ ပန်းတိုင် မဟာဗျူဟာကို လုံးဝ အကောင်အထည် မဖော်နိုင်ခဲ့တာတွေလဲ ရှိပါတယ်။
ဒါတွေဟာ ပန်းတိုင်-မဟာဗျူဟာလုပ်ငန်းစဉ်- လုပ်ဆောင်ချက် အချိတ်အဆက် အားနည်းတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် အကောင်အထည်ဖော်ရာမှာလည်း ပန်းတိုင်၊ မဟာဗျုဟာကြောင့် စနစ်တကျ အကောင်အထည်ဖော်တာ မဟုတ်ဘဲ၊ အခြေအနေပေးတာကြောင့် အလုပ်ဖြစ်နိုင်တာကို အကောင်အထည်ဖော် သွားနိုင်ခဲ့တာများ (Ad hoc) လည်း ရှိပါတယ်။ ဒါကို မိန့်ခွန်းမှာ ရောထွေးပြီး ထည့်ထားတယ်လို့ သုံးသပ်ပါတယ်။
အစိုးရရဲ့ လုပ်ငန်းဆောင်တာများကို အခါသင့်လျှင် သင့်သလို နိုင်ငံ့ခေါင်းဆောင်ကြီးများ ကိုယ်တိုင် အသိပေးတာဟာ ပြည်သူကို တုန့်ပြန်နိုင်စွမ်းကောင်းတဲ့ အစိုးရတစ်ရပ် (Responsive government) ဖြစ်ပေါ်လာရေး အတွက် အထောက်အကူ ဖြစ်စေပါတယ်။ နိုင်ငံခေါင်းဆောင်များရဲ့ မိန့်ခွန်းများဟာ တိုတိုတုတ်တုတ် ရှင်းရှင်းလင်းလင်းပြောရတဲ့ အတွက် အချက်အလက်တွေ အကုန် ပါချင်မှ ပါနိုင်ပါ့မယ်။ ဒါပေမယ့် သမ္မတရုံး၊ အစိုးရဝန်ကြီးဌာန စတဲ့ အစိုးရဌာနများက ပြည်သူကို ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အခါအခွင့် သင့်လျှင် တင်ပြပေးဖို့ လိုပါတယ်။ တင်ပြပေးတဲ့ နေရာမှာတော့ အချက်အလက်များဟာ ပန်းတိုင်- မဟာဗျုဟာလုပ်ငန်းစဉ်- ဆောင်ရွက်ချက် ပြီးစီးမှု အချိတ်အဆက် ရှင်းလင်းဖိုနဲ့ ချမှတ်ထားတဲ့ အစီအစဉ်ဟာ လက်တွေ့ မြေပြင်မှာ မူဝါဒပြဿနာ ဖြေရှင်းနေမှုကို ထင်ဟပ်စေဖို့ အရေးကြီးပါတယ်။ ဒီလိုဖြစ်ဖို့ အကောင်အထည် ဖော်နေစဉ် ကာလမှာလည်း လက်ရှိ ချမှတ်ထားတဲ့ မူဝါဒ ပန်းတိုင်၊ လုပ်ငန်းစဉ် ခေါင်းစဉ်များရဲ့ “ဘောင်”တို့ကို လက်ရှိ လိုအပ်ချက် အခြေအနေနဲ့ ပြန်လည်သုံးသပ်သင့်ပါတယ်။
▬ ကျမ်းကိုးစာရင်း
နိုင်ငံတော် သမ္မတရုံး (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား။ (URL: http://www.president-office.gov.mm/…)။
နိုင်ငံတော် သမ္မတရုံး (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြည်ထောင်စုအစိုးရ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ (URL: https:// www.facebook.com/myanmarpresidentoffice.gov.mm/posts/1616573688390361)။
နိုင်ငံတော် သမ္မတရုံး (၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်)နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှ ကောက်နှုတ်ချက် (URL: http://www.president-office.gov.mm/…)။
ယခုဆောင်းပါးကို မေ ၄ ရက်ထုတ် The Voice Weekly Journal အတွဲ ၁၅၊ အမှတ် ၁၂၊ စာမျက်နှာ ၁၆ တွင် ဖော်ပြထားပါသည်။