NLD အစိုးရအနေနဲ့ ဝန်ကြီးအပြောင်းအလဲတွေ ဒီအချိန်မှာလုပ်ရင် အသင့်တော်ဆုံးလို့ ထင်တယ်

N

The Speaker သတင်းဂျာနယ်မှ အယ်ဒီတာချုပ် အွန်လိုင်းဝဏ္ဏက ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား မေးမြန်းခဲ့သည့် အင်တာဗျူးကို ပြန်လည် ဖော်ပြပါသည်။ အဆိုပါ အင်တာဗျူးကို ဒီဇင်ဘာ ၁၃ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၄ တွင် ဖော်ပြခဲ့သည်။

”အစိုးရတရပ်အနေနဲ့ ဒီလောက် ချွေတာစရာ မလိုဘူးလို့ ကျနော် ထင်တယ်။ အရေးကြီးတာက ရလဒ်ပြနိုင်ဖို့ပဲ။ ရလဒ် မပြနိုင်ဘူး ဆိုရင် နောက် ရွေးကောက်ပွဲမှာ သူတို့ကို ဘယ်သူ မဲထည့်မှာလဲ။ ဒီတော့ ကိုယ်က ပိုက်ဆံ ချွေတာ မှာလား၊ ရလဒ်ပေါ်အောင် လုပ်မှာလား ဆိုတာ သေသေချာချာ စဉ်းစားဖို့ အရေးကြီးတယ်လို့ မြင်တယ်” ဟု ပြောဆို ခဲ့သူ ဦးအောင်သူငြိမ်းနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

Speaker – လူထုက မျှော်လင့်ချက် ကြီးစွာနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတယ်။ ပြုပြင်ပြောင်းလဲမှု များစွာကိုလည်း မျှော်လင့် ခဲ့ကြတယ်။ ဒါပေမဲ့ NLD အစိုးရ သက်တမ်း နှစ်နှစ်ပြည့်တော့မယ့် အချိန်မှာ “ဟင်ကနဲ၊ ဟာကနဲ” ဖြစ်သွားမယ့် ပြုပြင်ပြောင်း လဲမှုမျိုး လုပ်နိုင်တာ မတွေ့ရသေးဘူး။ ဒါနဲ့ ပတ်သက်ပြီး ကိုအောင်သူငြိမ်းရဲ့ အမြင်ကို ပြောပါဦး။
UATN – အခြားသူတွေကတော့ NLD က အစိုးရ ဖြစ်လာရင် ပြည်သူ့အစိုးရ ဆိုပြီး ပို မျှော်လင့်ထားတဲ့ သဘောရှိတယ်။ ကျနော် ကတော့ သိပ်များများ မမျှော်လင့်ဘူး။ ဒါပေမယ့် NLD က အစိုးရ ဖြစ်လာရင် တချို့ကိစ္စတွေ လုပ်နိုင်မယ်လို့ ထင်တယ်။
ဦးသိန်းစိန် လက်ထက်က စပြီးတော့ လစ်ဘရယ် လိုက်ဇေးရှင်း (Liberalization) တံခါး ဖွင့်ခဲ့တယ်။ ဒီတော့ NLD အစိုးရ လက်ထက်မှာ ဒီတံခါးကို ပိုပြီး ဖွင့်နိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။  နောက်ပြီး ဦးသိန်းစိန်ခေတ်မှာ တယ်လီဖုန်း ကိစ္စ၊ ကားကိစ္စနဲ့ လမ်းကိစ္စတွေကို လုပ်ပေးခဲ့ တယ်။ ဒီတော့ NLD အစိုးရက ဆက်သွယ်ရေးနဲ့ လမ်းပန်း ပွင့်သွားတဲ့ အခြေအနေပေါ် မူတည်ပြီး စီးပွားရေး နည်းနည်းတက်လာအောင် လုပ်နိုင်မယ်လို့ ထင်တယ်။ နောက်ပြီး ငွေထုပ်ကြီးတွေ ထမ်းပြီး ဟိုဘက်သွား၊ ဒီဘက်သွား လုပ်နေရတဲ့ အခြေအနေ (Cash Economy) မျိုးကို ကျော်နိုင်တဲ့ Bank Card နဲ့ Check ရေးတဲ့ စနစ်မျိုးကို ပြောင်းလာလိမ့်မယ်လို့ ကျနော် ထင်တယ်။ နောက်ပြီးတော့ ပညာရေးနဲ့ အုပ်ချုပ်ရေး ပိုင်းမှာလည်း အပြောင်းအလဲ နည်းနည်းလုပ်နိုင်မယ်လို့ ကျနော် ထင်တယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေကို ပြန်ကြည့်ရင် NLD အစိုးရ နှစ်နှစ် သက်တမ်းအထိ သိပ်မထူးတဲ့ ပုံစံမျိုး တွေ့ရပါတယ်။ အချို့ကိစ္စတွေက နောက်ပြန်ဆုတ် သွားတာ တွေ့ရပါတယ်။

Speaker – ဒီလို NLD အစိုးရ နှစ်နှစ်ပြည့်တော့မယ့် အချိန်မှာ ပြည်သူတွေ၊ မီဒီယာတွေနဲ့ ကာတွန်းဆရာတွေက အခွန်ပဲ လှိမ့် ကောက်နေတယ်လို့ ဝေဖန်ကြတယ်။ အခွန် အရမ်း ကောက်တာနဲ့ ပတ်သက်ပြီး အပြင်လူတွေ ပြောလာတာတောင် အခွန်ကောက် တာကို အစိုးရက ဘာလို့ အတင်း အကောင်အထည်ဖော်နေ (Drive) ရတာလဲ။
UATN –  ပြီးခဲ့တဲ့ ဦးသိန်းစိန် ကာလ နောက်ပိုင်း ကစပြီး ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာက တိုက်တွန်းလို့ အစိုးရရဲ့ မူဝါဒမှာ ညီမျှတဲ့ ဘတ်ဂျတ် အသုံးပြုမှု မူဝါဒ (Balance Budget Policy) ဖြစ်သွားတယ် ထင်တယ်။ ဝင်ငွေနဲ့ ထွက်ငွေမျှတဲ့ ဒီလို ဘတ်ဂျက် မူဝါဒမျိုး သုံးမယ် ဆိုပေမယ့် ကျနော်တို့ နိုင်ငံက အခွန်ရတာ နည်းတယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရ မဆင်းခင် ကာလကတည်းက အခွန် တိုးကောက်မယ် ဆိုပြီး ပြင်ဆင် သွားတာတွေ ရှိတယ်။ ဒီတော့ အဲဒီလို ပြင်ဆင် သွားတာကို ဒေါ် အောင်ဆန်းစုကြည် အစိုးရက ဆက်ပြီးတော့ တက်တက်ကြွကြွ အကောင်အထည် ဖော်တဲ့ ပုံစံမျိုး ဖြစ်သွားတာ။ ကျနော်ကတော့ ဘတ်ဂျက် မူဝါဒတစ်ခုကို အစိုးရက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ရှိတယ်လို့ မြင်တယ်။ ဆိုလိုတာက အစိုးရအနေနဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်အရ ဘတ်ဂျတ် အများကြီး သုံးမယ်ဆိုရင် သုံးခွင့် ရှိသလို တိုင်းပြည်ရဲ့ ဝင်ငွေ၊ ထွက်ငွေမျှအောင် ဘတ်ဂျက်ကို ချွေချွေတာတာ သုံးမယ် ဆိုရင်လည်း သုံးခွင့်ရှိတယ်။ ဒါပေမဲ့ အစိုးရကိုယ်တိုင်ရဲ့ သူတို့ ဘာလုပ်မယ် ဆိုတဲ့ မျှော်မှန်းချက် (Vision) က သိပ်မရှင်းလှဘူး။ ဒီတော့ နောက်ဆုံး အခွန်တော့ တိုးကောက်တယ်၊ ဘတ်ဂျတ် (ပိုက်ဆံ) ကိုတော့ တတ်နိုင်သလောက် ခြစ်ချုတ် ချွေတာသုံးတယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ ဒီထက် ထူးထူးခြားခြား မြင်ရတာတော့ မရှိပါဘူး။

Speaker –  ပြည်သူတွေ စီးပွားရေး မကောင်းဘူး။ စီးပွားရေး အရမ်း ဆုတ်ယုတ်နေတယ်။ ဒါကို ထောက်ပြထားတဲ့ အချက် အလက်တွေ၊ ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေလည်း ရှိတယ်။ အခွန်ပဲ လှိမ့်ကောက်နေတာက ပြဿနာ တခုလို့လည်း ပြောနေကြတယ်။ နှစ်ပေါင်းများစွာ အတွင်း ဒီကာလမှာ ပြည်သူ့မဲနဲ့ တက်လာတဲ့ အရပ်သား အုပ်ချုပ်ရေး စနစ် မြန်မာနိုင်ငံမှာ ပထမဆုံး ပေါ်ထွက်လာတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ဟာ အားရ ကျေနပ်လောက်စရာ မရှိဘူးဆိုတဲ့ ဝေဖန် မှုတွေလည်း ဒီနေ့ ဒီ အချိန်မှာ ရှိနေတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကလည်း လည်နေတယ် (မရသေးဘူး)။ ရခိုင်အရေးပေါ်လာတော့ တပူပေါ် နှစ်ပူဆင့်သွားတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကလည်း ထူးထူးခြားခြား တက်မလာပဲ ပုံမှန်လောက်ပဲ ရှိတယ်။ ဒီတော့ NLD အစိုးရ ရှေ့မရောက်တာဟာ အလုပ်သစ်တွေ မလုပ်နိုင်ဘဲ ရှိနေတဲ့ ပြဿနာဟောင်းတွေပဲ လိုက်ရှင်းနေရလို့ဆိုပြီး ဝေဖန် လာကြတယ်။ ဒါကို ကိုအောင်သူငြိမ်း ဘယ်လိုမြင်လဲ။
UATN – 
ဒီလိုမျိုးက ရွေးကောက်ပွဲ နိုင်ပြီး စတက်လာတဲ့ တစ်ခြား နိုင်ငံတွေက အစိုးရတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးက ဘဲပေါက် စလေး ခြေထောက် ယိုင်ယိုင်နဲ့ လမ်းစလျှောက်တဲ့ သဘောမျိုးပဲ။ ဒီတော့ အစိုးရတွေက ပထမဆုံး သင်ကြားရေး အတွက် (Learning Process) တစ် နှစ်၊ နှစ်နှစ်လောက် အချိန်ယူရတယ်။ ဒါပေမဲ့ အစိုးရ သဘောသဘာဝကို နားလည်လာလို့ အလုပ် လုပ်မယ် လည်းဆိုရော နောက်ထပ် ရွေးကောက်ပွဲက နီးနေတာမျိုး ဖြစ်တတ်တယ်။  ဒီတော့ အခု NLD အစိုးရ သက်တမ်းက တစ်ဝက် ကျိုးခါနီး ဖြစ်သွားပြီ။ အစိုးရအနေနဲ့ ဒီကာလမျိုးမှာ ဘယ်လို လုပ်ရကိုင် ရမလဲဆိုတာ နည်းနည်း သဘောပေါက်လာသလို အမှားအမှန်တွေလည်း တွေ့လာပြီ။ ဒီတော့ အစိုးရတွေ အနေနဲ့ ဒီအချိန်မျိုးမှာ ဘောလုံး အသင်းတသင်းရဲ့ ဘောလုံးပွဲတပွဲ မှာ ခြေမပေါ်တဲ့ လူထုတ်ပြီး ခြေပေါ်တဲ့ လူထည့်သလို ဝန်ကြီး အပြောင်းအလဲတွေ လုပ်ကြတာ များတယ်။ ဒါကြောင့် NLD အစိုးရအနေနဲ့ ဝန်ကြီး အပြောင်းအလဲတွေ ဒီအချိန်မှာ လုပ်ရင် အသင့်တော် ဆုံးလို့ ကျနော် ထင်တယ်။ ဒါပေမဲ့ ကျနော်ကြားတဲ့ သတင်းအရ NLD အစိုးရက ဒီလို ဝန်ကြီး အပြောင်းအလဲ လုပ်ချင်တဲ့ သဘော သိပ်မရှိဘူး။ ဒီတော့ နောက်တစ်ခါ ရွေးကောက်ပွဲနဲ့ ကပ်သွားရင် NLD အစိုးရ အနေနဲ့ နောက် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရတာနဲ့ အလုပ်လုပ်ဖို့ အချိန်သိပ်ရမှာ မဟုတ်တော့ဘူး။ ဒီတော့ NLD အစိုးရ အလုပ် တကယ် လုပ်မယ်ဆိုရင် နောက်တနှစ်၊ နှစ်နှစ်ပဲ အ ချိန် ရှိတော့တယ်။ နောက်ပြီး အလုပ်လုပ်ရင် အစိုးရက ရလဒ်ထွက်အောင် လုပ်ပြဖို့တော့ လိုမယ်။ ပါးစပ်ပြောနဲ့ မဟုတ်ဘဲ ရလဒ်ပေါ်မှ နောက် ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးမှာပေါ့။

Speaker – အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ကို ပြောပါဆိုရင် ဘာကိုပြောမလဲ။
UATN  – အကောင်းဆုံးကို ပြောမယ်ဆိုရင် ဥပဒေပိုင်းမှာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက လုံခြုံရေးနဲ့ပတ်သက်တဲ့ ဥပဒေ ထွက်လာသလို ဖိနှိပ်ရေး ဥပဒေတွေလို့ ပြောလို့ရတဲ့ အချို့ ဥပဒေတွေ ရုပ်သိမ်းလိုက်တယ်။ ဒါပေမယ့် လူတဦးချင်းစီရဲ့ ပုဂ္ဂလိက လုံခြုံရေးနဲ့ ပတ်သက်တဲ့ အဲဒီ ဥပဒေကို ဘယ်လို အသက်ဝင်အောင် အကောင်အထည်ဖော်မလဲ ဆိုတဲ့ မေးခွန်းတခုတော့ ရှိတယ်။
နောက်တခုကတော့ သံတမန်ရေး အပိုင်းပေါ့။ အစောပိုင်းမှာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှု (Sanction) တွေ ပွင့်သွားပြီး နိုင်ငံတကာနဲ့ ပြန်ချိတ် ဆက်နိုင်တယ်ပေါ့။ ဒါပေမဲ့ နောက်တကျော့ ပြန် ပိတ်ဆို့ခံရမယ့်၊ အရေးယူခံရမယ့် ပုံစံမျိုး အခုပြန်ရောက်နေတော့ ပိတ်ဆို့မှုတွေ ပွင့်သွားတယ်ဆိုတာ ပြန်ကျေပျက်သွားသလို ဖြစ်တာပေါ့။ ကျန်တဲ့အပိုင်းဆိုရင်တော့ သိပ်ထူးထူးခြားခြား မတွေ့ဘူးဗျ။ ဥပမာ အားဖြင့် အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကို ဘယ်လို အကောင်အထည်ဖော်မယ် ဆိုတဲ့ မဟာဗျူဟာတွေ ထွက်လာတယ်။ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွေပေါ့။ တကယ်တော့ အရင်လူတွေ ပြုစုထားတဲ့ မဟာဗျူဟာတွေကို ဒီလူတွေက အတည်ပြုပြီး ထုတ်လိုက်တာ။ ဒါပေမဲ့ ဒီမဟာဗျူဟာတွေကို သက်ဆိုင်ရာ ကဏ္ဍတွေမှာ ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ အဆင့်နဲ့ လုပ်ငန်းစဉ်တွေကို သေသေ ချာချာ မတွေ့ရသေးဘူး။

Speaker – ဒီတော့ ဒီနေ့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ရှေ့မ ရောက်ဘဲ ဘာကြောင့် လွဲနေတာလဲ။
UATN  – ကျွန်တော်မြင်တဲ့ ပထမဆုံးအချက်က ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထဲ ဗဟိုချုပ်ကိုင်မှု (Centralization) လုပ်ထားလို့ပါ။ နောက်တချက်က ဘယ်ကို သွားမယ်ဆိုတဲ့ အစိုးရရဲ့ ရည်မှန်းချက် (Vision) က သေသေချာချာ မရှိတဲ့အခါ ဘာလုပ်ရမှန်း မသိဘဲ တချို့ကိစ္စတွေကို နားမလည်တာလည်း ပါတယ်။ တတိယ အချက်ကတော့ တာဝန်ပေးတဲ့၊ နေရာ ပေးတဲ့အခါ တချို့ နေရာတွေ လွဲနေတယ်လို့ မြင်တယ်။ ဥပမာပြောရရင် ကျနော်တို့ နိုင်ငံမှာ လျှပ်စစ်ဟာ အရေးကြီးတယ် ဆိုတာ လူတိုင်းသိတယ်။ လျှပ်စစ်မီး မရှိရင် ဘာမှ လုပ်လို့ မရသလို ဖွံ့ဖြိုးရေးလည်း ခက်၊ ရင်းနှီးမြှုပ်နှံဖို့ (Investment) လည်း ခက်တယ်။ အရင် အစိုးရလက်ထက်တုန်းက လျှပ်စစ် ဝန်ကြီးဌာန (၁)၊ (၂)နဲ့ စွမ်းအင် ဝန်ကြီးဌာန ရှိ တယ်။ အခု အစိုးရက အဲဒီဝန်ကြီးဌာန သုံးခု ပေါင်းပြီး ဝန်ကြီးအဖြစ် စွမ်းအင်ဘက်က ဦးဖေဇင်ထွန်းကို တာဝန်ပေးလိုက်တော့ လျှပ်စစ်ဘက်က လူ မပါဘူး။ အခု ဦးဖေဇင်ထွန်း အရေးယူ ခံရပြီး အငြိမ်းစား အပေး ခံရတယ်။ ဒီလို လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနမှာ ဝန်ကြီး မရှိတော့တဲ့အခါ အစိုးရက ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပေါင်းပြီး ဆောက်လုပ်ရေး ဝန်ကြီးကို သုံးခုလုံး ကိုင်ခွင့်ပေးတယ်။ ဒီတော့ ကျနော် ထင်တာက အဲဒီမှာ မနိုင်မနင်းတွေ ဖြစ်ပြီး အရေးကြီးတဲ့ ကဏ္ဍအချို့ကို မချုပ်ကိုင်မိတဲ့ ပြဿနာမျိုး ရှိနေတယ်လို့ ထင်တယ်။ နောက်ပြီး စိုက်ပျိုးရေး ကဏ္ဍမှာ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ သမဝါယမ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကို တွဲလိုက်တယ်။ ဒီလို သွားတွဲ လိုက်တဲ့ အခါ ဝန်ကြီးဌာနက သိပ်ကြီးသွားပြီးတော့ ကိုင်ရ၊ တွယ်ရ တော်တော်ခက်တဲ့ အနေအထားမျိုး ရှိသွားတယ်။
ပြီးတော့ ဒုဝန်ကြီးတွေကို မခန့်ဘူး ဆိုတော့ ဘာလို့ မခန့်တာလဲ။ ပိုက်ဆံ ချွေတာချင်ရုံ သက်သက်လား။ ဒါဆိုရင်တော့ အစိုးရ တစ်ရပ်အနေနဲ့ ဒီလောက် ချွေတာစရာ မလိုဘူးလို့ ကျနော် ထင်တယ်။ အရေးကြီးတာက ရလဒ်ပြနိုင်ဖို့ပဲ။ ရလဒ် မပြနိုင်ဘူးဆိုရင် နောက် ရွေးကောက်ပွဲမှာ သူတို့ကို ဘယ်သူ မဲထည့်မှာလဲ။ ဒီတော့ ကိုယ်က ပိုက်ဆံချွေတာမှာလား၊ ရလဒ် ပေါ်အောင်လုပ်မှာလားဆိုတာ သေသေချာချာ စဉ်းစားဖို့ အရေးကြီးတယ်လို့ မြင်တယ်။

Speaker –  ပြည်သူ အများစုကြားမှာ NLD အစိုးရကို စောင့်ကြည့်ပါဦး၊ NLD အစိုးရကို စောင့်ကြည့်ဦးမယ်၊ NLD အစိုးရ လုပ်ပါစေဦးလို့ ပြောနေကြတယ်။ နှစ်ပေါင်း ငါးဆယ်ကျော် အာဏာရှင် စနစ်အောက်မှာ နေခဲ့ရတော့ NLD အစိုးရ ဘာလုပ်လုပ် ခွင့်လွှတ်တယ် ဆိုတဲ့ လူတွေလည်း ရှိတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ပေါ်မှာ အနစ်နာခံခဲ့လို့ NLD ကို မပြောရဘူး၊ မပြောရဲဘူး လို့ တစ်ချို့က ပြောကြတယ်။ ဒီတော့ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
UATN – စက်ရုံတရုံရဲ့ သဘောအရ ပြောရရင် ထည့်သွင်းမှု (Input) နဲ့၊ ထုတ်လုပ်မှု ရလဒ် (Output) ဆိုပြီး နှစ်မျိုးရှိတယ်။ ကျနော်တို့ မြန်မာ လူမျိုးတွေက သူက စွန့်လွှတ်ထားတာ၊ သူက အနစ်နာခံထားတာ၊ သူက စေတနာနဲ့ လုပ်နေတာဆိုပြီး ထည့်သွင်းမှု (Input) ကိုပဲ ကြည့်ကြ တယ်။ ပြီးတော့ မှားရင်လည်း စေတနာနဲ့ လုပ်လို့ စေတနာ အမှားပါလို့ ပြောကြတယ်။ ဒီတော့ ဘာ တွေဖြစ်သွားသလဲ၊ ဘာရလဒ် ထွက်လာသလဲ၊ ဘာတွေ အကောင်အထည် ပေါ်သလဲ၊ ဘာအောင်မြင် သလဲဆိုတဲ့ ထုတ်လုပ်မှု ရလဒ်ပိုင်း (Output)ကို ကြည့်တာ နည်းတယ်။ ဒါကြောင့် သူက စေတနာ ပါပါ တယ်၊ စောင့်ကြည့်ပါဦးလို့ ပြောတဲ့သူ များနေတာ။

Speaker –  ဒီတော့ တိုင်းပြည် ခေါင်းဆောင်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသတင်းစကား ပါးချင်လဲ။
UATN  – ကျနော် ပါးချင်တဲ့ သတင်း စကားကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်က အရေးကြီးပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်မှု (Leadership) ကို တည်ဆောက်တဲ့ အခါ ကျန်တဲ့ ခေါင်းဆောင် အားလုံးကို ကြည့်ဖို့ လိုတယ်လို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲနဲ့ မရပါဘူး။ နောက်ပြီး အဖွဲ့အစည်း ယန္တရား စနစ်တွေ (Institutions) ကို သေချာ ထူထောင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အခု လုပ်နေတာတွေမှာ အဖွဲ့အစည်း ယန္တရား စနစ်တွေကို လျစ်လျူရှုတာ၊ မထီမဲ့မြင်လုပ်တာ တွေ တွေ့ရတယ်။ အဲဒါက ဒီမိုကရေစီအတွက် အလားအလာ မကောင်းဘူးလို့ ထင်တယ်။ နောက်တခုက ပါတီတွေဟာ ရွေးကောက်ပွဲမှာ သူနိုင် ကိုယ်နိုင် ပြိုင်ရလို့ ကိုယ့်ပါတီကို တင်ရတာ (ကိုယ့်ပါတီ အနိုင်ရဖို့ ကြိုးစားရတာ) ပဲ။ ဒါပေမဲ့ ကိုယ်နိုင်သွားပြီ ဆိုရင် ရွေးကောက်ပွဲ ပြီးတာနဲ့ တစ်မျိုးသားလုံး ပြည်လည် ညီညွတ်ရေး အတွက် သူတို့ကို (ရှုံးတဲ့ပါတီတွေကို) ခေါ်တွေ့ရမယ်။ ဦး သိန်းစိန် သမ္မတ ဖြစ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကြိုးစားရတာပဲ။ ပြီးတော့ ပြဿနာတွေ ကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ လေးပွင့်ဆိုင် တွေ့ဖို့၊ ခြောက်ပွင့်ဆိုင် တွေ့ဖို့တွေ ကြိုးစားရတာပဲ။ အခု NLD နိုင်သွားတဲ့အချိန်မှာ ရခိုင်အရေးဖြေရှင်းဖို့ ရခိုင် ပါတီတွေနဲ့ မတွေ့နိုင်ဘူးလား၊ ငြိမ်းချမ်းရေးအတွက် ကျန်တဲ့ မြေပေါ်ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ဒီထက် ပိုပြီးတွေ့ဖို့ မလိုအပ် ဘူးလားဆိုတာ ပြန်စဉ်းစားဖို့ လိုပြီ။ ကိုယ်က နိုင်ပြီးတဲ့အတွက် သဘောထားကြီးကြီးနဲ့ ပိုပြီး လက်တွဲ လုပ်နိုင်တဲ့ဟာမျိုး သွားသင့်တယ်လို့ ထင်တယ်။ ဒါပေမဲ့ အခု NLD က ပြည်သူလူထု ထောက်ခံမှုအပြည့်ရှိတဲ့ ပါတီကြီး ဆိုတဲ့ ပုံစံမျိုး လုပ်နေလား၊ ပါတီစွဲ သိပ်ကြီးနေလားလို့ တွေးမိတယ်။ ဒီလိုပဲ သွားနေမယ်ဆိုရင် ကျနော်တို့မှာရှိတဲ့ ပြဿနာတွေ၊ လုပ်ရမယ့်လုပ်ငန်းတွေ မအောင်မြင်နိုင်ဘူး။ ကျနော်တို့ဆီမှာ နည်းပညာအရ၊ ငွေကြေးအရ ဘက်ပေါင်းစုံ လိုအပ်ချက်တွေ ရှိနေတယ်။ ဒီလို အနေအထားမှာ နိုင်ငံတော် သမ္မတရုံးတို့၊ နိုင်ငံတော် အတိုင်ပင်ခံရုံးတို့လို့ အုပ်စု ကျဉ်းကျဉ်းလေး၊ လူနည်းနည်းလေးနဲ့ ဖြေရှင်းတာက အလုပ် မဖြစ်နိုင်ဘူးလို့ ကျနော် ထင်တယ်။ ဒါကြောင့် အသိုင်းအဝိုင်း ချဲ့ထွင်ပြီး ပြဿနာတွေ ဖြေရှင်းဖို့ စဉ်းစားသင့်တယ်လို့ ကျနော် ထင်တယ်။

Speaker – ဒီတော့ ခေါင်းဆောင်ဖြစ်သွားတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အင်အားစုတွေကို မစုစည်းနိုင်ဘူးဆိုတဲ့ သဘောလား။
UATN –  ဟုတ်တယ်။ အမှန်အတိုင်းပဲ ပြောရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အရှိန်အဝါနဲ့ ခေါင်းဆောင်မှုကိုပဲ ထူထောင်တယ်။ ကျန်တဲ့ သူတွေရဲ့ ခေါင်းဆောင်မှုနဲ့ အရေးပါမှုကို ပစ်ပယ်ထားတာ တွေ့ရတယ်။

Speaker –  ဘာများ ဖြည့်စွက် ပြောချင်လဲ။
UATN –  ဖြည့်စွက်ပြောချင်တာက ကျနော်တို့ သိပ်နှေး နေတယ်လို့ ထင်တယ်။ တရုတ်ပြည် သွားပြီး ပြန်လာတော့ ပိုးလမ်းမကြီး(OBOR) အတွက် တကယ့်ကို ခြေလှမ်းကြီးကြီး လှမ်းထားတာ တွေ့ရတယ်။ ကျနော်တို့မှာက သုတေသန လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေ မရှိကြဘူး။ ရန်ကုန် တက္ကသိုလ်မှာ တောင် ဘာ သုတေသနမှ မရှိဘူး။ ကျနော်တို့လို ပုဂ္ဂလိက သုတေသန အဖွဲ့တွေ (ISP လိုမျိုး) ကလည်း အနည်းအကျဉ်းပဲ ရှိတယ်။ ဒီတော့ ပိုးလမ်းမကြီး(OBOR) လို ကိစ္စမျိုးကို ဘာ သုတေသနမှ မရှိ ဘဲနဲ့ ကျနော်တို့ ဘယ်လို ရင်ဆိုင်မလဲ။ နောက်ကနေ ကျောထောက် နောက်ခံ ပြုထားတဲ့ အချက်အလက်တွေ မရှိဘဲ ခေါင်းဆောင် တယောက်ပဲ တရုတ်ကို သွားညှိတယ် ဆိုတာလည်း ဘယ်လိုမှ မဖြစ်သင့်ဘူး။ တရုတ်မှာ အင်တာနက် ဆိုတာက အင်တာနက်တင် မဟုတ်ဘူး ချိတ်ဆက်မှု အကုန်ပါတယ်။  အင်တာနက်နဲ့ ပညာရေး၊ အင်တာနက်နဲ့ ကျန်းမာရေး ချိတ်ဆက်ထားတယ်။ တရုတ်ရဲ့ ကျေးလက် ကျန်းမာရေးဌာနတစ်ခုမှာ သူတို့ မလုပ်နိုင်တဲ့ ကိစ္စတစ်ခုကို အင်တာနက်နဲ့ အထက်ကို လှမ်းမေးတဲ့ အခါ အချို့ ဓာတ်မှန်တွေကို အထက်က အင်တာနက်နဲ့ ကြည့်ပြီး ဘယ်လို ကုသသင့်လဲ ဆိုတာ ပြန်ညွှန်ကြားပေးတယ်။ နောက်တခါ အင်တာနက်နဲ့ သယ်ယူ ပို့ဆောင်ရေး၊ အင်တာနက်နဲ့ ဂြိုလ်တု မြေပုံစနစ်ကို ဘယ်လို ချိတ်ဆက်မလဲ စဉ်းစားရမယ်။ နောက်ပြီး စိုက်ပျိုးရေးမှာ GPS စနစ်နဲ့ ဒီနေ့ ရာသီဥတုက ဘယ်လိုရှိသလဲ၊ ဈေးကွက်က ဘယ်လို ရှိသလဲ အဲဒါတွေ ချိတ်ထားတယ်။
အဲဒါတွေ အားလုံးကို ကျနော်တို့မှာ မချိတ်ထားဘူး။ သိပ်နှေးလွန်းတယ်။ အဲဒါဆို ကျနော်တို့ ဆီကို ပိုးလမ်းမကြီး(OBOR) ဖြတ်လို့ မရဘူးလို့ ယုံကြည်တယ်။

အွန်လိုင်းဝဏ္ဏ

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment