အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀)

Download PDF Version

နွေဦးတော်လှန်ရေးလို့ ထင်ရှားလာတဲ့ မြန်မာ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အကြမ်းမဖက် လူထုတိုက်ပွဲကနေ၊ လက်နက်ကိုင် တိုက်ပွဲအဖြစ် ပြောင်းလဲလာတာ (ဝါ) တိုက်ပွဲပုံစံ နှစ်ခုကို ပေါင်းစပ် ကျင့်သုံးလာတာ တွေ့လာရပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒေသအတော်များများမှာ ဖွဲ့စည်းလာကြပြီး အာဏာသိမ်း စစ်ကောင်စီ တပ်တွေနဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တချို့ပါ ပါဝင်လာပါတယ်။ တချိန်တည်းမှာပဲ ဒီအခြေနေတွေကြောင့် နဂိုကတည်းက အရှိန် ပြန်ရလာနေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ ပိုမိုမီးတောက်လောက်တော့မလား ဆိုတဲ့ဆွေးနွေးမှုတွေလည်း ရှိလာပါတယ်။ ဒါကြောင့် မြန်မာ့နွေဦး တော်လှန်ရေးရဲ့လက္ခဏာကို ကနဦး ဆန်းစစ်သုံးသပ်မှုတွေ လုပ်ဖို့ သင့်လှပါတယ်။

∎ ဆိုလိုရင်း အနှစ်ချုပ်

သမားရိုးကျ ဖွင့်ဆိုချက်မှာ တော်လှန်ရေးဆိုတာ အုပ်စိုးသူ အစိုးရနဲ့ သူ့ရဲ့နိုင်ငံရေး၊ လူမှုစီးပွားရေးစနစ်တွေကို ရုတ်ခြည်းပြောင်းလဲပစ်ဖို့ ဦးတည်တယ်၊ ပဒေသရာဇ်တွေရဲ့နန်းလျာ အလွှဲအပြောင်း စနစ်လို၊ ရွေးကောက်ပွဲလို စတဲ့ တည်ဆဲ အင်စတီကျူးရှင်းတွေကို အသုံးမပြုဘဲ လူထု ထောက်ခံမှုကို တိုက်ရိုက် ရယူပြီး အုပ်စိုးသူတွေနဲ့ သူတို့ကို ထောက်ခံသူ ရေပေါ်ဆီ အီလစ်တွေကိုအကြမ်းဖက် တိုက်ခိုက် တော်လှန် ပြောင်းလဲတာ၊ နိုင်ငံတော် အာဏာကို ရယူဖို့ ကြိုးစားတာ ဖြစ်ပါတယ် (Goldstone and Ritter 2019)။ ၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေး ကနေ၊ ၁၉၇၉ ခုနှစ် အထိ ပေါ်ပေါက်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာတဲ့ ဖွင့်ဆိုချက်တွေမှာ တော်လှန်ရေး လက္ခဏာ သုံးရပ် တွေ့ရပါတယ်။ ဒါတွေကတော့ (၁) လူအဖွဲ့ စည်းရဲ့တန်ဖိုးထားမှုနဲ့ အင်စတီ ကျူးရှင်းတွေမှာ သိသာ ထင်ရှားတဲ့၊ တိုးတက်သော သဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းခြင်း၊ (၂) နန်းတွင်း အရှုပ်တော်ပုံတွေနဲ့ မတူဘဲ လူထုတွေကိုယ်တိုင် အင်နဲ့ အားနဲ့ ပါဝင်ဆင်နွှဲခြင်း (၃) အကြမ်းဖက် တိုက်ခိုက်ခြင်း တို့ပဲဖြစ်ပါတယ် (Huntington 1968; Skocpol 1979)။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။



ဒီအချက်တွေကြောင့်ပဲ တော်လှန်ရေးဟာ အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ မတူဘူးလို့ လက္ခဏာ ခွဲခြား ဖော်ပြကြပါတယ်။အကြမ်းမဖက် လူထုလှုပ်ရှားမှုဆိုတာကတော့ အစိုးရတွေရဲ့ မူဝါဒနဲ့ ပြုမူဆောင်ရွက် ပုံတွေကို ပြောင်းလဲစေဖို့နဲ့ လူအဖွဲ့အစည်းရဲ့လက်ခံမှုတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်တယ်။ ဒါကြောင့် အကြမ်းမဖက် လူထုလှုပ်ရှားမှုရဲ့ ရလဒ်ဟာ တော်လှန်ရေး ရလဒ်လောက် အခြေခံကျတဲ့ ပြောင်းလဲမှုကြီးတွေကို မဖြစ်စေဘူးလို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမဲ့ ၁၉၇၉ ခုနှစ် အီရန်နိုင်ငံမှာ ရှားဘုရင်ကို ဆန့်ကျင် ဖြုတ်ချခဲ့တဲ့ လူထုလှုပ်ရှားမှု အပြီးမှာတော့ ဒီယူဆချက်တွေကို ပြန်သုံးသပ်လာကြပါတယ်။ ၁၉၇၉ ခုနှစ် အီရန် လူထုတိုက်ပွဲဟာ အထွေထွေသပိတ်နဲ့ မြို့ကြီးတွေမှာ ဖြစ်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ပဲ အာဏာရှင်ကို ဖြုတ်ချခဲ့တာပါ။ လူထုတရပ်လုံး အင်နဲ့အားနဲ့ ပါဝင် တိုက်ပွဲဝင်ခဲ့ကြသလို၊ လှုပ်ရှားမှုရဲ့ရလဒ်အဖြစ်လည်း အစ္စလာမ်မစ် သမ္မတ နိုင်ငံတော်ကို ထူထောင်ခဲ့တာမို့ လူ့အဖွဲ့စည်းတွင်း တန်ဖိုးထားမှုနဲ့ အင်စတီကျူးရှင်းတွေကို အခြေခံကျကျပြောင်းလဲ ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဘက်က အာဏာပိုင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ် ဆိုတာ လုံး၀မရှိသလောက်ပါပဲ။ ဒီ အီရန်လူထုလှုပ်ရှားမှုဟာ အကြမ်းဖက်မှု မရှိတာကလွဲလို့ တော်လှန်ရေး လက္ခဏာတွေနဲ့ အကုန် ပြည့်စုံနေတာမို့ပညာရှင်တွေရဲ့ တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုအကြား ခြားထားတဲ့မျဉ်းဟာ ပျက်ပြယ်သလို ဖြစ်သွားရပါတယ်။ နောက်ပိုင်းပေါ်ထွက်လာတဲ့ ဖီလစ်ပိုင်နိုင်ငံက အာဏာရှင် မားကို့စ်ကို ဖြုတ်ချတဲ့ ၁၉၈၆ ပြည်သူ့အာဏာတော်လှန်ရေး၊ ၁၉၈၉ ကနေ၁၉၉၁အတွင်း ဆိုဗီယက် ပြည်ထောင်စုနဲ့ အရှေ့ ဥရောပနိုင်ငံတွေမှာပေါ်ပေါက်ခဲ့တဲ့ ကွန်မြူနစ် အာဏာရှင်စနစ် တော်လှန်ရေးတွေ၊၂၀၀၀ ပြည့်နှစ်မှာ ဖြစ်ခဲ့တဲ့ ဆာဘီးယားရဲ့ ဘူလ်ဒိုဇာတော်လှန်ရေး၊ ၂၀၀၄ ခုနှစ် ယူကရိန်းနိုင်ငံရဲ့ လိမ္မော်ရောင် တော်လှန်ရေး၊၂၀၁၁ ခုနှစ်တွေက အာရပ်နွေဦးလို့ တင်စားခဲ့တဲ့ တူနီးရှားနဲ့ အီဂျစ်မှာ ဖြစ်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးတွေကြောင့် တော်လှန်ရေးဆိုင်ရာ အယူအကောက်တွေ ပြောင်းလဲလာပါတယ်။

ဒါကြောင့် ပညာရှင်တွေက အန်တု တိုက်ပွဲဝင်တဲ့ နိုင်ငံရေး (contentious politics) ဆိုတဲ့ ယူဆချက် ဖော်ထုတ်ကြပြီး အကြမ်းမဖက်အန်တုတော်လှန်ရေးနဲ့ လက်နက်ကိုင် အန်တုတော်လှန်ရေးဆိုပြီး ခွဲခြား လေ့လာ ကြပါတယ်။ အကြမ်းမဖက် အန်တုတော်လှန်ရေး၊လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်း စစ်အကြား ဆက်စပ်မှုကိုပါ သုတေသနပြုလာကြတာကို စိတ်ဝင်စားဖွယ်လေ့လာရပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

အကြမ်းမဖက် တော်လှန်ရေး၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုကို လေ့လာရာမှာ ပြည်တွင်းစစ်ကိုအရင်ဆုံး အဓိပ္ပါယ်ဖွင့်ဖို့လိုပြန်ပါတယ်။ မြားမြောင်လှတဲ့ ဖွင့်ဆိုချက်တွေကို ချုပ်ရရင် ပြည်တွင်းစစ်ဆိုတာ အာဏာ၊ နယ်မြေစတဲ့ခွဲဝေမှု အပြောင်းအလဲ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် စုဖွဲ့မှုရှိတဲ့ အင်အားစုတွေအကြား (အစိုးရနဲ့ ဆန့်ကျင်ဘက် တပ်တွေ အကြား ဒါမှမဟုတ် လက်နက်ကိုင် စစ်တပ်တွေအကြား) ရေရှည်စိုက်လိုက်မတ်တပ် တိုက်ပွဲတွေ ဖြစ်နေတာကို ဆိုလိုတာပါ။Uppsala Conflict Data Program (UCDP) ဒေတာ ပိုင်းဖြတ်ချက်အရ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ယောက်ရှိရင် လက်နက်ကိုင် ပဋိပက္ခလို့ သတ်မှတ်ပါတယ်။ Correlates of War (COW) ကတော့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း လူ ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ်သတ်မှတ်ပြီး၊ ပညာရှင် Sambanis ကတော့ တနှစ်အတွင်း လူ ၅၀၀ ကနေ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ် သတ်မှတ်ပါတယ် (Newman and DeRouen 2014)။

အစဉ်အလာ သုတေသန တွေ့ရှိချက်တွေအရ လက်နက်ကိုင် အန်တုတော်လှန်ရေးက ပြည်တွင်းစစ်ကို မွေးဖွား ပေးတတ်တယ်။ သူနိုင် ကိုယ်ရှုံး ရုတ်ခြည်း ယတိမပြတ်ဘဲ အပြန်အလှန် အကြမ်းဖက်မှုတွေ အချိန် အကြာကြီး ဆက်ဖြစ်နေတတ်တဲ့ သဘောပါ။လူထုဆန္ဒ ဖော်ထုတ်ပြသတဲ့ အကြမ်းမဖက်အန်တု တော်လှန်ရေးကတော့ (အမေရိကန်ကျွန်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုလိုချွင်းချက်မျိုးက လွဲလို့) ပြည်တွင်းစစ်ကို မရှေးရှု စေတတ်ဘူး (Goldstone and Ritter 2019)။ ဒါပေမဲ့ ၂၁ ရာစု အကြမ်းမဖက် အန်တုတော်လှန်ရေး နဲ့ ပြည်တွင်းစစ် အဆက်အစပ်ကို လေ့လာတဲ့ သုတေသီတွေကတော့ အကြမ်းမဖက်အန်တု တော်လှန်ရေးကလည်းပြည်တွင်းစစ်ကို ဦးတည် သွားစေတယ်လို့ ဖော်ထုတ် တင်ပြလာကြပါတယ်။ သူတို့က ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေမှာ ဒီမိုကရေစီအတွက် အကြမ်းမဖက် အန်တု တော်လှန်ရေးတွေကနေ ပြည်တွင်းစစ်အဖြစ် ပဋိပက္ခ သက်ဆိုး ရှည်သွားခဲ့ရတာတွေကို စနစ်တကျ သုတေသန ပြုတင်ပြကြပါတယ် (della Porta et al. 2018)။ ဒါကြောင့် အရင်က ချွင်းချက်အဖြစ်သာ သဘောထားခဲ့ကြတဲ့ အကြမ်းမဖက် အန်တုတော်လှန်ရေး (အကြမ်းမဖက် လူထုလှုပ်ရှားမှု) ကနေ ပြည်တွင်းစစ်ကို ပြောင်းလဲသွားတတ်တဲ့ အခြေနေဟာ အလေးအနက် ထားသင့်တဲ့ လက္ခဏာခြင်းရာ တရပ် ဖြစ်လာပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထု ဆန္ဒပြပွဲတွေဟာ အကြမ်းမဖက် အန်တု တော်လှန်ရေး ဖြစ်ပြီးကြွေးကြော်သံတွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး စတဲ့အချက်တွေကို အဓိက တောင်းဆိုတာ တွေ့ရပါတယ်။စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲမှုတွေ လုပ်ပြီးတဲ့ နောက်မှာတော့ ရပ်ရွာဒေသအလိုက် ကာကွယ်ရေး တပ်တွေပေါ်ပေါက်လာပြီးပြန်လည် တိုက်ပွဲဝင်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ လက်တွဲပြီး လက်နက်ကိုင် အန်တု တော်လှန်တာတွေကို ပဲခူး၊ စစ်ကိုင်းကနေ၊ ချင်းပြည်နယ် မင်းတပ်မြို့အလယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည် နယ်ထဲက မြို့တွေအဆုံး ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။ တိုက်ပွဲ ဝင်နေသူ၊ ထောက်ခံနေ ကြသူတွေ အားလုံး လိုလိုက စစ်အာဏာရှင်စနစ် အမြစ်ပြုတ်အောင် နည်းပေါင်းစုံနဲ့ တော်လှန်မယ်၊ အထူးသဖြင့် လက်နက် အားကိုးတဲ့ စစ်ကောင်စီကို လက်နက်ကိုင် အန်တု တော်လှန်ရေး ဆင်နွှဲရမယ်လို့ခံယူလာကြတာကို တွေ့ရပါတယ်။

ဒီနေရာမှာ မြန်မာ့နွေဦး တော်လှန်ရေးဟာ အကြမ်းမဖက် အန်တုတော်လှန်ရေးကနေ၊ လက်နက်ကိုင်အန်တု တော်လှန်ရေးကိုပြောင်းလဲလာပါတယ်။ တော်လှန်ရေးရဲ့သဘောသဘာ၀အတိုင်း ကာလတို တခုအတွင်း မှာ လူထုထောက်ခံမှုကို တိုက်ရိုက်ရယူပြီးလက်နက်ကိုင် တိုက်ပွဲနဲ့ စနစ်ဟောင်း၊ ခေတ်ဟောင်းကို ရုတ်ခြည်း တော်လှန် ပြောင်းလဲ ပစ်နိုင်မလား၊ ဒါမှမဟုတ် ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေလို အကြမ်းမဖက် အန်တုတော်လှန်ရေး (လူထုဆန္ဒပြ လှုပ်ရှားမှုတွေကနေ) ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက် တာရှည်သွားမလား ဆိုတာ ဆွေးနွေးစရာဖြစ်လာပါတယ်။

တကယ်တော့ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင် နေခဲ့တာပါ။ UCDP ဒေတာပိုင်းဖြတ်ချက်အရ ကြည့်ရင် များသောအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ ယောက်ရဲ့အထက် ပုံမှန်ရှိနေတာမို့ လက်နက်ကိုင် ပဋိပက္ခ (ဝါ) ဖွဲမီးလို တငွေ့ငွေ့ လောင်နေတဲ့ပြည်တွင်းစစ် (low intensity civil war) လို့ ယေဘုယျ သတ်မှတ် နိုင်ပါတယ်။ တချို့ အချိန်တွေမှာဆိုရင် တနှစ်အတွင်း လူ ၅၀၀ကနေ ၁၀၀၀ အတွင်း သေဆုံးတာမို့ အဲ့ဒီလို နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကို မီးအရှိန်မြင့်တဲ့ ပြည်တွင်းစစ်အဖြစ် သတ်မှတ်နိုင်ပါတယ် (ပုံကားချပ် ၁ ကို ကြည့်ပါ)။ ဒီလို နဂိုကတည်းက နာတာရှည် ပဋိပက္ခ ရှိထားရင်းစွဲ တိုင်းပြည်မှာ ပြည်တွင်းစစ်မီး တဖန်ဟုန်းဟုန်းတောက်ဖို့ ဖြစ်တန်ခြေ များတတ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ ဒါကြောင့် အကြမ်းမဖက် အန်တုတော်လှန်ရေးကနေပြီး လက်နက်ကိုင် အန်တုတော်လှန်ရေးကို ပြောင်းလဲသွားတာ၊ ဒီလက်နက်ကိုင် အန်တု တော်လှန်ရေးကနေမြို့ပြတိုက်ပွဲတွေနဲ့ နိုင်ငံတော် အာဏာကို သိမ်းယူတဲ့ ရုတ်ခြည်း အပြောင်းအလဲကို ဖန်တီးနိုင်မလား၊ ဒါမှမဟုတ် နဂို ရှိရင်းစွဲပြည်တွင်းစစ်မှာ ဒဏ်ရာသစ်တွေ ထပ်တိုးပြီး ပြည်တွင်းစစ် ကျယ်ပြန့် တာရှည် သွားမလားဆိုတာ ဆွေးနွေးစရာပဲဖြစ်ပါတယ်။သူနိုင် ကိုယ်နိုင် ရုတ်ခြည်း ယတိပြတ် အပြောင်းအလဲ ကို ဖန်တီးဖို့အားထုတ်တဲ့ အန်တု တော်လှန်ရေးတွေနဲ့ ပြည်တွင်းစစ် အကြားအဆက်အစပ်ကို လေ့လာတာဟာ မြန်မာ့အရေးကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူ ပြုတာမို့ မြန်မာနိုင်ငံနဲ့ အထူးဆီလျော်ပြီးအလေးထားသင့်တဲ့ အကြောင်းအချက် တရပ်ဖြစ်ပါတယ်။

∎ Further Readings 

della Porta, Donatella et al., 2018. Social Movements and Civil: When Protests for Democratization Fail. London and New York: Routledge, Taylor & Francis Group. 

Goldstone, Jack and Ritter, Daniel. 2019. “Revolutions and Social Movements.” In The Wiley Blackwell Companion to Social Movements, 2nd Edition, edited by David A. Snow, Sarah A. Soule, Hanspeter Kriesi, Holly J. McCammon, p. 682-697. New York. Wiley Blackwell.

Hungtington, Samuel P. 1968. Political Order in Changing Society. New Haven, CT: Yale University Press.

Newman, Edward and DeRouen, Karl, Jr. 2014. Routledge Handbook of Civil Wars. London and New York: Routledge, Taylor & Francis Group. 

Skocpol, Theda. 1979. State and Social Revolution. Cambridge: Cambridge University Press.

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment