ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လှုပ်ရှား ဆောင်ရွက်နေသူ မောင်ဆောင်းခအား မေးမြန်းခြငး

သူတို့အနေနဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာ ၆၆(ဃ)နဲ့ သူတို့ကို ပြန်အကာအကွယ်လုပ်ဖို့ သုံးချင်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီဥပဒေနဲ့ တရားစွဲခံရသူတွေထဲမှာ ဘယ်သူနစ်နာလဲ ဆိုတော့ ပြည်သူပဲ နစ်နာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒါကို မပြင်ချင်တာက …

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။

■ ဖြေ   –         အဓိကက အစိုးရရဲ့ မူလကြွေးကြော်သံဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ အဲဒီစကားလုံးက ထိပ်ပိုင်းပေါ့။ တပ်မတော်နဲ့ လက်ရှိ NLD အစိုးရ ကြားထဲမှာပဲ ရှိနေပြီး အောက်ခြေက လူတွေအပေါ် လျစ်လျူရှုတာမျိုး တွေ့ရတယ်။ အဲဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေးက သူတို့အချင်းချင်းကြားမှာပဲ လုပ်နေတဲ့ သဘောလား။ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့သော် လည်းကောင်း၊ ပြည်သူတွေနဲ့သော် လည်းကောင်း မဟုတ်ဘူးလားပေါ့။  ပြည်သူဆိုတဲ့အခါမှာ ပြည်သူတွေအပေါ် ဖိနှိပ်တဲ့ ပုဒ်မတွေကို မပြင်နိုင်သေးတဲ့အပေါ် ထောက်ရှုပြီး ပြောတာပေါ့။ ယနေ့အချိန်အထိ ကျွန်တော်တို့ ထောက်ပြနေတာက ပြည်သူတွေအပေါ်မှာ လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာသော် လည်းကောင်း သက်ရောက်မှု လုံးဝမရှိသေးဘူးဆိုတာ မြင်နေရတယ်။

အဲဒီဟာက အခုဆိုရင်ပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ ပြောရင် ခပ်လန့်လန့် ဖြစ်လာတယ်။ အဲဒီအပေါ်မှာတင် ကြောက်လာတာမျိုး ခံစားလာရတယ်။ အဲဒီ စကားလုံးအပေါ်မှာပဲ တလွဲအသုံးချတာမျိုး၊ တလွဲဆောင်ရွက်နေတာမျိုး ကျွန်တော်တို့ တွေ့လာရတာတော့ ရှိတယ်။

■ မေး။ ဒုတိယမေးခွန်းကတော့ ရှေ့တိုး၊ မတိုးဆိုတဲ့ သုံးသပ်ချက်ကနေ နောက်ကြောင်း ပြန်နိုင်ခြေ ရှိ၊ မရှိဆိုတဲ့ အကြောင်းပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးလှိုင်းကို နောက်ကြောင်း ပြန်စေမယ့် အဓိက အကြောင်းတွေ ရှိမယ်ဆိုရင် ဘာတွေလို့ ထင်ပါသလဲ။ အဓိက အချက်တွေကို သုံးသပ်ပေးပါ။

■ ဖြေ   –         နောက်ကြောင်းပြန်တယ်ဆိုတဲ့ဟာမှာ စစ်တပ်က ပြန်အာဏာသိမ်းတာလား။ ဒါမှမဟုတ်ရင် အဲဒီလိုမဟုတ်ဘဲနဲ့ အခြား အခြေအနေတစ်ခုနဲ့ နောက်ကြောင်းပြန်တာလား ဆိုတာမျိုး စဉ်းစားဖို့လိုတယ်။ တပ်မတော်က နောက်ကြောင်းပြန်မလှည့်ပဲ ပေးထားတယ်ဆိုတဲ့ဟာမျိုး ပုံဖော်ထားတာပေါ့။ ဒီလောက်ထိ ပေးထားပြီးတော့မှ သူတို့တွေ အနေနဲ့ကတော့ ငါတို့ ပေးထားတယ်ဆိုပြီး တွေးတယ်လို့ ကျွန်တော်ထင်တယ်။ ဒီလို ပေးထားပြီးမှ အာဏာသိမ်းတာတော့ သူတို့ မလုပ်လောက်ဘူးလို့ ကျွန်တော်ယူဆတယ်။ အဲဒီလို အာဏာမသိမ်းသော်လည်း အခြားကျန်တဲ့ ဥပဒေတွေအားဖြင့်သော် လည်းကောင်း၊ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အ၀ ယူထားပြီးတော့သော် လည်းကောင်း ပုံစံအသစ်တစ်မျိုးနဲ့ အာဏာသိမ်းထားဆဲပဲလို့ ကျွန်တော်မြင်တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးသိန်းစိန် တက်လာတယ်။ ပြီးတော့ ၂၀၁၅ ခုနှစ်မှာ NLD အစိုးရ တက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေကို မီဒီယာလွတ်လပ်ခွင့် နည်းနည်းပေးမယ်။ အကျဉ်းသား နည်းနည်း လွှတ်ပေးမယ်။ အဲဒီလိုလုပ်ပြီးတော့ နိုင်ငံက ဒီမိုကရေစီရနေပြီလို့ ပြည်သူတွေကိုရော နိုင်ငံတကာကိုပါ အယုံသွင်းပြီး လုပ်တာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တကယ် မဟုတ်ဘူးဆိုတာ အခုပဲ ကျွန်တော်တို့ သိလာရတယ်။ အထူးသဖြင့် ကျွန်တော်တို့ကို ဖိနှိပ်ထားတဲ့ ပုဒ်မတွေက မြောက်မြားစွာ ရှိနေပြီးတော့ အဲဒီဟာတွေ ပြင်ဆင်ရေးက ဝေးနေဆဲဆိုတာ တွေ့ရတယ်။ အဲဒီဟာတွေအပြင် သူတို့ယူထားတဲ့ အာဏာတွေက လက်ရှိအချိန်မှာ သမ္မတထက်တောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာရှိနေတယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ အဲဒီဟာကြီးကကိုပဲ ကျွန်တော်တို့ကို အာဏာသိမ်းထားဆဲလို့ ကျွန်တော်ထင်တယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် ဘယ်လိုနိုင်ငံရေး၊ စီးပွားရေး မူဝါဒ ပေါ်လစီတွေကို ဦးစားပေး ဆောင်ရွက်သင့်သလဲ၊ ဘယ်လို မူဝါဒမျိုးတွေကတော့ ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွားမလဲ ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ရပ်တွေအပေါ် ဥပမာပေး ဆွေးနွေးပေးပါ။

■ ဖြေ   –         ပွင့်ပွင့်လင်းလင်း သုံးသပ်ရင်တော့ ကျွန်တော်တို့ရဲ့ NLD ကနေ ပြီးတော့ အစိုးရတာဝန် ယူပြီးတဲ့အချိန်မှာ တပ်မတော်နဲ့ကို အများကြီး ပူးပေါင်း ဆောင်ရွက်တယ်။ ပူးပေါင်း လုပ်တဲ့အခါမှာ ပြည်သူတွေ နစ်နာတဲ့အပိုင်းတွေ ရှိတယ်ပေါ့။ တခါတလေ တပ်မတော်ကနေပြီးတော့ ပြည်သူတွေကို တရားပြန်စွဲတဲ့ အမှုတွေမှာ သူတို့တွေ ငြိမ်နေတာမျိုး၊ ဒီလို ဘာမှမပြောတာက ထောက်ခံနေတဲ့ ပုံစံပဲလေ။ ကျွန်တော်ထင်တာက တချို့ဟာတွေကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသားနဲ့ လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြည်သူတွေက သူတို့ဘက်မှာ ရှိနေတယ်။ ဒါပေမဲ့ တကယ်လို့ ဒီပုံစံအတိုင်းသာ ဆက်သွားမယ် ဆိုရင် ကျွန်တော်တို့ ထောက်ခံတဲ့ အင်အားစု တဖြည်းဖြည်း လျော့နည်းလာမယ်။ တချို့ ပြည်သူတွေ စဉ်းစားလာတာ ရှိတယ်။ ဒီမိုကရေစီဆိုတာ ဒါကြီးပဲလားပေါ့။ ဒီမိုကရေစီအပေါ် အယုံအကြည်မဲ့တာမျိုး ခံစားရလာနိုင်တယ်။ သူတို့တွေ ပြောနေတဲ့ ဒီမိုကရေစီဆိုတာက ပြည်သူတွေ မခံစားရဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်ပေါ့။ အဲဒီတော့ ကိုယ်ကနေပြီးတော့ သူတို့ကို သွားပြီး အကဲမစမ်းဘူး၊ ကိုယ့်ဘက်နေပြီးတော့လည်း ပြတ်ပြတ်သားသား လုပ်မကြည့်ဘူးဆိုရင် မယုံကြည်မှုက ပိုပြီးတော့ အင်အားကြီးထွားလာမယ်။ ပိုပြီးတော့ ဆိုးလာမယ်လို့ ထင်တယ်။ တချို့ဟာတွေမှာ အစိုးရဘက်မှာရှိတဲ့ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းပုံမှာ ပေးထားတာတွေ ရှိတယ်။ အဲဒါတွေကို ယနေ့အချိန်အထိ မသုံးတာတွေ ရှိတယ်။ အဲဒီဟာတွေကို သုံးစေချင်တယ်။ ရဲရဲဝံ့ဝံ့ပေါ့။ အားလုံး ပြည်သူလည်း ရှိတယ်။ တပ်မတော်ကလည်း အာဏာသိမ်းဖို့ဆိုတာ လုံး၀ လမ်းမမြင်ဘူး။ တကယ်သာ လုပ်မယ်ဆိုရင် အပြောင်းအလဲက ဒီထက်ပိုပြီး မြန်မယ်ထင်တယ်။ အခုဟာကကျတော့ မူဝါဒလို့ ပြောတဲ့အခါ နိုင်ငံတကာ ဘာညာ မပြောနဲ့ဦး၊ ကျွန်တော်တို့အထဲမှာကို အရမ်းကို အလျှော့ပေးပြီးတော့ နားလည်လက်ခံပေးနေတာမျိုး ကျွန်တော်မကြိုက်ဘူး။ ဆိုလိုတာက ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာ မအောင်မြင်တာဟာ မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေကို ပြတ်ပြတ်သားသား မကိုင်တွယ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ယူဆပါတယ်။

■ မေး။ တချို့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေစိတ်ထား (mindset) မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့ အခြေပြုရှုမြင်ပုံမျိုး ဘယ်လိုသုံးသပ်ပါလဲ။

■ ဖြေ   –         ကျွန်တော်ကတော့ အဲဒါကို အယုံအကြည် မရှိဘူးဗျ။ ပြည်သူတွေက အသုံးမကျဘူးတို့၊ ပြည်သူတွေပြောင်းမှ ငါတို့ပြောင်းမယ် ဆိုတာမျိုးက ပြည်သူအပေါ်မှာ ပြန်ပြီး အပြစ်တင်တယ်။ ပြည်သူတွေအပေါ် ပြန်ပြီး လွှဲချတယ်လို့ပဲ ကျွန်တော် သုံးသပ်တယ်။ ပြည်သူတွေက သူတို့ အာဏာရအောင် စွမ်းဆောင်ခဲ့ ပြီးသွားပြီ။ အဲဒါကပဲ တာဝန်ကျေပွန်ပြီ။ သူတို့က ဆက်လုပ်ရမယ်။ သူတို့ ဆက်မလုပ်နိုင်ရင် အခြားသူကို ကျွန်တော်တို့ ပြန်ရွေးရမှာပေါ့။ နိုင်ငံရေးမှာ ပြည်သူတစ်ယောက်အနေနဲ့ အလုပ်နိုင်ဆုံး တာဝန်က ကိုယ်တွေ ခိုင်းလို့ရမယ့်၊ ကိုယ်တွေအပေါ်မှာ ပြန်ပြီးတော့ ကြည့်နိုင်မယ့် အစိုးရတစ်ရပ်ကို ပြန်ပြီးတော့ မဲပေးနိုင်တာက ပြည်သူတွေရဲ့ အမြင့်ဆုံးစွမ်းအားပဲ။ အဲဒီထက်ပိုပြီး မလုပ်နိုင်ဘူး။ အဲဒီလို ပြောတဲ့သူတွေက တကယ် မပြောင်းလဲနိုင်လို့ ပြည်သူကို ပြန်လွှဲချတဲ့ စကားတွေလို့ပဲ ကျွန်တော်ထင်တယ်။

■ မေး။ မောင်ဆောင်းခ အနေနဲ့ဆိုရင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ပယ်ဖျက်ရေးကို တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလမှာ ဒီကိစ္စအတွက် ကြိုးပမ်းမှုအပေါ် ဘယ်လောက်အထိ ကျေနပ်အားရမှု ရှိခဲ့လဲ။

■ ဖြေ   –         ပွင့်ပွင့်လင်းလင်းပြောရင် တစ်ခုမှ ကျေနပ်အားရမှု မရှိဘူး။ အရင်တုန်းက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ အထူးသဖြင့် ဥပဒေပြင်ဆင်ရေးအတွက် တောင်းဆိုမှုတွေမှာဆိုရင် ပြင်ရမယ်၊ ဖျက်ရမယ်ဆိုပြီး အဲဒီလိုပြောပြီးတော့ ဘယ်အပိုင်းတွေ ပြင်ရမယ်ဆိုတဲ့ သုတေသနလုပ်ခြင်း၊ အစီရင်ခံစာရေးပြီးတော့ စနစ်တကျ လုပ်နိုင်ခဲ့ခြင်း မရှိတာတွေ့ရတယ်။ ဒါပေမဲ့ အဲဒါတွေကိုပဲ ဥပမာယူပြီး ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးလုပ်ခဲ့တယ်။ ပုံသဏ္ဍာန်မျိုးစုံနဲ့ လုပ်ပြီး နောက်ဆုံး ဥပဒေအပေါ် လေ့လာသုံးသပ်တဲ့အဖွဲ့ကိုပါ ပြန်ဖွဲ့တယ်။ အခုဆိုရင် ပြည်တွင်းမှာရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းအားလုံးနဲ့ ပေါင်းပြီးမှကို လုပ်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ လွှတ်တော်ကိုလည်း သွားတွေ့တယ်။ ဝန်ကြီးဌာနကိုလည်း သွားတွေ့တယ်။ အဲဒီလိုတွေ့တာတောင်မှ ယနေ့အချိန်အထိ (၂၀၁၇ ခုနှစ် ဇူလိုင် ၃ ရက်အထိ) တုံ့ပြန်မှုတွေက လုံး၀ အခြေအနေ မကောင်းဘူး။ သူတို့အနေနဲ့ ဆက်သွယ်ရေးဥပဒေထဲမှာ ၆၆(ဃ)နဲ့ သူတို့ကို ပြန်အကာအကွယ်လုပ်ဖို့ သုံးချင်နေတယ်လို့ပဲ ကျွန်တော် မြင်တယ်။ ဒီဥပဒေနဲ့ တရားစွဲခံရသူတွေထဲမှာ ဘယ်သူနစ်နာလဲဆိုတော့ ပြည်သူပဲ နစ်နာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒါကို မပြင်ချင်တာက သူတို့ကိုပြန်ပြီးတော့ ဝေဖန်တာတွေ၊ တိုက်ခိုက်တာတွေ၊ ဝေဖန်တယ်ဆိုတဲ့ အခါမှာ ပြင်းပြင်းထန်ထန် ဆိုတာတွေ ပါကောင်း ပါနိုင်တယ်။ ပြည်သူတစ်ယောက် အနေနဲ့ တကယ် နစ်နစ်နာနာ ခံစားရပြီဆိုရင် ပြောနိုင်တယ်။ အဲဒီဟာကို ခံနိုင်စွမ်းက နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေမှာ ရှိကို ရှိရမှာ ဖြစ်တယ်။ အဲဒီလိုမရှိရင် ခေါင်းဆောင်ဖြစ်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်တယ်။ အဲဒီဟာတွေကို ၆၆(ဃ)နဲ့ အကာအကွယ်ယူချင်တယ် ဆိုကတည်းက မကောင်းဘူးလို့ မြင်တယ်ဗျ။

About the author

The Editor

Add comment