ရက်စက် ယုတ်မာမှုများကို တုံ့ပြန်ခြင်း

မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ချိန်သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခါနီး အချိန်ကာလ ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင်လည်း အသွင်ကူးပြောင်းမှုများ အလျင်အမြန် ပေါ်ပေါက်နေချိန် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၌ ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားပြီ ဖြစ်သည်။ ကျန်သည့် အရှေ့ဥရောပ နိုင်ငံများမှာလည်း အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်း၌ သဘောထား ကွဲလွဲဖွယ် ပြဇာတ်များ ရေးသားသူနှင့် ဒီမိုကရေစီ လိုလားသည့် ရှေ့နေ ဗားကလပ် ဟာဗယ် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ သမ္မတ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ၌ တောင်အာဖရိက အာဏာပိုင်များက နယ်လ်ဆင် မင်ဒဲလားကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည်။ ထိုလအတွင်းမှာပင် ချီလီနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေး သည်လည်း ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲများ ပြုလုပ်ပြီးနောက် သမ္မတ ရာထူးမှ ဆင်းပေးခဲ့ရလေသည်။ ပီနိုရှေးသည် ၁၉၇၃ ခုနှစ်ကတည်းက အာဏာသိမ်းယူထားခြင်း ဖြစ်သည်။

ထိုကဲ့သို့ ရုပ်ရှင်ဆန်သည့် ကမ္ဘာလုံးဆိုင်ရာ အဖြစ်အပျက်များ ပြန့်ကား ပေါ်ထွက်လာချိန်တွင် မြန်မာနိုင်ငံသားများသည်လည်း စစ်တပ်ကို နိုင်ငံရေးအာဏာ စွန့်လွှတ်စေရန်အတွက် မဲရုံများသို့ သွားခဲ့ကြသည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးချယ်ခဲ့ကြပါသည်။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီး နှစ်လခန့်အကြာ၊ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ အစောပိုင်း၌ အာဏာလွှဲပြောင်းပေးရန် ဖြစ်နိုင်ခြေ ရှိသေးသည်။ သို့သော်လည်း Asiaweek မဂ္ဂဇင်းတွင် ဒေါမနစ် ဖူလ်ဒါနှင့်  NLD ပါတီခေါင်းဆောင် ဦးကြည်မောင်တို့၏ အောက်ပါ အင်တာဗျူး ထွက်ပေါ်လာခဲ့ပါသည်။ (အဆိုပါ အင်တာဗျူးနှင့် ပတ်သက်၍ ဒေါမနစ်ဖူလ်ဒါ၏ ပြန်ပြောင်း ပြောဆိုချက် ဆောင်းပါးနှင့် ထိုအချိန်က အပြည့်အ၀ ဖော်ပြခဲ့ခြင်း မရှိသော အင်တာဗျူး အပြည့်အစုံကို စာမျက်နှာ-၄၄၀ တွင် ဖတ်ရှုနိုင်ပါသည်။ အယ်ဒီတာ)

ဒေါမနစ် ဖူလ်ဒါ – အာဏာသိမ်း စစ်အစိုးရအနေနဲ့ ပြည်သူလူထုက ပြန်ကလဲ့စားချေမှာကို စိုးရိမ်နေတယ်လို့ ထင်ပါသလား။

ဦးကြည်မောင် – ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းရမယ့် တခြားပြဿနာတွေ အများကြီး ရှိသေးတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ တကယ်တမ်းကျတော့ နုရင်ဘတ်က စစ်ရာဇဝတ်မှုဆိုင်ရာ တရားခွင်တွေမှာ ဂျာမန် ဘယ်နှစ်ယောက် တရားရင်ဆိုင်ခဲ့ရလို့လဲ။

ဒေါမနစ် ဖူလ်ဒါ – ဒါဆို ရန်ကုန်မှာလည်း နုရင်ဘတ်တစ်ခု ရှိလာလိမ့်ဦးမယ်လို့ ခင်ဗျား ပြောချင်တာလား။

ဦးကြည်မောင် – ဟင့်အင်း။ လုံး၀ မဟုတ်ပါဘူး။ ရိုးရိုး သာမန် ဗမာလူမျိုးတွေ အနေနဲ့ကတော့ အောက်ခြေအဆင့် တပ်သားတွေကိုတောင် ရန်ရှာဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါက အင်မတန် ချဲ့ကားထားတဲ့ ပြဿနာပါ။ ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ညွန့်လို လူမျိုးတွေကျတော့ သူတို့ကိုယ်သူတို့ နောက်ကျော မလုံဘူးလို့ ခံစားမိမှာပေါ့။

ဦးကြည်မောင်၏ ဆိုလိုရင်းအရ စစ်ခေါင်းဆောင်ဟောင်းများကို ခုံရုံးတင် စစ်ဆေးရန်မှာ NLD ပါတီ၏ ဦးစားပေး လုပ်ငန်းစဉ်များတွင် မပါဝင်ဟု အဓိပ္ပာယ်ထွက်သည်။ သို့သော် အထက်ပါ စကားစမြည် ပြောဆိုမှုက တပ်မတော် ခေါင်းဆောင်များ၏ အမျက်ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်စေခဲ့ပါသည်။ နောက် နှစ်ပတ်ခန့်အကြာတွင် စစ်တပ် ခေါင်းဆောင်များက ရွေးကောက်ပွဲ အနိုင်ရရှိသူများသည် လွှတ်တော် မတက်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန်အတွက် အမျိုးသားညီလာခံ တက်ရောက်ကြရဦးမည်ဟူသည့် အမိန့်အမှတ် ၁/၉၀ ကို တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။  ဦးကြည်မောင်မှာလည်း စက်တင်ဘာလ၌ ထောင်ဒဏ် အနှစ် ၂၀ ကျခံ ခဲ့ရလေသည်။

ဦးကြည်မောင်၏ နုရင်ဘတ် စစ်ခုံရုံးဟူသော ညွှန်းဆိုဖော်ပြမှုက နဝတ အစိုးရကို ခြောက်လှန့်ခဲ့ခြင်း ဖြစ်ပါသလား၊ မော်ကွန်းတိုက်များသို့ ဝင်ထွက် မွှေနှောက်ခွင့် မရှိဘဲနှင့် ယင်းကိစ္စကို သိရှိရန် ခက်ခဲလှပါသည်။ သို့သော်လည်း NLD ပါတီ ခေါင်းဆောင်ပိုင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်အစိုးရ၏ ပြီးခဲ့သော လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးစရာ ကြုံလာသည့် အခါတိုင်း ပေါ့ပေါ့ပါးပါးပင် ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က “ဖိစီး နှိပ်စက်တာတို့၊ ကလဲ့စားချေတာတို့ကို ကျွန်မအနေနဲ့ အယုံအကြည် မရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အကူးအပြောင်းကာလ၌ NLD ပါတီ၏ ဦးစားပေး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည်ဟုလည်း ကြေညာခဲ့ပါသည်။

အဆုံးစွန်အားဖြင့် ဦးကြည်မောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးက ကလဲ့စားမချေလိုဟု ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ ဆိုလိုရင်း ရောက်အောင် ပြောဆိုသွားသည့် စကား ပရိယာယ် လိမ္မာပါးနပ်မှု အဆင့်နှင့် သူတို့၏ မှတ်ချက်ပြု ပြောစကားများ ကွဲပြားခြားနား သွားကြခြင်းသာ ရှိမည်ဖြစ်သည်။ ထို့အပြင် ၁၉၉၀ ပြည့်နှစ်၌ ဒေါမနစ် ဖူလ်ဒါ အနေဖြင့် စစ်တပ်က ကျူးလွန်ခဲ့သော ကြမ်းကြုတ် ရက်စက်မှုများနှင့် ပတ်သက်၍ ဦးကြည်မောင်ကို မေးမြန်းရာတွင် တစ်ခုတည်းသော ညွှန်ပြစရာ မှီငြမ်းကိုးကားမှုမှာ “နုရင်ဘတ်” ဖြစ်နေခဲ့ပါသည်။ ထိုစဉ်က ပြန်လည် ပေါင်းစည်းသွားပြီ ဖြစ်သည့် ဂျာမန်အစိုးရ သည်ပင်လျှင် အရှေ့ဂျာမနီ လျှို့ဝှက်ပုလိပ်အဖွဲ့ (Stasi) နှင့် ပတ်သက်သည့် မှတ်တမ်းများကို အများပြည်သူ သိရှိစေရန် ထုတ်ဖော် ကြေညာခဲ့ခြင်း မရှိသေးပါ။ (ချက်ပြည်သူ့သမ္မတနိုင်ငံကလည်း ထိုနည်းတူပင် ဖြစ်ပါသည်) ထို့ပြင် apartheid (ယခင်က တောင်အာဖရိကတွင် လူမျိုးအလိုက် နိုင်ငံရေး၊ လူမှုရေး အခွင့်အလမ်းများ သီးခြားစီ ခွဲခြားထားသော နိုင်ငံရေး/လူမျိုးရေး ခွဲခြားမှုစနစ်) ဓားစာခံများ အနေဖြင့် မိမိတို့ တွေ့ကြုံ ခံစားခဲ့ရသည်များကို လူသိရှင်ကြား ကြေညာနိုင်ရန် အခွင့်အရေး ဖန်တီးပေးခဲ့သော ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည်လည်း အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (TRC) မှတဆင့် တောင်အာဖရိကနိုင်ငံကို ဦးဆောင် လမ်းမပြရသေးပါ။ ထို့အတူ ချီလီနိုင်ငံမှ (TRC) ကော်မရှင်သည်လည်း ချီလီ စစ်ဘက်ဆိုင်ရာများ၏ လက်ထဲတွင် ပျောက်ဆုံး/သေဆုံးသွားသော လူဦးရေ ၃၀၀၀ ကျော်အတွက် အသေးစိတ် အစီရင်ခံစာကို ထုတ်ပြန် မကြေညာရသေးပါ။ (အံ့သြဖွယ်ရာ တစ်ခုမှာ ယင်း စုံစမ်းစစ်ဆေးမှုများကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး ပီနိုရှေး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူး ပြန်လည် ထမ်းဆောင်နေစဉ်တွင်ပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်)

အဆိုပါ လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများ အားလုံးမှာ ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက စတင် ပေါ်ပေါက်လာခြင်းဖြစ်၍ ထိုစဉ်ကတည်းက နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (ICC)ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ပြည်တွင်းစစ်ဒဏ်ကို ခံစားခဲ့ကြရသူများ၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြု ကျေးဇူးတင်မှုအား အဓိက ဦးစားပေးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတစ်ဆင့် ကိုလံဘီယာနိုင်ငံ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယခု ၂၀၁၇ ခုနှစ် ရောက်လာချိန်တွင်မူ ကမ္ဘောဒီးယားမှသည် တီမောလက်စတေ၊ တူနီးရှားမှသည် ဂွါတီမာလာ စသဖြင့် ဒါဇင်နှင့်ချီသော တိုင်းပြည်များမှ ရရှိခဲ့သည့် သင်ခန်းစာများပေါ် မူတည်၍ ရေးဆွဲထားသည့် နမူနာပုံစံများလည်း ရှိနေပြီ ဖြစ်ပါသည်။ ယင်း နမူနာပုံစံများမှာလည်း များပြားလှသော အတွေ့အကြုံများနှင့် ဆန်းသစ်သော ကြိုးပမ်း အားထုတ်မှုများအရ တာဝန်ယူ လက်ခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ “နုရင်ဘတ်”စစ်ခုံရုံးကို မှီငြမ်းကိုးကား ပြောဆိုခဲ့ခြင်းမျိုးမှာလည်း ခေတ်နောက်ပြန် ဆွဲနေသည့် လွဲမှားသော အယူအဆပင် ဖြစ်ပါသည်။ ထု့ိပြင် ဘာမျှမလုပ်ဘဲ နေသည်ဖြစ်စေ၊ ရုံးတင် တရားစွဲဆိုသည် ဖြစ်စေ ရွေးချယ်မှု အကန့်အသတ် ရှိနေဆဲပင် ဖြစ်ပါသည်။ အမှန်စင်စစ် ၁၉၉၀ ပြည့်လွန်နှစ်များက ပေါ်ပေါက်ခဲ့သည့် “အကူးအပြောင်းကာလမှ တရားမျှတမှု”၏ နယ်ပယ်ကဏ္ဍမှာ ကျွမ်းကျင်သူများ၏ အကြံဉာဏ်တချို့ကို ရယူပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် လာစေရန် အကူအညီပေးရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့သည့် တိုင်းပြည်များ၏ အတွေ့အကြုံများကို ဖလှယ်ခြင်းအားဖြင့် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ရန်ပင် ဖြစ်ပါသည်။ ထိုဆောင်ရွက်ချက်များထဲတွင် အမှန်တရား ကော်မရှင်များ၊ ရာဇဝတ်မှုဆိုင်ရာ တရားခွင်များ၊ စစ်လျော်ကြေး အစီအစဉ်များ၊ အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ (အထူးသဖြင့် တရားစီရင်ရေးနှင့် လုံခြုံရေး အင်အားစုများ)နှင့် ပြတိုက်များ၊ အထိမ်းအမှတ် ဖြစ်ရပ်များ စသည့် “အများပြည်သူဆိုင်ရာ အမှတ်တရ” အားထုတ်ကြိုးပမ်းမှုများ ပါဝင်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့်သာ သီးသန့် သက်ဆိုင်သော သင်ခန်းစာတစ်ချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

■ “အသွင်ကူးပြောင်းမှု” ဟူသည် နားလည်ရ ခက်ခဲသည့် အယူအဆ၊ အမြင်သဘောထား

“အကူးအပြောင်းကာလ တရားမျှတမှု” ဟူသော ဝေါဟာရ အသုံးအနှုန်းမှာ အာဂျင်တီးနား၌ အာဏာသိမ်း စစ်အစိုးရ ပြုတ်ကျသွားခြင်း၊ တောင်အာဖရိက၌ apartheid စနစ် အဆုံးသတ်သွားခြင်း၊ ကတ္တီပါတော်လှန်ရေးအပြီး ချက်ကိုစလိုဗက်ကီးယားမှ ကွန်မြူနစ်တို့၏ အုပ်ချုပ်မှု အဆုံးသတ်သွားခြင်းတို့ ကဲ့သို့သော အစိုးရအဖွဲ့တွင်းမှ လွန်စွာ ထင်ရှားသည့် အပြောင်းအလဲများကို တွေ့ကြုံခံစားခဲ့ရသည့် လူ့အဖွဲ့အစည်းများအတွက် နေ့စဉ်သုံး စကားသဖွယ် ဖြစ်လာခဲ့ပါသည်။ အခြားသော တိုင်းပြည်များတွင်လည်း အာရပ်နွေဦး ကဲ့သို့သော အသွင်ကူးပြောင်းမှုများ ပေါ်ပေါက်လာခဲ့၍ အဆင့်ဆင့်သော အပြောင်းအလဲအတွက် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သော်လည်း နောက်ပိုင်းတွင် ဒီမိုကရေစီ အင်အားစုများအား စိတ်ပျက်လက်ပျက် ဖြစ်လာစေခဲ့ပါသည်။ စစ်တပ်မှာ နိုင်ငံရေးအရ အထင်အရှား အာဏာရယူ ထားဆဲဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေးအရ ဦးဆောင်မှုအပိုင်းတွင်လည်း အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အကူးအပြောင်းကာလကို ဖြတ်ကျော်နေဆဲ ဖြစ်သည်ဟု ကျွန်တော်တို့ ပြောနိုင်ပါသလား၊ ထို့ပြင် မည်သည့် အချိန်တွင်မှ အကူးအပြောင်းကာလ အဆုံးသတ်သွားပါမည်နည်း၊ အမေရိကန်ပြည်ထောင်စု အနေဖြင့် ၁၈၆၅ ခုနှစ် ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားသည့် နောက်ပိုင်း “အကူးအပြောင်းကာလ တရားမျှတမှု”ဆိုင်ရာ မည်သည့် လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများကိုမျှ ပြီးမြောက် အောင်မြင်အောင် အကောင်အထည် မဖော်ခဲ့ရဘဲ လူမျိုးရေးအရ တန်းတူညီမျှမှု မရှိခြင်းကသာ ဆက်လက် ရှိနေခဲ့ပါသည်။ သို့ရာတွင် အမေရိကန်နိုင်ငံ တောင်ပိုင်းမှ Equal Justice Initiative အဖွဲ့က အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ကြရသူများနှင့် တောင်အာဖရိကမှ apartheid စနစ်ကို ကြုံတွေ့ ခံစားခဲ့ရသူများအတွက် အထိမ်းအမှတ် ပြတိုက်တစ်ခု ဆောက်လုပ်ခဲ့ပါသည်။ ဤသို့ဆိုလျှင် အမေရိကန် ပြည်ထောင်စုမှာ အကူးအပြောင်းကာလကို ဖြတ်ကျော်နေဆဲဟု ဆိုနိုင်ပါသလား၊ နည်းလမ်းပေါင်း အမြောက်အမြား ရှိသော်လည်း “အကူးအပြောင်းကာလ တရားမျှတမှု”ဟူသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရမှာ အသုံးမဝင်နိုင်ပါ။ သို့ဖြစ်ပါက မည်သည့်အရာက မရှိမဖြစ် လိုအပ်ပါသနည်း။ ပြောရမည်ဆိုလျှင် အတိတ်ကာလအကြောင်း ပြန်ပြောင်း အမှတ်ရနေခြင်းအားဖြင့် အကြမ်းဖက်မှုများ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါလိမ့်မည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လက်နက်ကိုင် ပဋိပက္ခမှ ထွက်ပြေးလာသူများကမူ မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့နေရသော အပြုသဘောဆောင်သည့် အကူးအပြောင်းကာလ ထူးခြားထင်ရှားမှုကို ကန့်ကွက်ကောင်း ကန့်ကွက်ကြပါလိမ့်မည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ကျေးကျွန်စနစ်ကို အမွေဆက်ခံခဲ့ရပြီး ပြည်တွင်းစစ်နောက်ပိုင်း ပေါ်ပေါက်လာသော (တမင်တကာ လုပ်ယူသည့်) လူမျိုးရေး တန်းတူညီမျှမှု မရှိခြင်းတို့ကို ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ တိုင်းပြည်တွင်း၌ တည်ရှိခဲ့သည့် လူမျိုးရေး တန်းတူညီမျှ မရှိမှုနှင့် အကြမ်းဖက်မှုများကို ရှောင်ကြဉ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွန်စွာထင်ရှား ရှင်းလင်း ပြတ်သားသည့် အသွင်ကူးပြောင်းမှုဟူသည် အတိတ်ကာလ၌ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းအတွက် ကြိုတင်အချက်အလက်အဖြစ် လိုအပ်သောအရာ မဟုတ်ဟု ဆိုရပါမည်။

■ မေ့လျော့ထားခြင်းက ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည်။

“အတိတ်ကို အတိတ်မှာထားခဲ့”ဟူသည့် ချဉ်းကပ်မှုမျိုးမှာ လူ့အခွင့်အရေး အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည့် လက်သည် တရားခံများက နောက်ထပ် အကြမ်းဖက်မှုများ အစပျိုးလာမည်ကို စိုးရွံ့မှုကြောင့်ပင် ဖြစ်ပြီး ထိခိုက်နာကျင်မှု ပိုမို ဖြစ်ပေါ်စေခြင်းဖြင့်သာ အဆုံးသတ်ပါသည်။ ထို့ပြင် လူ့အခွင့်အရေး အကြမ်းဖက်မှုများ၏ သမိုင်းကြောင်းကို အသိအမှတ်ပြု ဝန်ခံရန် တွန့်ဆုတ်နေခြင်းကြောင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေပြီး ယင်းအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များကို ပိုမိုရဲရင့် လာစေနိုင်ပါသည်။ လူ့အခွင့်အရေး အကြမ်းဖက်ခံရမှုများမှ လွတ်မြောက်လာသူများ အနေဖြင့် သူတို့ ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်မှုများမှာ လွန်ခဲ့သော ၅ နှစ်၊ ၁၀ နှစ်၊ နှစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း သူတို့အပေါ်သို့ ထိုအကြမ်းဖက်မှုများ၏ ရိုက်ခတ်မှုများ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်ပါသည်။ အရပ်သားများမှာ မြေမြုပ်မိုင်းများကြောင့် ခြေလက်အင်္ဂါများ ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံရေး အကျဉ်းသားဟောင်းများသည်လည်း အကျဉ်းထောင်တွင်း၌ ညှင်းပန်းနှိပ်စက် ခံထားရခြင်းကြောင့် နာတာရှည် ရောဂါဝေဒနာများ ခံစားနေကြရပါသည်။ ထို့ကြောင့် အတိတ်ကာလမှာ သူတို့နှင့်အတူ ရှိနေဆဲပင်ဖြစ်၍ နေ့စဉ်ရက်ဆက် ခံစားနေရဆဲလည်း ဖြစ်ပါသည်။ အချို့သူများမှာ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက် ခံစားနေရသကဲ့သို့ အချို့သူများမှာမူ အိမ်ထောင်စု တစ်ခုလုံးကို ရှာဖွေ ကျွေးမွေးနေသူ အသတ်ခံလိုက်ရခြင်း၊ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံထားရခြင်းတို့ကြောင့် မချိုးဖျက်နိုင်သည့် ဆင်းရဲမွဲတေမှု သံသရာကို ဖန်တီးထားသကဲ့သို့ ဖြစ်စေပါသည်။ ထိုကဲ့သို့သော အခြေအနေ အားလုံးတွင် လူ့အခွင့်အရေး အကြမ်းဖက်မှုများမှ အသက်ရှင် လွတ်မြောက်လာသူများအတွက် သူတို့ ခံစားခဲ့ရမှုများကို အသိအမှတ်ပြုနိုင်ရန် အားထုတ် ကြိုးပမ်းခြင်းနှင့် အားပေးအားမြှောက်ပြု၍ သူတို့၏ ဂုဏ်သိက္ခာကို ခုခံကာကွယ်ပေးသည့် နည်းလမ်းတို့မှာ သူတို့အတွက်သာ မဟုတ်ဘဲ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်ပါ အကျိုးရှိစေပါလိမ့်မည်။ ထို့ပြင် အကြမ်းဖက်မှုများ ထပ်ခါတလဲလဲ ပေါ်ပေါက်ခြင်းမှ ရှောင်ကြဉ်ရန် ရည်ရွယ်ချက်ထားရှိပြီး လူ့အခွင့်အရေး အကြမ်းဖက်မှုများအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများကိုပါ ပြုပြင်ပြောင်းလဲနေသော်လည်း အတိတ်ကာလနှင့် မပတ်သက်စေရန် ကြိုးပမ်းမိပါက အဆိုပါကိစ္စများ မဖြစ်နိုင်သလောက် နီးပါးပင် ဖြစ်ပါသည်။

■ မည်သည့်နေရာမှ စတင်မည်နည်း၊ အများပြည်သူဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အကြံပေးမှု မရှိမဖြစ် လိုအပ်ပါသည်။

အပြုသဘောဆောင်၍ သိမ်မွေ့သော ကွဲပြားချက် ရှိသည့် နည်းလမ်းများဖြင့် သူတို့ မည်ကဲ့သို့ တွေ့ကြုံခဲ့ရသည်၊ သူတို့အပေါ် မည်သည့် ရိုက်ခတ်မှုများ ရှိသည်၊ အခြေအနေတစ်ခုကို တုံ့ပြန်ရန် မည်သို့ စဉ်းစားထားသည် စသည့် မေးခွန်းများကို မေးမြန်းရန် လိုအပ်ပါသည်။ ယင်းမှာ ယေဘုယျအားဖြင့် မည်သည့် မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်သည်ဖြစ်စေ မှန်ကန်ပြီး သုတေသနပြုမှု မရှိပါကလည်း မူဝါဒ ရေးဆွဲ ချမှတ်သူများအနေဖြင့် ပြည်သူလူထု လိုလားသည့် အရာများကို အသေအချာ သိရှိလိမ့်မည် မဟုတ်ပါ။ လူပုဂ္ဂိုလ် အတော်များများမှာ ယခုအစိုးရ လက်ထက်၌သာမက ယခင်အစိုးရ လက်ထက် ကတည်းကပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံသားများ အနေဖြင့် အတိတ်ကို တူးဆွရန် စိတ်ပါဝင်စားမှု မရှိကြဘဲ မိမိတို့ဘဝများ တိုးတက် အောင်မြင် ကြီးပွားရန်သာ လိုလားကြသည်ဟု သူတို့ က ကျွန်တော့်ကို ပြောပြခဲ့ပါသည်။ သို့သော် ယင်းအမြင်မှာ မည်သည့် သုတေသနပြု လေ့လာမှုအပေါ်တွင်မှ အခြေခံထားခြင်း မဟုတ်ပါ။ အဆိုပါ ခေါင်းစဉ်နှင့် ပတ်သက်၍ ဒါဇင်နှင့်ချီသော တွေ့ဆုံ မေးမြန်းခန်းများ (သဘောထား ထင်ဟပ်စေသည့် စစ်တမ်းကောက်ယူသော အဓိပ္ပာယ်မျိုး မဟုတ်ပါ) ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံသားများ အနေဖြင့် ထူးခြားကြီးကျယ်ပြီး အံ့သြ ထိတ်လန့်ဖွယ် အမြင်အမျိုးမျိုး ရှိကြသည်ဟူသည့် တစ်ခုတည်းသော ကောက်ချက်ကိုသာ ကျွန်တော် ချမှတ်မိပါတော့သည်။ စစ်တပ်၏ တိုက်ခိုက်မှုကို ခံရ၍ ထွက်ပြေးလာပြီး ဒုက္ခသည် ဖြစ်သွားကြသူများက “ဒီ လူသတ်သမားတွေကို သတ်ပစ်သင့်တယ်”၊ “ငါတို့ အိမ်တွေကို မီးရှို့တဲ့ သူတွေရဲ့ အိမ်တွေလည်း မီးလောင်ပြာကျပါစေ” စသဖြင့် ကျွန်တော့်ကို ပြောပြခဲ့ကြပါသည်။ အချို့သူများက မိမိတို့ နေအိမ်မှနေ၍ စိုက်ခင်းဆီသို့ တစ်ဦးတည်း စိတ်ချလက်ချ ထွက်သွားလိုပြီး မိမိတို့ ဘဝများကိုလည်း အဟန့်အတားမရှိ၊ လွတ်လွတ်လပ်လပ် နေထိုင်ချင်ကြကြောင်း ပြောပြကြပါသည်။ နိုင်ငံရေး အကျဉ်းသားဟောင်း နှစ်ဦးကမူ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်နေစဉ်မှာပင် စိတ်အပြောင်းအလဲ ဖြစ်သွားခဲ့ကြပြီး “သည်းခံ-ခွင့်လွှတ်သည့် ချဉ်းကပ်မှု” ဖြင့် စတင်ခဲ့ရာမှ ရုံးတင် တရားစွဲဆိုရန် အပြင်းအထန် တောင်းဆိုသည့် အခြေအနေဖြင့် အဆုံးသတ် သွားခဲ့ရပါသည်။ လူပုဂ္ဂိုလ်များ၏ ရှုမြင်သုံးသပ်မှုများမှာလည်း အချိန်နှင့်အမျှ ပြောင်းလဲနေရာ လက်ရှိကာလ အခြေအနေများကလည်း ယင်းရှုမြင် သုံးသပ်မှုများအပေါ် လွှမ်းမိုးမှု မကြာခဏ ရှိခဲ့ပါသည်။ ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရ၍ အကြမ်းဖက်မှုများ ခံစားခဲ့ရသည့် တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ကာလတာရှည် နှစ်သိမ့်ဆွေးနွေး အကြံပေးမှုများကို စောနိုင်သမျှ ဆောလျင်စွာ စတင်သင့်ပါသည်။

ဦးကြည်မောင် အနေဖြင့် မှီငြမ်း ကိုးကားထားသည့် မူဘောင် မျက်နှာစာတစ်ခု မရှိခဲ့ဘဲ အတိတ်ကာလနှင့် စပ်လျဉ်း၍သာ ကောက်ချက်ဆွဲခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ တရားရုံးများ ဆိုသည်မှာလည်း စံနမူနာ ပုံစံတစ်ခုမျှသာဖြစ်ပြီး သင့်လျော်ဟန် မရှိပါ။ သို့ရာတွင် ၂၅ နှစ်တာ ကာလအတွင်း၌ ကမ္ဘာကြီးသည်လည်း ရုပ်ရှင်ဆန်ဆန် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ အခြားသော လူ့အဖွဲ့အစည်းများထံမှ ကောက်နှုတ်နိုင်သည့် များပြားလှသော နယ်ပယ်ကဏ္ဍနှင့် ချဉ်းကပ်မှုများကို လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမျိုး၌ လိုက်လျောညီထွေမှု ရှိအောင် ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်နိုင်ပါသည်။ အတိတ်ကာလနှင့် ကလဲ့စားချေလိုသည့် အပြုအမူကို ပေါင်းစပ်ရောနှောရန် ကြိုးပမ်းမှုမှာ မြန်မာနိုင်ငံသား အားလုံးအတွက် အပြုသဘော မဆောင်ဘဲ အကျိုးယုတ်စေသည့် ပြုမူဆောင်ရွက်ချက်ပင် ဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းစစ်၏ ကြမ်းကြုတ် ရက်စက်မှုများမှ လွတ်မြောက် ရှင်သန်လာသူများနှင့် အမိန့်ပေး အာဏာပြ အုပ်ချုပ်မှုအောက်တွင် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ခြယ်မှု ခံခဲ့ရသူများအတွက် ပိုမိုဆိုးရွား စေနိုင်ပါသည်။ အကြမ်းဖက်မှု ပဋိပက္ခနှင့် အနာဂတ်ကာလ၌ အာဏာ အလွှဲသုံးစားပြုမှုကို ရှောင်ရှားရန် ကြိုးပမ်းမှုများမှာ ထိုသူတို့ ခံစားခဲ့ရသည်များကို အသိအမှတ်ပြု ဝန်ခံသည့် ဖြစ်စဉ်တစ်ရပ် မရှိလျှင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ရန်မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။

ပက်ထရစ်ခ် ဂျေ ပီးယားစ်၏ ဆောင်းပါးကို စည်သူကျော် ဘာသာပြန်ဆိုသည်။

■ စာညွှန်း

၁  – Dominic Faulder, “We’ll Play Fair (Interview),” Asiaweek (1990, July 13) စာမျက်နှာ ၂၈

၂ – Lindsay Murdoch, “Myanmar elections: Aung San Suu Kyi complains of elections results drip-feed,” Sydney Morning Herald (2015, November 11)

၃ – Equal Justice Initiative  www.eji.org  တွင်ကြည့်ပါ။

၄ – အထူးသဖြင့် အရပ်ဖက်အဖွဲ့အစည်းအများစုမှာ ယင်းလုပ်ငန်းအမျိုးအစားမျိုးဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)လည်း အပါအဝင်ဖြစ်ပါသည်။ AAPP and FPPS (2016, May) နှင့် AJAR (2015, November) တွင်ကြည့်ပါ။

■ ကျမ်းကိုးစာရင်း

AAPP & FPPS. (2016 May). After release I had to restart my life from the beginning. The Experiences of Ex-political Prisoners in Burma and Challenges to Reintegration. Report.

AJAR. (2015 November). Enduring impunity: Women surviving atrocities in the absence of justice.

Faulder, D. (1990, July 13). We Will Play Fair. Asiaweek. P. 28.

Murdoch, L. (2015, November 11). Myanmar elections: Aung San Suu Kyi complains of elections results drip-feed. Sydney Morning Herald.

Responding to Atrocities

by Patrick Pierce

Since 1990 when elections in Myanmar raised expectations of a proper democratic transition, the global context in which political transitions take place has changed considerably. Recognizing that efforts to address past human rights violations helps consolidate democratic advancements, in the 1990s many countries began implementing transitional justice mechanisms that provided platforms for authorities to acknowledge the harm that had been done, hold perpetrators accountable, provide remedy to victims and survivors of human rights violations, and effectively reform institutions most responsible for human rights violations. These mechanisms have been implemented in countries where perpetrators maintained power and despite resistance from anti-democratic and military forces. They have been able to include efforts to respect the dignity of victims of human rights violations as they navigated the complicated paths towards expanded democracy. In large part, these efforts opened up because societies as a whole, and political leaders in particular, discovered that they did not need to conflate “dealing with the past” with revenge, and reform efforts were strengthened acknowledging the legacies of violent and repressive pasts.

About the author

Patrick Pierce

Global Human Rights အဖွဲ့၏ အရှေ့တောင်အာရှဆိုင်ရာ အစီအစဉ်မှူးဖြစ်ပြီး ICTJ တွင် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသည်။

Add comment