လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာအား မေးမြန်းခြင်း

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စဉ်းစားချက်အောက်မှာ အရင်စနစ်ကို ဦးဆောင်ခဲ့တဲ့ သူတွေနဲ့ အခုဦးဆောင်နေတဲ့ ငါတို့နဲ့ ကြားထဲမှာပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြန်ပြီးတော့ သင့်မြတ်ပြီ၊ ဒီအသွင်ကူးပြောင်းရေး အောင်မြင်ပြီဆိုတဲ့ စဉ်းစားချက်မျိုး ရှိနေပြီဆိုလို့ရှိရင်၊ နောက်တနည်း ပြောရလို့ရှိရင် …

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။

■ ဖြေ   –         မြန်မာ့ အသွင်ကူးပြောင်းရေး ဦးတည်ချက်ဟာ  ဒီမိုကရေစီ အုတ်မြစ်ချရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့က စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ ကြိုးစားခဲ့တဲ့နိုင်ငံ ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ချန်ခဲ့ဖို့၊ သူ့ဆီကနေ ခွဲထွက်လာဖို့၊ ဒီမိုကရေစီကို အုတ်မြစ်ချဖို့ ဦးတည်တဲ့ အသွင်ကူးပြောင်းရေးသာ ဖြစ်သင့်တယ်။  စစ်အာဏာရှင် ယန္တရားတွေ၊ ဗျူရိုကရေစီ လက်အောက်မှာရှိတဲ့ ယန္တရားတွေ၊ အင်စတီကျူးရှင်းတွေ ဒါတွေကို ကျွန်မတို့က ဒီမိုကရေစီအခြေခံ စံချိန်စံညွှန်းတွေနဲ့အညီ ပြောင်းဖို့အတွက် လုပ်ရမယ်လို့ ရှင်းရှင်းပဲမြင်တယ်။ လူတွေကိုလည်း ပြောင်းဖို့လိုတယ်။ ပြောရမယ် ဆိုလို့ရှိရင် အခု အာဏာရလာတဲ့ NLD အစိုးရပေါ့နော်။ ဘယ်လိုမျိုး အသွင်ကူးပြောင်းရေးကို လုပ်သွားမလဲဆိုတဲ့ တစ်စုံလုံး ခြုံငုံကြည့်ပြီးတော့ ပြင်ဆင်ထားတဲ့ ဥစ္စာမျိုး ရှိတာမတွေ့ရဘူး။ အဲဒီလို မတွေ့ရတဲ့ဟာက စစချင်း အာဏာရတဲ့အချိန်မှာ စပြီးတော့မှ နေရာတွေချတဲ့ အချိန်ကတည်းက အလွဲလွဲအချော်ချော်၊ အခုချက်ချင်း ဒါအခုချက်ချင်း မဟုတ် ဆိုတာမျိုးတွေ ဖြစ်ခဲ့တာတွေရော၊ ပြီးသွားလို့ရှိရင် ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ ဥစ္စာတွေမှာလည်း ကဏ္ဍအသီးသီးကြားထဲမှာ အပြန်အလှန် ထိန်းကျောင်းပြီးတော့မှ အပြန်အလှန် ထိန်းညှိပြီးတော့မှ ပံ့ပိုးနေတဲ့ ဥစ္စာမျိုး၊ ဒါမျိုးတွေလည်း မတွေ့ရဘူး။ အထူးသဖြင့် ပိုပြီးတော့ စိတ်ပူစရာ ကောင်းတယ်လို့ မြင်တာက  ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတဲ့ဥစ္စာမှာ ပြည်သူတွေရဲ့ပါဝင်မှု၊ ပြည်သူတွေရဲ့နေရာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်မှု၊ နောက် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ ဒီဟာတွေကို ပိုပြီးတော့ လမ်းဖွင့်ပေးထားတာ၊ အသွင်ကူးပြောင်းရေးမှာ ပြည်သူတွေရဲ့ ပါဝင်မှုကို ဖိတ်ခေါ်ထားတာ ဒါမျိုးကို ကျွန်မတို့ တွေ့မနေရဘူး။ ဖြစ်သင့်တဲ့ အရာတွေ ဖြစ်မနေတဲ့အတွက်ကြောင့် အသွင်ကူးပြောင်းရေးဟာ လမ်းကြောင်း လွဲသွားနိုင်တယ်။ ဆုံးရှုံးသွားနိုင်တယ်။ ကျဆုံးသွားနိုင်တယ်။

ကျွန်မတို့နိုင်ငံမှာ မတူတဲ့  ထူးခြားချက်တွေနဲ့ သွားနေတာ ရှိပါတယ်။ ဥပမာဆိုလို့ရှိရင် နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ ရာထူးတစ်ခုကို ဖော်ထုတ်လာနိုင်တယ်။ ဒါဟာ စစ်အာဏာရှင် ကနေပြီးတော့မှ စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိုပဲ ဦးတည်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်ဖို့အတွက်ကို ဒီအခြေခံဥပဒေထဲကနေပြီးမှ ဖောက်ထွက်ပြီးတော့ လမ်းကြောင်းသစ်တစ်ခု ထွင်ဖို့ ထုတ်လာနိုင်တယ်။ ဒါဟာလည်း ကျွန်မတို့ သွားချင်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်ကို လုပ်ပိုင်ခွင့်အာဏာကို ပြည်သူတွေလက်ထဲ ရောက်ဖို့အတွက် ဝင်ပေါက်ဆုံချက်တစ်ခု ရှာလို့နိုင်တဲ့ အချက်လို့လည်း ပြောနိုင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စစ်ခေါင်းဆောင်တွေ ကြားထဲမှာ ဘယ်လိုမျိုး အပေးအယူတွေ လုပ်ထားလဲ၊ ပြီးသွားလို့ရှိရင် အသွင်ကူးပြောင်းရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုပုံစံမျိုးနဲ့ နာက်ဆုတ်သွားမလဲ ဆိုတဲ့ ဥစ္စာမျိုးတွေကအစ ပြည်သူကြားထဲမှာ ပွင့်လင်းမြင်သာမှု ဘာမှတွေ့မနေရဘူး။ ဒါတွေကလည်း အသွင်ကူးပြောင်းရေးအတွက်ကို စိတ်ပူစရာကောင်းတဲ့ ကိစ္စလို့ မြင်တယ်။

ပြီးရင် ဗျူရိုကရက် ယန္တရားတွေမှာလည်း ဘယ်လို တာဝန်ယူမှာလဲ။ အခုက အပေါ်ထိပ်ဆုံးနေရာတွေမှာပဲ NLD က ဝင်ပြီးတော့ လူစားလဲလိုက်ရတယ်။ အောက်ခြေမှာ အရင်လူဟောင်းတွေနဲ့ ပုံစံဟောင်းအတိုင်း လုပ်နေကြတာကို ဒါကို မျှခြေဖြစ်အောင် လုပ်နိုင်ဖို့အတွက် နဂိုကတည်းက အသွင်ကူးပြောင်းရေး အစီအစဉ်မှာ လူစားထိုးတဲ့ကိစ္စတွေက ဘယ်အချိန်ကာလအတွင်းမှာ ဘယ်လိုပုံစံမျိုး လုပ်မလဲဆိုတာ အစီအစဉ်တွေ မတွေ့ရဘူး။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ပေါ့။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို NLD အစိုးရ တက်လာတဲ့အချိန်မှာ လွှတ်တော်ထဲမှာ ချက်ချင်း ကောက်ပြီးတော့မှ ဆွေးနွေးတာတွေ ဖြစ်လာတယ်။ ဥပဒေပါပြောင်းဖို့ မကဘဲ လူတွေပါ အပြောင်းအလဲဖြစ်ဖို့။ ဒါမျိုးက လမ်းကြောင်းမှန်တယ်။ ဒါပေမဲ့ အဲဒီကိစ္စဟာ ဘာကြောင့်မှန်းမသိဘဲနဲ့ ချက်ချင်း အသံတိတ်သွားတဲ့ ဥစ္စာတွေ၊ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်တွေ ပိုပြီးတော့မှ ကန့်သတ် ခံလာရတာတွေ ဒါဟာ ကောင်းတဲ့လက္ခဏာ လုံးဝမဟုတ်ဘူး။ အထူးသဖြင့် NLD အစိုးရ တက်တော့မှ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေကို ၆၆(ဃ)နဲ့ ပိုပြီးတော့မှ  ပိတ်ပင် ခံလာရတာဟာ အသွင်ကူးပြောင်းရေးအတွက် ကောင်းတဲ့ကိစ္စတွေ မဟုတ်ဘူး။ ပြီးသွားရင် အထူးအရေးကြီးတဲ့ကိစ္စ။ တရားဥပဒေ စိုးမိုးရေးကိစ္စ။ တကယ်တမ်း Rule of Law ကို အဓိက လုပ်မယ်ဆိုတာ NLD အစိုးရ တက်ချိန်မှာ ပြောသွားတာ ရှိပါတယ်။ တရားဥပဒေစိုးမိုးရေး ပါတယ်၊ ပြည်တွင်းငြိမ်းချမ်းရေး ပါတယ်၊ ဒီလိုမျိုး အဓိကကိစ္စတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ပြောရင် အင်မတန်မှ ပြဿနာတွေ အများကြီးဖြစ်နေတာ တွေ့ရတယ်။ ဥပဒေ၊ တရားရေးစီရင်ရေး၊ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေဟာ တစ်ခုနဲ့တစ်ခု တိုက်ရိုက်ဆက်စပ်ပြီးတော့ အသွင်ကူးပြောင်းရေးကာလမှာ မဖြစ်မနေ ကိုင်တွယ်ရမယ့် ကိစ္စတွေဖြစ်တယ်။ အခုအချိန်မှာ ဒါတွေကို ဦးစားပေးကနေ နောက်ပြန်လျော့သွားနေတာကို တွေ့နေရတဲ့ဟာ စိတ်ပူစရာ၊ သံသယပွားစရာ အများကြီး ဖြစ်စေတယ်။ အဆုံးသတ်ရမယ်ဆိုရင် လမ်းကြောင်းမှန်ပေါ် မရောက်နေသေးဘူး။ ရောက်အောင် လုပ်ချင်ရင်တော့ ရောက်အောင်လုပ်ဖို့ အချိန်ရှိတယ်။ စိုးရိမ်ချက်ပေါ်မှာ ကျားကန်ပြီးတော့ နေနေတယ် ဆိုလို့ရှိရင်တော့ အုပ်ချုပ်မှုဟောင်းရဲ့ ထောင်ချောက်ထဲမှာပဲ ပြန်ဝင်သွားပြီးတော့ ကိုယ် နောက်ပြန်မသွားချင်တဲ့ ဥစ္စာကို ကိုယ် ကိုယ်တိုင်က နောက်ပြန်ဆွဲပြီး ပြန်ဝင်သွားတဲ့ဟာမျိုး ဖြစ်သွားမယ်လို့ သုံးသပ်ချင်တယ်။

■ မေး။   ဒုတိယ မေးခွန်းကတော့ ရှေ့တိုး၊ မတိုးဆိုတဲ့ သုံးသပ်ချက်ကနေ နောက်ကြောင်းပြန်နိုင်ခြေ ရှိ၊ မရှိဆိုတဲ့ အကြောင်းပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးလှိုင်းကို နောက်ကြောင်းပြန်စေမယ့် အဓိက အကြောင်းတွေ ရှိမယ်ဆိုရင် ဘာတွေလို့ ထင်ပါသလဲ။ အဓိကအချက်တွေကို သုံးသပ်ပေးပါ။

■ ဖြေ   –  ကျွန်မရဲ့ အမြင်ကတော့ နောက်ကြောင်းပြန်စေဖို့ အဓိကအကြောင်းဟာ အရှေ့ကိုတိုးဖို့ ကြိုးစားနေတဲ့သူတွေ ကိုယ်၌က မရဲတရဲ၊ အစီအစဉ်မကျ၊ ဗျူဟာမရှိ၊ ပြီးလို့ရှိရင် ကိုယ်သွားနေတဲ့ လမ်းကြောင်း၊ ကိုယ်သွားရမယ့် လမ်းကြောင်းကို ကိုယ်သေသေချာချာ မသိ၊ သူ့မျက်နှာ ကိုယ်ကြည့်၊ ကိုယ့်မျက်နှာ သူကြည့်နဲ့ ခေါင်းဆောင်နောက်ကနေပြီး မျက်စေ့မှိတ်ပြီး ဘယ်သွားသွား လိုက်မယ်ဆိုတဲ့ စိတ်နေစိတ်ထား၊ ခံယူချက်တွေနဲ့ ဆိုရင် အဲဒါတွေက အသွင်ကူးပြောင်းရေးကို နောက်ပြန်စေမယ့် အဓိကအကြောင်း ဖြစ်သွားလိမ့်မယ်။ အရင်စနစ်ဟောင်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချပြီးတော့ သူနေရာကို ဆက်ပြီး တည်မြဲအောင် သူကြိုးစားမှာပဲ။ အဲဒီလိုကြိုးစားတာကို စနစ်ဟောင်းကို ပြောင်းပါမယ်လို့ လူထုကို ကတိပေး၊ ကိုယ်ကိုယ်၌က ပြောင်းပါမယ်လို့ ဆယ်စုနှစ်နဲ့ ချီပြီးတော့မှ ကြိုးစားခဲ့ပြီး ဒီအချိန်ကျတော့မှ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ ထုတ်မသုံးဘူး၊ သေသေချာချာ မစုစည်းဘူး၊ မလုပ်ဘူးဆိုရင် ကိုယ်က သူတို့စနစ်ဟောင်း အခြေပြန်ခိုင်သွားဖို့အတွက်ကို အဖြည့်ခံ ဝင်ကစားပေးရတဲ့ အဆင့်တစ်ခုပဲ ဖြစ်သွားနိုင်တယ်။

အသွင်ကူးပြောင်းရေးကာလ လူထုအစိုးရ တစ်ရပ်အနေနဲ့ တကယ်တမ်း လုပ်သင့်တာက ကိုယ့်အင်အားကို သေသေချာချာ နားလည်သင့်တယ်။ ကိုယ့်အင်အားလို့ ပြောတဲ့အခါမှာ ကိုယ့်ရဲ့ပါတီအင်အား တစ်ခုတည်းကို ကြည့်လို့မရပါဘူး။  ဒီခရီးလမ်းကြောင်းက ဒီပါတီတစ်ခုတည်း လျှောက်ခဲ့လို့၊ ဖောက်ခဲ့လို့ ရောက်လာခဲ့တာမှ မဟုတ်တာ။ ပြောချင်တာက စနစ်ဟောင်းတစ်ခုကနေ စနစ်သစ်တခုကို ပြောင်းဖို့အတွက် အဲဒီ စနစ်ဟောင်းကို၊ အာဏာရှင်စနစ်ကို တိုက်တယ်ဆိုတဲ့ နေရာမှာ လူထုက တိုက်တာ၊ လူထုက တိုက်တဲ့အတွက်ကြောင့် လူထုရဲ့အခန်းကဏ္ဍကို မေ့ပစ်လို့မရဘူး။ တက်ကြွလှုပ်ရှားသူတွေရဲ့ အခန်းကဏ္ဍကို ဖယ်ခဲ့လို့မရဘူး။ အသွင်ကူးပြောင်းရေးမှာ တက်ကြွလှုပ်ရှားသူတွေရဲ့ ပူးပေါင်းလုပ်နိုင်တဲ့ အခန်းကဏ္ဍတွေကို ဖယ်ခဲ့မယ်ဆိုရင် အဲဒီ အနိုင်ရပါတီ၊ သို့မဟုတ် အနိုင်ရ အစိုးရသည် ကြီးမားတဲ့ အမှားတစ်ခုကို လုပ်ပြီလို့ သုံးသပ်တယ်။ ဘယ်နိုင်ငံမှာပဲကြည့်ကြည့် အသွင်ကူးပြောင်းရေး ရောက်ပြီဆိုလို့ရှိရင် အသွင်ကူးပြောင်းရေးကို ရောက်ဖို့အတွက် တွန်းအားတွေဖြစ်ခဲ့တဲ့ အတိုက်အခံတွေဆိုတာ ပြန်ပြီးတော့ လူစုကြရတယ်။ အာဏာရအစိုးရကနေပြီးတော့ ဒီလူတွေရဲ့ အားကိုယူရတယ်။ ယူပြီးတော့မှ သူ့နေရာနဲ့သူ အကုန်လုံး နေရာတကျ စီမံခန့်ခွဲပြီးတော့ ဒီလူတွေရဲ့ လုပ်နိုင်အားတွေကို ခိုင်းတတ်ရတယ်။ အခု ကျွန်မကြည့်တာ NLD အစိုးရက အဲဒီလို မခိုင်းတတ်ဘူး။ ကိုယ်မလုပ်နိုင်တဲ့ကိစ္စမှာ လုပ်နိုင်တဲ့သူတွေကို ဘယ်လိုခိုင်းမလဲ ဆိုတဲ့ဟာကို မခိုင်းတတ်တော့၊ ကိုယ်လည်း မလုပ်နိုင်ဘူး၊ သူများကိုလည်း မခိုင်းတတ်ဘူးဆိုရင် ဒီအသွင်ကူးပြောင်းရေးလမ်းကြောင်းဟာ ပိုအားနည်းသွားလိမ့်မယ်။

ဒီလိုအချိန်မှာ ပိုပြီးတော့မှ နိုင်ငံရေးအရ ရင့်ကျက်ရမယ်။ ဗျူဟာမြောက် ဖြစ်ရမယ်။ ဗျူဟာမြောက် ဖြစ်ရမယ်ဆိုတဲ့ဟာက ဒီဟာလည်း မလုပ်နဲ့၊ နောက်ကြောင်းပြန်ဆွဲမယ်၊ ဟိုဟာလည်း မလုပ်နဲ့ နောက်ကြောင်း ပြန်ဆွဲမယ် ဆိုတဲ့ဟာနဲ့ မတူဘူး။ ဗျူဟာမြောက် ဖြစ်တယ်ဆိုတဲ့အရာဟာ ဒီလိုမျိုး ညီအစ်ကိုမသိတသိ ဖြစ်နေတဲ့ ကာလတွေမှာ ဘယ်လိုမျိုး ရှင်းရှင်းလင်းလင်းနဲ့ ကျွန်မတို့သွားချင်တဲ့ လမ်းကို စိတ်ဒုံးဒုံးချပြီးတော့မှ ခြေစုံချနိုင်တဲ့ အုတ်မြစ်ချနိုင်မလဲ ဆိုတာ တွက်ချက်ပြင်ဆင်တဲ့ဟာပဲ။ အဲဒီဗျူဟာမြောက် မရှိလို့ ကျန်ခဲ့တဲ့ ငါးနှစ်မှာ ဒီမိုကရေစီ အုတ်မြစ်ချနိုင်ရေး အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးခဲ့ရပြီ။ NLD အစိုးရက အထူးသဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ လုပ်နေတဲ့ အဖွဲ့အစည်းတွေ သတင်းမီဒီယာတွေ စတဲ့ အသွင် ကူးပြောင်းရေး မှန်ကန်ဖို့အတွက် ကျားကန်ပေးနိုင်တဲ့ ဒေါက်တိုင်ကြီးတွေကို သေသေချာချာ အားပေး လမ်းဖွင့်ပြီးတော့မှ အားကောင်းအောင် လုပ်ဖို့လိုတယ်။ ဒါတွေကိုလည်း လောလောဆယ်မှာ မတွေ့မြင်ရတဲ့အခါ အင်မတန် စိတ်ပူစရာ ကောင်းတယ်။

■ မေး။   မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဘယ်အင်အားစုတွေက (ဥပမာ-  နိုင်ငံရေးပါတီများ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံတကာ စသဖြင့်) အဓိက ပြဋ္ဌာန်းနိုင်သလဲ ဆိုတာ ရေတို၊ရေရှည် အရေးပါမှုတွေနဲ့ ချိတ်ဆက် သုံးသပ်ပေးပါဦး။

■ ဖြေ   –         ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဘဲနဲ့တော့ ကျွန်မတို့ ဘယ်လိုမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မှန်မှန်ကန်ကန်နဲ့ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက လူတစ်စုအတွက်ကိုပဲ အခွင့်အလမ်း ပေးထားတာ ဖြစ်နေတဲ့အတွက်ကြောင့် ပြောင်းရမယ်။ ကြိုးစားပြီး ဝိုင်းလုပ်ကြမယ် ဆိုတဲ့သူတွေ အများကြီးပဲ။   ဒါကြောင့်လည်း ၂၀၁၅ ခုနှစ်မှာ NLD ကို မဲပေးကြတာ။ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တာ၊ ယုံကြည်တာ တစ်ခုတည်းနဲ့ မဟုတ်ဘဲ ဖွဲ့စည်းပုံ ပြောင်းချင်လို့ပဲ ဆိုတော့ အသွင်ကူးပြောင်းရေးရဲ့ အဓိကအစီအစဉ်က ဖွဲ့စည်းပုံပြောင်းရေး ဖြစ်တာပေါ့။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အားမရစရာဖြစ်နေတာက  ဒါကို ဘယ်လိုလုပ်မလဲဆိုတာကို နိုင်ငံရေး ဦးဆောင်နေသူတွေက  မတို့မထိတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဒါဟာ စိတ်ပူစရာလို့ မြင်တယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် ဘယ်လို နိုင်ငံရေး၊ စီးပွားရေး မူဝါဒ ပေါ်လစီတွေကို ဦးစားပေး ဆောင်ရွက်သင့်သလဲ၊ ဘယ်လို မူဝါဒမျိုးတွေကတော့ ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွားမလဲ ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ရပ်တွေပေါ် ဥပမာပေး ဆွေးနွေးပေးပါ။

■ ဖြေ   –         အသွင်ကူးပြောင်းရေးမှာ အောင်မြင်တဲ့ မူဝါဒတွေ ချနိုင်ဖို့ဆိုရင်တော့ မူဝါဒတွေကို လူထုသိဖို့ လိုတယ်။ ဒီကိစ္စတွေက အသွင်ကူးပြောင်းရေး အောင်မြင်ခြင်း ကျရှုံးခြင်းကို အဆုံးအဖြတ်ပေးတဲ့ အရာဟာ ရေရှည်မှာတော့ အသွင်ကူးပြောင်းရေးရဲ့ အသီးအပွင့်ကို လုထုက ခံစားရလား၊ မခံစားရဘူးလား ဆိုတဲ့အပေါ်မှာ မူတည်တာပဲ။

■ မေး။ တချို့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေစိတ်ထား (mindset) မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့ အခြေပြုရှုမြင်ပုံမျိုးကို ဘယ်လို သုံးသပ်ပါလဲ။

■ ဖြေ   –         တဖက်ကကြည့်ရင် ဒါလည်း မှန်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို သုံးသပ်တာက တကယ်တမ်း ဘာကိုပြောချင်တာလဲ ဆိုတော့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ဆိုရင်  ပြည်သူတွေရဲ့ စိတ်နေစိတ်ထား ပြောင်းရမယ်။ ပြည်သူတွေရဲ့ စိတ်နေစိတ်ထား ပြောင်းဖို့ဆိုရင် တဖက်က ပြောလို့ရတာက ပြည်သူတွေရဲ့ ပါဝင်မှုလိုတယ်လို့ပဲ ပြောချင်တယ်။ သူတို့ရဲ့ လက်တွေ့ ပါဝင်မှုနဲ့ ပြောင်းဖို့လိုတယ်။ အဲဒီလို ပြောင်းဖို့ဆိုရင် ဦးဆောင်တဲ့သူ ကိုယ်၌က ပြည်သူတွေက ဒီ mindset ရှိနေတယ်လို့ လက်ညှိုးထိုးမယ့်အစား ကိုယ် ကိုယ်တိုင်လည်း အဲဒီ mindset ထဲမှာ ပါဝင်နေတယ်လို့ သဘောထား မြင်ထားမှ ရမယ်။  ကိုယ် ကိုယ်တိုင်ကလည်း ပြောင်းဖို့လိုတယ်။ ပြောင်းရမယ်ဆိုတာ သိဖို့လိုပါတယ်။ လောလောဆယ် အသွင်ကူးပြောင်းရေး အစိုးရအနေနဲ့က ပြည်သူတွေရဲ့ mindset  ပြောင်းဖို့အတွက်ကို အစီအစဉ် အသေအချာ မရှိဘဲနဲ့၊ လက်တွေ့အကောင်အထည် မဖော်နိုင်ဘဲနဲ့ ပြောတယ်ဆိုရင် အဲဒါ လက်တွေ့ကျမှာ မဟုတ်ဘူး။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုတာကို ပြည်သူတွေက သူတို့ ကိုယ်တိုင် နေ့စဉ်ဘဝတွေထဲမှာ လက်တွေ့ ကျင့်သုံးနိုင်တဲ့ အခြေအနေ ရောက်မယ်ဆိုလို့ရှိရင်၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို သူတို့ဘဝထဲ ယှဉ်ပြီးတော့ မြင်လာတယ်ဆိုရင် တန်ဖိုးထားတတ်လာတယ်၊ တာဝန်ယူတတ်တဲ့စိတ် ရှိလာတယ်ဆိုရင်တော့ အသွင်ကူးပြောင်းရေးကို လမ်းကြောင်းမှန်ဖို့ ပိုအားကောင်းလာမှာပဲ။ အားလုံးမပါဘဲ ကိုယ်တစ်ယောက်တည်း၊ ကိုယ်တစ်စုတည်း၊ ကိုယ့်တစ်ပါတီတည်း ရှေ့ကသွားဖို့ စဉ်းစားမယ်ဆိုရင် မဖြစ်နိုင်သလို အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စဉ်းစားချက်အောက်မှာ အရင်စနစ်ကို ဦးဆောင်ခဲ့တဲ့ သူတွေနဲ့ အခုဦးဆောင်နေတဲ့ ငါတို့နဲ့ကြားထဲမှာပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြန်ပြီးတော့ သင့်မြတ်ပြီ၊ ဒီအသွင်ကူးပြောင်းရေး အောင်မြင်ပြီဆိုတဲ့ စဉ်းစားချက်မျိုး ရှိနေပြီဆိုလို့ရှိရင်၊ နောက်တစ်နည်း ပြောရလို့ရှိရင် အရင်စနစ်ဟောင်းမှာ ဘဝတွေ၊ အသက်တွေ၊ ဖိနှိပ်မှုတွေအောက်မှာ ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေကို သူတို့ရဲ့ပါဝင်မှုကို လမ်းဖွင့်မပေးဘဲနဲ့ သူတို့ရဲ့ ပါဝင်မှုကို လက်တွဲမခေါ်ဘူး ဆိုရင် အရင်စနစ်ဟောင်း ဦးဆောင်သူတွေနဲ့ အခု ဦးဆောင်နေသူတွေ ကြားထဲမှာပဲ လက်ချင်းချိတ်ပြီး ပြန်ပေါင်းထုပ်တယ် ဆိုရင် ဒီအသွင်ကူးပြောင်းရေးဟာ လူမလိုင် အပေါ်ယံ နိုင်ငံရေးပါဝါ ရှိတဲ့သူတွေ ကြားထဲမှာပဲ ဖြစ်နေမယ်။ ပြည်သူအတွက် ကိုယ်က ဆုံးဖြတ်ပြီး လုပ်တဲ့ဟာမျိုးဆိုရင် အရင်စနစ်ဟောင်းနဲ့ ဘာထူးမလဲ။ ပြည်သူအတွက် ငါတို့ ဆုံးဖြတ်ခွင့်ရှိတယ်၊ ငါတို့ ဆုံးဖြတ်မယ် ဆိုရင်တော့ အာဏာရှင်ပဲ ဖြစ်နေမှာပဲ။

About the author

The Editor

Add comment