သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်အား မေးမြန်းခြင်း

စီမံကိန်းက လေးငါးခုနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်တဲ့အချိန်မှာ ၁၅ ခု၊ ၁၇ ခုလောက် ပေးထားတယ် ဆိုရင် ဒါဟာ စီးပွားရေးအရ အပေးအယူလုပ်တဲ့ စီမံကိန်းတွေ ဖြစ်သွားပြီ။ လက်ရှိအစိုးရဟာ ဒီလိုအမှားမျိုးကို ထပ်မမှားသင့်ဘူး။ သေချာစိစစ်ပြီးတော့ တိုင်းပြည်အတွက် မလိုအပ်ဘဲ ထပ်နေတဲ့ စီမံကိန်းတွေကို မလုပ်သင့်ဘူး။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။

■ ဖြေ   –         နိုင်ငံတစ်ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလေးထားပြီး ဆက်ဆံရတဲ့ ချစ်ကြည်ရေးဆိုတာကို အရင်ဆုံး အဓိပ္ပာယ်ဖွင့်ချင်တယ်။ အဲဒါက ကမ္ဘာမှာ အရေးကြီးပါတယ်။ ချစ်ကြည်ရေးလို့ ပြောတဲ့အချိန်မှာ တိုင်းပြည် တစ်ပြည်ဟာ သူ့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်ကို ထိန်းသိမ်းဖို့ အရေးကြီးတယ်။ နိုင်ငံတစ်ခု ထိန်းသိမ်းထားတဲ့ ကျင့်ဝတ်နဲ့သိက္ခာ၊ ချစ်ကြည်ရေးဆိုတဲ့ စကားလုံးဟာ အစိုးရအချင်းချင်း ပိုင်ဆိုင်တဲ့ ချစ်ကြည်ရေး မဖြစ်သင့်ဘူး။ ဒီချစ်ကြည်ရေးဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထိန်းသိမ်းပြီးတော့ ပြည်သူအားလုံး ခြုံငုံထားတဲ့ ချစ်ကြည်ရေး ဖြစ်သင့်တယ်။ ဒါမှ စီးပွားရေးပဲ လုပ်လုပ်၊ ဘာပဲ လုပ်လုပ်၊ ရေရှည်စီမံကိန်းပဲ ဖြစ်ဖြစ်၊ ရေတိုပဲ ဖြစ်ဖြစ် တိုင်းပြည်တစ်ခုနဲ့ တစ်ခု ဆက်ဆံတဲ့ နေရာမှာ အစိုးရချင်း အပေးအယူလို မဟုတ်ဘဲနဲ့ ပြည်သူအားလုံးအတွက် ကိုယ်စားပြုမှ ကိုယ့်တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်ကို ထိန်းသိမ်းပြီးသား ဖြစ်မှာ။ ဒါလေးကို အရင် ပြောချင်ပါတယ်။

အခုလက်ရှိ ပြည်သူလိုလားတဲ့ အစိုးရပေါ့၊ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်တဲ့ အစိုးရကို ပထမဆုံးတော့ နားလည်ပေးပြီး အချိန်ပေးဖို့တော့ လိုလိမ့်မယ်။ အဲဒီမှာ နှစ်ပိုင်း သွားတွေ့တယ်ပေါ့။ အစိုးရကို ပညာတတ်လောကက မြင်တဲ့အမြင်နဲ့ အခြေခံက မြင်တဲ့အမြင်ကတော့ တူမှာမဟုတ်ဘူး။ အခြေခံကတော့ သူတို့လိုချင်တဲ့ အစိုးရ၊ သူတို့ ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်၊ ပုဂ္ဂိုလ်၊ ကိုးကွယ်မှုနဲ့ ရှိတဲ့ ခေါင်းဆောင်ဆို ပိုဆိုးတယ်။ နေ့ချင်းညချင်း လိုတဲ့ဟာတွေအားလုံး ပြီးပြည့်စုံမယ်လို့ သူတို့မျှော်လင့်ကြတယ်။ ဒါပေမဲ့ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီလိုမျိုး တွေးခေါ်မှုအားနည်းတဲ့ သူတွေကို ပညာတတ်တွေက ဖြေရှင်းပြဖို့ လိုတယ်။ ဥပမာ- ရက် ၁၀၀၊ တစ်နှစ်အတွင်းမှာ ချက်ချင်း၊ တစ်ခါတည်း အားလုံးပြီးပြည့်စုံတဲ့ဘ၀ အပြောင်းအလဲတစ်ခုကို မျှော်လင့်တဲ့သူက များတယ်။ အားလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားလုံး ပျက်စီးယိုယွင်းတာ။ သဘာဝပတ်ဝန်းကျင် အပါအဝင်ပေါ့။ ဒါကို ကိုယ်မဲပေးထားတဲ့ အစိုးရမလို့ အစိုးရတာဝန် ဆိုတာလည်း မဟုတ်ဘူး။ အားလုံး ပြည်သူလူထုပါ ပူးပေါင်း ပါဝင်ပြီးတော့ ဟိုးအထက်ကနေ အောက်အထိ တာဝန်ရှိတယ်လို့ ပြောချင်တယ်။

■ မေး။ ဒုတိယမေးခွန်းကတော့ ရှေ့တိုး၊ မတိုးဆိုတဲ့ သုံးသပ်ချက်ကနေ နောက်ကြောင်း ပြန်နိုင်ခြေ ရှိ၊ မရှိဆိုတဲ့ အကြောင်းပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးလှိုင်းကို နောက်ကြောင်း ပြန်စေမယ့် အဓိက အကြောင်းတွေ ရှိမယ်ဆိုရင် ဘာတွေလို့ ထင်ပါသလဲ။ အဓိက အချက်တွေကို သုံးသပ်ပေးပါ။

■ ဖြေ   –         နောက်ကြောင်း ပြန်ခြင်း၊ မပြန်ခြင်းဆိုတာ အခုပြည်သူလူထု တင်ထားတဲ့ အစိုးရအပေါ်မှာ အများကြီး မူတည်သွားပြီ။ ပြည်သူက နားလည်ပြီးတော့ အချိန်ပေးတဲ့ အချိန်မှာ အားလုံးမူဝါဒ ချတဲ့သူတွေရော၊ ပါတီက လူတွေရော၊ လွှတ်တော်ထဲက လူတွေရော တက်ညီလက်ညီ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်ဖို့ လိုအပ်လာတယ်။ ပျက်စီးနေတဲ့ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်ဖို့ ပြန်ပြီး လုပ်မယ်ဆိုရင် ပြည်တွင်းမှာရှိတဲ့ အခြေခံလိုအပ်ချက်ကို ဖြေရှင်းရမှာ။ လူတွေက ထင်လိမ့်မယ်။ အခြေခံလိုအပ်ချက်ဆိုတာ စီးပွားရေးလား၊ ကျန်းမာရေးလား စသဖြင့်ပေါ့။ ပညာရေးဟာ အဓိက အခြေခံအချက်လို့ မြင်ပါတယ်။ ကျန်းမာရေးနဲ့ တူအောင် နေတတ်၊ ထိုင်တတ်ဖို့ဆိုတာ ပညာရေးကိုပဲ အခြေခံတယ်။ စီးပွားရေးကျတော့ ပိုဆိုးတာပေါ့။ အများကြီး စဉ်းစားမှုတွေ၊ တွေးခေါ်မှုတွေ၊ အတတ်ပညာတွေ အများကြီးလိုလာတယ်။ အစိုးရက အရင်ဆုံး ပြည်ပက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကို မခေါ်ခင် ပြည်တွင်းက အခြေခံလိုအပ်ချက် ဖြစ်တဲ့ ပညာရေးစနစ် မှန်ကန်ဖို့၊ ပြီးတော့မှ နောက်တစ်ဆင့် ပြည်သူတွေရဲ့ ကျန်းမာရေး၊ အဲဒါတွေကို ဖန်တီးပေးစေချင်တယ်။ အဲဒါကို ဖော်ဆောင်ပြီးမှသာ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဖော်ဆောင်မှုတွေ၊ စနစ်တွေကို ရေးဆွဲဖို့ လိုလာတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာတွေကို လူ့စွမ်းအား အရင်းအမြစ်နဲ့ ပုံဖော်ရတော့မှာ။ အဲဒီအချိန်မှာ အစိုးရလုပ်တဲ့သူက ကာယနဲ့ ဉာဏ အလုပ်သမားကို ဟန်ချက်ညီညီနဲ့ မွေးထုတ်ပေးဖို့ လိုတယ်။ တစ်ဖက်တည်း ကြည့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ပြီးတော့ ပညာတတ်ချည်း မွေးထုတ်ပေးရင်လည်း မဖြစ်ဘူး။ အသိပညာကို ပုံဖော်တဲ့သူနဲ့ အတတ်ပညာကို ပုံဖော်ပေးတဲ့လူချင်း ချိတ်ဆက်ပေးပြီးတော့ ဟန်ချက်ညီမယ့် လူ့စွမ်းအားရင်းမြစ်ကို အဆင်သင့် လုပ်ထားရမှာ။ အဲဒါတွေကို ပြင်ဆင်မထားရင် ပြင်ပကနေ ရင်းနှီးမြှုပ်နှံမှုတွေ ခေါ်လိုက်တဲ့အခါမှာ အရည်အသွေး မပြည့်မီတဲ့ ဒေသခံတွေအတွက် နစ်နာမှုတွေ အများကြီး ဖြစ်လာနိုင်တယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် ဘယ်လို နိုင်ငံရေး၊ စီးပွားရေး မူဝါဒ ပေါ်လစီတွေကို ဦးစားပေး ဆောင်ရွက်သင့်သလဲ၊ ဘယ်လို မူဝါဒမျိုးတွေကတော့ ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွားမလဲ ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ရပ်တွေပေါ် ဥပမာပေး ဆွေးနွေးပေးပါ။

■ ဖြေ   –         ဒေါ်လေးတို့ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပထမဆုံး ကိုယ့်ရဲ့ ကျရှုံးနေတဲ့ စီးပွားရေး အဲဒါကို ပြန်မတ်မယ်ဆိုရင် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့အတွက် ဒါကို အဓိက ဦးစားပေးပြီး ဆောင်ရွက်ပေးသင့်တယ်လို့ ထင်တယ်။ အဲဒီအခါမှာလည်း စိန်ခေါ်မှုတွေ အများကြီးပဲ။ လယ်ယာစိုက်ပျိုးရေးစနစ်ကို လုပ်ဖို့ဆိုရင် လယ်ယာဥပဒေကို ပြန်ပြီးတော့ သတ်မှတ်ပေးရမယ်၊ သိမ်းဆည်းထားတဲ့ လယ်ယာတွေကို ပြန်ပြီးတော့ လယ်လုပ်ပိုင်ခွင့်တွေ ရအောင် ဖန်တီးပေးရမယ်။ နောက်တော့ ပိုးသတ်ဆေး သုံးထားတဲ့အတွက် မြေဆီလွှာတွေ၊ ပျက်စီးနေတဲ့ လေထု၊ မြေထုတွေကို ခိုင်မာတဲ့ ဥပဒေနဲ့ ပြန်ပြီးတော့ တည့်မတ်ပေးထားရမယ်။ ရှေ့ဆက်ပြီးတော့ ရေရှည်ပေါ့။ စိုက်ပျိုးရေးနိုင်ငံကြီး ပြန်ဖြစ်ဖို့အတွက် မျိုးရင်း မပျောက်ဆုံးဖို့၊ မျိုးသန့်တွေနဲ့ နည်းပညာတွေ ပေါင်းစပ်ပြီးတော့ အရည်အသွေးမီတဲ့ လယ်ယာထွက်ကုန်တွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေ၊ ပြည်ပကို ပို့နိုင်ဖို့ လုပ်ရမယ်လို့ မြင်တယ်။

■ မေး။ တချို့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေ စိတ်ထား (mindset) မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့ အခြေပြုရှုမြင်ပုံမျိုးကို ဘယ်လို သုံးသပ်ပါလဲ။

■ ဖြေ   –         ပြည်သူက တစ်ခုတည်းသော mindset ဆိုတာ ခုနကလို လူတန်းစားနှစ်ခု အပေါ်မှာပဲ မူတည်တာလေ။ ပညာတတ်လောကနဲ့ အခြေခံလူတန်းစားပေါ့။ အဲဒီအခါမှာ တွေးခေါ်ပုံ တွေးခေါ်နည်းနဲ့လည်း ဆိုင်မယ်။ အဲဒီကြားထဲမှာ အစိုးရက ဒီအနေအထားကို ဟန်ချက်ညီအောင် လုပ်ပေးဖို့လိုတယ်။ ဥပမာ-ရင်းနှီးမြှုပ်နှံမှုတွေ ခေါ်သွင်းတဲ့နေရာမှာ အခြေခံကျတဲ့ ပညာရေး၊ ကျန်းမာရေး စသဖြင့်။ အဲဒီအခါမှာ အများပြည်သူကို အကျိုးပြုတဲ့ ရင်းနှီးမြှုပ်နှံမှုလား၊ ဒါမှမဟုတ်ရင် ချမ်းသာပြီးတဲ့ သူတွေကို ထပ်ပြီး ကြီးပွားအောင်လုပ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုလား အစိုးရက ရွေးချယ်ဖို့လိုပြီ။ ဥပမာပြောရင် ဆေးရုံတို့၊ ကျောင်းတို့ပေါ့။ ဆေးရုံကို ချမ်းသာတဲ့သူတွေတက်နိုင်တဲ့ ဟာမျိုးလား၊ အများပြည်သူ ပြည့်ပြည့်၀၀နဲ့ တိုင်းနဲ့ပြည်နယ် ဒေသခံတွေအထိ ပြည့်ဝတဲ့ ကုသမှုရတဲ့ ဆေးရုံမျိုးတွေလား။ အဲဒီလို စဉ်းစားရမယ်။ ပညာရေးဆိုရင်လည်း တကယ့်ကို ကျေးလက်တွေမှာ ကျောင်းတွေ စုတ်ပြတ်သတ်ပြီး ပညာရေး မရနိုင်တဲ့၊ ဆရာတွေ မသွားနိုင်တဲ့နေရာတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ခက်တဲ့ ဟာမျိုးတွေမှာ အားလုံးပညာရေးကို တပြေးညီပေါ့။ အဲဒီလို ပညာရေးစနစ်ကို ရုပ်ဝတ္ထုအားဖြင့်ရော၊ စိတ်ဓာတ်ရေးရာ အားဖြင့်ပါ အားဖြည့်ပေးဖို့ လိုတယ်။  လူ့မလိုင်တွေတက်မယ့် ကျောင်းမျိုးတွေ ထပ်ဆောက်မယ်။ ချမ်းသာတဲ့လူတွေပဲ တက်နိုင်မယ့် ဆေးရုံမျိုးတွေ ထပ်လုပ်မယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုအတွက် ခေါ်သွင်းမှုဟာ မမှန်ကန်ဘူး။ အဲဒါကျတော့ အစိုးရအပေါ်မှာ အများကြီးတာဝန်ရှိတယ်လေ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှ ဖြစ်မယ်။ တဖက်ကတော့ ပြည်သူရဲ့ တွေးခေါ်တတ်မှုတွေ၊ သုံးသပ်နိုင်မှုတွေကို ပြောင်းနိုင်ဖို့ဆိုတာ ပညာတတ်လူတန်းစားက အစိုးရနဲ့အတူ တာဝန်ရှိတယ်လို့ ထင်တယ်။ ကိုယ်တင်တဲ့ အစိုးရကို မဖြစ်ရကောင်းလားလို့ ပြောတဲ့အချိန်မှာ ဘာကြောင့်၊ ဘာကြောင့် ဆိုတာတွေ လာမယ်။ အဲဒါက အရင် နှစ်ငါးဆယ် ဖျက်ဆီးခံထားရတဲ့ အပေါ်မှာလည်း မူတည်သလို အခုလက်ရှိ အစိုးရထဲမှာ တာဝန်ယူနေတဲ့ တချို့သူများသည် လူမှန်နေရာမှန် မဖြစ်လို့ နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိလာတယ်ဆိုတာ အစိုးရကို ထောက်ပြရမယ်။ စိတ်နေစိတ်ထား တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။

■ မေး။ ပြီးခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်မှာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေက ဘယ်လိုအခြေအနေ ရှိပါသလဲ။

■ ဖြေ   –         အဲဒီဟာမှာ ဘာကိုပြောချင်လဲ ဆိုတော့ ပြင်ပရင်းနှီးမြှုပ်နှံမှု အဲဒီဘက်ကို ရောက်လာပြီ။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုင်လာပြီ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ရင် ဘာတွေ တွေ့ရလဲဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ အထူးသဖြင့် သဘာ၀ သယံဇာတ ပစ္စည်းတွေကလည်း တိုင်းနဲ့ပြည်နယ် ဒေသခံတွေမှာပဲ အများအားဖြင့် ရှိကြတယ်။ အဲဒီအခါမှာ အရင်အစိုးရတုန်းက ဘာတွေ့ခဲ့ရလဲဆိုရင် စီမံကိန်းတွေကို လိုအပ်တာထက် ပိုပြီးတော့ စီးပွားရေးအရ အပေးအယူလုပ်ပြီး လုပ်ထားတာတွေ တွေ့ရတယ်။ ဥပမာ- စီမံကိန်းက လေးငါးခုနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်တဲ့အချိန်မှာ ၁၅ ခု၊ ၁၇ ခုလောက် ပေးထားတယ်ဆိုရင် ဒါဟာ စီးပွားရေးအရ အပေးအယူလုပ်တဲ့ စီမံကိန်းတွေ ဖြစ်သွားပြီ။ လက်ရှိအစိုးရဟာ ဒီလို အမှားမျိုးကို ထပ်မမှားသင့်ဘူး။

သေချာ စိစစ်ပြီးတော့ တိုင်းပြည်အတွက် မလိုအပ်ဘဲ ထပ်နေတဲ့ စီမံကိန်းတွေကို မလုပ်သင့်ဘူး။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့လည်း ထောက်ပံ့ပြီး ကူညီလှူဒါန်းတဲ့ငွေတွေလည်း ရှိတယ်၊ အတိုးတွေနဲ့ ချေးပြီးလုပ်ရတဲ့ ရေရှည် စီမံကိန်းတွေလည်း ရှိတယ်။ ရေတိုတွေလည်း ရှိတယ်။ အဲဒီအခါမှာ ကော်မရှင်က ခွင့်ပြုတယ်၊ ခွင့်ပြုတယ်ဆိုရာမှာ အနောက်နိုင်ငံက လာပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဦးစားပေးမလား၊ မလိုအပ်ဘဲ အလဟသ အဟောသိကံ မဖြစ်ရအောင် လိုအပ်ချက်တွေကိုပဲ ခွင့်ပြုမလားဆိုတဲ့ စီမံခွင့်တွေကို ဥပဒေထဲမှာ ထည့်သွင်းထားဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့လုပ်ချင်တဲ့ ဟိုတယ်တွေ၊ ဘာတွေညာတွေပဲ လာလုပ်နေတာလေ။ စာဖတ်လို့ရှိရင် စိတ်မကောင်းဘူး။ ဒို့က စိုက်ပျိုးရေးနိုင်ငံ ဖြစ်လျက်သားနဲ့ စိုက်ပျိုးရေးမှာ ၀ ဒသမ ၀၉ ရာခိုင်နှုန်းပဲ လာရောက် ရင်းနှီးမြှုပ်နှံတဲ့သူ ရှိတယ်။ ဒါဟာ ဟိုဘက်အစိုးရရော၊ ဒီဘက်အစိုးရ တက်လာခါစမှာရော ပြောတာ။ အခုနောက်ပိုင်း စီးပွားရေးမူဝါဒတွေမှာ ဒါတွေပါလာပြီဆိုတော့ မူဝါဒကို ချမှတ်ပြီဆိုရင်၊ စနစ်တကျ ပုံဖော်ပြီဆိုရင် စောင့်ကြည့်တဲ့ အဖွဲ့တော့ လိုတယ်။ ဒါတွေကို တကယ်လုပ်ရဲ့လား။ အရင်အစိုးရအမှားကို အမှား၊ အမှားလို့ ပြောမယ့်အစား အဲဒီအမှားထဲကနေ တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်ခန်းစာယူနိုင်တာတွေ အများကြီးပဲ။ အဲဒါမျိုးတွေကိုလည်း လုပ်ပေးစေချင်ပါတယ်။

လက်ရှိအစိုးရမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဘာတွေတွေ့ရလဲဆိုတော့ တိုင်းနှင့်ပြည်နယ်အလိုက် လုပ်ဆောင်ချက်တွေ မတူဘူး။ တနသာၤရီတိုင်းအနေနဲ့ လုပ်နေတာကျတော့ သူတို့က ပညာရှင်တွေနဲ့ သွားပြီးတော့ စီမံကိန်းတွေကို စစ်ဆေးတယ်။ စီမံကိန်းတွေဟာ ချမှတ်ထားတဲ့ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီရင် သူတို့ ခေတ္တရပ်နားခိုင်းတယ်။ ပြန်လည်ပြင်ဆင်ဖို့ အချိန်ပေးတယ်။ အဲဒီကမှ မလိုက်နာဘူးဆိုရင် လုံးဝပိတ်သိမ်းတဲ့အထိ လုပ်နေတာတွေ တွေ့ရတယ်။ တချို့ကျတော့လည်း ဥပဒေအရ စက်ရုံတွေရဲ့ ရေညစ်ညမ်းမှုတွေကို စစ်ဆေးရမယ်၊ ဒါတွေကို လုပ်ရမယ်သာပြောတာ၊ အဲဒါတွေကျတော့ စာရွက်ပေါ်မှာပဲ ရှိသေးတယ်။ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ သူတွေကလည်း စာရွက်ပေါ်မှာတော့ ညွန့်နေအောင် ရေးထားတယ်။ ဘာတွေလုပ်ပေးမယ်။ ဘာတွေ တာဝန်ခံမယ်။ ဒါပေမဲ့ တကယ်လက်တွေ့မှာကျ အဲဒါတွေ မလုပ်ကြတော့ ဒေသခံတွေက ဘာဖြစ်လာလဲဆိုရင် စီမံကိန်းဆိုရင် ကတိမတည်တာတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှု လျော့ရဲတာတွေ၊ မလုပ်ပေးတာတွေ ဖြစ်လာတဲ့အတွက် စီမံကိန်းဆိုရင် ဒေသခံတွေက မျက်စိမှိတ်ပြီး ငြင်းတော့တာပဲ။ လုပ်စေချင်တာကတော့ စီမံကိန်းတိုင်းဟာ ငြင်းဖို့မဟုတ်ဘူး။ ကိုယ့်ပြည်တွင်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းနဲ့ ညီတယ်ဆိုရင် ခွင့်ပြုဖို့ လိုတယ်။ စီမံကိန်းတိုင်းကို ဒေသခံတွေက ဘာကြောင့် ငြင်းဆန်ရသလဲဆိုရင် စီမံကိန်းတစ်ခု လုပ်တော့မယ်ဆိုရင် ဒေသခံတွေနဲ့ အရင် ဆွေးနွေးညှိနှိုင်းမှု မရှိဘူး။ စက်ကြီးတွေ ရောက်လာတော့မှ ဘာလုပ်မှာလဲဆိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ သွားမေးတော့လည်း မသိဘူးလို့ ပြောတယ်။ ဘာမှန်းမသိဘဲ ရောက်လာပြီးတော့မှ တူးကြ၊ ဆွကြနဲ့ ဆိုတော့ ဒါတွေဟာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းမှာလည်း ဒီလိုမဟုတ်ဘူး။ ဒေသခံတွေကို နားလည်အောင် ပြောရမယ်။ သူတို့ရဲ့ လွတ်လပ်စွာ ခွင့်ပြုမှုကို ယူရမယ်။ ဆိုးကျိုးကောင်းကျိုးကို ပြောပြရမယ်။ လျော်ကြေးကို မှန်မှန်ကန်ကန် လုပ်ပေးရမယ်။ စည်းမျဉ်းထဲမှာ ဒါတွေ အားလုံးပါတယ်။ ဒါပေမဲ့ ဆင်းသွားတဲ့ ကုမ္ပဏီတွေက ဒေသခံတွေနဲ့ တွေ့ရင် အကောင်းချည်းပဲ ပြောတယ်။ ဆိုးကျိုးတွေ ပြောမပြဘူး။ ဖြစ်သင့်တာက အကောင်းရော၊ အဆိုးပါ ဒေသခံတွေ ဆုံးဖြတ်ရမယ်။ တကယ်လို့ အဆိုးဆိုရင်လည်း ကျွန်တော်တို့ ဘယ်လို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်ပေးမယ်၊ အာမခံချက်တွေ ပေးရမယ်။ ဒါဆိုရင် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်ထဲမှာရှိတဲ့ နိုင်ငံတွေလို ဒေသခံတွေလည်း ကောင်းကျိုးခံစားခွင့် ရသလို ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူတွေလည်း သူတို့အလုပ်ကို အေးအေးဆေးဆေး လုပ်နိုင်မယ်။ အစိုးရကလည်း ကြားကနေ ခေါင်းကိုက်စရာ မလိုဘူးလို့ ထင်တယ်။

နောက်ဆုံးပြောချင်တာက အခု အစိုးရရော၊ အနာဂတ် အဆက်ဆက် တက်လာမယ့် အစိုးရတွေကို အခု OBOR ဆိုပြီးတော့ လုပ်နေတာလေ။  “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” စီမံကိန်းကြီးလေ။ အဲဒီအတွက်ကိုတော့ ပြောချင်ပါတယ်။ သတိလည်း ပေးချင်ပါတယ်။ မြန်မာနိုင်ငံဟာ OBOR မှာ အဓိကကျတဲ့ လမ်းကြောင်းနေရာမှာ ကျနေတယ်။ တရုတ်နဲ့ကလည်း အိမ်နီးချင်းနိုင်ငံ ဖြစ်နေတယ်။ အဲဒါကို ဒီအစိုးရ လက်ထက်မှာပဲ စပြီးတော့ အုတ်မြစ်ချဖို့၊ ပါဝင်ဖို့ စဉ်းစားမယ်ဆိုရင် မြန်မာ့နိုင်ငံရေးကို ရှေ့မှီနောက်မှီ မှီခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမားတွေ၊ ကမ္ဘာ့စီးပွားရေးကို နားလည်တဲ့ မိတ်ဖက် မိတ်ဆွေနိုင်ငံတွေရဲ့ အကြံပေးတာတွေ၊ တိုင်ပင်တာတွေ၊ ဆွေးနွေးတာတွေပြီးမှ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်လေးတို့ တိုင်းပြည်ဟာ သယံဇာတကျိန်စာကို ခံစားပြီးပါပြီ။ ဒုတိယ စီးပွားရေးဖွံ့ဖြိုးမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ စီးပွားရေးကျိန်စာကိုတော့ ဒေါ်လေးတို့ မရှိတော့ပေမယ့် အနာဂတ်မြန်မာပြည်ရဲ့ မျိုးဆက်တွေကို မခံစားစေချင်တော့ဘူး။ ဒါကို သတိကြီးစွာနဲ့ လက်ရှိအစိုးရရော၊ နောင်အနာဂတ် အဆက်ဆက် တက်လာမယ့် မြန်မာနိုင်ငံရဲ့ အစိုးရကိုပါ မှာချင်ပါတယ်။ အလုပ်ကို တွဲတော့လုပ်ကြရမယ်။ ဒါပေမဲ့ အင်မတန်မှ သတိကြီးစွာနဲ့ နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်ကြပါ။

About the author

The Editor

Add comment