အရပ်သား အစိုးရ၏ တစ်နှစ်တာကာလနှင့် မူဝါဒ လေ့လာသုံးသပ်ချက်

■ နိဒါန်း

၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရ တာဝန်ယူခဲ့တာ ၂၀၁၇ ခုနှစ် မတ်လမှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရ ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးမှာ မျှော်မှန်းသလောက် မရောက်ဖြစ်ခဲ့ရတာတွေ ရှိလာပါတယ်။ နိုင်ငံရေးအရ လူထုထောက်ခံမှုများ ရထားတဲ့ NLD အစိုးရဟာ ဘာကြောင့် မူဝါဒ အကောင်အထည်ဖော်ရာမှာ ရှေ့မရောက်နိုင် ဖြစ်ရတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါ့မယ်။

တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်တွေကို လေ့လာသုံးသပ်ရင် လူမျိုးစုပြဿနာ (ဝါ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအကဲသာပြီး ကျန်သော စိန်ခေါ်မှုတွေကို ငြိမ်းချမ်းရေးပြီးမှ အားထည့် ဆောင်ရွက်မည့် သဘောကို တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရာမှာ ၂၁ ရာစု ပင်လုံညီလာခံကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်တဲ့ ညီလာခံကို နှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ ထို့နည်းတူ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် အခြေခံကျတဲ့ ဝန်ဆောင်မှုများပေးနိုင်ရန် ငါးနှစ်တာ အစီအစဉ်များ ချမှတ်ရေးဆွဲနေပါတယ်။ အကျင့်ပျက်ခြစားမ ှုတိုက်ဖျက်ရေးဟာ NLD အစိုးရအတွက် အရေးကြီးလှတဲ့ ကြွေးကြော်သံဖြစ်ခဲ့သလို အစိုးရခေါင်းဆောင်ပိုင်းမှာရှိခဲ့တဲ့ အဂတိလိုက်စားမှုဟာ သိသိသာသာ ကျဆင်းသွားတယ်လို့ စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။ သို့ပေမဲ့ NLD အစိုးရရဲ့ ဒီလို ပြုပြင်ပြောင်းလဲရေးတွေဟာ သောင်မတင်ရေမကျဘဲ ဒွိဟဖြစ်စရာတွေ ရှိနေတာကြောင့် သိသာတဲ့ရလဒ် မထွက်သေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှု၊ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ တပ်မတော်အကြား တိုက်ပွဲများ ရှိနေပါသေးတယ်။ တစ်ဖက်မှာလည်း လက်နက်ရှိသူတွေနဲ့ ဆွေးနွေးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်သာ အားသွန်ခွန်စိုက် ကြိုးပမ်းနေပြီး ဒေသခံ တိုင်းရင်းသားများရဲ့အသံကို လစ်လျူရှုထားတယ် ဆိုတာမျိုးလည်း ဝေဖန်ခံနေရပါတယ်။ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်တွေ ခန့်အပ်ရာမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို မခန့်အပ်ဘဲ အခြေခံဥပဒေအရ NLD ပါတီက အမတ်များကိုသာ ရွေးချယ်ခဲ့သလို၊ မွန်ပြည်နယ်က တံတားနာမည်ပေးရေး ကိစ္စမှာလဲ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံပြုပြင်ရေးကို ကြွေးကြော်သံပြုခဲ့တဲ့ NLD အစိုးရဟာ ဖွဲ့စည်းပုံက ပေးထားချက်များကိုသုံးပြီး ဗဟိုက ဆုံးဖြတ်ချက်တွေ အကောင်ထည်ဖော်ခြင်းက မူဝါဒ ရှေ့နောက်ဆက်စပ်မှု နည်းတာကို ဖော်ပြနေပါတယ်။ အလားတူပဲ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို အောက်ခြေအစိုးရ အဆင့်ဆင့်ထံ အာဏာခွဲေ၀ လျှော့ချပေးခြင်း (Decentralization) လုပ်ငန်းစဉ်တွေလည်း တိတိပပ မတွေ့ရသေးပါဘူး။

တစ်ဖက်မှာလည်း အစိုးရဝင်ငွေ တိုးတက်စေရန်စေဖို့ အခွန်အခတွေ ပိုမိုစည်းကြပ်လာပေမဲ့ ပြည်သူလူထုရဲ့ နေ့စဉ် စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခက်အခဲတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ ဒါဟာ သက်တမ်း တစ်နှစ်ရှိလာပြီ ဖြစ်တဲ့ NLD အစိုးရရဲ့ မူဝါဒတွေအပေါ် ဝေဖန်စရာတွေ ဖြစ်လာပါတယ်။ အစိုးရဲ့ တာဝန်ယူပြီး တစ်နှစ်တင်းတင်း ပြည့်တဲ့အချိန် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က လူထုသဘောထားကို အနီးစပ်ဆုံး ထင်ဟပ်ခဲ့ပါတယ်။ မဲပေးခွင့် ရှိသူများထဲမှ မဲပေးသူ အရေအတွက်ဟာ သိသိသာသာ ကျဆင်းသွားသလို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေအတွေက် လစ်လပ်နေရာ စုစုပေါင်း ၁၉  နေရာမှာ NLD က ၄၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ၉၆ ရာခိုင်နှုန်းနဲ့ နိုင်ခဲ့ပါတယ်။ ဒီလို အနိုင်ရခဲ့တဲ့နောက် လွှတ်တော်မှ တဆင့် ပင်မ နိုင်ငံရေးလမ်းကြောင်းထဲသို့ ဝင်ရောက်ပြီး၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာ ၇၇ ရာခိုင်နှုန်းဖြင့် ရွေးကောက်ခံ အစိုးရဖြစ်လာတဲ့ NLD အစိုးရအတွက် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ဟာ အားတက်စရာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ဖို့ သတိပေး အချက်ပြခေါင်းလောင်းသံလို့ ပြောနိုင်ပါတယ်။ NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်တွေဟာ တာဝန်ယူထားတဲ့ တစ်နှစ်တာ ကာလအတွင်းမှာ အများမျှော်မှန်းသလောက် မပေါက်ရောက်ခဲ့တဲ့အတွက် ဘာ့ကြောင့်ဖြစ်ရတယ် ဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုလာပါပြီ။

ဒီဆောင်းပါးမှာ ပြုလုပ်မယ့် အဆိုပြုချက်ကတော့ NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခရီးက  မျှော်မှန်းသလောက် ရှေ့သို့ မရောက်နိုင်တာဟာ သူတို့ အကောင်အထည် ဖော်နေတဲ့ မဟာဗျူဟာမျှော်မှန်းချက် မရှင်းလင်းတာ၊ မူဝါဒများ ဆက်စပ်မှု မရှိတာကြောင့်ဆိုတဲ့အချက် ဖြစ်ပါတယ်။ အစိုးရဟာ အသွင်ကူးပြောင်းရေးခရီးကို ဘယ်လိုသွားမလဲဆိုတဲ့ မဟာဗျူဟာ ရှင်းလင်းဖို့ လိုသလို၊ သူတို့ချမှတ်ထားတဲ့ မဟာဗျူဟာကို ဆောင်ကြဉ်းပေးနိုင်မယ့် မူဝါဒများ ရှေ့နောက် ဆက်စပ်မှု၊ အပြန်အလှန် ဆက်စပ်မှုရှိဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူ့နေ့စဉ်ဘ၀ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့ နေရာမှာသာမက ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာပါ အထောက်အပံ့ ပေးနိုင်မယ်လို့ အဆိုပြုပါတယ်။ ဒီလိုဆိုတာကြောင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြီးမားစွာ အဟန့်အတား ဖြစ်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပေးထားချက်ကို လျစ်လျူရှုတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ တာဝန်ယူကြရတဲ့ ရွေးကောက်ခံ အစိုးရ (များ) အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးကို ရေရှည်မှာ ကြိုးစားရမှာ ဖြစ်ပေမဲ့ လတ်တလော ဆောင်ရွက်ချက်များ ပြုလုပ်ရာမှာ အကောင်အထည်ဖော်နေတဲ့ မူဝါဒတွေဟာ တစ်ခုနဲ့တစ်ခု အဟန့်အတားမဖြစ်ဘဲ အထောက်အပံ့ဖြစ်စေဖို့ လိုတာကိုလည်း သတိလျော့ မနေသင့်ပါဘူး။ တစ်နည်းအားဖြင့် အသွင်ကူးပြောင်းရေးကာလမှာ ပြုပြင်ပြောင်းလဲရေးအတွက် မဟာဗျူဟာ မျှော်မြင်ချက် မူဝါဒဆက်စပ်မှု (Policy Coherence) ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို အထူးသတိပြုသင့်ပါတယ်။

ကနဦး အနေနဲ့ လက်ရှိအစိုးရ ကြုံတွေ့နေရတဲ့ အခက်အခဲကို  နိုင်ငံရေးသိပ္ပံနဲ့ မူဝါဒသိပ္ပံဆိုင်ရာ ရှုထောင့်များမှ တင်ပြပါမယ်။ မူဝါဒ ရှေ့နောက် ဆက်စပ်မှု၊ အပြန်အလှန် ဆက်စပ်မှုကို ပညာရှင်များရဲ့အမြင်၊ အရှေ့တောင်အာရှ နိုင်ငံများမှာ လက်တွေ့အသုံးပြုပုံကို အကျဉ်းချုပ် တင်ပြပါ့မယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အင်စတီကျူးရှင်း ဆက်စပ်အခြေအနေကို ဆွေးနွေးပါမယ်။ ဒီ့နောက်မှာတော့ အသွင်ကူးပြောင်းရေး အစိုးရရဲ့ အရေးကြီးသော စိန်ခေါ်မှုတွေဖြစ်တဲ့ (၁) ဒီမိုကရေစီ ကူးပြောင်းရေး ဖြစ်စဉ်နှင့် (၂) စီးပွားရေးကဏ္ဍမှာ အကောင်ထည်ဖော်ခဲ့တဲ့ မူဝါဒများ ရှေ့နောက် ဆက်စပ်မှု၊ အပြန်အလှန် ဆက်စပ်မှု ရှိ-မရှိကို သုံးသပ်ချက်တွေ ပြုလုပ်ပါမယ်။ မူဝါဒ သဟဇာတ ဖြစ်မဖြစ်ကို နည်းလမ်း နှစ်မျိုးဖြစ်တဲ့  (၁) ၂၀၁၅ ရွေးကောက်ပွဲကာလမှာ ပါတီက ချမှတ်ခဲ့သော မူဝါဒနှင့် အစိုးရအဖြစ် တာဝန်ယူပြီး ကာလများ (၂၀၁၆ ခုနှစ် မတ်လ နောက်ပိုင်း) မှာ ချမှတ်တဲ့ မူဝါဒ ရှေ့နောက် ဆက်စပ်မှု ရှိ-မရှိနှင့် (၂) အစိုးရအဖြစ် တာဝန်ယူထားတဲ့ ကာလတွင်းမှာ ဌာနတစ်ခုနှင့် တစ်ခု မူဝါဒ အပြန်အလှန် ချိတ်ဆက်မှု၊ ဆက်စပ်မှု အားကောင်း- မကောင်းတို့ပေါ် မူတည်ပြီး ဆန်းစစ်ချက်များ ပြုလုပ်ပါမယ်။ အဆုံးမှာတော့ တင်ပြချက်များကို ပြန်လည် သုံးသပ်ပြီး သတိချပ်စရာများဖြင့် ဆောင်းပါးကို နိဂုံးချုပ်ပါမယ်။

■ နိုင်ငံရေးသိပ္ပံနဲ့ မူဝါဒသိပ္ပံဆိုင်ရာ ရှုထောင့်များ၊ အယူအဆများ

NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လို အကြောင်းအချက်များက အဟန့်အတား ဖြစ်စေတယ်ဆိုတဲ့အပေါ် အဓိက အယူအဆ အမျိုးမျိုး ရှိနိုင်ပါတယ်။ ရေပန်းအစားဆုံး ဖြစ်တဲ့ ပထမ ယူဆချက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကန့်အသတ်ကြောင့်လို့ ဆိုကြပါတယ်။ အရပ်သား အစိုးရဟာ ဘယ်လိုပြုပြင်ပြောင်းလဲမှု ကြီးကြီးမားမားကိုမှ မလုပ်နိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားချက်အတိုင်းပဲ ပြုလုပ်ခွင့် ရှိပါတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်ရင် ပြုပြင်ပြောင်းလဲမှုတွေကို လွယ်ကူချောမောစွာ လုပ်နိုင်မယ်လို့ ယူဆကြတယ်။

နိုင်ငံရေး သိပ္ပံပညာရှင်များရဲ့ ချဉ်းကပ်ပုံအရ အင်စတီကျူးရှင်းသာ အခရာဖြစ်တယ် (Institution matters) ဆိုတဲ့ အမြင်ပေါ်မှာ အခြေခံပါတယ်လို့ နားလည်နိုင်ပါတယ်။ အသွင်ကူးပြောင်းမှုကို တာဝန်ယူရတဲ့ အရပ်သားအစိုးရရဲ့ မူဝါဒများဟာ အာဏာရှင်များ တည်ဆောက်ထားခဲ့တဲ့ စည်းမျဉ်းနည်းနာတွေရဲ့ အခြေအနေအရ အလိုက်သင့် ဆောင်ရွက်နေရခြင်း ဖြစ်တယ်လို့ ယူဆပါတယ်။ စည်းမျဉ်း နည်းနာတွေလို့ ဆိုရာမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေလိုမျိုး နိုင်ငံရေးရဲ့ ပင်မမဏ္ဍိုင် အစိုးရယန္တရား (ဗျူရိုကရေစီ) တည်ဆောက်ပုံ ကဲ့သို့သော စည်းမျဉ်းဘောင် အတိအကျ သတ်မှတ်ထားတဲ့ အင်စတီကျူးရှင်း (Formal Institutions) တွေကစလို့ အစိုးရဟောင်းများရဲ့ အလွတ်သဘော လုပ်ထုံးလုပ်နည်း (Informal Institution) တွေအထိ ပါဝင်ပါတယ်။

ဒီ အင်စတီကျူးရှင်းသာ အခရာ ဖြစ်တယ်ဆိုတဲ့ အယူအဆမှာ “နိုင်ငံရေးဟာ မူဝါဒကို ပြဋ္ဌာန်းတယ်”ဆိုတဲ့ အဆိုပြုချက်ပေါ် အခြေပြုထားပါတယ်။

ကျော်ကြားလှသော နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ ဟာရိုလာစ်ဝဲ(လ်) (Harold Lasswell) က “နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ရာမှာ နိုင်ငံရေးဟာ အရင်းအမြစ် ခွဲဝေခြင်းပဲ ဖြစ်တယ်၊ ဘယ်သူက၊ ဘယ်အချိန်မှာ၊ ဘာကိုရလဲ၊ ဘယ်လိုရလဲပေါ်မှာ မူတည်ပြီး အရင်းအမြစ် ခွဲဝေမှုပုံစံ ဖြစ်ပေါ်လေ့ရှိတယ်” လို့ဆိုပါတယ် (Lasswell, 1936)။ နှစ်ပေါင်းများစွာ အာဏာရှင် လက်အောက်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ရင်းမြစ်ခွဲဝေမှုက တစ်ဖက်စောင်းနင်း ရှိနေခဲ့ပါတယ်။ ဓနဥစ္စာ အများစုဟာ အုပ်စိုးသူများနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ လက်ထဲမှာ ရှိနေခဲ့ပြီး သာမန် ပြည်သူလူထုက ရင်းမြစ်ခွဲဝေရေးမှာ ဦးစားပေး ထည့်သွင်းစဉ်းစားခြင်း မခံရပါဘူး။ NLD အစိုးရ လက်ထက်မှာလည်း ပြည်သူကို အလေးပေးတဲ့ ပြုပြင်ပြောင်းလဲမှုများဟာ လတ်တလော အခြေအနေအထိ ထင်သာမြင်သာ မရှိသေးပါဘူး။ နိုင်ငံရေးဟာ မူဝါဒကို ပြဋ္ဌာန်းတယ်ဆိုလျှင် အစိုးရသစ်ရဲ့ မူဝါဒတွေ ရှေ့မတိုးနိုင်ရခြင်းဟာ အာဏာရှင်က ပြုလုပ်သွားတဲ့ နိုင်ငံရေး အခင်းအကျင်းကြောင့် ဖြစ်ပါတယ်။ တပ်က အာဏာကို ဘယ်အတိုင်းအတာအထိ ဘယ်လိုရခွင့် ရှိတယ်ဆိုတာကို ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ဖော်ပြပြီး NLD အစိုးရက အဲဒီဘောင်အတွင်းမှာပဲ လုပ်ရပါတယ်ဆိုတဲ့ အမြင်ပါ။ တစ်နည်းအားဖြင့် အာဏာရှိစဉ်က တည်ဆောက်ခဲ့တဲ့ အင်စတီကျူးရှင်းတွေဟာ ဒီချုပ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို အကန့်အသတ် ဖြစ်စေပါတယ်လို့ အင်စတီကျူးရှင်း ပညာရှင်များက ဆိုပါမယ်။ ဒါကြောင့် ဒီအင်စတီကျူးရှင်းတွေ မပြင်နိုင်မချင်း အသွင်ကူးပြောင်းရေးကာလမှာ လုပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေက ရှေ့မတိုးနိုင်ပါဘူးလို့ ယူဆကြပါတယ်။ ရေရှည်မှာ မှန်ပါတယ်။ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီကျသော စနစ်တစ်ခုကို ပေးဆောင်ဖို့ ခြွင်းချက်များစွာ ရှိနေပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကြောင့် ပြုပြင်ပြောင်းလဲရေးတွေ ရှေ့မရောက်နိုင်ဘူးဆိုတဲ့ ယူဆချက်မှာ အားနည်းချက်တွေ ရှိပါတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက အကန့်အသတ်ရှိတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စများမှာ သာမက အခြေခံဥပဒေအရ အရပ်သား အစိုးရကို စိတ်တိုင်းကျ လုပ်ပိုင်ခွင့် ပေးထားတဲ့ ကိစ္စများဖြစ်တဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများမှာပါ ရှေ့သို့ မရောက်တာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကန့်အသတ် ရှိတယ်ဆိုတဲ့ အင်စတီကျူးရှင်း အလေးပေး အယူအဆဘောင်ကို ကျော်ပြီးကြည့်ဖို့ လိုလာပါတယ်။

ဒုတိယအမြင်ကတော့ မူဝါဒသိပ္ပံ ပညာရပ်က အကဲသာတဲ့ “မူဝါဒဟာ နိုင်ငံရေးကို ပြဋ္ဌာန်းတယ်”ဆိုတဲ့ အမြင်ပါ (Lowi, 1972)။ ဒါကတော့ ပထမအမြင်ရဲ့ ဆန့်ကျင်ဘက် အယူအဆလို့လဲ ဆိုနိုင်ပါတယ်။ Lowi ရဲ့အဆိုအရ မူဝါဒ လေးမျိုးကတော့ ဖြန့်ဖြူးပေးဝေခြင်းပေါ် အခြေခံတဲ့ မူဝါဒ (Distri-butive Policy- ဥပမာ အစိုးရရဲ့ ထောက်ပံ့ငွေ)၊ မဲဆန္ဒရှင်များအတွက် အခြေခံတဲ့ မူဝါဒ (Constitutent Policy – ဥပမာ ပြည်သူ့ ပြဿနာများကို ဖြေရှင်းဖို့ အစိုးရရဲ့ ဌာနဆိုင်ရာများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းမှု)၊ စည်းမျဉ်း စည်းကမ်းပေါ် အခြေခံတဲ့အပေါ် မူတည်တဲ့ မူဝါဒ (Regulatory Policy  – ဥပမာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပြဋ္ဌာန်းခြင်း)နှင့် ဓနဥစ္စာ ပြန်လည် ဝေငှခြင်းအပေါ် မူတည်တဲ့ မူဝါဒ (Redistributive Policy – ဥပမာ တယ်လီဖုန်းခွန် ကောက်ခံဝင်ငွေဟာ ကျန်းမာရေးနှင့် ပညာရေးအတွက် သုံးစွဲမှု)ဆိုပြီး နားလည်နိုင်ပါတယ်။ အစိုးရဟာ ချမှတ်လိုက်တဲ့ ထိုမူဝါဒများပေါ် မူတည်ပြီး နိုင်ငံရေးအပေါ် သက်ရောက်မှု ရှိတယ်။ ဖြန့်ဖြူးပေးဝေခြင်းပေါ် အခြေခံတဲ့ မူဝါဒနဲ့၊ မဲဆန္ဒရှင်များအတွက် အခြေခံတဲ့ မူဝါဒတွေဟာ များသောအားဖြင့် လူကြိုက်များ ရေပန်းစားတဲ့ မူဝါဒတွေဖြစ်ပြီး အာဏာရပါတီအတွက် ထောက်ခံမှု ပိုရစေပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းပေါ် အခြေခံတဲ့အပေါ် မူတည်တဲ့ မူဝါဒနှင့် ပြန်လည်ဝေငှခြင်းပေါ် မူတည်တဲ့ မူဝါဒတွေကတော့ ကြိုက်သူရှိသလို မကြိုက်သူတွေလည်း ရှိနေနိုင်ပါတယ်။ အစိုးရတစ်ရပ် အနေနဲ့ ထိုမူဝါဒတွေရဲ့ သက်ရောက်နိုင်တဲ့ ဂယက်တွေကို ကြိုတင် မျှော်တွေးနိုင်တယ်ဆိုပြီး ဆွေးနွေးထားပါတယ်။

ဒီဆောင်းပါးရဲ့ အဆိုပြုချက်က Lowi ရဲ့ “မူဝါဒဟာ နိုင်ငံရေးကို ပြဋ္ဌာန်းတယ်” ဆိုတဲ့ ယူဆချက်ပေါ် အခြေခံပါတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ မဟာဗျူဟာ မရှင်းလင်းတဲ့အတွက် ရှေ့နောက် ဆက်စပ်မှု၊ အပြန်အလှန် ဆက်စပ်မှု နည်းစေပါတယ်။ ဒါကြောင့် ရလဒ်အားဖြင့် ပြည်သူလူထုကို ဦးစားပေး အဆင်ပြေတဲ့ ရင်းမြစ်ခွဲဝေရေး အခင်းအကျင်းတစ်ခုကို ဖန်တီးနိုင်စွမ်းမရှိတာ ဖြစ်တယ်။ မူဝါဒတွေ အပြန်အလှန် ဆက်စပ်မှုရှိမှသာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ အချင်းချင်း သဟဇာတဖြစ်ပြီး  ပြုပြင်ပြောင်းလဲမှုဟာ ခရီးရောက်နိုင်မယ်လို့ ပါမယ်။ ဒါ့ကြောင့် အင်စတီကျူးရှင်းသမားတွေ အဆိုပြုသလိုမျိုး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်နိုင်ခြင်း မပြင်နိုင်ခြင်းကို ဦးစားပေးခြင်းထက် လက်ရှိ ရှိနေတဲ့ အခင်းအကျင်းမှာ ရသလောက် တွန်းနိုင်တယ်။ အဲဒီလိုဖြစ်ဖို့ အစိုးရရဲ့ မူဝါဒတွေ ရှေ့နောက်ညီဖို့၊ ဌာနအချင်းချင်း မူဝါဒ သဟဇာတရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

■ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy)

ပေးထားတဲ့ အကန့်အသတ်ထဲကပဲ မူဝါဒတွေကို ရသလောက် တွန်းနိုင်ဖို့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာက မူဝါဒတွေ ရှေ့နောက်ညီဖို့၊ အပြန်အလှန် သဟဇာတရှိဖို့ကို များစွာ အထောက်အကူ ပေးပါတယ်။ အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ကျင့်သုံးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို လေ့လာကြည့်ရင် အဓိကအချက် (၃) ချက် ပါဝင်တာ တွေ့ရပါတယ်။

ဒါတွေကတော့ (၁) အစိုးရရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ ပါဝင်မယ် (Roles of the State)၊ (၂) ဘယ်အချိန် အတိုင်းအတာအတွင်း ဘယ်လောက်အထိ ဖြေလျော့မှုတွေ လုပ်မယ် (Speed of Reform)၊ နှင့် (၃) ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်ကဏ္ဍတွေကို ဦးစွာ လုပ်ဆောင်မယ်၊ ဘယ်ကဏ္ဍကတော့ တစ်ပြိုင်နက်လုပ်ဖို့ လိုအပ်တယ် (Sequence of Reform) ဆိုတာတွေကို ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလို့ နားလည်နိုင်ပါတယ်။

(၁) အစိုးရရဲ့ ပါဝင်မယ့် အခန်းကဏ္ဍ ဘယ်လောက်ထားမယ် ဆိုတာဟာ အစိုးရတစ်ရပ်နဲ့ တစ်ရပ် မတူနိုင်ပါဘူး။ အစိုးရရဲ့  ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံရေး ဘောဂဗေဒ ချဉ်းကပ်နည်း နှစ်မျိုးဖြင့် ကြည့်နိုင်ပါတယ်။ (၁) neo-classical သို့မဟုတ် ဈေးကွက်ယ္တရားကို အခြေခံတဲ့ စနစ်နဲ့ (၂) developmentalism (သို့မဟုတ်) အစိုးရက ဦးဆောင်ပြီး ပြောင်းလဲမှုကို တွန်းပေးတဲ့ စနစ်ဆိုပြီး နှစ်မျိုး နားလည်နိုင်ပါတယ်။ ပထမ တစ်ခုကတော့ အစိုးရက  ပြုပြင်ပြောင်းလဲရေးအတွက် neo-classical ခေါ် ဈေးကွက်ယန္တရားကို အသုံးပြုပါတယ်။ တစ်နည်းအားဖြင့် အစိုးရရဲ့ အာဏာလုပ်ပိုင်ခွင့်ကို အခြေခံ အဆောက်အဦးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ အတွက်သာ ပါဝင်စေပြီး တခြားကဏ္ဍတွေမှာ ပုဂ္ဂလိက ကဏ္ဍများကို မြှင့်တင်ပေးတာကို ဆိုလိုပါတယ်။ ဈေးကွက်က ကောင်းမွန်စွာ မလည်ပတ်နိုင်တော့မှသာ အစိုးရက ဝင်ရောက်စွက်ဖက်လေ့ ရှိပါတယ် (Chowhury & Islam 1993)။ ဒုတိယတစ်မျိုးဖြစ်တဲ့  Developmentalism သို့မဟုတ် အစိုးရက ဦးဆောင်ပြီး ပြောင်းလဲမှုကို တွန်းပေးတဲ့စနစ် ဆိုတာကတော့ အစိုးရရဲ့ ယန္တရားတွေကနေ ပြုပြင် ပြောင်းလဲ ဝင်ရောက်ပြီး ဈေးကွက်ယန္တရားကို ထိန်းညှိပေးတာကို ဆိုလိုပါတယ်။ ပုဂ္ဂလိက ဈေးကွက်ကို သူ့ချည်းသက်သက် လည်ပတ်တာမျိုး မဟုတ်ဘဲ အစိုးရက ပါဝင်ဆောင်ရွက်တာ ဖြစ်ပါတယ် (Wade, 1990)။

၁၉၉၀ ပြည့်နှစ်ကာလဝန်းကျင်မှာ စတင်ခဲ့တဲ့ ဆိုရှယ်လစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ အစိုးရများရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာပေါ် မူတည်ပြီး ရလဒ်များဟာလည်း တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ ဥရောပ အရှေ့အလယ်ပိုင်းနှင့် ဘောလ်တစ်နိုင်ငံများ ဖြစ်ကြတဲ့ ပိုလန်၊ ဟန်ဂေရီ၊ ချက် စတဲ့နိုင်ငံများမှာ ဗဟိုဦးစီးစနစ်ကနေ ဆုတ်ခွာရာမှာ အစိုးရရဲ့ ပါဝင် ပတ်သက်တဲ့ ကဏ္ဍတွေကို သိသိသာသာ လျှော့ချခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍကို ဦးစားပေးခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ရုရှား၊ ဘယ်လာရပ်၊ ယူကရိန်း စတဲ့ နိုင်ငံတွေမှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ အစိုးရရဲ့အခန်းကဏ္ဍကို ဦးစားပေးထားဆဲ တွေ့ရပါတယ် (Lenger, 2008)။ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှားနှင့် ထိုင်းတို့မှာတော့ နိုင်ငံရေး အသွင်ကူးပြောင်းရေးအကြို ၁၉၈၀ ပြည့်နှစ်များမှစပြီး ဖြေလျော့မှုတွေ စတင် လုပ်လာတဲ့အချိန်မှာ အစိုးရရဲ့ကဏ္ဍကိုတော့ အတိုင်းအတာတစ်ခုထိ ထားခဲ့ကြပါတယ်။ အင်ဒိုနီးရှားမှာတော့ သမ္မတ ဆူဟာတို ကာလနှောင်းပိုင်း ၁၉၉၀ ပြည့်နှစ်ကာလများမှာ ပြုပြင် ပြောင်းလဲရေး လိုအပ်ချက်အရ အစိုးရဟာ သူ့ရဲ့အခန်းကဏ္ဍကို တစ်ဖြည်းဖြည်း ဆုတ်ခွာခဲ့ပါတယ်။ စီးပွားရေးမှာ ပုဂ္ဂလိက ကဏ္ဍများကို သိသိသာသာ နေရာပေးလာပါတယ်။ ထိုင်းနိုင်ငံမှာ ဗိုလ်ချုပ်ကြီး ပရမ် (General Prem) လက်ထက် ၁၉၈၀ ပြည့်နှစ် ကာလများအတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မတိုင်ခင် စီးပွားရေး အားကောင်းအောင်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ အားကောင်းအောင် အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ အချို့ စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကနဲ့တွဲပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေမှာ ထိုင်းအစိုးရကနေ ဈေးကွက်ယန္တရားကို သိသိသာသာ ဝင်ရောက်စွက်ဖက်တာတော့ မရှိပါဘူး။ ဒီနှစ်နိုင်ငံလုံးမှာတော့ အသွင်ကူးပြောင်းရေးကို ဖြည်းဖြည်းချင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ် (Sulistiyanto, 2002)။

(၂) ပြုပြင်ပြောင်းလဲရေး အချိန်အတိုင်းအတာ (Speed of Reform) နဲ့ (၃) အစီအစဉ် (Sequence of Reform) တွေကို လေ့လာရာမှာ ကဏ္ဍတော်တော်များများကို မြန်မြန်ဆန်ဆန် ပြောင်းပစ်တဲ့ နည်းလမ်း (Big-Bang) နဲ့ ဖြည်းဖြည်းချင်း ပြောင်းတဲ့နည်းလမ်း (Gradualism) ဆိုပြီး ရှိပါတယ်။ ဥရောပ အရှေ့အလယ်ပိုင်းက နိုင်ငံတော်တော်များများရဲ့ ပြောင်းလဲပုံကို ဒီနည်းလမ်းနှစ်မျိုးနဲ့ တိုင်းတာလေ့ ရှိကြပါတယ်။ ပိုလန်၊ ဟန်ဂေရီတို့လို အောင်မြင်တဲ့နိုင်ငံ ရှိသလို ရုရှား၊ ဘယ်လာရပ်စ်တို့လို သောင်မတင် ရေမကျနဲ့ဖြစ်သွားတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးလည်း ရှိနေပါတယ်။ အင်ဒိုနီးရှားနဲ့ ထိုင်းရဲ့ ပြောင်းလဲမှုကတော့ စီးပွားရေးဖြေလျော့မှုကို ၁၉၈၀ ပြည့်နှစ်ကျော်လောက် ကနေစပြီး ဆယ်စုနှစ်နီးပါးမှ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် နောက်ကလိုက်တဲ့အတွက် ဖြည်းဖြည်းချင်း ပြောင်းလဲတယ်လို့  ပညာရှင်တစ်ချို့က ဆိုပါတယ်။

အသွင်ကူးပြောင်းရေး နိုင်ငံများဟာ နောက်ခံ သမိုင်းကြောင်း ဆက်စပ်အခြေအနေ၊ အရင်းအမြစ် ပိုင်ဆိုင်မှု အနေအထားတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတဲ့အတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဆွဲရာမှာ မတူနိုင်ပါဘူး။ ထို့အတူ တစ်နိုင်ငံထဲမှာပင်လျှင် တက်လာတဲ့ အစိုးရတစ်ခုနဲ့ တစ်ခု နိုင်ငံရေး ခံယူချက်ပေါ် မူတည်ပြီး ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာက ကွာခြားနိုင်ပါသေးတယ်။ ပညာရှင်များက ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုဟာ ဘယ်လောက် မြန်မြန် လုပ်နိုင်မယ် (big-bang or gradualism) ဆိုတာပေါ် မူမတည်ပါဘူး၊ ပြင်ဆင်စရာတွေ ခပ်မြန်မြန် ဆောင်ရွက်ပေမယ့် ပြုပြင်ပြောင်းလဲရေး အတွဲအစပ် (reform cluster) အဆီအငေါ် မတည့်တဲ့အခါ ခရီးက အရာမတွင် ဖြစ်တတ်ပါတယ်။ ခပ်နှေးနှေးနဲ့ တရစ်ချင်း ပြောင်းပေမဲ့ အတွဲအစပ် မှန်ကန်ရင် ခရီးပိုရောက်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ဖော်မျူလာဆိုတာ မရှိပါဘူး။ ဘယ်သို့ ဘယ်နည်း သွားချင်တယ်ဆိုတဲ့ မဟာဗျူဟာရှိပြီး ရွေးချယ်တဲ့ မဟာဗျူဟာအတွက် မူဝါဒ အဆီအငေါ်တည့်မှုသာ ပဓာနပါလို့  ဆိုပါတယ် (Staehr, 2005)။

မြန်မာနိုင်ငံမှာတော့ ၂၀၁၀ ပြည့်နှစ် ဖြေလျော့မှုတွေ စတင်ပြီး တက်လာတဲ့ ပြည်ခိုင်ဖြိုး အစိုးရဟာ မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ နည်းနဲ့ ချဉ်းကပ်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တာဝန်ယူခဲ့ရတဲ့ ငါးနှစ်တာမှာ ပထမ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒုတိယ စီးပွားရေးနှင့် လူမှုစီးပွားဘ၀ ပြုပြင်ပြောင်းလဲမှု၊ တတိယ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု၊ စတုတ္ထ အနေဖြင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာ လုပ်ငန်းစဉ်များအဖြစ် ချမှတ်ပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လထိ တာဝန်ယူခဲ့တဲ့ ပြည်ခိုင်ဖြိုး အစိုးရဟာ ငါးနှစ်တာ ကာလအတွင်း  အတိုက်အခံပါတီ အပါအဝင် အခြားနိုင်ငံရေး ပါတီများကို ပင်မနိုင်ငံရေးဖြစ်စဉ်သို့ ခေါ်ဆောင်လာနိုင်ခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ မီဒီယာ ဖြေလျှော့မှုများ ရှိခဲ့ပြီး၊ နိုင်ငံတကာနှင့် ဆက်ဆံရေးကို ပြန်လည် ထူထောင်နိုင်ခဲ့တဲ့အတွက် စီးပွားရေး တိုးတက်မှုများ ရှိလာခဲ့ပါတယ်။ အစိုးရရဲ့ ပါဝင်မှုကို တချို့ကဏ္ဍတွေမှာ ထားရှိသော်လည်း နေရာတော်တော်များများမှာ ပုဂ္ဂလိက အခန်းကဏ္ဍကို တိုးမြှင့်ခဲ့ပါတယ်။ နိုင်ငံရေး သိပ္ပံပညာရှင်များက ပြည်ခိုင်ဖြိုးအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာမှာ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းပုံတွေဟာ နိုင်ငံတကာအတွက် ဒွိဟဖြစ်စရာ ရှိသော်လည်း ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်အတွက် သိသာတဲ့ အရွေ့တစ်ခုကို ရောက်ရှိခဲ့ပါတယ်လို့  သတိရှိရှိဖြင့် ဆိုခဲ့ကြပါတယ် (Dayley, 2016; Barany, 2016)။ ဒါပေမဲ့ နက်နက်ရှိုင်းရှိုင်း ဖြေရှင်းရမယ့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများကတော့ ကျန်ရှိနေပါသေးတယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အဖြေရှာခြင်း၊ ခိုင်မာသော ဘဏ္ဍာရေး အင်စတီကျူးရှင်းများ၊ အခြေခံ အဆောက်အဦးများ တည်ဆောက်ရေး စသည်တို့ ဖြစ်ပါတယ်။

NLD ပါတီက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်အတွင်း ရောက်ရှိလာပြီးတဲ့နောက် အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းကနေ ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ပါတယ်။ အောင်မြင်ခြင်း မရှိခဲ့တဲ့အတွက် အစိုးရဖြစ်လာတဲ့အခါ ဦးစားပေး ဆောင်ရွက်မယ်လို့ မျှော်မှန်းရပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အခြေခံတဲ့ ကတိကဝတ် လေးခု ထားရှိခဲ့ပါတယ်။

(၁) တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊

(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊

(၃) ပြည်သူအား အကာအကွယ်ပေးမည့် အုပ်ချုပ်မှု ပေါ်ပေါက်ရေးနှင့်

(၄) လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုပြီး နားလည်နိုင်ပါတယ်။

(၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာချက်မှ ကောက်နှုတ်ချက်၊ ၂၀၁၅)

၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ NLD ပါတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရည်မှန်းချက်ကို ယခင်ကလို လွှတ်တော်မှတစ်ဆင့် ကြိုးပမ်းမယ့်အစား ပြည်တွင်းငြိမ်းချမ်းရေး လမ်းကြောင်းမှတစ်ဆင့် ပြောင်းလဲ ချဉ်းကပ်တာကို လေ့လာနိုင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါရှိတဲ့အတိုင်း အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးလျှင် နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။

ဒါကြောင့် NLD အစိုးရရဲ့ သက်တမ်း တစ်နှစ်အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဦးစားပေး အစီအစဉ် (Sequence of Reform) အားဖြင့် ထိပ်ဆုံးမှ နေရာယူလာခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာအတွက် ပြည်တွင်း ငြိမ်းချမ်းရေးက ပထမဖြစ်ပြီး ထို့နောက်မှ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလို့ နားလည်ပါတယ်။ ဒါကြောင့် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး အပြီးတိုင်မရခင် စီးပွားရေးနှင့် ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် မီဒီယာ ပြုပြင်ပြောင်းလဲရေး စတဲ့ ကဏ္ဍတွေအတွက် ဗဟိုအစိုးရက ဘယ်အချိန် အတိုင်းအတာအတွင်း၊ ဘယ်လောက်ထိ ဖြစ်ချင်လဲ ဆိုတာကို ပြည်သူများ အနေဖြင့် ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ လေ့လာမိသလောက် NLD အစိုးရရဲ့ အသွင်ကူးပြောင်းရေး မဟာဗျူဟာကို အစိုးရရဲ့ အခန်းကဏ္ဍအားဖြင့်သော် လည်းကောင်း (Role of the State)၊ ပြုပြင်ပြောင်းလဲမှုအတွက် ကာလကြာမြင့်ချိန် (Speed of reform) အားဖြင့်သော် လည်းကောင်း သိသာထင်ရှားစွာ ထုတ်ဖော်ပြောကြားတာကို မတွေ့ရသေးပါ။ အချို့ဝန်ကြီးဌာနများဟာ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရရဲ့အခန်းကဏ္ဍကို ချဲ့ပြီး ဈေးကွက်ယန္တရားကို ဝင်ရောက် ထိန်းညှိဖို့ ကြိုးစားသလို အချို့သော ဝန်ကြီးဌာများက ဈေးကွက်ကို သူ့ချည်းသက်သက် လည်ပတ်စေတာ အစိုးရရဲ့မူဝါဒလို့ ဆိုပါတယ်။ ဥပမာ- ဟော်တယ်ခရီး ဝန်ကြီးဌာနက ဈေးကွက်ဝယ်လိုအား နည်းတဲ့အတွက် ရှိပြီးသား ဟော်တယ်များ၊ အခန်းများ မငှားရတဲ့အတွက် ဟော်တယ် ဆောက်လုပ်ခွင့် လိုင်စင်ထုတ်ပေးခြင်းကို အချို့ဒေသများမှာ ကန့်သတ် လိုက်ပါတယ်။ ဒါဟာ ဈေးကွက် လိုအပ်ချက်ကို ထိန်းညှိပေးတာ အစိုးရရဲ့ မူဝါဒလို့ နားလည်ပါတယ်။ အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းများကို လုပ်ဆောင်ခွင့် မပေးဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနကသာ တာဝန်ယူ ဆောင်ရွက်ခြင်းဟာ ပြုပြင်ပြောင်းလဲရေးမှာ အစိုးရက ဈေးကွက်ယန္တရားထဲ ပါဝင် လုပ်ကိုင်ဖို့ စီစဉ်တာလို့ နားလည်ပါတယ်။ ဒီမူဝါဒများအရ အစိုးရဟာ ပြုပြင်ပြောင်းလဲရေးမှာ ဈေးကွက်ကို  ဝင်ရောက်ထိန်းညှိသူ  interventionist အဖြစ် တွေ့မြင်နိုင်ပါတယ်။ သို့သော်လည်း ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို ဖြေရှင်းပေးဖို့ လွှတ်တော်မှာ တောင်းဆိုရာမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဈေးကွက်ယန္တရားကို ဝင်ရောက်စွက်ဖက်ဖို့ မရှိဘူးလို့ ပြောဆိုပါတယ်။ ဒါကြောင့် အစိုးရက ဘယ်ကဏ္ဍများမှာ ဈေးကွက်ကို ထိန်းညှိပြီး ဘယ်ကဏ္ဍများမှာ ဈေးကွက်ကို သူ့ချည်း လည်ပတ်စေလဲဆိုတာ ဝိဝါဒကွဲစရာ ဖြစ်လာပါတယ်။

ဝန်ကြီးဌာနများက ကြီးမှူးရေးဆွဲထားသော ငါးနှစ်တာ စီမံကိန်းများ ရှိပါတယ်။ သို့သော် ထိုစီမံကိန်းများမှာ ဗျူရိုကရေစီဌာနများက ရေးဆွဲတဲ့အတွက် နိုင်ငံရေး ကတိကဝတ်များကဲ့သို့ NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု မဟာဗျုဟာကို ထင်ဟပ်နိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ဌာန တစ်ခုချင်းစီက တက်လာတဲ့ မူဝါဒများ ဖြစ်တဲ့အတွက် အခြားဌာနများနဲ့ သဟဇာတ ဖြစ်နိုင်သလို ဆန့်ကျင်ဘက်သဘောလည်း ဆောင်နိုင်ပါတယ်။

ှStaehr (2005) ရဲ့ “အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် မူဝါဒရွေးချယ်မှုသာ အဓိက” ပါဆိုတဲ့ အယူအဆအရ ပြုပြင်ပြောင်းလဲရေး ခရီးရောက်ရန် မဟာဗျူဟာ ရှိဖို့လိုသလို ဌာနတစ်ခုချင်းစီမှ အကောင်အထည် ဖော်နေသော မူဝါဒများဟာ ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ပေးဖို့၊ ဆက်စပ်မှုရှိဖို့ လိုပါတယ်။ NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုမှာလည်း မူဝါဒများ ဆက်စပ်မှုရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးရဲ့ နောက်တစ်ပိုဒ်မှာ မူဝါဒ ဆက်စပ်မှုရဲ့ အခန်းကဏ္ဍကို အကျယ်တစ်ဝင့် ဆွေးနွေးပါ့မယ်။

■ မူဝါဒ ဆက်စပ်မှု  (Policy coherence)

မူဝါဒ ဆက်စပ်မှုဆိုရာမှာ ရှေ့နောက် ဆက်စပ်မှုနှင့် အပြန်အလှန် ဆက်စပ်မှုဆိုပြီး နှစ်မျိုး ခွဲနိုင်ပါတယ်။ မူဝါဒ ရှေ့နောက် ဆက်စပ်မှုဆိုတာ အစိုးရတစ်ရပ်ဟာ မူဝါဒတွေ ချမှတ်ရာမှာ ဗဟိုအစိုးရအတွင်းမှာ ဖြစ်စေ၊ ပြည်နယ်၊ တိုင်း အစိုးရများရဲ့ အစိတ်အပိုင်း အသီးသီးမှာဖြစ်စေ အချိန်တိုအတွင်း ပြောင်းလွယ် ပြင်လွယ် လုပ်လေ့ရှိသလား၊ ဆိုခဲစေမြဲစေ ဆိုတဲ့အတိုင်း ချမှတ်ပြီးသား ဥပဒေ၊ စည်းမျဉ်းတွေကို တသမတ်ထဲ အကောင်အထည်ဖော်နိုင်ခြင်း ရှိသလား ဆိုတာ ဆန်းစစ်တာ ဖြစ်ပါတယ်။ မူဝါဒ အပြန်အလှန် ဆက်စပ်မှုဆိုတာက ပေါင်းစပ် လုပ်ကိုင်ရတဲ့အခါ ဌာနအချင်းချင်း ဝိဝါဒ ကွဲပြားမှုကို လျှော့ချပြီး အားလုံး လက်ခံထားတဲ့ မူလမျှော်မှန်းချက်အတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်ကို ပေးစွမ်းနိုင်တယ်ဆိုရင် ဒါဟာ မူဝါဒ ကြောင်းကျိုးဆီလျော်မှု ရှိတယ်လို့ အဓိပ္ပာယ်ရပါတယ် (Nilsson et al, 2012, p. 396)။ တစ်နည်းအားဖြင့် ရှေ့နောက် ဘယ်လောက် ကိုက်ညီမှုရှိလဲ ဆိုတဲ့တာကို အချိန်သတ်မှတ်ချက်ပေါ် မူတည်ပြီး ပြောင်းလဲမှု (Time series analysis) နဲ့ ဌာနအချင်းချင်း ချိတ်ဆက်မှု (Cross sectorial analysis) ဆိုပြီး မူဝါဒဆက်စပ်မှုကို ဆန်းစစ်ပြီး ခွဲခြားတာ ဖြစ်ပါတယ်။

Di Francesco (2001) ရဲ့ မူဝါဒဆက်စပ်မှု လေ့လာပုံကတော့ မူဝါဒ ရည်မှန်းချက်တွေ ချမှတ်ပုံ၊ ထိုရည်မှန်းချက်အတွက် ဌာနများအချင်းချင်း ချိတ်ဆက် လည်ပတ်ပုံ၊ ထိုရည်မှန်းချက်များ ရောက်ရှိဖို့ အစိုးရ ဗျူရိုကရေစီ ယန္တရားရဲ့ မက်လုံးစတဲ့ “မူဝါဒဖြစ်စဉ်” (Process)ကို အခြေခံနိုင်သလို အမျိုးမျိုးသော မူဝါဒတွေက အပြန်အလှန် ပံ့ပိုးပေးမှု၊ သို့မဟုတ် ဆန့်ကျင်ဘက်သဘော သက်ရောက်မှုတို့ကြောင့် ဖြစ်ပေါ်လာတဲ့ “ရလဒ်” (outcome) ကို အခြေခံနိုင်ပါတယ်လို့ ဆိုပါတယ်။

ပုံ – ၁ မူဝါဒဆက်စပ်မှု စက်ဝန်း

OECD နိုင်ငံများတွင်  မူဝါဒ ဆက်စပ်မှုကို  လေ့လာတဲ့အခါ  Di Francesco (2001) ရဲ့  “ဖြစ်စဉ်” ကို မူတည်သော လေ့လာနည်းကို အသုံးပြုလေ့ ရှိကြပါတယ်။ မူဝါဒ ဆက်စပ်မှုဖြစ်စဉ် စက်ဝန်း (ပုံ-၁) အရ အဆင့် ၁ ဖြစ်တဲ့ ရွေးကောက်ပွဲမှာ ထားရှိသော နိုင်ငံရေး ကတိကဝတ်၊ မူဝါဒကြေညာချက်များကို အကောင်ထည်ဖော်နိုင်မှု မဖော်နိုင်မှုများဟာ အဆင့် ၂ ဖြစ်တဲ့ မူဝါဒပေါင်းစပ်မှု ယန္တရားက ဘယ်လောက်ကောင်းမွန်စွာ တည်ဆောက်ထားသလဲ၊ လည်ပတ်သလဲ ဆိုတာ အရေးကြီးပါတယ်။ ဒါ့အပြင် တိမ်းစောင်း ချွတ်ချော်မှုများရှိလျှင် ပြန်လည် တည့်မတ်ပေးဖို့ရန် စောင့်ကြည့်သည့်၊ ပြန်လည် အစီရင်ခံတဲ့စနစ် ရှိ မရှိဆိုတဲ့ အဆင့်သုံးဆင့် ပါဝင်ပါတယ်။ အတိမ်းစောင်း ရှိခဲ့လျှင်သော် လည်းကောင်း၊ အခြား အကန့်အသတ်များကြောင့် မူလ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်မှုများ ရှိပါက နိုင်ငံရေး ကတိကဝတ်အရ မဆောင်ရွက်နိုင်သဖြင့် ပေးခဲ့သော ကတိကဝတ်ကို ပြန်လည်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ ထိုမှတစ်ဖန် လက်ရှိ အခြေအနေနှင့် ဆက်စပ်မှုရှိသော ရည်မှန်းချက်ကို ပြန်လည်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ သို့မှသာ ရှေ့နောက် အပြန်အလှန် ဆက်စပ်သော မူဝါဒများကို အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။

အရှေ့တောင်အာရှ နိုင်ငံများကို မူဝါဒ ဆက်စပ်မှုအတွက် ပေါင်းစပ်ပေးတဲ့ ယန္တရားကို ဗဟိုအစိုးရ ထိပ်ပိုင်းမှာ တွေ့နိုင်ပါတယ်။ သမ္မတ၊ သို့မဟုတ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကြားမှာ ဆက်စပ် ပေးသော၊ ကဏ္ဍတူရာ ဝန်ကြီးဌာနများကို ပေါင်းစပ် ညှိနှိုင်းပေးတဲ့ ဌာန၊ ကော်မတီတစ်ခုကို ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ မူဝါဒဆက်စပ်မှု ပိုကောင်းစေသဖြင့် လုပ်ငန်းများ ပိုမို တွင်ကျယ်စေပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ ဂျိုကိုဝီ လက်ထက်မှာ ဝန်ကြီးဌာနပေါင်း ၃၄ ခုရှိပြီး တူရာဝန်ကြီးဌာနများကို ဆက်စပ်ပေးတဲ့ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီး လေးဦး ပါဝင်ပါတယ်။ နိုင်ငံရေး၊ ဥပဒေရေးရာ၊ လုံခြုံရေး ကဏ္ဍများအတွက် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီး၊ စီးပွားရေး ကဏ္ဍများအတွက် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီး၊ ပင်လယ်နှင့် သဘာဝအရင်းအမြစ်ဆိုင်ရာ ကဏ္ဍများအတွက် ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ကဏ္ဍများအတွက် ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးတို့ ဖြစ်ကြပါတယ်။ ထိုဝန်ကြီး လေးဦးက သက်ဆိုင်ရာ ဝန်ကြီးဌာနများမှာ ကျင့်သုံး အကောင်ထည်ဖော်မယ့် မူဝါဒများ ဆက်စပ်မှုရှိအောင်၊ သဟဇာတဖြစ်အောင် ဆောင်ရွက်ပေးရပါတယ် (International Business Publications, 2015)။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး လက်အောက်မှာပဲ အစိုးရအဖွဲ့ ထိပ်ပိုင်းမှာ ဒုတိယဝန်ကြီးချုပ် ၆ ပါး ထားရှိပြီး သက်ဆိုင်ရာ ကဏ္ဍများရဲ့ မူဝါဒဆက်စပ်မှုအတွက် စီမံအုပ်ချုပ်တာကို တွေ့ရပါတယ် (Nee, 2014)။ အရှေ့တောင်အာရှရဲ့ စွမ်းရည် အပြည့်ဝဆုံးသော အစိုးရလို့ နာမည်ကျော်ကြားတဲ့ စင်ကာပူအစိုးရဟာ ဝန်ကြီးဌာန ၁၇ ခုနဲ့ ဖွဲ့စည်းထားပြီး သူ့မှာလဲ ပေါင်းစပ်ညှိနှိုင်းရေးအတွက် တာဝန်ကို ဒုတိယဝန်ကြီးချုပ် နှစ်ဦးနဲ့ ဝန်ကြီးတစ်ဦးက ဆောင်ရွက်ပါတယ် (Government of Singapore, 2017)

အသွင်ကူးပြောင်းရေးရဲ့ ပထမ ငါးနှစ်တာ ကာလကို တာဝန်ယူခဲ့တဲ့ ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်မှာ မူဝါဒ ဆက်စပ်မှုအတွက် ဆောင်ရွက်မှုများ ရှိခဲ့ပါတယ်။ ဒါကတော့ သမ္မတရုံး ဝန်ကြီးဌာနကို မူလဌာန နှစ်ခုကနေ ခြောက်ခုအထိ ချဲ့ထွင်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ကက်ဘိနက်ကော်မတီ ငါးခုကို ဖွဲ့စည်းခဲ့ပြီး သမ္မတ၊ ဒုတိယသမ္မတများနှင့် သမ္မတရုံးဝန်ကြီးများကို ထိုကော်မတီ ငါးခုမှာ ဦးဆောင်ပါတယ်။ ကက်ဘိနက်မှာ ဆွေးနွေးသော ကိစ္စများမှ ပုံမှန် လုပ်ထုံးလုပ်နည်းအရ ဆုံးဖြတ်ချက်အများစုကို ကက်ဘိနက် ကော်မတီများမှာ ဆွေးနွေးတဲ့အတွက်ကြောင့် ယခင်ကထက် အလုပ်တွင်ကျယ်မှု ပိုမိုရှိခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ သို့သော်လည်း မူဝါဒ ပူးပေါင်းမှုအတွက် ထားရှိခဲ့တဲ့ သမ္မတရုံး ဝန်ကြီးများဟာ လက်တွေ့မှာ မူဝါဒညှိနှိုင်းမှုအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများကိုပါ ကြီးကြပ်မှု ပြုလာခဲ့ပါတယ်။ အဲဒီဝန်ကြီးဌာန ခြောက်ခုမှာ ဌာနလက်ကိုင် မရှိတဲ့အတွက် တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပတ်သက်ပြီး အားနည်းတယ်ဆိုတဲ့ ဝေဖန်ချက်များ ရှိခဲ့ပါတယ်။

NLD အစိုးရ လက်ထက်မှာ ကျစ်လျစ်သော အစိုးရဖြစ်စေဖို့ ဝန်ကြီးဌာန ၃၆ ခုကို ၂၂ ခု အဖြစ် ထားရှိခဲ့ပါတယ်။ ကက်ဘိနက် ကော်မတီများကို ဆက်လက် ထားရှိပါတယ်။ ကော်မတီ ၅ ခုအနက် (၁) စီးပွားရေး၊ (၂) နိုင်ငံခြားရေးနှင့်  (၃) တည်ငြိမ်ရေးနှင့် လုံခြုံရေးကိစ္စများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်တယ်လို့ သိရပါတယ်။ ကျစ်လျစ်သောအစိုးရ ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဘဏ္ဍာငွေ သက်သာမှုများ ရှိခဲ့သော်လည်း လုပ်ငန်းကြန့်ကြာမှုများ ရှိနေခဲ့ပါတယ်။ အစိုးရ အစဉ်အဆက်မှာ မူဝါဒကို ပြန်လည် သုံးသပ်တဲ့စနစ် အတော်လေး အားနည်းခဲ့ပါတယ်။ အသုံးပြုခဲ့ခြင်း မရှိခဲ့ပါ ဘူး။ ထူးခြားဖြစ်စဉ်များကို တင်ပြတဲ့ ပြည်ထဲရေးမှ ရရှိသော သတင်းအချက်အလက်များ၊ ဆိုရှယ်မီဒီယာမှ ရရှိတဲ့ သတင်းအချက်အလက်များကို အသုံးပြုပြီး ရံဖန်ရံခါ မူဝါဒ ပြန်လည် သုံးသပ်ခြင်းမျိုး ရှိပါတယ်။ မူဝါဒ ရှေ့နောက် ဆက်စပ်မှု၊ ဌာနအချင်းချင်း အပြန်အလှန် ဆက်စပ်မှုများကို ပြုလုပ်တဲ့ တရားဝင် လုပ်ထုံးလုပ်နည်း မရှိတာကြောင့် မူဝါဒ ချို့ယွင်းချက်များကို ပြန်လည် သုံးသပ်မှု ပြုခြင်းဟာ အင်စတီကျုးရှင်း အနေနဲ့မရှိဘဲ ခေါင်းဆောင်ရဲ့ သဘောထားအပေါ်မှာသာ မူတည်သကဲ့သို့ ဖြစ်နေပါတယ်။ အတိုက်အခံ ပါတီအဖြစ် နှစ်ပေါင်းများစွာ တပ်မတော် အုပ်ချုပ်ရေးစနစ်ကို ရင်ဆိုင်ခဲ့ရတဲ့ NLD ပါတီဟာ အစိုးရ ဖြစ်လာတဲ့အခါ တပ်နဲ့ ပူးတွဲလုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေမှာ အခက်အခဲများစွာ ရှိနေနိုင်ပါတယ်။ ဒီထဲမှာ သတင်းအချက်အလက် ရရှိနိုင်မှုလည်း အဓိက ပါဝင်ပါတယ်။ အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးဟာ လုပ်ငန်းသဘောအရ အဆင်ပြေသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာ ဘယ်လောက် အတိုင်းတာအထိ အထောက်အကူပြုနိုင်သလဲ ဆိုတာကတော့ အငြင်းပွားစရာ ရှိနေပါတယ်။ ဒီ့အတွက်ကြောင့် NLD အစိုးရအနေနဲ့ မူဝါဒ ရှေ့နောက် ဆက်စပ်မှု၊ ဌာနချင်း အပြန်အလှန် ဆက်စပ်မှု ရှိ-မရှိကို ပြန်လည် သုံးသပ်ရန်၊ မူဝါဒကောင်းများကို တိုးချဲ့ပြီး ဆက်လက် ဆောင်ရွက်နိုင်ရန်၊ အတိမ်းအစောင်းတွေ ရှိခဲ့ရင် ပြုပြင်နိုင်ရန် လိုသလို သတင်းအချက်အလက်များ ရနိုင်မယ့် ရင်းမြစ်များကို ပိုမိုစုဆောင်းရန် လိုပါတယ်။

တစ်နှစ်အတွင်း အကောင်အထည်ဖော်ခဲ့တဲ့ မူဝါဒတွေ ရှေ့နောက် ဆက်စပ်မှု၊ ဌာနချင်း အပြန်အလှန် ဆက်စပ်မှု အားနည်းပြီး ပြန်လည် သုံးသပ်မှု အားနည်းခြင်းကြောင့် မူလ ကြွေးကြော်သံကို အကောင်ထည် ဖော်နိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များက သုံးသပ်ကြပါတယ်။ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အကျပ်အတည်း တစ်ခုထဲကြောင့် ပြုပြင်ပြောင်းလဲရေး ရှေ့မရောက်တာမျိုး မဟုတ်ဘဲ အစိုးရရဲ့မူဝါဒ ဆက်စပ်မှု အားနည်းချက်ကြောင့် အကျိုးသက်ရောက်မှုအားဖြင့် ဗဟိုချုပ်ကိုင်မှုများတဲ့ နိုင်ငံရေးဖြစ်စဉ်၊ ပြုပြင်ပြောင်းလဲမှုတွေ ခရီးမရောက်တဲ့ နိုင်ငံရေးဖြစ်စဉ် ဖြစ်ပေါ်ခဲ့တာလို့ အဆိုပြုပါတယ်။

ဒီအတွက် ပထမ အယူအဆဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို ပြဋ္ဌာန်းတယ်ဆိုတဲ့ အမြင်ဟာ အလုံးစုံ မပြည့်စုံနိုင်ကြောင်း တင်ပြပါ့မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အစိုးရရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး မူဝါဒများ ချမှတ်ရာမှာ တစ်စိတ်တစ်ဒေသကိုသာ အကန့်အသတ် ဖြစ်တယ်ဆိုတဲ့ အယူအဆကို အောက်ဖော်ပြပါအပိုင်းမှာ ဦးစွာ ဆွေးနွေးပါမယ်။

■ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဘောင်ကို ဆန်းစစ်ခြင်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဆယ်စုနှစ် နှစ်ခုကျော် အတိုက်အခံ ပါတီအဖြစ် ရပ်တည်ခဲ့တဲ့ NLD ပါတီက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ၅၈ ဒသမ ၇၃ ရာခိုင်နှုန်း နေရာရရှိပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်ခွင့် မရှိပါဘူး။ ပါတီဥက္ကဋ္ဌရဲ့ မိသားစုဝင်များဟာ မြန်မာနိုင်ငံသား မဟုတ်တဲ့အတွက် ပုဒ်မ ၅၉ (စ) အရ တားမြစ်ခြင်း ခံထားရပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်များကသာ နေရာယူထားပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အရပ်သားသမ္မတကို တင်မြှောက်နိုင်ခဲ့ပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပေမယ့် ဒုတိယသမ္မတ နှစ်ဦးအနက် တစ်ဦးကို တပ်မတော် ကိုယ်စားလှယ်လောင်းများက ရွေးချယ်ခွင့် ပေးရပါတယ်။ ဒီ့အပြင် လုံခြုံရေးနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနများအတွက် အရပ်သား ဝန်ကြီးများကို ရွေးချယ်ခွင့် မရှိပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန သုံးခုအတွက် ဝန်ကြီးသုံးပါးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က (သမ္မတရဲ့ သဘောတူညီချက်ယူပြီး) တိုက်ရိုက် ခန့်အပ်နိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ တပ်မတော်က အာဏာသိမ်းမယ်ဆို သိမ်းပိုင်ခွင့်ကို တရားဝင်ပေးထားတဲ့အတွက် လတ်တလောမှာ အာဏာအရှိဆုံးဖြစ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကာလုံကို ၁၁ ဦးနဲ့ ဖွဲ့စည်းတဲ့အခါ တပ်မတော်က ပါဝင်သူဟာ သူတို့ ရွေးကောက် တင်မြှောက်ထားတဲ့ ဒုတိယသမ္မတပါ ပါဝင်မယ်ဆိုရင် ခြောက်ဦး ရှိနေပါတယ်။ လက်ရှိ အခင်းအကျင်းအရ  NLD အစိုးရရဲ့ သဘောထားက တပ်မတော်နဲ့ မကိုက်ညီလို့ မဲခွဲဆုံးဖြတ်ရင် အရပ်သားအစိုးရ အနေနဲ့ အနိုင်ရနိုင်ချေ နည်းပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ကျောရိုးဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ တပ်မတော်က တိုက်ရိုက် ခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိနေပါတယ်။ တပ်မှ ပြောင်းရွှေ့လာသူများကို အစိုးရယန္တရားရဲ့ အဓိကနေရာများမှာ ခန့်ထားတဲ့အတွက် အစိုးရအနေနဲ့  မူဝါဒတွေ အကောင်အထည်ဖော်ရာမှာ အထိုက်အလျောက် အခက်အခဲများ ရှိနိုင်မယ်လို့ ယူဆရပါတယ်။

ပုံ (၂) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ NLD ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပုံ

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စအပါအဝင် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဒေသတွင်း ပဋိပက္ခတွေကို ကိုင်တွယ်တဲ့အခါ တပ်အနေနဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးမှုရှိတာ၊ တပ်နဲ့ ညှိနှိုင်းရတဲ့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို ချင့်ချိန်ပြီး လုပ်နေရလို့ဆိုရင် ဒါဟာ အတိုင်းအတာ တစ်ခုအထိ ဖြစ်နိုင်ပါတယ်။ ဥပမာ- တစ်နိုင်ငံလုံး အတိုင်းအတာနဲ့  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တဲ့နေရာမှာ တပ်ရဲ့ သဘောတူညီမှု မရရှိတဲ့အတွက် တချို့နေရာဒေသတွေမှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မပေးနိုင်သေးပါဘူး။ ဒါ့ကြောင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ချို့နဲ့ပါ အဆင်မပြေမှုများ ရှိလာပါတယ်။ ထို့အတူ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ကိုင်တွယ်ရာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတို့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တပ်မတော်အပေါ် ဘယ်လောက်အထိ အာဏာရှိသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ ဒါကြောင့် နိုင်ငံတော်ရဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ ပတ်သက်လာရင် လက်ရှိ အနေအထားအရ NLD အစိုးရရဲ့ မူဝါဒချမှတ်မှု လုပ်ငန်းစဉ်တွေမှာ တပ်မတော်ရဲ့ သဘောထားကို ထောက်ထားရတဲ့အတွက် ပင်မ အင်စတီကျူးရှင်းဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံရဲ့ အကန့်အသတ်က တစ်စုံတစ်ရာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

သို့သော်လည်း အစိုးရနဲ့ တပ်အကြား တိုင်းရင်းသားအရေး၊ နယ်စပ်လုံခြုံရေး ကိစ္စတွေမှာ ပြင်းထန်တဲ့ သဘောထားကွဲလွဲမှု မရှိတာကြောင့် တစ်ကြောင်း၊ NLD အစိုးရ သက်တမ်း တစ်နှစ်ကျော်အတွင်း ကာလုံကို တစ်ကြိမ်မျှ ခေါ်ယူခြင်းမျိုး မရှိသေးတဲ့အတွက်ကြောင့် တစ်ကြောင်း ကာလုံမှာ အစိုးရနဲ့တပ်မတော် သဘောထားကွဲလွဲ အခြေအတင် ဖြစ်ကြရမယ့် အနေအထားလည်း မရှိခဲ့သေးပါဘူး။ တစ်နည်းအားဖြင့် ကာလုံ အစည်းအဝေးကနေ တစ်ဆင့် အာဏာသိမ်းမှာကို ကြိုတင်ပူပန်ရလောက်တဲ့  အခင်းအကျင်းမျိုး မရှိသေးပါဘူး။

လွတ်တော်တွင်းမှာ တပ်မတော် ကိုယ်စားလှယ်များက ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ အရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ မဲအရေအတွက် ၇၅ ရာခိုင်နှုန်းကျော် လိုအပ်တဲ့အတွက် အစိုးရသက်တမ်း တစ်နှစ်အတွင်း မဆောင်ရွက်နိုင်သေးပါဘူး။ ဒါပေမဲ့ ပြည်သူ့လွတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်အတွင်း အဆိုတင်သွင်းရာမှာ သဘောထား မတူညီမှုများ ရှိသော်လည်း မဲခွဲဆုံးဖြတ်ရာမှာ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းသော အဆိုပြုချက်များကသာ အသာစီးရခဲ့တာ တွေ့ရပါတယ်။  ဒါကြောင့် ဥပဒေပြုရေး မဏ္ဍိုင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကန့်အသတ် ရှိသော်လည်း တွန်းနိုင်ရင် တွန်းနိုင်သလောက် ရွေ့နိုင်တာကို တွေ့နိုင်ပါတယ်။ အာဏာရ ပါတီကိုယ်စားလှယ်များနဲ့ တပ်မတော် ကိုယ်စားလှယ်များနဲ့ သဘောထား မတိုက်ဆိုင်မှုတစ်ချို့ ရှိခဲ့သော်လည်း နောက်ဆုံးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လိုက်နာတာကို တွေ့ရပါတယ်။ လွှတ်တော်ရဲ့ ဥပဒေပြုခွင့် အာဏာကို ခြိမ်းခြောက်လာနိုင်သည်အထိ ဆက်ဆံရေး တင်းမာမှုမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် အာဏာရ ပါတီကိုယ်စားလှယ် အများစုရှိတဲ့ လွှတ်တော်ဟာ တပ်ရဲ့ သဘောထားအတိုင်း လုပ်ဆောင်နေရတယ်လို့ အမြဲ မဆိုလိုနိုင်ပါဘူး။

ဒီအတွက်ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တစ်နှစ်အတွင်း အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေကို မလုပ်နိုင်အောင် အမြဲဟန့်တားနေတာလို့ မယူဆနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ တပ်မတော်က လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ အာဏာရှိသော်လည်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး ကဏ္ဍများမှာ လွတ်လွတ်လပ်လပ် စီမံပိုင်ခွင့် ရှိပါတယ်။

ဒီတစ်နှစ်အတွင်း အစိုးရရဲ့ ဆိုခဲ့ပါကဏ္ဍတွေမှာ တပ်က အတင်းဝင်ရောက် စွက်ဖက်ခြင်းမျိုး မတွေ့ရသေးပါဘူး။ ဒါဆို လက်ရှိ ကျင့်သုံးနေတဲ့ အစိုးရရဲ့မူဝါဒများဟာ ဘာ့ကြောင့် ရှေ့မရောက်နိုင်တာလဲ မေးစရာ ြုဖစ်လာပါတယ်။ ကနဦး အဆိုပြုချက်အရ အစိုးရရဲ့ မူဝါဒများဟာ ရှေ့နောက် မညီတာ၊ ဌာနများအတွင်း ညှိနှိုင်းမှု အားနည်းတာကြောင့် ပြုပြင်ပြောင်းလဲရေး ခရီးမတွင်ခြင်း ဖြစ်တယ်ဆိုတာကို လက်တွေ့ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အစိုးရ ချမှတ်ထားတဲ့ မူဝါဒများဟာ ဖွဲ့စည်းပုံ အကန့်အသတ်ဘောင်ထဲက လွတ်ကင်းတဲ့ (လုံခြုံရေးနှင့် ကာကွယ်ရေးနဲ့ မသက်ဆိုင်သော) ကဏ္ဍများမှာ  ဘယ်လောက်ထိ ကျစ်လျစ်မှုရှိသလဲဆိုတာကို ဆန်းစစ်ပါ့မယ်။

ဒီအဆိုပြုချက်ကို ဆွေးနွေးဖို့ NLD အစိုးရ တာဝန်ယူခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်ကို မူဝါဒ ရှေ့နောက် ဆက်စပ်ပုံ လေ့လာချက် ပြုလုပ်ပါမယ်။ ဒီ့နောက် စီးပွားရေးကဏ္ဍမှာ အကောင်ထည်ဖော်ခဲ့တဲ့ မူဝါဒများဟာ အပြန်အလှန် ဆက်စပ်မှု ရှိ-မရှိကို လေ့လာပြီး သုံးသပ်ချက်များ ပြုလုပ်ပါမယ်။ (ထိုလေ့လာချက် နှစ်ခုရဲ့ အကျဉ်းချုံး တင်ပြချက်ကို ဇယား (၁)ရဲ့  ကော်လံ ၁ နှင့် ၂ တို့မှာ တွေ့နိုင်ပါတယ်။)

■ လေ့လာချက် – ၁

■ အသွင်ကူးပြောင်းရေး အစိုးရရဲ့ သတင်းမီဒီယာ မူဝါဒနှင့် လက်တွေ့ ဆောင်ရွက်ချက်များ

အာဏာရှင်စနစ်ကနေ ဒီ်မိုကရေစီစနစ်ကို ကူးပြောင်းတဲ့ နေရာမှာ ပညာရှင်များက ဒီမိုကရေစီ စံချိန်စံနှုန်းကို ပေတံအမျိုးမျိုးနဲ့ တိုင်းတာကြပါတယ်။ အဲဒီထဲမှာ ကျော်ကြားတဲ့ အယူအဆဖြစ်တဲ့ ရောဘတ်ဒါးလ် (Robert Dahl) ရဲ့ ဒီမိုကရေစီ စံနှုန်းများကတော့ (၁) ရွေးကောက်ခံ အစိုးရရှိခြင်း၊ (၂) လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း၊ (၃) နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိခြင်း၊ (၄) နိုင်ငံသားတိုင်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိခြင်း၊ (၅) နိုင်ငံသားတိုင်းက မိမိရဲ့အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့်ရှိခြင်း၊ (၆) သတင်းအချက်အလက် ရပိုင်ခွင့်ရှိခြင်းနှင့် (၇) အသင်းအဖွဲ့များမှာ ပါဝင်နိုင်ခွင့်ရှိခြင်း တို့ဖြစ်ပါတယ် (Dahl, 1989)။ ဒါကြောင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိရေးနဲ့ သတင်းအချက်အလက်များ ရပိုင်ခွင့်ရှိရေးတို့အတွက် အသွင်ကူးပြောင်းရေး အစိုးရတွေဟာ မီဒီယာကို ဖြေလျှော့မှုတွေ ဘယ်လောက် လုပ်လာနိုင်သလဲဆိုတာကို ကြည့်လေ့ရှိကြပါတယ်။ ဒီအတွက် မီဒီယာလွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့ နိုင်ငံတကာအဖွဲ့များက နိုင်ငံများရဲ့ လွတ်လပ်ခွင့်ကို ဖော်ပြတဲ့ ကိန်းဂဏန်းများအပေါ် လေ့လာနိုင်ပါတယ်။

ဇယား(၁) NLD အစိုးရလက်ထက် မူဝါဒဆက်စပ်မှု လေ့လာချက်

■ နောက်ခံ ဆက်စပ်အခြေအနေ

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ၂၀၁၀ ပြည့်နှစ် ဖြေလျှော့မှုများ မစတင်ချိန်မှာ တင်းကျပ်မှု အဆိုးဆုံးကို ၁၀၀ မှတ် သတ်မှတ်ရာမှာ မြန်မာနိုင်ငံက ၉၅ မှတ်အထိ ရှိခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် ကုန်ဆုံးခါနီး ၂၀၁၅ ခုနှစ်မှာ တင်းကျပ်မှုမှာ ၇၃ မှတ်ထိ လျော့ကျသွားပေမယ့် မလွတ်လပ်သေးတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ် (Freedom House 2017)။ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်မှာ မီဒီယာ ပြုပြင်ပြောင်းလဲရေးအတွက် အထိုက်အလျောက် ဖြေလျှော့ခဲ့တာတွေ၊ ဥပဒေပြုခဲ့တာတွေ ရှိပေမဲ့ သတင်းသမားတွေကို ထိရောက်တဲ့ အကာအကွယ်ပေးထားခြင်း မရှိတဲ့အပြင် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေ ပေါ်ထွန်းအောင် အားပေးထားခြင်း မရှိခဲ့ပါလို့ သုံးသပ်သူများလည်း ရှိပါတယ်။

ဒီ့အပြင် ၂၀၁၃ ခုနှစ်အတွင်း အငြင်းပွားစရာဖြစ်တဲ့ ဆက်သွယ်ရေး ဥပဒေကို လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ရေးဆွဲစဉ်က ဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးရန်နှင့် လုပ်ငန်း ဆောင်ရွက်နေသူများ လွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်ပြီး ရေးဆွဲထားသည့် ဥပဒေလို့ ဆိုပါတယ်။ ၆၆(ဃ) အရ မည်သူမဆို “ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း” စသည့် ပြစ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြထားပါတယ် (ဆက်သွယ်ရေးဥပဒေ၊ ၂၀၁၃)။ ဒါပေမဲ့ အသရေဖျက်မှုအတွက် တိကျတဲ့ အကျယ်တဝင့် ဖွင့်ဆိုချက်များ မပါဝင်ပါဘူး။ ထူးခြားတာက ပြဌာန်းချက် တစ်ခုခုကို ကျုးလွန်တယ်လို့ ဆိုပြီး အမှုဖွင့်ခံရတယ်ဆိုရင် ရဲအရေးပိုင်တဲ့ ဥပဒေအဖြစ် ပြဌာန်းထားတဲ့အတွက် ဖမ်းဆီးချုပ်နှောင် ခံရနိုင်ပါတယ်။ ဒါကြောင့် လက်တွေ့မှာ နိုင်ငံရေး လက်နက်တစ်ခုအဖြစ် အလွယ်တကူ အသုံးပြုလာကြပါတယ်။ ဒါဟာ အသွင်ကူးပြောင်းရေး ကာလမှာ သတင်းမီဒီယာရဲ့ လွတ်လပ်စွာ ရေးသားခွင့်နဲ့ ထုတ်ဝေခွင့်တို့ကို ခြိမ်းခြောက်လာနေလို့ NLD အစိုးရအတွက် အရေးတစ်ကြီး ဖြေရှင်းသင့်တဲ့ ကိစ္စတစ်ရပ်လို့ မှတ်ယူနိုင်ပါတယ်။

ယခင် ပြည်ခိုင်ဖြိုးအစိုးရက မီဒီယာကဏ္ဍ ဖြေလျှော့မှုတွေ ပြုလုပ်လာပြီးနောက် အစိုးရနဲ့ သတင်းမီဒီယာကြားမှာ ပွတ်တိုက်မှုများစွာ ရှိခဲ့ပါတယ်။ သို့သော်လည်း NLD အစိုးရအနေနဲ့ အားသာချက်ကတော့ ပုဂ္ဂလိက သတင်းမီဒီယာများက အတိုက်အခံ ပါတီအဖြစ် ရပ်တည်ခဲ့တဲ့ NLD ပါတီကို တခဲနက် ထောက်ခံခဲ့ကြတာပါပဲ။ ဒါကြောင့် သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးဟာ ပိုမိုချောမွေ့ လာမယ်လို့ တချို့က ယူဆခဲ့ကြပါတယ်။

■ မီဒီယာမူဝါဒ ရည်မှန်းချက်

နှစ်ပေါင်းများစွာ အတိုက်အခံပါတီအဖြစ် ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီမိုကရေစီ ဖယ်ဒရယ်နိုင်ငံတော် တည်ဆောက်မည်လို့ ကြွေးကြော်သံနဲ့အတူ မီဒီယာအပေါ် ကျင့်သုံးမယ့် သူ့ပါတီရဲ့ မူဝါဒများကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ “ပြည်သူများ၏ နား၊ မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့ စောင့်ထိန်းအပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့်အညီ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူ ဖော်ပြခွင့်အား ပေးမည်”လို့ ပါရှိပါတယ် (၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေညာချက်၊ ၂၀၁၅၊ စာ-၂၀)။ အဲဒီအချိန်က NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်ခြေ အများဆုံးရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲ ကြေညာစာတမ်းဟာ သူတို့ အကောင်အထည်ဖော်နိုင်မယ့် အနီးစပ်ဆုံး မူဝါဒ  ကတိကဝတ်တွေလို့ မှတ်ယူနိုင်ပါတယ်။ ထိုအချိန်က NLD ပါတီမှာ ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီထက် ပုဂ္ဂလိက မီဒီယာများနဲ့ ပိုမိုနီးစပ်တာကို တွေ့ နိုင်ပါတယ်။

■ မီဒီယာကဏ္ဍ မူဝါဒ အကောင်ထည် ဖော်ဆောင်ခြင်း

NLD အစိုးရမဖွဲ့မီ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ခေါ်ယူချိန်ကစလို့ အစိုးရ ဖြစ်လာတော့မယ့် အာဏာရပါတီရဲ့ မီဒီယာမူဝါဒတွေဟာ ဝိဝါဒဖြစ်စရာတွေ တွေ့လာရပါတယ်။ လွှတ်တော်အတွင်း သတင်းရယူမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ချက်ဖြင့် သတင်းသမားများ လွှတ်တော်မှာ သတင်းယူခွင့်ကို အချိန်၊ နေရာနှင့် လူဦးရေ ကန့်သတ် လိုက်ပါတယ် (“သတင်းမီဒီယာများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေး”၊ ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၁၆)။ လူထုရဲ့ သတင်း သိပိုင်ခွင့်အတွက် အလုပ်လုပ်နေသူတွေကို တားဆီး ကန့်သတ်လိုက်တဲ့ အချက်တွေကို ပြောခဲ့တာ ဖြစ်တဲ့အတွက် မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံ သတင်းစာဆရာများနှင့် သတင်းသမားများက ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ တာဝန်လွှဲပြောင်း လက်မခံမီ ဝန်ကြီးဌာနများကို ပြန်လည် ဖွဲ့စည်းနေစဉ်က ခေတ်အဆက်ဆက် လူပြောများခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ဖျက်သိမ်းမလား၊ အခြားဌာနများနှင့် ပေါင်းစည်းပြီး နယ်ပယ်လျှော့မလား ဆိုတာကို စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမဲ့ မူလအတိုင်း သီးခြားဌာနအဖြစ် ဆက်လက် တည်ရှိခဲ့ပါတယ်။ NLD အစိုးရ တက်လာပြီးနောက်ပိုင်းမှာ အဓိက တာဝန်ယူထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တင်းကျပ်မှုတွေ လျော့ကျသွားတာ၊ မီဒီယာနဲ့ ဆိုင်တဲ့ ဥပဒေအဟောင်းကို ပယ်ဖျက်တာ၊ ပြင်ဆင်တာ၊ အသစ်ကို အတည်ပြုနိုင်တာ မတွေ့ရသေးပါဘူး။  နိုင်ငံပိုင် မီဒီယာများရဲ့ တင်ပြချက် ရေးနည်းရေးဟန်များဟာလည်း အရင် အာဏာရှင်များနဲ့ ကွာခြားမှု မရှိသည့်အတွက် ဝေဖန်စရာများ  ဖြစ်ခဲ့ပါတယ်။ မီဒီယာဖြေလျှော့မှု၊ ပုဂ္ဂလိက မီဒီယာကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းရာမှာ အစိုးရက ဦးဆောင်ပြီး  မည်သည့် မဟာဗျူဟာဖြင့် မည်သို့မည်ပုံ သွားချင်သည်ကို  ပြည်သူကိုချပြပြီး ဆွေးနွေးညှိနှိုင်းတဲ့ proactive action ကို မတွေ့ရပါ။ မီဒီယာကဏ္ဍ တိုးတက်ဖို့ မီဒီယာမှာ ပါဝင်သူများ၊ အဖွဲ့အစည်းများရဲ့ ကမကထလုပ်မှု၊ ဦးဆောင်မှုကို စောင့်ဆိုင်းနေတဲ့ reactive action မူဝါဒများကိုသာ လေ့လာရပါတယ် (ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တွေ့ဆုံခြင်းမှ လေ့လာချက်၊ 7 Day Daily ၁၄ ဇွန် ၂၀၁၇)။ တစ်နှစ်အတွင်း သိသာ ထင်ရှားအောင် မလုပ်နိုင်သေးတာဟာ အစိုးရသစ်ရဲ့သက်တမ်းဟာ တစ်နှစ်သာသာ ရှိသေးလို့ လက်ခံပေးနိုင်စရာ ရှိပါတယ်။ သို့သော် ယခင်ရှိထားခဲ့တဲ့ အာဏာရှင်ဆန်တဲ့ ဥပဒေများကို ပြင်ဆင်ဖို့ ကြိုးပမ်းရမဲ့အစား အဲဒီဥပဒေတွေ ပြဋ္ဌာန်းချက်တွေပေါ် အထိုင်ယူပြီး မီဒီယာနှင့် ပွတ်တိုက်မှုတွေကို ဖြေရှင်းဖို့ အသုံးပြုလာတာကို တွေ့ရပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာမှာ ပုဂ္ဂလိက သတင်းစာတိုက် တစ်ခုဖြစ်တဲ့ Eleven Media Group က အမှုဆောင်အရာရှိချုပ် CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ဦးကို The Strait Times သတင်းစာနှင့် အလဲဗင်း နေ့စဉ်သတင်းစာရဲ့ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သော သတင်းအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့  အမှုဖွင့် အရေးယူပါတယ်။ ဒါကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ သတင်းမီဒီယာတို့အကြား ဖြစ်တဲ့ကိစ္စရပ်အပေါ် မူတည်ပြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာကြောင့် အစိုးရရဲ့ မီဒီယာအပေါ် ထားရှိတဲ့ သဘောထားကို ထင်ဟပ်စေပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လမှာ နောက်ထပ် ပုဂ္ဂလိက သတင်းစာတိုက် တစ်ခုဖြစ်တဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ထပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ရေးသားခဲ့တဲ့ သရော်စာ ဆောင်းပါးနှင့် ပတ်သက်ပြီး တပ်မတော်က ဗဟန်းရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် ရဲစခန်းက ဆက်သွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီသရော်ဆောင်းပါးဟာ ပုံနှိပ်မီဒီယာပေါ် အရင်ရောက်ပေမဲ့ မီဒီယာဥပဒေနဲ့ စွဲဆိုခြင်းမရှိဘဲ  Facebook ပေါ်တင်တဲ့အတွက် ၆၆(ဃ)နဲ့ စွဲဆိုတာ ဖြစ်ပါတယ်။

Eleven Media Group နဲ့ The Voice အမှုတွေမှာ အစိုးရအနေနဲ့ မီဒီယာကို ကိုင်တွယ်ဖို့ ရှိပြီးသား ဥပဒေများ ရှိသော်လည်း အသုံးမပြုဘဲ အမှုဖွင့်ချိန်မှာပင် ချုပ်နှောင်ခံပြီး တရားရင်ဆိုင်စေရမယ့် ၆၆(ဃ)လို ပုဒ်မများကို သုံးပြီး ဖမ်းဆီးချုပ်နှောင်မှုပြုတာဟာ (ရဲအရေးပိုင်မှုအဖြစ် အရေးယူတာ) ဖြစ်တာကြောင့် အစိုးရရဲ့ မီဒီယာဖြေလျှော့မှု မူဝါဒအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကိုသုံးပြီး အရေးယူမှုတွေ လုပ်ဆောင်တာကို ပြန်ကြည့်ရင် မီဒီယာသမားတွေအပေါ် အရေးယူထားတဲ့ အမှု ၁၀ မှုရှိပြီး ၁၈ ဦး တရားရင်ဆိုင် နေရတာဟာ သာမန် ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်မှာသာမက သတင်းလွတ်လပ်ခွင့် အပိုင်းမှာပါ သက်ရောက်မှုတွေ ရှိနေပါတယ်။ သြဂုတ် ၁ ရက်အထိ နောက်ဆုံးသိရတဲ့ အချက်အလက်တွေအရ လက်ရှိအစိုးရ လက်ထက်မှာ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၇၄ မှုအထိ ရှိလာပါတယ်။ ဒီထဲမှာ ပြစ်ဒဏ်ချမှတ်ပြီး အမှု ၁၁ မှုရှိပြီး အာမခံမရဘဲ အချုပ်ကျနေတဲ့အမှု ရှစ်မှုရှိပါတယ်။ အမှုတွေကို လေ့လာတဲ့အခါ တပ်မတော်က တရားစွဲခဲ့တဲ့အမှု ခုနစ်မှု၊ NLD ပါတီက တရားစွဲခဲ့တဲ့အမှု ခုနစ်မှု၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်၍ ကြားလူများက တရားစွဲခဲ့တဲ့အမှု ရှစ်မှုအထိ ရှိခဲ့ပါတယ်။ (နောက်ဆက်တွဲ စာမျက်နှာ ၂၁ ကိုကြည့်ပါ)

ပုဒ်မ ၆၆ (ဃ) က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ကို ခြိမ်းခြောက်နေတဲ့အပြင် ဥပဒေ ရည်ရွယ်ချက်နဲ့ ဥပဒေကို အသုံးချပုံ လွဲမှားနေတာကြောင့် ဥပဒေပြင်ဆင်ဖို့ မူကြမ်းကို ဇူလိုင် ၉ရက်က နိုင်ငံပိုင် သတင်းစာများမှာ ဖော်ပြခဲ့ပြီး အမျိုးသားလွှတ်တော်ကိုလည်း တင်သွင်းခဲ့ပါတယ်။ ဒါကို ဇူလိုင် ၂၆ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေဒမှာ ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးခဲ့ပြီး ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ဖို့ အဆိုပြုသူ ခြောက်ဦး ရှိခဲ့ပါတယ်။ ရှစ်ဦးကတော့ ပြင်ဆင်ဖို့ပဲ အဆိုပြုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သြဂုတ် ၂ ရက် အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ရာမှာလည်း ပုဒ်မ ၆၆ (ဃ)ကို ပယ်ဖျက်ရေးအဆို ရှုံးနိမ့်ခဲ့ပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) က သတင်းလွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်လာနေတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ DVB သတင်းထောက် နှစ်ဦးဖြစ်တဲ့ ဦးအေးနိုင်နဲ့ ကိုပြည့်ဖြိုးနိုင်၊ ဧရာဝတီ သတင်းဌာနက ဦးသိန်းဇော် (ခ) လဝီဝမ် တို့ကို မတရားအသင်းနှင့် ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တပ်မတော်က ဇွန် နောက်ဆုံးပတ်မှာ အမှုဖွင့် ဖမ်းဆီးလိုက်တဲ့ ကိစ္စကလည်း သတင်းသမားတွေအတွက် သတင်းရယူရာမှာ သတိထားရမယ့် အဟန့်အတားတစ်ခု ဖြစ်လာပါတယ်။

■ သုံးသပ်ချက်

မီဒီယာအပေါ် ကိုင်တွယ်မှုဟာ အစိုးရရဲ့ အသွင်ကူးပြောင်းရေး မဟာဗျူဟာထဲမှာ မီဒီယာနဲ့ ပတ်သက်တဲ့ မူဝါဒကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ မရှင်းလင်းတာကို ဖော်ပြပါတယ်။ တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေကို လေ့လာကြည့်လျှင် မီဒီယာကဏ္ဍဟာ ဗဟိုအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဦးစားပေးကဏ္ဍထဲမှာ မတွေ့ရပါဘူး။ သတင်းသမားတွေရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပံ့ပိုးပေးတဲ့ နေရာမှာ မီဒီယာဥပဒေများတင် သာမကဘဲ ၆၆(ဃ)လို ပုဒ်မမျိုးကို ဘယ်လို ဆောင်ရွက်ပေးမယ်၊ အစိုးရရဲ့ ဌာနအစိတ်အပိုင်း အသီးသီးမှ သတင်းသမားများအား ကိုင်တွယ် ဖြေရှင်းရာမှာ မည်သို့မည်ပုံ ဖြစ်သင့်တယ်ဆိုတာ မဟာဗျုဟာနဲ့ ချိတ်ဆက်ထားတဲ့ မူဝါဒကို သိသာထင်ရှားစွာ မတွေ့ရပါဘူး။

ဒါကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြွေးကြော်သံမှာပါရှိတဲ့ မီဒီယာမူဝါဒနဲ့ လက်တွေ့ အကောင်ထည်ဖော်တဲ့ မူဝါဒများ ရှေ့နောက် ဆက်စပ်မှု မရှိဖြစ်တာကို တွေ့ရပါတယ်။ ကျင့်ဝတ်နဲ့မညီတဲ့ မီဒီယာများကို အရေးယူနိုင်မယ့် သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာ စောင့်ကြည့်ခြင်းနှင့် အရည်အသွေး မြှင့်တင်ပေးခြင်းမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ တာဝန်လို့ နားလည်နိုင်ပါတယ်။ သတင်းအချက်အလက် မှန် မမှန်၊ ကျင့်ဝတ် ညီ မညီကို ကောင်စီသို့ တိုင်ကြားနိုင်ပြီး ကောင်စီရဲ့ ရှေ့မှောက်မှာ နစ်နာသူနှင့် မီဒီယာသမားတို့ မျက်နှာစုံညီ ဖြေရှင်းခွင့် ရှိပါတယ်။ နောက်ဆုံး သဘောမတူညီပါက သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုခွင့် ရှိပါတယ်လို့ ဆိုပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာအရေး ကိစ္စများကို အဓိက တာဝန်ယူထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်ကိုလည်း မတွေ့ရပါဘူး။ ဒါ့အပြင်  ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် မီဒီယာကောင်စီရဲ့ကြားမှာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများ မလုပ်နိုင်တာကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် 7 Day Daily ကိုဖြေကြားတဲ့ အင်တာဗျူးမှာ လေ့လာနိုင်ပါတယ်  (ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တွေ့ဆုံခြင်း၊ 7 Day Daily ၊ ၁၄ ဇွန် ၂၀၁၇)။ ဗဟိုအစိုးရက သူဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းများကို ဟန်ချက်ညီညီ မျှတစွာ မသုံးနိုင်သေးတဲ့အတွက် လည်းကောင်း၊ ဗဟိုက မူဝါဒကို တိုင်းဒေသကြီး အစိုးရများ အချိတ်အဆက် မကောင်းတာကြောင့် လည်းကောင်း၊ မူဝါဒ ပြန်လည်သုံးသပ်တဲ့ အလေ့အကျင့် နည်းပါးတာကြောင့် မူလရည်မှန်းချက်ဖြစ်တဲ့ မီဒီယာများရဲ့ လွတ်လပ်စွာ ရပ်တည်ခွင့်နဲ့ သတင်းရယူခွင့်ကို အားပေးသော မူဝါဒများကို အကောင်ထည်ဖော်နိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။

၆၆ (ဃ) ဟာ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မီဒီယာနဲ့ တိုက်ရိုက် မပတ်သက်ပါဘူး။ ဒါပေမဲ့ ဒီပုဒ်မကို အသုံးပြုပြီး အစိုးရရဲ့ သတင်းအချက်အလက် စီးဆင်းမှုကို ကိုင်တွယ်ဖြေရှင်းပုံဟာ လူထုကြားမှာ ဝေဖန်မှု မြင့်တက်ခဲ့ပါတယ်။ အစိုးရ အရာရှိကြီးများအတွက်ရော၊ ပြန်ကြားရေး ဝန်ကြီးဌာနအတွက်ပါ လက်တွေ့ အကောင်အထည်ဖော်နေတဲ့ ဆောင်ရွက်ချက်တွေဟာ အသွင်ကူးပြောင်းရေး လမ်းကြောင်းမှာ ဆူးညှောင့်ခလုတ် ဖြစ်နေတယ်ဆိုတာ ပြန်လည် သုံးသပ်ဖို့ လိုအပ်နေပါတယ်။

ဗဟိုချုပ်ကိုင်မှုများတဲ့ ယန္တရားက ဆင်းသက်လာတဲ့အတွက် အစိုးရရဲ့ မူဝါဒများက အတိမ်းအစောင်း ရှိ မရှိ၊ ရှေ့နောက် ဆက်စပ်မှု ရှိ မရှိကို ပြန်လည် သုံးသပ်တဲ့ တရားဝင် လုပ်ထုံးလုပ်နည်း မရှိခဲ့ပါဘူး (ဗဟိုအစိုးရ အရာရှိဟောင်းများနှင့် မေးမြန်းချက်၊ မတ် ၂၀၁၇)။ NLD အစိုးရ သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း မှာ ၆၆(ဃ)နဲ့ စွဲဆိုထားသော အမှုပေါင်း ၆၁ မှု ကျော်အထိ ရှိနေပါတယ် (မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန၊ ၇ ဇွန် ၂၀၁၇)။ ဒီဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းရန် နှစ်ကြိမ် ကြိုးစားခဲ့သော်လည်း လွှတ်တော်အတွင်း ဆွေးနွေးရန် ပါတီစိစစ်ရေးမှ လက်မခံခဲ့ပါဘူး။ လူပြောများလာတဲ့ နောက်မှာတော့ ပြင်ဆင်ဖို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ လုံး၀ ဖျက်သိမ်းဖို့တော့ မဖြစ်နိုင်သေးပါဘူး။

အထက်မှာ ဆိုခဲ့တဲ့ Robert Dahl ရဲ့ ဒီမိုကရေစီ ဖြစ်တည်ဖို့ လိုအပ်ချက် ခုနစ်ချက်ထဲမှ နှစ်ချက်ဖြစ်တဲ့ နိုင်ငံသားတိုင်းက မိမိရဲ့ အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် ရှိခြင်းနှင့် သတင်းအချက်အလက် ရပိုင်ခွင့်ရှိခြင်းဆိုတဲ့ နှစ်ချက်မှာ အသွင်ကူးပြောင်းရေး အစိုးရရဲ့ ပြုပြင်ပြောင်းရေးကို ဘယ်လောက်အထိ ခရီးတွင်သလဲ ဆိုတာကို သူ့ရဲ့ မီဒီယာကဏ္ဍဖြေလျှော့မှု ဆောင်ရွက်ချက်များကို ကြည့်နိုင်ပါတယ်။ တစ်ဖက်မှာလဲ မီဒီယာဖြေလျှော့မှုဟာ တပ်မတော်နဲ့ မဖြစ်မနေ ပူးပေါင်းညှိနှိုင်းပြီး လုပ်ဆောင်စရာမလိုတဲ့၊ အစိုးရက ဦးဆောင်ပြောင်းလဲမှု လုပ်နိုင်တဲ့ ကဏ္ဍတစ်ခုလို့ နားလည်နိုင်ပါတယ်။ မီဒီယာကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေး ခရီးမရောက်တာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အစိုးရဌာနတွေ အကောင်အထည်ဖော်ရာမှာ မဟာဗျူဟာ မထင်ရှားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အချို့အစိတ်အပိုင်းများမှာ မူလ ရည်ရွယ်သော မူဝါဒနဲ့ လက်တွေ့ အကောင်အထည်ဖော်မှုမှာ ရှေ့နောက် ဆက်စပ်မှုမရှိ ဖြစ်ခဲ့ပါတယ်။ ဒ့ါအပြင် ပြန်လည်သုံးသပ်ခြင်း အားနည်းတာရယ်၊ ပြန်လည် ထိန်းညှိပေးမယ့် အစိုးရရဲ့ ယန္တရားများ ကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိတာရယ်ကြောင့် မူလချမှတ်ထားတဲ့ အသွင်ကူးပြောင်းရေး ရည်ရွယ်ချက်နဲ့ ကင်းကွာသွားပြီး မီဒီယာကဏ္ဍမှာ သိသာသော ဖြေလျှော့မှု မပြုနိုင်ခြင်း (ဝါ) ဗဟိုချုပ်ကိုင်မှု များနေဆဲဖြစ်သော နိုင်ငံရေးဖြစ်စဉ်အဖြစ် ဆက်လက် ရှိနေပါတယ်။

■ လေ့လာချက် – ၂

■  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ မူဝါဒနှင့် လက်တွေ့ ဆောင်ရွက်ချက်များ

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးသော အကြောင်းတရားများစွာတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ရှိခြင်းနဲ့ သက်ဆိုင်တယ်လို့ ဆိုကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုတာ (၁) စွမ်းဆောင်ရည် ထက်မြက်သော အစိုးရရှိခြင်း၊ (၂) လာဘ်ပေး လာဘ်ယူမှုကို ထိန်းချုပ်နိုင်ခြင်း၊ (၃) နိုင်ငံရေး တည်ငြိမ်မှုနှင့် အကြမ်းဖက်မှု မရှိခြင်း၊ (၄) စည်းမျဉ်းဥပဒေများ အရည်အသွေး ကောင်းမွန်ခြင်း၊ (၅) တရားဥပဒေ စိုးမိုးမှုရှိခြင်းနှင့် (၆) တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း စသော အချက်များကို အခြေခံတယ်လို့ နားလည်နိုင်ပါတယ်။ အထက်ပါ အချက်များနှင့် ပြည့်စုံသော နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာနိုင်ခြေပိုများသလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ပိုများတယ်လို့ ဆိုကြပါတယ် (Hossain & Rahman, 2017, World Bank, 2002; Globerman & Shapiro, 2002; Globerman, Shapiro & Tang, 2004)။ တစ်နည်းအားဖြင့် နိုင်ငံတစ်ခုရဲ့ စီးပွားရေးတိုးတက်မှု ကဏ္ဍကို ဖော်ပြရာမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဘယ်လောက် အကောင်အထည် ဖော်နိုင်သလဲဆိုတာ ဆက်စပ်ပြီး ပညာရှင်တွေက ဒေသတွင်း နှိုင်းယှဉ်ချက်များ ပြုလုပ်ပြီး အဆိုပြုချက်တွေ ပြုလုပ်လာကြပါတယ်။

■ နောက်ခံ ဆက်စပ် အခြေအနေ

ကမ္ဘာ့ဘဏ်ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် ခြောက်ချက်ထဲမှ အချိန်တိုအတွင်း ပြောင်းလဲယူနိုင်တဲ့ အချက်တွေ ရှိသလို ရေရှည် ပြုပြင်ယူရမယ့် အချက်များလည်း ပါရှိပါတယ်။ မြန်မာနိုင်ငံဟာ ဗဟိုချုပ်ကိုင်မှု စနစ်အောက်မှာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရတဲ့အတွက် နိုင်ငံရေး ပဋိပက္ခတွေ ကြီးမားခဲ့ပါတယ်။ ဓနဥစ္စာ ခွဲဝေမှု တစ်ဖက်စောင်းနင်း ဖြစ်ခဲ့လို့ ဆင်းရဲ-ချမ်းသာ ကွာခြားမှုဟာ မြင့်မားနေဆဲ ဖြစ်ပါတယ်။ ဗျူရိုကရေစီရဲ့ ထိပ်ပိုင်း ရာထူးနေရာများကို တပ်မတော်မှ ပြောင်းရွှေ့လာသူများကသာ နေရာယူထားခဲ့ကြပါတယ်။

ဆိုရှယ်လစ်စနစ် ကတည်းက ရှိနေခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကြိုးနီစနစ်တွေ၊ အကျင့်ပျက်ခြစားမှုတွေဟာ အစိုးရယန္တရားတွင်းမှာ ခေါက်ရိုးကျိုးနေခဲ့တာကြောင့် ဗျူရိုကရေစီ အရည်အသွေးက တော်တော်လေး ခေတ်နောက်ကျ ခဲ့ရပါတယ် (Mutebi 2005) ။ ကမ္ဘာ့ဘဏ်ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် 2011 World Governance Indicator စာတမ်းအရ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး မစတင်မီ ၂၀၀၈ ခုနှစ်မှာ နိုင်ငံ ၁၇၉ နိုင်ငံအနက် မြန်မာနိုင်ငံက ၁၇၄ သာ ရရှိခဲ့ပါတယ် (World Governance Index, 2011)။ ဆက်စပ်မှုအားဖြင့် ကြည့်လျှင် ၂၀၀၈ ခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၅ ဒသမ ၃၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး အားနည်းခဲ့တာကို တွေ့ရပါတယ်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်း အသွင်ကူးပြောင်းရေး ကာလကို တာဝန်ယူခဲ့တဲ့ ပြည်ခိုင်ဖြိုး အစိုးရက ကောင်းမွန်သော အုပ်ချုပ်ရေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ အယူအဆကို လက်ခံခဲ့ပုံ ပေါ်ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကစလို့ ငါးနှစ်တာ ကာလအတွင်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဆိုတဲ့ ဝေါဟာရကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီး အခြေခံပြောင်းလဲမှုတွေ လုပ်လာပါတယ်။

ယခင် ပြည်ခိုင်ဖြိုးအစိုးရရဲ့ အင်စတီကျူးရှင်းတွေ တည်ဆောက်ပုံ၊ ယန္တရားတွေ လည်ပတ်ပုံကို၊ စီးပွားရေး ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့ မူဝါဒတွေ လေ့လာမယ်ဆိုရင် တိုးချဲ့မှုကို ဦးစားပေးတဲ့ မူဝါဒ (expansionist policy) ကို ကျင့်သုံးတယ်လို့ ပြောနိုင်ပါတယ်။ သမ္မတရုံး ဖွဲ့စည်းပုံမှအစ အခြားအုပ်ချုပ်ရေး ယန္တရားတွေကိုလည်း ချဲ့ထွင်ပြီး ဘဏ္ဍာငွေတွေ ပိုမိုသုံးစွဲခဲ့ပါတယ်။ မူလက ၂၀၁၁ ခုနှစ် မတ်လမှာ ဝန်ကြီးဌာန ၃၀ ဌာန ရှိခဲ့ရာကနေ ၃၆ ဌာနအထိ ချဲ့ထွင်ခဲ့ပါတယ်။ အချို့ဝန်ကြီးဌာနများမှာ ဒုတိယဝန်ကြီး နှစ်ဦးစီ ခန့်ထားခဲ့ရာ ဝန်ကြီး ၃၆ ပါး၊ ဒုတိယဝန်ကြီး ၅၆ ပါးနှင့် စုစုပေါင်း အရေအတွက်မှာ ၉၂ ယောက်အထိ ရှိခဲ့ပြီး ဆယ်စုနှစ် တစ်ခုအတွင်း အကြီးမားဆုံး အစိုးရဖွဲ့စည်းပုံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မတိုင်မီ ခြောက်လအလိုမှာ ဝန်ကြီးဌာနများမှာ အမြဲတမ်း အတွင်းဝန်ရာထူးများကို ဖန်တီးခဲ့ပြီး အရာထမ်း ၄၄ ယောက်ကို ခန့်အပ်ခဲ့ပါတယ်။  အစိုးရရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ ၂၀၀၈-၂၀၀၉  ခုနှစ်မှာ GDP ရဲ့ ၇ ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ၂၂ ဒသမ ၆၇ ရာခိုင်နှုန်း အထိ သုံးစွဲခဲ့ပါတယ်။ အစိုးရနှင့် ပုဂ္ဂလိက စီမံကိန်းကြီးများကတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုတွေ ရှိခဲ့ပါတယ်။ သို့သော် ရွေးကောက်ပွဲအတွက် လပိုင်းအလိုမှာ စတင်ခဲ့တဲ့ အစိုးရ စီမံကိန်းကြီးများကြောင့် မဲဆွယ်သည့် သဘောဖြင့် ပြည်သူ့ဘဏ္ဍာကို သုံးစွဲတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဈေးကွက်ထဲမှာ ကျပ်ငွေစီးဆင်းမှု များတဲ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှုကို (အထူးသဖြင့် ၂၀၁၅ ခုနှစ်နှောင်းပိုင်း ကာလများမှာ) အတန်အသင့် ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံတကာက  စီးပွားရေး ဒဏ်ခတ်မှုတွေလည်း ဖျက်သိမ်းပေးခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၀၉-၂၀၁၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၃၂၉ ဒသမ ၆ သန်း ရှိခဲ့ရာက ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ၉ ဒသမ ၅ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ကောင်းမွန်သော အစိုးရရဲ့စံနှုန်း တက်လာသလို ၂၀၁၅-၂၀၁၆ ခုနှစ်မှာ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ကိန်းဂဏန်း တိုးတက်လာတာနဲ့အမျှ စီးပွားရေး တိုးတက်မှုလည်း ထိုက်သင့်သလောက် ရရှိခဲ့ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ပေးမယ့် ဗျူရိုကရေစီ အရည်အသွေး ချိနဲ့ခြင်း၊ အခြေခံအဆောက်အဦ မပြည့်စုံခြင်း၊ အစိုးရ ယန္တရားအတွင်း ရှိနေဆဲ အကျင့်ပျက် ခြစားမှုတွေ၊ ကြိုးနီစနစ်တွေကတော့ ၂၀၁၆ ခုနှစ် မတ်လမှာ တာဝန်ယူခဲ့တဲ့ NLD အစိုးရအတွက် သတိထား ကိုင်တွယ်ဖို့ရာ ဖြစ်လာပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ထောက်ခံမှုကို ရရှိထားတဲ့ NLD အစိုးရအတွက် ပြည်ပ အကူအညီများ ရရှိနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးတို့မှာ ယခင်ကထက်စာလျှင် ပိုမိုဖြစ်နိုင်ခြေ ရှိတယ်လို့ မျှော်မှန်းရပါတယ်။

■ မူလရည်မှန်းချက်

NLD ပါတီဟာ နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုကို လိုလားကြောင်းကို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစပြီး အတိုက်အခံ ပါတီအဖြစ် လွှတ်တော်မှာ ပါဝင်ခဲ့ကတည်းက စတင် ဖော်ပြခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာဖြစ်စေ၊ ပြည်တွင်းမှာ သံတမန်များနှင့် တွေ့ဆုံချိန်မှာဖြစ်စေ၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနိုင်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တာ တွေ့ရနိုင်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ထွက်ရှိလာတဲ့ NLD အစိုးရရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်မှာ  “ပြည်သူကို ဗဟိုပြု၍ အားလုံးပါနိုင်သော အစဉ်အဆက်မပျက် တိုးတက်မှု ရရှိစေရန် ရည်ရွယ်ပါသည်”လို့ ဖွံံ့ဖြိုးတိုးတက်မှုကို ဦးစွာ ဖော်ပြထားပါတယ်။

NLD အစိုးရအနေနဲ့ မူဝါဒချမှတ်ရာမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဆိုတဲ့ ဝေါဟာရကို  တိုက်ရိုက် ဖော်ပြခြင်း မရှိခဲ့ပါဘူး။ သို့သော် အစိုးရယန္တရားကို မောင်းနှင်ရာမှာ “အဂတိ ကင်းစင်ရေး”၊ “တရားဥပဒေ စိုးမိုးရေး”၊ “နိုင်ငံတော် အသုံးစရိတ် သက်သာနိုင်စေရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝ၍ ကျစ်လျစ်သော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်စေရန် ဝန်ကြီးဌာနများကို လျှော့ချရေး” စသည်တို့ ပါဝင်တဲ့ “ပြည်သူလူထုအား လွတ်လပ် လုံခြုံမှုရှိစေသော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာစေရေး”ဆိုတဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံတွေကို ကြည့်လျှင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ရဲ့ အကျိုးကျေးဇူးများမှတစ်ဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပုံ ပေါ်ပါတယ်။

■ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ မူဝါဒ အကောင်ထည် ဖော်ဆောင်ခြင်း

NLD အစိုးရရဲ့ တစ်နှစ်အတွင်း ဆောင်ရွက်ချက်များထဲမှ သိသာထင်ရှားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ ပေးနိုင်သော မူဝါဒနှစ်ရပ် ရှိပါတယ်။ (၁) စွမ်းရည် ပြည့်ဝ၍ ကျစ်လျစ်သော အစိုးရနှင့် (၂) သန့်ရှင်းသော အစိုးရမူဝါဒတို့ ဖြစ်ပါတယ်။  စွမ်းရည်ပြည့်ဝ၍ ကျစ်လျစ်သောအစိုးရ ဖော်ဆောင်မယ်ဆိုတဲ့ မူဝါဒဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် အစိုးရယန္တရားကို ချဲ့ထွင်ခဲ့ရာမှာ ပြည်ပချေးငွေ အများအပြားယူခဲ့ပြီး ပြည်သူ့ဘဏ္ဍာငွေများကို ဖြုန်းတီးတယ်ဆိုတဲ့ အယူအဆကနေ ဖြစ်ပေါ်လာပုံ ရပါတယ်။ ဒါကြောင့် NLD အစိုးရရဲ့ စီးပွားရေးကို မောင်းနှင်ဖို့ အုပ်ချုပ်ရေးမူဝါဒကို အကောင်အထည် ဖော်ဆောင်ပုံမှာ ယခင်အစိုးရနဲ့ မတူတဲ့ ခြိုးခြံရေးမူဝါဒကို ကျင့်သုံးဖို့ ဖြစ်လာတယ်လို့  ပြောနိုင်ပါတယ်။ NLD အစိုးရအဖြစ် စတင်တဲ့ ကာလကစလို့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ဝန်ကြီးဌာနတွေကို သိသိသာသာ လျှော့ချခဲ့ပါတယ်။ ဝန်ကြီး၊ ဒုတိယဝန်ကြီး ၉၂ ယောက်တို့နှင့် ဦးဆောင်ဖွဲ့စည်းထားတဲ့ ဗဟိုအစိုးရယန္တရားကို ဒုတိယဝန်ကြီးများ မခန့်အပ်ဘဲ ဝန်ကြီး ၁၈ ပါးနဲ့ စတင်မောင်းနှင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီအတွက် ဘဏ္ဍာရေးအရ ငွေကြေးချွေတာမှုများ များစွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ မြန်မာ့စီးပွားရေးအတွက် အရေးအကြီးဆုံးသော ဝန်ကြီးဌာနဖြစ်တဲ့ အမျိုးသားစီမံကိန်း ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများ ပေါင်းစည်းပြီး အသစ်ဖွဲ့စည်းလိုက်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဝန်ကြီးရုံးအပါအဝင် ဌာနပေါင်း ၂၁ ဌာနဖြင့် အကြီးမားဆုံးသော ဝန်ကြီးဌာန ဖြစ်လာခဲ့ပါတယ် (ဌာနဆိုင်ရာ အရာရှိ သုံးဦးနှင့် တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နုတ်ချက်၊ ဇန်နဝါရီ၊ ၂၀၁၇)။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် NLD အစိုးရရဲ့ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုများစွာထဲမှ နှစ်ခုကတော့ လုပ်ငန်းတွင်ကျယ်မှုနှင့် ဘဏ္ဏာရေးကဏ္ဍ တည်ငြိမ်မှုတို့ ဖြစ်ပါတယ်။

■ လုပ်ငန်းတွင်ကျယ်ရေး စိန်ခေါ်မှု

NLD အစိုးရမှာ ဒုတိယဝန်ကြီးများ မရှိတာကြောင့် ဝန်ကြီးများဟာ လုပ်ထုံးလုပ်နည်းအရ နိစ္စဓူဝကိစ္စများကို ဖြေရှင်းနေရတာနဲ့ မဟာဗျူဟာကျတဲ့ စီးပွားရေး မူဝါဒတွေအတွက် နှောင့်နှေးမှုတွေ ရှိတယ် ဆိုတာကို တွေ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ လုပ်ငန်းကျွမ်းကျင်မှု ရှိသော ယခင် တပ်မတော်မှ ပြောင်းရွှေ့လာသော ဌာနဆိုင်ရာ အရာရှိများရဲ့ အခန်းကဏ္ဍက ပိုမိုကြီးမား လာပါတယ်။ အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ စီမံကိန်းတွေဟာ ရွေးကောက်ပွဲ ကတိကဝတ်တွေကို အမြည်းအစမ်း သဘောနဲ့ ချပြရမယ့် မြန်မြန် အကောင်ထည်ဖော်နိုင်မဲ့ (Quick Win) ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။  ဒါပေမဲ့ ရက် ၁၀၀ စီမံချက်မှာ တင်ပြခဲ့တာတွေဟာ အာဏာရပါတီရဲ့ အစိုးရအဖြစ် တာဝန်ယူရာမှာ လုပ်ဆောင်မယ့် မူဝါဒကို ချပြတာထက်စာလျှင် ဗျူရိုကရေစီက တက်လာတဲ့ ဌာနများရဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ် သဘောများသာ ပိုမိုတွေ့ရပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံးဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ကို ရယူရပါတယ်။ အစိုးရ အပြောင်းအလဲလုပ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြန်လည် ဖွဲ့စည်းရာမှာ နှောင့်နှေးကြန့်ကြာမှု ရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ် ဇွန်လ နောက်ဆုံးအပတ်မှသာ လုပ်ငန်းစတင် ဆောင်ရွက်နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လျှောက်ထားမှုတွေကို စတင် စိစစ်ခဲ့ရပါတယ်။ ပြည်သူများ မျှော်လင့် စောင့်စားခဲ့ကြရတဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ဟာ အစိုးရ တာဝန်ယူပြီး လေးလကြာမှ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျယ်ပြန့်လွန်းပြီး အထူးဦးစားပေး ကဏ္ဍများ ဖော်ပြမထားတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ အဓိက တာဝန်ယူထားတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီး စီးပွားရေးမူဝါဒ ၁၂ ချက်ကို အကျယ်ချဲ့ပြီး ပြန်လည်ပြုစုကာ မူဝါဒ ၉၅ ချက်ကို ပြုစုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို အားပေးစေရန် ၂၀၁၆ ခုနှစ် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့သလို ကုမ္ပဏီ မှတ်ပုံတင်ဥပဒေကိုလည်း အသစ်ပြဌာန်းခဲ့ပါတယ်။ သို့သော်လည်း နည်းဥပဒေထွက်ရာမှာ ကြန့်ကြာမှုရှိတဲ့အတွက် အသက်ဝင်မှု နှောင့်နှေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အဂတိတရား ကင်းစင်ရေးနှင့် သန့်ရှင်းသောအစိုးရ မူဝါဒဟာ NLD အစိုးရနဲ့ ပါတီအတွက် အထူးအလေးပေး ဆောင်ရွက်နေတဲ့ မူဝါဒတစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ပြည်နယ်နဲ့ တိုင်းဒေသကြီး တစ်ခုချင်းစီအလိုက် လွှတ်တော် မစတင်မီမှာ ပါတီဥက္ကဋ္ဌက ပြည်နယ်နဲ့ တိုင်းများမှာ တာဝန်ယူမည့် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများကို ခေါ်ယူတွေ့ဆုံပြီး အဂတိတရား ကင်းစင်စေရေးကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ အစိုးရဖွဲ့ပြီးစအချိန်မှာပဲ အစိုးရဝန်ထမ်းများကို ကျပ် ၂၅,၀၀၀ (အမေရိကန် ဒေါ်လာ ၂၃ ဒေါ်လာ) အထက် တန်ဖိုးရှိသော ပစ္စည်းများကို လက်ခံခြင်း မပြုဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီ သန့်ရှင်းသော အစိုးရမူဝါဒဟာ NLD အစိုးရအတွက် တစ်နှစ်အတွင်း အထိုက်အလျောက် အောင်မြင်မှု ရှိခဲ့တယ် ဆိုနိုင်ပါတယ်။ အစိုးရနှင့် ဆက်သွယ်ပြီး လုပ်ငန်း လုပ်ဆောင်နေသူများက အစိုးရရဲ့ ထိပ်ပိုင်း အဆင့်မြင့် အရာရှိများနှင့် ဆက်ဆံရာမှာ လာဘ်ပေးလာဘ်ယူမှု အထိုက်အလျောက် ကျဆင်းသွားတယ်လို့ ယူဆကြပါတယ် (ဗဟိုနှင့် ပြည်နယ်နှင့် တိုင်းအစိုးရများရဲ့ တင်ဒါစနစ်မှာ ပါဝင်သော လုပ်ငန်းရှင် ငါးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း၊ မတ် ၂၀၁၇)။ Transparency International က ထုတ်ပြန်တဲ့ စာရင်းအရ ၂၀၁၅ ခုနှစ်မှာ ၁၆၈ နိုင်ငံမှာ အဆင့် ၁၄၇ သာ ရရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်မှာ အဆင့် ၁၃၆ သို့ တက်သွားခဲ့ပါတယ် (Transparency International, 2017)။ ပြည်ထောင်စုအစိုးရ အရာရှိကြီးများနှင့် ဆက်ဆံရာမှာ အဂတိလိုက်စားမှုဟာ သိသိသာသာ ကျဆင်းသွားတယ်လို့ ယူဆကြပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများတွင် အဂတိကင်းစင်သော အစိုးရမူနဲ့ ပတ်သက်ပြီး အောင်မြင်မှုကတော့ သောင်မတင် ရေမကျ ဖြစ်စရာများ ရှိပါတယ်။ မကွေးတိုင်း အစိုးရကဲ့သို့ ယခင်က ငွေကြေး အမြောက်အမြား အလွဲသုံးစားမှု (ကျပ် ၇ ဘီလီယံကျော်) လို့ ယူဆရတဲ့ကိစ္စကို ဖော်ထုတ်နိုင်တဲ့အတွက် NLD အစိုးရအတွက် အားတက်စရာ ဖြစ်ပါတယ်။ သို့သော်လည်း အစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမူဟာ တစ်သတ်မတ်ထဲ အကောင်အထည်ဖော်နိုင်တာတော့ မဟုတ်ပါဘူး။ ရန်ကုန်တိုင်းအစိုးရရဲ့ ကျပ် ၇၀ ဘီလီယံ သုံးစွဲကျခံတဲ့ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးစနစ် ယာဉ်လိုင်းများ စီမံကိန်း Yangon Bus Service (YBS)  အပါအဝင် အခြားစီမံကိန်းများ  အကောင်အထည်ဖော်ရာမှာ ထင်သာမြင်သာ မရှိဘူးဆိုတဲ့ ဝေဖန်ချက်များ ထွက်တာကြောင့် အစိုးရရဲ့ ပွင့်လင်းမြင်သာမှု ဆောင်ရွက်ချက်ကို ဒွိဟ ဖြစ်စေပါတယ်။

ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များကို တင်ဒါစနစ်အရ ရွေးချယ်ရာမှာ NLD အစိုးရက ခန့်အပ်ထားတဲ့ ဝန်ကြီးဌာနအချို့မှာ အကြီးအကဲများက ဆုံးဖြတ်ရန် မဝံ့မရဲဖြစ်ခြင်း၊ ချင့်ချိန်နေရခြင်းအတွက် လာဘ်ပေး လာဘ်ယူမှုများ လျော့နည်းသွားပေမယ့် လုပ်ငန်းတွင်ကျယ်မှုလည်း ကျဆင်းသွားကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ကြပါတယ်။ တချို့ကလည်း အချို့ဌာနများမှာ ထိပ်ပိုင်း အရာရှိကြီးများက အဂတိ ကင်းရှင်းသော်လည်း လုပ်ငန်း သဘောသဘာဝနှင့် ဂယ်ပေါက်များကို အကျွမ်းတဝင် မရှိသေးတာကြောင့် လည်းကောင်း၊ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ကြိုးနီ စနစ်ကြောင့် လည်းကောင်း၊ လက်အောက်မှ ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို မရရှိမည်စိုးသောကြောင့် လည်းကောင်း အစိုးရဌာနများ၏ အလွှာအသီးသီးမှာ ဖြစ်ပေါ်နေနိုင်တဲ့ လာဘ်ပေးလာဘ်ယူမှုများကတော့ ရှိနေဆဲလို့ ယူဆကြပါတယ်။

■ ဘဏ္ဏာရေး တည်ငြိမ်မှုအတွက် စိန်ခေါ်မှု

ကုန်သွယ်ရေး လိုငွေပြမှု ကြီးမားခြင်း၊ ပြည်ပငွေကြေး ဈေးကွက် မတည်ငြိမ်ခြင်း တို့ကြောင့် ၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ မြန်မာကျပ်ငွေ တန်ဖိုးဟာ အနိမ့်ဆုံးအထိ ကျဆင်းခဲ့ပါတယ်။  အစိုးရက ငွေကြေး ဖောင်းပွမှုကို ဝင်ရောက်ဖြေရှင်းပေးရန် မရှိဆိုပြီး လွှတ်တော်မှာ ဖြေဆိုပြီးနောက်ပိုင်း ဈေးကစားမှုတွေ ရှိလာတာကို လေ့လာခဲ့ရပါတယ်။ အနိမ့်ဆုံး အမေရိကန် တစ်ဒေါ်လာ ၁,၄၅၀ ကျပ်အထိ ကျဆင်းသွားခဲ့ပါတယ်။ အချို့ရက်များမှာ ပုဂ္ဂလိက ဈေးကွက်ထဲ ဒေါ်လာအရောင်း မရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သွင်းကုန် စီးပွားရေးလုပ်ငန်းရှင် အများစုမှာ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်သကဲ့သို့ ထုတ်ကုန်အတွက် အခြေခံပစ္စည်းကို နိုင်ငံခြားမှ မှာယူသူများမှာလည်း အရင်းငွေမြင့်တက်မှုကြောင့် အခက်အခဲများ ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ်လာဈေး မြင့်တက်မှုကို ဝင်ရောက် ထိန်းညှိပေးတာ နှောင့်နှေးတဲ့အတွက် ဗဟိုဘဏ်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ငွေကြေးငွေလွှဲငွေ ပြည်ပမှာထားရှိတဲ့ ဘဏ်စာရင်းကို တင်ပြရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ စီမံခန့်ခွဲမှု စနစ်အရ နိုင်ငံခြားဘဏ်စာရင်းကို မည်သို့မည်ပုံ ကြပ်မတ်နိုင်မယ် ဆိုတာကိုတော့ မတွေ့ရသေးပါဘူး။ ဘဏ်များမှာ ငွေကြေးပိုမိုအပ်နှံမယ့် မက်လုံးပေးရမယ့်အစား အစိုးရမှ ဘဏ်တိုးငွေကို ကောက်ခံရန် ရှိတယ်ဆိုတဲ့ အငြင်းပွားဖွယ်သတင်း ထွက်ရှိလာတာကြောင့် ဘဏ်တွေမှာ ငွေကြေးအပ်နှံဖို့ တွန်းအားမရှိ ဖြစ်ခဲ့ရပါတယ်။ တရားမဝင် ငွေကြေးဈေးကွက်ကို  ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းမှာ ဈေးကွက်တည်ငြိမ်မှု ရှိခဲ့သော်လည်း ၁,၃၀၀ ကျပ်ထက် လျော့ကျခြင်း မရှိခဲ့ပါဘူး။

ရန်ကုန်မြို့ဟာ စီးပွားရေးမြို့တော် ဖြစ်တဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေထဲမှာ အရေးကြီးဆုံးသော အစိုးရလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ မူဝါဒတွေဟာ ရန်ကုန်တိုင်းသာမက မြန်မာနိုင်ငံရဲ့စီးပွားရေးကို အကျိုးသက်ရောက်မှု များစွာ ရှိစေနိုင်ပါတယ်။ NLD အစိုးရ တာဝန်ယူပြီးစ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က  အထပ်မြင့် အဆောက်အဦ ၁၈၅ လုံးဟာ မြို့အင်္ဂါရပ်နဲ့ ညီ မညီ ပြန်စိစစ်ဖို့ဆိုပြီး လုပ်ငန်းရပ်နား ခိုင်းထားခဲ့ပါတယ်။ ဒီအတွက် ဆောက်လုပ်ရေး လုပ်သား သောင်းချီ အလုပ်လက်မဲ့ဖြစ်ခဲ့သလို အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် နစ်နာ ဆုံးရှုံးသွားတယ်လို့ ရန်ကုန်မြို့မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ် (လွတ်လပ်တဲ့ အာရှအသံ၊ ၂၀၁၆)။ အစိုးရ၏ မူဝါဒ တည်ငြိမ်မှု မရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စတင်လည်ပတ်ဖို့ နှောင့်နှေးခြင်း၊ ငွေကြေးလဲလှယ်မှု ဈေးကွက် တည်ငြိမ်မှု မရှိခြင်းတို့ကြောင့် အစိုးရသစ်ရဲ့ ပထမခြောက်လ ကာလများမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ၅၀ ရာခိုင်နှုန်း (Myanmar Business Today, 2016) လျော့ကျ သွားခဲ့ပါတယ်။

ဘဏ္ဍာငွေ တိုးမြှင့်ဖို့အတွက် အခွန်တိုးမြှင့် ကောက်ခံမှုများ ပြုလုပ်ပါတယ်။ မိုဘိုင်းဖုန်း သုံးစွဲတဲ့အခါ ကျသင့်ငွေများအတွက် ကုန်သွယ်ခွန်မှအစ အခြားအခွန်အကောက် အမျိုးမျိုး ပါဝင်ပါတယ်။  အခွန်များမှ ရရှိတဲ့ ဘဏ္ဍာငွေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့်ပေးဖို့ ရည်ရွယ်ပါတယ်။ လက်တွေ့ အခြေခံလူသုံးကုန်များမှာ ဈေးကြီးမြင့်လာမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ သီးနှံစပါးဈေး ဆက်တိုက် ကျဆင်းမှု၊ ကျန်းမာရေး စောင့်ရှောက်မှုစရိတ် ကြီးမြင့်လာမှု စတဲ့ နေ့စဉ်ဘ၀ အကျပ်တည်းတွေ ပြဿနာတွေက ရှိနေမြဲဖြစ်ပါတယ်။ ပြည်သူ့ နေ့စဉ်ပြဿနာများကို ဖြေရှင်းပေးရန် အကောင်အထည်ဖော်ခဲ့တဲ့ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး စနစ်အတွက် YBS ယာဉ်လိုင်းများ ပြောင်းလဲလိုက်တဲ့အခါ ယာဉ်စီးခ ပိုမိုပေးဆောင်ရတာ၊ လိုရာခရီး မရောက်တာ စတဲ့ အဆင်မပြေမှုတွေ ဆက်လက် ကြုံတွေ့နေရပြီး နေ့စဉ်ဘ၀ အခက်အခဲတွေအတွက် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။

NLD အစိုးရဟာ အခွန်အကောက်နဲ့ နိုင်ငံတော်ဝင်ငွေကို တိုးမြှင့်ခြင်း၊ အစိုးရဝန်ကြီးဌာနများ ဖွဲ့စည်းရာမှာ ဘဏ္ဍာငွေကို ထိရောက်စွာ သုံးစွဲနိုင်ရန် အစိုးရအဖွဲ့ကို ကျစ်လျစ်စွာ ဖွဲ့စည်းခဲ့သော်လည်း တကယ်တမ်း ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချနိုင်ခြင်း မရှိပါဘူး။ ပထမဆုံး ရေးဆွဲတဲ့ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် နိုင်ငံ၏ ခန့်မှန်းခြေ ရသုံးငွေစာရင်းမှာ ဘတ်ဂျက်လိုငွေပြမှုဟာ ယခင် ပြည်ခိုင်ဖြိုး အစိုးရထက် ကျပ် ၇၀၁ ဘီလီယံ ပိုများပါတယ် (2016-2017 Citizen’s Budget/ 2017-2018 Citizen’s Buget)။ (ပုံ-၃ ကို ကြည့်ပါ) အစိုးရရဲ့ ခန့်မှန်းခြေ အသုံးစရိတ်က ယခင်ပြည်ခိုင်ဖြိုးအစိုးရက ဆွဲခဲ့တဲ့ ၂၀၁၆-၂၀၁၇ နှစ် ခန့်မှန်းခြေ အသုံးစရိတ်ထက် ပိုမိုများပြားပြီး အစိုးရရဲ့ ခန့်မှန်းခြေ ဝင်ငွေမှာ သိသိသာသာ လျော့နည်းသွားပါတယ်။ NLD အစိုးရ လက်ထက်မှာ အခွန်တိုးမြှင့် ကောက်ခံမှုများရှိပေမဲ့ ပို့ကုန် ကျဆင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းတို့ကြောင့် အစိုးရဝင်ငွေမှာ တိုးလာခဲ့ခြင်း မရှိပါဘူး။ တစ်နှစ်တာအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၁၅-၂၀၁၆ ခုနှစ်ကာလများမှာ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၆-၂၀၁၇ ကာလများမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါတယ် (The World Bank, 27 January 2017)။

■ သုံးသပ်ချက်

NLD အစိုးရရဲ့ ထူးခြားတဲ့ မူဝါဒနှစ်ခုဖြစ်တဲ့ စွမ်းရည်ပြည့်ဝ၍ ကျစ်လျစ်သော အစိုးရနှင့် သန့်ရှင်းသော အစိုးရ မူဝါဒများဟာ ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်ပြီး လိုလားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပေးဆောင်နိုင်တဲ့ အခြေခံအုတ်မြစ်များ ဖြစ်ပါတယ်။ သို့သော် အောင်မြင်သင့်သလောက် အောင်မြင်မှု မရခဲ့တာဟာ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာအတွက် ဦးစားပေးကဏ္ဍ မရှင်းလင်းခြင်း၊ ပုံမှန်လည်ပတ်တဲ့ ဘဏ္ဍာရေးမူဝါဒကို ထင်ထင်ရှားရှား မတွေ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဌာနတွင်းမူဝါဒ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်မှု နည်းပါးခြင်း၊ ဗဟိုအစိုးရ ဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများအချင်းချင်း မူဝါဒ အကောင်အထည်ဖော်ရာမှာ အချိတ်အဆက် အားနည်းခြင်းတို့ကြောင့် ဖြစ်စေပြီး မူလရည်မှန်းချက်ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းသလောက် မရရှိခဲ့တာလို့ သုံးသပ်ရပါတယ်။

ပြုပြင်ပြောင်းလဲရေးအတွက် ဦးစားပေးကဏ္ဍ ထားဖို့လိုပါတယ်။ အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ကျစ်လျစ်သော အစိုးရဖွဲ့စည်းရေး မူဝါဒတွေမှာ ဘယ်ကဏ္ဍကို ဦးစားပေး ပြုပြင်ပြောင်းလဲမှု လုပ်မလဲဆိုတာ ရွေးချယ်စရာ ဖြစ်လာပါတယ်။ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ အစိုးရဖြစ်ဖို့ ဦးစားပေးလျှင် အစိုးရသစ်ရဲ့ ဦးစီးဦးဆောင်ပြုသူများ၊ လုပ်ငန်းကျွမ်းကျင်မှုက အရေးကြီးပါတယ်။ ဒါမှသာ ဗျူရိုကရေစီကို အားမကိုးရဘဲ အဂတိလိုက်စားမှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို လျှော့ချနိုင်ပါလိမ့်မယ်။ ဒီ့အတွက် အစိုးရ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းတွေနှင့် အသားတကျဖြစ်ဖို့ အချိန်တစ်ခု လိုပါတယ်။ တစ်ဖက်မှာလဲ ကျစ်လျစ်တဲ့အစိုးရ ဖွဲ့စည်းတဲ့အတွက်ကြောင့် အစိုးရသစ်မှာ ဦးစီးဦးဆောင် ပြုသူများရဲ့ အလုပ်တာဝန်ဟာ ယခင်အစိုးရလက်ထက်ကထက် ပိုများပြားလာပါတယ်။ ထိုအခါ လုပ်ငန်းသဘော အကျွမ်းတဝင် မဖြစ်မီကပင် ဗျူရိုကရေစီကို ပုံအပ်ထားရတဲ့ ကိစ္စများစွာ ရှိနိုင်ပါတယ်။ ဒါကြောင့် မူဝါဒနှစ်ခုစလုံးကို တစ်ပြိုင်နက် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်သော်လည်း ထိရောက်သော ရလဒ်ကို ပေးနိုင်ဖို့  အခက်အခဲ ရှိပါတယ်။ အစိုးရ တာဝန်ယူယူချင်း အဂတိလိုက်စားမှုကို တိုက်ဖျက်ရေးအတွက် မူဝါဒချသလို ကျစ်လျစ်သောအစိုးရ ဖွဲ့စည်းရေးအတွက် ဌာနများကို  ပေါင်းစည်းလိုက်ခြင်းဟာ ကောင်းသော ပြုပြင်ပြောင်းလဲမှု ဖြစ်သော်လည်း မူဝါဒဦးစားပေးကဏ္ဍ မရှင်းလင်းတာကြောင့် ဌာနအချင်းချင်း အကောင်အထည်ဖော်တဲ့ မူဝါဒတွေဟာ အပြန်အလှန် ဆက်စပ်မှု နည်းပါးတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ အောင်မြင်မှုကို မူဝါဒနှစ်ခုလုံးမှာ မတွေ့ရပါဘူး။ အဂတိလိုက်စားမှုကို ထိပ်ပိုင်း ခေါင်းဆောင်များက စတင်ပြီး လျှော့ချတာ အောင်မြင်မှု အတော်အသင့် ရှိပါတယ်။ သို့ပေမဲ့ အစိုးရရဲ့ အလွှာအသီးသီးမှာ ရှိနေသေးတဲ့  လာဘ်ပေးလာဘ်ယူမှုတွေကို သိသိသာသာ လျှော့ချဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင် အသစ်များဟာ လုပ်ထုံးလုပ်နည်း အကျွမ်းတဝင်ဖြစ်မှုများ မရှိသေးတဲ့အတွက် ကြိုးနီစနစ်တွေရှိတဲ့ တည်ဆဲ လုပ်ထုံးလုပ်နည်းတွေရဲ့ ဂယ်ပေါက်ကို အမြဲသတိထားပြီး ကိုင်တွယ်ရပါတယ်။ အလားတူ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သော ဌာနတွင်းရှိ ဝန်ထမ်းများကို အားထားနေရပါတယ်။ ဒါကြောင့် မူလရည်မှန်းခဲ့တဲ့ စွမ်းရည်ပြည့်ဝတဲ့၊ ကျစ်လျစ်တဲ့အစိုးရ ဖြစ်မလာပဲ ဆုံးဖြတ်ချက်အတွက် ကြန့်ကြာမှု ရှိတာတွေ၊ အလုပ်ခရီး မတွင်တာတွေ ရှိသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရအလွှာ အသီးသီးအထိ မရောက်ရှိသေးပါဘူး။ ထိုမူဝါဒ အပြန်အလှန် ဆက်စပ်မှု နည်းတာကြောင့်  ပြုပြင်ပြောင်းလဲမှုများက ရှေ့မရောက် ဖြစ်ခဲ့ရတယ်လို့ သုံးသပ်ပါတယ်။

အဂတိလိုက်စားမှု လျှော့ချရေးအစီအစဉ်ကို တစ်ဖက်က အကောင်အထည်ဖော်သလို လုပ်ငန်းတွင်ကျယ်ရေး၊ ရလဒ်ထွက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေး မူဝါဒ ဆက်စပ်မှု ရှိရပါမယ်။ အစိုးရယန္တရားထဲမှာရှိတဲ့ တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေတွေကို ဖြေလျှော့ဖို့၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက် အကျင့်ပျက်ခြစားမှုကို အထောက်အပံ့ပေးတဲ့ ဂယ်ပေါက်တွေကို လျှော့ချဖို့လည်း လိုအပ်ပါတယ်။  တစ်ချိန်တည်းမှာပဲ အစိုးရဝန်ထမ်းများကို အရည်အသွေး အခြေခံတဲ့ ရာထူးအခွင့်အရေး ခံစားခွင့်၊ တီထွင်ဖန်တီးခွင့်၊ ဆုံးဖြတ်ချက်ချခွင့် စတဲ့ ကဏ္ဍများအတွက် ပြုပြင်ပြောင်းလဲမှုကိုလည်း အရှိန်အဟုန်ဖြင့် ပြုလုပ်နိုင်ပါတယ်။ ထို့အတူ ပုဂ္ဂလိက မီဒီယာများကပေးသည့် ဝေဖန်သုံးသပ်ချက်များကိုလည်း အစဉ်မပျက် လေ့လာသင့်ပါတယ်။

ထို့အပြင် ဗဟိုနဲ့ ပြည်နယ် တိုင်းဒေသကြီး အစိုးရများကြား ပြုပြင်ပြောင်းလဲရေး ဦးစားပေး အစီအစဉ်အတွက် မဟာဗျူဟာအမြင် မရှင်းလင်းတာ တွေ့ရပါတယ်။ ဒါကြောင့် မူဝါဒ ချိတ်ဆက်မှု သဟဇာတမရှိဘဲ အကျိုးဆက်အားဖြင့် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းများလည်း ဖြစ်နိုင်ပါတယ်။ စီးပွားရေး တိုးတက်ကောင်းမွန်ဖို့ ငွေအရင်း လိုအပ်ပါတယ်။ ဗဟိုအစိုးရက ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးလျက် ရှိပါတယ်။ ဗဟိုအစိုးရရဲ့ စီးပွားရေး ပြူပြင်ပြောင်းလဲရေး မူဝါဒကို ဌာနတစ်ခု၊ အစိတ်အပိုင်းတစ်ခုထဲ အကောင်အထည် ဖော်ဆောင်လို့ မရပါဘူး။ အစိုးရရဲ့ ကျန်ဌာနများကလည်း ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးကဏ္ဍအဖြစ် ထားရှိကာ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ မတူညီတဲ့ ဌာနတွေ၊ အလွှာတွေက ရည်မှန်းချက်တွေကို ပြန်လည် ညှိနှိုင်းပေးတဲ့စနစ်ဖြစ်တဲ့  whole-of-government approach (WGA)  အစိုးရတစ်ခုလုံး ခြုံငုံစဉ်းစားတဲ့ ချဉ်းကပ်ပုံမျိုး လိုအပ်နေပါတယ်။

အစိုးရရဲ့ ယန္တရား အသီးသီးမှာ လက်တွေ့ဖော်ဆောင်နေတဲ့ တချို့သော စည်းမျဉ်းမူဝါဒတွေဟာ သက်ဆိုင်ရာဌာနအတွက် သင့်လျော်မျှတသော်လည်း ဗဟိုအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့ ရည်မှန်းချက်ကနေ သွေဖယ် သွားတတ်ပါတယ်။ တစ်ဖက်မှာလည်း ယခင် အစိုးရများ လက်ထက်က ပြုလုပ်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေကို ပြန်လည်စစ်ဆေးတာ ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်တဲ့အတွက် ကြိုဆိုသင့်ပါတယ်။ သို့သော်လည်း အကူးအပြောင်းကာလမှာ ပြည်သူလူထုနဲ့ သူတို့ကို ဝန်ဆောင်မှုပေးသော ပုဂ္ဂလိက လုပ်ငန်းရှင်များအပေါ် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ကိုင်တွယ်ရန် အရေးကြီးပါတယ်။ သို့မှသာ အစိုးရရဲ့ စည်းမျဉ်းဥပဒေများက ပြည်သူလူထုနှင့် လုပ်ငန်းရှင်များအပေါ် အကာအကွယ်ပေးနိုင်တာကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် လုပ်ဆောင်ကြပါလိမ့်မယ်။ ဗဟိုအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးမူဝါဒဟာ ပိုမို ခရီးရောက်နိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ဆောက်လုပ်ရေး ညွှန်ကြားချက် အသစ်တွေကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ လက်ရှိ ရင်းနှီးမြှုပ်နှံသူတွေသာမက အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူတွေကပါ အစိုးရရဲ့ မူဝါဒများ ခိုင်မာမှုအပေါ် ယုံကြည်မှု လျော့နည်းစေပါတယ်။ ဒီချုပ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာမှာ ဦးစားပေးကဏ္ဍအတွက် ရှင်းလင်းမှုနည်းတဲ့အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများရဲ့ ဦးစားပေးမူဝါဒများ သဟဇာတ မဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရည်မှန်းထားတဲ့ စီးပွားရေးမူဝါဒနှင့် လက်တွေ့ အကောင်အထည်ဖော်ရာမှာ များစွာ ကွဲလွဲနေနိုင်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုက တွန်းသလောက် ရှေ့မရောက်တာ ဖြစ်နိုင်ပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒများနဲ့ ဘဏ္ဍာရေး မူဝါဒများဟာ ချိတ်ဆက်မှု မရှင်းလင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ရာမှာ ဝိဝါဒကွဲစရာများ  ဖြစ်စေပါတယ်။ NLD အစိုးရရဲ့ စီးပွားရေး မူဝါဒအသစ်မှာ ဘဏ္ဍာရေးအမြင်ဖြစ်တဲ့ ကျယ်ပြန့်ရေး မူလား၊ ခြိုးခြံရေး မူလား ဆိုတာကိုတော့ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါ။ ထိုမူဝါဒများ အရဆိုလျှင် အလုပ်အကိုင် ဖန်တီးပေးရေး၊  နိုင်ငံပိုင် လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီပေးခြင်း၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကျယ်ပြန့်ရေးမူ (Expan-sionist Approach) ကို ဆောင်ရွက်မယ်ဆိုတဲ့ သဘောများ ပါဝင်ပါတယ်။ ထိုချဉ်းကပ်နည်းအရ ကြည့်လျှင် အစိုးရရဲ့ အစီအစဉ်ဖြင့် ဈေးကွက်ထဲမှာ ကျပ်ငွေ လည်ပတ်မှုကို များစေပြီး၊ အလုပ်အကိုင် အခွင့်အလမ်းများမှတဆင့် ကုန်ထုတ်လုပ်မှုကို မောင်းနှင်ပြီး နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ချဲ့ထွင်မယ့်သဘော ဆောင်ပါတယ်။ တစ်ချိန်ထဲမှာပင် ထိုမူဝါဒများ ထဲမှာ နိုင်ငံတော် ဝင်ငွေတိုးတက်မှုကို ဦးတည်ပြီး အခွန်ငွေစနစ် ထူထောင် ကောက်ခံခြင်းစတဲ့  ခြိုးခြံရေးမူ၊ သို့မဟုတ် စီးပွားရေးကျုံ့ခြင်းမူ (Contractionary Approach) သဘောကောက်ယူနိုင်တဲ့  အချက်များလည်း ပါဝင်ပါတယ်။

ဗဟိုအစိုးရ ဌာနအချင်းချင်းသော် လည်းကောင်း၊ မက်ခရို စီးပွားရေးကဏ္ဍ အင်စတီကျူးရှင်းများနှင့်သော် လည်းကောင်း ဆက်စပ်တဲ့ မဟာဗျူဟာအမြင် ရှင်းလင်းမှု မရှိတာကြောင့် အစိုးရရဲ့ ခြိုးခြံရေးမူရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ အစိုးရဝင်ငွေ တိုးတက်ရေးတက်ရေး၊ ဈေးကွက်အတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းများတွင် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းရေး၊ ဒေါ်လာလဲလှယ်ဈေးနှုန်း တည်ငြိမ်ရေးတို့မှာ မျှော်လင့်သလောက် မအောင်မြင်သေးပါဘူး။ ထို့အတူ ကျယ်ပြန့်ရေးမူရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးနိုင်ရေး၊ စီးပွားရေး တိုးတက်မှုနှုန်း ပိုမိုမြင့်မားလာရေးတို့မှာလည်း အားစိုက်ထုတ်သလောက် ရှေ့မရောက်ခဲ့တာကို တွေ့ရပါတယ်။

ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ ရှင်းလင်းဖို့၊ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးစတဲ့ အခြား စီးပွားရေးရာ ကက်ဘိနက်ကော်မတီမှာ ပါရှိတဲ့ စီးပွားရေးအတွက် အရေးကြီးသော ဌာနအချင်းချင်း မည်သည့် ဘဏ္ဍာရေးမူကို ကျင့်သုံးမည်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မူဝါဒ အထောက်အပံ့ သဟဇာတဖြစ်အောင် မည်သည့် မက်ခရို ငွေကြေးမူဝါဒကို အကောင်အထည်ဖော်မည် စတဲ့ ဌာနများအတွင်း ရှင်းလင်းတဲ့ မဟာဗျူဟာ ရည်မှန်းချက် လိုပါတယ်။ လက်ရှိ အခြေအနေမှာ ဗဟိုအစိုးရအတွင်းရှိ ဌာနအချင်းချင်းသာမက ဗဟိုနှင့် ပြည်နယ်တိုင်း အစိုးရများတွင်လည်း ကျင့်သုံးတဲ့ မူဝါဒတွေဟာ အပြန်အလှန် ဆက်စပ်မှုအားနည်းပြီး စီးပွားရေးမှာ မျှော်မှန်းသလောက် မရောက်ခဲ့တာလို့ သုံးသပ်ရပါတယ်။

အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် မဟာဗျူဟာမှာ ဦးစားပေးကဏ္ဍများ ထင်ထင်ရှားရှားရှိမှ ငါးနှစ်တာ ကာလအတွင်း အကောင်အထည်ဖော်မယ့် မူဝါဒတွေအတွက် အစိုးရဌာန တစ်ခုချင်းစီကို တိကျတဲ့ ပန်းတိုင် ချမှတ်ပေးနိုင်ပြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းမှာ ဖြစ်ပါတယ်။ ဒါမှသာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ရဲ့ အင်္ဂါရပ်များဖြစ်တဲ့ စွမ်းရည်ပြည့်ဝ၍ ကျစ်လျစ်သော အစိုးရနှင့် သန့်ရှင်းသော အစိုးရ တည်ဆောက်ရေးတို့ဟာ အပြန်အလှန် ဆက်စပ်မှုရှိပြီး အစိုးရရဲ့ စီးပွားရေးပြောင်းလဲမှုအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်ပါလိမ့်မယ်။

လက်ရှိမှာ စီးပွားရေးရာဝန်ကြီးများ ပါဝင်သည့် ကက်ဘိနက် ကော်မတီနှင့် ဝန်ကြီးဌာနများ (အထူးသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး)၊ ပြည်နယ်တိုင်း အစိုးရများအကြား၊ မူဝါဒများကို အပြန်အလှန် ဆက်စပ်မှုကို ထိန်းညှိပေးတဲ့ မူဝါဒယန္တရား အားနည်းနေတဲ့အပြင် မူဝါဒတစ်ခုလုံးရဲ့ အတိမ်းအစောင်းကို ပြန်လည်သုံးသပ်တဲ့၊ စောင့်ကြည့်တဲ့ ယန္တရား မတွေ့မိသေးပါဘူး။ ဒါကြောင့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခရီးမပေါက်တာဟာ အခြေခံဥပဒေက ကန့်သတ်ထားတဲ့ ဘောင်ထဲမှာ လုပ်ရတာထက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ မရှင်းလင်းတာကြောင့်၊ မူဝါဒ အပြန်အလှန် ဆက်စပ်မှု အားနည်းတာကြောင့်လို့ ယူဆပါတယ်။ တစ်နည်းအားဖြင့် မဟာဗျူဟာ မရှင်းလင်းသော၊ အပြန်အလှန် ဆက်စပ်မှု အားနည်းသော မူဝါဒများကြောင့် စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးသော နိုင်ငံရေးဖြစ်စဉ် အကျိုးဆက်ကို ဖြစ်ပေါ်စေပါတယ်။

■ နိဂုံး

ဒီဆောင်းပါးမှာ အဓိကပြုလုပ်ခဲ့တဲ့ အဆိုပြုချက်ကတော့ နိုင်ငံရေးကြောင့် မူဝါဒဖြစ်တယ်ဆိုတဲ့ အယူအဆထက် မူဝါဒကြောင့် နိုင်ငံရေးဖြစ်တယ် ဆိုတဲ့ မူဝါဒသိပ္ပံဆိုင်ရာ အယူအဆပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ တာဝန်ယူထားတဲ့ NLD အစိုးရရဲ့ တစ်နှစ်ကျော်ကာလမှာ အကောင်အထည်ဖော်တဲ့ မူဝါဒများဟာ တိကျရှင်းလင်းတဲ့ မဟာဗျူဟာ မတွေ့ရပါဘူး။ ဒါကြောင့် အကောင်အထည် ဖော်ခဲ့သော မူဝါဒများဟာ ရှေ့နောက် ဆက်စပ်မှု၊ အပြန်အလှန်ဆက်စပ်မှု အားနည်းခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်ရဲ့ အရေးကြီးသော ကဏ္ဍကြီးနှစ်ခုဖြစ်တဲ့ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များမှာ ထင်သလောက် မပေါက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အခြေခံဥပဒေရဲ့ အကန့်အသတ်က အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို တော်တော်များများ အကန့်အသတ် လုပ်ထားပါတယ် ဆိုတာကို မငြင်းပယ်ပါဘူး။ အထူးသဖြင့် လုံခြုံရေး၊ ကာကွယ်ရေးတို့နှင့်ဆိုင်တဲ့ တပ်မတော်နဲ့အတူ လုပ်ဆောင်ရတဲ့ ကဏ္ဍတွေမှာ (ဥပမာ- ပြည်တွင်း ငြိမ်းချမ်းရေး၊ အနောက်တံခါး ပြဿနာ) ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားများ ရှိကောင်းရှိနိုင်ပါတယ်။  သို့သော် လုံခြုံရေးကဏ္ဍများနှင့် မသက်ဆိုင်တဲ့ ကဏ္ဍများမှာ ပြုပြင်ပြောင်းလဲမှု ရှေ့မရောက်တာဟာ မဟာဗျူဟာ မရှင်းလင်းတာကြောင့်၊ မူဝါဒရှေ့နောက် ဆက်စပ်မှု၊ အပြန်အလှန်ဆက်စပ်မှု အားနည်းလို့ဖြစ်တယ်လို့ အဆိုပြုပါတယ်။

ဒီဆောင်းပါး အစပိုင်းမှာ နိုင်ငံရေးနှင့် မူဝါဒဆက်စပ်မှု အယူအဆကို အကျယ်တဝင့် ရှင်းပြခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ချဉ်းကပ်ပုံများနှင့် မူဝါဒဆက်စပ်မှုကို ရှေ့နောက်ဆက်စပ်မှု၊ အပြန်အလှန် ဆက်စပ်မှု ချိန်ခွင်ဖြင့် တိုင်းတာနိုင်ပုံကို ဆက်လက် တင်ပြပါတယ်။ ထို့နောက် လက်ရှိ NLD အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကန့်အသတ်ဘောင်နှင့် လုပ်ပိုင်ခွင့်ကို ဆွေးနွေးပါတယ်။ ဒီ့နောက်မှာ အသွင်ကူးပြောင်းရေး အစိုးရရဲ့ အရေးကြီးသော စိန်ခေါ်မှုတွေဖြစ်တဲ့ (၁) ဒီမိုကရေစီ ကူးပြောင်းရေး ဖြစ်စဉ်နှင့် (၂) စီးပွားရေးကဏ္ဍမှာ အကောင်အထည်ဖော်ခဲ့တဲ့ မူဝါဒများဟာ ရှေ့နောက် ဆက်စပ်မှု၊ အပြန်အလှန် ဆက်စပ်မှုရှိ-မရှိကို သုံးသပ်ချက်များဖြင့် လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုတွေအရ  မူဝါဒ ဆက်စပ်မှု စက်ဝန်းမှာ အရေးကြီးသော အပိုင်းများဖြစ်တဲ့ ရွေးကောက်ပွဲမှာ ထားရှိသော နိုင်ငံရေး ကတိကဝတ်၊ မူဝါဒကြေညာချက်များကို အကောင်အထည်ဖော်နိုင်မှု မရှိသေးတာဟာ၊ မူဝါဒ ပေါင်းစပ်မှု ယန္တရားဟာ လုပ်ဆောင်ချက် ပီပီပြင်ပြင် မလုပ်နိုင်သေးတာကြောင့်လို့ ယူဆရပါတယ်။ ဗဟိုဌာနများ အချင်းချင်းဖြစ်စေ၊ ယင်းတို့နှင့် ပြည်နယ်တိုင်း အစိုးရများကြားမှာ ရှင်းလင်းတဲ့ မဟာဗျူဟာ မရှိသေးဘဲ ဌာနတစ်ခုနှင့်တစ်ခု အကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲမှုများဟာ ပေါင်းစပ်လိုက်လျှင် ပိုမိုကောင်းမွန်တဲ့ အင်အားကို ပေးရမည့်အစား ဟိုတစ်စု သည်တစ်စုဖြင့် ဦးနင်းပဲ့ထောင် လိုချင်တဲ့မျှော်မှန်းသော မူဝါဒပန်းတိုင်သို့ ရောက်သင့်သလောက် မရောက် ဖြစ်ခဲ့ရပါတယ်။ ထိုသို့ မူဝါဒပေါင်းစပ်မှုယန္တရား အားနည်းခြင်း၊ ရလဒ်အားဖြင့် အကောင်အထည်ဖော်နေတဲ့ မူဝါဒအချို့ဟာ ဆက်စပ်မှုနည်းပါးခြင်း စတဲ့ အချက်တွေကို စောင့်ကြည့်မယ့်၊ ပြန်လည် သုံးသပ်မယ့်စနစ် မရှိသေးပါဘူး။

ဒါကြောင့် မူဝါဒဆက်စပ်မှု စက်ဝန်း (ပုံ-၁) နောက်တကျော့ ပြန်လည်ပတ်တဲ့အခါ အလုပ်မဖြစ်သော ကတိကဝတ်များကို ပြန်လည် သုံးသပ်ခြင်း၊ ပြန်လည် ပြင်ဆင်ခြင်း ပြုလုပ်တာကို သိသိသာသာ မတွေ့ရသေးပါဘူး။  လွှတ်ေ တာ်ကိုယ်စားလှယ်များဟာ အစိုးရကို အကျပ်အတည်းဖြစ်စေတဲ့ မေးခွန်းမျိုး မမေးရဘူးလို့ ညွှန်ကြားချက် ရှိခဲ့ပါတယ်။  ဒီ့အပြင် ၂၀၁၇ ခုနှစ် ဇွန်လမှာ ပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီဝင်များအနေဖြင့် အစိုးရကို  လူမှုကွန်ရက်များမှာ ဝေဖန်လျှင် ပါတီစည်းကမ်းအရ အရေးယူမည်လို့ သတိပေးမှုများ ရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့်  လွှတ်တော်နှင့် အစိုးရ အပြန်အလှန် ထိန်းကျောင်းတဲ့စနစ်ကို ချိနဲ့စေပါတယ်။ တစ်ဖန် ပုဂ္ဂလိက မီဒီယာများဟာလည်း ဖမ်းဆီးအကျဉ်းချမှုများ မခံရစေရန် မိမိတင်မယ့် သတင်းကို မိမိကိုယ်တိုင် စိစစ်ဖြတ်တောက် နေရသေးတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရရဲ့ မူဝါဒ ဆက်စပ်မှု၊ မူဝါဒတွေရဲ့ ရလဒ်ကို စောင့်ကြည့်မယ့်၊ ပြန်လည်သုံးသပ်တဲ့ စနစ်ကို အားနည်းစေခဲ့ပါတယ်။

အချုပ်အားဖြင့် ဆိုရလျှင် ယခုဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှု အဟန့်အတားများဟာ တပ်မတော်က စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံရဲ့ဘောင်ကြောင့်၊ တစ်နည်းအားဖြင့် စစ်အာဏာရှင် ပြုလုပ်သွားခဲ့တဲ့ ရင်းမြစ်ခွဲဝေတဲ့ နိုင်ငံရေး ဖြစ်စဉ်ကြောင့် ဖြစ်တယ်ဆိုတာ လုံခြုံရေးနဲ့ဆိုင်တဲ့ ကဏ္ဍများတွင်သာ ဖြစ်နိုင်မှုပိုများတယ်။ အခြားကဏ္ဍများဖြစ်တဲ့ မီဒီယာ ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင်တော့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ မရှင်းလင်းတာကြောင့်၊ မူဝါဒရှေ့နောက် အပြန်အလှန် ဆက်စပ်မှု မရှိတာကြောင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များဟာ အားထုတ်သလောက် ရှေ့မရောက်ဖြစ်ခဲ့ရပါ။

သုတေသန စာတမ်းများမှာ ချွင်းချက်မရှိ ရာခိုင်နှုန်းပြည့် ပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ဘူးဆိုတာ နားလည် သဘောပေါက်ပါတယ်။ Lowi (1972) ရဲ့ မူဝါဒကြောင့် နိုင်ငံရေးကို ဖြစ်စေတယ်ဆိုတဲ့ အယူအဆမှာလည်း အကန့်အသတ် ရှိတာကို သတိချပ်ရပါမယ်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အစိုးရ၊ တပ်မတော်၊ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူလူထုကြား အပြန်အလှန် ဆက်ဆံရေးကြောင့် ပြောင်းလဲလာမယ့် နိုင်ငံရေး အခင်းအကျင်းအသစ်ကြောင့်လည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒများအပေါ် အကန့်အသတ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေး အခင်းအကျင်းသစ်ကြောင့် မူဝါဒများအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ သို့သော်လည်း လတ်တလော အခြေအနေအထိကတော့ အထက်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကြောင့် မူဝါဒကြောင့်သာ နိုင်ငံရေး သက်ရောက်မှုဖြစ်ခဲ့ပါတယ်။ အစိုးရရဲ့ တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များကို လေ့လာကြည့်လျှင် မဟာဗျူဟာ မရှင်းလင်းခြင်း၊ မူဝါဒဆက်စပ်မှု အားနည်းခြင်းကြောင့် ဗဟိုချုပ်ကိုင်မှုများသော နိုင်ငံရေးဖြစ်စဉ်၊ စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးသော နိုင်ငံရေးဖြစ်စဉ် အကျိုးရလဒ် ဖြစ်လာခဲ့ရတယ်လို့ သုံးသပ်ပါတယ်။

■ ကျမ်းကိုးစာရင်း

■ မြန်မာဘာသာ

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊၂၀၁၆-၂၀၁၇၊Citizen’s Buget 2016-2017

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊၂၀၁၇-၂၀၁ဂ၊ Citizen’s Buget 2017-2018

“ဆက်သွယ်ရေး ဥပဒေ”၊ ၂၀၁၃၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် URL http://www.burmalibrary.org/docs18/2013-10-08-Communication_Law_66-bu.pdf

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန၊ ၇ ဇွန် ၂၀၁၇၊ “ဆက်သွယ်ရေး ပုဒ်မဖြင့် တရားစွဲဆို အရေးယူခံရမှု”၊ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန၏ ဆိုရှယ်မီဒီယာ၊ Access URL:https://www.facebook.com/ISPMyanmarpage/photos/a.158725718491 1841. 1073741828.1584183878552505/1694827787488113/?type=3&theater

လွတ်လပ်တဲ့ အာရှအသံ၊ ၂၀၁၆၊ ရန်ကုန် ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒေါ်လာ ၅ ဘီလီယံ နစ်နာနေ၊ Access URL: http://www.rfa.org/burmese/news/high-building-construction-07212016120213.html

“သတင်းမီဒီယာများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေး”၊ ဖေဖော်ဝါရီ ၅ ရက်၊၂၀၁၆။ ပြည်ထောင်စု လွှတ်တော်ရုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၀၁၅၊ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း။

၂၀၁၆၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ။

7 Day Daily ၊ ၁၄ ဇွန် ၂၀၁၇၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တွေ့ဆုံခြင်း၊ Issue No. အတွဲ (၁၆)၊ အမှတ် (၁၄)

■ အင်္ဂလိပ်ဘာသာ

Chowdhury and Islam, I., (1993). The Newly Industrialisng Economies of East Asia (London: Roytlege, 1993), pp 42-46.

Di Francesco, M. (2001). Process not Outcomes in New Public Management? “Policy Coherence in Australia. The Drawing Board: An Australian Review of Public Affairs, 1(3), pp. 103116

Freedom House (2017). Freedom of the Press 2015. URL https://freedomhouse.org/report/freedom-press/2015/myanmar

Government Of Singapore (2017). Prime Minister Office. Access URL www.pmo.gov.sg/the-cabinet.

Globerman, S., Shapiro, D. (2002). Global foreign direct Investment flows: The role of governance Infrastructure. World Development, 30(11), 1899-1919.

Globerman, S., Shapiro, D., Tang, Y. (2004). Governance and foreign direct investment in emerging and transition European countries. Available from: http://www.cbe.wwu.edu/cib/1recentgloberman/ tang.pdf.

Hossain, M. S., & Rahman, M. Z. (2017). Does Governance Facilitate Foreign Direct Investment in Developing Countries?. International Journal of Economics and Financial Issues, 7(1).

International Business Publications (2015). Indonesia Company Laws and Regulations Handbook Volume 1 Strategic Informationa and Basic Regualtions. International Business Publications.

Lasswell, H. D. (1936). Politics: Who Gets What, When, How. New York, Whittlesey House.

Lenger, A. (2008). Big-bang versus Gradualism? Towards a Framework for Understanding Institutional Change in Central and Eastern Europe.

Lowi, T. J. (1972). Four systems of policy, politics, and choice. Public administration review, 32(4), 298-310.

Mutebi, A. M. (2005). “Muddling Through” Past Legacies. Myanmar: beyond politics to societal imperatives, 140.

Myanmar Business Today (2016, October 26). Foreign Investment Falls More Than 50 pc Compared to Last Year.

OECD (2009). Building Blocks for Policy Coherence for Development. OECD Publication. URL https://www.oecd.org/pcd/44704030.pdf.

Patrick Nee (2014) Key Facts on Thailand: Thailand, facts, Bangkok, Thai, government, business, The Internationalist, Boston: USA.

R.A. Dahl (1989). Democracy and Its Critics, Yale University Press, p. 221

Robert Dayley (2016). Southeast Asia in the New International Era.

Staehr, K. (2003). Reforms and economic growth in transition economies: Complementarity, sequencing and speed. The European Journal of Comparative Economics Vol. 2, n. 2, 2005, pp. 177-202

Sulistiyanto, P. (2002). Thailand, Indonesia and Burma in comparative perspective. Ashgate Pub Limited.

Transparency International (2017). Corruption Perception Index. URL https://www.transparency.org/country/MMR.

Wade, R., (1990). Governing the Market: Economic Theory and the role of Government in East Asian Industralization. Priceton: Princeton University Press.

Wilson, J. Q. (1973). Political Organizations. New York: Basic Books.

Wilson, J. Q. (1974). ‘The Politics of Regulation’ in J. W. McKie, ed., Social Responsibility and the Business Predicament. Washington, D. C: The Brookings Institution, pp. 136-168.

World Governance Index (2011). Why Should World Governance Be Evaluated, and for What Purpose, Forum for a new World Governance.

World Bank. (2002). Global Development Finance. Washington, DC: World Bank.

World Bank (2017). Myanmar Growth Projected to Recover Following a Slowing Economy in 2016. URL https://www.worldbank.org/en/news/press-release/2017 /01/30/myanmar-growth-projected-to-recover-following-a-slowing-economy-in-2016

Zoltan Barany (2016). Armed Forces and Democratization in Myanmar: Why the US Military Should Engage the Tatmadaw.

One year experience with the first civilian government of Myanmar in 50 years

By Dr. Su Mon Thazin Aung

More than a year has passed since the the National League for Democracy (NLD) – led government assumed auhority on March 30, 2016. But the expecations of successes from their reformist policies have yet to be seen. One common perspective is that this reflects politics – in the sense of who gains what, when and how – that determines policy. It is because of the military-favored 2008 Constitution, which possibly inhibits certain reform policy of the NLD-led government. In contrast, this article argues that it is “policy that determines politics” in governing Myanmar’s post March 2016 transition.. The article agrees that the 2008 Constitution is a major obstacle for deepening the democratic reform process, especially in areas where the Tatmadaw’s cooperation is required. These include the peace process and national security issues. However, it rejects the popular notion that the 2008 Constituion blocks the abilities of NLD-led government to support reforms. The lack of success stems from the incoherence in policymaking process – in terms of (1) declared policy intention versus actual implementation and (2) the problems of implementation coordination between the central Union government and other Union government and state/regional governments at the subnational level. In turn, it produces the politics of ineffective governance. The effects of a clear reform strategy and policy incoherence were assessed in two case studies involving (1) an economic slowdown and (2) a retreat in media liberalization process during the period of the NLD-led government. The article concludes that the concept of “whole-of-government approach”  (WGA) approach is needed in order to overcome the challenges of policy incoherence in Myanmar. This draws attention to the need for “whole-of-government approach” (WGA) approach, which is a framework of a shared definition of Top-Down goals, in order to align the interests of the various departments involved, in Myanmar policymaking process.

About the author

Dr. Su Mon Thazin Aung

Dr. Su Mon Thazin Aung is Director of Training and Capacity-Building at the
Institute for Strategy and Policy- Myanmar. She also works as a Consultant at the Asian Foundation in Myanmar on governance and policy-making project. Dr. Aung holds a PhD in Politics and Governance Studies from the University of Hong Kong. She also earned a M.Sc in International Political Economy from the Nanyang Technological University, Singapore, a MBA from the University of Newcastle, Australia, and a BA in Southeast Asia and Pacific Studies from the University of Yangon. Her current research interests encompass elite politics and policy studies during democratic transition, particularly in relation to ethnic conflicts, resources extraction, media reform and labour policies primarily in Myanmar and Southeast Asia. Dr. Aung has published several scholarly articles and book chapters in academic publications including Routledge, Journal of Contemporary Asia, ISEAS, and World Scientific. Her commentaries on Contemporary Myanmar’s Politics also appear on the Foreign Policy, and East Asia Forum. She is also a regular contributor of Myanmar Quarterly Journal.

Add comment