အသွင်ကူးပြောင်းမှုများ အောင်မြင်ခြင်း၊ နောက်ပြန်ခြင်း အကြောင်းချင်းရာများနှင့် မြန်မာနိုင်ငံအတွက် မူဝါဒရေးရာ အဆိုပြုချက်များ

ကျွန်တော်က ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူ။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်တော်မပြန်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မ၍ အပြောင်းအလဲများ ဖန်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်ပရောက်နေသူများ အိမ်ပြန်နိုင်ရေး ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံအတွင်း၌လည်း ပြုပြင်ပြောင်းလဲမှုအချို့ စတင်ဆောင်ရွက်နေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာနိုင်ခဲ့ပြီး၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန (MDRI-CESD) တွင် သုတေသနပြုတာဝန် ထမ်းဆောင်ခွင့် ရခဲ့သည်။ ထိုအချိန်က မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် ရင်ခုန်ခဲ့ရသည်။ စိတ်အားထက်သန် နေခဲ့ရသည်။

ပြည်ပရောက်ဘဝမှ အာဖဂန်နစ္စတန်သို့ ပြန်လာပြီး နောက်ပိုင်းတွင် သမ္မတဖြစ်လာခဲ့သူ အာရှရပ်ဂါနီ၏ စကားကို ပြန်အမှတ်ရမိသေးသည်။ “ဒီနေ့ ကမ္ဘာကြီးရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း က အရှိန်နဲ့ သွားနေတယ်။ အချိန်တွေကို ကျုံ့ပစ်လိုက်တယ်။ ဒါပေမဲ့ နေရာ (space) ကတော့ လူများစွာအတွက် မရရှိသေးပါဘူး။ ကျွန်တော် ၂၃ နှစ်ကြာပြီးမှ အာဖဂန်နစ္စတန်ကို ပြန်လာတယ်။ ကျွန်တော့််ကမ္ဘာရဲ့နေရာ (space) ကတော့ အများကြီး ကြီးထွားလာနေခဲ့ပြီ”ဟု ဆိုသည်။ (2006, TED). အလားတူပင် မြန်မာနိုင်ငံတွင်လည်း ကျွန်တော်တို့ ထွက်သွားချိန်ကထက် များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသည်။ လူတိုင်းအတွက် နေရာနယ်ပယ် (space) များ များစွာ ကျယ်ပြန့်လာနေသည်။ အခွင့်အလမ်းများလည်း ပွင့်လန်းနေပါသည်။ မြန်မာနိုင်ငံရှိ မိုဘိုင်းဝန်ဆောင်မှု တစ်ခုဖြစ်သည့် အိုရီဒူးမှ ကြော်ငြာသကဲ့သို့ မြန်မာပြည်တွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများ ဖြစ်ပေါ်နေခဲ့သည်။

သဘောထား ကွဲလွဲနေသူ၊ အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ်များ ရွေးကောက်ခံရ၍ ၂၀၁၂ ခုနှစ်တွင် လွှတ်တော်ထဲ ရောက်ရှိလာကြသည်။ ပြည်ပရောက် ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေး လှုပ်ရှားသူများ အိမ်ပြန်လာနိုင်ကြသည်။ ကန့်သတ်ချုပ်ချယ်မှုအချို့ ရှိနေသေးသော်လည်း လမ်းမပေါ် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာသည်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ နှစ်ပါတီချင်း အပစ်ရပ်စဲရေး သဘောတူညီချက်များ၊ နောက်ပိုင်းတွင် (၂၀၁၅ ခုနှစ်) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် ဖြစ်ပေါ်လာသည်။ အသင်းအပင်း ဖွဲ့စည်းမှုဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ အလုပ်သမားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ရလာသည်။ ဥပဒေပြုရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ ဆွေးနွေးမှုများတွင် ပြည်သူများ၊ အရပ်ဘက် လူမှုအဖွဲ့များထံမှ တိုင်ပင်အကြံရယူခြင်းများ ဖြစ်ပေါ်လာသည်။ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာပြီး၊ အစိုးရကို ဝေဖန်သည့် ဆောင်းပါးများလည်း ရဲရဲတင်းတင်း ရေးသားကြသည်။ အစိုးရ၏ “စာပေကင်ပေတိုင်”ဟု တင်စား ခေါ်ဝေါ်ကြသည့် ဆင်ဆာတည်းဖြတ် စိစစ်သည့် ဘုတ်အဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ အရေအတွက်လည်း မရှိသလောက် ကျဆင်းသွားသည်။  စီးပွားရေး ကဏ္ဍတွင်လည်း မိုဘိုင်းကဏ္ဍကို  ကာလကြာရှည် လက်ဝါးကြီး အုပ်ထားရာမှ ပြည်ပဖုန်းကုမ္ပဏီများဖြင့် ဝန်ဆောင်မှုများ ချဲ့လာသည်။ ယခင်က ကျပ်သိန်းပေါင်းများစွာ ပေးရသော ဖုန်းဆင်းမ်ကဒ်များမှာ ကျပ်ထောင်မျှသာ တန်တော့သည်။ ကားသွင်းခွင့် မူဝါဒ ပြောင်းပြီး၊ ရန်ကုန်လမ်းများ ကားကျပ်သည်အထိ ဖြစ်လာခဲ့ရသည်။ သံတမန်ရေး နိုင်ငံတကာ ဆက်ဆံရေးအပိုင်းတွင်လည်း ထင်ရှားသည့် ကမ္ဘာ့အင်အားကြီး နိုင်ငံ့ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည်။ ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်း၍ မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်လာကြသည်။ နိုင်ငံတကာ အထောက်အပံ့ အကူအညီများအတွက် လက်ကမ်း လာခဲ့ကြပါသည်။ နောက်ဆုံး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး၊ အနိုင်ရ NLD ပါတီသို့ အာဏာလွှဲပြောင်းပေးရေး ချောမွေ့ပါမလားဟု ရင်တမမ ဖြစ်နေကြရသည့် အခြေအနေမှ ယခင် အတိုက်အခံပါတီ NLD ဦးဆောင်သည့် အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုဆိုလျှင် လွှတ်တော်နှင့် အစိုးရများအတွင်း NLD ပါတီ၏ သင်္ကေတအဖြစ် ယူဆနိုင်သည့် ပင်နီဝတ်စုံ၊ ပင်နီတိုက်ပုံ တစ်လွှားလွှားဖြင့် မြင်တွေ့နေကြရသည်မှာ မဆန်းတော့သော ကိစ္စဖြစ်ပါသည်။

နိုင်ငံတစ်ခု၏ အသွင်ကူးပြောင်းမှု (transition) ဟူသည်မှာ ယေဘုယျအားဖြင့် နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု (political transition) ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ယင်းသဘောတရားကို အဓိပ္ပာယ် ဖွင့်ဆိုကြရာ၌၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဏာရှင်အစိုးရအဖြစ် ကျင့်သုံးနေမှုမှ ဒီမိုကရေစီစနစ်ဘက်သို့ အသွင်ကူးပြောင်းလာကြခြင်း၊ ဒီမိုကရေစီ မဟုတ်သည့် အခြေအနေ (non-democratic) မှ ဒီမိုကရေစီ အခြေအနေ (democratic) သို့ ပြောင်းလဲလာမှုကို ဆိုလိုခြင်း ဖြစ်ပါသည်။ အသွင်ကူးပြောင်းမှု ပုံစံမူဘောင် (transition paradigm) ဟုလည်း ခေါ်ဆိုကြပါသည်။ (Carothers, 2002) သို့သော် ပညာရှင် Marc F. Plattner (2014)  က ဤသို့  tansitional paradigm  ဟူသော အယူအဆမှာ ခေတ်နောက်ကျနေခဲ့ပြီ၊ သို့မဟုတ် အသုံးဝင်မှုအရ မရှိတော့ဟု ဆိုခဲ့ပါသည်။ သို့သော်လည်း ယခင် ဆိုဗီယက်ယူနီယံမှ နိုင်ငံဟောင်းများတွင် အရောင်တော်လှန်ရေးများ၊ များမကြာသေးမီက ဖြစ်ခဲ့သည့် အစိုးရပြောင်းလဲမှု (regime change) များ၊ အာရပ်နွေဦး (Arab spring) အပြောင်းအလဲများကြောင့် ဒီမိုကရေစီ အပြောင်းအလဲကို ပြန်၍ အလေးထား ကြည့်လာကြပြန်ပါသည်။

အသွင်ကူးပြောင်းမှု (Transition) ဟူသော စကားရပ်ကို လူအများ ကိုးကားဖော်ပြကြသည့် ပညာရှင် ဒန့်က်ဝါတ် ရပ်စတိုး (Dankwart Rustow) ၏ Transition to democracy: Toward a Dynamic Model” (1970)   ဆောင်းပါးတွင် စ၍ သုံးနှုန်း ဖော်ပြခဲ့ကြပါသည်။ ဤလေ့လာမှု မတိုင်မီကာလက ဒီမိုကရေစီနှင့် ပတ်သက်၍ ဖော်ပြမှုမှာ ဒီမိုကရေစီ ထွန်းကားပြီး၊ မြောက်အမေရိကနှင့် အနောက်ဥရောပ နိုင်ငံများတွင် ဒီမိုကရေစီကို ထိန်းသိမ်းပုံ၊ အားကောင်း ရှင်သန်စေပုံကိုသာ ရေးသားဖော်ပြခဲ့ကြသည်။ နောက်ပိုင်းတွင်တော့ ဥရောပတောင်ပိုင်းဒေသ၊ လက်တင်အမေရိကဒေသများမှ ယခင် အာဏာရှင်စနစ်များမှသည် ဒီမိုကရေစီ အပြောင်းအလဲများကို လေ့လာမှုများ ရှိလာသည်။ ၁၉၈၆ ခုနှစ်တွင် ထုတ်ဝေသည့် Guillermo O’Donell, Philippe Schmitter, et al. တို့၏ အာဏာရှင်အုပ်ချုပ်မှုမှ အသွင်ကူးပြောင်းမှုများ (Transition from Authoritarian Rule)၊ ဟန်တင်တန်၏ ဒီမိုကရေစီ တတိယလှိုင်း (Third-wave) စသည့် လေ့လာ ဖော်ပြမှုများဖြင့် မြိုင်ဆိုင်ခဲ့ပါသည်။ ပညာရှင် သောမတ် ကာရိုသာက မီးခိုးရောင်ဇုန် (grey zone) ဟုခေါ်သည့် လစ်ဘရယ် ဒီမိုကရေစီအထိ ခရီးမပေါက်နိုင်ဘဲ လမ်းခုလတ်၌ တန့်နေသည့် နိုင်ငံများ၏အကြောင်း လေ့လာမှုများလည်း ရှိခဲ့ကြသည်။ အသွင်ကူးပြောင်းမှု (transition) ဟူသော စကားရပ်ကို အချို့က တော်လှန်ရေး (revolution) ဟူသော စကားရပ်အစားထိုး သုံးစွဲလိုကြသည်။ တော်လှန်ရေးဟူသော စကားရပ်မှာ ယခင် ဆယ်စုနှစ်များက ရေပန်းစားခဲ့သော်လည်း၊ ၂၀ ရာစုနှောင်းပိုင်းတွင် တော်လှန်ရေးများအပြီး ထွက်ပေါ်လာသည့် အာဏာရှင် အစိုးရများကြောင့် ခေတ်မစားဖြစ်လာရာ transition ဟူ၍ အစားထိုး ခေါ်ဝေါ်မှုများလည်း ရှိခဲ့ပြန်သည်။

ပါမောက္ခ အိုဒေါ်နယ်နှင့် ရှမစ်တာ (ODonnell  & Schmitter, 1986) တို့က လက်တင် အမေရိကနိုင်ငံများ ဒီမိုကရေစီ အပြောင်းအလဲကို တင်ပြရာ၌ အသွင်ကူးပြောင်းမှု (transition) နှင့် ပတ်သက်၍ တိုတောင်း တိကျသော အဓိပ္ပာယ်ဖွင့်ဆိုမှု ပြုခဲ့ဖူးပါသည်။ သူတို့က “အပြောင်းအလဲဟူသည်မှာ နိုင်ငံရေးစနစ်တစ်ခုနှင့် အခြားတစ်ခုအကြား ကြားကာလဖြစ်သည်။ အသွင်ကူးပြောင်းမှုတွင် နယ်နိမိတ် အကန့်အသတ် သဘောရှိသည်။ တစ်ဖက်တွင် အာဏာရှင်အစိုးရကို ဖျက်သိမ်းသည့် လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ပြီး၊ အခြားတစ်ဖက်တွင် ဒီမိုကရေစီပုံစံ တစ်စုံတစ်ရာကို တပ်ဆင်ခြင်း၊ သို့မဟုတ် တစ်စုံတစ်ရာသော အာဏာရှင်အုပ်ချုပ်ရေးပုံစံသို့ ပြန်သွားခြင်း၊ သို့မဟုတ် အခြားတော်လှန်ရေးဆန်သည့် ရွေးချယ်စရာ ပုံစံတစ်ခု ပေါ်ထွန်းလာခြင်း”ဟု ဖော်ပြခဲ့ကြသည်။

ဤနေရာတွင် အချို့အချို့သော ပညာရှင်များက ဒီမိုကရေစီကို ပန်းတိုင် (purpose) ဟု သတ်မှတ်ကြပါသည်။ အချို့ပညာရှင်များကမူ ဒီမိုကရေစီသည် နည်းနာမျှသာ (procedure) ဖြစ်သည်ဟူသော စဉ်းစား တွေးခေါ်ကြပါသည်။ ပညာရှင် Horowitz (2014) ကတော့ ရွေးကောက်ပွဲများကို ဒီမိုကရေစီ၏ မရှိမဖြစ် အခြေအနေတစ်ရပ် (sine qua non) ဟု ဖော်ပြခဲ့ပါသည်။ ရွေးကောက်ပွဲများ ရှိနေသော်လည်း ဒီမိုကရေစီမကျ၊ လွတ်လပ်ပွင့်လင်းမှုများ အားနည်းနေသေးသည့် အခြေအနေကို တင်စားဖော်ပြသည့် ဖာရိဇာကာရီးယား (Fareed Zakaria) ၏ illebral democracy  ဟူသော အသုံးအနှုန်းမှာလည်း နိုင်ငံရေးနယ်ပယ်တွင် ရေပန်းစားခဲ့ပါသည်။ အချို့ပညာရှင်များကလည်း အပြောင်းအလဲနှင့် ပတ်သက်၍ ဖက်ပြိုင်နေသည့် အင်အားစုများအကြား သဘောတူညီမှုတစ်ရပ် လိုအပ်ပုံကို အသားပေး ဖော်ပြခဲ့ကြရာ (Pactology : သဘောတူညီမှု တစ်ရပ်ကို အလေးပေးလွန်းသည့် အယူအဆ) နှင့် ကွဲပြားမှု (split) ဟုခေါ်သည့် ဒီမိုကရေစီ အပြောင်းအလဲများတွင် အာဏာရှင်များအကြား ခေါင်းမာ ဂိုဏ်းသား-သဘောထား ပျော့ပြောင်းသူ အကွဲအပြဲရှိသကဲ့သို့၊ ဒီမိုကရေစီ ဘက်တော်သားများတွင်လည်း အလားတူ အကွဲအပြဲရှိတတ်ပုံကို ဆွေးနွေးမှုများလည်း နိုင်ငံရေးသိပ္ပံတွင် ရှိခဲ့သည်။

အပြောင်းအလဲများ၏ ခေတ်သစ် သမိုင်းတွင် ရုရှားလမ်း- (မီခေလ် ဂေါ်ဘာချော့ဗ်) က “ဂလပ်စနော့” (ပွင့်လင်းရေး) နှင့် “ပယ်ရီစထရွက်ကာ” (ပြုပြင်ပြောင်းလဲရေး) နှင့် တရုတ်လမ်း -တိန့်ရှောင်ဖိန်၏ “ခေတ်မှီရေး” မူဟူ၍ သိသိသာသာ ရှိခဲ့ကြပါသည်။ တရုတ်၏ အပြောင်းအလဲမူတွင် နိုင်ငံရေးကို မပြော၊ စီးပွားရေးကို ဖိဖိစီးစီး ဆောင်ရွက်သည့်နည်းဟူ၍ ရှိခဲ့ဖူးသည်။ တရုတ်၏ နည်းလမ်းက ပို၍ အလုပ်ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ နောက်ပိုင်းကာလများတွင် အမေရိကန် ပြည်ထောင်စု (သမ္မတ ဘုရှ်) ၏ အရှေ့အလယ်ပိုင်းတွင် အစိုးရကို ဖြုတ်ချပြောင်းလဲ၍ ဒီမိုကရေစီ ဇာတ်သွင်းရေး (regime change) ဟူသော အယူအဆလည်း အပြိုင်ဖြစ်လာခဲ့သည်။ သို့တိုင်အောင် အမေရိကန်အစိုးရက တပ်အင်အားဖြင့် အစိုးရ ဖြုတ်ချပြောင်းလဲ၍ ဒီမိုကရေစီ ဇာတ်သွင်းရေး ဆောင်ရွက်ခဲ့သော အီရတ်၊ အာဖဂန်တို့တွင် ယခုတိုင် မတည်ငြိမ်သေးပါ (ကျော်ဝင်း၊ ၂၀၁၃)။ ဤသို့ဖြင့် ဒီမိုကရေစီရေး ဆွေးနွေးငြင်းခုံမှု ဒီဘိတ်တွင် ဒီမိုကရေစီစနစ် မတိုင်မီ တင်ကူးအခြေအနေများ (ဖွံ့ဖြိုးမှု)ကို ထည့်သွင်းစဉ်းစားမှုများ ရှိလာပါသည်။ နောက်ပိုင်းတွင် ပညာရှင် ဖူကူယားမားက ဤဆွေးနွေးမှုများတွင် နိုင်ငံတော်အစိုးရတစ်ခု၏ စွမ်းဆောင်ရည်ကိစ္စ (Stateness)၊ ဒီမိုကရေစီ အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်ကို ကိန်းသေသဖွယ် စဉ်းစားပြောဆို လာကြသည်။ ဤသို့မဟုတ် နိုင်ငံတော်၏ စွမ်းဆောင်မှု၊ တည်ဆောက်မှုကို ပထမဦးဆုံးလုပ် (stateness first) ဟူ၍ ဆက်လက် ဆွေးနွေးမှုများလည်း ရှိနေခဲ့ပါသည်။ (Fuku-yama, 2005) ဒီမိုကရေစီ ကျင့်စဉ်အလေ့အထ အားနည်းသည့်သဘော (democratic deficit) နှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုစနစ် (democratic governance) ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားမှု ပြုလာကြပါသည် (Diamond, Fukuyama, Horowitz & Plattner, 2014)။

ယခု ဆောင်းပါးတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အထွေထွေမြင်ကွင်း၊ မည်သည့် အကြောင်းအချက်များက နိုင်ငံများကို ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိစေအောင် စေ့ဆော်ပေးပြီး၊ အချို့သော အကြောင်းအချက်များက အာဏာရှင် စနစ်ဟောင်းဆီသို့ နောက်ကြောင်း မပြန်စေရေး ကာကွယ်ပံ့ပိုး ပေးပါသနည်း စသည့် အကြောင်းအချက်များကို တင်ပြသွားပါမည်။ ပညာရှင် အများအပြား၏ ကိန်းဂဏန်းဆိုင်ရာ၊ သုတေသနဆိုင်ရာ တွေ့ရှိချက် အများအပြားက ဤသို့သော အကြောင်းအချက်များကို ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုက မည်သို့သော အကြောင်းအချက်များနှင့် ကိုက်ညီနေသနည်း၊ ဆန့်ကျင်နေသနည်း၊ သို့ဖြစ်လျှင် မြန်မာ့ အသွင်ကူးပြောင်းရေး၏ ရှေ့ဖြစ်တန်ခြေလားရာ မည်သို့ ရှိမည်နည်း စသည်တို့ကို ဆန်းစစ်တင်ပြပါမည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး (အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး Democratization) ခိုင်မာစေရန် မည်သို့ လုပ်ဆောင်ကြိုးပမ်း သင့်သည်ဟူသော မူဝါဒများကိုလည်း အဆိုပြု တင်ပြသွားမည် ဖြစ်ပါသည်။

■ ဒီမိုကရေစီ အကူးအပြောင်း ၂၀- ရာစု

မြန်မာနိုင်ငံတွင် မည်သည့်အချိန်မှစ၍ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပါသနည်း။ ယေဘုယျအားဖြင့်တော့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများ အပြီးတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုများ စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ (ဒီမိုကရေစီ အပြောင်းအလဲများ၏ စမှတ်များသည် အရေးကြီးကြောင်းနှင့် အောင်မြင်မှု-မအောင်မြင်မှုကို တိုင်းတာ ဆုံးဖြတ်နိုင်သည်ဟု ဆွေးနွေးမှုများကို ဇေယျသူ ဆောင်းပါးတွင် ဆွေးနွေးထားပါသည်။ (ဇေယျသူ ဆောင်းပါး၊ စာ-၂၂၉ ရှု)။ အချို့သူများကတော့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှု (၂၀၁၁ သြဂုတ်)၊ သို့မဟုတ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးကို အပြောင်းအလဲ စတင်ချိန်အဖြစ် သတ်မှတ်လိုကြပါသည်။

ယခင် စစ်အစိုးရ၏ သံလက်သီးဖြင့် တင်းကျပ်သည့် အုပ်ချုပ်ရေးစနစ်မှ မည်သည့်အတွက် ဒီမိုကရေစီသို့ ကူးပြောင်းခဲ့ကြပါသနည်း။ ဤအချက်က ယခုတိုင် ပဟေဠိဖြစ်နေကြဆဲ ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီး၏ စိတ်ကူးဉာဏ်ကိုလည်း အမျိုးမျိုး ပုံဖော်တွက်ဆနေကြဆဲ ဖြစ်ပါသည်။ ယခုဂျာနယ်၏ စကားဦးတွင် ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဒန်စလိတ်တာ (Dan Slater) ကလည်း မြန်မာနိုင်ငံ အပြောင်းအလဲကို စောကြောထားပါသည်။ (ဒန်စလိတ်တာ၏ စကားဦး၊ စာ-၁၃ ရှု)။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲသည် အုပ်ချုပ်သူ အာဏာရှင် အစိုးရများအတွင်း ပြိုကွဲ၍ မဟုတ်၊ ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲနေ၍ မဟုတ်၊ စီးပွားရေး ပြိုပျက်ကျဆင်း၍ မဟုတ်၊ နိုင်ငံတကာ ဖိအားများ ကြီးမား ပြင်းထန်နေ၍ မဟုတ်ပါ။ အာဏာပိုင်များက အန္တရာယ်အနည်းဆုံး အခြေအနေတွင် သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်း သတ်မှတ်ချက်များဖြင့် ပြောင်းလဲခဲ့ခြင်းဟု သူကဆိုပါသည်။ စစ်အစိုးရ ခေါင်းဆောင်များအဖို့ လုံခြုံ၍၊ အနှောင့်အယှက်ကင်းကင်း အခြေအနေအောက်တွင် အပြောင်းအလဲကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲအဖို့ ရှေ့ဆက် ချီတက်ကြရဦးမည်ဟု သူက ဆိုပါသည်။ စိတ်ပျက်ဖွယ်ရာ ကိစ္စများလည်း ဆက်၍ ကြုံတွေ့နိုင်ပါသေးသည် (Slater, 2017)။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲက သီးခြားလက္ခဏာ ဆောင်သော ကိစ္စမဟုတ်ပါ။ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ အပြောင်းအလဲများ၏ အဆက်သာဖြစ်သည်။ ယခုဂျာနယ် အမှာစာတွင် ဒန်စလိတ်တာက ၂၀၁၁ ခုနှစ်က စစ်အစိုးရက ဒီမိုကရေစီ ပြောင်းလဲရန် စဉ်းစားခဲ့သည့် “ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု” (global advance) တွက်ဆမှု တစ်စုံတစ်ရာ ရှိခဲ့နိုင်သည်ဟု သုံးသပ်ထားပါသည်။

၂၀-ရာစု၊ အထူးသဖြင့် နှောင်းပိုင်း ရာစု၏ လေးပုံတစ်ပုံ ကာလတွင် ကမ္ဘာတစ်ဝန်း၌ ဒီမိုကရေစီ အပြောင်းအလဲများ သိသိသာသာ တိုးတက်ဖြစ်ထွန်း လာခဲ့သည့် ဒီမိုကရေစီ တတိယလှိုင်း၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါသည်။ ၂၀-ရာစုကို အချို့ပညာရှင်များက “ဒီမိုကရေစီရာစု” ဟုပင် ခေါ်ဝေါ် သမုတ်ခဲ့ကြသည်။ အထူးသဖြင့် ဒီမိုကရေစီ “တတိယလှိုင်း” (Third wave) က ပါမောက္ခ ဟန်တင်တန်၏ လူသိများသော အယူအဆဖြစ်ပြီး၊ အနောက်ဥရောပတွင် လက်ျာစွန်း အာဏာရှင်များ (ပေါ်တူဂီ၊ ဂရိ၊ စပိန်) တို့ (၁၉၇၀ ပြည့်နှစ်များ အလယ်ပိုင်း) ပြုတ်ကျအပြီး၊ ၁၉၈၀ ပြည့်နှစ်များတွင် လက်တင် အမေရိကနိုင်ငံများ၏ ဒီမိုကရေစီ အပြောင်းအလဲအပြီး၊ တိုးတက်ဖြစ်ထွန်းလာမှု အခြေအနေအပေါ် ဆွေးနွေးချက်ဖြစ်သည်။ အရှေ့အာရှနိုင်ငံများ၊ ဘာလင်တံတိုင်း ပြိုလဲသည့်ကာလ ၁၉၈၉ ခုနှစ် နောက်ပိုင်း အရှေ့ဥရောပနှင့် ယခင် ဆိုဗီယက်ပြိုလဲမှု (၁၉၉၁ ခုနှစ်) နောက်ပိုင်းတွင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ထွန်းခဲ့သည်။ ဒီမိုကရေစီ “တတိယလှိုင်း” စတင်သည့် ၁၉၇၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများ၏ ၂၈ ရာခိုင်နှုန်း (၃၉ နိုင်ငံ) သာ ဒီမိုကရေစီ ဖြစ်နေပြီး၊ ယနေ့ကာလတွင် ဤကိန်းဂဏန်း၏ သုံးဆကျော် ရှိနေခဲ့ပြီ ဖြစ်သည် (Hungtinton, 1991)။

ဤနေရာတွင် “ဒီမိုကရေစီ” ဟူသည်ကို အနိမ့်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက် (minimal democracy) သဘောဖြင့် သတ်မှတ် ဖော်ပြခြင်းသာဖြစ်ပြီး၊ ယေဘုယျအားဖြင့် နိုင်ငံရေးအာဏာ၏ အဓိကကျသော နေရာများတွင် ပုံမှန်ဖြစ်၍ လွတ်လပ်မျှတသော ရွေးကောက်ပွဲများမှ ရွေးချယ် တင်မြှောက်ခံရသူများဖြင့် အစားထိုးလာနိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ ယနေ့ကာလတွင် ကမ္ဘာပါ်ရှိ နိုင်ငံငါးခုတွင် နိုင်ငံသုံးခု၌ ဤသို့သော အခြေအနေ ရှိနေကြပြီ ဖြစ်သည်။ Freedom House  အဖွဲ့၏ သတ်မှတ် တိုင်းတာချက်အရ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ နိုင်ငံ ၁၂၅ နိုင်ငံတွင် ရွေးကောက်ပွဲဖြင့် တင်မြှောက်သော ဒီမိုကရေစီစနစ် (Electoral democracy) ရှိနေပြီ ဖြစ်သည်။ အချို့နိုင်ငံများတွင် ရွေးကောက်ပွဲများ ရှိကြသော်လည်း၊ လွတ်လပ်မျှတမှု မရှိသေးသော နိုင်ငံများ၊ ရွေးချယ် တင်မြှောက်ခံရသည့်သူများကို အုပ်ချုပ်ရန် အာဏာအပြည့်အ၀ လွှဲပြောင်းပေးအပ်ခြင်း မခံရသော နိုင်ငံများလည်း ရှိနေပါသေးသည်။ မည်သို့ဆိုစေ ၁၉၉၅ ခုနှစ် နောက်ပိုင်းမှစတင်၍ ဒီမိုကရေစီနိုင်ငံများ အရေအတွက် အနည်းနှင့်အများ ဆိုသကဲ့သို့ တသမတ်တည်း ရှိနေခဲ့ကြသည်ဟု သုံးသပ်ကြသည် (Carothers, 2002)။

■ အသွင်ကူးပြောင်းမှု မိုဒယ်ပုံစံများ

ဤသဘောတရားတွင် နိုင်ငံရေးအရ အသွင်ကူးပြောင်းလာပုံကိုလည်း ထည့်သွင်း စဉ်းစားကြပြီး၊ ယင်းနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ (reform)၊ အပြန်အလှန် စေ့စပ်ညှိနှိုင်းမှုများ (compromise)၊ အစိုးရဟောင်း ဖယ်ရှားဖြုတ်ချခံရခြင်း (overthrow) စသည့် ပုံစံများကိုလည်း ထည့်သွင်း စဉ်းစားလေ့ ရှိကြပါသည် (Hungtinton, 1991)။

ပြုပြင်ပြောင်းလဲမှုများ (reform) ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံများတွင် အစိုးရဟောင်းများက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးဆောင်လေ့ ရှိကြသည်။ အတိုက်အခံ အင်အားစုများက အင်အားချိနဲ့ နေသည့်အလျောက် အုပ်ချုပ်သူ ထိပ်သီးများ (ruling elite) တွင် အသွင်ကူးပြောင်းမှုကို မောင်းနှင်ရန် လုံး၀ လွတ်လပ်ခွင့်၊ ကစားခွင့် ရှိနေကြပါသည်။ အချို့သော ဖြစ်ရပ်များတွင် အစိုးရဟောင်းများက ထိုထက်တိုး၍ လုပ်ဆောင်မှုများပင် ရှိခဲ့သည်။ အသွင်ကူးပြောင်းမှုကို စတင်ရုံမျှမက၊ အာဏာရှင် အစိုးရဟောင်းကို နိဂုံးချုပ် ပိတ်သိမ်းခြင်း၊ ဒီမိုကရေစီသစ် ဖော်ဆောင်ခြင်းများအထိ ဆောင်ရွက်ကြသည်။ ဤဖြစ်ရပ်မျိုးတွင် အစိုးရဟောင်းက နိုင်ငံရေးအာဏာကို ဆက်လက် ချုပ်ကိုင်ထားဆဲဖြစ်ပြီး၊ ဒီမိုကရေစီသစ် ရွေးလမ်းများအတွက်လည်း သြဇာလွှမ်းမိုး ထားကြသည်။

ဒုတိယ အကူးအပြောင်းပုံစံမှာ အစိုးရဟောင်းနှင့် အတိုက်အခံ အုပ်စုများ နှစ်ဖက်လုံးမှ သက်ရောက်လာသော ထူးခြားသည့် အခြေအနေတစ်ရပ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လှုပ်ရှားသူ ဇာတ်ကောင်နှစ်ဦးမှာ တန်းတူ ယှဉ်ဖက်ဖြစ်လာပြီး၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ဦးဆောင်ရန်၊ သူတို့အချင်းချင်း လိုအပ်နေသည်ဟု သဘောပေါက် ခံယူလာကြခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် အပေးအယူပြု စေ့စပ်မှု ဖြစ်ပေါ်လာပြီး၊ ယင်းကို ငြိမ်းချမ်းရေး သဘောတူညီချက် (အကယ်၍ ပြည်တွင်းစစ် ဖြစ်ပွားနေလျှင်)၊ သို့မဟုတ် သဘောတူညီချက်တစ်ရပ် ရယူ၍ အပြောင်းအလဲကို အစပျိုးကြခြင်း ဖြစ်သည်။ ယင်းအကူးအပြောင်းတွင် အစိုးရဟောင်းက အာဏာချုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း၊ အာဏာကို အကြီးအကျယ် ကန့်သတ်ချုပ်ချယ်မှုများ ရှိလာခြင်းက အရေးပါသည့် အခြေအနေ ဖြစ်ပါသည်။ အစိုးရနှင့် အတိုက်အခံတို့၏ သဘောတူညီမှု ရှိထားခြင်း (pact) သည်လည်း အရေးကြီးသည့် အခြေအနေ ဖြစ်ပါသည်။

နောက်ဆုံးပုံစံမှာ အာဏာရှင် အစိုးရဟောင်းများက ပြုပြင်ပြောင်းလဲမှုများပြုရန် ငြင်းဆန်နေသည်။ အတိုက်အခံ အင်အားစုများက အင်အား ကြီးထွားလာပြီး အစိုးရဟောင်းကို ဖြိုလှဲကြခြင်း ဖြစ်သည်။ အရေးကြီးသည့်အချက်မှာ အစိုးရသစ်က သူ၏ ဦးတည်ရာ နိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိလာခြင်း ဖြစ်သည်။ Gill (2000) နှင့် Teorell (2010) တို့ကမူ နောက်ပိုင်းတွင် လူမှုအဖွဲ့အစည်းကြီး၏ ရပ်တည်ချက်များ အကျယ်အပြန့် ပြောင်းလဲလာခြင်း၊ မဟာဗျူဟာမြောက် တုံ့ပြန်ဆောင်ရွက်ခြင်း (strategic interaction) နှင့် အောက်ခြေမှ လူထုစည်းရုံး လှုံ့ဆော်မှုများ ရှုထောင့်ကို ချဉ်းကပ် ဆွေးနွေးမှုများ ရှိလာကြပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု သဘောတရားအနှစ်ချုပ်ကို ဒေါက်တာ ကမ်မီလာဘူဇီ ၏ဆောင်းပါးတွင် ဖတ်ရှုနိုင်သည်။ (ဒေါက်တာ ကမ်မီလာဘူဇီ ဆောင်းပါး စာ-၆၇ ရှု)

■ ဒီမိုကရေစီအတွက် တင်ကူး အခြေအနေများ

မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲကို နှင်းခဲများ ပျော်လာသည့် နွေဦးပေါက်ရာသီသဖွယ် တင်စားကြပြီး၊ “မြန်မာနွေဦး”ဟု ခေါ်ဝေါ် သမုတ်ကြသည်များလည်း ရှိသည် (Osnos, 2012)။ အလားတူ အာရပ်နိုင်ငံများ၊ အီဂျစ်တို့၏ နိုင်ငံရေး အပြောင်းအလဲကိုလည်း “အာရပ်နွေဦး” စသည်ဖြင့် တင်စား ခေါ်ဝေါ်ခဲ့ကြပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများက တသမတ်တည်း တိုးတက်သည့် သဘော (linear progression) မရှိကြပါ။ ဒီမိုကရေစီ အပြောင်းအလဲမှ ပြန်၍ နောက်ပြန်လျှောကျသည့် နိုင်ငံများလည်း တွေ့ခဲ့ကြရပါသည်။ လွန်းဒ် (Lund) တက္ကသိုလ်မှ ပညာရှင် ယန်တီရိုရဲလ် (Jan Teorell) က ၁၉၇၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အကြား အစိုးရ ပြုပြင်ပြောင်းလဲမှု ဖြစ်ခဲ့သော နိုင်ငံ ၁၆၅ ခု၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတကာ ပံ့ပိုးမှု ကြောင်းချက်များကို ကိန်းဂဏန်းသဘော လေ့လာခဲ့ပါသည်။ သူ၏ တွေ့ရှိချက်များအရ နိုင်ငံများ၏ ဒီမိုကရေစီ အပြောင်းအလဲများကို ရေရှည် ဖွဲ့စည်းပုံ အပြောင်းအလဲများ (အထူးသဖြင့် စီးပွားရေးအရ ကြွယ်ဝလာခြင်း) က အထောက်အကူ ပြုသကဲ့သို့၊ လူထုအုံကြွမှု၊ အာဏာရှင် အစိုးရများ၏ ဖွဲ့စည်းပုံသဘော (institutional set-up) က ပံ့ပိုးမှု ဖြစ်စေသည်ဟု ဆိုပါသည်။ ရေတိုကာလ သဘောတွင်တော့ ထိပ်သီး အင်အားစု (elites) များက အခရာကျသည့် နေရာတွင် ရှိပါသည်။ အထူးသဖြင့် အစိုးရများအတွင်း သဘောထားကွဲလွဲ၊ ပြိုကွဲမှုမျိုး ဖြစ်သည် (Teorell, 2010)။

ပညာရှင်အများက နိုင်ငံများ၏ ဒီမိုကရေစီ ကူးပြောင်းမှုများကို လေ့လာ၍ နိုင်ငံများ၏ ဒီမိုကရေစီ တင်ကူးအခြေအနေများ ကို ဆွေးနွေးခဲ့ကြပါသည်။

■ ဓနကြွယ်ဝချမ်းသာမှု

လူတစ်ဦးချင်း၏ အသားတင် ထုတ်ကုန်တန်ဖိုး (GDP/capita) တစ်နည်း ဝင်ငွေက ဒီမိုကရေစီနှင့် ဆက်စပ်နှီးနွယ်မှု ရှိသည်ဟု ဖော်ပြကြပါသည်။ ချမ်းသာကြွယ်ဝသည့် ဒီမိုကရေစီ နိုင်ငံများသည် မည်သည့်အခါမျှ အာဏာရှင်စနစ် အုပ်ချုပ်မှုအောက်သို့ ပြန်၍ လျှောမကျဟုပင် ဆိုကြပါသည် (Przeworski, 2000)။ ချွင်းချက်အဖြစ် ဟစ်တလာနှင့် ဂျာမနီတွင် နာဇီပါတီ ထကြွလာခြင်းကို ထောက်ပြကြပါသည်။ ပြောရလျှင် ၁၉၃၀ ပြည့်နှစ် အစောပိုင်းနှစ်များ ကတည်းက ဂျာမန်က စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်နေသည်၊ သို့သော် ပထမကမ္ဘာစစ်ပြီး နောက်ပိုင်းကာလတွင် စီးပွားရေး အကျပ်အတည်း ဆိုက်နေရသော နိုင်ငံဖြစ်သည်။ စက်မှုတော်လှန်ရေးနှင့် ဒီမိုကရေစီ ဆက်စပ်ပုံကိုလည်း ဆွေးနွေးမှုများ ရှိပါသည်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးစနစ်တွင် အစပျိုးသဘော ဒီမိုကရေစီမျှသာ ရှိနိုင်သည်။ ယနေ့ခေတ် ဒီမိုကရေစီစနစ်မျိုး စက်မှုမထွန်းကားသည့် နိုင်ငံများတွင် မရှိနိုင်ဟုပင် ဆိုကြပါသည်။ အထောက်အထား လေ့လာမှုများအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းများစေသည်ကို တွေ့ရှိထားကြပါသည်။ (ခေတ်မီရေး သီအိုရီ modernization theory )၊ တစ်နည်း ဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် အထောက်အပံ့ ဖြစ်စေပါသည်။ အချို့သော လေ့လာမှုများအရလည်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံရေး တည်ငြိမ်မှု ဆက်စပ်နေပြီး၊ ဤအခြေအနေမှ ဒီမိုကရေစီသို့ တွန်းအားဖြစ်စေသည်ဟုလည်း ဆိုကြပါသည်။ သမိုင်းကြောင်း လေ့လာမှုများအရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝလာမှုကြောင့် ဒီမိုကရေစီသို့ ပြောင်းသွားခြင်း မရှိကြပါ။ သို့သော်လည်း တစ်စုံလုံး ကြွယ်ဝလာခြင်းနှင့် လူလတ်တန်းစား များပြားလာခြင်းကြောင့် ဒီမိုကရေစီမှ အာဏာရှင် အုပ်ချုပ်ရေးသို့ ပြန်လျှောကျသည့် အခြေအနေကို ထိန်းသိမ်းပေးထားနိုင်သည်ဟု ဆိုကြသည်။ တစ်ဖက်တွင်လည်း ရုတ်ချည်း စီးပွားရေး အကျပ်ဆိုက်မှုများကြောင့် အစိုးရ အပြောင်းအလဲများလည်း ဖြစ်ပေါ်တတ်သေးသည်။ (ဥပမာ- အင်ဒိုနီးရှား၊ ဘရာဇီး၊ မက္ကဆီကို)။ လူလတ်တန်းစား အားနည်းသေးသည့် နိုင်ငံများ၏ ဒီမိုကရေစီ သွင်ကူးပြောင်းမှုသည်လည်း တောင်တက်လမ်းလို ခက်ခဲ ပင်ပန်းမည်ဟု ဆိုထားပါသည် (Feng, 1997; Coleman I. et al, 2013)။

မြန်မာနိုင်ငံ အခြေအနေတွင်မူ လယ်ယာ၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို အားထားနေရဆဲ ဖြစ်ပြီး၊ စက်မှုဖွံ့ဖြိုးမှု ပီပီပြင်ပြင် မရှိသေးပါ။ နိုင်ငံ၏ ဆင်းရဲမွဲတေမှု ညွှန်းကိန်းများအရ ၂၀၁၇ ခုနှစ်တွင် နိုင်ငံ လူဦးရေ၏ ၂၅ ဒသမ ၆ ရာခိုင်နှုန်းမှာ ဆင်းရဲမှုမျဉ်းအောက် ကျရောက်နေဆဲ ဖြစ်သည်။ NLD အစိုးရ တက်လာပြီးသည့်နောက် အနောက်နိုင်ငံများမှ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သော်လည်း၊ စီးပွားရေး ရုတ်ချည်း တက်လာရန် မမျှော်လင့်နိုင်သေးပါ။ ကမ္ဘာဘဏ်၏ Myanmar Economic Monitor စောင့်ကြည့် သုံးသပ်မှုအရ ၂၀၁၆-၁၇ ခုနှစ်တွင် စီးပွားရေး နှေးကွေးသွားခဲ့ရာ၊ ယခင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိရာမှ၊ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ အားပျော့သွားမည်ဟု ပြင်ဆင်သုံးသပ် ထားခဲ့ပါသည်။ ထိုမျှမက ဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း လုပ်ဆောင်ရန် ကိစ္စများစွာ ကျန်ရှိနေပါသေးသည်။ ကျေးလက်-မြို့ပြ ဖွံ့ဖြိုးမှု ကွာဟခြင်း၊ အလုပ်အကိုင် ဖန်တီးပေးမှုကိစ္စများ၊ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးမှုနှင့် ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ အခြေချလာကြသည့် ပြဿနာများလည်း ဆက်၍ ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။

■ လူမှုရေး တန်းတူညီမျှမှု

လူမှုရေး တန်းတူမှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့၏ ဆက်စပ်နေမှုက ရှုပ်ထွေးပါသည်။ သေချာတိကျ မရှိလှကြောင်း အေစီမိုဂလူး (Acemoglu) နှင့် ရိုဘင်ဆင် (Robinson) တို့က ဆိုကြပါသည်။ အကယ်၍ လူများက လူမှုရေး တန်းတူညီမျှစွာ ရှိနေကြလျှင် ပုန်ကန် ထကြွကြရန် အကြောင်းအချက် (မက်လုံး) နည်းသည်ဟု သူတို့က ဆိုကြသည်။ (ဥပမာ-စင်္ကာပူ) သို့အတွက်ကြောင့် ဒီမိုကရေစီ ဖြစ်ထွန်းရေး အားနည်းစေသည်ဟု ဆိုပါသည်။ လူမှုတန်းတူညီမျှမှု မြင့်မားသောနိုင်ငံ (ဥပမာ- အသားရောင် ခွဲခြားဖိနှိပ်မှုအောက်ရှိ တောင်အာဖရိက) တွင် ဒီမိုကရေစီ ဖြစ်လာလျှင် ဓနဥစ္စာနှင့် အာဏာကို ပြန်လည် ခွဲဝေမျှရန် ဖြစ်လာသောကြောင့် အခွင့်ထူးခံများ၏ အကျိုးစီးပွားကို ထိခိုက်စေမည်။ ထိုအခါ ထိုသူများက ဒီမိုကရေစီ ကူးပြောင်းမှုကို တတ်နိုင်သမျှ ဟန့်တားကြရန် အကြောင်းလည်း ရှိနိုင်ပါသေးသည်။ သို့ကြောင့် ဒီမိုကရေစီ ကူးပြောင်းမှုက ကြားအလယ်အလတ် အခြေအနေတွင် ပို၍ အဖြစ်များနိုင်သည်ဟု ဆွေးနွေးကြသည်။ (၁) လိုက်လျောလိုက်ပါက ပေးလိုက်ရသည့် တန်ဖိုး သိပ်မများနိုင် (၂) တော်လှန် ပုန်ကန်မည့် အခြေအနေများကလည်း ဖြစ်နိုင်ခြေ ရှိနေသည်ဆိုလျှင် ဤနိုင်ငံမျိုးတွင် အခွင့်ထူးခံ လူနည်းစုက လိုက်လျောစေ့စပ်မှုများ ပြုနိုင်သည်ဟု သူတို့က ဆိုကြပါသည် (2006. Daron)။ သုတေသနများအရ ဒီမိုကရေစီသည် လူမှုတန်းတူညီမျှသော လူ့အဖွဲ့အစည်းများတွင် ပို၍ တည်ငြိမ်သည်ဟူသော တွေ့ရှိချက်နှင့်လည်း ကိုက်ညီပါသည် (2000, Prezworski)။

မြန်မာနိုင်ငံအတွက်မူ မြေယာ သိမ်းပိုက်ခံရမှု ပြဿနာများက ဖြေရှင်းပေးရန် ရှုပ်ထွေး ခက်ခဲနေဆဲ ရှိပါသည်။ ပြီးခဲ့သည့် စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် လူနည်းစုတစ်ရပ်က အလွန်အမင်း ချမ်းသာခဲ့ပြီး၊ လူများစုမှာ ဆင်းရဲမွဲတေ ခဲ့ရပါသည်။ ဆင်းရဲ-ချမ်းသာ ကွာဟမှု အလွန်အမင်း မြင့်မားနေခြင်းကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်ပါသည်။ ၂၀၁၃ ခုနှစ် UNDP ၏ လူသားဖွံ့ဖြိုးမှု အစီရင်ခံစာ (Human Development Report) ဝင်ငွေခွဲဝေမှု ဂျီနီညွှန်းကိန်း (Income Gini coeffieint) အရ အဆင့်နေရာ ၁၅၀ အဖြစ် သတ်မှတ်ထားရာ၊ ဆင်းရဲ-ချမ်းသာ ကွာဟမှု မြင့်မားသော နိုင်ငံတစ်ခုအဖြစ် ယူဆနိုင်ပါသည်။

■ ယဉ်ကျေးမှု

အချို့သော ယဉ်ကျေးမှုများက ဒီမိုကရေစီ တန်ဖိုးများကို ပို၍ အလေးထားကြသည်ဟု ဆွေးနွေးချက် ရှိသည်။ အထူးသဖြင့် “အနောက်တိုင်းယဉ်ကျေးမှု” က ဒီမိုကရေစီနှင့် အသင့်တော်ဆုံးဟု ဆိုကြသည်။ အချို့ယဉ်ကျေးမှုများက ဒီမိုကရေစီဖြစ်ရန် ပို၍ ခက်ခဲစေသည်၊ အချို့ယဉ်ကျေးမှုကို ဒီမိုကရေစီကို မလိုလားဟု ဆိုကြပါသည် (Lipset, 1959)။ ပရိုတက်စတင့် ယဉ်ကျေးမှုက အရင်းရှင် စီးပွားရေးစနစ်ကို ပို၍ အားပေးသည်၊ သို့အတွက်ကြောင့် ဒီမိုကရေစီနှင့် ပို၍ နီးစပ်သည်ဟု (1958, Weber) က ဆိုသည်။ သို့သော် အနောက်တိုင်း မဟုတ်သော ဒီမိုကရေစီနိုင်ငံ အများအပြား ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ- အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ နမီးဘီးယား စသည်) အနောက်တိုင်း ပညာတတ် ခေါင်းဆောင်မှ ဦးဆောင်ပါက ဒီမိုကရေစီ ထွန်းကားရေး အလားအလာ သိသိသာသာ ပိုကောင်းသည် ဟူသော ဆွေးနွေးချက်များလည်း ရှိပါသေးသည် (2015, Gift et al.)။ မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် လူများစုနေထိုင်ရာ နိုင်ငံဖြစ်ပါသည်။ ထို့အပြင် မြန်မာလူမှု အသိုက်အဝန်းတွင် ဗုဒ္ဓဘာသာကို နိုင်ငံရေး အာဏာပိုင်တို့အား ထောက်ခံ ပံ့ပိုးလာစေရန်အတွက် လည်းကောင်း၊ ကန့်ကွက် ဆန့်ကျင်ရန်အတွက် လည်းကောင်း အသုံးပြုမှုများကို သမိုင်းတစ်လျောက် ရှိခဲ့ကြပါသည်။ နိုင်ငံရေး ပြဿနာများကို စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းကြသည့် ယဉ်ကျေးမှုလည်း မြန်မာနိုင်ငံတွင် အမြစ်မခိုင်လှသေးပေ။Edward D. Mansfi eld  နှင့် Jack Snyder  တို့က သူတို့၏ ၁၉၉၀ ပြည့်နှစ် ရေးသား ဖော်ပြမှုများတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အစောပိုင်းကာလများတွင် စစ်ပွဲများ၏ အန္တရာယ်ကို အထူးအလေးပေး ဖော်ပြဖူးပါသည်။ ရင့်ကျက်သော ဒီမိုကရေစီစနစ်တစ်ခု ဖြစ်လာစေရန် ပြည်တွင်း တည်ငြိမ်မှုနှင့် ပြည်ပ အခင်းအကျင်းများ လိုအပ်ပုံကို ဖော်ပြခဲ့ကြပါသည်။ ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံများတွင် ပို၍ ရန်လိုဖက်ပြိုင်မှု တိုးပွားလာပုံကိုလည်း ဆွေးနွေးကြသည်။ အထူးသဖြင့် ကူးပြောင်းစ နိုင်ငံများတွင် ရန်လိုဖက် ပြိုင်ကြသည့် အမျိုးသားရေး ဝါဒများကြောင့် အကူးအပြောင်းကာလ အကြမ်းဖက်မှုများ (transitional violence) ကြုံတွေ့ ကြရလေ့ ရှိပါသည်။ စစ်အာဏာရှင်စနစ် နောက်ပိုင်းကာလ မြန်မာနိုင်ငံတွင်လည်း မူဆလင် ဆန့်ကျင်ရေး အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုများသည် ဒီမိုကရေစီ အပြောင်းအလဲအတွက် ခြိမ်းခြောက်မှု ဖြစ်စေနိုင်ကြောင်း ဆွေးနွေးမှုများ၊ စိုးရိမ်ပူပန်မှုများလည်း ရှိနေပါသည် (Holiday, 2008)။

ပြည်သူများ၏ ရွေးကောက်ပွဲ အတွေ့အကြုံကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသေးသည်။ မြန်မာနိုင်ငံအဖို့မူ အမှန်စင်စစ် ပြည်သူများ မဲပေးခွင့်ရသည့် အတွေ့အကြုံ နည်းပါသေးသည်။ ဤအချက်ကို အချို့သော ပညာရှင်များကလည်း ဒီမိုကရေစီ အားနည်းချို့တဲ့မှု (democracy deficit) အဖြစ် ဆိုကြပါသည်။ သို့သော် လေ့လာမှုများအရ ရွေးကောက်ပွဲများက အတုဖြစ်သည် ရှိစေ၊ မဲခိုးမဲလိမ်သည် ဖြစ်စေ၊ လက်ခံသင့်သည်ဟု ပညာရှင်များက အကြံပေးကြပါသည်။ အကြောင်းမှာ မဲပေးလိုက်ရသည့် ပြည်သူများ၏ မှတ်ဉာဏ် အသိသညာက နောက်ပိုင်းဖြစ်လာမည့် စစ်မှန်သော ရွေးကောက်ပွဲများအတွက် အရေးပါသည်ဟု သူတို့က ဆိုကြသည်။ “အမှန်ဖြစ်လာသည်အထိ အတုဖြစ်လည်း လုပ်ပါ” (Fake it till you make it) ဟု ဆိုကြသည်။ အကျယ်ဆိုရလျှင် အာဏာရှင်စနစ်များမှ တစ်စွန်းတစ်စ တံခါးပွင့်လာခြင်းဖြင့် နောက်ပိုင်းတွင် ပို၍ ဒီမိုကရေစီ ဖြစ်ဖွယ်ရှိသွားသည်ဟု သူတို့က ဆိုကြပါသည် (Coleman  et al., 2013)။

■ နိုင်ငံရပ်ခြား ဝင်ရောက်စွက်ဖက်မှု

နိုင်ငံရပ်ခြား စွက်ဖက်မှု ဖိအားများကြောင့်လည်း ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်စေပါသည်။ (ဥပမာ- ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီ၊ ဂျပန်) အမေရိကန်၏ သြဇာ လက်တင်အမေရိကမှ ဆုတ်ခွာ သွားခဲ့ခြင်း သည်လည်း လက်တင်အမေရိက နိုင်ငံများ၏ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်စေခဲ့သည်။ သို့သော် သမ္မတဘုရှ်၏ ဒီမိုကရေစီ တင်ပို့ရေး၊ အာဏာရှင် ဖြုတ်ချပြောင်းလဲရေး (regime change) အယူအဆမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါ (Coleman et al., 2013)။ စာအုပ်ပါ ပညာရှင်များကမူ အိမ်နီးချင်းနိုင်ငံများ၏ သက်ရောက်မှုဟု ဆိုကြသည်။ နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများကိုသာ ဆိုလိုခြင်း မဟုတ်ပါ။ အပြန်အလှန် မှီခိုနေကြရသော နိုင်ငံများ၊ စီးပွားရေး အစုအဖွဲ့များ၊ နိုင်ငံရေး-စစ်ရေး မဟာမိတ်အဖွဲ့များ၊ ယဉ်ကျေးမှု အုပ်စုများလည်း အပါအဝင် ဖြစ်သည်။ ဆိုးသည့် အိမ်နီးချင်းများက အာဏာလုပွဲများကို အားပေးခြင်း၊ အာဏာရှင်များဖက် ပြန်လှည့်စေခြင်းဖြင့် လည်းကောင်း၊ စိတ်ဓာတ်ရေးရာ၊ ငွေကြေး၊ သံတမန်ရေး အားပေးမှုများဖြင့် ဆိုးကျိုးကောင်းကျိုး သက်ရောက်စေနိုင်မှုများ ရှိပါသည်။ ဥပမာ- ရုရှား၊ ယူကရိန်း၊ ပိုလန် စသည့် နီးစပ်နေမှုမျိုး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးရန်နှင့် စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များကို ဟန့်တားနိုင်ရန်၊ အထူးသဖြင့် အနောက်နိုင်ငံများက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့ကြပါသည်။ သို့တိုင်အောင် ဤသို့ ဒဏ်ခတ် အရေးယူမှုများကြောင့် ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်စေရန် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက် နိုင်သော်လည်း၊ မည်မျှ အတိုင်းအတာအထိ စေ့ဆော် ဖိအားဖြစ်စေခဲ့သည်မှာ မေးခွန်းထုတ်ရမည့်ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ လုပ်ဆောင်ပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ်နှင့် နောက်ဆုံး ၂၀၁၅ ခုနှစ်များတွင် ဒဏ်ခတ် ပိတ်ဆို့မှုများကို ပြန်၍ ရုပ်သိမ်းခဲ့ကြပါသည်။

■ ပညာရေး

ပညာရေးနှင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအကြား ဆက်စပ်မှု ရှိကြောင်း ကာလ ကြာရှည်စွာကပင် တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။ ပညာရေးမှသည် နိုင်ငံရေးအရ သည်းညည်းခံစိတ်ကို ပိုမိုမြင့်မားစေသည်၊ နိုင်ငံရေးအရ ပါဝင်မှုကို ပိုမို မြင့်မားစေသည်၊ တန်းတူညီမျှမှု မရှိခြင်းကို လျှော့ချပေးနိုင်သည်ဟု ဆိုကြပါသည် (Aleman, 2015)။ သုတေသန တွေ့ရှိချက် တစ်ခုအရ ဆင်းရဲသည့် နိုင်ငံများတွင် ပညာရေး၏ ဒီမိုကရေစီ ထွန်းကားမှုအပေါ် ပို၍ သက်ရောက်မှု ရှိစေသည်ကို တွေ့မြင်ကြရပါသည်။Lipset (1959) ၏ အစောပိုင်းကာလ လေ့လာချက်များအရပင် ပညာရေး၊ ဝင်ငွေတို့မှာ ဒီမိုကရေစီအတွက် လိုအပ်သည့် လူမှုရေး အခြေအနေများအဖြစ် ဖော်ပြခဲ့ပါသည်။

■ နိုင်ငံခြားကုန်သွယ်မှု

၂၀၁၆ ခုနှစ် လေ့လာမှုတစ်ခုအရ ဦးစားပေး ကုန်သွယ်ဘက် သဘောတူညီချက်များ (preferential trade agreements) ကြောင့် နိုင်ငံတစ်ခုကို ပို၍ ဒီမိုကရေစီလမ်းကြောင်းသို့ တွန်းပို့ပေးသည်ဟု ဆိုပါသည်။ ဤသို့ ဦးစားပေး ကုန်သွယ်ဘက် ရရှိကြသော နိုင်ငံများသည်လည်း ဒီမိုကရေစီနိုင်ငံများ ဖြစ်နေကြသည်မှာလည်း တစ်ကြောင်းပါဝင်ပါသည် (Manger, 2016)။

■ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု

၂၀၀၂ ခုနှစ် လေ့လာမှုတစ်ခုအရ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များသည် ၁၉၅၀ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ်အကြား ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများနှင့် ဆက်စပ်မှုရှိကြောင်း ပြသနေခဲ့ပါသည် (Pevehouse, 2002)။

■ အာဏာရှင် အမျိုးအစား       

သုတေသနများအရ အချို့သော အာဏာရှင် အမျိုးအစားများသည် ဒီမိုကရေစီ ကူးပြောင်းမှု ပို၍ဖြစ်စေနိုင်သည်ဟု ဆိုသည်။ စစ်တပ် အာဏာရှင်စနစ်သည်၊ စစ်တပ် ဦးဆောင်သည် မဟုတ်သည့် အာဏာရှင်များထက် ပို၍ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စေနိုင်သည်ဟု ဆိုပါသည်။ (Debs, 2016)

■ ဒီမိုကရေစီ ဆန္ဒပြပွဲများ

သုတေသနများအရ ဒီမိုကရေစီ ဆန္ဒပြပွဲများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်စပ်မှု ရှိကြပါသည်။ ၂၀၁၆ ခုနှစ် လေ့လာမှု တစ်ခုအရ ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ခဲ့သည့် ဒီမိုကရေစီ ဆန္ဒပြပွဲများ၏ လေးပုံတစ်ပုံတွင် ဒီမိုကရေစီ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါသည် (Brancat, 2016)။ Coleman et al. (2013) စာအုပ်ပါ ပညာရှင်များကမူ လူထုအုံကြွမှုများ၊ လူထု ဆူပူဆန္ဒပြမှုများက မသေချာသော်လည်း စဉ်းစားနိုင်သေးသည်၊ အကြောင်းကြောင်းကြောင့် အသွင်ကူးပြောင်းရေး အဆင်မပြေ၍ လက်နက်ကိုင် တော်လှန်ရေးဘက်သို့ ပြန်ပြောင်းခြင်းမျိုး လုံး၀ မစဉ်းစားရန် ဆိုကြပါသည်။ အကြောင်းမှာ ကြမ်းဖက်မှုများမှ နေ၍ ဒီမိုကရေစီကို မမွေးဖွားနိုင်၊ နောက်ထပ် အာဏာရှင်တစ်ဦးကိုပင် ထပ်၍ ပေါက်ဖွားစေနိုင်သည်ဟု သူတို့က ဆွေးနွေးကြသည်။

■ ပဋိပက္ခ ဖြစ်စေမည့် ခြိမ်းခြောက်မှုများ

သုတေသနများအရ ပြည်တွင်းစစ်၊ ပဋိပက္ခ ဖြစ်စေမည့် ခြိမ်းခြောက်မှုများသည် အာဏာရှင် အစိုးရများအတွက် ဒီမိုကရေစီသို့ ပြောင်းပေးရန် တိုက်တွန်းမှု ဖြစ်စေသည်ဟု ဆိုကြပါသည်။ ၂၀၁၆ ခုနှစ် လေ့လာမှု တစ်ခုအရ ဆာဟာရအောက်ပိုင်း နိုင်ငံများတွင် ရေခမ်းခြောက် ရှားပါးရာမှ ပဋိပက္ခများ ပိုမိုပြင်းထန် လာမည်ကို စိုးရိမ်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည် (Aidt, 2016)။

■ အရေးကြီးသည့် အလှည့်အပြောင်းတွင် မူဝါဒ ရွေးချယ်မှု

အရေးပါသည့် အလှည့်အပြောင်းများတွင် မူဝါဒမှန်ဖို့ လိုသည်။ စမတ်ကျသည့် မူဝါဒများ ဖြစ်ဖို့လိုသည် ဟုလည်း ဆိုကြသည်။ အထူးသဖြင့် အပြောင်းအလဲများတွင် ပြည်သူများက မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိနေကြရာ၊ သူတို့၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အရေးကြီးလှပါသည်။ သူတို့၏ ဘဝကို ရုပ်ပိုင်းဆိုင်ရာအရပါ မြှင့်တင်နိုင်ဖို့ လိုအပ်သည်။ မျှဝေသည့် အခွင့်အလမ်းများ၊ အားလုံး ခံစားနိုင်သည့် ဖွံ့ဖြိုးမှု (inclusive growth) ရရှိစေရန် မူဝါဒများ ချမှတ်ဖို့ လိုအပ်သည်။ ဘရာဇီးနိုင်ငံ အပြောင်းအလဲတွင် ဆင်းရဲသား ပြည်သူများ၏ သာယာဝပြောရေးကို ဦးစားပေး ပထမ လုပ်ဆောင်ရန်နှင့် အခြေအနေ သတ်မှတ်မှု တခုအပေါ်တွင် ငွေသား ထောက်ပံ့ပေးသည့် အစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။ မက္ကဆီကိုတွင်လည်း ကလေးများ ကျန်းမာရေး၊ ကျောင်းတက်နိုင်စေရေးအတွက် ငွေသား ထောက်ပံ့မှု အစီအစဉ်များကို လူထု ၂၅ ရာခိုင်နှုန်းသို့တိုင် သက်ရောက်စေရန် ထောက်ပံ့ပေးမှုများ ပြုခဲ့သည်။ စာရင်းအင်းပညာ လေ့လာမှု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် လူမှုစီးပွားရေး အခြေအနေများတွင် ခွဲခြား ဖိနှိပ်ထားခြင်း၊ ပါဝင်စေခြင်း (socio-economic inclusion and exclusion) တို့က သိပ်မသိသာသော ဆက်စပ်မှု ရှိနေကြသည်ဟုလည်း ဖော်ပြကြသည် (Coleman et al., 2013)။

■ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်မှုစနစ်

တရားဥပဒေ စိုးမိုးရေး (rule of law) ကို ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခြင်းအားဖြင့် မျှတသည့် နိုင်ငံရေးနှင့် စီးပွားရေး ကစားပွဲကို ဖြစ်စေသည်။ အဓိကကျသည့် လူ့အခွင့်အရေးများကို ကာကွယ်ပေးမှု ပြုနိုင်ပါသည်။ တစ်ဖက်တွင်လည်း အကျင့်ပျက် ခြစားမှုနှင့် ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ (nepotism) ကို ကာကွယ်ပေးနိုင်သည်။ မျှတသည့် အခွင့်အလမ်းများကို ဖန်တီးပေးသည်။ အစိုးရ၏ တာဝန်ယူ တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်ပါသည်။ အရေးကြီးသည်မှာ ပြည်သူများက တရားစီရင်ရေးစနစ်နှင့် အစိုးရ၏ ယန္တယားများအပေါ် ယုံကြည်မှု တိုးတက်လာစေပြီး၊ အသွင်ကူးပြောင်းရေး ကာလတွင် ကြုံတွေ့ကြရမြဲ ဖြစ်သည့် မတည်ငြိမ်မှုများ၊ အခက်အခဲများအတွက် ပို၍ သည်းညည်းခံစိတ် ရှိစေပါသည်။ ရုရှား၊ ယူကရိန်းတို့၏ ပြုပြင်ပြောင်းလဲမှုများတွင် အလောသုံးဆယ် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကပိုင် လွှဲပြောင်းမှုများကြောင့် လူနည်းစု လက်ထဲသို့ ကြွယ်ဝမှု၊ အာဏာနှင့် အခွင့်အရေးများ မမျှမတ ကျရောက်စေခဲ့ပါသည် (Coleman et al., 2013)။

■ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် အစိုးရ၏ အာဏာ

ဗဟိုချုပ်ကိုင်မှု လျှော့ချပေးခြင်း (decentralization) အားဖြင့် ဗဟိုအစိုးရတွင် အာဏာသိပ်သည်း စုစည်းမှု၊ ဗဟိုအစိုးရက အာဏာရှင်ဆန်ဆန် ပြုမူလာမှုကို ကာကွယ်ပေးနိုင်သည်။ အောက်ခြေ ပြည်သူထု၏ တာဝန်ယူ တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်သည်။ ဝန်ဆောင်မှု ပိုမိုကောင်းစေ၍ ဘတ်ဂျက် ပွင့်လင်းမြင်သာမှု ဖြစ်လာစေပါသည်။ အောက်ခြေ ဒေသခံ ပြည်သူလူထုများကို သူတို့၏ ဒေသကို သူတို့ ပိုမိုထိန်းချုပ် လာနိုင်စေခြင်းအားဖြင့်၊ ပိုလန်နိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်များက နိုင်ငံဘတ်ဂျက်၏ တစ်ဝက်ကျော်ကို အောက်ခြေ အစိုးရများက ထိန်းချုပ်ပိုင်ခွင့် ရှိခဲ့ကြပြီး၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အဦ ကိစ္စများအတွက် ပို၍ လုပ်ဆောင်ပေးနိုင်ခဲ့ကြသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင်လည်း မကြာသေးမီက ဤသို့ အောက်ခြေသို့ အာဏာဖြန့်ခွဲပေးသည့် လုပ်ငန်းစဉ်များ တိုး၍ ဖြစ်ပေါ်လာသည်ကို မြင်ခဲ့ကြရသည် (Coleman et al., 2013)။

■ မြို့ပြဖြစ်ထွန်းမှု

သုတေသန ပြုမှုများအရ မြို့ပြအဖြစ် ဖြစ်ထွန်းလေလေ၊ အကြောင်းအချက် ပေါင်းစုံအရ ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အထောက်အပံ့ ဖြစ်စေသည်ဟု ဆိုပါသည်။ (Glaeser et al., 2016)

■ အသွင်ကူးပြောင်းမှု မူဘောင် (ရှေ့-နောက် ဖြစ်စဉ်များ)

ထို့အပြင် အသွင်ကူးပြောင်းမှု ပုံစံမူဘောင် (transition paradigm) တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရှေ့နောက်ဖြစ်စဉ် အဆင့်များကိုလည်း ဖော်ပြ ဆွေးနွေးကြသည်။ ယင်းတို့မှာ ပွင့်လင်းလာခြင်း (opening)၊ ထိုးထွင်းပြောင်းလဲခြင်း (break-through) နှင့် ခိုင်မာအောင်ပြုခြင်း (consolidation) ဟူ၍ ခွဲခြား ဖော်ပြကြသည်။  ပါမောက္ခ ကာစတန် ရှနိုက်ဒါနှင့် ဖိလစ် ရှမစ်တာ တို့ကလည်း ၁၉၇၄-၂၀၀၀ ပြည့်နှစ်အကြား ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ခဲ့သည့် နိုင်ငံ ၃၀ ကျော်ကို လေ့လာ၍ နိုင်ငံများ ဒီမိုကရေစီ ကူးပြောင်းပုံကို အဆင့်သုံးဆင့် ခွဲခြားဖော်ပြခဲ့ကြသည်။ (Liberalization) ချုပ်ကိုင်မှုများကို လျှော့ချလာခြင်း၊ ပိုမို လွတ်လပ် ပွင့်လင်းလာခြင်း၊ (Transitition) အသွင်ကူးပြောင်းခြင်းနှင့် (Consolidation of democracy) ဒီမိုကရေစီစနစ်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်းအဖြစ် ဖော်ပြခဲ့ကြသည်။ ဤသည်ကိုပင် ဆရာ ဦးကျော်ဝင်းက “အဖွင့်၊ အကူး၊ အခိုင်” ဟူ၍ အနှစ်ချုပ် ဖော်ပြဖူးပါသည်။ ဤအဆင့်များအလိုက် နိုင်ငံများ၏ ကူးပြောင်းမှု အဆင့်များအလိုက် သတ်မှတ် တိုင်းတာနိုင်သည့် အချက်များ (measures) ကိုလည်း ဖော်ပြခဲ့ကြပါသည် (Schneider et al., 2004)။

အာဏာရှင် အစိုးရက ချုပ်ကိုင်ထားသည်များကို ဖြေလျှော့လိုက်ခြင်း (အဖွင့်) အတွက် သူတို့က တိုင်းတာမှု ကိန်းရှင်များကို ဖော်ထုတ်ခဲ့ကြပါသည်။ ယင်းအချက်များမှာ လူတစ်ဦးချင်းဆိုင်ရာ အခွင့်အရေး၊ အဖွဲ့အစည်းဆိုင်ရာ အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်များ ပါဝင်နေသည်ကို တွေ့ရသည်။ ယင်းတို့မှာ-

၁။ အစိုးရက လူ့အခွင့်အရေးများနှင့် ပတ်သက်၍ သိသာထင်ရှားစွာ လိုက်လျော အသိအမှတ် ပြုလာခြင်း။

၂။ နိုင်ငံရေး အကျဉ်းသားများ လုံးဝမရှိခြင်း၊ သို့မဟုတ် မရှိသလောက် ဖြစ်လာခြင်း။

၃။ သဘောထား ကွဲလွဲမှုများ၊ အစိုးရအပေါ် ဆန့်ကျင်မှုများအပေါ် သည်းညည်းခံမှု တိုးလာခြင်း။

၄။ သီးခြား လွတ်လပ်သည့် တရားဝင် နိုင်ငံရေးပါတီ တစ်ခုထက် ပို၍ ရှိလာခြင်း။

၅။ လွှတ်တော်အတွင်း အနည်းဆုံး အတိုက်ခံပါတီတစ်ခု ရှိလာခြင်း။

၆။ အစိုးရက၊ သို့မဟုတ် အာဏာရပါတီက ထိန်းချုပ်ထားခြင်း မဟုတ်သည့် အလုပ်သမားသမဂ္ဂများ၊ သို့မဟုတ် ကျွမ်းကျင်သူ အဖွဲ့အစည်းများ ရှိလာခြင်း။

၇။ လွတ်လပ်သည့် သတင်းမီဒီယာများ ရှိလာခြင်း၊ အစိုးရက အခြားသတင်းရင်းမြစ် နည်းလမ်းများ ရှာဖွေရယူသည့်အပေါ် သည်းညည်းခံလာခြင်း။

အသွင်ကူးပြောင်းခြင်း (အကူး) (Transition mode) ပုံစံများအတွက် တိုင်းတာနိုင်သည့် အချက်များကိုလည်း ဆွေးနွေးထားပါသည်။

၁။ အာဏာရ အစိုးရကို အတိုက်အခံ ပြုနေကြသည့် လူမှုရေး၊ နိုင်ငံရေးအရ အတိုက်အခံပြုမှုများနှင့် အစိုးရက လူသိရှင်ကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိလာခြင်း။

၂။ ပြည်သူ့ရေးရာ မူဝါဒများနှင့် ပတ်သက်၍ ပြဿနာများကို အစိုးရအတွင်း ပွင့်လင်းလာခြင်းနှင့် ပဋိပက္ခများကို အသိအမှတ်ပြုလာခြင်း။

၃။ အစိုးရက အတင်းအကျပ် အာဏာသုံးမှုကို ကန့်သတ် ချုပ်ချယ်သည့် ဥပဒေကြောင်းဆိုင်ရာ အပြောင်းအလဲများ စတင်လာခြင်း။

၄။ ဗီတိုအာဏာ သုံးပိုင်ခွင့် ရှိသည့် အုပ်စုများ၏ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ကျင့်သုံးနေသော အာဏာများကို အဆုံးသတ်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ၊ သို့မဟုတ် ဥပဒေကြောင်းဆိုင်ရာ ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာခြင်း။

၅။ နိုင်ငံသား အားလုံးအတွက် တန်းတူ နိုင်ငံရေး အခွင့်အရေးများကို အာမခံပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ အသိအမှတ်ပြုခြင်း။

၆။ ရွေးကောက်ပွဲများ စတင် ကျင်းပလာခြင်း။

၇။ ရွေးကောက်ပွဲများက လွတ်လပ်၍ တရားမျှတ ဖြစ်လာခြင်း။

၈။ ယင်းတို့၏ ရလဒ်များကို အကျယ်အပြန့် လက်ခံ အသိအမှတ် ပြုလာကြခြင်းဟူ၍ ဖော်ပြသည်။

နောက်တစ်ဆင့်မှာ ဒီမိုကရေစီကို ပိုမို အားကောင်းခိုင်မာစေရန် တည်ဆောက်သောအဆင့် (အခိုင်) ဖြစ်ပြီး၊ ဤသို့ (democracy consolidation) အဆင့်တွင် တိုင်းတာမှု ကိန်းရှင်များကိုလည်း ဖော်ပြခဲ့ကြပါသည်။ ယင်းတို့မှာ-

၁။ တည်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိကကျသည့် အပြောင်းအလဲများ ထပ်မံလုပ်ရန် မည်သည့် နိုင်ငံရေး ပါတီကမျှ သိသိသာသာ တိုက်တွန်း တောင်းဆိုမှုများ မလုပ်တော့ခြင်း။

၂။ ပုံမှန် ရွေးကောက်ပွဲများ ကျင်းပ၍ ယင်းတို့၏ ရလဒ်များကို အစိုးရ အာဏာပိုင်များနှင့် အတိုက်အခံ နိုင်ငံရေးပါတီများက လေးစားလိုက်နာကြခြင်း။

၃။ ရွေးကောက်ပွဲများက လွတ်လပ်၍ တရားမျှတ ဖြစ်လာခြင်း။

၄။ ယခင် ရွေးကောက်ပွဲများနှင့် ပတ်သက်သည့် အခြေအနေများကို မည်သည့် နိုင်ငံရေးပါတီ၊ အုပ်စုများက သိသာ ထင်ရှားစွာ ငြင်းပယ်မှု မရှိကြတော့ခြင်း။

၅။ ရွေးကောက်ပွဲ ကာလ မတည်ငြိမ်မှုများ သိသိသာသာ လျော့နည်းသွားခြင်း။

၆။ ရွေးကောက်ခံ အာဏာပိုင်များ၊ ကိုယ်စားလှယ်များ၏ ကျင့်သုံး လုပ်ဆောင်မှုများကို ရွေးကောက် မခံထားရသည့်၊ ဗီတို ကျင့်သုံးနိုင်သော အုပ်စုများက ကန့်သတ် ထိန်းချုပ်နိုင်မှု မရှိတော့ခြင်း။

၇။ ပြဋ္ဌာန်းထားသော ဥပဒေများအတွင်း ပထမအကြိမ် အာဏာရယူနိုင်မှု အပြောင်းအလဲ ရှိလာခြင်းနှင့် နိုင်ငံရေး ပါတီများ၏ မဟာမိတ်ဖွဲ့မှုများ သိသိသာသာ ပြောင်းလဲလာခြင်း။

၈။ ပြဋ္ဌာန်းထားသော ဥပဒေများအတွင်း ဒုတိယအကြိမ် အာဏာရယူနိုင်မှု အပြောင်းအလဲ ရှိလာခြင်းနှင့် နိုင်ငံရေး ပါတီများ၏ မဟာမိတ်ဖွဲ့မှုများ သိသိသာသာ ပြောင်းလဲလာခြင်း။

၉။ အသင်းအပင်း ဖွဲ့စည်းပုံနှင့် လုပ်ဆောင် ကျင့်သုံးပုံများတွင် မည်သည့်ကိစ္စများကို လက်ခံနိုင်သည်၊ လက်မခံနိုင် စသည့် စဉ်းစားမှုများက တရားဝင်သည် ဖြစ်စေ၊ တရားဝင် မဟုတ်သည် ဖြစ်စေ သဘောတူညီမှုများ ရှိလာခြင်း။

၁၀။ အစိုးရ အုပ်ချုပ်ရေး ပုံစံများတွင် တရားဝင်သည် ဖြစ်စေ၊ တရားဝင် မဟုတ်သည် ဖြစ်စေ သဘောတူညီမှုများ ရှိလာခြင်း။

၁၁။ တရားဝင်သည် ဖြစ်စေ၊ တရားဝင် မဟုတ်သည် ဖြစ်စေ သဘောတူညီမှုများက အုပ်ချုပ် လုပ်ကိုင်မှု (ကျွမ်းကျင်မှု နယ်ပယ်ခွဲခြား သတ်မှတ်မှုများ) တွင် ပါဝင်လာခြင်း။

၁၂။ တရားဝင်သည် ဖြစ်စေ၊ တရားဝင် မဟုတ်သည် ဖြစ်စေ သဘောတူညီမှုများက အများပြည်သူဆိုင်ရာ သတင်းမီဒီယာ ပိုင်ဆိုင်မှု၊ ရယူနိုင်မှု စည်းမျဉ်း ဥပဒေများတွင် အရေးပါလာခြင်း တို့ဟူ၍ ဖြစ်သည်။

ပါမောက္ခ ကာစတန် ရှနိုက်ဒါနှင့်  ဖိလစ် ရှမစ်တာတို့ကလည်း ၁၉၇၄-၂၀၀၀ ပြည့်နှစ်အကြား ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ခဲ့သည့် ဤသို့ နိုင်ငံ ၃၀ ကျော်ကို လေ့လာမှုတွင်၊ ဒီမိုကရေစီ အရည်အသွေး သဘော  quality of democracy (QoD)  အတွက် တိုင်းတာမှု အဆင့် ၇-ခုကိုလည်း ဆွေးနွေး တင်ပြခဲ့ကြပါသည်။ ယင်းတို့မှာ-

၁။ တစ်စိတ်ပိုင်း အာဏာရှိ အစိုးရများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သဘောတူညီမှုများမှာ အုပ်စု အားလုံးအပေါ်နှင့် နိုင်ငံ၏ ဒေသ အသီးသီးအတွက် သက်ဝင် အသုံးချလာနိုင်ကြခြင်း။

၂။ အများစုသော နိုင်ငံသားများ၊ အုပ်စုများအတွက် နိုင်ငံရေးအရ ထိရောက်သော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာစေရန် အခြေအနေများကို တန်းတူရည်တူ အသုံးပြုလာနိုင်ခြင်း။

၃။ ထိရောက်စွာ လူအများ ပါဝင်ဆောင်ရွက်ခွင့် ရှိသော တန်းတူမှုကြောင့်၊ တန်းတူမှု (equality) နှင့် ပတ်သက်၍ အများစုသော နိုင်ငံသားများ၊ အုပ်စုများအတွက် သိသာ ထင်ရှားသည့် ရလဒ်များ ထွက်ပေါ်လာခြင်း။

၄။ နိုင်ငံအဆင့် ရွေးကောက်ပွဲ သုံးခု ဆက်တိုက်တွင် မဲလာပေးသူ နိုင်ငံသားများ အရေအတွက် သိသာစွာ လျော့နည်းလာခြင်း၊ သို့မဟုတ် တိုးတက်လာခြင်း၊ သို့မဟုတ် အတူညီမျှ ရှိနေခြင်း။

၅။ အသင်းအဖွဲ့များနှင့် လှုပ်ရှားမှုများတွင် အဖွဲ့ဝင် အရေအတွက် တိုးတက်လာခြင်း၊ အကျယ်အပြန့်သော အကျိုးစီးပွားကိစ္စများကို တိုးချဲ့ လွှမ်းခြုံလာနိုင်ခြင်း။

၆။ လူအများက သူတို့ကိုယ်သူတို့ နိုင်ငံရေးအရ ထိရောက်လာသည်ဟု တိုး၍ ခံယူ ဖော်ပြလာခြင်း။

၇။ ကျား-မ ကွဲပြားမှုအပေါ် တန်းတူမှု တိုးတက်လာခြင်း စသည့်အချက်များ ဖြစ်သည်။

မည်သည့် အချိန်တွင် နိုင်ငံရေးအရ လွတ်လပ် ပွင့်လင်းမှုများ စတင်ပါသနည်း။ ပညာရှင် အများစုက ထိပ်သီး လူနည်းစု ခေါင်းဆောင်များ၏ စတင်ကြသည့် လုပ်ငန်းစဉ်များအပေါ် အလေးထား ဖော်ပြကြပါသည်။ အထူးသဖြင့် အာဏာပိုင်အုပ်စု အစိုးရအတွင်းရှိ ခေါင်းဆောင်များ ဖြစ်သည်။ Kaufman (1986) , ODonnell ESifh Schmitter (1986), Przeworski (1986) တို့က အာဏာရှင်အုပ်စု မဟာမိတ်များအတွင်း အကွဲအပြဲများဖြင့် နိုင်ငံရေးအရ လွတ်လပ် ပွင့်လင်းမှုများ၊ တံခါးဖွင့်မှုများ စတင်လာသည်ဟု ဆိုကြပါသည်။ Chalmers and Robinson (1982, p. 5) တို့က ဆွေးနွေးကြရာတွင်၊ ထိပ်သီး အာဏာပိုင် အုပ်စုများအကြား “လက်ရှိ အခြေအနေတွင် မည်သို့သော ပုံစံမျိုးဖြင့် ပို၍ လွတ်လပ် ပွင့်လင်းသည့်၊ ပို၍ လစ်ဘရယ်ကျသည့် နည်းနာများဖြင့် နိုင်ငံရေးဘ၀ တစ်ခုကို တည်ဆောက်ကြလျှင် ကောင်းပါမည်နည်း”ဟု နည်းလမ်းရှာကြရင်း စတင်သည်ဟု ဆိုပါသည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကိစ္စများဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ စတီပင် Stepan (1988) ကမူ စစ်တပ်အတွင်း အကွဲအပြဲများကို အလေးထား၍ လေ့လာခဲ့ပါသည်။ အချို့သော ဖြစ်ရပ်များတွင် လွတ်လပ် ပွင့်လင်းမှု၊ တံခါးဖွင့်မှုများ မတိုင်မီ “အကွဲအပြဲ”က စ၍ လာသည်၊ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေရင်း လုပ်ငန်းများ မအောင်မြင် ကျရှုံးသောကြောင့် နည်းလမ်း ရှာကြခြင်း ဖြစ်သည်။ အချို့ဖြစ်ရပ်များတွင် မိမိတို့၏ အောင်မြင်မှုများပေါ်တွင် အငြင်းပွားစရာ အခြေအနေများ ရှိလာသောကြောင့် ဖြစ်သည်။ နိုင်ငံရေးစနစ်ကို ဖွင့်ပေးခြင်းအားဖြင့် သူတို့အတွက် ဆုံးရှုံးစရာ အနည်းငယ်မျှသာ ရှိသည်ဟု ဆိုလျှင်လည်း ထိပ်သီး အာဏာပိုင်များက စတင် ဆောင်ရွက်တတ်ကြ ပါသည်။ ဤသို့ဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် တရားဝင်မှု ပိုရလာစေပါသည်။ လက်နက်ကိုင် တပ်များအကြား တင်းမာမှုများကိုလည်း ဤနည်းဖြင့် ဖြေလျှော့နိုင်ကြပါသည်။

နိုင်ငံရေးအရ လွတ်လပ် ပွင့်လင်းမှုများ (liberalization) နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု (democratization) ကို ခွဲခြား ဖော်ပြလိုသည့် ပညာရှင်များလည်း ရှိပါသည်။ နိုင်ငံရေးအရ လွတ်လပ် ပွင့်လင်းမှုများကြောင့် မည်သို့မည်ပုံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ဖြစ်လာရပါသနည်း၊ ဤသို့ မေးခွန်းထုတ်မှုများလည်း ရှိပါသည်။ ဤနေရာတွင် အချက်သုံးချက် ရှိသည်ဟု ဆွေးနွေးကြပါသည်။ ပထမအချက်မှာ အစိုးရနှင့် အတိုက်အခံများအကြား ထိတွေ့ ဆက်ဆံမှုနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ဖြစ်သည်။ အသွင်ကူးပြောင်းမှုကို မည်သို့သွားမည်ဟု ဆုံးဖြတ်ကြရာ၌ ဤ ဆွေးနွေးပွဲများက အရေးပါပါသည်။ ဒုတိယအချက်မှာ အစိုးရအဖွဲ့တွင်းနှင့် အတိုက်အခံ ဖက်တွင်လည်း အကွဲအပြဲများ (ခေါင်းမာ ဂိုဏ်းသားများနှင့် သဘောထား ပျော့ပြောင်းသူများ) ရှိလာကြသည့် အချက်ဖြစ်သည်၊ တတိယအချက်မှာ အသွင်ကူးပြောင်းမှု ဖြစ်စဉ် မည်သို့ သွားမည်ဟူ၍ ကွဲလွဲမှုများ အသီးသီး ရှိနေကြခြင်း ဖြစ်သည်။ ဘုံတူညီသည့် သဘောထား မချမှတ်နိုင်ဘဲ ရှိနေတတ်ကြပါသည်။ ဤအချက်ကြောင့် အချို့သော ပညာရှင်များက အသွင်ကူးပြောင်းရေးအတွက် သဘောတူညီချက်တစ်ရပ် (elite political pact) ရယူရန် အရေးကြီးပုံ (pactology) ကို အလေးပေး ဆွေးနွေး ပြောဆိုကြသည် (Carothers, 2002)။

သို့သော် အရေးကြီးသည့်အချက်မှာ နိုင်ငံရေးအရ လွတ်လပ် ပွင့်လင်းလာမှုတိုင်းက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတိုင်အောင် ခရီးမပေါက်ကြခြင်းပင် ဖြစ်သည်။ လွတ်လပ် ပွင့်လင်းမှုများ (Liberalization) ကို ပြန်ရုပ်သိမ်းလိုက်ခြင်း၊ ခေါင်းဆောင်များက အသစ်တဖန် ဖိနှိပ်မှုများ စတင်လာခြင်းလည်း ကြုံတွေ့ ရတတ်ပါသည်။ ခေါင်းမာ ဂိုဏ်းသားများက အာဏာ ပြန်သိမ်းရန် ခြိမ်းခြောက်မှုများလည်း ကြုံတွေ့ရတတ်ပြီး၊ အောင်မြင်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ရန်ဆိုလျှင် သဘောထား ပျော့ပြောင်းသည့် အုပ်စုများက ဤသို့ ခြိမ်းခြောက်မှုများကို သူတို့၏ အားအဖြစ် ပြန်လည် ပြောင်းလဲပစ်နိုင်စွမ်း ရှိရန်လည်း လိုအပ်ပါသည်။ ဒီမိုကရေစီစနစ် (အစိုးရ) တစ်ရပ် ထွက်ပေါ်လာရန် ဟူသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပါချေ။

■ လွတ်လပ် ပွင့်လင်းမှု မရှိသော ဒီမိုကရေစီ ခေါင်းထောင်ထလာခြင်း (The rise of illebral democracy)

အချို့ ဒီမိုကရေစီဟု ခေါ်ဝေါ် သမုတ်သော နိုင်ငံများတွင်ပင် အုပ်ချုပ်မှုစနစ် အရည်အသွေး (quality of governance) နှင့် ဥပဒေနည်းကျ အုပ်ချုပ်ခြင်း (rule of law) ယိုယွင်း ကျဆင်း လာတတ်သည်။ အထူးသဖြင့် ဒီမိုကရေစီ ထူထောင်စ နိုင်ငံများတွင် လွတ်လပ်ခွင့် နည်းပါးခြင်းနှင့် အကျင့်ပျက် ခြစားမှုများ ရောပြွမ်းနေသည့် အခြေအနေလည်း ကြုံရလေ့ ရှိပါသည်။ ဤသည်ကို လွတ်လပ်ပွင့်လင်းမှု မရှိသော ဒီမိုကရေစီ (illebral democracy) ဟူ၍ သတ်မှတ် ဆွေးနွေးကြပါသည်။ ဒီမိုကရေစီ ခိုင်မာသော နိုင်ငံများတွင် ပုံမှန်ကျင်းပ၍ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲများသာမက၊ ဥပဒေနည်းကျ အုပ်ချုပ်ခြင်း (rule of law) ခိုင်မာစေရန် သီးခြား လွတ်လပ်သည့် တရားရေးရာ ဌာနများ၊ တာဝန်ယူ တာဝန်ခံမှု၊ အာဏာ အလွဲသုံးစားမှုကို စိစစ်စောင့်ကြပ်သည့် အဖွဲ့အစည်းစနစ် (အင်စတီကျုရှင်းများ)၊ နိုင်ငံသားတို့၏ နိုင်ငံရေးနှင့် မွေးရာပါ အခွင့်အရေးများကို ကာကွယ်ပေးမှုများသာမက၊ စုံလင် ထွေပြားသည့်၊ ရှင်သန် လှုပ်ရှားနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများပါ အားကောင်းနေဖို့ လိုအပ်ပါသည်။

၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံများ၏ ၆၀ ရာခိုင်နှုန်းကိုသာ “လစ်ဘရယ် ဒီမိုကရေစီ” (လွတ်လပ် ပွင့်လင်းမှုရှိသော ဒီမိုကရေစီဟု ခေါ်ဆိုနိုင်ပါသည်။ တဖက်တွင် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှု ကျယ်ပြန့် လာနေသော်လည်း၊ လစ်ဘရယ်ကျ လွတ်လပ် ပွင့်လင်းသည့် ဒီမိုကရေစီ စနစ်များ၏ အချိုးမှာ ၁၉၉၀ ပြည့်နှစ်လယ်များအတွင်း ကျဆင်းနေခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီပို၍ ကျယ်ပြန့် လာသော်လည်း၊ ပါးလွှာ လာသည်ဟု ဆိုကြသည်။ လွတ်လပ် ပွင့်လင်းမှု နည်းသော (ရွေးကောက်ပွဲများ ရှိနေသော်လည်း လွတ်လပ် ပွင့်လင်းမှုများ နည်းသော) illiberal democracy စနစ်က ခေါင်းထောင် ထလာနေသည်ဟု ဖာရိဇာကာရီးယား (Fareed Zakaria) က ဆွေးနွေးပါသည်။ အချို့မှာ ဒီမိုကရေစီဟု အငြင်းပွားဖွယ်ဖြစ်ပြီး၊ အချို့နိုင်ငံများတွင် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးမှုများ၊ အကျင့်ပျက် လာဘ်စားမှု ထိန်းချုပ်မှု၊ နိုင်ငံသားများ၏ လူမှု၊ စီးပွား ပြဿနာများအပေါ် ဖြေရှင်း ဂရုစိုက်မှုများတွင် လွန်စွာ အားနည်းသော နိုင်ငံများလည်း ဖြစ်ပေါ်လာပါသည်။ ယခု နောက်ပိုင်းနှစ်များတွင် ဒီမိုကရေစီလှိုင်းအပေါ် တန်ပြန် တိုက်ခိုက်မှုများ ရှိလာသည်၊ ဒီမိုကရေစီ လှုပ်ရှားပိုင်ခွင့် နယ်ပယ် ကျဉ်းလာနေသည်ဟု ဖော်ပြမှုများ ရှိလာခဲ့ပါသည် (Carothers, 2015)။

လူသိများသည့် Freedom Index  (လွတ်လပ်မှုညွှန်းကိန်းများ) အပြင်၊ ဂျာမနီနိုင်ငံမှ ဘာတဲလ်မန် ဖောင်ဒေးရှင်း (Bertelsmann Foundation) ကလည်း ဒီမိုကရေစီ အပြောင်းအလဲများ၏ ဆောင်ရွက်နိုင်စွမ်း၊ အစိုးရကို စီမံခန့်ခွဲနိုင်မှု၊ လွတ်လပ်မှုများကို ထိန်းသိမ်းထားခြင်း စသည်တို့ကို အခြေခံ၍ အသွင်ကူးပြောင်းမှုဆိုင်ရာ ညွှန်းကိန်းများ (Transformation Index) ဖော်ထုတ် တိုင်းတာခဲ့ကြသည်။ ယင်းညွှန်းကိန်းများ အရလည်း ကမ္ဘာကြီး၏ တစ်စုံလုံးဆိုင်ရာ ဒီမိုကရေစီ တိုက်စားခံနေရသည့် အခြေအနေကို ပြညွှန်းနေသည်။

ဤသို့ လွတ်လပ် ပွင့်လင်းမှု မရှိသည့် ဒီမိုကရေစီ (illiberal democracy) ခေါင်းထောင် ထလာရသည့် အကြောင်းအပေါ် ဆွေးနွေးမှုများလည်း ရှိပါသည်။ ပထမအချက်မှာ လူ့အခွင့်အရေးနှင့် ဥပဒေနည်းကျ အုပ်ချုပ်ရေး (rule of law) ကိစ္စများက သူတို့နေရာတွင်သာ အဆုံးသတ်သွားကြသည်။ ဒီမိုကရေစီနိုင်ငံများ (အာဏာရှင်နိုင်ငံများ အပါအဝင်) က သူတို့ လိုက်နာ စောင့်ထိန်းရမည့် တာဝန်ဝတ္တရားများကို ကြီးလေးစွာ ပျက်ကွက်နေကြသည်။ ဒုတိယအချက်မှာ ဒီမိုကရေစီ အရည်အသွေးနှင့် တရားဝင်မှု (legitimacy) အကြား ခိုင်မာစွာ ဆက်စပ်နေမှုပင် ဖြစ်သည်။ ရှင်သန် လှုပ်ရှားနေသည့် ဒီမိုကရေစီ ဖြစ်စေရန် နိုင်ငံသားများက ပို၍ အလေးဂရုပြုကြလျှင်၊ ဒီမိုကရေစီစနစ်က ပို၍ တည်ငြိမ်ပါသည်။ ထိုအခါ နိုင်ငံသားတို့၏ လွတ်လပ်ခွင့်၊ အစိုးရ၏ အာဏာကို ထိန်းချုပ် ကန့်သတ်နိုင်ခြင်း၊ တရားမျှတမှု၊ တာဝန်ယူ တာဝန်ခံမှု စသည်တို့ ပို၍ မြင့်မားစေအောင် ဆောင်ရွက်နိုင်ကြပါသည်။ တတိယအချက်မှာ အုပ်ချုပ်မှုစနစ် (governance) အရည်အသွေးနှင့် ဒီမိုကရေစီ တည်ငြိမ်မှု ဆက်စပ်နေခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ စနစ်၏ ပွင့်လင်း လွတ်လပ်မှု ကျဆင်းလာလေလေ၊ အစိုးရများက အကျင့်ပျက် ခြစားရန်၊ အရည်အသွေး ညံ့ဖျင်းရန်၊ ဖြုန်းတီးရန်၊ တာဝန်မဲ့ရန် အခြေအနေ ပို၍ ဖြစ်ပေါ်လာစေပါသည်။ တစ်ဖက်တွင်လည်း ပဋိပက္ခစစ်ပွဲများ၊ ရေရှည် ဆင်းရဲမွဲတေမှု၊ စီးပွားရေး ကပ်ဘေးများကြောင့် ဆင်းရဲသည့် နိုင်ငံများအဖို့ ထိရောက်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရန်၊ နိုင်ငံတကာ အကူအညီများ ထိရောက်စွာ အသုံးပြုနိုင်ရန် ခက်ခဲစေနိုင်ပါသည်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်စေရန်၊ ရေရှည် တည်တံ့သည့် အကျယ်အပြန့် ဖွံ့ဖြိုးမှုဖြစ်စေရန် လစ်ဘရယ် ဒီမိုကရေစီ ပေါ်ထွန်းလာစေရေး အားပေးဖို့လည်း တိုက်တွန်းမှုများ ရှိကြပါသည်။

■ နိုင်ငံပီသ ဖြစ်ပေါ်မှု ပထမ (Stateness First) နှင့် ဒီမိုကရေစီ မြှင့်တင်ရေး (Democracy promotion)

အသွင်ကူးပြောင်းမှု ပုံစံမူဘောင် (transition paradigm)  တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရှေ့နောက် ဖြစ်စဉ်များ၊ တင်ကူး လိုအပ်သည့် အခြေအနေများကို ဆွေးနွေးကြရာတွင် ပါမောက္ခ ဖူကူယားမားက “နိုင်ငံပီသ ဖြစ်ပေါ်မှု ပထမဦးစားပေး” (Stateness first) ဟု အဆိုတင်ပါသည်။ အထူးသဖြင့် များမကြာမီ နှစ်များတွင် ဒီမိုကရေစီ နောက်ပြန်ဆုတ်ရမှုများ အကြီးအကျယ် ကြုံခဲ့ရသည်။ ရုရှား၊ လက်တင် အမေရိက နိုင်ငံများ၊ အာဖရိက ဆာဟာရအောက်ပိုင်း နိုင်ငံများ၊ အာရပ် အရှေ့အလယ်ပိုင်း၊ ထိုမျှမက ဒီမိုကရေစီ တန်ဖိုးထားမှုများကို ဆန့်ကျင်သည့် မူစလင် အစွန်းရောက် အုပ်စုများ၏ အန္တရာယ်လည်း ရှိလာခဲ့သည်။ ထိုမျှမက အမေရိကန်က ဒီမိုကရေစီ တင်ပို့နေသည့် အာဖဂန်နစ္စတန်၊ အီရတ်နိုင်ငံများတွင်လည်း အခြေအနေ မဟန်လှ။ ဤအခြေအနေတွင် အင်အားချိနဲ့သည့်၊ သို့မဟုတ် ပြိုလဲနိုင်ငံများကိစ္စကို (failed or weak states) ကို ထည့်သွင်း စဉ်းစားရန် ဖြစ်လာပါသည်။ နိုင်ငံတော်တစ်ခု ပီပီသသ မဖြစ်ပေါ်ဘဲနှင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ လုံလောက်မှု မရှိဘဲနှင့် ဒီမိုကရေစီ ဖြစ်ထွန်းနိုင်ပါမည်လောဟု သူက မေးခွန်းစောကြောသည်။ ထိုအခါ ဒီမိုကရေစီအရေး ပြင်ပမှ ထောက်ခံ အားပေးနေသည့် နိုင်ငံများ၊ အဖွဲ့အစည်း အေဂျင်စီများအဖို့ နိုင်ငံတော် ပီသဖြစ်ပေါ်မှု (stateness) ကို ထည့်သွင်း စဉ်းစားဖို့ သူက အကြံပြုလာခဲ့သည်။ အဖွဲ့အစည်းဆိုင်ရာ စနစ်များ၊ ဒီမိုကရေစီ အားကောင်း ခိုင်မာရေး ကြိုးပမ်းမှုများသာမက နိုင်ငံတော် တည်ဆောက်ရေး (state-building) သည်လည်း အခြေခံကျသည့် လုပ်ငန်းအဖြစ် သူက ဆွေးနွေးခြင်း ဖြစ်သည်။ ပြင်ပမှ ထောက်ခံ ပံ့ပိုးသူများအနေဖြင့် အချုပ်အခြာအာဏာနှင့် နိုင်ငံတစ်ခု ပီပီသသ ဖြစ်ပေါ်လာစေရေး ပံ့ပိုးပေးရမည်။ သို့သော်လည်း ဒေသခံ ပြည်သူများက မောင်းနှင် ပိုင်ဆိုင်သည့် အစီအစဉ်ဖြစ်ရန် လိုအပ်သည်၊ ရပ်ရွာကိုယ်တိုင်က ကမကထပြုသည့် ဖွံ့ဖြိုးရေး အစီအစဉ်များသည် ဤသို့သော လုပ်ငန်းများတွင် အရေးပါသည်ဟု သူက ဆွေးနွေးပါသည်။

ဒါရွန် အေစီမိုဂလူး (Daron Acemoglu) နှင့် ဂျိမ်းစ် ရိုဘင်ဆင် (James Robinson) တို့၏ “မည်သည့်အတွက်ကြောင့် နိုင်ငံများ ကျရှုံးရသနည်း” (Why Nations Fail) စာအုပ်တွင်လည်း ဤကိစ္စကို မေးခွန်း ထုတ်ပါသည်။ သူတို့ကမူ ကျရှုံးနိုင်ငံတစ်ခုမှ ပြန်လည် နာလံထူနိုင်ခြေအပေါ် အနည်းငယ် အဆိုးမြင်ကြသည်။ ဤသို့သော ကျရှုံးနိုင်ငံများတွင် သယံဇာတ ထုတ်လုပ်သည့် လုပ်ငန်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများက သမိုင်းစဉ်ဆက်အရ လူနည်းစုကသာ ချုပ်ကိုင်ထားကြပြီး၊ ဤအပေါ်တွင်သာ မှီခိုနေသည်။ သူတို့ကလည်း ဖိနှိပ်မှုဖြင့်သာ အာဏာကို ချုပ်ကိုင်ထားသည်။ နိုင်ငံက ညီညွတ်မှု မရှိ၊ နိုင်ငံရေး ထောက်ခံမှု မရှိ၊ အရည်အချင်းရှိသူများက ပြင်ပသို့ ထွက်ခွာသွားကြသည်၊ ဤသို့ ဖြစ်နေသည့် အဆိုးကျော့ သံသရာကို သူတို့က ဆွေးနွေးကြပါသည်။ ဤသို့ အဆိုးကျော့ သံသရာကို ပြောင်းပစ်ဖို့လည်း ဆိုကြပါသည်။ ပြောင်းပစ်နိုင်သူများလည်း ရှိခဲ့ကြသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း Fragile States Index သုတေသနပြုမှုများရ နိုင်ငံ ၉၁ ခုက ပို၍ တည်ငြိမ်လာခဲ့ကြပြီး၊ နိုင်ငံ ၇၀ ကမူ ပို၍ ပြိုလဲ မတည်ငြိမ် ဖြစ်လာကြသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင်လည်း ဘဏ္ဍာဝင်ငွေ အများစုက သယံဇာတ ထုတ်လုပ်မှုကို မှီခိုနေရဆဲ ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်မှု လုပ်ငန်းစဉ်ကလည်း မပြီးဆုံးသေးပါ။ ပြည်တွင်း ပဋိပက္ခကလည်း မငြိမ်းသေး၊ ဖွံ့ဖြိုးမှုနှေးကွေးသည့် နိုင်ငံအဖြစ် ရုန်းကန်နေရဆဲ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကလည်း ခရီးအစသာ ရှိပါသေးသည်။ မြန်မာအတွက်ရော နိုင်ငံတစ်ခု ပီသဖြစ်ပေါ်မှု (stateness) လိုအပ်ပါသည်လား။ ဤသို့ စဉ်းစားချက်များအပေါ် အခြေပြု၍ ဟားဗတ်တက္ကသိုလ် အက်ရှ်စင်တာမှ ဒေါက်တာဒေးဗစ်ဒါပိစ်ကလည်း၊ အေစီမိုဂလူးနှင့် ဂျိမ်းစ်ရော်ဘင်ဆင်တို့က ဆွေးနွေးချက် မူဘောင်ကိုယူကာ မြန်မာနိုင်ငံအတွက် နည်းလမ်း အကြံပေးမှုများကို ပြုခဲ့ဖူးပါသည် (Dapice, 2013)။

တစ်ပြိုင်နက်တည်းတွင် အချို့သော ပညာရှင်များကလည်း ဒီမိုကရေစီ မြှင့်တင်ရေး (democracy promotion) ဟူသော အယူအဆကို တင်ကြသည်။ အထူးသဖြင့် ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းနှစ်များမှ စတင်၍ အနောက်နိုင်ငံ အစိုးရများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက ဒီမိုကရေစီ အပြောင်းအလဲနိုင်ငံများအတွက် ငွေကြေးထောက်ပံ့ ကူညီပေးကြသည့် ကိစ္စများကို ရည်ညွှန်းဖော်ပြကြခြင်း ဖြစ်သည်။ ပါမောက္ခ ဟန်တင်တန်က ပြောရာတွင် “ဒီမိုကရေစီသည် အာဏာရှင်စနစ်အတွက် အဖြေတစ်ခု ဖြစ်သော်လည်း၊ အခြားလိုအပ်သည့် ကိစ္စများစွာအတွက် ဒီမိုကရေစီမှာ အဖြေမဟုတ်”ဟု ဆိုပါသည်။ သို့ဖြစ်ရာ အခြားကိစ္စများဖြစ်သည့် စီးပွားရေး ဖွံ့ဖြိုးမှု၊ ယင်းနိုင်ငံများရှိ လူမျိုးရေး ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှု၊ ရေရှည် ဖြစ်ပေါ်နေခဲ့သည့် ငွေကြေးဖောင်းပွမှု၊ ကြွေးမြီပြဿနာ၊ နိုင်ငံရေးခေါင်းဆောင်မှု၊ တရားဥပဒေ စိုးမိုးမှု စသည့် ပြဿနာများကို ဒီမိုကရေစီ သက်သက်မျှဖြင့် ဖြေရှင်းပေးနိုင်မည် မဟုတ်ပါချေ။ ဤ အခက်အခဲများအတွက် ဒီမိုကရေစီ အားဖြည့်ပေးမှု (democratic consolidation) နည်းလမ်းများ လိုအပ်လာ ပါသည်။ ပါမောက္ခ သောမတ်ကာရိုသားစ်၏ အဆိုအရ အစိုးရ၊ ပုဂ္ဂလိက နေရာပေါင်းစုံမှ ဒီမိုကရေစီ အထောက်အပံ့ ပေးမှုများသည် တစ်နှစ်လျှင် ခန့်မှန်း ဒေါ်လာ သန်း ၂,၀၀၀ ခန့် ရှိမည်ဟု ဆိုပါသည်။ (အီရတ်အတွက် အမေရိကန် ထောက်ပံ့ပေးမှုများ မပါဝင်ပါ)။ ဤအထောက်အပံ့များကို လူတိုင်း မဲပေးပိုင်ခွင့် ရရှိရေး၊ နိုင်ငံရေးပါတီများ ခိုင်မာ အားကောင်းစေရေး၊ ဥပဒေရေးရာ၊ တရားစီရင်ရေးစနစ်၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း CSOs များ ခိုင်မာ အားကောင်းလာစေရေး၊ အစိုးရ ပညာရေးစနစ်၊ လူမှုရေး ဝန်ဆောင်ပေးမှုများ၊ လွတ်လပ်သည့် ဈေးကွက် စီးပွားရေးစနစ် ထူထောင်ပေးရေး စသည့် ကဏ္ဍပေါင်းစုံအတွက် အသုံးပြုခဲ့ကြပါသည်။

သို့သော် အချို့သော ပညာရှင်များက နိုင်ငံပီသ ဖြစ်ပေါ်မှု ပထမ (Stateness First) နှင့် ဒီမိုကရေစီ မြှင့်တင်ရေး (Democracy promotion) အယူအဆ နှစ်ခုအကြားတွင် တစ်ခုနှင့်တစ်ခု ဖြည့်ဆည်း ပေးမှုသဘော ဆောင်သော်လည်း၊ ပဋိပက္ခ သဘောလည်း ဆောင်နေသည်ဟု ဆိုကြပါသည်။ နိုင်ငံပီသဖြစ်ပေါ်မှု တစ်နည်း နိုင်ငံတော် တည်ဆောက်ရေး (State building) အယူအဆမှာ နိုင်ငံတော်၏ အာဏာကို နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ရာ နယ်နိမိတ် အသီးသီးသို့ ပျံ့နှံ့ သက်ရောက်စေရန် ဆောင်ရွက်ရသော ကိစ္စဖြစ်ပြီး၊ တရားဝင်မှု အာဏာကို လက်ဝါးကြီးအုပ် သုံးစွဲနိုင်ခွင့် ရရှိစေရန် နှင့် အာဏာစည်းကြပ်သည့်အခါ အကြမ်းဖက်မှုကို ပိုင်ပိုင်သုံးခွင့် ရှိစေသော သဘောတရား ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီ မြှင့်တင်ရေး သဘောတရားတွင်မူ လစ်ဘရယ် ဒီမိုကရေစီ တန်ဖိုးများကို မြှင့်တင်ခြင်းနှင့် အစိုးရ၏ အာဏာကို ပြန်၍ ထိန်းချုပ်ခြင်း၊ ဒေသန္တရများသို့ အာဏာကို ဖြန့်ခွဲပေးခြင်း၊ တရားဥပဒေစိုးမိုးမှု (rule of law) ကို မြှင့်တင်ပေးခြင်း၊ လူများစု သဘောဆန္ဒရယူခြင်း၊ အစိုးရတို့၏ တာဝန်ယူ တာဝန်ခံမှု (public accountability) ကို မြှင့်တင်ခြင်း ကိစ္စများ ပါဝင်နေရာ ယင်းသဘောတရား နှစ်ခုအကြား ကွဲလွဲ ဆန့်ကျင်နေပြန်သေးသည်။

■ အုပ်ချုပ်စီမံမှုစနစ် (Governance) 

အသွင်ကူးပြောင်းမှုအတွက် နောက်တစ်မျိုး ချည်းကပ်ပုံမှာ အသွင်ကူးပြောင်းမှုကို မည်သို့ စီမံခန့်ခွဲမည်နည်းဟူသော သဘောတရား (Transition management) ဖြစ်သည်။ ရှုပ်ထွေး ခက်ခဲလှသော ပြဿနာပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရေရှည်တည်မြဲ ဖွံ့ဖြိုးရန် (sustainable development) သဘောများလည်း ဆက်စပ်နေသည်။ သို့ဖြစ်ရာ လှုပ်ရှားပြောင်းလဲနေ၍၊ ကဏ္ဍပေါင်းစုံ၊ ပါဝင်သည့် ဇာတ်ကောင်ပေါင်းစုံ၊ အဆင့်ပေါင်းစုံ ပြဿနာများက အမြဲတစေ ဆက်စပ်နေပါသည်။ လက်ရှိ နိုင်ငံရေးစနစ်တွင် ဤသို့သော ပြဿနာများအတွက် လုံလောက်စွာ ပြင်ဆင်ထားမှုမရှိဟု ဆိုပါသည်။ အသွင်ကူးပြောင်းမှုဆိုင်ရာ စီမံခန့်ခွဲမှုတွင် လူမှုရေး၊ နည်းပညာပိုင်းနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို စွမ်းဆောင်နိုင်စေရေးနှင့် ချောမွေ့အောင် ထောက်ကူရေးကိစ္စများ ပါဝင်ပါသည်။ ထိုအခါ လူအများ ပါဝင် ဆောင်ရွက်နိုင်စေရေးအတွက် အပေါ်မှပြောင်းသည့် အပြောင်းအလဲများ (top-down manner) သာမက၊ အောက်ခြေမှ စတင်သည့် အပြောင်းအလဲများ (bottom-up approach) လည်း လိုအပ်လာသည်။ ရေရှည် တည်တံ့မှုနှင့် ကဏ္ဍစုံ၊ ဘက်စုံ စဉ်းစားမှုများလည်း လိုအပ်လာပါသည်။ စီးပွားရေး ဖွံ့ဖြိုးမှုအစီအမံများ လိုအပ်သကဲ့သို့၊ ပြန်လည် ခွဲဝေဖြန့်ဖြူးမှု မူဝါဒများလည်း လိုအပ်သည်။ ရေရှည်အမြင်နှင့် ရေတို ဦးတည်ချက်များ၊ မြော်မြင်ထားချက်များ၊ မဟာဗျူဟာများလည်း လိုအပ်ပြန်သည်။ သို့ဖြစ်ရာ ဒီမိုကရေစီနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (good governance) ကို ယှဉ်တွဲ ဆောင်ရွက်ရာသည်ဟုလည်း ဆိုကြပြန်သည်။

■  မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး

“ဒီမိုကရက်တိုက်ဇေးရှင်း- ပြဌာန်းချက်လော၊ ရွေးချယ်မှုလော”

ဆရာဦးကျော်ဝင်းက သူ၏ “ဒီမိုကရေစီနှင့် ဒီမိုကရက်တိုက်ဇေးရှင်း” ဆောင်းပါးတွင် မေးခွန်းထုတ်ခဲ့သည်။ ဒီမိုကရက်တိုက်ဇေးရှင်းကို နှုန်းစံများဖြင့် စ၍ မရ၊ ပကတိ အရှိမှသာ အစပြုရမည်သာ ဖြစ်သည်ဟုလည်း အဖြေပြန်ပေးခဲ့သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှ စတင်ခဲ့ကြသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက ရွေးကောက်ပွဲကို ပူးပေါင်းမည်၊ သပိတ်မှောက်မည် စသည့် ငြင်းခုန်မှုများဖြင့်လည်း ဆူညံနေခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ ပြီးသည့်အခါတွင် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးသည် မေးခွန်းပြဿနာ မဟုတ်တော့ပေ။ လက်ရှိ ဒီမိုကရေစီခရီး မည်မျှပေါက်ခဲ့ပြီနည်း၊ မည်သို့ ရှေ့ဆက်ကြမည်နည်း ဟူသော မေးခွန်းများကသာ အဓိက ကျပါတော့သည်။

အမှန်ဆိုရလျှင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုက ဒီမိုကရေစီ လမ်းပြမြေပုံ ခုနစ်ချက်ဖြင့် ဖြစ်လာသည်။ “စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေး” ဟူသည့် ခေါင်းစဉ်အောက်၊ ၂၀၀၈ ခုနှစ်တွင် အတင်းအကျပ်သဖွယ် အတည်ပြုခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်အရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား ကျေလည်သည့် သဘောတူညီမှု (pact) လည်း မရှိခဲ့ပေ။ စာအုပ်အမှာစာ ရှေ့ပိုင်းတွင် ဒန်စလိတ်တာ၏ အဆိုအရ ပြောရလျှင် “အုပ်ချုပ်သူ အာဏာရှင် အစိုးရများအတွင်း ပြိုကွဲ၍ မဟုတ်၊ ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲနေ၍ မဟုတ်၊ စီးပွားရေး ပြိုပျက် ကျဆင်း၍ မဟုတ်၊ နိုင်ငံတကာ ဖိအားများ ကြီးမားပြင်းထန်နေ၍ မဟုတ်ပါ။ အာဏာပိုင်များက အန္တရာယ် အနည်းဆုံး အခြေအနေတွင် သူတို့၏ ကိုယ်ပိုင်ပြဌာန်း သတ်မှတ်ချက်များဖြင့် ပြောင်းလဲခဲ့ခြင်း” ဖြစ်ပါသည်။

သို့သော် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးကာလ၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက မျှော်လင့်မထားခဲ့ကြသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ကောင်းမွန်သော အစိုးရ ဖြစ်ပေါ်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်ခဲ့သည်။ လူဖြင့် အုပ်ချုပ်သော စနစ်မှသည် မူဖြင့် အုပ်ချုပ်သော စနစ်သို့ ပြောင်းလဲ၍၊ ထိုမှတစ်ဆင့် လူ့အခွင့်အရေး ကော်မရှင်၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် စသည့် အသစ်သော ထိန်းကျောင်းရေး ယန္တရား အင်စတီကျူးရှင်းများကိုလည်း ဖွဲ့စည်း တည်ဆောက်ခဲ့သည်။ အစိုးရ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက်လည်း ပြုပြင်ပြောင်းလဲရေး ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသည်ဖြင့် ချမှတ် လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ နိုင်ငံတကာ မိသားစု၊ နိုင်ငံတကာ သတင်းမီဒီယာများကလည်း မြန်မာ့ပြုပြင်ပြောင်းလဲရေးကို “မြန်မာ့နွေဦး” (Myanmar spring) ဟု တင်စားခဲ့ကြသည် (Riffel, 2012; The Economist, 2013)။ အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း စသည့် အနောက်နိုင်ငံကြီးများ၏ ခေါင်းဆောင်များက လာရောက် ချီးမြှောက်ခဲ့ကြသည်။ ယခင် ထားရှိခဲ့သည့် ဒဏ်ခတ် ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့ကြသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်ရှိလာခဲ့ပြီး၊ ၂၀၁၅ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ သူ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါသည်။

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု လှိုင်းများမှာမူ သူ့အစိုးရ၏ တရားဝင် အသိအမှတ်ပြုမှု မြင့်လာစေရေး၊ ပြည်သူလူထု ထောက်ခံမှု ရရှိစေရေးအပေါ် ရည်ရွယ်ပုံ ရပါသည်။ ဒီမိုကရေစီ ခိုင်မာရေး ထက်စာလျှင်၊ တံခါးဖွင့်သည့်သဘော ဖြေလျော့သည့်သဘော ပို၍ ဆောင်ခဲ့ပါသည်။ သူ၏ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းတွင် ဒီမိုကရေစီ ပေါ်ထွန်းရေးကို အတိအကျ ရည်ရွယ်သည့် ဖော်ပြချက်များကို မတွေ့ရပါ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဟု ဖော်ပြသော်လည်း အထူးသဖြင့် လူ့အခွင့်အရေး အပိုင်းတွင် “နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် ပတ်သက်ပြီး၊ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် တည်ဆဲ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းနှင့် အသစ်ရေးဆွဲ ပြဋ္ဌာန်းခြင်း”နှင့် “နိုင်ငံသားများ၏ မူလအခွင့်အရေးများကို နည်းမှန် လမ်းမှန်ဖြင့် ပြည်ထောင်စု အကျိုးစီးပွား၊ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားများကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်ရန် ကူညီထိန်းကျောင်းခြင်း”မျှသာ ဖော်ပြထားသည်ကို တွေ့ရပါသည်။ (သမ္မတ ဦးသိန်းစိန် မိန့်ခွန်း၊ မတ် ၃၀၊ ၂၀၁၁ ခုနှစ်) သို့သော် စီးပွားရေးတံခါး ဖွင့်သည့်မူများ၊ အစိုးရ၏ ထိရောက် ထက်မြက်မှု၊ နိုင်ငံတကာနှင့် ပြန်လည် ပူးပေါင်းခြင်း စသည့် အချက်များကို တွေ့ရှိရပါသည်။ လက်တွေ့တွင်မူ ဤထက်ပို၍ ခရီးရောက်ခဲ့သည်။ ယခင် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့သည့် စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းကာ၊ ပုဂ္ဂလိက ဂျာနယ် စာစောင်များ စည်ပင်စေခဲ့သည်။ နိုင်ငံရေး အကျဉ်းသားအများစုကို ပြန်လွှတ်ပေးခဲ့သည်။ ပြည်ပရောက်များကို ပြန်ဖိတ်ခေါ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ခဲ့သည်။ ပွင့်လင်းရှင်သန် လှုပ်ရှားနေသော ဝန်းကျင်ကို ဖန်တီးပေးခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ဒုတိယလှိုင်း (ဦးသိန်းစိန် မိန့်ခွန်း၊ မေ ၁၂၊ ၂၀၁၂) တွင်မူ ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှုမူဝါဒကို ဦးစားပေး လှုံ့ဆော်ခဲ့သည်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ အခွန်စနစ် ပြောင်းလဲမှု၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အောက်ခြေအဆင့် အုပ်ချုပ်ရေးများတွင် ပြည်သူ့အသံ ပါဝင်နိုင်ရေး စသည်တို့ကို ဦးစားပေးခဲ့သည်။ ဒီမိုကရေစီ ဟူသော စကားရပ် တိတိကျကျ မပါဝင်သော်လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ (civil society) တို့၏ ကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်ရန်ဟု ဖော်ပြ လုပ်ဆောင်ခဲ့သည်။ ထူးခြားသည်မှာ ထိရောက်သော ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် နေပြည်တော် သဘောတူညီချက် (Nay Pyi Taw Accord) (၂၀၁၃ ခုနှစ်) ဖြစ်သည်။ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အရေးပါသည့် အခန်းကဏ္ဍကို အစိုးရက အတိအလင်း အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ တတိယလှိုင်း ပြုပြင်ပြောင်းလဲမှု (ဦးသိန်းစိန် မိန့်ခွန်း၊ ဇွန် ၁၀၊ ၂၀၁၄ ခုနှစ်) တွင်မူ အဓိက ကဏ္ဍနှစ်ရပ်ကို ရည်ရွယ်ခဲ့သည်။ ဤနေရာတွင်မူ ဒီမိုကရေစီ ဟူသော ဖော်ပြချက် ပါဝင်လာခဲ့သည်။ ပထမ ဦးတည်ချက်မှာ ရေရှည် တည်တံ့သော ဒီမိုကရေစီ နိုင်ငံတော်အတွက် အုတ်မြစ်များ ချမှတ်ရေးဟု ဆိုပြီး၊ ဒုတိယအချက်မှာ ပြည်သူတို့၏ လူမှုစီးပွား လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်းနိုင်ရန်ဟု ဆိုပါသည်။

(မှူးဇော်၊ ၂၀၁၄)

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များအပေါ် ပြည်သူ လူထုက ကျေနပ်အားရခဲ့ပုံ မပေါ်ပါ။ ဤသို့ဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများက NLD ပါတီ ကို တခဲနက် မဲပေး ရွေးချယ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကလည်း ရွေးကောက်ပွဲတွင် “ပြောင်းလဲချိန်တန်ပြီ” ဟူသော ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့သည်။ သောင်ပြိုကမ်းပြို နိုင်ခဲ့သည်။ NLD အစိုးရ ပေါ်ထွက်လာခဲ့သည်။

သမ္မတသစ် ဦးထင်ကျော်၏ ကျမ်းသစ္စာ ကျိန်ပွဲ မိန့်ခွန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်သူ့ဘ၀ တိုးတက်ဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်ငန်းသုံးခုအဖြစ် ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် NLD အစိုးရက ငြိမ်းချမ်းရေးကို အဓိက ဦးစားပေး လုပ်ဆောင်မည်ဟု ဆိုခဲ့သည်။ ယခုအခါ ၁၅-လ သက်တန်း ရှိပြီဖြစ်သော NLD ဦးဆောင်သည့် အစိုးရနှင့် လွှတ်တော်အဖို့ ပြည်သူ၏ တုံ့ပြန်မှုအသံများမှာ မျိုးစုံ ရှိလာခဲ့သည်။ NLD အစိုးရ၏ အဓိက အောင်မြင်မှုအဖြစ် သံတမန်ရေးဟု ဖော်ပြကြသည်။ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်ကာ၊ တိုးတက်လာခဲ့ပြီး၊ ဒဏ်ခတ် ပိတ်ဆို့မှုများလည်း ရုပ်သိမ်းခဲ့ကြပြီ ဖြစ်သည်။ အချို့က လူ့အခွင့်အရေး နယ်ပယ်တွင် တိုးတက်လာသည်ဟု ဖော်ပြကြသော်လည်း၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ပဋိပက္ခများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည့်အပေါ် ဝေဖန်မှုများလည်း ရှိပါသည်။ စီးပွားရေး အခြေအနေ ထိုင်းမှိုင်းနေမှုအပေါ် အစိုးရ၏ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ လူအများက အားနည်းချက် ရှိနေသည်ဟု ယူဆကြပါသည်။ အမှန်ဆိုရလျှင် အစိုးရသစ်အနေဖြင့် “ပြုပြင်ပြောင်းလဲရေး” (Reform) ဟူသော အသုံးအနှုန်း မပြောဆိုသလောက်၊ မကြားရသလောက် ဖြစ်နေသည်။ အစိုးရ၏ တစ်စုံလုံးဆိုင်ရာ မဟာဗျူဟာ၊ မျှော်မြင်ချက် မဲ့နေမှုသည်လည်း အသွင်ကူးပြောင်းမှုအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေပါသည်။

■ မြန်မာနိုင်ငံအပေါ် တိုင်းတာမှု ညွှန်းကိန်းများက မည်သို့ ဖော်ပြနေပါသနည်း

ဗြိတိန်အခြေစိုက် Economist Intelligence Unit (EIU) အဖွဲ့က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို သုတေသနပြုပြီး နှစ်စဉ် ထုတ်ပြန်နေသည့် ၂၀၁၆ ခုနှစ် ဒီမိုကရေစီ အညွှန်းကိန်း (Democracy Index) တွင်၊ မြန်မာနိုင်ငံကို နိုင်ငံတကာအဆင့် ၁၁၃ ဟု သတ်မှတ်ထားခဲ့သည်။ မြန်မာအစိုးရ အုပ်ချုပ်ရေးပုံစံကို စစ်တစ်ပိုင်း စပ်ကြားအစိုးရ (Hybrid Regime) အဖြစ် ဖော်ပြထားသေးသည်။ အရှေ့တောင်အာရှ နိုင်ငံများအနက်EIU အဖွဲ့၏ သတ်မှတ်ချက်အရ အရှေ့ တီမောက ဒီမိုကရေစီအဆင့် အကောင်းဆုံးဖြစ်သည်။ အင်ဒိုနီးရှား အဆင့် ၄၈၊ ဖိလစ်ပိုင် အဆင့် ၅၀၊ မလေးရှား အဆင့် ၆၅၊ စင်ကာပူ အဆင့် ၇၀၊ က္ဘောဒီးယား အဆင့် ၁၁၂၊ ဗီယက်နမ် အဆင့် ၁၃၁၊ လာအို အဆင့် ၁၅၁ အသီးသီး ရှိနေကြသည်။ EIU အဖွဲ့က ရွေးကောက်ပွဲ လုပ်ငန်းစဉ်၊ ဗဟုဝါဒ ထွန်းကားမှု၊ အစိုးရယန္တရား လုပ်ငန်းလည်ပတ်မှု၊ နိုင်ငံရေး အလေ့အထ၊ ပြည်သူ့ရေးရာ လွတ်လပ်ခွင့် စသည့် ကဏ္ဍငါးခုအပေါ် အမှတ်ပေး သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အခြေခံ လွတ်လပ်ခွင့်များကို တိုင်းတာသည့် Freedom House  ၏ ဖော်ပြချက်တွင်မူ မြန်မာနိုင်ငံမှာ လွတ်လပ်မှု မရှိသေးသည့် (Not free) နိုင်ငံတစ်ခု ဖြစ်ဆဲပင်။ ၂၀၁၇ ခုနှစ် ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ နိုင်ငံရေး လွတ်လပ်မှု၊ နိုင်ငံသားတို့၏ လွတ်လပ်မှု အခွင့်အရေးများကို ၇ မှတ်တွင် ၅ မှတ် ပေးထားသည်ကို တွေ့ရသည်။ ပြောရလျှင် တစ်မှတ် တိုးလာခဲ့သည်။ အင်တာနက် လွတ်လပ်မှုအပေါ် တစ်စုံတစ်ရာ လွတ်လပ်မှု ရှိသည်ဟု ဖော်ပြထားပြီး၊ သတင်းလွတ်လပ်မှု မရှိဟု ဖော်ပြထားသည်။ ရွေးချယ် တင်မြှောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရာထူး မယူနိုင်အောင် ကန့်သတ်ထားခြင်းကပင် Freedom House အတွက် အခက်အခဲတစ်ခု ဖြစ်စေပါသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ၏ ၂၀၁၇ ခုနှစ် ဇွန်လ စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးကြောင့် ဖမ်းဆီးထိန်းသိမ်း၊ အမှု ရင်ဆိုင်နေရသူ ၂၁၂ ဦး ရှိပါသည်။ ၄၁ ဦးမှာ ထောင်ဒဏ် ကျခံနေရပြီး၊ ၄၉ ဦးမှာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ၍ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ ကျန် ၁၂၂ ဦးမှာမူ ပြင်ပမှနေ၍ အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ AAPP-B အဖွဲ့နှင့် အခြား နိုင်ငံရေး အကျဉ်းသားဟောင်းများက “နိုင်ငံရေးအကျဉ်းသား”ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တောင်းဆိုမှုအပေါ် အစိုးရက အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ Freedom House အဖွဲ့က မီဒီယာ လွတ်လပ်ခွင့်တွင် လွတ်လပ်မှု မရှိ (Not free) ဟု သတ်မှတ်ထားသည့် အားလျော်စွာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ခံရမှုများကြောင့် လည်းကောင်း မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁) ဖြင့် စွဲဆိုထိန်းသိမ်း ခံရမှုများကြောင့် မိမိဘာသာ စိစစ်တည်းဖြတ် ကန့်သတ် ဖော်ပြနေရသည့် အခြေအနေကို ရောက်စေပါသည်။ သာဓကအားဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရား စွဲဆို ခံနေရသော အမှုများကို နောက်ဆက်တွဲ စာမျက်နှာ ၂၁ တွင် ဖော်ပြထားသည်။

ပုဂ္ဂလိက သတင်းမီဒီယာ ဖွံ့ဖြိုးမှုတွင် သီးခြား လွတ်လပ်သည့် မီဒီယာများအတွက် ခက်ခဲနေရဆဲ ဖြစ်သည်။ အထူးသဖြင့် အစိုးရသတင်းစာ၊ မီဒီယာများက ဈေးကွက်ကို လက်ဝါးကြီးအုပ် လွှမ်းမိုးထားဆဲ ဖြစ်ပြီး၊ သာတူညီမျှသော ဈေးကွက် ဖြစ်ပေါ်နိုင်ခြင်း မရှိသေးပေ။ ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံးမှ ရရှိသည့် အချက်အလက်များအရ ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၇ နှစ်ကုန်တွင် ကဏ္ဍစုံ ဂျာနယ်ပေါင်း ၈၂ စောင် ရပ်နား ပိတ်သိမ်းခဲ့ကြရသည်။ ထို့အပြင် သတင်းစာများ စတင် ထုတ်ဝေခွင့်ပြုခဲ့သည့်၊ ၂၀၁၃ ခုနှစ် ဧပြီလမှ လက်ရှိ အချိန်အထိ သတင်းစာ ၁၂ စောင် ရပ်နား ပိတ်သိမ်းခဲ့ရသည်ဟု ဆိုပါသည်။ လက်ရှိတွင် ပုဂ္ဂလိက သတင်းစာ ၁၆ စောင် ထုတ်ဝေဖြန့်ချိလျှက် ရှိသည်။ အစိုးရ အာဏာပိုင်များနှင့် ထိတွေ့ ဆက်သွယ်ရန် ခက်ခဲခြင်း၊ ဖိနှိပ်သော ဥပဒေများနှင့် ရင်ဆိုင်နေရသေးခြင်း၊ အစိုးရ၏ သတင်းမီဒီယာ ဖွံ့ဖြိုးရေး တိကျသော မဟာဗျူဟာများ မရှိသေးခြင်း စသည်တို့ကြောင့် များစွာ အကန့်အသတ် ရှိနေဆဲ ဖြစ်သည်။ သတင်းအချက်အလက် ရရှိပိုင်ခွင့် ဥပဒေမူကြမ်းမှာလည်း ရေးဆွဲနေဆဲဟု ဆိုကာ ယခုနှစ်အတွင်း လွှတ်တော်သို့ တင်ပြနိုင်ဖွယ် မရှိသေးပေ။ သတင်းမီဒီယာဥပဒေ ပြင်ဆင်ချက်မှာလည်း အခက်အခဲများ ကြုံနေရဆဲ ဖြစ်သည်။ သတင်းမီဒီယာနှင့် ပတ်သက်သည့် မူခင်းကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရာ၌လည်း သတင်းမီဒီယာဥပဒေကို အသုံးချမှု မရှိသေးပါ။

အခြား စိုးရိမ်ဖွယ် ကိစ္စတစ်ရပ်မှာ ဒီမိုကရေစီ နိုင်ငံများအတွက် အရေးအပါဆုံး ဖြစ်သည့် ပြည်သူများ မဲဆန္ဒ လာရောက်ပေးမှုပင် ဖြစ်သည်။ လေ့လာရသည့် ဖြစ်စဉ်များအရ လတ်တလော ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း စံချိန်တင် ထိုးကျမှု ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ (နောက်ဆက်တွဲ စာမျက်နှာ – ၃ ကို ကြည့်ပါ) မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေအရ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့ မဲဆန္ဒရှင်များ “မလာမနေရ” မဲပေးသည့်စနစ်ကို ကျင့်သုံးခြင်း မရှိဘဲ၊ မိမိဆန္ဒအလျောက်သာ မဲလာပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးမှုတွင်လည်း အရေအတွက်အားဖြင့် အဖွဲ့အစည်းများ များပြားလာခြင်း၊ လုပ်ကိုင် ဆောင်ရွက်နိုင်မှုဝန်းကျင် တင်းကျပ် ဖိနှိပ်မှုများ မရှိသော်လည်း၊ အစိုးရဘက်မှ ပို၍ တင်းကျပ် ချုပ်ကိုင်လိုသည့် သဘောထားများ တွေ့ရှိနေရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းအတွက် ရန်ပုံငွေများကို အစိုးရ၏ JCB ခေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေများအတွက် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီတစ်ရပ်ကို အစိုးရက ဖွဲ့စည်းခဲ့ပြီး၊ ဖွံ့ဖြိုးရေး ရန်ပုံငွေများအတွက်လည်း အစိုးရဝန်ကြီးများ ဦးဆောင်သည့် ဖွံ့ဖြိုးရေးရန်ပုံငွေ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DACU) များကို ဇူလိုင်လ အတွင်းတွင် ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဤကော်မတီများသည် အကူအညီများ ထိရောက်ထက်မြက် မြန်ဆန်စေရေးအတွက်ဟု ဖော်ပြသော်လည်း၊ ဗျူရိုကရေစီသဘော လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရသည်။

ဂျာမဏီနိုင်ငံ အခြေစိုက် Bertelsmann Stiftung  ဖောင်ဒေးရှင်းက နိုင်ငံများ၏ အသွင်ကူးပြောင်းမှု ညွှန်းကိန်းများကို တိုင်းတာရာ၌ မြန်မာနိုင်ငံကို ဒီမိုကရေစီ ရမှတ် ၃ ဒသမ ၂ (ရမှတ်ပြည့် ၁၀)၊ နိုင်ငံ ၁၂၉ နိုင်ငံတို့အနက် အဆင့် ၁၁၅ နေရာတွင် သတ်မှတ် ထားပေးသည်ကို တွေ့ရပါသည်။ ဤအဖွဲ့အစည်းက နိုင်ငံများ၏ ဒီမိုကရေစီ အရည်အသွေး၊ ဈေးကွက် စီးပွားရေးနှင့် နိုင်ငံရေး စီမံခန့်ခွဲမှုတို့အပေါ် ဖွံ့ဖြိုးပြီးနှင့် အသွင်ကူးပြောင်းဆဲ နိုင်ငံ ၁၂၉ ခုတွင် တိုင်းတာထားခြင်း ဖြစ်ပါသည်။

နိုင်ငံများ၏ အသွင်ကူးပြောင်းမှုကို တိုင်းတာရာ၌ နိုင်ငံရေးနှင့် လူမှုရေး ပေါင်းစည်းမှု၊ လူမှု-စီးပွားရေး အဆင့်၊ ဈေးကွက်စနစ် စုဖွဲ့မှု၊ ငွေကြေးနှင့် ဈေးနှုန်း တည်ငြိမ်မှု၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု အာမခံချက်ရှိခြင်း၊ လူမှုဖူလုံရေး စနစ်များ၊ စီးပွားရေးအရ စွမ်းဆောင်မှု၊ ရေရှည် တည်တံ့နိုင်မှု၊ ပဲ့ကိုင် လှည့်ပြောင်းနိုင်သည့် စွမ်းရည် (steering capability)၊ ရင်းမြစ်များကို ထိရောက်စွာ အသုံးချနိုင်ခြင်း၊ အများကျေလည် သဘောတူညီမှု တည်ဆောက်နိုင်ခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော် တစ်ခုအဖြစ် ပီပြင်ထိရောက်မှု (Stateness)၊ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နိုင်မှု၊ တရားဥပဒေ စိုးမိုးမှု (Rule of law)၊ ဒီမိုကရေစီ အင်စတီကျုရှင်းများ၏ တည်ငြိမ်မှု စသည့် တိုင်းတာမှု ပေတံများဖြင့် တိုင်းတာဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ (မြန်မာနိုင်ငံအတွက် တိုင်းတာချက်ပုံကို ဖော်ပြထားပါသည်။)

BTI အဖွဲ့၏ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု ညွှန်းကိန်းများပြပုံ

■ မြန်မာနိုင်ငံအတွက် မူဝါဒရေးရာ အဆိုပြုချက်များ

မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း အသွင်ကူးပြောင်းမှုကို နှုန်းစံများဖြင့် မစတင်ခဲ့ရ၊ ပကတိ အရှိအနေအထားဖြင့်သာ စတင်ခဲ့ကြရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာ့ အသွင်ကူးပြောင်းမှု၏ ပေးထားချက်ဖြစ်ပြီး၊ ဤအခင်းအကျင်းအတိုင်း ကူးပြောင်းနေရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် အာဏာရှင်နှင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတို့အကြား သဘောတူညီမှုတစ်ရပ် (pact) မဖြစ်နိုင်ခဲ့။ သို့သော် ယခင် အတိုက်အခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အာဏာရပါတီ ဖြစ်နေကာ၊ တပ်မတော်ကလည်း တစ်စုံတစ်ရာ အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ဤအခြေအနေတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးက ပို၍ အရေးကြီးလာပါသည်။ သဘောတူညီမှုတစ်ရပ် (pact) အစား၊ လက်ရှိ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားသော အစိုးရနှင့် တပ်မတော်တို့အကြား အကဲဆတ်သော ဆက်ဆံရေးကို မည်သို့ကောင်းမွန် တိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားကြမည်နည်း ဟူသော မေးခွန်းသည်၊ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရှေ့ရေးအတွက်လည်း အရေးပါပါသည်။ ရှေ့အနာဂတ်အပေါ် တူညီသည့်အမြင် သဘောတူစာချုပ်တစ်ရပ် မရှိခြင်းအပေါ် စိုးရိမ်ဖွယ် ဖြစ်ကြောင်း ပညာရှင်အချို့က ထောက်ပြကြသကဲ့သို့၊ “ဂူတစ်ဂူအတွင်း ခြင်္သေ့နှစ်ကောင် အောင်းနေသည့်ဥပမာ” ဖြင့်လည်း အချို့သုံးသပ်သူများက ဝေဖန်စောကြော ကြပါသည်။ သေချာသည်မှာ မြန်မာ့ အသွင်ကူးပြောင်းမှု ရှေ့ရေးသည် အတက်အကျ ရှိနေနိုင်သေးသည်၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည်လည်း ပန်းတစ်လှည့် ဆူးတစ်လှည့် ရှိနေနိုင်ပါသေးသည်။ ဒီမိုကရေစီ အစိုးရ၊ ဒီမိုကရေစီ ဘက်သား နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများဘက်မှ တပ်မတော်၏ အဖွဲ့အစည်း (အင်စတီကျူးရှင်း)ဆိုင်ရာ အကျိုးစီးပွားကို သိရှိ နားလည် ဖြေရှင်းနိုင်ရန် လိုအပ်သကဲ့သို့၊ တပ်မတော်ဘက်မှလည်း မိမိ၏ စိုးရိမ်ပူပန်ချက်များ၊ ပို၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ တာဝန်ယူမှုများ တည်ဆောက်သွားနိုင်မှသာလျှင် ပြည်သူလူထု၏ နှလုံးသည်းပွတ်ကြားမှ ထောက်ခံမှုကို ပို၍ ရရှိနိုင်မည် ဖြစ်ပါသည်။

ဤအနေအထားတွင် ကျွန်တော် အဆိုပြုလိုသော အခြေခံမူဘောင်မှာ “ဒီမိုကရေစီ ဘောင်ချဲ့၍ စစ်ဘောင်ကျုံ့စေရေး”ဟူသော အယူအဆပင် ဖြစ်ပါသည်။ အစိုးရနှင့် နိုင်ငံရေး အဖွဲ့အစည်းများဘက်မှ တပ်မတော်နှင့် ရန်ဖက် ထိပ်တိုက်ဖြစ်ရန် မလိုဘဲ မိမိ၏ အင်အားစု ဒီမိုကရေစီ ခံကတုတ်ကို ချဲ့ထွင်ရေးပင် ဖြစ်ပါသည်။ ဤအနေအထားတွင် အောက်ပါ အချက်များကို အကြံပြုလိုပါသည်။

■ ၁။ အနာဂတ်အတွက် တူညီသော မျှော်မြင်ချက် (Shared vision)

NLD အစိုးရ၏ အားနည်းချက်မှာ ဦးတည်ချက်အဖြစ် “ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု”ဟု ဖော်ပြသော်လည်း ဤသို့ ဖော်ပြသော ခရီးသို့ သွားရာလမ်းအတွက် တိကျသော မျှော်မြင်ချက်၊ သေနင်္ဂဗျူဟာများ ရှိမထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကာလမှ စတင်၍ NLD ပါတီအနေဖြင့် အခြားသော တိုင်းရင်းသားပါတီများ၊ ဒီမိုကရေစီ နိုင်ငံရေးပါတီများနှင့် မဟာမိတ် အင်အားတစ်ရပ် တည်ဆောက်ရန် ပျက်ကွက်ခဲ့ပါသည်။ ထိုမျှမက ပါတီကြီးဆန်ဆန်၊ အခြားအင်အားစုများ ပူးပေါင်း ပါဝင်နိုင်ရေး တံခါးလည်း ဖွင့်မထားခဲ့ပေ။ မြန်မာနိုင်ငံ ကဲ့သို့သော အရောင်အသွေးစုံ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရှိသော နိုင်ငံတစ်ခု၌ အနာဂတ်အတွက် တူညီသော မျှော်မြင်ချက် တည်ဆောက်ရေးမှာ အထူးအရေးကြီးလှသည်။ မြန်မာနိုင်ငံ၏ အမျိုးသား ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation building) မှာ မပြီးဆုံး၊ မပြည့်စုံသေးကြောင်း သုံးသပ်သူအများက ထောက်ပြထားကြပါသည်။

■ ၂။ နိုင်ငံတော်တစ်ရပ် ပီပြင် ဖြစ်ပေါ်လာစေရေး (Stateness)

မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံတစ်ခု မဟုတ်သေးသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ကျန်းမာ၊ ပညာ စသည့် ကဏ္ဍပေါင်းစုံတွင် ခေတ်နောက်ကျနေသည်၊ အားနည်း ချို့တဲ့နေသည်ကို ဝန်ခံကြရပေမည်။ ထို့အပြင် ရေရှည်ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ပဋိပက္ခကြောင့် အမျိုးသား သွေးကွဲမှုလည်း ဖြစ်ပေါ်နေရသည်။ အစိုးရ၏ အာဏာစက် နယ်စွန်နယ်ဖျား အသီးသီးအထိ မလွှမ်းမိုးနိုင်မှု၊ တရားဥပဒေ စိုးမိုးရေး ပျက်ပြားနေမှု၊ အစိုးရ ယန္တရားဌာနများအတွင်း အကျင့်ပျက် ခြစားမှုများ ရှိနေသေးသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း အုပ်ချုပ်သူ အစိုးရနှင့် အုပ်ချုပ်ခံ ပြည်သူတို့အကြား လျော်ကန် သင့်မြတ် တည်ရှိနေသည့် လူမှုရေး ပဋိဉာဉ် (social contract) တစ်ခု မဟုတ်သေးပေ။ ဤအခြေအနေတွင် နိုင်ငံတော်တစ်ရပ်အဖြစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးကိုလည်း အာရုံထား လုပ်ဆောင်သင့်ပေသေးသည်။ ပါမောက္ခ ဖူကူယားမားက “နိုင်ငံတော်တစ်ခု ပီပီသသ မဖြစ်ပေါ်ဘဲနှင့်၊ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ လုံလောက်မှု မရှိဘဲနှင့် ဒီမိုကရေစီ ဖြစ်ထွန်းနိုင်ပါမည်လော” ဟု မေးခွန်း စောကြောဖူးပါသည်။ အဖွဲ့အစည်းဆိုင်ရာ စနစ်များ (အင်စတီကျူးရှင်းများ) တည်ဆောက်ရေးသည်လည်း အခြေခံကျသည့် လုပ်ငန်းများ ဖြစ်ပါသည်။

လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံတွင် မည်သူက အာဏာအရှိဆုံးနည်းဟုဆိုလျှင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်၊ တာဝန်ယူ တာဝန်ခံမှုများ အမြင့်ဆုံး ရှိနေသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က De facto leader သဖွယ် နိုင်ငံတော်ကိစ္စရပ် အားလုံးကို ဦးဆောင် လည်ပတ်နေသည်ဟု လူအများက ယုံကြည်ထားကြပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ၏ ကန့်သတ် ချုပ်ချယ်မှုများကြောင့် အနိုင်ရပါတီ တစ်ခု၏ ခေါင်းဆောင်အနေဖြင့် အစိုးရကို တရားဝင် ဦးဆောင်ခွင့် မရှိသော်လည်း၊ တည်ရှိနေပြီးသော၊ ကြိုတင်ခန့်မှန်း ဆုံးဖြတ်နိုင်သော အဖွဲ့အစည်း စီးဆင်းမှု၊ ယန္တရားစနစ်များ၊ လုပ်ထုံး လုပ်နည်းများကို ကျော်လွန် လုပ်ဆောင်နေသည်မှာ မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရုံမျှမက အနာဂတ် အင်စတီကျူးရှင်းစနစ်များအတွက် အန္တရာယ်ပင် ဖြစ်စေနိုင်သည်ဟု ယူဆချက်များ ရှိပါသည်။

■ ၃။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်စီမံမှုစနစ် (Democratic Governance)

ဒီမိုကရေစီနည်းကျ အုပ်ချုပ်စီမံမှုစနစ် (Democratic Governance) သည် ရေရှည် တည်တံ့သော ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်း ရှင်သန်စေရေးအတွက် မရှိမဖြစ် အရေးကြီး လှပါသည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်စီမံမှုစနစ်သည် အစိုးရတစ်ရပ်၏ တန်ဖိုးထားမှု ဖြစ်သလို၊ ကျင့်သုံးရမည့် စံနှုန်းများလည်း ဖြစ်ပါသည်။ တနည်းဆိုရသော် အစိုးရ၏ စနစ်များ၊ အဖွဲ့အစည်းများက ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာကျင့်သုံးကြခြင်း ဖြစ်ပြီး၊ အစိုးရ၏ အတွင်းတွင်သော် လည်းကောင်း၊ ပြင်ပ အင်စတီကျူးရှင်းများနှင့် ဆက်ဆံရာတွင် လည်းကောင်း ကျင့်သုံးရမည့် ဆက်ဆံရေးကိစ္စလည်း ဖြစ်ပါသည်။ အကူးအပြောင်းများသည် အပေါ်မှချည်း (Top-down) ဆောင်ရွက်၍ မရပါ။ ခေါင်းဆောင် လက်ရွေးစင် လူနည်းစု (elites) များကချည်း ကူးပြောင်း၍ မအောင်မြင်နိုင်ပါ။ ပြည်သူအများ၏ ထောက်ခံ ပံ့ပိုးမှု၊ အရေးပါသည့် အင်အားစု အားလုံး ပါဝင်နိုင်မှု၊ (Bottom-up) ချည်းကပ်မှုများလည်း မရှိမဖြစ် ပါဝင်ကြရမည် ဖြစ်ပါသည်။

အာဖဂန်သမ္မတ အာရှရပ်ဂါနီက သူ ဦးဆောင်သည့် အသွင်ကူးပြောင်းရေး ကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် (အမျိုးသား သွေးစည်းညီညွတ်ရေး အစီအစဉ် National Solidarity Program) ကို ကမ္ဘာ့ဘဏ်၏ ကူညီပံ့ပိုးမှုများဖြင့် လုပ်ဆောင်ခဲ့ပါသည်။ ယင်းအစီအစဉ်များက မြန်မာနိုင်ငံရှိ CDD ရပ်ရွာအခြေပြု ဖွံ့ဖြိုးမှုအစီအစဉ်များနှင့် ဆင်တူပါသည်။ ရပ်ရွာလူမှု အဖွဲ့ဝင်များက သူတို့၏ ကိုယ်ပိုင်ကောင်စီ ဥက္ကဋ္ဌ၊ ကောင်စီဝင်များကို ရွေးချယ်ကြပြီး၊ ရပ်ရွာက ဦးဆောင်ကာ သူတို့၏ ကိုယ်တိုင် ပန်းတိုင်ကို သတ်မှတ်ခြင်း၊ သူတို့ဘာသာ စာရင်းကိုင်ပြီး ထောက်ပံ့ငွေများကို စီမံခန့်ခွဲခြင်းဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ကြသော အစီအစဉ် ဖြစ်ပါသည်။ ဤသို့ဖြင့် ရပ်ရွာအတွင်း ဒီမိုကရေစီ ပိုမို ထွန်းကားလာစေပြီး၊ ပြည်သူလူထုကို ခွန်အားမြှင့်တင် ပေးနိုင်ပါသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ဤအစီအစဉ်များက အအောင်မြင်ဆုံး နှင့် လာဘ်စားမှု အနည်းဆုံး အစီအစဉ်များ ဖြစ်ခဲ့ကြပါသည်။

ထိုမျှမက အခြားသော အသွင်ကူးပြောင်းရေး နိုင်ငံများတွင် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပြည်သူများ စာတတ်မြောက်ရေး၊ အမျိုးသမီးများ ခွန်အားအာဏာ မြှင့်တင်ပေးရေး၊ အောက်ခြေ ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စည်ပင်ထွန်းကားစေရန် အားပေးခြင်း၊ မတူကွဲပြားသော အင်အားစုများအကြား သည်းညည်းခံစိတ်ကို မြှင့်တင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြပါသည်။ ပြည်သူလူထု အင်အား ကောင်းလာမှသာ ရေရှည်တည်တံ့သော ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်နိုင်ပေလိမ့်မည်။

■ ၄။ ဒီမိုကရေစီ မြှင့်တင်အားပေးရေး (Democracy promotion)

ဒီမိုကရေစီ ဘောင်ကျယ်စေရန်အတွက် ဒီမိုကရေစီ သဘောတရားများ မြှင့်တင်အားပေးရန် လိုအပ်ပါသည်။ ဒီမိုကရေစီ သဘောတရား ထွန်းကားပြန့်ပွားရန် လုပ်ဆောင်မှုများ လိုအပ်ပါလိမ့်မည်။ မြန်မာနိုင်ငံ ပါလီမန် ဒီမိုကရေစီခေတ်ကာလက ဒီမိုကရေစီထွန်းကား ပြန့်ပွားရေး အစီအစဉ်များ ရှိခဲ့ဖူးပါသည်။ (သို့သော် ကွန်မြူနစ် ဆန့်ကျင်ရေးအတွက် အသုံးချခဲ့သည်ဟူသော အငြင်းပွားမှု ရှိနိုင်ပါသည်။) တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းပြီးနောက်တွင် “ကိုရီးယား ဒီမိုကရေစီ ဖောင်ဒေးရှင်း (KDF) “ကို ထူထောင်ကာ ဒီမိုကရေစီ ထွန်းကားမြှင့်တင်ရေး၊ သမိုင်းမှတ်တမ်းများ ပြုစုရေး၊ နိုင်ငံအတွက် စွန့်လွှတ်ခဲ့ကြသူများ၏ စိတ်ဓာတ်များ၊ လုပ်ဆောင်မှုများကို ဂုဏ်ပြုပေးရေး စသည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေသည်ကို တွေ့ရဖူးပါသည်။ ဒီမိုကရေစီသည် နိုင်ငံရေး နယ်ပယ်မျှသာ မဟုတ်။ ကျောင်းစာသင်ခန်း၊ လူမှုအသိုက်အဝန်း အတွင်း၌ပါ ရှင်သန်စေသင့်ပါသည်။ ဤသို့သော ဒီမိုကရေစီ ဘောင်ချဲ့ခြင်းအတွက် စစ်တပ်ဘက်မှ ထူးခြားနှောင့်ယှက်မည် မထင်မိပါ။ စစ်တပ်အဖို့ သူတို့၏ အကျိုးစီးပွားကို တိုက်ရိုက် မထိခိုက်လာသ၍ ဤသို့သော လုပ်ငန်းများ လွယ်လင့်တကူ လုပ်ဆောင်နိုင်ဖွယ် ရှိပါသည်။

မြန်မာနိုင်ငံတွင်လည်း NLD အစိုးရအတွက် လုပ်ဆောင်နိုင်ဖွယ် နယ်ပယ်များစွာ ရှိနေသေးသည်ဟု ထင်မြင်မိပါသည်။ အစိုးရအတွင်း လုပ်ဆောင်မှုများ၊ တန်ဖိုးထားမှုများ ပို၍ ဒီမိုကရေစီ ကျစေခြင်း၊  NLD ပါတီ ကိုယ်၌အတွင်း ပို၍ ဒီမိုကရေစီ ကျစေခြင်း၊ ထိုမျှမက ဒီမိုကရေစီ ကျသည့် ရပ်ကွက်-ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ရေး စနစ်များ ဖန်တီး ဆောင်ရွက်ပေးခြင်း၊ စည်ပင်သာယာ အဖွဲ့အစည်း လူကြီးရွေးကောက်ပွဲများကို ဒီမိုကရေစီရှိရှိ ဆောင်ရွက်စေခြင်း စသည့် ပြောင်းလဲမှုများ၊ အကယ်၍ ဖြစ်နိုင်ပါက မြို့နယ်အဆင့် ဒေသန္တရ ရွေးကောက်ပွဲများကို ဒီမိုကရေစီစနစ် ဖြစ်လာစေခြင်း စသည့် ပြုပြင်ပြောင်းလဲမှု များစွာ ဆောင်ရွက်နိုင်ပါသေးသည်။ ဤအချက်များသည် မြန်မာ့တပ်မတော်၏ အကျိုးစီးပွားနှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်တွေ့ဖွယ် မရှိဟုလည်း ထင်မြင်မိပါသည်။

ထိုမျှမက တင်ပြလိုသည်မှာ ဒီမိုကရေစီ ထွန်းကား တည်တံ့ရေးအတွက် အခြားအရေးပါသော အချက်အလက် အများအပြား ရှိနေပါသေးသည်။ “ဒီမိုကရေစီသည် အာဏာရှင်စနစ်အတွက် အဖြေတစ်ခု ဖြစ်သော်လည်း၊ အခြားလိုအပ်သည့် ကိစ္စများစွာအတွက် ဒီမိုကရေစီမှာ အဖြေမဟုတ်” ဟု ပါမောက္ခ ဟန်တင်တန်က ပြောပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု၊ လူလတ်တန်းစား ထွန်းကားလာစေခြင်း၊ လူမျိုးရေး ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှု၊ ရေရှည် ဖြစ်ပေါ်နေခဲ့သည့် ငွေကြေးဖောင်းပွမှု၊ ကြွေးမြီပြဿနာ၊ နိုင်ငံရေး ခေါင်းဆောင်မှု၊ တရားဥပဒေ စိုးမိုးမှု၊ ပညာရေး ခေတ်မီလာစေရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး စောင့်ရှောက်မှု၊ လူသားလုံခြုံမှု စသည့် ပြဿနာများ များစွာ ရှိနေပါသေးသည်။ ယင်းတို့ကို ဒီမိုကရေစီ သက်သက်မျှဖြင့် ကိုင်တွယ် ဖြေရှင်းပေးနိုင်မည် မဟုတ်ပါချေ။ တပ်မတော်နှင့် ထိပ်တိုက်တွေ့၍ လည်းကောင်း၊ တပ်မတော်ကို ချော့မော့၍ လည်းကောင်း ဒီမိုကရေစီ ဖြစ်ပေါ်ထွန်းလာမည် မဟုတ်ပါ။ အခြား ဒီမိုကရေစီ ဘောင်ချဲ့ထွင်နိုင်သော လုပ်ငန်းစဉ်များစွာ ရှိနေပါသေးကြောင်း။

■ ကျမ်းကိုးစာရင်း

■ မြန်မာဘာသာ

ကျော်ဝင်း။ “ဒီမိုကရေစီနှင့် ဖွံ့ဖြိုးမှု ဘယ်သင်းက အရင်စ (ဖရန်စစ် ဖူကူယားမား၏ အမြင်)”၊ မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန် ထိုသုံးနှစ် (၂၀၁၀-၂၀၁၁-၂၀၁၂)၊ ရန်ကုန်၊ ကန့်ကော်မြိုင်စာပေ၊ ၂၀၁၃။

ကျော်ဝင်း။ “ဒီမိုကရေစီနှင့် ဒီမိုကရက်တိုက်ဇေးရှင်း”၊ မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန် ထိုသုံးနှစ် (၂၀၁၀-၂၀၁၁-၂၀၁၂)၊ ရန်ကုန်၊ ကန့်ကော်မြိုင်စာပေ၊ ၂၀၁၃။

မှူးဇော်။ “မြန်မာနွေဦး စိန်ခေါ်မှုများနှင့် ဒုတိယလှိုင်း”၊ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၄။

မှူးဇော်။ “ပြုပြင်ပြောင်းလဲရေး တတိယလှိုင်း ဘာလဲ၊ ဘယ်လဲ”၊ ရန်ကုန်၊ ရွက်စိမ်းစာပေ၊ ၂၀၁၄။

7 Day Daily.  (၂၀၁၇ ဇူလိုင်လ ၂၄). ၁၀ နှစ်ကျော်ကြာ ထုတ်ဝေခဲ့သည့် Flower News Journal ထုတ်ဝေမှု ခေတ္တရပ်နား ။ http://www.7daydaily.com/story/102580

■ အင်္ဂလိပ်ဘာသာ

Acemoglu, Daron & Robinson, James. (2006). Economic Origins of Dictatorship and Democracy. Cambridge: Cambridge University Press.

Alemán, Eduardo; Kim, Yeaji (2015, October 1). The democratizing effect of education. Research & Politics.

Assiatance Association for Political Prisoners (Burma). (2017, June). Monthly Chronology of June 2017 and Current Political Prisoners list. http://aappb.org/2017/07/monthly-chronology-of-june-2017-and-current-political-prisoners-list/

Bertelsmann Foundation https://www.bti-project.org/en/home/http://www.eiu.com/public/topical_report.asp_?campaignid=DemocracyInde_2016

Brancati, Dawn (2016). Democracy Protests: Origins, Features and Significance. Cambridge: Cambridge University Press.

Carothers, Thomas. (2002, January). The End of the Transition Paradigm, Journal of Democracy, vol. 13, no. 1, pp.6-9.

Carothers, Thomas. (2012, April). Interview: Is Burma Democratizing?, Carnegie Endowment for International Peace.

Carothers, Thomas. (2014, September). Critical Mission: Essays on Democracy Promotion. International Journal for Non-Profit Law (Volume 7, Issue 1).

Carothers, Thomas. and Youngs. (2015). The Closing Space Challenges: How are Funders Responding? Washington D.C. : Carnigie Endownment for International Peace.

Coleman, Isobel and Terra Lawson-Remer (ed). (2013). Pathways to Freedom: Political and Economic Lessions From Democratic Transitions. New York: Council of Foreign Relations.

Dapice, David and Nguyen X. Thanh. (2013, July). Creating a Future: Using Natural Resources for New Federalism and Unity, Ash Centre, Harvard University. Retrived online at https://ash.harvard.edu/files/creating.pdf

Diamond, Larry; Fukuyama, Horowitz, and Plattner. (2014, January). Discussion: Reconsidering the Transition Paradigm. Journal of Democracy.

Feng, Yi (1997, July). Democracy, Political Stability and Economic Growth. British Journal of Political Science. 27 (3): 416, 391418.

Freedom in the World (2017). (Myanmar Report). https://freedomhouse.org/report/freedom-world/2017/myanmar

Frontier Myanmar. (2016, June 16). 100 days: Planning the government’s reform agenda http://frontiermyanmar.net/en/100-days-planning-the-governments-reform-agenda

Fukuyama, F. (2005, January). Stateness first, Journal of Democracy, Volume 16, Number 1, The Johns Hopkins University Press. pp. 84-88.

Gift, Thomas; Krcmaric, Daniel (2015). Who Democratizes? Western-educated Leaders and Regime Transitions. Journal of Conflict Resolution.

Gill, Graeme. (2000). The Dynamics of Democratization: Elites, Civil Society, and the Transition Process. New York: St. Martin’s Press.

Glaeser, Edward & Steinberg, Bryce Millett. (2016, November 1). Transforming Cities: Does Urbanization Promote Democratic Change?. National Bureau of Economic Research.

Haerpfer. C. W. Patrick Bernhagen, Ronald F. Inglehart & Christian Welzel. (ed.) (2009). Democratization. New York: Oxford University Press.

Holiday, Ian. (2008). Voting and Violence in Myanmar: Nation Building for a Transition to Democracy. Asian Survey, Vol. XLVIII, No. 6. University of California Press.

Hungtington, Samuel. (1991). The Third Wave: Democratization in the Late Twentieth Century, Norman, Oklahoma, University of Oklahoma Press.

Lipset, Seymour M. (1959, March). Some Social Requisites of Democracy: Economic Development and Political Legitimacy. The American Political Science Review, Vol. 53, No. 1. pp. 69-105, American Political Science Association.

Mainwaring, Scott. (1989). Transitions to democracy and democratic consolidation: Theoretical and comparative issues. The Helen Kellogg Institute for International studies. University of Notre Dame. Working Paper# 130.

Manger, Mark S.; Pickup, Mark A. (2016, February 1). The Coevolution of Trade Agreement Networks and Democracy. Journal of Conflict Resolution.

ODonnell, Guillermo. (1986). Introduction to the Latin American Cases. In ODonnell et al., eds., Transitions from Authoritarian Rule, Part 2, pp. 3-18.

Osnos, Evan. (2012, August). The Burmese Spring: A brutal regime’s shift toward democracy surprised nearly everyone. How did it happen?, The New Yorker.

Pevehouse, Jon. (2002, June 1). Democracy from the Outside-In? International Organizations and Democratization. International Organization.

Przeworski, Adam; et al. (2000). Democracy and Development: Political Institutions and Well-Being in the World, 1950-1990. Cambridge: Cambridge University Press.

Riffel, Lex. (2012, March). Spring in Myanmar. Brookings Institution Blog. https://www.brookings.edu/opinions/spring-in-myanmar/

Riffel, Lex. (2016, March). Daw Aung San Suu Kyi’s Government: What to Look for in Myanmar. https://www.brookings.edu/blog/future-development/2016/03/30/aung-san-suu-kyis-new-government-what-to-look-for-in-myanmar/

Rice, Tom & Ling, Jeffrey. (2002, December 1). Democracy, Economic Wealth and Social Capital: Sorting Out the Causal Connections. Space and Polity. 6 (3): 307325.

Schneider, Carsten & Schmitter, Philippe. (2004). Liberalization, Transition and Consolidation: Measuring the Components of Democratization, Democratization, Vol.11, No.5, pp.5990

Sithu Aung Myint. (2016, April). Successes and setbacks: Looking back on the NLD’s first year in government, Frontier Myanmar. Frontier Myanmar. http://frontiermyanmar.net/en/successes-and-setbacks-looking-back-on-the-nlds-first-year-in-government

Teorell, J. (2010). Determinants of Democratization: Explaining Regime Change in the World, 1972-2006. Cambridge: Cambridge University Press.

The Economist. (2013, May). A Burmese spring. https://www.economist.com/news/special-report/21578168-after-50-years-brutal-military-rule-myanmars-democratic-opening-has-been-swift-and

Zakaria, Fareed. (1997). The Rise of Illebral Democracy. Foreign Affairs 76. pp. 22-43.

Factors influencing success and failure of democratic transition and policy proposal for Myanmar

By Aung Thu Nyein

O’Donnell and Schmitter (1986) offer a useful definition on “Transition from authoritarian rule”. The ‘transition’ is the interval between one political regime and another… Transitions are delimited, on the one side, by the launching of the process of dissolution of an authoritarian regime and, on the other, by the installation of some form of democracy, the return to some form of authoritarian rule, or the emergence of a revolutionary alternative”. The transition is not linear in nature, there is no-size-fit-all formula, and many democratic gains in countries have stalled, or even deteriorated, as fragile democracies struggled to rebuild a credible governance and a functioning state.

This article confers the definition and nature of “transition” in academic discourse, models, sequences, prerequisite conditions for a democratic transition, and different indicators how to gauge a transition. Moreover, it briefly discusses current issues and development of Myanmar democracy, which is not promising and yet to grasp expectations after a landslide victory in 2015 general elections. Finally, it offers a policy proposal, based on the idea of building a shared vision, fulfilling stateness, democratic governance, and measures promoting democracy. Unless the democracy polity is broaden, the military will be significantly dominant in transition.

About the author

Aung Thu Nyein

Aung Thu Nyein is the Director of Communications at ISP Myanmar. He is a former student activist in 1988 Democracy Movement and took leadership several positions in exile democracy movement. He read Masters in Public Administration (M. P.A) at Harvard University in 2002. He co-founded Vahu Development Institute (VDI) along with other expatriates in 2006, which is focusing on policy advocacy on democratization and strengthening civil society in Burma/Myanmar. He returned to Myanmar after 2011country's political reforms and joined in the Center for Economic and Social Development (CESD) of Myanmar Development Institute (MDRI). (from 2012- until 2014 Dec). He is pursuing a Ph.D. study on development administration at National Institute of Development Administration (NIDA) in Bangkok.

Add comment