ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး (PACE) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာအား မေးမြန်းခြင်း

“လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းဖို့အတွက် နည်းနည်း စောသေးတယ်ဗျ။ ပြောင်းဖို့တော့ လိုတယ်။ ပြောင်းမယ် ဆိုရင်တောင် လုံးလုံးလျားလျားကြီး အချိုးကျကို ကူးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ရောယှက်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ- အမျိုးသားလွှတ်တော်ကို ပုံစံပြောင်းတာမျိုးပေါ့။ ”

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲစနစ် ဘယ်လောက်အထိ လိုက်လျောညီထွေမှု ဖြစ်သလဲ။

■ ဖြေ   –         အခုလောလောဆယ် ကျွန်တော်တို့သုံးတဲ့ ရွေးကောက်ပွဲစနစ်ပေါ့။ majority system ပေါ့။ အတိအကျပြောရရင် first-past-the-post ဆိုတဲ့ အခါကျတော့  ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ဗျာ။ ဒီရွေးကောက်ပွဲ တစ်ရပ်ကနေပြီးတော့ ထွက်လာတဲ့ အစိုးရက ပိုပြီးတော့မှ တည်ငြိမ်တဲ့ အစိုးရမျိုး ရချင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ပြဿနာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာက မတူတဲ့ တိုင်းရင်းသားတွေ အရမ်းများတယ်။ ဘာသွားဖြစ်စေလဲ ဆိုတော့ လက်ရှိ ပါတီကြီးနှစ်ခုပဲ ဆိုကြပါစို့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပေါ့။ ဒီပါတီကြီး နှစ်ခုက တကယ်တမ်း စနစ်ရဲ့ မူရင်းအနှစ်သာရဆိုရင် မဲတွေ ရချင်လို့ရှိရင် သှူရဲ့ လူမျိုးတစ်မျိုးအပေါ်မှာပဲ အခြေခံလို့ မရတော့ဘူး။ သူ မဲအများကြီး ရချင်တဲ့အတွက် အခြားလူမျိုးအတွက် ပေါ်လစီတွေ ပြောပေးရတော့မယ်။ အခြားဒေသအတွက်လည်း ပြောပေးရတော့မယ်။ အခြားလူနည်းစုတွေ အတွက်လည်း ပြောပေးရမယ်။ ဒါမှလည်း မဲတွေ အများကြီးရမှာကိုးဗျ။ ခက်တာကလည်း ကျွန်တော်တို့ လက်ရှိ ရှိနေတဲ့ နိုင်ငံရေးအခြေအနေက ပါတီကြီးနှစ်ခုစလုံးက အဲဒီလိုမလုပ်ဘဲနဲ့ လူမျိုးတစ်ခုအပေါ်မှာပဲ အခြေခံပြီးတော့ တည်ဆောက်တယ်။ လူမျိုးတစ်ခု အပေါ်မှာပဲ ဦးတည်ပြီးတော့ မူဝါဒရေးဆွဲတဲ့ အတွက်ကြောင့်မလို့  ပါတီငယ်လေးတွေအတွက် အခွင့်အလမ်းမရှိဘူး ဖြစ်နေတာပေါ့။ ဒေသဆိုင်ရာမှာ ဆိုရင်လည်း ဒေသမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်လောင်းတွေကို မထည့်နိုင်ဘူး။ ဆိုတဲ့အခါကျတော့ လူနည်းစုတွေ၊ မတူကွဲပြားတဲ့ တိုင်းရင်းသား လူနည်းစုတွေအတွက် အခွင့်အလမ်းက မရှိဘူး ဖြစ်နေတယ်။ တကယ်လို့ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေးစနစ်က အမျိုးသား ပြန်လည်သင့်မြတ်ရေး national identity ကို ဖော်ထုတ်မယ်ဆိုရင် ပထမဆုံး လုပ်ရမှာက ဒီစနစ်ကို ပြင်မလား၊ မပြင်ဘူးလား။ ဒီရွေးကောက်ပွဲစနစ်ကို ပြောင်းမလား။ ဒီထက်ပိုပြီးတော့ inclusive ဖြစ်တဲ့ စနစ်ကို ပြောင်းမလား။ ဒါကတော့ နိုင်ငံရေးသမားတွေ ဆွေးနွေးရမှာပေါ့။ ဒါမှမဟုတ် အဲဒီလိုမျိုး မလုပ်ချင်သေးဘူး။ ဒါက ကျွန်တော်တို့အတွက် စောသေးတယ်၊ ရွေးကောက်ပွဲသက်တမ်း နှစ်ခုပဲရှိသေးတယ်ဆိုရင် ပါတီကြီးတွေအနေနဲ့ တခြားလူနည်းစုတွေကို သူတို့ရဲ့ပါတီထဲကို ထည့်ရမယ်။ ဥပမာဆိုကြပါစို့ဗျာ။ ပါတီတွေအတွက်ကလည်း နိုင်ငံရေးအရဆိုရင် လွှတ်တော်ထဲမှာ ခုံရဖို့က အရေးကြီးတာကိုး။ ဆိုတဲ့အခါကျတော့ ပေါ်ပြူလာ မဖြစ်နိုင်တဲ့ အမတ်မျိုးကို သူတို့က ထားမှာမဟုတ်ဘူး။ ဆိုလိုတဲ့ သဘောက အမျိုးသမီးပါဝင်မှု မြှင့်ချင်တယ်ဆိုဦးတော့ မြန်မာလိုနိုင်ငံမျိုးမှာ အမျိုးသားတွေက ပိုပြီးတော့ ကြီးစိုးတဲ့အတွက်ကြောင့် အမျိုးသမီး လွှတ်တော်အမတ်တွေပဲ တင်တယ်ဆိုလို့ရှိရင် မဲရဖို့ သိပ်မလွယ်ဘူး။ ဒါကြောင့် သူက အမျိုးသားကို တင်မှာ။ ဆိုတဲ့အခါကျတော့ နှစ်ခုပဲ။ လက်ရှိနိုင်ငံရဲ့ အခြေအနေအရ၊ နောက်ပြီးတော့ အသွင်ကူးပြောင်းရေး အခြေအနေအရ ပါတီကြီးတွေအတွက်က ဒီစနစ်ကိုပဲ ဆက်ပြီးတော့ ကိုင်ချင်တယ် ဆိုလို့ရှိရင် သူတို့ ဒီထက်ပိုပြီးတော့မှ အားလုံးကို လွှမ်းခြုံတဲ့၊ အားလုံးပါဝင်နိုင်တဲ့ ပါတီလိုမျိုး  တည်ဆောက်ဖို့ လိုတယ်။ အဲဒီလိုမျိုး မတည်ဆောက်နိုင်ရင် လူနည်းစုတွေက အမြဲတမ်း ပြဿနာတက်နေမှာပဲ။ အမြဲတမ်း မကျေမနပ် ဖြစ်နေမှာပဲ။

■ မေး။ ၂၀၁၀ ပြည့်နှစ်က အခုချိန်အထိပေါ့။ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ မဲလိမ်မဲခိုးမှုတွေ၊ မဲပေးသူတွေရဲ့ စိတ်ဝင်စားမှု၊ ဒါတွေကရော ဘယ်လောက်အထိ အပြောင်းအလဲ ရှိခဲ့လဲ။

■ ဖြေ   –         ၂၀၁၀ ပြည့်နှစ်ကနေ အခု ၂၀၁၇ နှစ်အထိပေါ့လေ။ ရွေးကောက်ပွဲ အကြီးနှစ်ခု၊ ကြားဖြတ်နှစ်ခု၊ လေးခု ရှိတယ်။ အဲဒီအထဲမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲဥပဒေ ငါးခုပေါ့။ လွှတ်တော် သုံးရပ်အတွက် ရွေးကောက်ပွဲ ဥပဒေရယ်၊ နောက်ပြီးတော့မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နောက်ပြီးတော့ ပါတီမှတ်ပုံတင်ဥပဒေ။ အဲဒီထဲမှာ ကျွန်တော်တို့ တချို့သော အချက်ကလေး တစ်ခု နှစ်ခုကလွဲရင် ဘာမှ ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး။ လုပ်ထုံးလုပ်နည်းအရလည်း တချို့ သေးသေးမွှားမွှားတွေ ပြောင်းတာကလွဲရင် ရွေးကောက်ပွဲဥပဒေ မူဘောင်ကြီးတစ်ခုလုံးက ဒီအတိုင်းပဲ။ ဥပမာ ဆိုကြပါစို့။ အရင်တုန်းက ပြည်ထောင်စုအဆင့် ကော်မရှင်နာတွေကို ခန့်မယ်ဆိုလို့ရှိရင် သမ္မတက ခန့်မယ်။ သမ္မတနဲ့ သက်တမ်းတူတယ်။ လွှတ်တော်က ပယ်ချလို့ မရဘူး။ အဲဒါက အုပ်ချုပ်ရေးမဏ္ဍိုင်က ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှု၊ အမှီအခိုကင်းမှုကို ထိခိုက်တယ်။ တောက်လျောက် ဝေဖန်တယ်။ ဒါပေမဲ့ အခုချိန်ထိလည်း ဒီအတိုင်းပဲ ခန့်တယ်ဆိုတော့ ပြောရမယ်ဆိုရင် ဥပဒေမူဘောင်ကြီး တစ်ခုလုံးမှာ ကြီးမားတဲ့ အပြောင်းအလဲလုပ်တာ မတွေ့ရသေးဘူး။

ပြည်သူလူထု ပါဝင်မှုကတော့ ၂၀၁၀ မှာ နည်းနည်း အငြင်းပွားစရာ ဖြစ်တယ်။ ဝိရောဓိဖြစ်စေတဲ့ အရာပေါ့လေ။ ၂၀၁၂ မှာရော ၂၀၁၅ မှာပါ ပြည်သူလူထုရဲ့ပါဝင်မှုက တော်တော်မြင့်တယ်လို့ ပြောလို့ရပါတယ်။ ၆၉ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း အဲဒီအနားမှာ အမြဲတမ်းရှိတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ ရာခိုင်နှုန်း တော်တော်ကျတယ်။ ၃၅ ရာခိုင်နှုန်းအောက်ပဲ ဖြစ်သွားတာပေါ့။ (၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရလဒ် အနှစ်ချုပ်ကို နောက်ဆက်တွဲ စာမျက်နှာ-၁ တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။ – အယ်ဒီတာ) အဲဒါကလည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာအကုန်မှာ ကျွန်တော်တို့ စစ်တမ်းတစ်ခု ကောက်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ် ၂၂ မြို့နယ်မှာ  ကျွန်တော်တို့ မေးကြည့်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ရှိတာ သိလားဆိုတော့ အများစုက မသိဘူး။ ပထမအချက်က သတင်းအချက်အလက် ရောက်ရှိမှု နည်းတယ်ဆိုတာနဲ့ ပညာပေးမှု နည်းတာတော့ ကျိန်းသေတယ်။ စိတ်ဝင်စားမှု နည်းလား၊ မနည်းလားတော့ မမေးဖြစ်ဘူး။ မဲထည့်မလားလို့ မေးတဲ့အခါ ထည့်မယ်လို့ ပြောတဲ့သူ များတယ်။ ဒါပေမဲ့ တကယ်တမ်း မဲထည့်မှုနဲ့ နှိုင်းယှဉ်ရင် တော်တော်ကွာတယ်။

■ မေး။ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာတဲ့အခါ ပြည်သူတွေရဲ့ မဲပေးမှုက စံချိန်တင် ကျသွားတယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း အဆိုးဝါးဆုံး ကျဆင်းမှုလို့ ပြောနိုင်တယ်။ အဲဒါက ဘာကြောင့် ဖြစ်သွားတာလဲ။

■ ဖြေ   –         အဓိကကတော့ ပြည်သူလူထုဆီကို သတင်းအချက်အလက် ရောက်ရှိမှု အရမ်းအားနည်းတယ်။ ဒါ ငြင်းစရာ လုံးဝမရှိဘူး။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေ အနေနဲ့ မဲဆန္ဒရှင် ပညာပေး အစီအစဉ်တွေ လုပ်တာ အရမ်းအားနည်းတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း နည်းနည်းပါးပါးပဲ လုပ်နိုင်တယ်။ ဒါကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ လုပ်ခဲ့တဲ့ လေ့လာဆန်းစစ်ချက်အရ ပေါ့လေ။ စိတ်ဝင်စားမှု နည်းတာတော့ ကျိန်းသေတယ်။ တချက်ကြည့်မယ် ဆိုရင် ၂၀၁၂ မှာရော၊ ၂၀၁၅ မှာရော ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် တိုင်းပြည်မှာ သြဇာရှိတဲ့သူတွေ အားလုံးက ပြည်သူလူထုကို မဲသွားထည့်ကြပါ၊ နောက်ဆုံး ၂၀၁၅ တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မနက်စောစောသွားပြီး မဲထည့်ကြပါဆိုလို့ နံနက် ၅ နာရီခွဲလောက်မှာပဲ လူတွေက ပုံနေပြီ။ နောက် ကျော်ကြားသူ အနုပညာရှင်တွေကလည်း မဲထည့်ဖို့ ပြောကြတယ်။ ၈၈ လို နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ရွေးကောက်ပွဲကို မဲထည့်ဖို့ ပြောတယ်။ အခု ၂၀၁၇ ခုနှစ်မှာ အဲဒီလောက် မတွေ့ရဘူး။ ဘယ်အနုပညာရှင် ကမှလည်း မလုပ်ဘူး။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်လို သြဇာကြီးတဲ့ ပုဂ္ဂိုလ်မျိုး၊ အနိုင်ရပါတီ ကိုယ်တိုင်က ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲက အင်မတန် အရေးကြီးတယ်၊ မဲသွားပေးကြပါဆိုတဲ့ message မျိုး မပေးနိုင်ခဲ့ဘူး။ မပေးနိုင်တော့ ပြည်သူလူထုက ရှင်းတယ်။ ဒါဆိုရင်တော့ ရွေးကောက်ပွဲက အရေးမကြီးဘူးလို့ ယူဆမှာပဲ။

■ မေး။ ဖက်ဒရယ်စနစ်နဲ့ ရွေးကောက်ပွဲစနစ် အပြောင်းအလဲ ဒီနိုင်ငံမှာ ဖြစ်လာနိုင်သလား။

■ ဖြေ   –         ဖြစ်နိုင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ၊ သူတို့အတွက်က နိုင်ငံရေးအခွင့်အရေး၊ နိုင်ငံရေးမှာ ပါဝင်ဖို့ မျှမျှတတရဖို့ဆိုရင် လက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲစနစ်က သူတို့အတွက် အခွင့်အရေး မရဘူးလို့ ယူဆတယ်။ တကယ်လို့သာ ကျွန်တော်တို့ တိုင်းပြည်က ဖက်ဒရယ်စနစ်ကို သွားကြမယ်ဆိုလို့ရှိရင် ပထမတစ်ချက်တော့ဗျာ။ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဘယ်လိုခန့်မလဲ။ ပြည်နယ်တွေကပဲ ခန့်ခွင့်ရှိမလားဆိုတဲ့ ဟာ။ ဒါက ရွေးကောက်ပွဲစနစ်နဲ့လည်း အများကြီးဆိုင်တယ်။ နောက်တစ်ခု သေချာတာက ဆိုကြပါစို့ အမျိုးသားလွှတ်တော်ကိုဖြစ်ဖြစ်၊ ပြည်သှူလွှတ်တော်ကိုဖြစ်ဖြစ်၊ တိုင်းရင်းသားလူနည်းစုတွေ ပါဝင်လာအောင်၊ ရွေးကောက်ပွဲစနစ်ကို အချိုးကျစနစ် လုံးလုံးလျားလျားကြီး Proportional System  (PR) ကို မသုံးဘူး ဆိုရင်တောင် ဘယ်လိုရောယှက်ပြီးတော့ သုံးလို့ရမလဲ။ ဒါမှလည်း သူတို့အတွက် အခွင့်အလမ်းရမယ်။ ဖက်ဒရယ်ကိုပြောရတဲ့ တိုင်းရင်းသားတွေက အာမခံချက် ရချင်တာကိုး။ အဲဒီလို အာမခံချက်ရဖို့ ဆိုတာကလည်း ဖက်ဒရယ်စနစ်ဆိုပြီး အုပ်ချုပ်ရေးမဏ္ဍိုင်ကို ပြောင်းရုံမရဘူး။ ဥပဒေပြုရေးမှာပါ သူတို့အတွက် အခွင့်အရေးရဖို့ လိုတယ်။ ရွေးကောက်ပွဲစနစ်က အဲဒီအပေါ် သက်ရောက်မှု ရှိတယ်။ အများကြီး ပြန်စဉ်းစားဖို့ လိုတယ်။

■ မေး။ လာမယ့် ရွေးကောက်ပွဲတွေမှာ ဘယ်လိုရွေးကောက်ပွဲစနစ်မျိုး ဖြစ်သင့်သလဲ။ အကြံပြုပေးပါ။

■ ဖြေ   –         ကျွန်တော့်အနေနဲ့ကတော့ လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းဖို့အတွက် နည်းနည်းစောသေးတယ်ဗျ။ ပြောင်းဖို့တော့ လိုတယ်။ ပြောင်းမယ်ဆိုရင်တောင် လုံးလုံးလျားလျားကြီး အချိုးကျကို ကူးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ရောယှက်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ- အမျိုးသားလွှတ်တော်ကို ပုံစံပြောင်းတာမျိုးပေါ့။ ဒါပေမဲ့ ဒါက အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့လည်း သွားဆိုင်နေတယ်။ ဒါက လက်ရှိအစိုးရအတွက် လက်တွေ့မကျဘူး။ သူတို့အနေနဲ့ ဒါကို လုပ်နိုင်မယ်လို့တော့ မထင်ဘူး။ လောလောဆယ် ဒီစနစ်ကိုပဲ သုံးဖို့လိုတယ်။ ဒါပေမဲ့လည်း ပါတီကြီးတွေအနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူနည်းစုတွေ သူတို့ပါတီထဲ ပါလာအောင်၊ အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းထဲ ပါအောင်၊ နောက်ပြီးတော့ ပါတီရဲ့ အုပ်ချုပ်ရေး၊ ပါတီခေါင်းဆောင်မှုပိုင်းမှာ ပါလာအောင် လုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီစနစ်က ပြောရမယ်ဆိုရင် အလုပ်ဖြစ်နိုင်သေးတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ လုပ်ရမယ်။ အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ မသက်ဆိုင်ဘူး။ မဲဆန္ဒနယ်တွေကို ပြန်ပြီးတော့ ပြင်ဆင်တာ။ ဥပမာဆိုရင် ရန်ကုန်မှာ လသာမှာဆိုရင် ကျွန်တော်တို့ မဲဆန္ဒရှင် နှစ်သိန်းကျော်လောက် ရှိမယ်။ ကိုကိုးကျွန်းမှာဆိုရင် တစ်ထောင်ကျော်လောက်ပဲ ရှိမယ်။ နောက် ကယားမှာ၊ ရှားတောမှာ ဆိုရင် တစ်ထောင်ကျော်လောက်ပဲ ရှိတာ။ ကျွန်တော်တို့က မဲမညီဘူး။ အဲဒါတွေကတော့ ကျွန်တော်တို့ ကော်မရှင်က လုပ်လို့ရတဲ့ကိစ္စတွေ၊ အဲဒါတွေက မဖြစ်မနေ ပြန်လုပ်သင့်တယ်။ ဥပဒေပိုင်းဆိုင်ရာတွေလည်း ပြောင်းဖို့လိုတယ်။ မဟုတ်ရင်  ကော်မရှင်က ပထမတစ်ချက် ကျိန်းသေတာတော့ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်ရင် ကော်မရှင်က အခုချိန်အထိ ဘာမှ မပြောနိုင်သေးဘူး။ ၂၀၁၅ ခုနှစ် မတိုင်မီမှာ အခုအနိုင်ရရှိတဲ့ ပါတီက ကြီးကြီးမားမား ဝေဖန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်လို့ အခုကော်မရှင်က ဘယ်လို ပြင်ဆင်တယ်ဆိုတာ အခုချိန်အထိ အဖြေမပေးနိုင်ဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပါဝင်ခွင့်က အခုချိန်အထိ အကန့်အသတ် ရှိနေတုန်းပဲ။ ဒါက သူတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု။ နောက်တစ်ခုက သူတို့ကိုယ်တိုင် အရင်တုန်းကကျတော့ အတိုက်အခံပါတီဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရင်ကော်မရှင်ကို အရင်အစိုးရနဲ့ ဘက်လိုက်တယ်ဆိုပြီး ကြီးကြီးမားမား ဝေဖန်ခဲ့တာတွေ ရှိတယ်။ အခု ကော်မရှင်ကလည်း ထိုနည်းလည်းကောင်းပဲ။ ကျွန်တော်တို့ဆီမှာ ပါတီ ၉၀ ကျော်ရှိတယ်။ လွှတ်တော်ထဲမှာ ရှိတဲ့ပါတီက ၁၀ ပါတီလောက်ပဲ ရှိတယ်။ ကြီးကြီးမားမား အနိုင်ရတဲ့ပါတီက တစ်ခုပဲရှိတယ်။ ကျန်တဲ့ပါတီတွေက ဒီကော်မရှင်ကို မြင်မှာပဲ။ ပြောရရင်တော့ဗျာ။ ပြည်သူလူထုနဲ့ တခြားသော တိုင်းရင်းသား ပါတီတွေက ကော်မရှင်ကို ယုံကြည်မှု မြင့်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာ အခုကော်မရှင်ရဲ့ စိန်ခေါ်မှုပဲ။

About the author

The Editor

Add comment