
ကိုယ်စားလှယ်ပေါင်း ၂၀၀၀ကျော် တက်ရောက်မည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက်ပါတီ ညီလာခံကို မြို့တော်ဘေဂျင်းတွင် ယနေ့စတင်လိုက်ပြီး တစ်ကမ္ဘာလုံးမှ တရုတ်အရေးလေ့လာသူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး ပါတီ၏ ခေါင်းဆောင်နေရာနှင့် အခြား အရေးပါသော နေရာများအတွက် တာဝန်ယူမည့်ပုဂ္ဂိုလ်များကို ရွေးချယ်အတည်ပြုသည်။ နောက် ငါးနှစ်တာ ကာလအတွက် ပါတီနှင့် နိုင်ငံကို ဦးဆောင်မည့် မူဝါဒများ လမ်းညွန်ချက်များကို အတည်ပြုချမှတ်သည်။
၁၉၈၂ ခုနှစ်တွင် ပါတီ ဥက္ကဌရာထူးကို ဖျက်သိမ်းပြီးနောက် ပါတီ အထွေထွေအတွင်းရေးမှူးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကကျသူ ဖြစ်လာပြီး ၎င်းကို ပါတီညီလာခံမှ တဆင့် ငါးနှစ်တကြိမ် ရွေးချယ်လေ့ရှိသည်။ ထို့အပြင် အခြားအရေးပါသော နေရာများဖြစ်သည့် ဗဟိုကော်မတီဝင် ၃၀၀ ကျော်၊ ပေါလစ်ဗျူရို အဖွဲ့တွင် ၂၅ဦး၊ ပေါလစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင် ခုနစ်ဦးမှ ကိုးဦးခန့်ကိုလည်း ပါတီညီလာခံမှ ရွေးချယ်မည်ဖြစ်သည်။
လက်ရှိ သမ္မတ ရှီကျင့်ဖျင်သည် ပါတီ အထွေထွေအတွင်းအရေးမှူးအဖြစ် ၂၀၁၂ ခုနှစ် ၁၈ကြိမ်မြောက် ပါတီ ညီလာခံတွင် တာဝန်စယူခဲ့သည်။ ပုံမှန်အားဖြင့် ပါတီအထွေထွေအတွင်းရေးမှူး တာဝန်ကို သက်တမ်း နှစ်ကြိမ် ယူလေ့ရှိရာ ရှီကျင့်ဖျင်ပင်လျှင် နောက်ထပ် သက်တမ်းငါးနှစ်အတွက် ဆက်လက် တာဝန်ယူလိမ့်မည် နားလည်ပြီး ဖြစ်သည်။ အားလုံး စိတ်ဝင်တစာနှင့် စောင့်ကြည့်နေသည့် အရာမှာ ညီလာခံမှ ရွေးချယ်သည့် နောက်ငါးနှစ်အတွက် ပါတီအထွေထွေ အတွင်းရေးမှူး မည်သူဖြစ်သနည်း ဆိုသည်ထက် ၂၀၂၂ ခုနှစ် အလွန် ပါတီ အထွေထွေအတွင်းရေးမှူး မည်သူဖြစ်လာမည်နည်း ဟူသည့် မေးခွန်းပင်ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ထုံးစံအရ နောက်ငါးနှစ်သက်တမ်းအပြီးတွင် ပါတီအား ဦးဆောင်မည့်မျိုးဆက်ကို ထိုအတိုင်မှီ သက်တမ်းတခုကြိုပြီး ပါတီ၏ ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင်အဖြစ်ရွေးချယ်လေ့ရှိသည်။ ပေါလစ်ဗျူရိုသည် တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာအရှိဆုံး နိုင်ငံရေးအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် ခုနစ်ဦးမှ ကိုးဦးအထိ ရှိတတ်သည်။ ထို့ပြင် လက်ရှိ ပေါလစ်ဗျူရို၏ အမြဲတမ်းအဖွဲ့ဝင် ခုနစ်ဦးတွင် ရှီကျင့်ဖျင်နှင့် လီခံချန်မှအပ ကျန်ငါးဦးသည် (ပါတီ၏ထုံးစံဖြစ်သည့်) ပင်စင်ယူရမည့် အသက် ၆၈ နှစ်သို့ရောက်နေပြီဖြစ်ရာ မည်သူတွေ ထွက်သွားပြီး မည်သူတွေ ဝင်လာမည်နည်း ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ထိုသို့စောင့်ကြည့်နေရခြင်း၏ အကြောင်းမှာ လက်ရှိ ပါတီ အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသော သမ္မတ ရှီကျင့်ဖျင်သည် သူ အာဏာရသည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ ပါတီတွင်း အာဏာနှင့် ပုံရိပ်ကို တည်ဆောက်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် ပါတီတွင်းမှ အလားအလာရှိသော ပြိုင်ဖက်များကို ထုတ်ပယ်ကာ သူ ယုံကြည်ရသောသူများဖြင့် အစားထိုးခဲ့သဖြင့် ရှီသည် ၂၀၂၂ အလွန်တွင် အာဏာ ဆက်လက်ယူနိုင်မည်လားဟု စတင် မေးခွန်းထုတ်လာကြသည်။ ထိုယူဆချက်များကို ထောက်ပံ့နေသည့် အချက်အလက်များလည်း ရှိသည်။ လွန်ခဲ့သောနှစ်က ကျင်းပခဲ့သော ပါတီဗဟိုကော်မတီ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ရှီအား ပါတီ၏ခေါင်းဆောင်ကြီး “Core Leader” အဖြစ် စတင် သတ်မုတ်ခဲ့သည်။ ကွန်မြူနစ်ပါတီ၏ သက်တမ်းတလျှောက် ထိုကဲ့သို့ ခေါင်းဆောင်ကြီးဟု သတ်မှတ်ခံရသူမှာ မော်စီတုန်း၊ တိန့်ရှောင်ဖိန်နှင့် ကျန်ဇီမင်းတို့ သုံးဦးသာရှိခဲ့ပြီး ထိုသို့ သတ်မှတ်ခံရခြင်းက ရှီ၏ ပါတီတွင်းသြဇာနှင့် လွှမ်းမိုးနိုင်မှုကို ထင်ဟပ်လျက်ရှိသည်။
ရှီ၏ လက်ရုံးတဆူအဖြစ် တင်စားသော ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မတီ ဦးဆောင်သူ မစ္စတာ ဝမ်ချီရှမ်း သည် အသက် ၆၉ နှစ် ပြည့်ပြီ ဖြစ်ရာ ပါတီထုံးစံအရ အမြဲတမ်း အဖွဲ့ဝင်အဖြစ်မှ အနားယူရမည်ဖြစ်သည်။ ၁၉ကြိမ်မြောက် ညီလာခံအလွန် မစ္စတာဝမ်သည် အမြဲတမ်း အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်လားဆိုသည်ကိုလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။ မစ္စတာဝမ် ဆက်ရှိနေခြင်းသည် (၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် ၂၀ကြိမ်မြောက် ညီလာခံ၌ အသက် ၆၉နှစ် ရှိနေမည်ဖြစ်သော) ရှီကျင့်ဖျင်က ပါတီ၏ ထုံးစံများကို ဖောက်ထွက်ကာ သက်တမ်းသုံးဆက်မြောက်တွင်လည်း အထွေထွေ အတွင်းရေးမှူး အဖြစ် ဆက်ရှိနေနိုင်သည့် အလားအလာဖြစ်သည်ဟု သုံးသပ်ကြသည်။ ထို့ကြောင့် ရှီ၏ နေရာကိုဆက်ခံဖွယ်ရှိသည့် ပုဂ္ဂိုလ်မျိုး အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာမလား၊ မည်သူတွေ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာပြီး မည်သူတွေ အနားယူကြမလဲဆိုသည် စောင့်ကြည့်ရမည်ဖြစ်သည်။
ပါတီညီလာခံမှတဆင့် ပါတီ၏ အရေးပါသော နေရာများအတွက် ရွေးချယ် တင်မြောက်သည် ဆိုသော်လည်း တကယ်တမ်းတွင် ဆုံးဖြတ်ချက်များကို ညီလာခံ မတိုင်ခင် ပါတီခေါင်းဆောင်များ တံခါးပိတ် ဆွေးနွေးကြပြီး ညီလာခံတွင် အတည်ပြုခြင်းသာ ဖြစ်သည်။ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့မှကာ ပါတီခေါင်းဆောင်ပိုင်းများ ဆွေးနွေးခဲ့ကြပြီး ရှီကျင့်ဖျင်၏ နိုင်ငံရေးအတွေးအခေါ်များကို ထည့်သွင်းရန် ပါတီ၏ အခြေခံ ဥပဒေကို ပြင်ဆင်သွားမည်ဆိုော သဘောတူညီမှု ရရှိခဲ့သည်ဟု လတ်တလော တရုတ်သတင်းများတွင် ဖော်ပြထားသည်။ ထိပ်တန်း ခေါင်းဆောင်များ၏ ဦးဆောင်မှုသမိုင်းကို မှတ်တမ်းတင်ရန် နိုင်ငံရေး အတွေးအခေါ်များကို ကွန်မြူနစ်ပါတီ၏ အခြေခံ ဥပဒေအတွင်း ထည့်သွင်းလေ့ရှိသည်။ သို့သော် ထိုသို့ထည့်သွင်းရာတွင် မော်စီတုန်းနှင့် တိန့်ရှောင်ဖိန်မှအပ အခြားခေါင်းဆောင်များ၏ အမည်ကို ပူးတွဲ ဖော်ပြခြင်းမျိုး မရှိခဲ့ပေ။ သို့ဖြစ်ရာ ရှီ၏ နိုင်ငံရေး အတွေးအခေါ်ကို ဖော်ပြရာ တွင်လည်း မည်သည့်မည်ပုံ ဖော်ပြမည် ဆိုသည်မှာ ရှီ၏ ပါတီအပေါ် သက်ရောက်သည့် သြဇာကို ထင်ဟပ်နေမည် ဖြစ်သောကြောင့် သတိထား လေ့လာသင့်သည့် အချင်းအရာတခုပင်ဖြစ်သည်။
၁၉ ကြိမ်မြောက်ပါတီ ညီလာခံ အလွန်တွင် ပါတီခေါင်းဆောင်ပိုင်း နေရာတချို့ အပြောင်းအလဲ ဖြစ်လာနိုင်သော်လည်း ရေတို တရုတ်နိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းနှင့် မူဝါဒလားရာများ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်ရန် အလားအလာ နည်းပါသည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေး ယဉ်ကျေးမှုနှင့် ရှီ၏ ပြီးခဲ့သော ငါးနှစ်ကာလ ဆောင်ရွက်ချက်များကို လေ့လာပါက ၁၉ ကြိမ်မြောက်ညီလာခံသည် ရှီ၏ ခေါင်းဆောင်မှု ပိုမို ခိုင်မာလာစေနိုင်သည့် အခင်းအကျင်း တချို့ ပေါ်ထွက်လာနိုင်သည်။ သို့သော် ထိုအခင်းအကျင်း၏ အခြေခံမှာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍ ပိုမိုအားကောင်း လာရေးကိုသာ အခြေခံစဉ်းစား သော အခင်းအကျင်းမျိုးဖြစ်လိမ့်မည်။ ရှီကျင့်ဖျင်သည် နိုင်ငံရေး ရည်မှန်းချက် ကြီးမားပုံရပြီး မိမိ၏ ခေါင်းဆောင်မှု သြဇာကို မော်စီတုန်း၊ တိန့်ရှောင်ဖိန်တို့ နည်းတူ မှတ်ကျောက်တင်လိုသည့် အလားအလာများ တွေ့ရသော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံရေး ယဉ်ကျေးမှုအရ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု မယိမ်းယိုင်ရေးက ပထမဦးစားပေးဖြစ်သည်။
ပါတီရဲ့ခေါင်းဆောင်ပိုင်း အပြောင်းအလဲများအပြင် အခြား စောင့်ကြည့်ရမည့် ကိစ္စတစ်ခုမှာ ပါတီ အထွေထွေအတွင်းရေးမှူး၏ နောက် ငါးနှစ်တာကာအတွက် မူဝါဒ အခြေပြ မိန့်ခွန်းဖြစ်သည်။ တရုတ်နိုင်ငံ၏ နောက် ငါးနှစ်အတွက် နိုင်ငံရေးအကျင်းမှာ ရှီ၏ ဦးဆောင်မှု အောက်တွင် ဆက်လက် ရှိနေမည်ဖြစ်ရာ အပြောင်းအလဲများထက် ပြီးခဲ့သော ငါးနှစ်တာကာလ၏ မူဝါဒများကို ပိုမိုခိုင်မာစေဖို့ များသည်။ ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သော ၁၃ ကြိမ်မြောက် တရုတ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်း(၂၀၁၆-၂၀၂၀)၏ ဦးတည်ချက်ဖြစ်သော “၂၀၂၁ တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်တရာပြည့်ဖြစ်ချိန်တွင် ဘက်စုံ အတန်အသင့် ကြွယ်ဝသော လူ့အဖွဲ့အစည်း တရပ် တည်ထောင်မှု ရည်မှန်းချက်” ကို အပြီးသတ် အကောင်အထည်ဖော်မည့် မူဝါဒ လုပ်ငန်းစဉ်များကို ချပြလိမ့်မည်။ ထိုမိန့်ခွန်းများမှ တဆင့် တရုတ်နိုင်ငံ၏ နောက်ငါးနှစ်တာကာလအတွင်း အာရုံစိုက်မည့် နယ်ပယ်များကို သုံးသပ်၍ ရနိုင်မည်ဖြစ်သည်။
ငါးနှစ်တကြိမ် ပါတီညီလာခံတွင် နိုင်ငံခြားရေး မူဝါဒကို တိုက်ရိုက် ချပြလေ့မရှိသော်လည်း နိုင်ငံခြားရေး မူဝါဒများသည် ပြည်တွင်း စီးပွားရေး၊ နိုင်ငံရေး လမ်းပြမူဝါဒများနှင့် ဆက်စပ်လေ့ရှိရာ နိုင်ငံတကာ ပတ်ဝန်းကျင် သုံးသပ်ချက်များမှ တဆင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ပုံဖော်ကြည့်နိုင်သည်။ အခြေခံအားဖြင့် ရှီကျင့်ဖျင် လက်ထက် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမှုဝါဒနှင့် ရပ်တည်ချက်တချို့ အပြောင်းအလဲများ ရှိလာခဲ့သည်။ တရုတ်နိုင်ငံ၏ မိမိကိုယ်ကိုအမြင် ပြောင်းလဲလာသည်။ ယခင်က တရုတ်နိုင်ငံသည် မိမိကိုယ်ကို အားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ် ပုံဖော်နေရာမှ ရှီ လက်ထက်တွင် တာဝန်ယူမှုရှိသည့် နိုင်ငံကြီးပုံရိပ်ကို စတင် ဖော်ဆောင်လာသည်။ တလျှောက်လုံး ကျင့်သုံးလာသော တိန့်ရှောင်ဖျင်၏ လမ်းညွှန်ချက်ဖြစ်သည့် ကြောင်လက်သည်းဝှက် မူဝါဒမှသည် ရှီ၏ လက်ထက်တွင် နဂါမှန်းသိအောင် အမောက်ထောင်ပြသည်များ ရှိလာသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာ အခင်းအကျင်း၏ ဗဟိုချက်သို့တဖြည်းဖြည်းလျှောက်လှမ်းလာခဲ့သည်။ ကမ္ဘာ့အရေးများတွင် တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍများ ပိုမိုကျယ်ပြန့်လာသည်။ တရုတ်နိုင်ငံ၏ အသံများ ပိုမိုကျယ်လောင်လာသည်။ မိမိအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရာတွင်လည်း မိမိကိုယ်ကို ယုံကြည်မှုများနှင့်အတူ ပိုမို ရဲတင်း တက်ကြွလာခဲ့သည်။ ထို့ကြောင့် ရှီကျင့်ဖျင် လက်ထက် စတင်ခဲ့သော တရုတ်နိုင်ငံ၏ နိုင်ငံကြီး သံတမန် ဆက်ဆံရေးသည်ပင်လျှင် တရုတ်၏ အနာဂတ်နိုင်ငံခြားရေး မူဝါဒ အခြေခံလမ်းပြ ဖြစ်နေဦးမည်ဟု သုံးသပ်ရပါသည်။
(ယခုဆောာင်းပါးကို အောက်တိုဘာ ၁၈ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၄၆ တွင် ဖော်ပြခဲ့သည်။ ဆောင်းပါးရှင်သည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) မှ တရုတ်ရေးရာ သုတေသန တာဝန်ခံဖြစ်သည်)
ပညာရှင်တွေ ရဲ့ ရှုထောင့်တွေ ဖတ်ရလို့ ကျေးဇူးပါ