အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ “သေးငယ်ကျစ်လစ်သော ဝန်ကြီးအဖွဲ့ ” (Small Cabinet) မူဟာ မြန်မာနိုင်ငံ အတွက် အလုပ်ဖြစ်ခဲ့ဟန် မတူပါဘူး။ သုံးနှစ်အတွင်းမှာပဲ မူလဖွဲ့စည်းစဉ်ကနဲ့ မတူတော့ဘဲ ပုံစံတွေ ပြောင်း၊ ဝန်ကြီးဌာနတွေ ထပ်တိုး၊ ဒုတိယ ဝန်ကြီးတွေကိုလည်း ခန့်အပ်လာရပါတယ်။
မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းပုံတွေကို လေ့လာမယ်ဆိုရင် Small cabinet ဆိုတာက ဦးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်ထဲက စခဲ့တာပါ။ ဖဆပလအပါအဝင် ကျန်တဲ့ အစိုးရတွေက ကနဦးမှာ ဝန်ကြီးဌာနအနည်းငယ်၊ ဝန်ကြီးအနည်းငယ်ဖြင့် ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝန်ကြီးဌာနတွေ အများအပြား တိုးချဲ့ခဲ့သလို၊ ဦးဆောင်မယ့် ဝန်ကြီးတွေကိုလည်း ထပ်တိုး ခန့်အပ်လေ့ရှိပါတယ်။ NLD အစိုးရကတော့ အစောပိုင်းမှာ Small Cabinet မူကို ကျင့်သုံးခဲ့ပြီး အစိုးရသက်တမ်း နှစ်နှစ်ခွဲကျော် ကြာမြင့်လာချိန်မှာ ဝန်ကြီးဌာနတွေ ထပ်တိုး ဖွဲ့စည်း လာတာ ဖြစ်ပါတယ်။
ပုံ ၁- မြန်မာနိုင်ငံတွင် ၁၉၄၈ နောက်ပိုင်း တာဝန်ယူခဲ့တဲ့ အစိုးရများ၏ ဝန်ကြီးဌာန ဖွဲ့စည်းပုံ
နိုင်ငံတကာမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဖြစ်တဲ့ OECD နိုင်ငံတွေနဲ့ ဥရောပနိုင်ငံ အများစုမှာ မူဝါဒချမှတ်တဲ့အခါ ဝန်ကြီးအဖွဲ့အတွင်း သဘောထားကွဲမှု မရှိဘဲ အစိုးရအဖွဲ့အတွင်း တသံတည်း ထွက်စေဖို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပို အားကောင်းဖို့အတွက် ဝန်ကြီးဌာနနည်းနည်း၊ ဝန်ကြီး ဦးရေ နည်းနည်းနဲ့ ဖွဲ့စည်းတဲ့ Small Cabinet မူကို ကျင့်သုံးတာ တွေ့ရပါတယ်။ ၁ ဝန်ကြီးတွေမှာလည်း ဆုံးဖြတ်ပိုင်ခွင့် အတော်အသင့် ရှိကြပါတယ်။ ကိစ္စအများစုဟာ သမ္မတ၊ ဝန်ကြီးချုပ် အဆင့်အထိ မရောက်တော့ဘဲ ဝန်ကြီးတွေကပဲ ဖြေရှင်းပြီး ဆုံးဖြတ်ချက် ချပေးလေ့ ရှိပါတယ်။ ဒါကြောင့် အဲဒီ နိုင်ငံက အစိုးရ ခေါင်းဆောင်ကြီးတွေဟာ အစိုးရအဖွဲ့ရဲ့ နိစ္စဓူ၀ ကိစ္စတွေမှာ ဝင်ပါနေစရာ မလိုတော့ပဲ ကြီးမားပြီး အရေးကြီးတဲ့ ကိစ္စတွေအပေါ်မှာသာ အချိန်ပေး စဉ်းစားဖို့ ဖြစ်လာပါတယ်။ ဒါကြောင့် အစိုးရအတွက်လည်း (ဝန်ကြီး တဦးချင်းစီအတွက်သာမက ဝန်ကြီးဌာန အသုံးစရိတ်များတွင်ပါ) ဘဏ္ဍာငွေ အလေ့အလွင့် လျော့နည်းစေခဲ့သလို မူဝါဒတွေ ချမှတ်လုပ်ဆောင်ရာမှာလည်း လူနည်းနည်းနဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ အကောင်အထည် ပေါ်ခဲ့ပါတယ်။
ဒီလို အသုံးဝင်လှတဲ့ Small Cabinet မူက မြန်မာနိုင်ငံမှာ ဘာကြောင့် အလုပ်မဖြစ်သလဲဆိုတာ စူးစမ်းသင့်တဲ့ ကိစ္စ ဖြစ်လာပါတယ်။ အရေးကြီးဆုံး အချက်နှစ်ခုကြောင့် မြန်မာနိုင်ငံမှာ Small Cabinet မူ အလုပ်မဖြစ်နိုင်ခြင်း ဖြစ်ကြောင်း အခု ဆောင်းပါးမှာ ဖော်ပြပါမယ်။
၁။ တပြည်ထောင်စနစ် သမိုင်းနောက်ခံ
Small cabinet မူ အလုပ်မဖြစ်ခဲ့တဲ့အကြောင်းထဲမှာ အရေးကြီးဆုံး အချက်တခုက တပြည်ထောင်စနစ်အပေါ် မူတည်ထားခဲ့တဲ့ အစိုးရယန္တရား ကြောင့်လို့ သုံးသပ်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီး ကတည်းက တပြည်ထောင်စနစ် ပုံစံမျိုးသွားခဲ့တာပါ။ အစိုးရ လည်ပတ်ပုံက ဗဟိုဝန်ကြီးဌာနတွေကို အားပြုထားပါတယ်။ ဗဟိုက အကုန် လုပ်ဆောင်တဲ့အတွက် ဗဟိုရဲ့ ဝန်ကြီးဌာနတွေ အလုပ်များပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတွေ ပေါ်ပေါက်လာတယ် ဆိုပေမဲ့ ဒီလို ပေါ်ပေါက်ခြင်းဟာ သက်တမ်းအားဖြင့် ခုနစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့်ပေး၊ တာဝန်ယူခိုင်းပြီး ဗဟိုချုပ်ကိုင်မှုကို နိုင်ငံရေးနှင့် စီးပွားအရတင်မက စီမံခန့်ခွဲမှု အရပါ လျော့ချဖို့ ကြိုးစားနေကြရဆဲ ကာလ ဖြစ်ပါတယ်။ ဘတ်ဂျက် ခွဲဝေမှုကို ကြည့်မယ်ဆိုရင်လည်း ပြည်ထောင်စု အစိုးရအတွက် လျာထားချက်က ၈၉ ရာခိုင်နှုန်းရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရတွေကတော့ ၁၁ ရာခိုင်နှုန်း နီးပါးပဲ ရပါသေးတယ်။ ဒီတော့ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့ပေမယ့် လုပ်ငန်းတော်တော်များများဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနတွေ လက်ထဲမှာပဲ ရှိပါသေးတယ်။
NLD အစိုးရ စတင်ဖွဲ့စည်းချိန်မှာ ဝန်ကြီးအဖွဲ့ ဖွဲ့ဖို့အတွက် စဉ်းစားချက်က အစိုးရအသုံးစရိတ် လျော့ချလိုခြင်းအပေါ် မူတည်ခဲ့ပုံရပါတယ်။ ဝန်ကြီးဌာနတွေများရင် ဝန်ကြီး၊ ဒုတိယ ဝန်ကြီးတွေအတွက် လခ၊ အဆောင်အယောင်တွေ ပိုပေးရတာကြောင့် ပြည်သူ့ဘဏ္ဍာငွေ ပို သုံးရပါတယ်။ ဒါကြောင့်ပဲ အစိုးရ ဝန်ကြီးအဖွဲ့ကို ဖွဲ့တဲ့အခါ အကျစ်လျစ်ဆုံး ဖွဲ့ခဲ့ပါတယ်။ အရင် USDP အစိုးရလက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၆ ခု၊ ပြည်ထောင်စု ဝန်ကြီး တဦးစီနဲ့ ဒုတိယ ဝန်ကြီး ၅၆ ဦး စုစုပေါင်း ၉၂ ဦး ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ NLD အစိုးရ တာဝန်ယူတဲ့အခါ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၂၁ ခု၊ ဝန်ကြီး ၁၈ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမဲ့ သတိပြုစရာ တခုက အစိုးရသစ်ဟာ တပြည်ထောင်စနစ်ရဲ့ ယန္တရားအဟောင်းကို ဆက်ခံရတဲ့အတွက် လုပ်ထုံးလုပ်နည်းတွေက နဂိုအတိုင်း ရှိနေတာကို ရင်ဆိုင်ခဲ့ရပါတယ်။ ကြိုးနီစနစ်ကလည်း သိပ်ပြီး ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ခန့်အပ်လိုက်တဲ့ ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့၊ လုပ်ထုံး လုပ်နည်းတွေ လေ့လာဖို့ အချိန်မရခဲ့ပါဘူး။ ဒါ့အပြင် ဝန်ကြီးဌာနတွေ ပေါင်းလိုက်တဲ့အတွက် အရင် ဝန်ကြီးနှစ်ဦး သုံးဦး လုပ်ရမယ့် တာဝန်ကို တဦးတည်းက သိမ်းကျုံး လုပ်ခဲ့ရပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနတွေရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ချက်ဟာ ထိရောက်မှု နည်းခဲ့ပါတယ်။ စီးပွားရေး တွက်ချေကိုက်မှုအရ ကြည့်ရင် Small Cabinet မူက ပြည်သူ့ဘဏ္ဍာငွေ ကုန်ကျမှုနည်းတာ မှန်ပေမဲ့ နိုင်ငံရေး သမိုင်းနောက်ခံနဲ့ အလုပ်ဖြစ်နိုင်ခြေဘက်က ကြည့်ရင် opportunity cost လို့ ခေါ်တဲ့ အခွင့်အလမ်း ဆုံးရှုံးမှု ကြီးခဲ့ပါတယ်။ ဥပမာ ဝန်ကြီးတဦးက သာမန် လုပ်ထုံး လုပ်နည်းအတွက် လက်မှတ်ထိုးရင်း အချိန်ကုန်နေရမယ်ဆိုရင် တခြား ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွေကို တွေးတောကြံဆချိန် နည်းပါးသွားရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် တပြည်ထောင်စနစ်ရဲ့ ယန္တရားကို သိသိသာသာ ပြောင်းလဲနိုင်ခြင်း မရှိသေးတဲ့ အချိန်မျိုးမှာ ချက်ချင်းဆိုသလို Small Cabinet မူက အလုပ်မဖြစ်ခဲ့တာ ဖြစ်ပါတယ်။
၂၊ခေါင်းဆောင်ကြီး တဦးဦးအပေါ် မှီခိုမှုကြီးမားခြင်း
မြန်မာ့နိုင်ငံရေးအရ ခေတ်အဆက်ဆက်မှာ ညအစိုးရယန္တရားဟာ ခေါင်းဆောင်ကြီးများရဲ့ သဘောထားပေါ်သာ မူတည်ပြီး မူဝါဒအပေါ်အခြေခံတာ နည်းခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်း အစိုးရလက်ထက်ကစပြီး အုပ်ချုပ်ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ၁၉၉၂ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ စတဲ့ ခေါင်းဆောင်ကြီးများရဲ့ အဆုံးအဖြတ်များသာ အဓိကဖြစ်တာကြောင့် လူအပေါ် မူတည်ပြီး မူဝါဒကို တည်ဆောက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်က ဝန်ကြီးအဖွဲ့ ကို တော်လှန်ရေးကောင်စီမှာ ပါဝင်တဲ့ ဝန်ကြီး၈ ဦးနဲ့ ဝန်ကြီးဌာန ၁၈ ခုကို အုပ်ချုပ်ဖို့ ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် အရေးကြီးလွန်းလှတဲ့ နေရာ လေးနေရာကို ကိုင်ပြီး ဝန်ကြီးတဦးကို ဝန်ကြီးဌာန ၂ ခု၊ ၃ခု ထက်ပိုပြီး တာဝန်ယူစေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ Small Cabinet ဟာ ဗဟိုချုပ်ကိုင်မှုကြီးတဲ့ အစိုးရယန္တရား ဖြစ်ခဲ့ရတယ်။ ကိစ္စတော်တော်များများဟာ ခေါင်းဆောင်ကြီး ဆုံးဖြတ်မှ ပြီးပြတ်ပါတယ်။ အဲဒီတုန်းက အုပ်ချုပ်မှုယန္တရားဟာ အာဏာစက်နဲ့ အုပ်ချုပ်တာဖြစ်ပါတယ်။ အစိုးရအမှုထမ်း၊ တပ်မတော်နဲ့ ပါတီဝင် တော်တော်များများဟာ ဗိုလ်ချုပ်ကြီးနေဝင်းကို ကျော်ပြီးလုပ်ရဲသူလဲမရှိပါဘူး။ လုပ်ခဲ့ရင်လည်း လားရာမကောင်းနိုင်ပါဘူး။
ဒီဘက်ခေတ် အသွင်ကူးပြောင်းရေးကာလမှာ NLD အစိုးရဟာ ပြည်သူက ရွေးကောက်တဲ့ ဒီမိုကရေစီ နိုင်ငံရေး သြဇာနဲ့ အုပ်ချုပ်တာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒီမိုကရေစီလိုလားသူတွေက ကိုယ့် မဲဆန္ဒနယ်မှာရှိတဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့တာက ပါတီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာကြောင့် ပိုများပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နိုင်ငံရေး သြဇာသက်ရောက်မှုဟာ လွှတ်တော်ရော၊ အစိုးရယန္တရားပေါ်မှာပါ အလွန်ကြီးမားပါတယ်။ စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တွန်းရာမှာ အရေးကြီးတဲ့ နေရာတော်တော်များများမှာ အတိုင်ပင်ခံပါမှရပါတယ်။ အစိုးရ-လွှတ်တော် ညှိနိုှုင်းရတာမျိုး၊ ဝန်ကြီးအချင်းချင်း ညှိနှိုင်းမှု လုပ်ရမယ့် အခါမျိုးမှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထောက်ခံမှုရရှိမှ ပိုမိုလွယ်ကူစေပါတယ်။ ဒီ့အတွက် ခေါင်းဆောင်ကြီးက နေရာတကာ ပါမှ ရတဲ့ အနေအထားကို ပြန်ရောက်သွားပါတယ်။ ဒါ့ကြောင့် ခေတ်သစ် Small Cabinet မူဟာ ရည်ရွယ်ချက်ကောင်းပေမယ့် ခေါင်းဆောင်ကြီးများအပေါ် မှီခိုမှုကြီးလွန်းတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ဝန်ကြီးအဖွဲ့မှာ လူနည်းနည်းနဲ့၊ အလုပ်တွင်ဖို့ အလုပ်ဖြစ်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
ဖြစ်တန်ချေများ
၁၉၆၂ ခုနှစ်က ရှိခဲ့တဲ့ ဝန်ကြီးဌာနများဟာ ဒီနေ့ခေတ် အစိုးရ စနစ်၊ နည်းပညာ လိုအပ်ချက်ချက်တွေနဲ့ ကိုက်ညီမှုမရှိနိုင်တော့ပါဘူး။ အရင်က ဆိုရှယ်လစ်စနစ်ကို အခြေခံခဲ့ပြီး အစိုးရရဲ့ ထုတ်ကုန်နဲ့ ဖြန့်ဖြူးမှုကိုသာ ဦးစားပေးခဲ့ပေမယ့် ဒီနေ့ခေတ်မှာ နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ နည်းပညာဖွံံဖြိုးတိုးတက်ရေးကို ဦးစားပေးဖို့ လိုအပ်လာပါပြီ။ (ပုံ ၂ – ၁၉၆၂ နှင့် ၂၀၁၈ ခုနှစ်ဝန်ကြီးဌာနများ နှိုင်းယှဉ်ချက်)။
ပုံ ၂ – ၁၉၆၂ နှင့် ၂၀၁၈ ခုနှစ်ဝန်ကြီးဌာနများ နှိုင်းယှဉ်ချက်
၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီလက်ထက် ဝန်ကြီးဌာနများ ၂ | ၂၀၁၈ခုနှစ် အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက် ဝန်ကြီးဌာနများ | |||||||||||||||||||||||||||||||||||||||||||
|
|
ဒါ့ကြောင့် ပညာရပ်ပိုင်းဆိုင်ရာ သုတေသီများ ပြောကြသလို သေးငယ်တဲ့ ဝန်ကြီးအဖွဲ့မှ ပိုကောင်းတယ် (small is better) ဆိုတာ အမြဲ မဟုတ်သလို အစိုးရ ဆိုတာ အမြဲ ကြီးထွားနေတာပဲ (government continues to grow) ဆိုတဲ့ အယူအဆဟာလဲ အလုံးစုံ မမှန်နိုင်ပါဘူး။ ၃
အစိုးရအဖွဲ့ တိုးချဲ့ ဖွဲ့စည်းတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအတွက် ကိုက်ညီပါတယ်။ ဒါပေမဲ့ အစိုးရ ယန္တရား ပိုမို ထိရောက်မြန်ဆန်အောင် ဆောင်ရွက်ရာမှာ ရှိရင်းစွဲ ဌာနတွေကို ဘယ်လို ထိထိရောက်ရောက် အသုံးပြုမလဲ၊ ဘယ်ဌာနတွေ ထပ်တိုးမလဲဆိုတာကို စနစ်တကျ စီမံဖို့လိုပါတယ်။ စီးပွားရေး တိုးတက်အောင် စီးပွားရေးရာ ဝန်ကြီးဌာနများကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖွဲ့စည်းနေတာကလည်း အစိုးရယန္တယား ပိုမို လည်ပတ်နိုင်ရေး အတွက် အဖြေမဟုတ်ပါဘူး။ လူပိုများလာလို့ စီးပွားရေးမူဝါဒမှာ ဝန်ကြီးအဖွဲ့အတွင်း တသံထဲထွက်ဖို့ ပိုခက်ခဲလာနိုင်ပါတယ်။ ဒါ့ကြောင့် ပိုမိုမြန်ဆန်ထိရောက်တဲ့ အစိုးရယန္တရားဖြစ်စေဖို့ အောက်ပါ အချက်နှစ်ချက်ဖြင့် အကြံပြုလိုပါတယ်။
၁။ ညှိနိုှုင်းရေးဝန်ကြီးများ ခန့်ထားရေး နှင့် အစိုးရ ကော်မတီများ လည်ပတ်ရေး
ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဝန်ကြီးဌာနတွေကို အချင်းချင်း ပေါင်းစပ်ပေးဖို့ Coordination Minister လို့ခေါ်တဲ့ ညှိနိုှုင်းရေးဝန်ကြီးတွေ ရှိသင့်ပါတယ်။ ဥပမာ စီးပွားရေးအတွက်ဆို စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ အခု အသစ်ဖွဲ့လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနတွေကို ပေါင်းစပ်ပြီးတော့ ချိတ်ဆက်ပေးမယ့် ဝန်ကြီးတဦး ရှိသင့်ပါတယ်။ ထို့အတူ ပညာရေး၊ ကျန်းမာရေးကဲ့သို့ စတဲ့ ဌာနများကို ချိတ်ဆက်ပေးမယ့် ဝန်ကြီးမျိုးလဲ လိုအပ်ပါတယ်။ လက်ရှိစနစ်အရဆိုရင် အစိုးရအဖွဲ့ ကော်မတီ ၅ ခုရှိပါတယ်။ ဆုံးဖြတ်ချက်တွေကို ခေါင်းဆောင်ကြီးများ (သမ္မတ၊ အတိုင်ပင်ခံ) ထံမရောက်မှီ ကြိုတင် ဆုံးဖြတ်တန်သလောက် ဆုံးဖြတ်ချက်ချပေးနိုင်ဖို့ ၊ ဗဟိုချုုပ်ကိုင်မှု လျော့ချဖို့ ဒီကော်မတီတွေ အခုထပ်ပိုပြီး ပုံမှန်လည်ပတ်ဖို့ လိုအပ်ပါတယ်။
တချိန်ထဲမှာပဲ မြန်မာ့ ြငိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဝန်ကြီးအဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ဆက်စပ် စဉ်းစားနိုင်ပါတယ်။ အနာဂတ်မှာ ဖယ်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ကြိုးစားနေကြသလို၊ ရှိရင်းဖြစ်နေဆဲ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ပါဝင်တဲ့ ဖယ်ဒရယ်လက္ခဏာများကို မြှင့်တင်ကျင့်သုံးနိုင်ဖို့လည်း လိုပါတယ်။ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခု မပေါ်ခင် ကြားကာလမှာ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းချက်တွေနဲ့အညီ ပြည်နယ်၊ တိုင်း အစိုးရများကို လုပ်ပိုင်ခွင့်နှင့်တာဝန်များ ပိုမို ခွဲဝေပေးထားနိုင်ပါတယ်။
ဒီလိုဆိုရင် ပြည်နယ်နှင့် တိုင်း အစိုးရများကို ဖယ်ဒရယ်စနစ်လည်ပတ်ပုံ အတွက် လေ့ကျင့်ပေးရာရောက်သလို ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးဌာနများရဲ့ ဝန်လည်း လျော့ကျသွားနိုင်ပါတယ်။ တချိန်ထဲမှာပဲ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးအဖွဲ့မှာ လုပ်ငန်း ပိုမိုတွင်ကျယ် လာနိုင်ပါတယ်။
၂။ လူပုဂ္ဂိုလ်ဦးစားပေးမှုမှသည် မူဝါဒကိုဦးတည်သော အစိုးရယန္တရားသို့
လူနည်းနည်းနဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ အစိုးရ ဖြစ်ဖို့ ဆိုရင် သက်ဆိုင်ရာ ဌာနများမှ ဝန်ထမ်းများဟာ ကိုယ် ဘယ်လမ်းကြောင်းကို သွားနေတာလဲ၊ အောင်မြင်ဖို့ ဘာတွေလိုမလဲ၊ ချမှတ်ထားတဲ့ ပန်းတိုင်ရောက်ဖို့ ဘာဆက်လုပ်ရမလဲ ဆိုတာ သိဖို့ ခိုင်မာတဲ့ မူဝါဒများ လိုပါတယ်။ သက်ဆိုင်ရာ နယ်ပယ်မှာ လိုက်နာကျင့်သုံးရမယ့် မူဝါဒတွေရှိမယ်၊ ကိုးကားရမယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေ အတိုင်း ကျင့်သုံးနိုင်ရင် ခေါင်းဆောင်ကြီးများကိုယ်တိုင် နိစ္စဓူဝကိစ္စများကို ပါဝင်နေစရာ မလိုတော့ပါဘူး။ တဆက်တည်းမှာပဲ ပြည်ထောင်စု ဝန်ကြီး တဦးချင်းစီဟာ ပိုမို မဟာဗျုဟာကျတဲ့ ကိစ္စတွေကို စဉ်းစားဖို့ အချိန်ရလာပါမယ်။ ပြည်ထောင်စု အစိုးရ ဝန်ကြီး အဖွဲ့ဟာ လူနည်းသော်လည်း လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့ ထိပ်သီးခေါင်းဆောင်ကြီးများထိ တင်ပြစရာ မလိုပဲ ဝန်ကြီးအဖွဲ့အတွင်း ချမှတ်ထားတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ၊ မူဝါဒများအရ ရှေ့ဆက် လုပ်သွားနိုင်တာကြောင့် အလုပ်တွင်နိုင်ပါတယ်။
ကိုးကား
၁ Thijs, N., Hammerschmid, G., & Palaric, E. (2018). A Comparative Overview of Public Administration Characteristics and Performance in EU28. Luxembourg: Publications Office of the European Union.
၂ ဟံသာဝတီ သတင်းစာ၊ ၃ မတ် ၁၉၆၂။
၃ Lewis, J. P. (2015). A Consideration of Cabinet Size. Canadian parliamentary review, 15.
ယခု ဆောင်းပါးကို ဒီဇင်ဘာ ၁ ရက်ထုတ် The Voice Weekly သတင်းဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။