လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing)
ကိုတာ ၁
၁။ ဧပြီ ၂၀၁၆၊ တောင်ကြီး ပညာရေးဆွေးနွေးပွဲ၌ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) က ကြေညာချက်တစ်ခု ထုတ်သည်။ ပထမအပိုဒ်၌ အောက်ပါအတိုင်း ပါသည်။
“ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်သည် ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် တန်းတူရည်တူ လွတ်လပ်စွာ ဆောင်ရွက်သော ကွန်ရက်ဖြစ်သည်။ ဤကွန်ရက်သည် ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက်ထားသည်။”
တန်းတူရည်တူ ဟူ၍လည်းကောင်း၊ ကွန်ရက် ဟူ၍လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက် ထားပါသည် ဟူ၍လည်းကောင်း (NNER)က အထူးပြု ဖော်ပြသည်ကို တွေ့ရသည်။ သူတို့ကား တစ်ဦးတစ်ယောက်က ကြိုးကိုင် ချယ်လှယ်ထားသော အဖွဲ့မဟုတ်၊ မည်သူ့ကိုမျှ ကဏ္ဍကောစ ဆန့်ကျင်လိုသော အဖွဲ့လည်း မဟုတ်ဟူ၍ လူတွေကို သိစေလို၍ ဖြစ်မည်။ အမှန်တကယ်တော့ တမင်တကာ ဘောင်ခတ်ခြင်း (Framing) ဖြစ်သည်။ လူတွေက သူ မြင်ချင်သလို မြင်တတ်သည်။ သို့သော် သူ့ကို (NNER) ကို ကွန်ရက်လို့သာ ရှုမြင်ပါဟု ကြေညာချက်က ကြေညာလေသည်။ NNER လုပ်သူတွေက ပထမအပိုဒ်၌ပင် (ဒုတိယ-တတိယပိုဒ် မဟုတ်ဘဲ) တမင်တကာ ထိုသို့ “ဖော်”သော်လည်း၊ ကွန်ရက်ဟူသည့် တန်းတူရည်တူသော လွတ်လပ်သည့် အဖွဲ့အစည်းများ ချိတ်ဆက်ထားသည့် အဖွဲ့သာဖြစ်သည် ဟူသော အနက်အဓိပ္ပာယ်သည် မိဘပြည်သူ လူသူလေးပါးဆီ ရောက်သလော။ ရောက်မရောက် မသေချာချေ။
၂။ ၂၀၁၅ ခုနှစ် ကျောင်းသားများ မန္တလေးမှ ရန်ကုန် ချီတက်ဆန္ဒပြပွဲနှင့် လေးပွင့်ဆိုင် တွေ့ဆုံပွဲ၌လည်း၊ ကျောင်းသားများက သူတို့၏ ဆန္ဒသည် ပညာရေးအတွက် သက်သက်သာ ဖြစ်သည်ဟု ဘောင်ခတ်သည် (ဝါ) အလေးအနက် ပြောသည်။ ကျောင်းသားများက တောင်းဆိုသည်မှာ အောက်ပါ (၁၁) ချက်ဖြစ်သည်။
၁။ ပညာရေး မူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်။
၂။ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ယင်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုပေးရန်။
၃။ လက်ရှိ ပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားရှိ ပေးရန်။
၄။ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရန်။
၅။ လက်ရှိ ကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်များ ပြင်ဆင်ရန်။
၆။ ကျောင်းသားများ လွတ်လပ်စွာ စဉ်းစား တွေးခေါ်နိုင်ပြီး ကိုယ်တိုင် လေ့လာစူးစမ်း သင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်။
၇။ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ် (mother tongue-based multi-lingual education) ကို အမျိုးသား ပညာရေးဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန်။
၈။ မသန်စွမ်း ကလေးများ အပါအဝင် ကလေးများ အားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး (inclusive education) လုပ်ဆောင်ပေးရန်။
၉။ ကျောင်းသား အရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ရောက်ခွင့်ပေးရန်။
၁၀။ ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀% သတ်မှတ်ပေးရန်။
၁၁။ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့် ကျင့်သုံးပေးရန်။
ဘာအာဏာ နိုင်ငံရေးမှ မပါဟူ၍ ထင်ထင်ရှားရှား မြင်နိုင်သော်လည်း ထိုအချက်များသည် ပြည်သူလူထု စဉ်းစားခန်းဝင်ရာသို့ပင် မရောက်။ ကျောင်းသားများ၏ ဘောင်ခတ်ခြင်းသည် မအောင်မြင်ဟု ဆိုရမည်။
သို့သော် “ဒီလူတွေဟာ ကျောင်းသားတွေ ဟုတ်မှ ဟုတ်ရဲ့လား။ ခေါင်းဆောင်တဲ့ ကျောင်းသားတွေက ဗကပတွေပဲ”ဟူသော အပြောအဆို (ဝါ) နာမည်တပ်ခြင်း၊ သတ်မှတ်ခြင်း ခံရရာ ကျောင်းသားများ တောင်းဆိုသော အချက်များကို လူသူလေးပါး သတိပင် မထားနိုင်ကြတော့ဘဲ၊ ဘောင်(ဝါ) သတ်မှတ်ချက် (frames) ကိုသာ အာရုံရောက်ကြလေသည်။ ထို့ကြောင့် ကျောင်းသားများ၏ တောင်းဆိုသော အချက်များကို မစေ့ငုကြတော့။ မှန်သလား၊ မမှန်ဘူးလား၊ တော်သလား၊ လျော်သလား မစဉ်းစားကြတော့ချေ။ ကျောင်းသားများကား ယခုထိ ထိုဘောင်ကို ချေဖျက်ရန် ကြိုးစားနေရဆဲ။
၃။ သညာ (Perception) သည် အဖြစ်မှန်ထက် လူ့အပေါ် လွှမ်းမိုးသည်ဟု စိတ်ပညာဆရာများက ဟောသည်။
ဗားစကီးနှင့် ခါနေမန် (Tversky and Kahneman) က ဘောင်ခတ်ခြင်း၏ လူ့စိတ်အပေါ် သက်ရောက်ပုံကို အောက်ပါ နမူနာနှင့် ပြ၏။ “အာရှကပ်ရောဂါ ပြဿနာ”ဟု ခေါ်သည်။ စိတ်ဝင်စားစရာ ကောင်းသောကြောင့် ရှုပါ။
လူအစု တစ်စုအား ပရိုဂရမ် နှစ်ခုမှ တစ်ခုခုကို အရွေးခိုင်းသည်။ အာရှ ကပ်ရောဂါကြောင့် လူ ၆၀၀ ရှိသည့်အနက်…
ပရိုဂရမ် A သည် လူ ၂၀၀ ၏ အသက်ရှင်သည်။
ပရိုဂရမ် B သည် လူ ၆၀၀ ၏ အသက်ရှင်ရန် သုံးပုံတစ်ပုံ ဖြစ်နိုင်ခြေ ရှိလျက်၊ မည်သည့် အသက်မှ မရှင်ရန် သုံးပုံနှစ်ပုံ ဖြစ်နိုင်ခြေ ရှိသည်။
၇၂ ရာနှုန်းက ပရိုဂရမ် A ကို ရွေးသည်။
ဒုတိယ လူစုအား နောက် ပရိုဂရမ် နှစ်ခုမှ တစ်ခုခုကို အရွေးခိုင်းသည်။
အာရှကပ်ရောဂါကြောင့် လူ ၆၀၀ ရှိသည့်အနက်…
ပရိုဂရမ် C သည် လူ ၄၀၀ သေမည်။
ပရိုဂရမ် D သည် လူတစ်ယောက်မှ မသေရန် သုံးပုံတစ်ပုံ ဖြစ်နိုင်ခြေ ရှိလျက်၊ လူ ၆၀၀ သေရန် သုံးပုံနှစ်ပုံ ဖြစ်နိုင်ခြေ ရှိသည်။
၇၈ ရာနှုန်းက ပရိုဂရမ် D ကို ရွေးသည်။
တကယ်တော့ ပရိုဂရမ် A နှင့် C သည် အတူတူဖြစ်လျက်၊ B နှင့် D သည်လည်း အတူတူ ဖြစ်သည်။
ဆုံးဖြတ်ရန်ဘောင် (Decision frame) ကြောင့် ရွေးချယ်မှု ပြောင်းပြန် ဖြစ်ရခြင်း ဟူ၏။ “ရှင်” ခြင်းဟူသော အသုံးကြောင့် A ကို ရွေးသည်။ “aသချာခြင်း” ကို ရွေးသည်။ “ သေ” ခြင်းဟူသော အသုံးကြောင့် “D” ကို ရွေးသည်။ လောင်းလိုက်မည် သို့မဟုတ် မသေချာခြင်းကို ရွေးသည်။ အကြောင်းအရာ ဖြစ်ရပ်တစ်ခုကို ဘောင်ခတ်ခြင်းဖြင့် အချက်အလက်ကို ပြောင်းရန်မလိုဘဲ ကြည့်သူတို့၏ သဘောကို ပြောင်းလဲနိုင်သည်ဟု မှတ်ရန်။
၄။ အခြား နမူနာတစ်ခုမှာ စက်တင်ဘာ ၁၁၊ ၂၀၀၁ ခုနှစ်၊ ဘုရှ်အစိုးရ၏ အညွှန်းဘောင်များ ဖြစ်သည်။ မျှော်စင်များ အတိုက်ခံရပြီးခါစ၌ အကြမ်းဖက်ခြင်းသည် ရာဇဝတ်မှု (terror as crime) ဖြစ်သည် ဟူ၍ ဖော်ပြသော်လည်း၊ နာရီပိုင်းအတွင်း၌ အကြမ်းဖက်သူတို့အပေါ် စစ်ပွဲ (War on Terror) ဟူ၍ “ဘောင်”ကို ပြောင်းလဲလိုက်သည်။
ဘောင်နှစ်ခု မတူ။ ရာဇဝတ်မှု ဘောင်တွင် တရားခွင် ရောက်မည်။ တရားဥပဒေအရ အပြစ်ပေးမည်။ စစ်ပွဲတွင်မူ စစ်တိုက်မည်၊ နယ်မြေ သိမ်းမည် ဖြစ်သည်။ စစ်တိုက်လိုသောကြောင့် အညွှန်းဘောင်ကို ပြောင်းလိုက်သည်။ တကယ် တိုက်၍ရသွား၏။
ယခင်အစိုးရ လက်ထက်၌ NNER သည် လက်တွေ့မကျ ဟူသော ဘောင်နှင့် အကြည့်ခံရ၏။ ထိုအခါ NNER ၏ အဆိုပြုချက်များ ဖြစ်သော ဗဟိုချုပ်ကိုင်မှု လျှော့ရေး၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး စသည့်အချက်တို့သည် အသေအချာ ဆန်းစစ် လေ့လာစရာမလိုဟု ယူဆဖွယ် ဖြစ်သွားသည်။ ဂရုမစိုက်ကြတော့။
ကျောင်းသားများကိုတော့ ကွန်မြူနစ်အနွယ်များ ဟူသော ဘောင်ထဲသို့ ထည့်လိုက်၍ လက်ပံတန်း၌ ဖြိုလိုက်သည်။ ကျောင်းသားလည်း နှစ်စု ကွဲသွားသည်။
၅။ ဘောင်ကို ကျော်၍ ကြည့်နိုင်ဖို့ လိုပါသည်။ သို့မှ ဖြစ်ရပ်အမှန်ကို သိမည် မဟုတ်သလော။ သိခြင်းဖြင့် ပြည့်ဝသော အခိုင်အမာဖြစ်ခြင်း (Conscious affirmation) ရှိသော လူတွေသည် ဘောင်ကို ကျော်၍ ကြည့်နိုင်မည်။ ခုတော့ မြန်မာပြည်သည် အထင်အမြင်တွေသာ လွှမ်းနေသော နေရာနှင့် သိအောင် အားမထုတ်သောလူမျိုး ဖြစ်နေပုံရသည်။
(ဆော့ခရေတိက သူဟာ ဘာမှမသိပေတဲ့ သိတာ တစ်ခုတော့ဖြင့် ရှိတယ်။ အဲဒါက (knowledge is better than opinion) သိခြင်းသည် အထင်အမြင်ထက်တော့ ပို၍ ကောင်းသည်ဟု ဆိုသည်။ သိခြင်း၊ သိမြင်ခြင်း၊ အသိပညာဟာ အထင်အမြင် (ထင်ရာယူဆခြင်း) ထက် ပိုကောင်းတာချည်းပဲ။ အသိပညာဟာ အခြေအမြစ် (မည်မည်ရရ ရှိခြင်း၊ ယုတ္တိနဲ့ ချည်ထားခြင်း) ရှိတာမို့။ ဒါကြောင့် ထင်ရာဦးစားပေးတာတွေနဲ့ မှားယွင်းမသွားတော့ဘူး။ မှန်ခြင်းနဲ့ ဝေးရာဆီကို ရောက်မသွားတော့ဘူး။ (ပလေတို – မီနို)
ဟိုတုန်းက တရားဝန်ကြီးချုပ် လုပ်ခဲ့သော ဦးမြင့်သိန်းက ပြောခဲ့ဖူးသည်ဟု သူငယ်ချင်းတစ်ယောက်က စာရေးသည်။ တို့လူမျိုးက ယုံစရာရှိရင် မျက်စိမှိတ် ယုံတတ်တယ်တဲ့။
၆။ ယခု ဝန်းရံရမည် ဟူသော ဘောင်ထဲတွင် ကျရောက်နေသည်။ ဒေဝေါကြီး ရှိသည်ဟူသော အပြောအဆို (narrative) ထဲ၌လည်း ရောက်နေသည်။ ဝန်းရံရမည် ဆိုတာကို သဘောတူပါသည်။ သို့သော် ဝန်းရံတယ်ဆိုတာ ဘာလုပ်ရမှာလဲ။
မိတ်ဆွေတစ်ဦးက ဒီမိုကရေစီမှာ ပြဿနာရှိသည်ဟု ဆိုသည်။ ဘာပြဿနာရှိသတုန်းဟု မေးကြည့်ရာ၊ ဒီမိုကရေစီ စနစ်တိုင်းမှာ အဖြေမရှိဘူးတဲ့။ ရှိတဲ့ အဖြေတိုင်းမှာလည်း ထွက်ပေါက်ရှိသည်ဟု ဖြေသည်။
ကျောင်းသားများ၊ လယ်သမားများ၊ အလုပ်သမားများ၊ ရွာသားများက ခံစားမှုတွေကြောင့် အသံထွက်သော် ထွက်မည်။ ထိုအသံတို့ကား လိပ်ပြာသန့်လျက် ထွက်သောအသံ (Other Voice of Conscience) ဟူ၍ မယူနိုင်ကြဘူးလား။
ထိုသို့ ယူတော်မူကြမှသာ၊ ဒီမိုကရေစီ၏ အပေါက်အကျများကို ဖာနိုင်၊ ထေးနိုင်မည်။ လမ်းပေါ်က ထိုလူတို့၏ အဖြစ်မှန် အသံများကို နားထောင်နိုင်ကြပါစေချင်။ မောက်ကျော် စော်ကားသည်ဟု မယူကြစေချင်။
ကိုတာ
Social Movement and ‘Framing’
Ko Tar
The National Network for Education Reform sought to frame itself as an independent network that did not oppose any institution. However, people viewed the NNER differently. Indeed, when student leaders developed their 11-point demands in 2015, the NNER failed to establish the identity they wanted for themselves. During the previous government, the NNER became framed as impractical, while student leaders were viewed as closely associated with the former Communist Party of Burma. Psychologists state that perception can often be more important than reality. The author argues that the dominant frame in Myanmar now is about the need to “be supportive of (the leader)” and the fear of “an ogre hiding in the back”. He suggests the need to look beyond such frames. While he agrees on the need for the existing frame of “being supportive of”, the article also questions what is needed in order to move beyond this frame.
■ စာညွှန်း
၁ ကိုတာသည် နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် NNER အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ထင်ရှားသော စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။