Transition စမှတ်နှင့် အောင်မြင်မှု

T

မြန်မာ့အသွင်အကူးအပြောင်း စမှတ်ယူပုံပေါ် မူတည်ပြီး အောင်မြင်မှု၊ ကျရှုံးမှု၊ သွားမည့် လမ်းကြောင်းတို့ကို တွက်နိုင်ပါသည်။

“Transition ဘယ်ကစ”  သည်ကို သတိထားနိုင်လျှင် “Transition ဆုံးအောင်”  တစ်နည်း အောင်မြင်အောင် ပိုဆောင်ရွက်နိုင်မည်။ Transition သည် ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကြီးအပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာစွန့်အပြီးတွင် စတင်သလား။ အဆင့် ခုနစ်ဆင့်ပါသော လမ်းပြမြေပုံ ခုနစ်ချက် ရေးဆွဲကြေညာချိန် ၂၀၀၃ ခုနှစ်တွင် စတင်သလား။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် တက်ချိန်တွင် စတင်သလား။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ ဝင်ချိန်တွင် စတင်သလား။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး အစိုးရဖွဲ့ချိန်တွင် စတင်သလား။

စတင်သည့် အချိန်ပေါ်မူတည်ပြီး အသွင်အကူးအပြောင်း၏ ခရီးကို တွက်နိုင်သည်။ ၁၉၈၈ ခုနှစ်မှ စတင်သည်ဟု သတ်မှတ်လျှင် အကူးအပြောင်း ကာလသည် နှစ် ၃၀ ပြည့်တော့မည်။ ၂၀၁၁ ခုနှစ်က စသည်ဆိုလျှင် ခြောက်နှစ်ရှိပြီ။

Transition စတင်ချိန်ကို ခန့်မှန်းနိုင်လျှင် Transition  အောင်မြင်၊ မမြင်ကိုလည်း ပိုမိုတိကျစွာ ဆန်းစစ်နိုင်မည်။ Transition သည် အတက်အကျ ရှိမည်ဖြစ်သော်လည်း စချိန်မှ တိုင်းလိုက်လျှင် မျဉ်းကြောင်းသည် တက်လာသလား၊ ဇောက်ထိုး ဆင်းနေသလားကို တွေ့ရမည်။

ထိုသို့ Transition  စချိန်ကို သတ်မှတ်နိုင်လျှင် အသွင် အကူးအပြောင်းကို ကာလအလိုက် တွန်းသူ champion ကိုလည်း ခန့်မှန်းနိုင်မည်။ တွန်းသူသည် ဦးနေဝင်းလား၊ ဒေါ်အောင်ဆန်းစုကြည်လား၊ ဦးသန်းရွှေလား၊ ဦးခင်ညွန့်လား၊ ဦးသိန်းစိန်လား။ မည်သူက မည်သည့် အချိန်အထိ တွန်းသလဲ။ ထိုသို့ champion ကို ခန့်မှန်းနိုင်လျှင် Transition  ၏ သဘောသဘာဝကို တွက်နိုင်ပြီး ဆက်သွားမည့် လမ်းကြောင်းကိုလည်း မြင်နိုင်သည်။ Champion သည် အချိန်ပေါ် မူတည်ပြီး ပြောင်းသွားသလား၊ နဂို champion ပင်လားကိုလည်း ဆန်းစစ်နိုင်သည်။

Transition ကို တွန်းသူသည် အချိန်ကာလအလိုက် တစ်ဦးတစ်ယောက်ထက်လည်း ပိုနိုင်သည်။ ပြိုင်တူတွန်းသူ ဆိုရာတွင်လည်း ဘက်တစ်ဘက်တည်းက ဖြစ်စရာမလိုဘဲ ပြိုင်ပွဲတစ်ခုတွင်း ဆန့်ကျင်ဘက်အသင်း ကိုယ်စားပြု ယှဉ်ပြိုင်ကစားနေသူတို့ ကဲ့သို့ ပြိုင်ရင်းဆိုင်ရင်း တစ်ဖက်တည်းသို့ တွန်းမိလျက်သားလည်း ဖြစ်နေနိုင်သည်။ တွန်းသူဆိုရာတွင် ပုဂ္ဂိုလ် individual မဟုတ်ဘဲ institution များလည်း ဖြစ်နိုင်သေးသည်။

■ သဘောတူညီချက်

Transition တို့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် ထိပ်သီး ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ သဘောတူညီချက် ရခြင်း၊ မရခြင်း (Elite Pact) ပေါ် မူတည်သည်။ လူထု သိန်းသောင်းချီပြီး ပါဝင်လှုပ်ရှားသော လှုပ်ရှားမှုကြီး ဖြစ်ပါစေ၊ တပ်ဖွဲ့ဝင်ပေါင်း သိန်းသောင်းချီ ပါဝင် တိုက်ခိုက်သော တိုက်ပွဲကြီးပင် ဖြစ်စေ ထိပ်သီးပုဂ္ဂိုလ်များ (elite) များသည် အရေးအကြီးဆုံး။ (Elite Pact) သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပေးအယူ လုပ်ပြီး နားလည်မှု ရသွားလျှင်လည်း ရနိုင်သည်။ (Elite Pact) မရလျှင်ပင် တစ်ဖွဲ့ဖွဲ့က အာဏာကို စီးထားနိုင်လျှင် Transition ရွေ့နိုင်သော်လည်း (Elite Pact) မရသည့်အတွက် Transition  ရေရှည်သွားနိုင်ရန် ခက်ခဲသည်။ အထူးသဖြင့် အင်အားကောင်းသည့် (elite) များသည် အတိုက်အခံ နေရာတွင် ရှိနေလျှင် Transition  သည် အောင်မြင်သင့်သလောက် အောင်မြင်မည် မဟုတ်သည့်အတွက် (Elite Pact) ရရှိရေး အလွန် အရေးကြီးသည်။

Transition  မည်သည့်အချိန်က စတင်ခဲ့သနည်း ဟူသော မေးခွန်းကို ဖြေပုံပေါ် မူတည်ပြီး (Elite Pact) များကို မြင်ပုံ ကွာသွားနိုင်သည်။ အသွင်ကူးပြောင်းခြင်း ၁၉၈၈ ခုနှစ် နောက်ပိုင်း စတင်ခဲ့သည် ဆိုလျှင် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းသည် သဘောတူညီချက် ခဏတာ ရလိုက်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲအပြီးတွင် အကြောင်းကြောင်းကြောင့် ခွာပြဲခဲ့ခြင်းသည် သဘောတူညီချက် ပျောက်သွားခြင်း ဖြစ်သည်။ အမျိုးသားညီလာခံတွင် NLD ပါတီ ဝင်ရောက်ဆွေးနွေးခြင်းသည် (Elite Pact) တစ်မျိုးပင်ဖြစ်ပြီး၊ အမျိုးသားညီလာခံကို သပိတ်မှောက် ထွက်ခွာခြင်းသည် (ELITE PACT) ပြန်ပျက်ခြင်း ဖြစ်သည်။ ထိုသို့ (Elite Pact) ပျောက်နေသော ကာလများတွင် ထိုစဉ် အာဏာရယူထားသူ (elite) များ၏ အစီအစဉ်အတိုင်းသာ အသွင်ကူးပြောင်းခဲ့သည်ဟု ဆိုနိုင်သည်။

၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခြင်း၊ ၂၀၁၅ ခုနှစ်  ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် ချောချောမွေ့မွေ့ အာဏာရယူနိုင်ခြင်း၊ အာဏာရယူအပြီး ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအတိုင်း ဆက်သွားနေခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် လက်တွဲ အလုပ်လုပ်နေခြင်းတို့သည် (Elite Pact) များ ဖြစ်ကြသည်။ လက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်သည်လည်း (Elite Pact) တစ်မျိုးဖြစ်သလို ထိုစာချုပ်တွင် အဓိကကျသော လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လာလျှင် (Elite Pact) အသစ် ပေါ်လာမည်။ ထိုပေါ်လာသည့် ငြိမ်းချမ်းရေးစာချုပ်အရ အခြေခံဥပဒေသစ် ရေးဆွဲပြဌာန်းနိုင်လျှင်လည်း (Elite Pact) အသစ်ပင်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကို ဦးဆောင် မောင်းနှင်နေခြင်း၊ ၁၉၉၂ ခုနှစ်က နိုင်ငံ၏ ထိပ်ဆုံးခေါင်းဆောင် ဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲပြဌာန်းသူ ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ခြင်းတို့က ယနေ့နိုင်ငံ၏ ကြီးမားသော နိုင်ငံရေး သဘောတူညီမှုကို ပြဆိုသည်။

■ နိုင်ငံတကာ

ယနေ့ခေတ်တွင် မည်သည့်နိုင်ငံမျှ အထီးတည်း မနေနိုင်။ အသွင်ကူးပြောင်းမှု မှန်သမျှသည် နိုင်ငံတကာနှင့် မကင်းနိုင်သော်လည်း နိုင်ငံငယ်များ၊ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယ နိုင်ငံကြီးနှစ်ခုကြား တည်ရှိသည့်၊ အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါသည့် မြန်မာနိုင်ငံ၏ အသွင်အကူးအပြောင်းသည် နိုင်ငံတကာအပေါ် များစွာ မူတည်သည်။

၁၉၈၈ ခုနှစ်အပြီး အသွင်ကူးပြောင်းရေး စတင်ခဲ့သည်ဟူသော အမြင်နှင့်ကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခြင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ၊ တရုတ်နိုင်ငံသည် မြန်မာ၏ အကြီးမားဆုံး ကုန်သွယ်ဘက်နှင့် ရင်းနှီးမြှုပ်နှံသူ ဖြစ်နေခြင်း၊ အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပက အရေးယူ ပိတ်ဆို့ခြင်း စသည်တို့ကို ကြည့်လိုက်လျှင် မြန်မာ့ အကူးအပြောင်းအပေါ် နိုင်ငံတကာ၏ ဖိအား၊ တွန်းအား၊ ဆန့်ကျင်မှု၊ အားပေးမှုတို့ မည်မျှတာသွားကြောင်း မြင်နိုင်သည်။ အရင်းပြန်စစ်ထုတ်လိုက်ပါက အိမ်နီးချင်း တရုတ်နှင့် အင်အားကြီး အမေရိကန် ြ့ပည်ထောင်စုတို့၏ ထောက်ခံမှု မရလျှင် မြန်မာ့ အကူးအပြောင်း ရှေ့ဆက်ရန် ခက်သည်။

မြန်မာပြည်ဟု ဆိုလိုက်လျှင် ရခိုင်အရေးကို တွဲမြင်ကြသည့်အတွက် လက်ရှိတွင် ရခိုင်အရေးသည် ကြီးမားသော နိုင်ငံတကာအရေး ဖြစ်သည်။ အမျိုးသားလုံခြုံရေး အကြံပေး (National Security Advisor) ရာထူးကို တီထွင် ခန့်အပ်လိုက်ခြင်းသည် ထိုအရေးအတွက် အဓိကဟု ယူဆရသည်။ မြန်မာနိုင်ငံ၏ Transition ကို နိုင်ငံတကာက စိတ်ဝင်စားမှုသည် ဒေါ်အောင်ဆန်းစုကြည်ပေါ်တွင် မူတည်နေသည်။

■ စီးပွားအကူးအပြောင်း

စီးပွား အကူးအပြောင်းသည် မြန်မာ့ အသွင်အကူးအပြောင်း၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ စီးပွားရေးသည် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး စိတ်ဝင်စားသော အရေးဖြစ်သည်။ စီးပွားရေး မအောင်မြင်လျှင် ဒီမိုကရေစီ၏ အရသာကို လူတို့ မခံစားနိုင်။ ဒီမိုကရေစီလည်း နောက်ပြန်လျှောသွားနိုင်သည်။ စီးပွားရေး ကောင်းသော နိုင်ငံတိုင်း ဒီမိုကရေစီ မအောင်မြင်သော်လည်း စီးပွားရေး အောင်မြင်သောနိုင်ငံတွင် ဒီမိုကရေစီ ခိုင်မာသည်။

၁၉၈၈ ခုနှစ်အပြီးမှ စကြည့်လိုက်လျှင် စီးပွားရေး အကူးအပြောင်းသည် အောင်မြင်သင့်သလောက် မအောင်မြင်။ ဗီယက်နမ်နှင့် မြန်မာ စီးပွားရေး တံခါးဖွင့်သည့် ကာလချင်း မကွာသော်လည်း ယနေ့ ဗီယက်နမ် စီးပွားရေးနှင့် မြန်မာ့စီးပွားရေး အခြေအနေတို့ ကွာဟချက် ကြီးလှသည်။ အရေးယူပိတ်ဆို့မှုများကြောင့်ဟု လက်ညှိုးထိုးနိုင်သော်လည်း စီးပွားရေး စီမံခန့်ခွဲမှု ညံ့ခြင်းသည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

ယင်းသို့ စီးပွားရေး စီမံခန့်ခွဲမှု အားနည်းခြင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း တာဝန်ယူသော အစိုးရများ၏ စရိုက်လက္ခဏာ သက်သက် မဟုတ်ပါ။ လွတ်လပ်ရေး ရပြီးသည်မှ ယနေ့ခေတ်အထိ အာဏာရယူခဲ့သော မြန်မာ (elite) များသည် နောက်ခံသမိုင်း၊ အယူဝါဒ၊ လာရာ အဖွဲ့အစည်းတို့ ကွဲပြားချင်သာ ကွဲပြားမည် စီးပွားရေး အမြင်နည်းခြင်း၊ ဈေးကွက် စီးပွားရေးနှင့် စိမ်းခြင်းတို့တွင်ကား တူညီကြသည်။ အာဏာရ မြန်မာ (elite) တို့၏ စရိုက်လက္ခဏာသဖွယ် ဖြစ်နေသော ထိုအားနည်းချက်ကို ပြင်နိုင်ခြင်း၊ မပြင်နိုင်ခြင်းသည် မြန်မာ့ အသွင်ကူးပြောင်းရေးကို အဆုံးအဖြတ်ပေးလိမ့်မည်။

■ လက်ရှိအစိုးရ

၁၉၈၈ ခုနှစ် အပြီးတွင်သာ အသွင်ကူးပြောင်းရေး စတင်ခဲ့သည် ဆိုလျှင် အသွင်ကူးပြောင်းအောင် တွန်းအားပေးခဲ့သည့်၊ စတင် အသွင်ကူးပြောင်းချိန်မှသည် ၂၀၁၂ ခုနှစ်အထိ အတိုက်အခံအဖြစ် တောက်လျှောက် ပါဝင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD သည် လက်ရှိ အစိုးရဖြစ်လာခြင်းက အသွင်ကူးပြောင်းခြင်း တစ်ပတ်လည်ပြီလောဟု မေးချင်စရာ။ လက်ရှိ အကူးအပြောင်းကို မောင်းနှင်သည့် ယာဉ်မောင်းနေရာ (driver seat) ရထားသည့်အတွက် သက်တမ်းရှည် အတိုက်အခံတစ်ဖြစ်လဲ လက်ရှိအစိုးရသည် လောလောဆယ်တွင် အဓိကအကျဆုံး champion  ဖြစ်သည်။ သူ၏ စွမ်းဆောင်ရည်သည် Transition ရှေ့ဆက်သွားမည့် လမ်းကြောင်းနှင့် အောင်မြင်၊ မအောင်မြင်ကို ဆုံးဖြတ်နိုင်သည်။ လက်ရှိအစိုးရ စွမ်းဆောင်ရည် ကောင်းလျှင် ယခုရထားသည့် (Elite Pact) ကို ပိုမြဲမြံအောင် တည်ဆောက်နိုင်မည် ဖြစ်သလို (elite) ယခုထက် စုံစုံလင်လင် ပါဝင်သည့် (pact) ကို ရယူနိုင်မည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ထောက်ခံမှု မလျော့စေဘဲ တရုတ်၏ ထောက်ခံမှု တက်လာအောင် လုပ်နိုင်လျှင် Transition  အတွက် အကျိုးများမည်။

လက်ရှိအစိုးရ၏ ဒုတိယနှစ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်သည် စီးပွားရေး အကူးအပြောင်း (Economic transition) ကို အဆုံးအဖြတ်ပေးမည့်နှစ် ဖြစ်သည်။

“စမှတ်” ကို တွေးကြည့်စေချင်သည်။

Transition: Start and End Point

By Zeya Thu

Assessing Myanmar’s political developments, particularly its successes and failures, benefits from reconsidering the political transition in terms of its beginning and end point. When did Myanmar’s democratic transition begin? Was it at the end of the 1988 popular uprising and the release of the iron grip by Burma Socialist Programme Party (BSPP)? Was it the initiation of a 7-step roadmap to disciplined democracy in 2004? Or the reforms led by president U Thein Sein? Perhaps it was the decisive moment when Daw Aung San Suu Kyi’s agreed to participate in the 2012 by-elections? Alternatively, was it after the NLD’s landslide electoral victory in 2015? Identifying the timing of the transition’s has important implications for assessing “How far or how near Burma is achieving a more democratic system.

Identification of a starting point, helps identify who is a “democracy champion” at one moment and who is   pushing and pulleing advance democray  at another moment, depending upon the nature of transition. There may be more than one pushers or pullers, but they may not be working for the same direction and the result could reach to a point of change. Alternatively, a purported champion of democracy could transform his/her stance raised an important question about the process of democratization.

A pact among elites is important for many transitions, but elite pacts can also be abandoned by its parties and erode over time. The NLD’s decision to join the junta organized National Convention could be assumed to represent a virtual pact, and its boycott departure from the convention for various reason could be signal an end to the pact. The relatively smooth transfer of power to the NLD after the 2015 general elections and the collaboration of Commander-in-Chief with Daw Aung San Suu Kyi in a new setting can be interpreted as a new informal pact (de facto). The present National Ceasefire Accord (NCA) could also be a pact for transition, but it will be a meaningful moment when the excluded armed group can join the pact. The international community and economic transformations are also factors that can play important roles in a transition.

The NLD, once an opposition party, is now in the driver’s seat and the most important champion to support the country’s transition. Nevertheless, it is important for its performance, delivering its promises and how to maintain present pacts as well as how to extend as more meaningful pact. The author raises these issues about defining the onset of the transition in an effort to reexamine the success of current efforts at democratization.

About the author

Zaya Thu

The Voice Weekly ဂျာနယ်၏ ဒုတိယ အယ်ဒီတာချုပ်ဖြစ်ပြီး ထင်ရှားသော ဆောင်းပါးရှင်တစ်ဦး ဖြစ်သည်။

Add comment