ကျနော်သွားခဲ့ ခရီးတခု

က

ကျနော့် မိသားစုက သာမန် ကုန်သည်ပွဲစား မိသားစုပါ။ နယ်မြို့လေးတမြို့မှာ ကျနော် လူလားမြောက်ခဲ့ပါတယ်။ ကျနော်က လူတိုင်း ကြားရလေ့ရှိတဲ့ ပုံပြင်တွေနဲ့ အရွယ်ရောက်ခဲ့သူ တဦးပေါ့။ ကျနော့်ပတ်ဝန်းကျင်မှာ နိုင်ငံရေးသမား မရှိဘူး၊ စစ်ပွဲ မရှိဘူး၊ အနိဋ္ဌာရုံတွေလည်း များများစားစား မရှိခဲ့ပါဘူး။ မိသားစုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ ဘာသာရေးကိုလည်း အတော်အသင့်ထက်မက ကိုင်းရှိုင်းကြတယ်။ အထူးသဖြင့် ကျနော့် အဖွားပေါ့လေ။ အဖွားက ဘာသာရေးယုံကြည်မှု ပြင်းထန်တယ်။
အဖွားက ဘာသာရေးစာပေတွေ ဖတ်တယ်။ တရားစခန်းတွေ သွားတယ်။ သံဃာ တော်တော်များများနဲ့လည်း ခင်မင်ရင်းစွဲရှိတယ်။ ဒီလိုနဲ့ ကျနော် ခုနစ်တန်းနှစ်မှာ အဖွားက စာအုပ်တချို့ကို ရန်ကုန်က သယ်လာတယ်။ အဲဒီစာအုပ်တွေက အခုနောက်ပိုင်းအထိ ခေတ်စား နေဆဲ ‘အမျိုးပျောက်မှာ စိုးကြောက်စရာ’နဲ့ ‘ကိုယ်တော့် ကရုဏာ’ဆိုတဲ့ စာအုပ်တွေပါပဲ။ အဲဒီစာအုပ်တွေကို အဖွားက ကျနော်တို့မိသားစုနဲ့ အလုပ်အရ ဆက်စပ်နေတဲ့ ကျေးရွာတွေကို ဖြန့်ပါတယ်။ စာအုပ်တွေမှာ ညွှန်းတဲ့ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ငွေနဲ့ ပေါက်ပြီး ဖျက်ဆီးနေတယ်ဆိုတဲ့ဇာတ်ကြောင်းကို အဖွားက တကယ်ယုံတာပါ။ သူယုံသလို အဲဒီ တုန်းက စာအုပ်မြင်ရင် အမဲဖျက်သလိုဖတ်တဲ့ ကျနော်လည်း ယုံခဲ့ပါတယ်။ အဲဒီအချိန်က ကျနော့် စိတ်ထဲမှာ မွတ်ဆလင်တွေကို ရွံရှာမုန်းတီးခဲ့တယ်။ သူတို့ဟာ တစိမ်းတွေ၊ ဧည့်သည်တွေ။ ကျနော်တို့နဲ့ ဘာသာရေး၊ လူနေမှု၊ တန်ဖိုးထားမှု ဘယ်အရာမှမတူတဲ့ လူဆိုးတွေ။ ဧည့်သည် တောင်မှ ဧည့်ဆိုးတွေပေါ့လေ။ ဧည့်ဆိုးတွေရန်ကနေ ဗုဒ္ဓဘာသာကို ကာကွယ်ရမယ်။ ဧည့်ဆိုး တွေရန်ကနေ အိမ်ရှင်တွေကို ကာကွယ်ရမယ်ပေါ့။ ဒါဟာ လူကြီးတွေပေးဖတ်တဲ့ စာအုပ်တွေ ကနေ ကျနော် သင်ယူခွင့်ရခဲ့တဲ့ ငယ်ဘဝ ပုံပြင်တပုဒ်ပါပဲ။
နောက်တော့ ကျနော် ဆယ်တန်းအောင်တယ်။ တက္ကသိုလ်တက်တယ်။ တက္ကသိုလ်မှာ ကျနော်နဲ့ တဆောင်ထဲနေတဲ့ သူငယ်ချင်းက မွတ်ဆလင်။ ကျနော့်ဘဝရဲ့ ပထမဆုံး နီးနီးကပ်ကပ် နေထိုင်ပေါင်းသင်းဖူးတဲ့ မွတ်ဆလင်သူငယ်ချင်းပါပဲ။ သူနဲ့ခင်တာ ကြာလာတဲ့အခါမှာ ကျနော့် စိတ်ထဲမှာ ငယ်ငယ်ထဲကစွဲထင်နေတဲ့ မွတ်ဆလင်တိုင်းမကောင်းဘူးဆိုတဲ့ ပုံပြင်ကြီးက နည်း နည်းစီ ပဲ့ကျလာတယ်။ တဖြည်းဖြည်းနဲ့ သူတို့နဲ့ အရောတဝင်ရှိလာလေ၊ အတူတူ နေထိုင်မိလေ၊ ကျနော်တို့နဲ့မတူဘူးလို့ ထင်ပေမယ့် ကျနော်တို့နဲ့တူနေတဲ့ အရာတွေကို မြင်လာလေပါပဲ။ ဥပမာ ဗျာ မုန့်ဟင်းခါးကြိုက်တာ၊ သနပ်ခါးကြိုက်တာ၊ အိမ်တအိမ်ကို ဧည့်သည်လာရင် ဧည့်ဝတ်ကျေ ချင်တာ၊ မြန်မာနိုင်ငံသာ ကိုယ့်တိုင်းပြည်လို့ခံယူတာ စတာတွေပေါ့။ အရွယ်ရောက်မှုနဲ့အတူ ကျနော်ငယ်ငယ်ကသိခဲ့ရတဲ့ အသိတွေဟာ တဖြည်းဖြည်း ပြိုကျလာတယ် ဆိုပါစို့။
နောက်ပိုင်းမှာ ကျနော် ဘွဲ့ရလာတယ်။ ရန်ကုန်ရောက်လာတယ်။ ပိတ်ထားတဲ့ ခေတ် ကလည်း တဖြည်းဖြည်း ပွင့်လာတယ်။ ကျနော် အရင်က မဖတ်ခဲ့ရတဲ့ နိုင်ငံရေးစာအုပ်တွေ၊ အတွေးအခေါ်စာအုပ်တွေကို ဖတ်ခွင့်ရလာတယ်။ ဒါပေမဲ့ ကျနော်ကတော့ အရမ်းကြီး မပြောင်း လဲသေးပါဘူး။ ၂၀၁၂ ခုနှစ်မှာ ရခိုင်အမျိုးသမီးငယ်တဦးဖြစ်တဲ့ မသီတာထွေး အသတ်ခံခဲ့ရတယ်။ ကျနော်က Facebook စသုံးနေပြီ။ လူမှုကွန်ရက်တခုပေါ်မှာ စိတ်လွတ်လက်လွတ် ကျနော် သွေးတွေပွက်ပွက်ဆူခဲ့တာပေါ့။ ငယ်ဘဝကစားခဲ့တဲ့ ဆေးတွေက အရှိန်ပြဟန်လည်း တူပါတယ်။ ခိုးဝင်ကောင်တွေ၊ ဘင်္ဂါလီတွေ၊ သူတို့ကို လက်တုံ့ပြန်ရမယ်ပေါ့။ အစောပိုင်းမှာ ကျနော် တော်တော်သွေးဆူခဲ့ပါတယ်။ သိပ်မကြာဘူး။ တောင်ကုတ်မှာ ဘုရားဖူးထွက်လာတဲ့ မွတ်ဆလင် တွေ အသတ်ခံလိုက်ရတယ်။ အဲဒီထဲကတယောက်က ကျနော်တို့မြို့က။ ကျောင်းတုန်းက ကျနော် တွဲခဲ့တဲ့ သူငယ်ချင်းနဲ့ အင်မတန်ခင်တဲ့သူ။ လူကောင်းတယောက်လို့ သေချာပေါက် ပြောနိုင်တဲ့ သူ။ အဲဒီသူပါ မဆီမဆိုင် အသတ်ခံလိုက်ရတဲ့အခါမှာ ကျနော် ဆူနေတဲ့သွေးတွေ ငြိမ်ကျသွား တယ်။ ဒီကိစ္စကြီးက မှန်နေသလား ဆိုတာကိုလည်း ကျနော် စဉ်းစားဖြစ်လာတယ်။ ဒါက ကျနော် ပထမဆုံးရခဲ့တဲ့ ‘ရှော့ခ်’ပါပဲ။ ကျနော် တော်တော်ကြီး ဆင်ခြင်သွားမိတယ်။ စာပိုဖတ်ဖို့ရယ်၊ လွယ်လင့်တကူ သွေးမဆူဖို့ရယ်၊ လူကောင်းလူဆိုး ခွဲတတ်ဖို့ရယ်ကို ကျနော် စ စဉ်းစားတတ်လာ တယ်။
၂၀၁၃ ခုနှစ်မှာတော့ ကျနော် နယ်မြို့လေးကို ပြန်ရောက်နေပြီ။ နည်းပညာခေတ်ရဲ့ ဘေးထွက် ဆိုးကျိုးတွေနေပါမယ်။ မိတ္ထီလာမှာ လောင်တဲ့မီးက ကျနော်သုံးတဲ့ အင်တာနက်ဆိုင်ရဲ့ လေးအေးစက်တပ် အခန်းကလေးကိုတောင် အပူငွေ့တွေဟပ်ခဲ့တယ်။ လက်နက်မဲ့ လူတယောက် ကို လက်နက်အပြည့်နဲ့လူအုပ်က အမဲဖျက်သလိုဖျက်နေတာကို လုံခြုံရေးတွေက လက်ပိုက်ကြည့် နေတယ်။ မီးလောင်နေတဲ့အလောင်းတွေက နေရာအနှံ့ပဲ။ ကျနော် သွေးပျက်တယ်။ မော်နီတာ ကို စိုက်ကြည့်ရင်းနဲ့ မျက်ရည်တွေကျတယ်။ ကျနော် မခံစားနိုင်တော့ဘူး။ လူအချင်းချင်းကို ခြင်တွေ၊ ယင်တွေလို သဘောထားပြီး သတ်နေကြတာကို ဘယ်လိုမှမကြည့်နိုင်တော့ဘူး။ ဒီလို သတ်ဖြတ်ရက်စက်မှုတွေကို ကျနော် အကြီးအကျယ် စဆန့်ကျင်ခဲ့တယ်။ ဘယ်လိုမှ သူ့ဘက် ကိုယ့်ဘက် သဘောမထားနိုင်တော့ဘူး။ ဒုတိယအကြိမ် ပြောင်းလဲခြင်းပါပဲ။ အဲဒီပဋိပက္ခမှာ သေဆုံးခဲ့တဲ့ အမည်မသိလူတွေနဲ့အတူ အရင်တုန်းက ကျနော်လည်း သေဆုံးခဲ့ပါတယ်။ ကျနော် အသစ်တဖန် မွေးဖွားခဲ့ပါပြီ။ လူသားပဓာနဝါဒီတဦးအဖြစ်ပေါ့။
နောက်တော့ ကျနော် နိုင်ငံရေးလောကထဲကို မယောင်မလည် ရောက်ဖြစ်လာတယ်။ အထူးသဖြင့် ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက်ပေါ့။ ကျနော်တို့ တိုင်းပြည်မှာ လူသား အရင်းအမြစ်က မဖွံ့ဖြိုးတော့ဘူး။ အကယ်၍ ပညာရေးကိုမှ မပြောင်းလဲဘူးဆိုရင်ဖြင့် ဘာကိုမှ ပြောင်းလဲနိုင်တော့မှာ မဟုတ်ဘူးလို့ ကျနော်ယူဆမိတယ်။ ကျနော့်လို ယူဆမိတဲ့ ကျောင်း သားတွေ အထူးသဖြင့် ဗကသများအဖွဲ့ချုပ်မှ ရဲဘော်ရဲဘက်တွေနဲ့အတူ ကျနော် ပူးပေါင်းခဲ့တယ်။ သူတို့လုပ်တဲ့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ ကျနော် ပါခဲ့တယ်။ နောက်ဆုံး အားလုံးသိခဲ့ကြတဲ့ အရိုက်ခံကြ၊ အဖမ်းခံကြရတဲ့ လက်ပံတန်းအထိပေါ့လေ။ ကံအား လျော်စွာပဲ ကျနော်က အဖမ်းမခံရဘဲ ဝရမ်းပြေးဖြစ်ခဲ့တယ်။ ဝရမ်းပြေးကာလမှာ တိုက်ခန်း ကျဉ်းကလေးတွေထဲ ဖုန်းတလုံး၊ ဒါမှမဟုတ် စာအုပ်တအုပ်နဲ့ နေရတာက များပါတယ်။ ကျနော် ကြွက်တကောင်လိုနေခဲ့တဲ့ ကာလပေါ့။ လူမှုကွန်ရက်ကို အကောင့်ပုန်းတခုနဲ့ သုံးတယ်။ ပြင်ပ လောကနဲ့ အဆက်မပြတ်ချင်တဲ့ ကြွက်တကောင်ပေါ့လေ။ အဲဒီကာလမှာ ရိုဟင်ဂျာလှေစီးဒုက္ခ သည်တွေရဲ့ သတင်းတွေကို ကျနော်ဖတ်ရတယ်။ ကူရာမဲ့နေတဲ့ ကလေးတွေကို မြင်ရတာ ကျနော် တော်တော်စိတ်မကောင်းဘူး။ ဒါပေမဲ့ ဒါဟာ ဒီတိုင်းပြည်မှာနေတဲ့လူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခအမျိုးအစားတွေထဲက တခုလို့ပဲ ကျနော် မှတ်ထင်ခဲ့တယ်။ စိတ်မကောင်းရုံအပြင် သိပ်ပြီး ထူးထူးခြားခြားတွေ မပြောဖြစ်ခဲ့ဘူး။
နောက်ပိုင်း ကျနော့်သူငယ်ချင်းတွေ ထောင်က လွတ်လာတယ်။ ကျနော်လည်း ဝရမ်း ပြေးဘဝက လွတ်တယ်ပေါ့။ ထောင်ထွက်ထဲကတချို့နဲ့ ဝရမ်းပြေးလူထွက် ကျနော်တို့ ပေါင်းခဲ့ကြ တယ်။ ဘာဆက်လုပ်မလဲဆိုတာကိုလည်း စဉ်းစားကြတယ်။ ကျနော်တို့ထဲက တချို့က ကျောင်း ပြီးခါနီးတွေ၊ ဆက်မတက်တော့တာတွေ ဖြစ်နေကြပြီလေ။ အဲဒါနဲ့ အဖွဲ့ကလေးတခု စဖွဲ့ပြီး သုတေသနနဲ့ မှတ်တမ်းတင်တာတွေကို စလုပ်ကြတယ်။ ခက်ခက်ခဲခဲရုန်းကန်ရတဲ့ ကာလတွေ ပါပဲ။ ဘာသာရေးအရ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေ၊ အမုန်းစကားတွေနဲ့ ဘယ်သူတွေက ဒါတွေကို မောင်းနှင်နေတာလဲဆိုတာကို ကျနော်တို့ စိတ်ဝင်တစား လေ့လာခဲ့ကြတယ်။ ဒီလိုနဲ့ ကျနော် ခရီးတခုကိုထွက်ဖြစ်ဖို့ အစပြုလာတာပါပဲ။ အဲဒီခရီးက ကျနော့်ဘဝကို အကြီးမားဆုံး ပြောင်းလဲစေခဲ့တဲ့ ခရီးလို့ပဲ ပြောရမှာပါ။
၂၀၁၇ ခုနှစ်ရဲ့ နှစ်လယ်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လူမှုစီးပွားရေးတွေကို လေ့လာတဲ့ ခရီးတခုမှာ ကျနော်ပါခဲ့တယ်။ အဲဒီခရီးမှာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံကိုလည်း လေ့လာဖြစ်ခဲ့တယ်။ ဒီခရီးစဉ်မတိုင်မီ ကျနော်သိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ့်ဆိုတာ အင်မတန်ဆင်းရဲတဲ့နိုင်ငံ၊ လူဦးရေ ပေါက် ဖွားနှုန်းမြင့်တယ်၊ သူတို့နိုင်ငံကသူတွေဟာ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ကျနော်တို့နိုင်ငံထဲကို ခိုးဝင်နေတယ်ဆိုတာပေါ့။ ကျနော်မြင်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ့်ဆိုတာကတော့ ကျနော်သိခဲ့တဲ့ ဇာတ်ကြောင်းတွေကို လှောင်ပြောင်နေတဲ့ နိုင်ငံပေါ့။ လူဦးရေပေါက်ဖွားနှုန်း မြင့်ပေမယ့် အနည်းဆုံးလုပ်ခလစာက ကျနော်တို့ထက် အကြီးအကျယ်သာနေတယ်။ ပညာရေး၊ စီးပွားရေး အဘက်ဘက်က သာနေတယ်။ ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ အပြတ်အသက် ကွာ တယ်။ ကော့ဘဇားနယ်ထဲရောက်တဲ့အခါမှာ မြန်မာပြည်နယ်စပ်အထိ ခင်းထားတဲ့လမ်းက နိုင်လွန်ကတ္တရာလမ်း။ ဒီမှာတင် ကျနော် တော်တော်အံ့ဩနေပြီပေါ့လေ။ နောက်တော့ ကျနော် တို့ ကူတူပလွန်ဒုက္ခသည်စခန်းကို လေ့လာဖြစ်ခဲ့တယ်။ အချိန်ပိုင်းပဲ ဝင်ကြည့်လို့ရခဲ့တာပါ။ အဲဒီမှာ ဘင်္ဂလားဒေ့ရှ့်မှာတွေ့ရတဲ့ ချမ်းမြေ့သာယာမှုတွေက စခန်းအဝမှာတင် ကျန်ခဲ့ပါတော့ တယ်။
ကျနော်တို့ ရောက်တဲ့အချိန်တုန်းက အဲဒီစခန်းမှာ လူဦးရေရှစ်သောင်းပဲ ရှိပါသေးတယ်။ မြို့ကလေးတမြို့စာလောက်ကျယ်တဲ့စခန်းဟာ မြေစိုက် ရွှံ့တဲကလေးတွေ၊ မိုးကာစအဟောင်း တွေနဲ့ ပြည့်နေတာပေါ့။ ကျနော့်ရင်ဘတ်လောက်ပဲရှိတဲ့ ရွှံ့တဲကလေးတွေဟာ အရင်တုန်းက ပလတ်စတစ်နဲ့ပဲ ကာတာပါတဲ့။ နောက်ပိုင်း ညဘက်တွေဆို ပလက်စတစ်တွေကို ခွဲပြီး အမျိုး သမီးတွေ နှောက်ယှက်ခံရလို့ ရွှံ့တွေနဲ့ လက်လုပ်နံရံတွေကို ပြောင်းခဲ့ကြတယ်လို့ သိရတယ်။ အကျယ်က ဆယ်ပေသာသာပါပဲ။ မိသားစု ဦးရေအလိုက် တပေ၊ နှစ်ပေလောက် တဲ အကျယ်ကို ထပ်ချဲ့လို့ရတယ်။ နေမဝင်ဘူး၊ လေမဝင်ဘူး အဝင်တိုက်၊ အထွက်တိုက် တဲ ကလေးတွေပေါ့လေ။
အိမ်သာဆိုရင်လည်း တဲအလုံး ၁၀ဝ လောက်ရှိတဲ့ အပိုင်းတခုကိုမှ အိမ်သာက နှစ် လုံးလောက်ရှိတယ်။ အနံ့ဆိုးတွေနဲ့ အရည် တွေလည်း ထွက်ကျနေတယ်။ ရေဆိုရင် လည်း ဘုံဘိုင်တွေက အပိုင်းတခုမှာမှ တလုံး ပဲရှိတယ်။ ကလေးတွေရဲ့ ဆော့စရာလည်း ဖြစ်၊ သောက်ရေလည်းဖြစ်၊ သုံးရေလည်း ဖြစ်နေတဲ့ ဘုံပိုင်တွေပေါ့။ ဒီစခန်းကို ဘင်္ဂ လားဒေ့ရှ့်အစိုးရက တရားဝင်ဒုက္ခသည်စခန်း အဖြစ် အသိအမှတ်ပြုမထားတော့ ဘာ ထောက်ပံ့မှုမှလည်း မရကြဘူး။ MSFu ဆေးခန်းတခု စခန်းအတွင်း လာဖွင့်ထား တာရှိတယ်။ လူရှစ်သောင်းကို ဆေးပေးခန်းတခုဆိုတာ ဘယ်လိုမှမလုံလောက်တဲ့ ကိစ္စပါပဲ။ ဒါပေမဲ့ ဒီထက်ပိုပြီး သူတို့မှာ ရစရာ ဘာမှမရှိပါဘူး။ အစားအသောက်အတွက်ကတော့ မိသားစု တစုဟာ တလကို IOM ကပေးတဲ့ ဆန် ကီလို ၂၀ ရတယ်။ ဒါက လက်ကုန်ပဲ။ တခြား ဘယ်အဖွဲ့ အစည်းကမှ မထောက်ပံ့ဘူး။ ဒီတော့ ရိုဟင်ဂျာယောကျာ်းတွေက အပြင်ထွက်ပြီး လယ်ကူလီတို့၊ ဆိုက်ကားနင်းတာတို့၊ အထမ်းအပိုးတို့ လုပ်ကြပါတယ်။ ပြီးရင် စခန်းထဲက မိသားစုကို ပိုက်ဆံ ပို့ကြတယ်လို့ ဆိုပါတယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာ ယောကျာ်းအများစုကို မတွေ့ခဲ့ပါဘူး။
စခန်းမှာ ကလေး ၁၀ဝဝဝ လောက်ရှိပေမယ့် ပညာသင်ခွင့်ရတာက ကလေး ၅၀ဝ၀ လောက်ပဲ ရှိပါတယ်။ UNICEF က ကျောင်းတချို့ လာဖွင့်ပေးထားပြီးတော့ အဲဒီကျောင်းမှာက ကျောင်းသားနှစ်ထောင်လောက် ရှိပါတယ်။ ကျန်တဲ့ ကျောင်းသား သုံးထောင်လောက်က ကုလားတန်ကွန်ရက်ကဖွင့်တဲ့ ကျောင်းတွေမှာ တက်ကြရပါတယ်။ ကျောင်းအရေအတွက်နဲ့ ကျောင်းသားအရေအတွက်က ဘယ်လိုမှ မလုံလောက်တော့ မိသားစုတစုမှာ ကလေး သုံး ယောက်ရှိရှိ၊ ငါးယောက်ရှိရှိ ကလေးတယောက်ကိုသာ ကျောင်းက လက်ခံနိုင်ပါတယ်။ အဲဒီတော့ ကျန်တဲ့ကလေးတွေက အမှိုက် ထွက်ကောက်သူကောက်၊ စားပွဲထိုး ထွက်လုပ်သူလုပ်ပေါ့လေ။ ဒါတောင် အခြေခံပညာရေး အရေးအဖတ်လောက်ပါပဲ။ အဲဒီကျောင်းကို သုံးနှစ်လောက် တက် ပြီးရင် ဒီကလေးတွေအတွက် တက်စရာကျောင်း မရှိတော့ပါဘူး။ ကလေးတွေကို သင်နေတဲ့ အထဲမှာ မြန်မာစာလည်းပါသလို နိုင်ငံတော်သီချင်းကိုလည်း ကောင်းကောင်း ရကြပါတယ်။ ‘တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြေ၊ တို့မြေ’လို့ သူတို့ နိုင်ငံတော်သီချင်းကို စဆိုတဲ့အခါမှာ ကျနော် ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး။ သူတို့က မြန်မာပြည်ကို သူတို့ပြည်၊ ရခိုင်ပြည်နယ်မှာ အိမ်ကျန်ခဲ့တယ်၊ ပြန်လို့ရမယ်လို့ ယုံကြည်နေကြတယ်။ ဒီမျှော်လင့်ချက်တခုပဲ ရှိကြတာ။ ပညာရေးအတွက်တို့၊ ဆရာဝန်ကြီးလုပ်မယ်တို့၊ သိပ္ပံပညာရှင်ကြီးလုပ်မယ်တို့လို ကြီးကြီးကျယ် ကျယ်တွေလည်း မှန်းကြတာမဟုတ်ဘူး။ အင်မတန်ရိုးစင်းတဲ့ အိပ်မက်တခုဟာ လက်တွေ့မှာ ဘယ်လောက်ခက်မယ်ဆိုတာ မှန်းလို့ရနေတဲ့ ကျနော် အဲဒီသီချင်းသံတွေကို မကြားချင်တော့ဘူး။ ဒါပေမဲ့ သူတို့ကတော့ တက်တက်ကြွကြွ ဆိုနေကြပါတယ်။ အဓိပ္ပာယ်အများကြီးရှိတဲ့ သီချင်းဟာ သူတို့အတွက်တော့ တကယ်တမ်းမှာ အဓိပ္ပာယ်ရှိမနေဘူးဆိုတာကို သူတို့ မသိကြဘူး။ ဒါပေမဲ့ သူတို့ ဆိုနေကြပါတယ်။
ဒီစခန်းကို ရောက်ပြီးတဲ့အခါမှာ ကျနော် တသက်လုံးသိခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံ တကာရဲ့ထောက်ပံ့မှုကို အရမ်းကာရောရနေတယ်။ သူတို့ ဒုက္ခရောက်တယ်ဆိုတာ မဟုတ်ဘူး။ မြန်မာပြည်မြေပုံကို ဖဲ့ထုတ်ချင်သူတွေ စတဲ့ ဇာတ်လမ်းကြီးဟာ ပြောင်းသွားပါတော့တယ်။ ဒီစခန်းမှာ ကျနော်မြင်ရသမျှကတော့ သူတို့ဟာ ဒုက္ခသည်ဆိုတဲ့ အဆင့်အတန်းကို မဆိုနဲ့ လူဖြစ်ခြင်းရဲ့ အခြေခံရပိုင်ခွင့်ကလေးတွေတောင် ဆုံးရှုံးနေသူတွေပေါ့။ ဒီလူတွေဟာ သူတို့ရဲ့ နာမည်၊ သူတို့ရဲ့ အိပ်မက်၊ သူတို့ရဲ့ အနာဂတ် အကုန်လုံးကို လက်လွှတ်ဆုံးရှုံးထားသူတွေ၊ ကိုယ် မွေးဖွားခဲ့တဲ့မြေနဲ့ သူတို့က တဖက်သတ်ချစ်နေတဲ့ နိုင်ငံတော်ရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရသူ တွေပေါ့။ ဒီနေရာမှာ တချို့တွေ ပြောပြောနေတဲ့ ဘင်္ဂလားဒေ့ရှ့်က သူတွေက ခိုးဝင်နေတာပါ ဆိုတာကြီးကလည်း လက်ရှိ အခြေအနေအရဆို ဟာသကြီးလို ဖြစ်သွားတယ်။ ဘင်္ဂလားဒေ့ရှ့် မှတ်ပုံတင်ရှိတဲ့ လူတယောက်ဟာ သူ့မှတ်ပုံတင်ကိုပစ်ပြီး၊ သူ့တိုင်းပြည်ထက် ချွတ်ခြုံကျနေတဲ့ ဘယ်အချိန်မှာ ဒုက္ခသည်စခန်း ရောက်မယ်မှန်း မသိ၊ ကိုယ့်အိမ် မီးရှို့ခံရမယ်မှန်းမသိတဲ့ နေရာကို ခိုးဝင်လာမယ်ဆိုတာမျိုး ကျနော် ဘယ်လိုမှ တွေးကြည့်လို့မရဘူး။ အင်မတန်လည်း ဝမ်းနည်း ကြေကွဲဖွယ် ကောင်းပါတယ်။ ကျနော်တို့ဟာ ကိုယ့်စိတ်ကူးထဲက အချုပ်အခြာအာဏာ၊ နယ် နမိတ်ဆိုတဲ့ နိမိတ်ပုံတခုနဲ့ လူတွေရဲ့ တကယ့်ဘဝတွေ ပျက်စီးနေတာကို မျက်ကွယ်ပြုခဲ့ကြတယ်၊ ပြုနေကြတယ်၊ ပြုနေဆဲပါပဲ။ ဘာအပြစ်မှမရှိတဲ့ ကလေးတွေဟာ ဒီမျိုးနွယ်စုတခုမှာ မွေးဖွား ခဲ့ရရုံနဲ့ လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်တွေဆီက စွန့်ပစ်ခံလိုက်ရတယ်။ သူတို့ဟာ အသိမကြွယ်သေးတဲ့ အရွယ်မို့သာ နိုင်ငံတော်သီချင်းကို စိတ်ပါလက်ပါ ဆိုနေကြတာပါ၊ သူတို့သာ အရွယ် ရောက်ခဲ့လို့ သူတို့ စွန့်ပစ်ခံနေရတဲ့အဖြစ်ကိုသာ သိလိုက်ရရင် ဘယ်လောက်များ နာကျည်း လိုက်ကြမလဲ ကျနော်မတွေးရဲဘူး။ ကျနော်သာ သူတို့နေရာမှာဆိုရင်ဆိုတဲ့ မေးခွန်းကိုလည်း ကျနော်မတွေးရဲဘူး။ ကျနော် အင်မတန်တုန်လှုပ်မိတယ်။ အာရုံငါးပါးနဲ့ ကျနော်သိခဲ့ရတဲ့ ခရီး တခုဟာ ဘယ်လောက်အထိ တည်တံ့နေဦးမှာလဲ။ နိုင်ငံတော်သီချင်းကို ဘယ်လောက်အထိ သူတို့ ဆိုနေဦးမှာလဲ။ ကျနော်မသိပါဘူး။ ခရီးကား ဝေးသေး၏၊ လူကိုလူချင်း စာနာခြင်းကသာ ယာဉ်အဖြစ်ရှိကုန်၏လို့ ပြောဆိုပါရစေ။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment