တရားမျှတမှုအဖွင့်

မဇ္ဈိမအိန္ဒိယ၏ ဥပဒေရေးရာဒဿနနယ်ပယ်တွင် ပညာရှင်တိုင်း မသိမဖြစ်ဆိုသလို သိကြရသော တရားမျှတမှုဆိုင်ရာ ဥပမာပြစနစ်တခုမှာ ‘မစ္ဆ-နိအာယ’စနစ်ဖြစ်သည်။ တရား မျှတမှုဆိုင်ရာ ဥပမာပြစနစ်ဟု ဆိုသော်လည်း ပေးထားသောဥပမာမှာ မတရားသောစနစ်တခု ဖြစ်ပါသည်။ ‘မစ္ဆ’ဆိုသည်မှာ ငါးဟုအဓိပ္ပာယ်ပေါက်သည်၊ ‘နိအာယ’က ဥပဒေစနစ်ဟု အဓိပ္ပာယ် ထွက်သည်။ ဝေါဟာရနှစ်ခုပေါင်းသော် ‘ငါးဥပဒေစနစ်’ ဖြစ်သည်။
လွယ်လွယ်နားလည်အောင်ပြောပါလျှင် မစ္ဆ-နိအာယ ဆိုသည်မှာ ‘ငါးလောက၏ တရား မျှတမှု’စနစ် ဖြစ်သည်။ ငါးလောကဆိုသည်မှာ အရွယ်ကြီးသည့်ငါးက အရွယ်ငယ်သည့်ငါးကို စားသည်။ မစ္ဆ-နိအာယစနစ်ကို အိန္ဒိယတိုက်မှာ ဥပဒေ ဒသနပညာရှင်တိုင်းဟာ မသိမဖြစ် သိကြရသည်ဆိုရာတွင် တကယ်က ၎င်းပညာရှင်တို့ကို ဥပမာဟာ သတိကြပ်ကြပ်ပေးထားခြင်း ဖြစ်ပါသည်။ ‘ကြီးသည့်ငါးက ငယ်သည့်ငါးကို ဝါးမြိုစားသောက်ပိုင်ခွင့်ရှိသည်’ဟူသော နိအာယ (မြန်မာလိုအားဖြင့် ‘နည်းနိသယ’)ကို လူ့လောကထဲ ဆွဲသွင်းလာမှုမျိုးမှ ရှောင်ရှားနိုင်ဖို့ရန် ယင်းဥပမာဟာ နှိုးဆော်သတိပေးထားခြင်း ဖြစ်ပါသည်။
ဤ၌ အိန္ဒိယသားတို့၏ ဥပဒေရေးရာ ဒသနနယ်ပယ်တွင် တွင်ကျယ်မင်းမူသော အခြေခံ ဝေါဟာရနှစ်ခုကို ဖော်ပြလိုပါသည်။ ပထမဝေါဟာရမှာ မြန်မာတို့ အင်မတန်ယဉ်ပါးပြီးဖြစ်သော ‘နီတိ’ဖြစ်ပြီး နီတိဆိုသောစကားလုံးမှာ အမူအကျင့်မှန်ကန်ခြင်းနှင့် လူ့ဘောင်အဖွဲ့အစည်းတခု၏ ရှိရင်းစွဲအလေ့အကျင့်တို့ကို ဆက်လက်တည့်မတ်ကြံဆောင်ခြင်းကို ရည်ညွှန်းပါသည်။ ဒုတိယ ဝေါဟာရမှာ ‘နိအာယ’ဖြစ်ပြီး ယင်းသည် တဦးတဖွဲ့၏ အမူအကျင့်မှန်ကန်ခြင်း(နီတိ)ထက် လောကပတ်ဝန်းကျင်ဟာ မိမိ၏အသိတရားတွင် ပိုမိုကျယ်ဝန်းစွာ တိုးချဲ့ပါဝင်လာနိုင်ခြင်း ဖြစ် သည် (Sen, A., 2011)။
ယင်းဝေါဟာရနှစ်ခု အဓိပ္ပာယ်ခြားနားပုံကို ထပ်မံဖွင့်ဆိုပါမည်။ နီတိသည် တဦး တယောက်၊ သို့မဟုတ် လူ့ဘောင်အဖွဲ့အစည်းတခု၏ အကျင့်စရဏ ခိုင်ခံ့တည်တံ့ခြင်းကို တရား မျှတမှုအဖြစ် အဓိပ္ပာယ်ဖွင့်မှတ်ယူသည်။ နိအာယမှာမူကား မိမိ၊ သို့မဟုတ် မိမိ၏အဖွဲ့အစည်း၊ သို့မဟုတ် မိမိပါဝင်သော သီးသန့်လူ့ဘောင်တခု၏ ရှိရင်းစွဲ(အကျင့်စရဏ)တို့ကို ကျင့်ကြံမြဲမြံ စေခြင်းထက် လောကပတ်ဝန်းကျင်ကို ကျယ်ဝန်းစွာခြုံငုံနိုင်သဖြင့် အလင်းရ သိမြင်မှု (အသိ ဝိဇ္ဇာ)ကို ဦးစားပေးသည်။
နီတိသည် စရဏဖြစ်၍ နိအာယက ဝိဇ္ဇာဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ကိုးပါးတွင် ဝိဇ္ဇာစရဏဟု လာရှိသည့်အတွက် ယင်းအရည်အသွေးနှစ်ခုဟာ ပူးတွဲလျက်နေလိမ့်မည်ဟု မှတ်ထင်စဖွယ် ဖြစ်ပါသည်။ သို့သော် လက်တွေ့နိုင်ငံရေးနယ်ပယ်တို့တွင် ကျင့်သလောက် မသိ သူများ၍ အကျင့်မှားနှင့် လမ်းဆုံးကြသည်ကများလေ၏။ တကယ်တော့မူ အတွင်းကျင့်စဉ်ကို ‘တရား’အဖြစ် ဆုပ်ကိုင်ဗဟိုပြုထားသော လူ့ဘောင်တခုသည် ‘မျှတမှု’ကို အပြင်လောကသို့ ဆန့်တန်းရှာဖွေရကောင်းမှန်းသိသည့် လူ့ဘောင်တခုနှင့် ရလဒ်အခြေအနေတို့ အပုံကြီး ကွာခြား လေသည်။
ဤနေရာ၌ ကျနော်တို့ဟာ အလွန်မှပင် ဆန်းကျယ်နက်နဲသော အချက်တချက်ကို မြင်တွေ့လိုက်နိုင်ပါပြီ။ တရားမျှတမှုကို အနက်ဖွင့်ဆိုရန် ကြိုးစားကြကုန်သော သက္ကတ ဘာသာ စကားလာ နီတိနှင့် နိအာယ ဝေါဟာရနှစ်ခုသည် ဖွံ့တရားမျှတမှု၏ တခြမ်းစီကိုသာ အနက် ယူဆောင်ထားခြင်းဖြစ်သည်။ ထပ်ဆင့်ပြီး နက်နဲသော သဘောတရားတခုကို သိမြင်သင့်သည် မှာလည်း ယင်းတို့ကို ဦးတည်ဖော်ဆောင်ရာမှ ထွက်ပေါ်လာသော ရလဒ်တို့တွင် နှစ်မျိုးစလုံး တခြမ်းစီ ပျောက်နေတယ်လို့တော့ မဟုတ်။ အဖြစ်မှန်ဟာ ဘယ်လိုလဲဆို ‘တရားသမား’ (ဝါ) နီတိသမားမှာသာလျှင် မျှတမှုပျောက်ဆုံးခြင်း ဖြစ်ပါ၏။ မျှတမှုကို ရှာဖွေသိမြင် (သိမြင်ရှာဖွေ) ရကောင်းမှန်းသိသည့် နိအာယသမား အတွက်မှာမူကား ‘မျှတမှုသည်ပင် တရား’ (Justice as fairness) ဖြစ်၏ (Rawls, J., 2009)။ နိအာယ သမားတို့သည် တချက်ခုတ် နှစ်ချက်ပြတ် ဖြစ်လေရာ ‘အသိတရား’ကို ဆန့်တန်းရှာဖွေ ကြလေကုန်သော ၎င်း နိအာယ ဝိဇ္ဇာပုဂ္ဂိုလ် တို့နှင့် တရားသည် ဘယ်တုန်းကမှ မကွဲကွာ ခဲ့ဘူးဟု ဆိုရပါမည်။
ဤငြင်းခုံတင်ပြမှုတွင် အလှပဆုံး ပရိယာယ်တခု ထပ်ဆင့် ထွန်းလင်းလျက် ရှိနေပါသေးသည်။ အကယ်၍ နိအာယသမား တို့ညွှန်ပြသော ‘မျှတမှု(ကိုရှာဖွေခြင်း)သည် ပင် တရား’ (Justice as fairness) ဟု ဧကန် အမှန်ဖြစ်ခဲ့သော် အပြင်လောက ပတ်ဝန်း ကျင်အတွက် မျှတမှုကို လျစ်လျူရှုထားသည့် နီတိသမားတို့သည် ၎င်းတို့၏ အတွင်းပိတ် ကျင့်စဉ်ကို တရားအဖြစ် မတင်ဆိုနိုင်တော့ ပါ။ တကယ်တော့ နီတိ(ဝါ) ကျင့်စဉ်သမား အတွက် မျှတမှုတခြမ်း သက်သက်သာ ပျောက်ဆုံးနေခြင်းမဟုတ်၊ တရားပါ (လုံးဝဥဿုံ) ပျောက်ဆုံးခြင်းဖြစ်လေရာ ၎င်းသည် တရား မျှတမှုတခုလုံးကို ပျောက်ဆုံးနေခြင်း ဖြစ်ပါသည်။
ပိုမိုဆန်းကြယ်လှပသော ဖွင့်ဆိုမှုပရိယာယ်တခု ထပ်မံ၍ ရှိပြန်ပါသေးသည်။ ကျနော် တို့ဟာ တရားမမျှတမှုကို ဘယ်လိုများ ဖွင့်ဆိုနိုင်ကြပါသနည်း။ ဘာသာစကား အနက်သက်သက် ဖြင့်ဆိုသော် ယင်းသည် တရားမျှတမှု-မရှိခြင်းဖြစ်သည်။ သို့ဆိုလျှင် မျှတမှုလည်းမရှိ၊ တရား လည်းမရှိသောသူများသည် တရားမမျှတသူများ ဖြစ်ကြလေသည်။ ဤတွင် ကျနော်တို့ဟာ အလွန်ရိုက်ချက်ပြင်းသော အမှားသက်သေပြချက်တခုကို သေသပ်ကျနစွာ ပြသလိုက်ပြီ ဖြစ်ပါ သည်။ လောကပတ်ဝန်းကျင်အတွက် (ပိုမိုကျယ်ဝန်းပါဝင်သော) မျှတမှုကို (တိုးချဲ့ကာ) စာနာ နားလည်ရကောင်းမှန်းမသိဘဲ မိမိ၏ ရှိရင်းစွဲအသိ၊ ရှိရင်းစွဲကျင့်စဉ်တို့ကို တစိုက်မတ်မတ် ကျင့်ကြံနေသူတို့သည် စင်စစ်အားဖြင့် အများကထင်မှတ်ကြသလို သူရဲကောင်းတွေ၊ သူတော်စင် တွေ မဟုတ်၊ တကယ်တမ်းအားဖြင့် ယင်း တလမ်းသွား ‘သူရဲကောင်း’ ‘သူတော်စင်’တို့ဟူသည် တရားမျှတမှုမရှိသည့် အသိတရားအမှား၊ ကျင့်စဉ်အမှားတို့ကို ထွေးပွေ့ထားသူများသာလျှင် ဖြစ်ကြကုန်၏။
သို့သော် လောကတံထွာဖြစ်တတ်သည်မှာ လူအများဟာ ၎င်း တယူသန်ကျင့်စဉ်သမား တလမ်းသွားပုဂ္ဂိုလ်တို့ကို ဖက်ပြိုင်စရာလူဟူ၍ မရှိသော မဟာသူရဲကောင်းကြီး မဟာ သူတော် စင်ကြီးများအဖြစ် ‘သီလကြီးရှင်ကြီးများ’အဖြစ် ကိုးကွယ်ကော်ရော်တတ်ကြခြင်းဖြစ်၍ ထို ‘ပုဂ္ဂိုလ်ထူးကြီး’များ၏ ကျင့်စဉ်ဆိုသည်တို့ကို လူအများမှပင် တရားမျှတသည်ဟု ယူမှတ်ကာ ဝိုင်းဝန်း၍ ကာကွယ်ခုခံကြခြင်းဖြစ်သည်။ သို့သော် တကယ့်အဖြစ်သနစ်မှာ ရွှေဉာဏ်မဝင်နိုင် လေသော တယူသန်အစွန်းရောက် နီတိ(ဝါ) ကျင့်စဉ်သမားတို့သည် လောကပတ်ဝန်းကျင်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားရလေအောင် ဖျက်ဆီးပစ်သော လူမိုက်ရူးရဲများ သက်သက်သာ ဖြစ်နေတတ်ပါသည်။ ၁၆ ရာစုကာလက ရောမအင်ပါယာ၏ပြည့်ရှင် ပထမ ဖာဒီနန်ဘုရင်သည် အလွန်ကျော်ကြားသော စကားတခွန်းကို ဆိုခဲ့ပါ၏။

‘တရားမျှတမှုသာ ဖြစ်ပါစေလေ၊
ကမ္ဘာကြီးပျောက်ကွယ်သွားလည်း အပျောက်ခံနိုင်ပါရဲ့’

ယင်းသည် အလွန်အမင်းကို ပြင်းထန်အစွန်းရောက်နေသော နီတိကျင့်စဉ်တမျိုး ဖြစ်ပါ ၏။ သို့သည့်တိုင် ကျနော်တို့၏ လက်တွေ့ပတ်ဝန်းကျင်တွင် ယင်းနီတိမျိုးကို ကျင့်ကြံရန် တိုက်တွန်းလှုံ့ဆော်သော (ဘုရင်ဖာဒီနန်လို) ပုဂ္ဂိုလ်မျိုးဟာ မရှားလှပါ။ ကမ္ဘာကြီးတခုလုံး ပျက်သွားသည့်တိုင်အောင် မိမိ၏ကျင့်စဉ်(နီတိ)ဟာ ကျန် ကမ္ဘာကြီးတခုလုံးထက် တန်ဖိုး သာ လွန်ကြီးမားသည်ဟု အတွေးပေါက်နေသူတို့ မရှားလှပါ။ ကျနော်တို့ကိုယ်တိုင် နီးနီးစပ်စပ် တွေ့မြင်နိုင်သော အတွေ့အကြုံအားဖြင့် ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းမှနေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်မှု မြင့်တက်လာသောအခါတွင် လူများစွာတို့သည် ၎င်း တို့၏ လူမှုမီဒီယာမျက်နှာစာတို့ကို “We Stand with You, Aung San Suu Kyi” (ငါတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်သည်) ဟူ၍လည်းကောင်း၊ “My Nation is My World Aung San Suu Kyi” (ငါ့နိုင်ငံဟာ ငါ့ကမ္ဘာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်)ဟုလည်း ကောင်း စာမျက်နှာတို့ကို ပြောင်းလွှဲလွှင့်တင်ကြရာ ယင်းတို့ဟာ ဘုရင်ဖာဒီနန်၏ အစွန်းရောက် နီတိတရားနှင့် တထပ်တည်းကျ၍နေသော ပိုင်းဖြတ်လုပ်ဆောင်မှုတို့ ဖြစ်ပါသည်။ ‘ငါ့နိုင်ငံဟာ ငါ့ကမ္ဘာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုထားတယ်’ဟူသော တင်ဆိုမှုတွင် သွယ်ဝိုက် သလောက် ပေါ်လွင်နေသောအဓိပ္ပာယ်မှာ ကျန်ကမ္ဘာကြီးတခုလုံးဟာ မိမိနိုင်ငံလောက်လည်း ကောင်း၊ ဒေါ်အောင်ဆန်းစုကြည်လောက်လည်းကောင်း တန်ဖိုးမရှိဟု မိမိတို့ဟာ အဆိုးဝါးဆုံး အစွန်းရောက်နေခဲ့ခြင်းဖြစ်သည်။
တခုသိမှတ်ရန်မှာ အမိုက်မဲဆုံး အကြမ်းဖက်လုပ်ရပ်တို့ဟူသည်မှာ အဲသလိုမျိုး ငါ့ကမ္ဘာ ဟာ ကျန်ကမ္ဘာကြီးတခုလုံးထက် တန်ဖိုး အတိုင်းမသိမြင့်မားတယ်ဟု ခံယူထားရာမှ ပေါ်ပေါက် လာခြင်းဖြစ်သည်။ စိုးရိမ်စရာကောင်းလှသည်မှာ “We Stand with You’ ဟု လှုံ့ဆော်ဟောပြောမှု တို့သည် အကြမ်းဖက်အဖွဲ့အစည်းတို့ကဲ့သို့ သာမန်အပြစ်မဲ့သူတို့ကို လက်နက်ဖြင့်ပစ်ခတ်ခြင်း၊ ဗုံးခွဲခြင်းစသော တိုက်ရိုက်ကျူးလွန်မှုတို့ မရှိသော်လည်း မိမိ၏ အတွင်းပိတ် နီတိကျင့်စဉ်သဘော ငါတို့၏ ဒေါ်အောင်ဆန်းစုကြည်၊ ငါတို့၏ နိုင်ငံတော်သာ ကျန်အရာအားလုံးထက် ပဓာနဟာ အကြမ်းဖက်အဖွဲ့အစည်းတို့၏ အခြေခံအကျဆုံးလက္ခဏာ ခံယူချက်တို့နှင့် တထပ်တည်း သွား ကျနေခြင်းဖြစ်သည်။
တကယ်တော့ အကြမ်းဖက်မှုဆိုသည်မှာ မိုင်းထောင်ဗုံးခွဲ လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်မှ အကြမ်းဖက်မှုမြောက်သည်လို့ မဟုတ်ပါ။ လူမှုကွင်းဆက်ပညာရှင် ဂျိုဟန်ဂေါ်တွန်မှ ဖော်ထုတ်တင်ပြသော structural violence (တည်ဆောက်ပုံကို အသုံးချ တရားဝင် အကြမ်း ဖက်မှု)ဟူသော အသိသညာသည် ရှိ၏ (Galtung, J., 1969)။ ‘တည်ဆောက်ပုံကို အသုံးချ တရားဝင်အကြမ်းဖက်မှု’ ဆိုသည်မှာ အနှိမ်ခံမျက်နှာမွဲပုဂ္ဂိုလ်တို့ကို တဖက်သတ်ဖိနှိပ်ထားပြီး အခွင့်ထူးခံလူတန်းစားတို့၏ အသာစီးရထားသော အခွင့်အရေးတို့ကို တဖက်စောင်းနင်း ပင့်တင် ကာကွယ်ထားခြင်းဖြစ်သည်။ ဂျိုဟန်ဂေါ်တွန်၏ အသိသညာအလိုအရမူ မျက်နှာကြီးပုဂ္ဂိုလ်တို့၏ လုပ်ရပ်တို့ကို စောကြောဝေဖန် စစ်ဆေးမှုမရှိ၊ အကြီးဆုံးလူ၏လုပ်ရပ် မှန်သမျှဟာ တရားဝင် သည်ဟု လက်ခံထားသော လူ့ဘောင်မျိုးဆိုတာဟာ လူ့ဘောင်ကိုယ်၌ကိုက social injustice တရားမျှတမှုမရှိသော ‘အာဏာပုံစံခွက်’တွေကို တည်ဆောက်နေခြင်းဖြစ်သည်။ ရှေ့တွင် ဖော်ပြ ခဲ့သော လူတို့၏ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ်၊ ငါ့နိုင်ငံတော် ဘာလုပ်လုပ် မှန်တယ် ဟူသော အတွင်းပိတ်နီတိကျင့်စဉ်တို့သည် တကယ်တော့ ကျနော်တို့ ဗမာလူ့ဘောင်ကိုယ်၌ဟာ တရားမျှတမှုမရှိသော အာဏာပုံစံခွက်တခုကို မသိသားဆိုးဝါးစွာ တည်ဆောက်နေခြင်းပဲဖြစ် သည်ဟု ဝေဖန်လိုပါသည်။

တခါတွင် ပသေနဒီကောသလမင်းကြီးသည် ဆိတ်ငြိမ်ရာအရပ်၌ နေထိုင်ပြီးလျှင် မိမိ ထိုးထွင်းသိမြင်လာသော အသိတရားတခုကို ဗုဒ္ဓအား သတင်းပို့ ပြောကြားလေသည်။
‘တရားဓမ္မကို ရှင်ကြီးဂေါတမဟာ ခြုံငုံစေ့စပ်သဖြင့် ကောင်းစွာ ဟောပြောရှင်းပြလေ၏-

သို့သော်လည်း တရားဓမ္မကို ကျင့်ကြံယူဆောင်နိုင်ဖို့ရန်မူကား
မိတ်ဆွေစစ်၊ မိတ်ဆွေ မှန်တို့ဖြင့်သာ စွမ်းနိုင်ရာ၏၊
မိတ်ဆွေတု၊ မိတ်ဆွေမှားတို့ဖြင့် တရားဓမ္မကို မလေ့ကျက်နိုင်ရာ’

ကောသလမင်းကြီး သိမြင်လာသော အသိတရားဟာ မှန်ကန်သည်ဟု ဗုဒ္ဓက သဘော တူညီခဲ့၏၊ ကျနော်တို့ ဗမာတွေမှာ ယဉ်ပါးနေကျ အရပ်သုံးစကားဖြင့် ဆိုသော် ကောသလ မင်းကြီးဟာ ‘အသိပေါက်သွားခြင်း’ (ဝါ) ဝိဇ္ဇာဖြစ်သွားခြင်း ဖြစ်၏။ တကယ်တော့ ကောသလ၏ အသိပေါက်လာခြင်း အဖြစ်အပျက်အရဆိုလျှင် တရားဓမ္မကို သိမြင်ကျင့်ကြံနိုင်ခြင်းဟူသည်မှာ မိမိ တကိုယ်တည်းသီးသန့် အဓိဌာန်ကျင့်စဉ်တွေ ကျင့်ကြံနေခြင်းတို့ထက် ပိုမိုကျယ်ဝန်းသော လောကပတ်ဝန်းကျင်မှ အခြားတပါးသောသူတို့နှင့် ဆက်နွယ်ဆောင်ရွက် လေ့ကျက်မှုတို့ ဖြစ် လေသည် (Batchelor, S., 2015)။
ကောသလဘုရင်နှင့် စကားလက်ဆုံကျခဲ့ရာတွင် သကျလူမျိုးစုတို့အပိုင် နာဂရကမြို့တွင် သူနေထိုင်ခဲ့စဉ်တုန်းကအဖြစ်ကို ဗုဒ္ဓဟာ ပြန်သတိရမိလေသည်။ ‘မင်းကြီး၊ ထိုစဉ်က အာနန္ဒာ သည် ငါ့ထံ ချဉ်းကပ်လာပြီးလျှင် ဤသို့ကြွေးကြော်၏’ ‘မိတ်ဆွေစစ် မိတ်ဆွေမှန်ရှိခြင်း၊ မှန်ကန်သော အပေါင်းအသင်းရှိခြင်း၊ ရဲဘော်စစ် ရဲဘော်မှန်တို့ရှိခြင်းသည် ကျွနု်ပ်၏ လော ကုတ္တရာဘဝတွင် ပမာဏတဝက် ပါဝင်နေပါသည်ထိုအခါ ငါဟာ သူ့ကိုဟန့်တားရသည်။

ဤသို့ မဆိုလင့်၊ အာနန္ဒာ၊ တကယ်တော့
မိတ်ဆွေစစ်မိတ်ဆွေမှန် ရှိခြင်းသည်
နင်၏ လောကုတ္တရာဘဝ တခုလုံးပင်ဖြစ်သည်

ထို့ကြောင့် မင်းကြီးသည် ဤသို့ ကြံစည်ရှေ့ဆောင်ရာ၏ ‘ငါသည် မိတ်ဆွေစစ် မိတ်ဆွေ မှန်များရှိသည့် ထိုတစုံတဦးသောသူ ဖြစ်ရပါမည်’။ သင့်တွင် မိတ်ဆွေစစ်မိတ်ဆွေမှန်များ ရှိလာ ခဲ့သော် ထိုပတ်ဝန်းကျင်မျိုးနှင့် နီးစပ်နိုင်ပြီဖြစ်သော သင့်တွင် တခုကို အားကိုးယုံကြည်သဖြင့် ဆောင်ရွက်လာနိုင်ပါမည်- လိမ္မာပြည့်ဝသော အခြေအနေတို့ ဖြစ်ပေါ်လာစေရန် အပ္ပမာဒတရား ကို ဆောင်နိုင်ခြင်း (ဂရုပြုဆောင်ရွက်နိုင်ခြင်း) သည် သင့်ဘဝတွင် ဖြစ်ထွန်းလာရပေမည်’
ကောသလဘုရင်ကို ဗုဒ္ဓတုံ့ပြန်ခဲ့သော စကားအရဆိုလျှင် တရားနှင့်အညီနေထိုင်သော ဘဝဟူသည် ပိုမိုကျယ်ဝန်းသော လောကပတ်ဝန်းကျင်နှင့် ထိစပ်နိုင်ခြင်း၊ ထိုသို့ ထိစပ်နိုင်သဖြင့် မိမိ၏ ပိုမိုမှန်ကန်မျှတစွာ ဂရုပြုနိုင်ခြင်း(အပမာဒ) အရည်အသွေးတို့ဟာ တိုးတက်ကောင်းမွန် လာခြင်းဖြစ်သည်။ တခု အလွန်အံ့ဩဖွယ်ကောင်းသည့် အချက်ကို သတိပြုနိုင်သည်မှာ ကျနော် တို့၏ ခေတ်ပေါ်ဗုဒ္ဓဘာသာသည် ရှိရင်းစွဲ နည်းလမ်းကျင့်စဉ်တို့အပေါ်မှာ လူတဦးတယောက် သူ့ဘာသာပင်ကိုစွမ်းဖြင့် သီလပေါက်၊ ကျင့်စဉ်ပေါက် ကျင့်ကြံခြင်းကို တရားဓမ္မကို ကျင့်ကြံ နေထိုင်ခြင်းဟု သတ်မှတ်ထားသလောက် ပင်ရင်းပိဋကကျမ်းဂန်လာ ဒဿနအတွေးအခေါ်တို့ဟာ တဦးတယောက်၏ ပင်ကိုစွမ်းရည်ဆိုသည်ထက် လူတဦးတယောက်သည် ပိုမိုကျယ်ဝန်းပြန့်ပြော သော ပြင်ပလောက ပတ်ဝန်းကျင်နှင့် ထိစပ် နိုင်မှသာ သူ့တွင် ဖြစ်ထွန်းတိုးတက်လာနိုင် သော ‘ပိုမို ကျယ်ပြောမျှတစွာ ဂရုပြုလာ နိုင်မှု’တို့ကို ကောင်းမွန်မှန်ကန်သည့် တရား ဓမ္မ ဖြစ်ထွန်းလာနိုင်ခြင်းဟု အလွန်လေးနက် သည့် အမြင်တခုကို တင်ပြထားခြင်းဖြစ် သည်။
လောကပတ်ဝန်းကျင်ကို ပိုမိုကျယ် ဝန်းစွာ သိမြင်မှု (အသိ)၊ ပိုမို၍ ဂရုပြုမှု (မျှတမှု)တို့ကို သာလွန်ပြည့်စုံသည့် တရား ဓမ္မအဖြစ် တင်ပြထားသော ဗုဒ္ဓ၏ တရား တော်လာ အယူအဆသည် တင်ပြခဲ့သော နိအာယ-တရားမျှတမှု ရှုထောင့် အမျိုးအစား နှင့် တထပ်တည်းလောက်နီးနီးကို သွားကျ နေပါသည်။ မျှတစွာ ကျင့်ကြံလိုသူတဦး (ဝါ) တရားနှင့်အညီ ကျင့်ကြံလိုသူတဦးသည် ပိုမို ကျယ်ဝန်းသော ပြင်ပလောကကို ရှာဖွေရပါ သည်။ ပြင်ပမှ မိတ်ဆွေတို့၏အသံကို နားထောင်ကာ ပြုပြင်နိုင်သော အရည်အချင်း ရှိရပါသည်။ ထိုသို့ရှာဖွေပြီး ဆန်းစစ်ခံနိုင်သူတဦးအတွက် အကြီးမားဆုံးသောဆုလဒ်ဟာ တစုံတဦး၏ဘဝနဲ့ အသိတရားတို့သည် ပိတ်လှောင်မနေတော့ခြင်းဖြစ်သည်။ ဗုဒ္ဓမှ ရှင်နန္ဒာကို ပြောခဲ့သလိုပင် ၎င်းသည် ဘဝတခုလုံးကို ပြန်ရခြင်းဖြစ်သည်။
‘ပိတ်လှောင်၍ မနေတော့ခြင်း’ဆိုတာနဲ့ ပတ်သက်၍ ကိုယ်တွေ့သိမြင်ခဲ့ရသော သာဓက တခုကို ပြောပြလိုပါသည်။ ကျနော် ယခုရေးသားတင်ပြနေသော တရားမျှတမှုဆိုင်ရာ ဆောင်း ပါး၏ ရှေ့ဖက်တွင် ၂၀၁၇ ခုနှစ် ဩဂုတ်လထုတ် The Myanmar Quarterly ၌ ကိုဝင်းမျိုးသူ ရေးသားသော ‘ဒွိစုံလောကနှင့် အားကြီးသူတို့၏ အမှန်တရား’ဟူသောဆောင်းပါး ရှိပါသည်။ တခါတွင် ကျနော်သည် ဘုရားလောင်းသိဒ္ဓတ္ထနှင့်ပတ်သက်၍ ကျနော်တို့ မြန်မာဗုဒ္ဓဘာသာတွေ အစဉ်အဆက် သိနေကျ ဇာတ်လမ်းနှင့်မတူ၊ အတော်ပင် ခြားနားနေသော မူကွဲဇာတ်လမ်းတပုဒ်ကို ရေးသားတင်ပြလေရာ ကိုဝင်းက ‘ခင်ဗျားတင်ပြတဲ့ အချက်တွေမှာ ကပိလဝတ်တိုင်းဟာ ကော သလတိုင်းရဲ့ အစောင့်ရှောက်ခံနယ်မြေဆိုတာ ထေရဝါဒပိဋကတ်မှာ cross-reference (တခြား ပင်ရင်းတို့နှင့် ကူးလူးကိုးကားထားခြင်း) ရှိပါရဲ့၊ သို့သော် သိဒ္ဓတ္ထဟာ မင်းပြစ်မင်းဒဏ်ကြောင့် ရသေ့ဝတ်လိုက်ရတယ်ဆိုတဲ့ အချက်မှာကျတော့ cross-reference ကို ပေးနိုင်သလား’။
ရိုးရိုးသားသားဝန်ခံရပါလျှင် မိမိသည် သိပ္ပံသုတေသနစီမံကိန်း ဆယ်ခုထက်မနည်း ဦးဆောင်လေ့လာခဲ့သော သုတေသနမှူးတဦး ကိုယ်တိုင်ဖြစ်သော်လည်း ကိုဝင်း၏ မေးခွန်းဟာ ကျနော့်ကို ဈင်ရဟန်းတော်ကြီးတွေဟာ တပည့်ရဟန်းငယ်၏ ခေါင်းကို တောင်ဝှေးနှင့် သုံးချက် ခေါက်လိုက်သည့်နှယ် နိုးကြားသွားစေခဲ့ပါသည်၊ မိမိ၏ တွေ့ရှိဖော်ထုတ်ချက်တွေမှာ အတွင်းပိတ် ကျင့်စဉ် ကျင့်မနေဘဲ ပိုမိုကျယ်ဝန်းသော လောကပတ်ဝန်းကျင်ကို ထပ်မံတိုးချဲ့ပြီး ဆက်သွယ် သိမြင်ဖို့ နိအာယနည်းလမ်းနှင့် ဂရုပြုနိုးကြားကာ လိမ္မာပြည့်ဝလာခြင်း ဟူသည် မိတ်ဆွေကောင်း ကို အမှီသဟဲပြုနိုင်ခြင်းကြောင့် ဖြစ်လာရလေသည်။
ဆိုခဲ့သော ကောသလမင်းနှင့် ဗုဒ္ဓ၏ ဆွေးနွေးချက်ကို ဆင်ခြင်ကြည့်လျှင် တကယ်တော့ မိတ်ဆွေကောင်းသည် ပတ်ဝန်းကျင်ကောင်းပင်ဖြစ်သည်၊ ပတ်ဝန်းကျင်ကောင်းလျှင် မိတ်ဆွေ ကောင်းသည်၊ မိတ်ဆွေကောင်းသောသူ ပတ်ဝန်းကျင်ကောင်းသောသူသည် ဂရုပြုနိုင်ခြင်း ဟူသည့် သူတော်ကောင်းတရား အပမာဒသတ္တိစွမ်းရည်ကိုရသည်။ တခု ထပ်မံစဉ်းစားနိုင် သည်မှာ မိတ်ဆွေကောင်းနှင့် ပတ်ဝန်းကျင်ကောင်းဟူသည် မိမိကိုယ်တိုင်၏ ဂရုပြုရှာဖွေခြင်း ကြောင့်သာ မဟုတ်ပေလော။ ဂရုပြုရှာဖွေခြင်းဟူသည်မှာ အားလုံးအပေါ်မှာ ပိုမိုကောင်းမွန်မျှတ သော အလေ့အကြံ ပိုမိုကျယ်ဝန်းသော ဦးတည်ချက်အသစ်တို့ကို ရှာဖွေခြင်းမဟုတ်ပါလော။ ငါ၊ သို့မဟုတ် ငါ့အဖွဲ့အစည်း၏ ကျင့်ရင်းစွဲ အကျင့်အကြံတို့သည်သာ အကောင်းဆုံးဖြစ်သည်ဟု ယူဆထားမိပါလျှင် ထိုအတွင်းပိတ်အဖွဲ့အစည်းတခုမှာ နေမိသောသူတို့ဟူသည် ပတ်ဝန်းကျင် ဆိုးမှာ နေမိသောသူ၊ မိတ်ဆွေဆိုးတို့ ဝိုင်းရံနေသူ၊ ‘မျှတမှု’ကို ဂရုပြုနိုင်ခြင်းမရှိသူ၊ ‘တရား’နှင့် အညီ ကျင့်ကြံနေထိုင်သော ဘဝ(တခုလုံး) ပျောက်ဆုံးနေသူတဦး ဖြစ်သည်။
ဗုဒ္ဓ၏ ကျယ်ပြောနက်ရှိုင်းလှသောစကားမှ ကျနော်တို့ ထုတ်နုတ်လာနိုင်ခဲ့ပြီဖြစ်သည့် ဤသဘောသည် လူတဦးဟာ ပြင်ပလောကမှ ဝေဖန်ဆန်းစစ်ချက်တို့ကို ဂရုပြုခြင်းမရှိ၊ မိမိ အရိုးစွဲခဲ့သည့် အသိတရားကိုသာလိုက်ပြီး အတွင်းပိတ်ကျင့်စဉ်တို့ကို ကျင့်မြဲကျင့်ကြံနေသည် ဆိုပါက ထိုသူဟာ မိတ်ဆွေကောင်းရှိသည် ဆိုတာထက် မိတ်ဆွေတု မိတ်ဆွေယောင်များက ထိုသူကို ဝန်းရံနေခြင်းဖြစ်ပါသည်။ သိပ်မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိကို ပြုစုသော စာရေးဆရာ ပီတာပေါ့ဖန်းဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သော ဆောင်းပါးတပုဒ်ရေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ နိုင်ငံရေး လမ်းကြောင်းသည် အမေရိကန်သမ္မတဖြစ်ချင်ခဲ့သည့် ဟေလာရီကလင်တန်၏ ချော့မြှူ သိမ်း သွင်းမှုမှ မြစ်ဖျားခံခဲ့ကြောင်း၊ ဟေလာရီကလင်တန်နှင့် အိုဘားမားတို့သည် ၎င်းတို့ အမေရိကန် အစိုးရအဖြစ် တာဝန်ယူစဉ်ကာလ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်ကြောင်း ပြသ ဖို့ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပူးပေါင်းပါဝင်ရန် သိမ်းသွင်းခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ၎င်းပုဂ္ဂိုလ်တို့၏ သွေးဆောင် မှုအောက်တွင် ကျရောက်သွားပြီး အမှန်အားဖြင့် သူ အလွန်တရာစက်ဆုပ်ခဲ့သည့် ၂၀ဝ၈ ကို အညံ့ခံအရှုံးပေးလိုက်ကြောင်း ဖော်ပြရေးသားခဲ့ပါသည် (Pophan, P., 2017)။
ဆောင်းပါးတပုဒ်လုံးတွင် စိတ်ဝင်စားစရာ အကောင်းဆုံးနေရာမှာ ပြင်ပလောကမှ သက်ပြင်းချငိုရှိုက်သံတို့ကို ဂရုပြုခြင်းမရှိတော့ဘဲ ၂၀ဝ၈ အတွင်းပိတ်ပတ်ဝန်းကျင်မှာ နေထိုင်ဖို့ ခေါင်းမာမာနှင့် ကြိုးစားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အဖြစ်သနစ်ကို သရုပ်ဖော်ထားပုံ ဖြစ် သည်။

‘ဒေါ်အောင်ဆန်းစုကြည်ဟာ အလှပြခံထားတဲ့ အရုပ်တခု၊
ပြုတ်စားခြင်းကိုခံရတဲ့ ခေါက်ဆွဲပေါင်းတပွဲ ၊
နောက်ဆုံး (ယင်းပတ်ဝန်းကျင်ကို) ကာကွယ်ပြောဆိုပေးတဲ့
တပည့်ကျော်တယောက် ဖြစ်လာခဲ့ပါတယ်’

သို့ရာတွင် စာရေးဆရာ ပီတာပေါ့ဖန်း သတိမပြုမိသော တခြားတချက် ရှိပြန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အတွင်းပိတ်ပတ်ဝန်းကျင်တွင် မျက်စိမှိတ်နေထိုင်သည် ဆိုရာတွင် ဟေလာရီကလင်တန်၊ အိုဘားမားဆိုသူတို့၏ ချော့မြှူချက်တို့ကြောင့်ဆိုသည်ထက် သူကိုယ် တိုင်က ‘မေတ္တာနိုင်ငံရေး’ဆိုသည့် အတွင်းပိတ်ကျင့်စဉ်တခုကို ရွေးချယ်ထားခြင်းဖြစ်သည်။ နီတိ(စရဏကျင့်စဉ်)ကို တရားမျှတမှုအဖြစ် ယူမှတ်လျှောက်လှမ်းသည့် နိုင်ငံရေးသမားသည် နိအာယ(ဝိဇ္ဇာအသိ)သာလျှင် တရားမျှတမှုအဖြစ် လက်ခံရှာဖွေသည့် နိုင်ငံရေးသမားနှင့် ဘာ ကွာခြားနေသလဲဆိုသော် နီတိသမားဟာ ၎င်း၏ကျင့်စဉ်သာလျှင် ရွေးချယ်လိုက်စားရာဟု ဆင်ခြေပိုင်းဖြတ် (justify) လုပ်ခြင်း ဖြစ်ပါသည်။
ဤသို့ ပိုင်းဖြတ်ရာတွင် နီတိသမားဟာ ဗဟိုပြုဆုပ်ကိုင်ထားသောဆင်ခြေမှာ progressivism ဝါဒ ဖြစ်သည် (Popper, K., 2014)။ Progressivism ဟာ တခြားမဟုတ်၊ ကျင့်စဉ် ဟူသောဝေါဟာရမှ ‘စဉ်’ဖြစ်ပါသည်၊ ‘ကျင့်စဉ်’ဟုဆိုလျှင် အကျင့်အကြံတို့ဟာ တနေ့ထက်တနေ့၊ တချိန်ထက်တချိန်၊ တခေတ်ထက်တခေတ် ပိုမိုတိုးတက်လာရမည်သာ ဖြစ်သည်။ တနေ့ထက် တနေ့၊ တချိန်ထက်တချိန်၊ တခေတ်ထက်တခေတ် ပိုမိုတိုးတက်လာသော ကျင့်စဉ်၊ အကောင်း ဆုံးသော လမ်းဆုံးပန်းတိုင်၊ အကောင်းဆုံးသော ခေတ်အခါကို မလွဲဧကန်ရောက်ရမှာဖြစ်သော လုပ်ငန်းစဉ်ကိုမှ မရွေးချယ်လျှင် နင့်ထက်မိုက်သူဆိုတာ ရှိပါသေးသလား။
သို့သော် အလွန်တရာမှပင် အခက်ကြီးခက်သည်မှာ ‘ရွှေခေတ်ငွေခေတ်ကို ရောက်ရမည် မလွဲပါ’ဟူသော ကျင့်စဉ်နိုင်ငံရေးသမားတို့ဟာ လက်တွေ့လူ့လောကတွင် ပေါ်ပေါက်လာသော မှုခင်းပြဿနာများကို စာနာနားလည်နိုင်ကာ ထိရောက်စွာ ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားအားထုတ် သည့် စွမ်းရည်ထက်မြက်သူ နိုင်ငံရေးသမားမျိုး မဟုတ်လာနိုင်တော့ဘဲ အညံ့ဖျင်း အနုံချာဆုံး နိုင်ငံရေးသမားတွေသာ ပေါ်ပေါက်လာတတ်ပါသည်။ နီတိနိုင်ငံရေးသမားတို့မည်သည် မိမိ လူ့ဘောင်အတွင်း လက်ရှိပေါ်ပေါက်နေသော တရားမမျှတသည့် မှုခင်းတွေအတွက် ဖြေရှင်းပေး ဖို့ရန် မိမိမှာတာဝန်ရှိသည်ဟု ခံယူခြင်းမရှိ၊ အကြောင်းမှာ အနာဂတ်အဆုံးသတ်တနေရာတွင် မိမိ၏ (မြဲမြံခိုင်ခံ့သော)ကျင့်စဉ်ဟာ သေချာပေါက်ကို အောင်မြင်ရမည်သာဖြစ်ရာ လက်ရှိ ရင်ဆိုင်နေရသော ပြဿနာတို့သည် ဘာများ အမှုထားဖို့ လိုပါလိမ့်မည်နည်း။
တနည်းအားဖြင့် နီတိနိုင်ငံရေးသမားတို့သည် ‘ကျော်လွှားနိုင်ငံရေးသမား’တို့ ဖြစ်ကြ ကုန်၏။ ၎င်းတို့၏ဘဝတွင် ကနေ့လူ့ဘောင်မှ ရင်ဆိုင်နေရသော ပြဿနာဒိုက်တော သောက တောင်ထုအပေါင်းကို ၎င်းတို့၏ သီလကြီး ကျင့်စဉ်သည် ဟပ်ချလောင်း ကျော်လွှားသွားလိမ့်မည် ဟု သူတို့ မြင်ကြကုန်လေ၏။ ဖြစ်တတ်သည်မှာလည်း နီတိနိုင်ငံရေးသမားတို့ဟာ ဘယ်လိုမျိုး ပြောတတ်ဆိုသလဲဆို ‘အစဉ်တစိုက် တိုးတက်နေပါတယ်’ဟုလည်းကောင်း၊ ‘တိုးတက်မှု နှေးကွေးနေတယ်’ဟုလည်းကောင်း၊ ‘တိုးတက်မှု ရပ်တန့်နေတယ်’ဟုလည်းကောင်း ‘တိုးတက် မှု’ကို ပတ်ချာလည်ကာ ပြောဆိုတတ်ကြသည်။ ၎င်းတို့၏ လောကအမြင်တွင် လောကကြီးဟာ ဖြစ်စဉ်တွေချည်းဖြစ်သည်၊ အဖြစ်အပျက်(ပြဿနာ)တို့ဟာ ဆင့်ကဲဆင့်ကဲ ထွန်းကားတိုးတက်ဆဲ ဖြစ်စဉ်ကြီးနှင့်စာလျှင် အလေးမမှုလောက်သည့် ငချွတ်ကလေးတို့သာ ဖြစ်ကြလေသည်။
ဤနေရာ၌ ကျနော်တို့ဟာ နောက်ထပ် အရေးကြီးသည့် အသိသညာတခုကို ထပ်မံ၍ မိတ်ဆက်နိုင်လိုက်ပြီဖြစ်သည်။ ‘အစဉ်တစိုက်’ကို သူ့ ဗဟိုဆင်ခြေအဖြစ် ယူထားသည့် နီတိ နိုင်ငံရေးသမားသည် ‘အခိုက်အတန့်’ကိုပါ သူ့အားပြုရာ ဆင်ခြေအဖြစ် ထပ်မံကာ လောဘ တကြီး ယူထားခြင်းပါတည်း။ ကြီးကျယ်ခမ်းနား ထည်ဝါလွန်းလှစွာသော အစဉ်တစိုက် ဖြစ်စဉ် ကြီးတို့နှင့်စာလျှင် အခိုက်အတန့်ကလေးတို့သည် ဘာများအမှုထားဖို့ရန် လိုပါလိမ့်ဦးမည်နည်း။ အခိုက်အတန့်တို့သည် ဆိုးညံ့နေပါလျှင်လည်း ယင်းအခိုက်အတန့်ဆိုးကလေးတို့သည် အလွန် ကောင်းမွန်ပြည့်စုံသည့် အစဉ်ကောင်းကြီးဆီသို့ ပါဝင်ပြောင်းလဲရန် တာစူနေကြခြင်းပင် ဖြစ် သည် (Popper, K., & Popper, K.S., 2012)။
အခိုက်အတန့် (ဝါ) ခဏတာမျှသာ ဟူသောသဘောသည် ဗုဒ္ဓ၏ ဝိပဿနာ တရား တော်မှ ခဏိကဝါဒနှင့် ဆင်သလိုရှိပါသည်။ သို့သော် ကျင့်စဉ်နိုင်ငံရေးသမား၏ အရာရာဟာ တခဏမျှသာဟု ယူထားခြင်းမှာ ၎င်း၏ အတွင်းပိတ်ကျင့်စဉ်ကို ဆင်ခြေပိုင်းဖြတ်ကာ အထွတ် တင်ခုခံသော အတ္တမာန ဒိဌိဖြစ်ပြီးလျှင် ဝိပဿနာသမား၏ လောကရှိ အရာဟူသမျှသည် ‘မြူခိုးနှင့် တိမ်တိုက်သို့ ပမာတည်း’ဟု ရှုမြင်နိုင်ခြင်းဟာ မည်သည်ကိုမှ ဆင်ခြေပိုင်းဖြတ် ခုခံ စရာမရှိကြောင်း တဦးတယောက်၏ ညစ်စွန်းနေသည့် အတ္တမာနကိုခဝါချရန် ရည်ရွယ်ချက် ဖြစ်ပါသည် (Evans-Wentz, W.Y., & Humphreys, C., 2005)။ တကယ်တော့ ကျင့်စဉ် ထဲမှာ ပိတ်လှောင်နေသည့် နိုင်ငံရေးသမား ဟူသည် ၎င်းက ထင်ယောင်မှားနေသည့် ‘သီလကြီး’ဆိုသည်မှာ အမှန်တော့ သီလကြီး မဟုတ်၊ အလွန်ကြီးမားသော အတ္တဒိဋ္ဌိတမျိုး ဟာ ၎င်းတို့တွင် စွန်းထင်းပေကျံနေခြင်း ဖြစ်သည်။ နီတိနိုင်ငံရေးသမားတို့ဟာ ‘အရာ အားလုံးဟာ မရပ်မနား ပြောင်းလဲနေတယ်’ဟု သံဝေဂစကားဆန်ဆန် ဘုန်းကြီး တရား ဟောသလိုမျိုး စကားတွေကို ပြောတတ်ကြ သော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်ဟာ လွှတ်ချဖို့မဟုတ်ဘဲ ဆုပ်ကိုင်ရန်ဖြစ်သည်၊ ဘာမှ ရယူရန်မရှိဟု နှလုံးသွင်းနိုင်သော ဝိပဿနာသမား၏ ကြည်လင်သန့်ရှင်း လှသော လောကအမြင်နှင့် ကွာခြားစွာပင် နီတိနိုင်ငံရေးသမားတို့သည် ၎င်းတို့မှာ ဘာ နဲ့မှမလဲနိုင်သည့် အကြီးမားဆုံးသော ဆုလဒ်တန်ဖိုးတွေကို ရစရာရှိသေးသည်ဟု အစွဲတွေ ကြီး နေတတ်ကြပါသည်။
အကြီးမားဆုံးသောဆုလဒ်၊ အကောင်းဆုံးသောသီလ စသဖြင့် ထင်ထားတတ်သော် လည်း တကယ့်လက်တွေ့မှာ သိဖို့ထက် ကျင့်ဖို့ကို ကြိုးစားနေသော နီတိသမားတို့၏ လုပ်ဆောင် ချက်တို့သည် သူတို့ကိုယ်သူတို့ပင် ဘယ်လိုမှ နားမလည်နိုင်တော့သော ပြောင်းပြန်ရလဒ်တွေ ကိုသာလျှင် ထွက်ပေါ်လာစေပါသည်။ သူတော်စင်ပေါလ်၏ ရောမမြို့သားတို့အတွက်စာတွင်-

‘ငါ လုပ်နေတာတွေဟာ ဘာအတွက်လုပ်နေမိမှန်း ငါ နားမလည်တော့ပါ၊ အာသီသရှိ လုပ်ချင်မိတဲ့အလုပ်တွေကို ငါမလုပ်ဖြစ်ခဲ့၊ စက်ဆုပ်မိတဲ့ အလုပ် တွေကိုကျတော့ ငါလုပ်မိသွားခဲ့။ ကောင်းရာမွန်ရာဖြစ်ကြောင်း အလုပ်တွေကို လုပ်လိုတဲ့ ဆန္ဒအာသီသ ရှိခဲ့သည့်တိုင်အောင် ယင်းတို့ကို အထမြောက်အောင် ငါ မဖော်ဆောင်နိုင်ခဲ့။ လုပ်ချင်ခဲ့တဲ့ ကောင်းရာကောင်းကြောင်း အလုပ်တွေကို ငါ မလုပ်ဆောင်ဖြစ်ခဲ့သလောက် မလုပ်ချင်ခဲ့တဲ့ မကောင်းအလုပ်တွေကို ဆက် လို့သာ ငါဟာ လုပ်နေမိတော့တာပါပဲ’ (Dodd, C.H., 1932)
Romans 7:14

သူတော်စင်ကြီး ပေါလ်ဟာ ကျနော်တို့အားလုံးမှာ ကြုံကြိုက်နေရသော အလွန် ခက်ခဲ နက်ရှိုင်းသည့် ပြဿနာတပုဒ်၏အဖြေကို ရှာဖွေနေခြင်းဖြစ်သည်။ မိမိတို့တတွေသည် ကောင်း ရာမွန်ရာတို့ ဖြစ်ထွန်းဖို့ရန် ဆန္ဒရှိကြသလောက် ယင်းကောင်းရာမွန်ရာတို့ကို ပြုလုပ်ဖို့ရန် ကျနော်တို့ မရွေးချယ်နိုင်ကြကုန်။ တကယ်တော့ ခရစ်ယာန်ဘာသာတရားမှ သူတော်စင်ကြီး ပေါလ်သာလျှင် ကျနော်တို့ လူ့အသိုင်းအဝိုင်းတွေဟာ မိမိတို့ လိုချင်တာတခြား၊ လုပ်တာကတခြား ဖြစ်နေတတ်သည်ကို မြင်သည်မဟုတ်။ ဗုဒ္ဓဘာသာတရားတွင် သက္ကလူမျိုးစု၏ အကြီးအကဲ (သိကြားမင်း)သည်လည်း တထပ်တည်းသောပြဿနာကို ဗုဒ္ဓအား တင်ပြမေးမြန်းခဲ့ဖူးပါသည်

“အရှင်ဘုရား ‘ရန်ငြှိုးကင်းကုန်လျက်၊ ဒဏ်ကင်းကုန်လျက်၊ ရန်သူ ကင်းကုန်လျက်၊ စိတ်ဆင်းရဲခြင်းကင်းကုန်လျက်၊ အမျက်ထွက်ခြင်း ကင်းကုန် လျက် ငါတို့နေကြရပါစေ’ဟု နတ်၊ လူ၊ အသူရာ၊ နဂါး၊ ဂန္ဓဗ္ဗတို့နှင့် အခြား များစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်းသည်ဖြစ်၏၊ ယင်းသို့ တောင့်တ ခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန်ငြှိုးရှိကုန်လျက်၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိကုန်လျက်၊ စိတ်ဆင်းရဲခြင်းရှိကုန်လျက်၊ အမျက်ရှိကုန်လျက် နေကြရ ပါကုန်၏။ ဤသို့နေရခြင်းသည် အဘယ် အနှောင်အဖွဲ့ကြောင့်ပါနည်း” (Walshe, M., 2005)

သိကြားမင်းက ဗုဒ္ဓကို မေးလိုက်သောပုစ္ဆာကို ကျနော်တို့ မော်ဒန် ဗမာလူ့ဘောင်၏ ကိုယ်တွေ့ မျက်မှောက်အတွေ့အကြုံဖြင့် ဖလှယ်ပြီးပြောရပါလျှင် ‘အဘယ်ကြောင့်များ ကျနော် တို့သည် ငြိမ်းချမ်းရေးကို လိုလားတောင့်တပါလျက် သေနတ်တွေ မော်တာတွေကို ကိုယ်စီကိုယ်ငှ ကိုင်စွဲလို့နေကြပါသနည်း’၊ ‘အဘယ်ကြောင့်များ ကျနော်တို့သည် တရားဥပဒေစိုးမိုးရေးကို လိုလားပါလျက်နှင့် မျက်နှာကြီးရာ ဟင်းဖတ်ပါသော အလေ့အကျင့်တို့ကို မပယ်ဖျောက်နိုင် ဖြစ်ရပါသနည်း’ ‘တရားမျှတမှုပြည့်ဝသော လူ့ဘောင်တခုကို အားလုံးမှ မြင်ချင်ပါလျက်နှင့် ခွန်အားမရှိရှာသူတို့ကို လူရာမသွင်းဖယ်ကြဉ်ထားမှုတို့ကို မှန်ကန်သည်ဟု ကျနော်တို့ ဘာ ကြောင့်များ လက်ခံပိုင်းဖြတ်ကြပါသနည်း’။
ကျနော်တို့ဟာ ကိုယ်တိုင်က မမှန်ကန်သော လုပ်ရပ်တခုကို ကျူးလွန်မိပါလျှင် အရင် ဦးဆုံး အကြောင်းပြကာ ပေးတတ်သောဆင်ခြေမှာ ‘အခြေအနေအရပ်ရပ်ကြောင့်’ဟု ဖြစ်သည်။ သို့သော် ခရစ်ယာန်မှပေါလ်နှင့် ဗုဒ္ဓဘာသာဘက်မှ သိကြားမင်းတို့ နှစ်ဦးစလုံးမှ တူညီစွာဖြင့် မြင်နေသော ပြဿနာ၏ အဓိကအကြောင်းချင်းရာတရပ်မှာ ကျနော်တို့ကိုယ်တိုင်၏ ကိုယ်တွင်း ပင်ကိုအားနည်းချက်ဟာ အားလုံးမှာ ရှိနေပါသည်။ ခရစ်ယာန်ဘာသာတရားအရ sin (ပင်ကို ကိုက အပြစ်ရှိခြင်း)သည် လူသားမျိုးနွယ်တရပ်လုံး၏ အားနည်းချက်ဖြစ်သည်။ ပေါလ်၏ အယူ အဆမှာ ဤသို့ ကိုယ်တွင်းပင်ကို အားနည်းချို့ယွင်းချက် အကြီးအကျယ်ရှိနေသော ကျနော် တို့ဟာ မိမိသည် သီလသမားနှင့် ပတ်သက်လာလျှင် အနာအဆာမရှိ၊ ပြည့်စုံတယ်ဟု မိမိကိုယ်ကို ယုံကြည်နိုင်သည်ဟု ဘယ်သောအခါမှ ကိုယ့်ဘာသာကိုယ် ကိုယ်တဦးတည်း ပိုင်းဖြတ် မြွေကး ကျော်နိုင်။ ပေါလ်၏ ရောမမြိုသားများသည် ရှေးရိုးစွဲ ဟီဘရူးဘာသာဝင်တို့ကို ဟီဘရူးဘာသာ ကျမ်းစာ၏ ပင်ရင်း သီလသမာပညတ်တော်တွေကို လိုက်နာစောင့်စည်းရုံမျှဖြင့် ကိုယ့်ကိုယ်ကိုယ် သီလသမာလုံခြုံနေသည်၊ မိမိ၏ အကျင့်အကြံတို့ဟာ မျှတမှန်ကန်နေသည်ဟု ကိုယ့်ဟာကိုယ် သက်သေမခံနိုင်ကြောင်း အသိပေးလိုရင်း အဓိကဖြစ်ပါသည်။
အမှန်တော့မူ ဤသို့ လူသားတိုင်းမှာ ကိုယ့်ဟာကိုယ်ဆို ဘယ်လိုမှ မပြုပြင်နိုင်သော နဂိုအတွင်းကပင် ပါလာသည့် ပင်ကိုအားနည်းချက်တခုဟာ ရှိသည်ဆိုသော အယူအဆမှာ ဗုဒ္ဓတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ သဘောညီမျှ ဆုံမိကြသော အမှတ်နေရာဖြစ်သည်။ ‘ဤသို့ နေရခြင်းသည် အဘယ်အနှောင်အဖွဲ့ကြောင့်ပါနည်း’ဟု သိကြားမင်းက မေးခဲ့ရာတွင် ယင်းအနှောင်အဖွဲ့သည် ‘ပြင်ပမှ ဘယ်သူတွေလာပြီး မိမိကို ကြိုးလာတုပ်သလဲ’ဟု ဆိုလိုသည် မဟုတ်၊ မည်သို့သော ကိုယ်တွင်းတရားဆိုးတို့ဟာ မိမိကို လမ်းလွဲသွားအောင် တွန်းပို့နေတာလဲဟု သိကြားမင်းဟာ မေးခွန်းထုတ်နေခဲ့ခြင်းဖြစ်သည်။
ယင်း ကျနော်တို့ကိုယ်တိုင်၏ ကိုယ်တွင်းမှ ‘ကောင်းမြစ်တား၊ မကောင်းရာညွှန်လတ်’ တရားတို့ကို ပါဠိဘာသာစကားအားဖြင့် ‘ပါပတရားတွေ’ဟု ခေါ်ဝေါ်ပါသည်။ ယင်းပါပကို သင်္ကေတကိုယ်စားပြုကာ ပုဂ္ဂိုလ်တစုံတဦးအနေဖြင့် သရုပ်ဖော်သည်ရှိသော် ၎င်းသည် ခရစ် ယာန်ဘာသာမှာရော၊ ဗုဒ္ဓမှာရောရှိသည့် မာရမင်းဖြစ်ပါသည်။ အလွန်မှပင် အံ့ဩလောက်ဖွယ် တိုက်ဆိုင်ချက်တရပ်ကို ထပ်မံဖော်ထုတ်နိုင်သည်မှာ ခရစ်ယာန်ဘာသာမှာရော၊ ဗုဒ္ဓမှာပါသည့် မာရဟူသည်မှာ ‘မကောင်းလမ်းလွဲစေသောသူကြီး’ဟု အဓိပ္ပာယ်ရည်ညွှန်းထားခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာအရဆိုလျှင် ကာမတဏှာ မကင်းစင်သေးသောသူမှန်သမျှ မာရမင်းအုပ်စိုး သော နယ်ပယ်အတွင်းမှာပင် ဖြစ်သည်။ ခရစ်ယာန်ဘာသာအရဆိုလျှင် လူမျိုးနွယ်ဟေ့ဆိုလျှင် သေမျိုးတွေချည်းသာ ဖြစ်ကြရခြင်းမှာ လူသားတိုင်းမှာ နဂိုကပင်ပါလာခဲ့သော ပါပတရား (အကုသိုလ်အပြစ်)ကြောင့်ပင် ဖြစ်သည်။ ပေါလ်၏ ရောမမြို့သားများမှညွှန်ပြသည်မှာ နဂိုပါ ပါပတရားကို လူသားဟာ ကိုယ့်ဘာသာကိုယ် ဖယ်ရှားနိုင်စရာမရှိ၊ ယင်းကို ရောင်းရင်း မိတ်ဆွေ ကြီး တဦးကသာလျှင် ကုစားပေးနိုင်သည်ဖြစ်ရာ ထိုမိတ်ဆွေကြီးသည် လာခြင်းကောင်းသော ယေရှုခရစ်တော်ဖြစ်ပါသည်။ ရှင်အာနန္ဒာကို ဗုဒ္ဓက မိတ်ဆွေကောင်းသည် ဘဝတဝက်တခြမ်း မျှသာမဟုတ်၊ ဘဝတခုလုံးဖြစ်သည်ဟု ပြောခဲ့သလို တပည့်များနှင့် နောင်လာနောင်သား အပေါင်းကို ပေါလ်က ခရစ်တော်တည်းဟူသော မိတ်ဆွေသည် လူသားအားလုံး၏ အလင်းဘဝ တခုလုံးပင် ဖြစ်သည်ဟု သွန်သင်ခဲ့လေသည်။
ပေါလ်၏ သွန်သင်ဆုံးမချက်သည် သာမန်အားဖြင့် ယေရှုသခင်၏ လူမျိုးနွယ်တရပ်လုံးကို ကယ်တင်ရန် လာရောက်ခဲ့ခြင်းကို ယုံကြည်သက်ဝင်ကြဖို့ရန် တိုက်တွန်းခြင်းပင် ဖြစ်သည်ဟု မြင်စရာရှိပါသည်။ သို့သော် စေ့စေ့တွေးကြည့်လျှင် ၎င်းဟာ ယေရှုကိုရှာဖွေဖို့ တိုက်တွန်းထားခြင်း ဖြစ်သည်။ စိန့်ပီတာသည် သုံးကြိမ်တိုင်တိုင် ယေရှုကို သူမသိဘူး (ငါ့မိတ်ဆွေမဟုတ်ဘူး)ဟု ငြင်းပယ်ခဲ့၏ (Chong, E. K., 2004)။ ယေရှုနှင့် လက်ပွန်းတတီး နေခွင့်ရသည့်တိုင်အောင် မရှာဖွေသောသူသည် မိတ်ဆွေကောင်းကို ထဲထဲဝင်ဝင် အသိအမှတ်ပြုခြင်းဟာ မဖြစ်နိုင်။
ယေရှုကိုယုံကြည်ခိုင်းသည်ဟုဆိုရာတွင် ယေရှုသည် အသူနည်း၊ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူအပေါင်းအတွက် ယေရှုသည် နာဇရက်အရပ်ကလာသောသူ သာမန် လူသားတဦး သက်သက်မဟုတ်၊ လောကအဝှမ်းမှ လူမျိုးနွယ်အပေါင်းကို အပြစ်မှကယ်တင်ရန် ကြွချီလာခြင်းဖြစ်သည်၊ အားလုံး တယောက်မကျန်နှင့်သက်ဆိုင်သော ဘုရားသခင်ကို ကိုယ်စား ပြုကာ ကြွရောက်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်ဟာ ပေါ်ထွန်းလာလိမ့်မည်ဟူသော သတင်းကို ကမ္ဘာမြေပြင်အနှံ့ အားလုံးသိကြားစေဖို့ရန် ဆောင်ကြဉ်းလာခဲ့သူဖြစ်သည်၊ ဘုရား နှင့် လူသားတို့ကြား ကာလရှည်ကြာစွာ ပျောက်ဆုံးနေခဲ့သော ဆက်နွယ်မှုကို ပြန်လည်ဖော်ထုတ် ရန် တာဝန်ခံခဲ့သူဖြစ်ပါသည်။ လက်တွေ့လက်ငင်း ထိရောက်သောရလဒ်အားဖြင့် ‘လမ်းလွဲနေ သော ဂျေရုဆလင် ဘုရားကျောင်းကြီး’ကို ဖြိုချပစ်လိုက်ဖို့ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည် ခြင်းဆိုသည်မှာ ယုံကြည်ခြင်းသက်သက်မဟုတ်နိုင်၊ လူတွေဟာ မိမိဘာသာ သက်သေခံ အတည်ပြုနေသည့် ရှိရင်းစွဲ အတွင်းပိတ်စနစ်တခုထဲမှ ဖောက်ထွက်လာကာ ပိုမိုကျယ်ဝန်းသော စနစ်တခု၊ အားလုံးအတွက် ပိုမိုမျှတကောင်းမွန်သော ‘ကမ္ဘာသစ်’တခုကို ရှာဖွေခြင်းဖြစ်သည်။
ဂျေရုဆလင်တွင် ယေရှုသည် တရားစီရင်ခံရသောအခါတွင် ‘နင့်နိုင်ငံဟာ ဘယ်မှာလဲ’ ဟု ရောမဘုရင်ခံကမေး၏။ ယေရှုက ‘ငါ့နိုင်ငံသည် သည်ကမ္ဘာမှာမဟုတ်၊ တခြားကမ္ဘာမှာ ဖြစ်သည်’ဟု ဖြေသည် (Wink, W., 2017)။

‘အကယ်၍ ငါ့နိုင်ငံသည် သည်ကမ္ဘာမှာတင် ဆိုပါက
ငါ့ကို ဂျူးတို့ဆီသို့ လက်လွှဲပေးလိုက်ရမည်စိုးသောကြောင့်
ငါ့နိုင်ငံသားတို့သည် အတောမသတ်သော ရန်ပွဲတို့ကို ပြုမူကြလိမ့်မည်၊
ငါ့နိုင်ငံ(အစစ်)သည် ဤနေရာတွင်(ဂျေရုဆလင်) အရင်းမူလမရှိ’
သိပ်သည်းလေးနက်လှသော ယေရှုသခင်၏ စကားသည် ဂျေရုဆလင်၏ နောင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ‘ဘုရားလုပွဲ’တွေအကြောင်းကို ဖော်ပြနေပါသည်။ လူတွေဟာ အတောမသတ်သော ရန်ပွဲတွေကို ပြုမူကြသည် ဆိုရာတွင် မိမိတို့၏ ရပ်ဝန်း၊ မိမိတို့၏ လူ့အဖွဲ့ အစည်းဟာ ‘အရင်းမူလ’၊ ‘ဘုရားသခင်’နှင့် နီးစပ်သည်ဟူသော ‘ဇာတိပုည၊ ဂုဏ်မာန’တွေကို အခြေခံကြလေသည်။ မိမိတို့၏ အရပ်၊ မိမိတို့လူမျိုးစုဟာ ဘုရားက ရွေးချယ်ခြင်းကို ခံရသော နေရာ၊ မိမိတို့ဟာ ‘ရွေးချယ်ခံ လူများ’ဟု မှတ်ထင်ကြလေရာ ထိုရွေးချယ်ခံလူများဟာ ‘ရန်ပွဲကို ဘာအကြောင်းနဲ့မှ အတောမသတ်ရဘူး’ဟု ဆင်ခြေဆင်လက်ကြီးတွေကို ဆုပ်ကိုင်ထားကြလေ သည်။
ယေရှု၏ ဖြေကြားချက် (ဝါ) အဆုံးအမတွင် လက်တွေ့သင်ခန်းစာတခုကို ကျနော်တို့ လေ့လာသိရှိနိုင်ပါသည်။ ငါ့နိုင်ငံသည် ‘ဤနေရာတွင် အရင်းမူလမရှိ’ဟု ယေရှုက ဆိုသည်ကို သက်ဝင်ယုံကြည်သော ခရစ်ယာန်ဘာသာဟာ ကမ္ဘာမြေအနှံ့ ဘုရားကျောင်းတွေကို တည် ဆောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ခရစ်ယာန်တို့အတွက် ကမ္ဘာမြေပေါ်ရှိ နေရာတိုင်းဟာ ဘုရားမြေ ဖြစ်ခဲ့လေသည်။ ယေရှုကိုလက်မခံ၊ ငါ့အရပ်သာလျှင် ဘုရားမြေဟု စွဲကိုင်ထားသော အစ္စရေး လူမျိုးစုဟာ ယနေ့တိုင် အတောမသတ်သော စစ်ပွဲများ၊ စစ်ပွဲပြုမူသည်ကို ဘုရားကို သက်သေ ခံကာ ပိုင်းဖြတ်မှုများကို ဆက်လက် လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
‘ငါ(ဘုရား)ကို လက်လွှဲပေးရမည် စိုးသောကြောင့်’ဟူသော စကားဟာ အလွန်ကို တိုတုတ်သလောက် ယေရှုဟာ ပြင်းထန်လေးနက်စွာ သတိပေးခဲ့တာဖြစ်သည်။ ယင်းဟာ အတွင်းပိတ်ကျင့်စဉ်ကို ကျင့်ကြံကာ မိမိဘာသာ ‘အတွင်းပိတ်ဘုရား’တွေကို လက်မလွတ်တမ်း ဆုပ်ကိုင်ကိုးကွယ်နေကြသော လူ့အဖွဲ့အစည်းတိုင်းကို ရည်ညွှန်းထားခြင်း ဖြစ်တန်ရာပါသည်။ အတွင်းဘုရားတွေကိုသာလျှင် ‘နောက်ဆုံးဘုရား’တွေအဖြစ် မြင်နေမိသော တစုံတဦးသည် ပိုမို ကျယ်ဝန်းပါဝင်သော၊ ပိုမိုစာနာမျှတသော ‘ဘုရားများစွာ’ဟာ သူ့အပြင်ဖက် တခြားနေရာ တိုင်းမှာ ရှိနေသည်ကို ဂရုမပြုမိနိုင်။
ဂရုမပြုမိသောသူဟာ သူ့အတွင်းကမ္ဘာကို နောက်ဆုံးကမ္ဘာအဖြစ် မှတ်ယူတတ်ပါသည်။ သူဟာ ကမ္ဘာလောကကြီးတခုလုံး၏ အန္တိမအဆုံးသတ်နေရာကို သူ၏ နောက်ဆုံးသတ်ကျင့်စဉ်၊ နောက်ဆုံးသတ်ဘုရားတို့နှင့် ရောက်လိမ့်မည်ဟု ထင်နေခြင်းဖြစ်သည်။ တကယ်တော့ ဘယ် လောက်ပင် မဟာမိုးမျှော်ကျင့်စဉ်ကြီးတွေ ကျင့်ကြံနေသည်ဖြစ်စေ ကိုယ့်နေရာ ကွက်ကွက် ကလေးမှ ထွက်မကြည့်သောသူတဦးဟာ ၎င်းဟာ ‘သေတ္တာ’တခုထဲ၊ ပိုပြင်းထန်သော စကား လုံးနှင့် ဝေဖန်ရပါမူ ‘ပုံစံခွက်’တခုထဲသို့ ကျရောက်နေသူတဦးသာ ဖြစ်သည်။ တကယ်တော့မူ ‘ငါ့နိုင်ငံသည် တခြားကမ္ဘာမှာဖြစ်သည်’၏ ဆိုလိုချက်တွင် တခြားကမ္ဘာဟူသည် အင်္ဂါဂြိုဟ်၊ ပလူတို၊ ယူရေးနပ်စ် စသည်ကို ဆိုလိုခြင်းမဟုတ်၊ တဦးတယောက်သည် သူ့ဘာသာသူ သက်သေခံနေသည့် အတွင်းပိတ်ကျင့်စဉ်တွေမှာ ဆက်ပြီး ပိတ်မိမနေတော့ခြင်း၊ တခြားသော ကမ္ဘာလောကတွေကို ထွက်ကြည့်လာခြင်းကို ရည်ညွှန်းထားခြင်း ဖြစ်သည်။
လက်ရှိ တရားမျှတမှုအဖွင့် ပထမဆုံးဆောင်းပါးသည် ဘယ်လိုအရာမျိုးဟာ တရား မျှတသလဲဟု တွေးခေါ်ဖော်ထုတ်ကြရာတွင် အလွန်ကွဲပြားခြားနားသည့် အခြေခံ အသိသညာ နှစ်ပါး နီတိ(ကျင့်စဉ်သီလ)နှင့် နိအာယ (တိုးချဲ့အသိ) တို့ကို စတင် မိတ်ဆက်နိုင်လိုက်ပါသည်။ နီတိစနစ်ထက် နိအာယစနစ်က များစွာ ပြည့်စုံသာလွန်နေကြောင်း၊ နီတိစနစ်မှာ အပေါ်ယံ အထင်ကြီးစဖွယ် ဖြစ်သလောက် အမှန်တကယ်အားဖြင့် အလွန်ကျဉ်းမြောင်းမွဲတေနေသည့် စနစ်ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။ လက်ရှိပြောပြထားသလောက် အကြောင်းအချက် တွေ၏ ရည်ရွယ်ရင်းမှာ ကျနော်တို့ဟာ တစုံတဦး၏ moral authority သီလသမာရှိသောကြောင့် ၎င်းမှသွားနေသောလမ်းကြောင်း မှန်ကန်သည်ဟု သူ့ဟာသူ ပိုင်းဖြတ်သည်ကို မည်သည့်နည်း နဲ့မှ ယုံကြည်လက်ခံ၍ မရနိုင်ကြောင်းကိုဖြစ်သည်။ နိအာယစနစ်တွင် ဘယ်တော့မှ ကိုယ့်ဟာ ကိုယ် သက်သေခံပိုင်းဖြတ်၍မရနိုင်သော ကျနော်တို့ဟာ ပိုမိုစာနာ ကျယ်ဝန်းသော၊ ပိုမိုမျှတ ပြုမူသော မိမိပြင်ပမှ တခြားကမ္ဘာများစွာကို နိုးကြားရှာဖွေလျက်သာ နေရပါသည်။ ယျေဘုယျ အားဖြင့် အသိကြီးသယောင် သီလကြီးသယောင် ထင်ရသလောက် နီတိသမားဟာ ငဖျင်းငပျင်း ဖြစ်၍ ‘ကိုယ်ဘာမှ မသိသေးကြောင်း’ (Vlastos, G., 1985) ရေရာထဲဝင်နားလည်ထားသည့် နိအာယသမားဟာ ဝီရိယသန်သောသူ၊ မလစ်ဟင်းသောသူ၊ ဂရုပြုသောသူ၊ မျှတသောသူ၊ နိုးကြားသောသူ ဖြစ်သည်။ နိုင်ငံ့အရေး၊ တရားမျှတမှုအရေးကို ဆောင်ရွက်နေကြသူတို့အဖို့ ငပျင်းငဖျင်း နိုင်ငံရေးကျင့်စဉ်တွေမှာ ပိတ်မနေမိတော့ဘဲ ပိုမိုပါဝင်မျှတသော ‘တခြားကမ္ဘာ’ များစွာကို နိုးကြားဝီရိယလုံ့လပြုကာ ပြောင်းလဲရှာဖွေကြစေလိုပါသည်။

ကျမ်းကိုးစာရင်း

Batchelor, S. (2015). After Buddhism: Rethinking the Dharma for a secular age. Yale University Press.

Chong, E. K. (2004). On the Gospel Accounts of Peter’s Denials of Christ. Quodlibet, 6(1).

Dodd, C. H. (1932). The epistle of Paul to the Romans (Vol. 340). Hodder and Stoughton.

Evans-Wentz, W. Y., & Humphreys, C. (2005). The diamond sutra and the sutra of Hui-Neng. Shambhala Publications.

Galtung, J. (1969). Violence, peace, and peace research. Journal of peace research, 6(3), 167-191.

Pophan, P. (2017). As Aung San Suu Kyi’s biographer, I have to say that the only good thing she can do now is resign. The Independent.

Popper, K., & Popper, K. S. (2012). The open society and its enemies. Routledge.

Popper, K. (2014). Conjectures and refutations: The growth of scientific knowledge. Routledge.

Rawls, J. (2009). A theory of justice. Harvard university press.

Sen, A. (2011). The idea of justice. Harvard University Press.

Vlastos, G. (1985). Socrates’ disavowal of knowledge. The Philosophical Quarterly (1950-), 35(138), 1-31.

Walshe, M. (20 05). The long discourses of the Buddha: A translation of the Digha Nikaya. Wisdom Publications.

Wink, W. (2017). Engaging the powers. Fortress Press.

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment