တရားမျှတမှုအခြေခံရှိသင့်သော ပညာရေးဥပဒေနှင့် စည်းကမ်းများ

တရားဥပဒေစိုးမိုးရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ အဓိကမူဝါဒ တခုဖြစ်ပါသည်။ တရားမျှတမှုရှိသောဥပဒေဖြစ်မှသာ ဥပဒေကို လေးစားလိုက်နာကြပြီး တရား ဥပဒေစိုးမိုးမှု ရှိနိုင်ပါသည်။ တဖက်သတ်ရေးဆွဲသော၊ တရားမျှတမှုမရှိသော ဥပဒေများ ပြဋ္ဌာန်း ပါက တရားဥပဒေစိုးမိုးမှု ရှိမည်မဟုတ်ပေ။ ပညာရေးဥပဒေများသည် တရားမျှတမှု ရှိ၊ မရှိ ဆန်းစစ်ရန်လိုပါသည်။
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆို ကြသော ကျောင်းသူကျောင်းသားများကို ကျောင်းမှထုတ်ပယ်သည့်သတင်းများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပါသည်။ ကျောင်းသားများ၏တောင်းဆိုမှုနှင့် အရေးယူအပြစ်ပေးမှု တို့ကို တရားမျှတမှုရှုထောင့်မှ ဆန်းစစ်လိုပါသည်။
ကျောင်းသားများ၏တောင်းဆိုမှုသည် တရားမျှတပါသလား။ မြန်မာနိုင်ငံတွင် ပညာရေး အသုံးစရိတ်သည် ယခင် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် ကာလများထက် အနည်းငယ် ပိုလာ သည်ကို တွေ့ရသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အလွန်ပင်နည်းပါးလျှက် ရှိနေ ပါသေးသည်။ ၂၀၁၅ ခုနှစ် မေတွင် ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ပညာရေး ညီလာခံက နိုင်ငံအသီးသီးသည် ပညာရေးအသုံးစရိတ်ကို တနိုင်ငံလုံးအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိသုံးစွဲရန် သဘောတူညီထားခဲ့ကြသည်။ ထိုအချက်ကို မြန်မာ နိုင်ငံအစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့ကလည်း ပါဝင် သဘောတူလက်ခံထားပြီး ဖြစ်ပါသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ ၇ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း သိရှိရပါသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ ကျောင်းသား များ၏ တောင်းဆိုချက် ၁၁ ချက်တွင် ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ပါဝင်ခဲ့သည်။ ထိုလေးပွင့်ဆိုင်ဆွေးနွေးပွဲ တောင်းဆိုချက်များကို အစိုးရနှင့် လွှတ်တော်ကိုယ်စား ပြု တက်ရောက်သူများက သဘောတူညီခဲ့ကြသည်။ သို့ရာတွင် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးအတွက် ဘဏ္ဍာငွေရင်းနှီးမြှုပ်နှံမှုမှာ အားနည်းနေဆဲ ဖြစ်ပါသည်။
သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရန် လိုအပ်ခြင်း၊ လုံလောက်သောလစာပေးရန် လိုအပ်ခြင်း၊ ကျောင်းသားဦးရေနှင့် လျော်ညီသော စာသင်ခန်းများလိုအပ်ခြင်း၊ မြို့ပြ၊ ဆင်ခြေဖုံးနှင့် ကျေးလက်တောရွာများတွင် စာသင်ကျောင်းမလုံလောက်ခြင်းနှင့် ပြုပြင်မွမ်းမံရန်လိုအပ်ခြင်း၊ ကျောင်းသားများ သွားလာရေး လွယ်ကူအောင် ဆောင်ရွက်ပေးရန်လိုအပ်ခြင်း၊ ရပ်ဝေးမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းဆောင်များလိုအပ်ခြင်း စသည့် ပညာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန် အတွက် ပညာရေးအသုံးစရိတ်များမြှင့်တင်ရန် အလွန်လိုအပ်ကြောင်း ပညာရေးနှင့် သက်ဆိုင် သူများအားလုံး သိကြပါသည်။ ပညာရေးအသုံးစရိတ် တိုးမြှင့်ရန် တောင်းဆိုချက်သည် တရား မျှတသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်ရန်တောင်းဆိုသော ကျောင်းသားများကို ကျောင်းမှ ထုတ်ပယ်ခြင်းသည် တရားမျှတမှုရှိပါသလား။ ‘ကျောင်းစည်းကမ်း ဖောက်ဖျက်သောကြောင့် အရေးယူသည်’ဟု တက္ကသိုလ်အာဏာပိုင်များက အကြောင်းပြသည်။ အဆိုပါ တက္ကသိုလ်စည်း ကမ်းများ၏ တရားမျှတမှုကို ဆန်းစစ်ဖို့လိုပါသည်။ စည်းကမ်းများကို အုပ်ချုပ်သူ အာဏာပိုင် တို့က တဖက်သတ်ရေးဆွဲထားပါသလား။ စည်းကမ်းလိုက်နာရမည့် ကျောင်းသားကျောင်းသူ များသည် စည်းကမ်းများချမှတ်ရာတွင် ပါဝင် ဆွေးနွေး အကြံပြုခွင့်နှင့် ဆုံးဖြတ်ခွင့်များ ရှိပါသလား။ ဒီမိုကရေစီနိုင်ငံတော် တည် ဆောက်မည်ဟု ကြွေးကြော်ထားသော် လည်း ဆုံးဖြတ်ချက်အသီးသီးတွင် သက်ဆိုင် သူတို့၏ ပါဝင်ခွင့်များကို ကန့်သတ်ထားဆဲ ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ကျောင်းစည်း ကမ်းများသည် တရားမျှတမှုမရှိဟု သုံးသပ် ပါသည်။
၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် အချိန် ကာလများက အမျိုးသား ပညာရေးဥပဒေ မူကြမ်းကို ဆွေးနွေးစဉ်ကတည်းက ပညာ ရေးနှင့်သက်ဆိုင်သူများ အဓိပ္ပာယ်ရှိရှိ ပါဝင် ခွင့်မရခဲ့ပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေ သည် ဗဟိုချုပ်ကိုင်မှု တင်းကျပ်လွန်းပြီး ဗဟို၏အဆုံးအဖြတ်ကို မနာခံပါက အရေးယူ အပြစ်ပေးရန် ပြဋ္ဌာန်းသော ဥပဒေအမျိုးအစားဖြစ်ပါသည်။ တရားမျှတမှု စံချိန်စံòန်းများနှင့် ဝေးကွာလျှက်ရှိပါသည်။ ကျောင်းသားများ၊ ဆရာများ၏ ပညာရေးလွတ်လပ်ခွင့်များ ဆုံးရှုံးရုံမျှ မက မြန်မာနိုင်ငံတွင် စုပေါင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ ပညာရေးအခွင့်အရေးများ လည်း ဆုံးရှုံးလျှက်ရှိပါသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်လိုက်သည့် ပညာရေးဥပဒေမူကြမ်း လေးခု (အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ပုဂ္ဂလိက ကျောင်း ဥပဒေများ) သည် တရားမျှတမှုကို အခြေခံထားခြင်း ရှိ၊ မရှိ ထပ်မံ သုံးသပ်လိုပါသည်။
အခြေခံပညာရေးဥပဒေမူကြမ်းသည် ဗဟိုချုပ်ကိုင်မှု အကဲဆုံးဖြစ်ပြီး ကျောင်းသားများ၊ ဆရာများနှင့် ဌာနေတိုင်းရင်းသားများအပေါ် တရားမျှတမှုမရှိပါ။ ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်များ ဆုံးရှုံးနေပါသည်။ လွတ်လပ်စွာပညာသင်ကြားရန် အခွင့်အရေးနှင့် ဘာသာရပ် ရွေးချယ်ခွင့်များလည်း ဆုံးရှုံးနေပါသည်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားများ၏ ဘာသာ စကားဆိုင်ရာ အခွင့်အရေးဆုံးရှုံးနေပါသည်။ မိမိကျွမ်းကျင်ရာဘာသာစကားဖြင့် သင်ကြား သင်ယူခွင့် ရှိသင့်ပါသည်။ သင်ရိုးညွှန်းတမ်းဆိုင်ရာ လွတ်လပ်ခွင့်ရှိသင့်ပါသည်။ ဒေသဆိုင်ရာ ဗဟုသုတများ၊ ပညာဉာဏ်များ၊ လွတ်လပ်စွာသင်ကြားသင်ယူခွင့် ရှိသင့်ပါသည်။ သို့မှသာ ပညာရေးဆိုင်ရာ တရားမျှတမှုရှိမည် ဖြစ်ပါသည်။
အဆင့်မြင့်ပညာရေးကို စက်မှုနှင့်စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသားအကျိုးစီးပွားကို အထောက်အကူပြုသော သုတေသနများသာလုပ်ရန် ဆိုသည့် အချက်များသည် ပညာရပ်များ လွတ်လပ်စွာရှာဖွေလိုသူများအပေါ် တရားမျှတမှုမရှိပါ။ ပညာ ရေးသည် အလုပ်အကိုင်အခွင့်အလမ်းများထက် ပိုပါသည်။ စီးပွားရေးအမြင်တခုတည်းဖြင့် ချဉ်း ကပ်သော ပညာရေးသည် တဖက်စောင်းနင်းဖြစ်ပြီး လူမှုရေးတရားမျှတမှုကို ပေးစွမ်းနိုင်မည် မဟုတ်ပါ။ ပညာရေးကို အာဏာရှိသူများ၏ အမြင်သက်သက်ဖြင့် ချုပ်ကိုင်ထားခြင်းသည် အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပါသည်။ ပညာရေးကို လူ့အခွင့်အရေးအမြင်ဖြင့် ကြည့်မှသာ တရားမျှတမှုကို အာမခံနိုင်ပါမည်။ ပညာရေးကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်ခြင်း (rights-based approach) ဖြစ်ရန်အတွက် ကမ္ဘာ့ပညာရေးညီလာခံတွင် နိုင်ငံတကာ သဘော တူညီချက် ရရှိထားပြီးလည်း ဖြစ်ပါသည်။
အထူးသဖြင့် ပုဂ္ဂလိကကျောင်းဥပဒေမူကြမ်းတွင် ပုဂ္ဂလိကကျောင်းများကို ကိုယ်ပိုင် အကျိုးစီးပွားအလို့ငှာ ဖွင့်လှစ်ရန် ပြဋ္ဌာန်းထားပါသည်။ ဤအချက်သည် ပညာသင်ယူသူများ၏ ပညာရေးအခွင့်အရေး (the right to education) ကို ချိုးဖောက်ရာ ရောက်ပါသည်။ ကမ္ဘာ့ပညာ ရေးညီလာခံမှ ထုတ်ပြန်သော အင်ချွန်းကြေညာစာတမ်းတွင် နိုင်ငံအသီးသီးသည် စာသင်နှစ် ၁၃ နှစ် (KG+12) ကို အခမဲ့သင်ယူခွင့်ရှိစေရမည်ဟု ပါဝင်ပါသည်။ နိုင်ငံအစိုးရများက တာဝန် ယူရပါသည်။
အစိုးရများသည် ပညာရေးအသုံးစရိတ်လျှော့ချရန်အတွက် ပညာရေးကဏ္ဍကို ကိုယ်ပိုင် အကျိုးစီးပွားအလို့ငှာ ရည်ရွယ်သော ပုဂ္ဂလိကများလက်ထဲသို့ ပို့လိုက်ခြင်းသည် ပညာရေး အခွင့်အရေး မညီမျှမှုကို ဖြစ်စေပါသည်။ မိဘဝင်ငွေကောင်းသော ကျောင်းသားများ ပုဂ္ဂလိက ကျောင်းများကို ရွေးချယ်နိုင်ခွင့်ရှိနေချိန်တွင် မိဘဝင်ငွေနည်းသော ကျောင်းသားများ၏ ရွေး ချယ်ပိုင်ခွင့်ကို ကန့်သတ်လိုက်ရာရောက်ပါသည်။ လူမှုရေးမညီမျှမှုကို ဖြစ်စေပါသည်။ ကလေး အားလုံး အရည်အသွေးရှိသော ပညာရေးကိုရရှိရန်နှင့် တန်းတူအခွင့်အရေးရှိရန်အတွက် အစိုးရ က တာဝန်ယူသင့်ပါသည်။ အစိုးရကျောင်းများကိုလည်း အရည်အသွေးရှိအောင် လုပ်ရပါမည်။ ဒေသအားလုံး၊ ကျောင်းအားလုံး၊ အရည်အသွေးရှိမှသာ ကလေးအားလုံးအတွက် တန်းတူအခွင့် အရေး ရရှိမည်ဖြစ်ပါသည်။
ပညာရေးလွတ်လပ်ခွင့်နှင့် ပုဂ္ဂလိကလုပ်ပိုင်ခွင့်များအရ ပညာရေးတွင် ပုဂ္ဂလိက ကဏ္ဍ ရှိသင့်ပါသည်။ အစိုးရကျောင်းများသည် လူအများအတွက် ရည်ရွယ်ခြင်းဖြစ်၍ အများနှင့် ကိုက် ညီအောင် လုပ်ရပါသည်။ ယဉ်ကျေးမှုများ၊ ဘာသာစကားများ၊ ပညာရပ်များကို တဖက် သတ်လုပ်၍မရပါ။ ထို့ကြောင့် အစိုးရကျောင်း များနှင့် မတူသော သင်ရိုးညွှန်းတမ်းများ၊ ပညာရေးဆိုင်ရာ တန်ဖိုးထားမှုများကို ဖော် ဆောင်နိုင်ရန် ပုဂ္ဂလိကလုပ်ပိုင်ခွင့်ကို ပေး သင့်ပါသည်။ တပြိုင်နက်တည်းတွင် ကျောင်း သားများ၏ ရွေးချယ်ခွင့်ကိုလည်း တန်းတူ ညီမျှမှုရှိအောင် စီမံရန်လိုအပ်ပါသည်။ အခမဲ့ ပညာရေးကို KG+12 ပြီးသည်အထိ အစိုးရ တွင် တာဝန်ရှိသည့်အတွက် ပုဂ္ဂလိက ကျောင်းကို ရွေးချယ်သော ကျောင်းသား များကို အစိုးရကျောင်းတွင် ကုန်ကျမည့် စရိတ်အတိုင်း ထောက်ပံ့ပေးလျှင် မည်သည့် ကျောင်းသားမဆို တန်းတူညီမျှ ရွေးချယ်ခွင့် ရမည် ဖြစ်ပါသည်။ ပုဂ္ဂလိကကျောင်း တည် ထောင်လိုသူများကလည်း ‘ကိုယ်ကျိုးစီးပွား အလို့ငှာ’ မဖြစ်စေဘဲ ပညာရေးတန်ဖိုးများအရ ဖွင့်လှစ်ခြင်းသာ ဖြစ်သင့်ပါသည်။
ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် တရားမျှတမှုရှိရန်နှင့် အရည်အသွေးရှိသော ပညာရေးကို ကလေးတိုင်း တန်းတူအခွင့်အရေးရှိရန် ပညာရေးအသုံးစရိတ်ကို လုံလောက်အောင် သုံးစွဲဖို့ လိုအပ်ပါသည်။ ထို့ကြောင့် ပညာရေးအသုံးစရိတ် တိုးမြှင့်ရန် တောင်းဆိုမှုသည် တရား မျှတမှုရှိသည်ဟု သုံးသပ်ခြင်းဖြစ်သည်။ ပညာရေးစရိတ်တိုးမြှင့်ရန် တောင်းဆိုသော ကျောင်း သားများကို ကျောင်းထုတ်ခြင်းကသာ တရားမျှတမှုကင်းမဲ့ရာ ရောက်ပါသည်။
အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါ သည်။ ယခင်စနစ်ဟောင်း စစ်အုပ်ချုပ်ရေးမှ စနစ်သစ် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ကူးပြောင်း ရာတွင် စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သူများ၏ ဆုံးရှုံးနစ်နာမှုများကို ပြန်လည် ကုစားရန် (compensation) လိုအပ်ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ တွင် စစ်အုပ်ချုပ်ရေးကာလ၌ ကျောင်းသားလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သဖြင့် ကျောင်းမှ ထုတ် ပယ်ခံထားရသူများကို ပညာသင်ယူခွင့်ရရှိရန် ဆွေးနွေးခဲ့ကြပါသည်။ သဘောတူညီမှုလည်း ရခဲ့ ပါသည်။ သို့ရာတွင် အဆိုပါကျောင်းသားများ၏ ပညာသင်ယူခွင့်မှာ ခက်ခဲနေဆဲဖြစ်ပါသည်။ ယခုထပ်မံ၍ အသွင်ကူးပြောင်းနေသည့်ကာလအတွင်း ပညာရေးပြုပြင်ပြောင်းလဲရန် တောင်းဆို ကြသူများကို ထပ်မံအရေးယူ ကျောင်းထုတ်နေခြင်းသည် တရားမျှတမှုကို မျက်ကွယ်ပြုရာ ရောက်ပါသည်။
နိဂုံးချုပ်အနေဖြင့် တရားဥပဒေစိုးမိုးရေး အောင်မြင်ရန်အတွက် တရားမျှတသော ဥပဒေများဖြစ်ရန် တိုက်တွန်းလိုပါသည်။ ပညာရေးကဏ္ဍတွင်လည်း တရားမျှတသော ဥပဒေများ ဖြစ်ရန်အတွက် ပညာရေးဆိုင်ရာ အဆုံးအဖြတ်ပေးရမည့်ကိစ္စတိုင်း၌ ပညာရေးနှင့်သက်ဆိုင်သူ အားလုံး၏ ပါဝင်ခွင့်ကို အလေးအနက်ထားစေလိုပါသည်။ ထို့အပြင် ပညာရေးကို ချဉ်းကပ်ရာ၌ ‘ပညာရေးသည် လူ့အခွင့်အရေးဖြစ်သည်’ဟူသော အခြေခံရပ်တည်ချက်ဖြင့် ချဉ်းကပ်ရန် (rights-based approach) ကိုလည်း တိုက်တွန်းလိုပါသည်။
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာက အကောင်အထည်ဖော်ရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အနေဖြင့် သဘောတူပြီးဖြစ်သော ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးရေးအတွက် ပညာရေး (Education for Sustainable Development Goal – SDG4) သည် ပညာရေးကို လူသားဖွံ့ဖြိုးရေးအမြင် (Humanistic Vision) အရ ချဉ်းကပ်ခြင်းဖြစ်ပါသည်။ ဤ လူသားဖွံ့ဖြိုးရေးအမြင်သည်သာ တန်းတူညီမျှသော၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော၊ တရားမျှတသော၊ ငြိမ်းချမ်းသော၊ သာယာ ဝပြောသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်မည်ဖြစ်ပါသည်။
၂၉ ဇန်နဝါရီ ၂၀၁၈

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment