တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးအား မေးမြန်းခြင်း

ကျွန်တော်တို့မှာ ပြင်ဆင်စရာတွေ ရှိတယ်။ အဓိကကျတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ဘာတို့က မဟာဗျူဟာစီမံချက်တို့၊ ဘာတို့ လုပ်နေတာတွေ ရှိတယ်။ အဲဒါ အခက်အလက်တွေပဲ။ ပင်စည် မဟုတ်ဘူးဗျ။ သဘောက ကင်ဆာဖြစ်နေတဲ့ လူနာကို ပါရာစီတမော တိုက်သလို ဖြစ်နေတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။

■ ဖြေ။ ။ သူတို့ကတော့ သူတို့ သက်တမ်းအတွင်းမှာ နံပါတ်တစ်က ငြိမ်းချမ်းရေးပေါ့။  ငြိမ်းချမ်းရေးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရောနေတာပေါ့။ သူတို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒါကို အဓိကထား သွားနေတယ်။ လမ်းကြောင်းကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ထင်တာကတော့ ဒီငါးနှစ်က အဲဒါအဓိက မဟုတ်ဘူးလို့ ထင်တယ်။ ဒီငါးနှစ်မှာ တကယ်တမ်း လုပ်သင့်တာက နှစ် ၅၀ အတွင်း ပထမဆုံး ပေါ်ပေါက်လာတဲ့ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရရဲ့ အာဏာ ခိုင်မာအောင် လုပ်ရမယ် ထင်တယ်။ ငြိမ်းချမ်းရေးကလည်း တဖက်က လုပ်ပေါ့။ ခုနကပြောတဲ့ ဖွဲ့စည်းပုံပြင်တာလည်း ကြိုးစားပေါ့။ ဒါပေမဲ့ အဓိကအားဖြင့် အာဏာကို ဆုပ်ဆုပ်ကိုင်ကိုင် ဖြစ်အောင် လုပ်ဖို့လိုမယ်လို့ ထင်တယ်။ ဥပမာအားဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလိုဟာမျိုး ကိုယ့်လက်အောက်မှာ မရှိဘူး။ ရဲလည်း ကိုယ့်လက်အောက်မှာ မရှိဘူး။ ရှင်းရှင်းပြောရရင် ဝန်ထမ်းတွေကို ကျောင်းမှန်း ကန်မှန်းသိအောင် လုပ်ပြပြီးတော့ ကိုယ့်ဟာကို နယ်ပယ်အသီးသီးမှာ စိုက်ထူဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကိုတောင် သမ္မတရဲ့အာဏာနဲ့ ဖွဲ့နိုင်သေးတာပဲ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးအောက်ကနေ သမ္မတရဲ့ အာဏာအောက်မှာ ထားဖို့ လုပ်သင့်တယ်။ နောက်တစ်ခုက ရဲကို အပိုင်းလိုက်ပေါ့၊ လုံခြုံရေးဆိုင်ရာတွေမှာ လုံထိန်းလို ဟာမျိုးတွေကို ကာကွယ်ရေးအောက် ထားလိုက်ပြီးတော့ နိစ္စဓူ၀ ကြုံနိုင်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေအတွက် လုံထိန်းတွေကိုတော့ ဝန်ကြီးအသီးသီးအောက်မှာ ထားသင့်ပါတယ်။ နောက်တစ်ခါ အခု တရားစီရင်ရေးမှာ ဆူးတစ်ချက်တောင် မရှိသေးဘူးလေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်လာတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် ခန့်အပ်ထားတဲ့ သူတွေလေ။ တကယ်တော့ တရားစီရင်ရေးဟာ ဒီမိုကရေစီ အစိုးရလက်အောက်မှာ စစ်အာဏာရှင်အစိုးရကို ကာကွယ်တဲ့သူတွေ၊ အဲဒီနှလုံးသားပဲ ဖြစ်နေတော့ ပန်းအိုးအသစ်တွေမှာ ခေါင်ရန်းပန်းတွေ စိုက်ထားသလို ဖြစ်နေတာပေါ့။ အဲဒါကို သမ္မတအာဏာနဲ့ လုပ်သင့်တယ်။ နိုင်ငံရေးကဏ္ဍမှာ ဆိုရင်လည်း ထရိုဂျန်တွေ ရှိတယ်၊ ပဉ္စမံတပ်သားတွေ ရှိတယ်။ အဲဒီလူတွေကို ဖယ်ထုတ်တန် ဖယ်ထုတ်၊ လုပ်ပြီးတဲ့အခါကျတော့ ကိုယ့်ရဲ့အင်အားအပြည့်အဝနဲ့ နိုင်ငံတော်အာဏာ ယ္တရားကို မောင်းနှင်နိုင်အောင် လုပ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်။ ကျန်တာတွေကတော့ ခရီးသွားဟန်လွှဲလုပ်ရင်းနဲ့ လုပ်ရမှာ။ ငါးနှစ်နေလည်း ငြိမ်းချမ်းရေးက ရမယ်မထင်ပါဘူး။ အဲဒီလိုတွေ လုပ်နိုင်ရင်တော့ တဖက်က စီးပွားရေးဆိုင်ရာ ဘာညာတွေလည်း ပေါ်ပေါက်လာမယ် ထင်တယ်။

■ မေး။ ဒုတိယ မေးခွန်းကတော့ ရှေ့တိုး၊ မတိုးဆိုတဲ့ သုံးသပ်ချက်ကနေ နောက်ကြောင်း ပြန်နိုင်ခြေ ရှိ၊ မရှိဆိုတဲ့ အကြောင်းပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးလှိုင်းကို နောက်ကြောင်း ပြန်စေမယ့် အဓိက အကြောင်းတွေ ရှိမယ်ဆိုရင် ဘာတွေလို့ ထင်ပါသလဲ။ အဓိကအချက်တွေကို သုံးသပ်ပေးပါ။

■ ဖြေ   –         အဓိက,ကတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဆိုးဝါးလာရင်၊ တပ်မတော်က သူတို့ရဲ့ အကျိုးစီးပွားကို ဒီအတိုင်းကာကွယ်လို့ မရနိုင်တော့ဘူး၊ လက်ရှိ အစိုးရကနေပြီးတော့ သူတို့ကို ပြေးပေါက် မရှိအောင် ဝိုင်းပတ် ပိတ်ဆို့ တယ်၊ ရန်သူအဖြစ် သဘောထားတယ် ဆိုရင်တော့ နောက်ကြောင်းပြန်နိုင်တာပေါ့။ ဒါပေမဲ့ ခေတ်ကတော့ နောက်ကြောင်းပြန်တဲ့ခေတ် မဟုတ်တော့ဘူး။ ၁၉၆၂ ခုနှစ် အနေအထား မဟုတ်ဘူး။ ၁၉၈၈ ခုနှစ် မဟုတ်ဘူး။ ၂၀၀၇ ခုနှစ် မဟုတ်ဘူး။ ဗမာပြည်သူ အသီးသီးကလည်း တိုက်ပွဲအသီးသီးနဲ့ လေ့ကျင့်ပျိုးထောင်ပြီးသား ဖြစ်နေပြီ။ ထုသား ပေသားကျပြီးတော့ တပ်မတော်အကြောင်းလည်း ကောင်းကောင်းသိနေပြီ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ်ပါပဲလို့ ပြောတာကို ခေါင်းငုံ့ခံတဲ့ ပြည်သူမျိုး မဟုတ်တော့ဘူး။ ဒါကို သူတို့လည်း သိတယ်။ နောက်တခါ ဒီလမ်းကြောင်းက သူတို့ရွေးခဲ့တာပဲ။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ အာဏာပလ္လင်ပေါ်က တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားမယ် ဆိုတာကို ကျွန်တော်တွေ့ရတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ပေါ့နော်၊ ဘီဘီစီ သတင်းဌာနက မေးခဲ့တယ်။ သူပြောတာ တော်တော် ပြည့်စုံပါတယ်။ သူပြောတာ ကျွန်တော် သဘောကျတယ်။ သူက မူဝါဒကို ပြောသွားတာ။ တပ်မတော်ရဲ့ အထွေထွေလမ်းကြောင်းပေါ့နော်။ သူဟာ လက်ရှိ တာဝန်ရှိသူ မဟုတ်ပေမဲ့ အဲဒီက ပြုစုပျိုးထောင်ထားတဲ့ ကေဒါတစ်ယောက်ပဲဗျာ။ သူဟာက အနီးစပ်ဆုံးလို့ ယူဆရတယ်။ သူအပြောအရဆိုရင် စစ်တပ်ဟာ ၁၉၆၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲ လုပ်ပေးပြီးတဲ့နောက်မှ မလွှဲသာမရှောင်သာအရ အာဏာပြန်သိမ်းရတယ်ဆိုတဲ့ အဖြစ်မျိုး နောက်တစ်ခါ ပြန်မသွားချင်တော့ဘူးလို့ သူပြောနေတာ။ တကယ်တမ်းအားဖြင့် တပ်မတော်ဟာ သူတို့ရဲ့ အဓိက ချွတ်ယွင်းချက်က နိုင်ငံရေးအာဏာထဲကို ဝင်စွက်ဖက်ခဲ့တာကြောင့် ဆိုတာကို သဘောပေါက်နေပြီ။ သူတို့က ဂုဏ်သိက္ခာရှိရှိနဲ့ လက်ရှိ အဆင့်အတန်းကလည်း မယုတ်လျော့ဘဲနဲ့ တိုင်းပြည်မှာ တစုံတရာ သြဇာနဲ့နေပြီးတော့ တဖြည်းဖြည်းချင်း ဆုတ်သွားချင်တဲ့ အနေအထားရှိတယ်လို့ ကျွန်တော်ထင်တယ်။  ဒါပေမဲ့ နောက်ကြောင်းပြန်စေချင်တဲ့ သူတွေ ရှိတယ်။ ဒါကို အရင်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ သူတွေက လုပ်တာမျိုးတွေ ရှိတယ်။ နောက်တခါ အဲဒီထဲက တကယ် အာဏာကို အကုန်လုံးသိမ်းချင်တဲ့ သူလည်း ရှိနိုင်တယ်။ ဒါပေမဲ့ စစ်တပ်တစ်ခုလုံးက အဲဒီ အနေအထား ရှိတယ်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော့်အမြင်တော့ အဲဒီ အလားအလာဟာ သူတို့ရွေးချယ်ထားတဲ့လမ်း မဟုတ်ဘူး။ ဒုတိယအချက်က ဘယ်လို အနေအထားမျိုးတွေ ပေါ်ပေါက်လာရင်လဲဆိုတာ၊ ဥပမာအားဖြင့် အခုဖြစ်တယ်ဗျာ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကနေပြီးတော့မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်လို့ ပြောတဲ့ကိစ္စ၊ သူပြောတာ မှားတယ်၊ မှန်တယ်ဆိုတာ တပိုင်းဗျ။ ပရိုတိုကောအရဆိုရင်၊ အဲဒီလိုပြောကြကြေးဆိုရင်  တကယ်တမ်း တိုင်းပြည်ရဲ့ လက်ရှိအခြေအနေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတာ စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးနေတဲ့ ဘုရင်လိုပဲလေ။ သူတို့လက်ထဲမှာ ဘာမှမရှိဘူး။  ဒါက တကယ့်အခြေအနေ အမှန်တရားပဲ။ မျက်ကွယ်ပြုလို့ မရဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရတောင် သူတို့ချင်းသူတို့ ဖြစ်မယ့်ဟာမှာတောင် သမ္မတက ကာလုံကို ကျော်လို့ မရဘူးလေ။ တကယ့်ပါဝါက ကာလုံမှာ ရှိတယ်။ ကာလုံမှာ တပ်မတော်က ခြောက်ယောက် ပါတယ်။ အဲဒီအနေအထားမျိုးမှာ မလိုအပ်ဘဲနဲ့ ရန်စသလိုပေါ့ဗျာ။ ဒါမျိုးက မပြောသင့်ဘူး။ အဲဒီလို အနေအထားတွေကို ကျွန်တော်တို့ ရှောင်ကြဉ်ရမယ်။ ဘာလို့လဲဆိုရင် ပူးတွဲ လုပ်ဆောင်နေတဲ့အချိန်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ပြောရင်တော့ တဖက်က ဆတ်ဆတ်ထိမခံတာ သူအပိုင်းပေါ့ဗျာ။ ကိုယ်ကတော့ လိမ္မာပါးနပ်စွာ ပြောရမှာပေါ့။

■ မေး။ ။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဘယ်အင်အားစုတွေက (ဥပမာ-  နိုင်ငံရေးပါတီများ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံတကာ စသဖြင့်) အဓိက ပြဋ္ဌာန်းနိုင်သလဲဆိုတာ ရေတို၊ ရေရှည် အရေးပါမှုတွေနဲ့ ချိတ်ဆက် သုံးသပ်ပေးပါဦး။

■ ဖြေ   –         ။ အဓိကဆုံးဖြတ်မှာ ပြည်သူလူထုပါပဲ။ အခုက လွဲနေကြတာ။ နိုင်ငံရေးမှာ သုခမိန်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဗမာပြည်နိုင်ငံရေးရဲ့ ပြဿနာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒါနဲ့တင် ဇာတ်သိမ်းနေကြတာပဲ။ ကျွန်တော်တို့ကတော့ တရားကိုယ်အရ ပြောတာပါ။ တကယ်ဆုံးဖြတ်မှာက ပြည်သူတွေပါပဲ။ ပြည်သူတွေ မပါရင် ဘာမှမရနိုင်ဘူး။ ခုန အဖွဲ့အစည်းတွေက အရေးပါတာ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာကြီးကို အကောင်အထည် ဖော်သွားမှာ၊ တကယ့်ဟာက ပြည်သူတွေပဲ။ အခုချိန်မှာ ဘယ်တုန်းကမှနဲ့ မတူဘူး။ လူတွေ အကုန်လုံးက လေ့ကျင့်ပြီးသားလူတွေ အများကြီးပဲ။ သမိုင်းအတွေ့အကြုံတွေ အများကြီးပဲ။ သမိုင်းကို မောင်းနှင်တာ ပြည်သူပဲ။ ဘယ်သူဖြစ်ဖြစ် သာချင်လို့ရှိရင် ပြည်သူလူထုကို စည်းရုံးပြီး သွားရမှာ။ ရည်မှန်းချက် အောင်မြင်ချင်ရင်။ ဒါပေမဲ့ အခုချိန်မှာ ကျွန်တော်မြင်တာက ဘယ်နိုင်ငံရေး အင်အားစုကမှ လူထုကို စည်းရုံးရမယ်ဆိုတာ သိပ်သဘော မပေါက်ဘူး ဖြစ်နေတယ်။ ခုနက ပြောတဲ့ ကဏ္ဍတွေထဲမှာပဲ လုံးချာလည် လိုက်နေတယ်။ လူထုအားနဲ့ လုပ်ရမှာ။ လူထုအားနဲ့လုပ်ရင် ဘယ်လိုအ္တရာယ်မျိုးမဆို ရင်ဆိုင်နိုင်ပါတယ်။ လူထုကို ယုံကြည်ရမယ်။ လူထုကို မှီခိုရမယ်။ လူထုနဲ့ တသားတည်း ရှိရမယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် ဘယ်လို နိုင်ငံရေး၊ စီးပွားရေး မူဝါဒ ပေါ်လစီတွေကို ဦးစားပေး ဆောင်ရွက်သင့်သလဲ၊ ဘယ်လို မူဝါဒမျိုးတွေကတော့ ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွားမလဲဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ရပ်တွေအပေါ် ဥပမာပေး ဆွေးနွေးပေးပါ။

■ ဖြေ   ။         ။ ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံကြီးက တင်လိုက်တဲ့ အလံသုံးလက် ရှိတယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား သွေးစည်းညီညွတ်ရေးပေါ့။ ကျွန်တော်က အမျိုးသား ရင်ကြားစေ့ရေးလို့ မပြောချင်ဘူး။ အဲဒီလမ်းကြောင်းက သွားရမှာ။ အဲဒီ အလံသုံးလက် ကနေပြီးတော့ တကယ်ကို ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ သမ္မတနိုင်ငံတစ်ရပ် ထူထောင်ရေးပဲ။ အဲဒီအတိုင်း ကျွန်တော်တို့ သွားဖို့လိုတယ်။ သွားတဲ့အခါ အခုလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ငြိမ်းချမ်းရေးနဲ့ ခေါင်းနဲ့ပန်းပါပဲ။ အဲဒါကို ဆက်သွားနေတာပါပဲ။ ဒီမှာ အင်အားစု အားလုံးပါတဲ့ အခါကျတော့ အားလုံးရဲ့ပြေလည်မှု မဖြစ်နိုင်သော်လည်းပဲ သူတို့က တတ်နိုင်သမျှတော့ စေ့စပ်ညှိနှိုင်းပြီး သွားကြတဲ့ဟာ ဖြစ်တယ်။ အဲဒီတော့ ရှောင်သင့်တာကတော့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ တွင်တွင်ကျယ်ကျယ် ပြောနေကြတယ်။ အဲဒီရှေ့မှာ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုကို လုံးဝမေ့နေကြတယ်။ မေ့တာလား၊ တမင်ဖုံးထားတာလား မသိဘူး။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု သွားမယ်ဆိုရင် truth commission လာမှာပဲ။ ဖြစ်ခဲ့ပျက်ခဲ့တဲ့ ဟာတွေကို သင်ခန်းစာယူပြီးတော့ ဒဏ်ရာတွေကို အနာလုပ်ဖို့ မဟုတ်ဘူး၊ သွေးပုပ်ပြည်ပုပ်တွေ ဖောက်ထုတ်ပြီးတော့ ဆေးထည့်ဖို့ လိုတာပေါ့။ ဒါက တောင်အာဖရိက သင်ခန်းစာယူတာပဲ။ အဲဒီတော့ အခုဟာက အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ တပ်မတော်နဲ့ ပြေလည်ရေးလို့ ယူဆနေတာမျိုးတွေ ဖြစ်နေတယ်။ နောက်တချက်က ဘာတွေဖြစ်နေလဲဆိုတော့ ခရိုနီတွေနဲ့ ပတ်သက်လို့ ဖြစ်တဲ့ကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ သူတို့ မပါဘူးဗျ။ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က စကားစပ်လို့တောင် မပြောဘူး။ ဒါကိုလည်း မဖော်ဘူး။ ဘယ်သူ တရားခံလဲ၊ ဖော်ပေးပါ၊ ဒါမျိုး မလုပ်ဘူး။ သို့ရာတွင် နိုင်ငံတော်ပိုင် အဆောက်အဦကို သိန်းတစ်သောင်းလောက်တန်တဲ့ နေရာကို တစ်ရက် ငွေတစ်ရာကျပ်တည်းနဲ့ ငှားရမ်း လုပ်ကိုင်နေတာ ဒါမျိုးတွေက ခွင့်လွှတ်စရာ မဟုတ်ဘူး။ အဲဒါတွေက အရေးယူရမှာ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုရာမှာ သူခိုးမပါဘူး။ အလွဲသုံးစား လုပ်တဲ့သူ မပါဘူး။ လူလိမ်တွေ မပါဘူး။ အဲဒီလိုကိစ္စတွေကတော့ အရေးယူရမှာပဲ။ ဘယ်သူမှ မကာကွယ်ရဲဘူးလေ။ ဥပမာ မျှော်စင်ကျွန်းကြီးကို ဒီလောက် ပိုက်ဆံလေးနဲ့ လုပ်သွားတယ်၊ ဒါဟာ တိုင်းပြည်ဘဏ္ဍာတွေကို အလွဲသုံးစား လုပ်တယ်၊ သူအိတ်ထဲ ဘယ်လောက်ရောက်သလဲ ဖော်သင့်တယ်။ အဲဒါကို တပ်မတော်ကလည်း ဝင်ကာကွယ်မှာ မဟုတ်ဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ဝင်ကာကွယ်မှာ မဟုတ်ဘူး။ ဥပမာဆိုရင် မကွေးတိုင်းမှာ ဖြစ်တဲ့ကိစ္စဆိုရင် သူတို့နဲ့ မဆိုင်ဘူး၊ သူတို့နဲ့ မပတ်သက်ဘူး၊ ဦးဖုန်းမော်ရွှေ ရှင်းရမယ့်ကိစ္စလို့ ပြည်ခိုင်ဖြိုးက ပြောတာပဲ။ အဲဒါတွေက ရှောင်လို့မရဘူးဗျ။ အခွန်အတုပ် တစ်ခုတည်းကို အားထားပြီး လူထုကို ဝန်ပိစေတဲ့လမ်းတွေတော့ မရွေးသင့်ဘူးလို့ ကျနော်ထင်တယ်။

မေး။    တချို့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေ စိတ်ထား mindset မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့အခြေပြု ရှုမြင်ပုံမျိုးကို ဘယ်လို သုံးသပ်ပါလဲ။

■ ဖြေ။ ။ အဲဒီဟာက တဦးချင်းစီ ကွာလိမ့်မယ်။ ဒီလူတွေ ဖြတ်သန်းကြီးပြင်းလာတဲ့ဘဝ၊ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်၊ ကျွန်တော်တို့ နိုင်ငံရေးစကားနဲ့ ပြောရင် ရပ်တည်ချက်၊ အမြင်၊ နည်းနာပေါ့ဗျာ။ အဲဒီသုံးခုကွဲရင် ကွဲမှာပဲဗျ။ ရပ်တည်ချက်ကွဲရင် အမြင်လည်း ကွဲမယ်၊ နည်းနာလည်း ကွဲမယ်။ ပြည်သူတွေရဲ့ mindset က ဘာလဲ။ ဘယ်ဟာကို ပြောချင်တာလဲ။ ပြည်သူတွေရဲ့ စုစည်းဖော်ပြချက်တွေ ကျွန်တော်တို့ ကြည့်တတ်လို့ရှိရင် ၁၉၆၂ ခုနှစ် စစ်အာဏာရှင် စပေါ်လာကတည်းက ဇူလိုင် ၇ ရက်မှာ ပြည်သူ အစိတ်အပိုင်းနဲ့ ကျောင်းသားတွေ ခုခံတော်လှန်ခဲ့တယ်။ နောက်ပိုင်းမှာ တက္ကသိုလ် ရွှေရတုကစလို့ ၆၉ ကျွန်းဆွယ်၊ ၇၀၊ ၇၄-၇၅-၇၆ သပိတ်တွေ၊ အလုပ်သမားသပိတ်တွေ၊ ကျောင်းသားသပိတ်တွေ၊  ဒီမိုကရေစီ အင်အားစုတွေက လက်နက်ကိုင်ပြီး တုံ့ပြန်ခဲ့တာတွေလည်း ရှိတယ်။ အဲဒီသမိုင်းကို ကြည့်ရင် လူထုရဲ့ စိတ်နေစိတ်ထား ဆိုတာ ဘာလဲ။ ကျွန်တော် မြင်တာကတော့ လူထုက စစ်အာဏာရှင်စနစ်ကို မုန်းတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးတယ်။ အမျိုးသားတန်းတူမှုနဲ့ ဖက်ဒရယ် သမ္မတနိုင်ငံကို ထူထောင်ချင်တယ်။ ဒီစိတ်နေစိတ်ထားနဲ့ သွားရမှာပဲ။ ကျွန်တော်တို့ရဲ့ ပြည်သူတွေဟာ သူရဲကောင်း ပြည်သူတွေပဲ။ ဘယ်တော့မှ စစ်အာဏာရှင်ကိုလည်း ဒူးမထောက်ခဲ့ဘူး။ ဘယ်တော့မှ ဘယ်လို အာဏာရှင်မျိုးကိုမှ ခေါင်းငုံ့ခံခဲ့တာ မရှိဘူး။ နိုင်ငံရေးသမား ဆိုတဲ့သူတွေက လူထုရဲ့သဘောထားကို စုစည်းပြီး ရှေ့မဆောင်နိုင်တဲ့ ကိစ္စတွေပဲဗျ။ လူထုက မှားနေတာမဟုတ်ဘူး။

■ မေး။ ဒီတစ်နှစ်ကျော် ကာလအတွင်း အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးနဲ့ ပတ်သက်လို့ရော ဘယ်လို သုံးသပ်ချင်လဲ။

■ ဖြေ  ။  အစိုးရအဖွဲ့ရဲ့ အာဏာက ၂၀ ရာခိုင်နှုန်း တိုးတက်တယ်လို့ ကျွန်တော် ထင်တယ်။ သမ္မတတို့၊ ဝန်ကြီးတို့ စတာတွေက ပြည်သူကိုယ်စားလှယ်တွေပေါ့ဗျာ။ လွှတ်တော်က ၇၀ ရာခိုင်နှုန်းကျော် ပြောင်းလဲနိုင်တယ်လို့ ပြောနိုင်တယ်။ လွှတ်တော်ထဲမှာလည်း ပြည်သူ့ကိုယ်စားလှယ် အများစုရပြီးတော့ ဥပဒေတွေ ပြင်နိုင်တယ်ဗျ။ တရားစီရင်ရေးကတော့ မပြောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ တရားစီရင်ရေးစနစ်၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ကို ကာကွယ်ပြီးတော့ သူတို့ကို ဆန့်ကျင်တဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ဒီမိုကရေစီ လိုလားတဲ့ သူတွေကို ဖိနှိပ်ထောင်ချဖို့အတွက် လေ့ကျင့်ပျိုးထောင်ထားတဲ့ တရားစီရင်ရေးစနစ် ဖြစ်တယ်ဗျ။ ဒါကြီးက ပြင်ရမှာ။ အသွင်ကူးပြောင်းရေးကာလနဲ့ မကိုက်ညီဘူး။ ကျွန်တော်တို့မှာ ပြင်ဆင်စရာတွေ ရှိတယ်။ အဓိကကျတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ဘာတို့က မဟာဗျူဟာစီမံချက်တို့၊ ဘာတို့ လုပ်နေတာတွေ ရှိတယ်။ အဲဒါ အခက်အလက်တွေပဲ။ ပင်စည်မဟုတ်ဘူးဗျ။ သဘောက ကင်ဆာဖြစ်နေတဲ့ လူနာကို ပါရာစီတမော တိုက်သလို ဖြစ်နေတယ်။ တကယ့် အနှစ်သာရက ရပ်တည်ချက်ပြဿနာ။ ဒါဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေး ပြုဖို့အတွက်၊ မောင်းနှင်ဖို့အတွက် ပြင်ဆင်ထားတဲ့ တရားစီရင်ရေးစနစ်ပဲ။ တရားရုံးတို့၊ ထောင်တို့၊ ပုလိပ်ဂတ်တို့ ဆိုတာ အုပ်ချုပ်သူ လူတန်းစားကို ကာကွယ်ပြီးတော့ ဖိနှိပ်ခံရသူ လူတန်းစားတွေကို အပြစ်ပေးဖို့အတွက် ပြင်ဆင်ထားတဲ့ အာဏာ ခွေးသွားစိတ် ယ္တရားတွေပဲ။ ဒီအချက်ကို ပြောင်းရမှာ။ လူထုကို ကာကွယ်တဲ့၊ ဒီမိုကရေစီကို ကာကွယ်တဲ့၊ လူ့အခွင့်အရေးကို ကာကွယ်တဲ့၊ ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံကို ကာကွယ်တဲ့ တရားစီရင်ရေးစနစ် ရောက်ချင်ရင် ဒါ ပြင်နိုင်မှ ရပါလိမ့်မယ်။ တရားစီရင်ရေး မပြင်နိုင်ရင်တော့ ဒီမိုကရေစီလည်း မရဘူး၊ ငြိမ်းချမ်းရေးလည်း မရဘူး။ ဘာမှရမှာ မဟုတ်ဘူး။

About the author

The Editor

Add comment