မွန်ပြည်နယ်ရှိ မြေသိမ်းဆည်းခံရမှု အခြေအနေမူဝါဒရေးရာသုတေသန သင်တန်းသားများ၏ သုတေသနတွေ့ရှိချက်များ

နိဒါန်း
မွန်ပြည်နယ်ရှိ များပြားသော မြေယာသိမ်းဆည်းမှုများသည် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၁၀ ပြည့်နှစ် အချိန်ကာလများတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ်၏မြေယာများကို အများ ဆုံးသိမ်းယူသူမှာ တပ်မတော်ဖြစ်ပြီး အခြား ပါဝင်သိမ်းဆည်းသူများမှာ ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီများ၊ အစိုးရ၏ စီမံကိန်းများအတွက် သိမ်းဆည်းမှု အနည်းငယ်တို့ ပါဝင်ပါသည်။
တပ်မတော်အစိုးရလက်ထက်တွင် မြေယာသိမ်းဆည်းမှုများအား ဥပဒေများက တရား ဝင်ခွင့်ပြုထားခြင်းသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကွဲလွဲနေပြီး ပိုင်ရှင်ရှိသည့်မြေများကိုပင် လိုအပ်လျှင် ဥပဒေဘောင်အတွင်းမှသိမ်းယူနိုင်အောင် ဖန်တီးထားပါသည်။ ဗြိတိသျှအစိုးရ လက်ထက်က မြေယာကို တိုင်းသူပြည်သားများအတွက် နိုင်ငံတော်က ပိုင်ဆိုင်ထားပြီး မြေ ပိုင်ရှင်ပြည်သူများအား ပုဂ္ဂလိကပိုင်ဆိုင်မှုများပေးခဲ့သဖြင့် ပိုင်ရှင်များက ၎င်းတို့၏မြေကို ရောင်း ချခွင့်၊ ပေါင်နှံခွင့် စသည့်အခွင့်အရေးများ ရှိခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ အာဏာရပြီးနောက်ပိုင်းတွင် မြေယာပိုင်ဆိုင်မှုအခွင့်အရေးများ သိသာစွာကျဆင်းခဲ့သည်။
၁၉၄၇ အခြေခံဥပဒေတွင် နိုင်ငံတော်ကသာ မြေအားလုံး၏ ပိုင်ရှင်ဖြစ်သည်ဟု သတ် မှတ်သည်။ ဤဥပဒေသည် ၁၉၅၃ ခုနှစ် ပြည်သူပိုင်ပြုမှုဥပဒေမှ ဆင်းသက်ခဲ့ပြီး လယ်သမားများ သည် ၁၉၄၈ ခုနှစ်ကတည်းက ၎င်းတို့ပိုင်ဆိုင်ခဲ့သော မြေယာများဖြစ်ကြောင်းကို သက်သေပြ နိုင်သည့် မြေကွက်အနည်းငယ်မှလွဲ၍ (ဧက ၅၀ အထိ) ကျန် စိုက်ပျိုးမြေအားလုံးကို နိုင်ငံတော် က ပြန်လည်ရယူပြီး ဝေငှသည့်စနစ်ကို အသက်သွင်းခဲ့သည်။ ဤဥပဒေပြုမှု၏ အဓိက ရည်ရွယ် ချက်မှာ မြေကွက်အနည်းငယ်သာပိုင်ဆိုင်သည့် လယ်သမားများကို ကာကွယ်ရန်နှင့် လွတ်လပ် ရေးရပြီးနောက်ပိုင်း မြေယာအမြောက်အမြားသိမ်းယူမှု မပြုလုပ်နိုင်စေရန် ရည်ရွယ်သော်လည်း ယင်းဥပဒေကပင် နိုင်ငံတော်ကသာ မြေပိုင်ဆိုင်မှုကိုသတ်မှတ်ပေးနိုင်သဖြင့် ဥပဒေကြောင်းအရ မြေသိမ်းယူမှုများ ပြုလုပ်နိုင်ရန် ဦးတည်စေခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အစိုးရ၏ တပ်မတော် စီမံ ခန့်ခွဲမှု၊ လုပ်ဆောင်များအတွက် ငွေကြေးပံ့ပိုးမှုများပြုလုပ်ခဲ့ခြင်းက ပိုမိုဆိုးရွားသော အခြေအနေ များကို ဖန်တီးစေခဲ့ပြီး တပ်မတော်တပ်ရင်းများအား ကိုယ့်အားကိုယ်ကိုးမူဝါဒကို လိုက်နာစေခဲ့ သည်။ တပ်မတော်တပ်ရင်းများကလုပ်ငန်းများလည်ပတ်မှုအတွက် လိုအပ်သော ရိက္ခာနှင့်ဝင်ငွေ ရှာရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပြုလုပ်ရန်နှင့် နေထိုင်ရန် တန်းလျားများ ဆောက် လုပ်ရန်အတွက် မြေယာများ သိမ်းယူလာခဲ့ကြသည်။
ဤကဲ့သို့ ကိုယ့်အားကိုယ်ကိုးမူဝါဒဖြင့် မြေယာများသိမ်းဆည်းကာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး တပ်၏ဖူလုံပြည့်စုံမှုအတွက် လုပ်ဆောင်နိုင်ခြင်းကို တပ်မတော် ကိုယ် တိုင်က ဂုဏ်ယူနေမှုကိုလည်း လွှတ်တော်ဆွေးနွေးပွဲများ၏ အမေးအဖြေများအရ တွေ့ရှိရပါ သည်။ ၂၀၁၇ ခုနှစ် မေ ၃၀ရက်က အမျိုးသားလွှတ်တော်တွင် ‘စစ်တွေရှိ ရေချမ်းပြင်ကျေးရွာမှ လယ်ဧက ၁၀၈ ဒသမ ၄ ဧက သိမ်းယူထားမှု’အား မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုရာ၌ တပ် မတော်၏ စိုက်ပျိုးမွေးမြူရေးမှ ထောက်ပံ့မှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ ၇၅ ဒသမ ၇၉ ဘီလီယံ ခြိုးခြံချွေတာနိုင်ခဲ့ကြောင်း ဖြေဆိုထားသည်ကို တွေ့ရှိရပါသည်။
ခေတ်မီ နိုင်ငံတကာတပ်မတော်များတွင် ထိုကဲ့သို့ အမြတ်အစွန်းရစေမည့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်မပေးထားပါ။ လိုင်စင်ပါမစ်များလည်း ရောင်းချခွင့်မရှိပါ။ တပ်မတော်၏ လစာရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်စားသောက်မှုကိစ္စအဝဝကို နိုင်ငံတော်ဘတ် ဂျက်မှ ချပေးလေ့ရှိသည်။ အဆိုပါစည်းမျဉ်းစည်းကမ်းများအား နိုင်ငံတကာတပ်မတော်များ၏ code of conduct တွင် ထည့်သွင်းထားသည်ကို တွေ့ရှိနိုင်ပါသည်။
မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းမှုများသည် များသောအားဖြင့် တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင်သာ အဖြစ်များလေ့ရှိပါသည်။ မွန်ပြည်နယ်၏မြေယာသိမ်းဆည်းမှုများ မှာလည်း မြို့နှင့်ဝေးသော ကျေးရွာများ၌ အဖြစ်များသည်ကို တွေ့ရပါသည်။ မြေယာပဋိပက္ခများ ဖြေရှင်းရန်နှင့် မြေယာပိုင်ဆိုင်ခွင့်များ အကာအကွယ်ပေးနိုင်ရန်အတွက် လိုအပ်သော ပုံစံ(၇) လျှောက်လွှာသည် ၂၀၁၂ ခုနှစ် မြေယာဥပဒေထွက်ပြီးနောက်ပိုင်းမှသာ လိုအပ်လာခြင်းဖြစ် သည်။ အဆိုပါ မြေယာလုပ်ပိုင်ခွင့် ပုံစံ(၇) လျှောက်ထားမှုမှာလည်း အစိုးရဌာနများ၏ အကောင် အထည်ဖော်နိုင်မှု အားနည်းနေသောကြောင့် ဒေသခံများအကြား တပြေးညီ ဝန်ဆောင်မှုများ မရောက်ရှိခြင်း၊ အချိန်ကြန့်ကြာခြင်းများ ဖြစ်ပေါ်လာပါသည်။ မြေယာစီမံခန့်ခွဲမှုကို စိုက်ပျိုးရေး ဝန်ကြီးဌာနအောက်ရှိ မြေစာရင်းဌာန (Settlement and Land Records Department) ကို လုံးဝ ဝကွက်အပ်ပြီး လုပ်ပိုင်ခွင့်ပေးထားသည့် ဗဟိုဦးစီးစနစ်ကလည်း ထိုကဲ့သို့ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်လာစေသည့်အချက် ဖြစ်နေလေသည်။

စီမံကိန်း၏ ရည်ရွယ်ချက်
ဤသုတေသနအား မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (Institute for Strategy and Policy-Myanmar) အဖွဲ့မှပြုလုပ်သည့် မူဝါဒရေးရာသုတေသနသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများဖြစ်သော မွန်အမျိုးသားပါတီဝင်များ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ အဖွဲ့ဝင်များနှင့် မွန်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်းသားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သင်တန်းတွင် သင်တန်းသားများအား ပြည်သူ့ရေးရာမူဝါဒ ချမှတ်မှုနှင့် ယင်းနှင့်သက်ဆိုင်သော သုတေသနတခုအား စီမံဆောင်ရွက်မှု၊ ချဉ်းကပ်လေ့လာမှု၊ လိုအပ်သောစစ်တမ်းနှင့် အချက်အလက်ကောက်ယူမှုများကို ကိုယ်တိုင် ပါဝင်ဆောင်ရွက်စေခြင်း၊ မူဝါဒချမှတ်မှုအတွက် ပြဿနာအခြေခံသည့် ခေါင်းစဉ်ရွေးချယ်မှုအား အုပ်စုလိုက် အဆင့်ဆင့်ဆွေးနွေးစေခြင်းဖြင့် မွန်ပြည်နယ်၌ အများစုကြုံတွေ့နေရသော ပြဿနာ များကို ဦးတည်ချဉ်းကပ်စဉ်းစားစေကာ နောင်တွင် ၎င်းတို့ကိုယ်တိုင် ပြည်သူ့ရေးရာမူဝါဒများ ချမှတ်မှုတွင် လုပ်ကိုင်တတ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤသုတေသနကို ၂၀၁၇ ခုနှစ် မေလ မှ နိုဝင်ဘာလအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

သုတေသန၏ ရည်ရွယ်ချက်
၁။ လယ်သမားများ၏ မြေယာအသုံးချမှုအတွက် ဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားမှု အခြေ အနေအား လေ့လာရန်၊
၂။ လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် လယ်သမားများ၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြောင်းလဲသွားပုံကို လေ့လာရန်၊
၃။ မြေယာသိမ်းဆည်းခံရမှုများကြောင့် လယ်သမားများက တုံ့ပြန်သည့် မကျေနပ်မှုများကို လေ့လာရန်၊
၄။ လယ်မြေသိမ်းဆည်းမှု ပြဿနာဖြစ်စဉ်များအား လေ့လာရန် တို့ ဖြစ်ပါသည်။

သီအိုရီ ချဉ်းကပ်မှု
ဤသုတေသနတွင် မွန်ပြည်နယ်ရှိ လယ်သမားများ၏ မြေယာသိမ်းခံရမှုအပေါ် တုံ့ပြန်မှု များအား လေ့လာရာ၌ Prof Hirschman\EVLN (Exit, Voice, Loyalty and Neglect) မိုဒယ် အပေါ် ရည်ညွှန်းအခြေခံကာ သုံးသပ်လေ့လာထားပါသည်။ အဆိုပါသီအိုရီတွင်ပါဝင်သော exit, voice, loyalty နှင့် neglect အနက်အဓိပ္ပာယ်အား လေ့လာလျှင် Exit သည် လယ်ယာမြေ သိမ်းယူခံရသဖြင့် လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျက်စီးသောကြောင့် မိမိတို့နေရပ်မှ အခြားမြို့များသို့လည်းကောင်း၊ ပြည်ပသို့လည်းကောင်း ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းကို ရည်ညွှန်းပါသည်။ Voice သည် လယ်သမားများက ၎င်းတို့၏ မကျေ နပ်မှုများအား ထုတ်ဖော်ခြင်းကိုညွှန်းဆိုပါသည်။ အဆိုပါမကျေနပ်မှုများ ထုတ်ဖော်ရာတွင် ဌာန ဆိုင်ရာသို့ တိုင်စာပို့ခြင်း၊ တဦးချင်း သို့မဟုတ် အုပ်စုလိုက်ဆန္ဒပြခြင်းများ ပါဝင်သည်။ Loyalty သည် မကျေနပ်မှုများအား မည်သည့်တုံ့ပြန်မှုမျှမလုပ်ဘဲနေခြင်းဖြစ်ပြီး Neglect မှာ လိုက်နာမှု မရှိခြင်း၊ အဆက်အသွယ်မလုပ်ခြင်းနှင့် အသိမပေးဘဲပျောက်ကွယ်ခြင်း စသည့် အပြုအမူများဖြင့် ၎င်းတို့၏မကျေနပ်မှုများကို တုံ့ပြန်ခြင်းဖြစ်ပါသည်။ ဤကဲ့သို့သော မတူညီသည့်တုံ့ပြန်မှုများတွင် voice ကိုအသုံးပြုခြင်း (မကျေနပ်မှုကို တုံ့ပြန်ဆန္ဒပြခြင်း)သည် ပြန်လည် ဖြေရှင်းညှိနှိုင်းပေးသော နည်းလမ်းကို အသုံးပြုသဖြင့် လိုချင်သော အပေါင်းလက္ခဏာဆောင်သည့်ရလဒ်သို့ သွားနိုင် သည်ဟု သီအိုရီအရ အဆိုပြုထားပါသည်။ သုတေသနတွေ့ရှိချက်များအရ လယ်မြေသိမ်းယူခံရမှု အပေါ် လယ်သမားများ၏ တုံ့ပြန်မှုများမှာလည်း အဆိုပါသီအိုရီနှင့် ဆက်စပ်သောရလဒ်များ ထွက်သည်ကို တွေ့ရပါသည်။

သုတေသနပြုလုပ်ရာတွင် အသုံးပြုသည့်နည်းလမ်း
စစ်တမ်းကောက်ယူမှုမပြုမီ မြေယာသိမ်းယူမှုကိုအခြေခံ၍ ပြုလုပ်ထားပြီးဖြစ်သော သုတေသသနစာတမ်းများနှင့် မြေယာဥပဒေအပါအဝင် စုစုပေါင်း ခြောက်စောင်အား ဖတ်ရှု သုံးသပ်ပြီး ပြန်လည်လေ့လာခဲ့ပါသည်။ အထူးသဖြင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပြုလုပ်ထားသော မြေယာသုတေသန စာစောင်များကို အခြေခံ၍ သုံးသပ်လေ့လာ ထားပါသည်။ သုတေသနမေးခွန်းကိုလည်း အဆိုပါစာတမ်းများအား လေ့လာမှုနှင့် ပြည်သူ့ရေးရာမူဝါဒသင်တန်းမှ သင်တန်း သားများ၏ ဆွေးနွေးမှုများအပြင် ISP-Myanmar မှ အတွေ့အကြုံမြင့် သုတေသန ပညာရှင်များ၏ ပါဝင်အကြံပေးမှုများဖြင့် တည်ဆောက်ထားပါသည်။ ကွင်းဆင်း အချက်အလက်ကောက်ယူမှုကို သင်တန်း သား ၂၀ ဦးက မွန်ပြည်နယ်ရှိ မြို့နယ်ခြောက် မြို့နယ်ဖြစ်သော ဘီးလင်း၊ ကျိုက်မရော၊ မုဒုံ၊ ရေး၊ ပေါင်နှင့် သံဖြူဇရပ်တို့မှ ရွာပေါင်း ၄၃ ရွာကို သွားရောက်ကောက်ယူထားပါသည်။ အဓိက အချက်အလက်များကို ဆင့်ပွား ကောက်ယူမှု (Snowball) နည်းလမ်းဖြင့် ကောက်ယူခဲ့ပါသည်။ အင်တာဗျူး ဖြေကြား မည့်သူကို ရွေးချယ်ရာ ၌ လယ်မြေအသိမ်းခံရသူနှင့် မြေယာ မှတ်ပုံတင် ပြုလုပ်မှုကို လေ့လာရန်

လယ်မြေ အသိမ်းမခံရသော (သို့မဟုတ်) လယ်ယာ လက်ရှိလုပ်ကိုင်နေသော လယ်သမားများကို ရွေးချယ်ပြီး စုစုပေါင်း ၂၀ဝ ဦးကို ကောက်ယူခဲ့ပါသည်။
ထို့အပြင် ဦးတည်အုပ်စုကို အဓိကထားသောနည်းလမ်းဖြင့် လတ်တလော လယ်မြေ သိမ်းခံရသူစုစုပေါင်း ၄၁ ဦးအဖွဲ့အား ပေါင်မြို့နယ် ထန်းပင်ချောင်ရွာတွင် ဤစာတမ်းပြုစုသူ ကိုယ်တိုင် တွေ့ဆုံမေးမြန်း ကောက်ယူခဲ့ပါသည်။ အဆိုပါ ဦးတည်အုပ်စုများကို တွေ့ဆုံမေးမြန်း ရာတွင် အုပ်စုနှစ်စု ခွဲထားပါသည်။

သုတေသန မေးခွန်းများ

၁။ ယခုစိုက်ပျိုးနေသောမြေယာအား ပိုင်ဆိုင်ပါက မည်ကဲ့သို့ပိုင်ဆိုင်သည်ကို ရွေးချယ်ရန်
(က) အမွေရထားသောမြေ
(ခ) ဝယ်ယူထားသောမြေ
(ဂ) ပိုင်ရှင်မဲ့မြေ

၂။ ယခုလယ်မြေအား မပိုင်ဆိုင်ပါက အကြောင်းရင်း
(က) မြေယာပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ပြုလုပ်နည်းကို မသိသဖြင့်
(ခ) ဌာနဆိုင်ရာများနှင့် အလှမ်းဝေးသဖြင့်
(ဂ) ဌာနဆိုင်ရာရုံးများနှင့် အလှမ်းဝေးသဖြင့်
(ဃ) ငွေ အကုန်အကျများ၍
(င) အချိန်ကြန့်ကြာ၍

၃။ မြေယာသိမ်းယူခံရပါ လျော်ကြေး ရရှိခဲ့ပါသလား၊ ရရှိခဲ့ပါက စိတ်ကျေနပ်မှုရှိပါသလား။

၄။ မြေယာသိမ်းယူခံမှုကြောင့် မကျေနပ်မှုကို မည်ကဲ့သို့ တုံ့ပြန်ခဲ့သနည်း။
(က) ဆန္ဒပြခြင်း
(ခ) နယ်မြေပြောင်းရွှေ့ခြင်း (သို့မဟုတ်) ပြည်ပသို့ထွက်ခြင်း

၅။ မြေယာပိုင်ဆိုင်မှုလက်မှတ် ဌာနဆိုင်ရာသို့လျှောက်တင်ရာတွင် လုပ်ငန်းစဉ်များလွယ်ကူမှု ရှိမရှိနှင့် ကုန်ကျငွေ

၆။ မြေယာအသိမ်းမခံရခင် လုပ်ငန်းအမျိုးအစားနှင့် မြေယာအသိမ်းခံရပြီး တနှစ်အတွင်း လုပ်ငန်းအမျိုးအစား

၇။ မြေယာအသိမ်းမခံရခင် ကျောင်းတက်နေသော ကလေးဦးရေနှင့် မြေယာအသိမ်းခံရပြီး တနှစ်အတွင်း ကျောင်းတက်နေသော ကလေးဦးရေ

သုတေသနပြုလုပ်မှု၌ တွေ့ကြုံရသော အခက်အခဲ
မြန်မာနိုင်ငံတွင် မြေယာအသိမ်းခံရသည့် လယ်သမားဦးရေ အတိအကျမရှိပါ။ မွန်ပြည် နယ်တွင် များပြားသော မြေယာသိမ်းခံရမှုများရှိခဲ့သော်လည်း ဦးရေမည်မျှနှင့် မည်သည့်နေရာ များတွင် အသိမ်းခံရသည်ဆိုသော တိကျသည့် အချက်အလက်ကောက်ယူထားမှုများ မရှိသေး ပါ။ သို့ဖြစ်၍ လူငယ်ကွန်ရက်၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အကူ အညီဖြင့် ရရှိသောအဆက်အသွယ်ကို အခြေခံ၍ စစ်တမ်းကောက်ယူမှုတွင် အသုံးပြုခဲ့ပါသည်။
ထို့အပြင် မြေယာသိမ်းယူခံရသူ တိကျသောဦးရေနှင့် လယ်ယာစိုက်ပျိုးသော လယ် သမားဦးရေကို အခြေခံသည့် လုံလောက်သောဦးရေ ကောက်ယူရန်မှာလည်း အခက်အခဲများ ရှိပါသည်။ တိကျသောစာရင်းအင်းများမရှိသဖြင့် လူဦးရေကိုအခြေခံတွက်ချက်ပြီး ကောက်ယူ ရသော စစ်တမ်းဦးရေကိုလည်း တွက်ချက်၍မရနိုင်ပါ။ ထိုကြောင့် ကျပန်းနမူနာကောက်ယူပြီး မေးမြန်းရသောနည်းလမ်းကို သုံးရန် မဖြစ်နိုင်ခဲ့ပါ။
သို့ဖြစ်၍ ဆင့်ပွားကောက်ယူသောနည်းလမ်းဖြစ်သည့် (snowball sampling) ကို အသုံး ပြုထားသဖြင့် ကောက်ယူသောအချက်အလက်၏ မှန်ကန်မှုဖြစ်တန်ခြေတွင် အတန်အသင့် ဘက်လိုက်မှုရှိနိုင်သည်ကို လက်ခံနားလည်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ကောက်ယူထားသော မြေယာမဲ့ လယ်သမားများနှင့် လယ်ယာလုပ်ကိုင်နေသူများ၏ နမူနာအရေအတွက်မှာ တူညီမှု မရှိဘဲ ကွာဟမှုများရှိနေရခြင်းဖြစ်ပါသည်။ ထို့ကြောင့် လိုအပ်သော အချက်အလက် ရရှိစေရန် အတွက် ဦးတည်အုပ်စုမေးမြန်းမှုကိုပါ ထပ်ပေါင်းမေးမြန်းထားခြင်း ဖြစ်ပါသည်။
ဦးတည်အုပ်စုမေးမြန်းမှုတွင် အုပ်စုနှစ်စုခွဲ၍ မေးမြန်းထားပါသည်။ အုပ်စု(က)တွင် ၂၀၁၆ ခုနှစ်အတွင်း လတ်တလော လယ်သိမ်းခံရသူ ၁၇ ဦး ပါဝင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင် မှု ရပ်ထားရသူများဖြစ်သည်။ အုပ်စု(ခ)တွင် လယ်သမား ၂၄ ဦးပါဝင်ပြီး ၎င်းတို့မှာ လယ်ယာများ အသိမ်းခံရသော်လည်း ထွန်တုံးတိုက်ပွဲဝင်၍ အလျှော့မပေးဘဲ ဆက်လက်လုပ်ကိုင်နေသူများ ဖြစ်ပါသည်။ ၎င်းတို့၏ လယ်ယာလုပ်ငန်းမျာမှာလည်း နည်းမျိုးစုံဖြင့် နှောင့်ယှက်ခံရပြီး တရား စွဲဆိုထားမှုများ ရင်ဆိုင်နေကြရသည့် အုပ်စုဖြစ်သည်။ ၎င်းတို့၏ မြေယာသိမ်းဆည်းခံရမှုတွင် တွေ့ကြုံရသော အတွေ့အကြုံများမှ တူညီသည့်အခြေခံများကို စုကာ သုံးသပ်ပြုစုထားပါသည်။

ထွက်ရှိပြီး စာတမ်းများအား ပြန်လည်လေ့လာခြင်း
Transnational Institute (Burma Centrum Nederland)
မြန်မာနိုင်ငံ မူဝါဒရေးရာ အမှတ်စဉ် ၁၁၊ ၂၀၁၃ ခုနှစ် မေလ

လက်ရှိမြေယာဥပဒေများသည် မိရိုးဖလာ မြေယာအုပ်ချုပ်မှုစနစ်ကို အခြေခံသည့် မြေ ယာပိုင်ဆိုင်ခွင့်များကို လုံးဝ ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ ထို့အပြင် စီပွားရေး အကျပ် အတည်းများနှင့် ဆယ်စုနှစ်များစွာကြာသည့် ပဋိပက္ခများကြောင့် နေရပ်များမှ ရှောင်ခွာ၍ ပြန် လာကြသော တိုင်းရင်းသားများ၏ အခွင့်အရေးများကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။ မြေယာဥပဒေများသည် အသေးစား တောင်သူလယ်သမားများထက် ပုဂ္ဂလိကကဏ္ဍ အထူး သဖြင့် အကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုသာ အကျိုးပြုသည့် ဥပဒေများဖြစ်သည်ဟု သုံးသပ်ထားသည်။ တိကျသော စစ်တမ်းကောက်ယူထားသည့် မြေစာရင်းအချက်အလက်များ မရှိခြင်းကလည်း အဆိုပါ ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော မြေလွတ်များ နှစ်များစွာ ငှားရမ်းလုပ်ပိုင်ခွင့် ပေးနိုင်မည်ဟု ထင်မြင်ခြင်းဖြစ်သည်။ အဆိုပါ မှားယွင်းသောထင်မြင်မှုမှာ မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ မြောက်မြားစွာရှိသေးသည်ဟု ထင်မြင်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံသူများအား မက်လုံးအနေဖြင့် လိုအပ်သောမြေများအား စီမံ ကိန်းအတွက် ချပေးပြီးချိန်တွင် အဆိုပါမြေများမှာ ဒေသခံလယ်သမားများက ထွန်ယက်စိုက်ပျိုး လုပ်ကိုင်နေသော မြေယာများဖြစ်နေသဖြင့် အဓမ္မ မြေယာသိမ်းဆည်းမှုများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါဥပဒေကို ပြည်သူတို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုမပြု၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လွှတ်တော်မှ လျင်မြန် စွာပြဌာန်းပေးလိုက်သည်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်တွင် ချမှတ်လိုက်သော မြေယာဥပဒေသစ် များက မြေယာများကို ထပ်မံသိမ်းပိုက်နိုင်ရန် ချမှတ်လိုက်သည့် ဥပဒေများဖြစ်နေသည်။ လယ် ယာမြေဥပဒေက မြေယာမှတ်ပုံတင်ကတ်ပြားဖြင့် လယ်ယာမြေကို ဈေးကွက်တွင် တရားဝင် ရောင်းနိုင်၊ ဝယ်နိုင် လွှဲပြောင်းနိုင်သည်ဆိုသောအချက်သည် အနောက်နိုင်ငံများတွင် ပုဂ္ဂလိက အကြီးစားမြေယာရောင်းဝယ်မှုဖြင့် အစိုးရ၏ လူ့အခွင့်အရေးရှုထောင့်မှနေ၍ မြေယာနှင့် သဘာဝအရင်းအမြစ်များကို စီမံအုပ်ချုပ်ခြင်း၊ အသုံးပြုခြင်းထက် စီးပွားရေးကုန်ကြမ်းအဖြစ် ပိုမို တန်ဖိုးထားနေခြင်းကို ဖော်ပြနေသောကြောင့်ဖြစ်သည်။
အစိုးရ၏ထိန်းကျောင်းမှု အပြည့်အဝမရှိဘဲ မြေယာဈေးကွက်တခုကို မြေယာလုပ်ပိုင်ခွင့် လက်မှတ်ဖြင့် ရောင်းဝယ်နိုင်ရန် ဥပဒေဖြင့် တရားဝင်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ အဆိုပါ အချက်မှာ တရားဝင်မြေယာမှတ်ပုံတင်ကတ်ပြားမရှိလျှင် မြေယာပိုင်ဆိုင်အသုံးချခွင့် လုံးဝမရှိ တော့သည့် အချက်ဖြစ်သည်။
ထို့အပြင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုဌာနတခုတည်းအား မြေယာခွဲဝေချထားမှုကို အာဏာအပ်နှင်းထားသည်။ လယ်ယာမြေခွဲဝေချထားမှုကို ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်သည် မှာ သာမန်အားဖြင့် ပြဿနာမရှိသော်လည်း တရားမျှတမှု အားနည်းခြင်း၊ အဂတိလိုက်စားမှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒေသခံများထံ သတင်းအချက်အလက်များ မရောက်ခြင်း၊ လယ်ယာ မြေ စီမံခန့်ခွဲမှုနှင့်လုပ်ပိုင်ခွင့်များက တရားစီရင်ရေးမဏ္ဍိုင်ကိုကျော်နေခြင်း စသည့် အမူအကျင့် များက မြေယာစီမံခန်ခွဲမှုကိုဌာနတခုသို့ ဝကွက်အပ်လိုက်သည့် အကျိုးဆက်များဖြစ်ပေသည်။ ထို့အပြင် မှန်ကန်သော မြေယာအချက်အလက်များ မရှိသဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အဖြစ် သတ်မှတ်ထားသောမြေယာများမှာ အမှန်တကယ် မြေပြင်တွင် ဒေသခံများက ထွန်ယက် စိုက်ပျိုးလုပ်ကိုင်နေသော မြေယာများဖြစ်နေသည်။ မြေယာလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်း မှာလည်း ဒေသခံအားလုံးအား အလွယ်တကူရရှိစေရန် မြေစာရင်းဌာနနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးများက တပြေးညီ ဆောင်ရွက်ပေးထားခြင်းမရှိသဖြင့် စိုက်ပျိုးနေသော ဒေသခံများမှာ ပုံစံ (၇) မရှိကြပေ။ သို့ဖြစ်၍ ၎င်းတို့စိုက်ပျိုးနေသောမြေကို အချိန်မရွေး သိမ်းယူပိုင်ခွင့်ရှိသည့် အနေအထားပင် ဖြစ်သည်။
လယ်ယာမြေသိမ်းယူမှုများတွင်လည်း မြေယာဆိုင်ရာဗဟိုကော်မတီမှ လုပ်ပိုင်ခွင့်ပေး ထားသော လွတ်လပ်သည့် တရားစီရင်ရေးမဏ္ဍိုင် မရှိပေ (ပုဒ်မ ၂၅)။ သို့သော် မြေယာဆိုင် ရာနှင့်ပတ်သက်သော ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခွင့်ပေးသည့်တိုင် လယ်ယာမြေများအား တရားဝင် မှတ်ပုံတင်ထားခြင်းမရှိပါက အမှုဖြစ်သည့်အခါ တရားဝင် ချိတ်ဆက်လုပ်ပိုင်ခွင့်များ မရှိပေ။ တဦးချင်းဆန္ဒပြမှုများသည် စီမံကိန်းလုပ်ဆောင်ချက်များအား အနှောင့်အယှက်ဖြစ်စေ ပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်သုံးနှစ်၊ သို့မဟုတ် ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ရိုက်နိုင်သည် ဟု ပုဒ်မ ၂၆ နှင့် ၂၈ တွင် ဖော်ပြထားသည်။

မွန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှထုတ်သော အစီရင်ခံစာ
(Mon Human Rights Watch Report)
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဈေးကွက်စီးပွားရေးကို ပုံဖော်မည်ဖြစ်ပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုကိုလည်း အလေးထားမည်ဟု (ပုဒ်မ ၃၅ နှင့် ၃၇) ပါရှိသည့်အတွက် အစိုးရအနေဖြင့် လယ်သမားများအား ကာကွယ်ပေးနိုင်ရန် လိုအပ်သောဥပဒေများ ရေးဆွဲပြဌာန်းရမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည်ဟု ဆိုထားသဖြင့် အစိုးရ သည် လိုအပ်ပါက များပြားသောမြေများကို ဖိအားသုံး၍ သိမ်းယူနိုင်သည်ဆိုသော မူဝါဒနှင့် ဆိုရှယ်လစ်အစိုးရလက်ထက်က အားပေးခဲ့သော ကိုယ့်အားကိုယ်ကိုးစီးပွားရေးဖွံ့ဖြိုးမှုနှင့် သွင်း ကုန်အစားထိုး စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကဲ့သို့သော မူဝါဒများက ပိုမိုဆိုးရွားသောရလဒ်များကို ဖြစ်ပေါ်စေခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့အကြား သဘောတူညီမှုတခု အဖြစ် မွန်ပြည်နယ်တောင်ဘက် ရေးမြို့နယ်တွင် တပ်မတော်က များပြားသောမြေယာများကို သိမ်းယူမှုများရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြေယာဥပဒေများ ထွက်ခဲ့သော်လည်း လယ်သမားများရင်ဆိုင်နေရသည့် မတရား လယ်မြေအသိမ်းခံရမှုများအား ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့ပေ။ ဤကဲ့သို့ အတိတ်မှ လယ်မြေ သိမ်းယူခံရမှုများကို ဥပဒေအရ အကာအကွယ်ပေးမှု မရှိသောကြောင့် အနာဂတ်တွင်လည်း ဆက်လက်သိမ်းယူခံရမည့် အလားအလာများ ရှိနေပါသည်။

Karen civil society organizations, Ethnic Peace Resources Project (EPRP)
Hpa-an, Karen State, October 2016,
Report on Land Problems in Karen State, Myanmar
ကုမ္ပဏီများကမူ မြို့သစ်ချဲ့ရန်၊ အဝေးပြေးလမ်းဖောက်ရန်၊ ဈေး၊ ကျောင်း၊ ဘတ်စ်ကား ဂိတ်၊ ကစားကွင်း၊ တန်ဖိုးနည်းအိမ်ရာ၊ စီမံကိန်းသီးနှံစိုက်ပျိုးရေး စသည့် အကြောင်းရင်းများဖြင့် သိမ်းယူလေ့ရှိသည်။ အကယ်၍ အဆိုပြုစီမံကိန်းများ အကောင်အထည်မဖော်နိုင်လျှင် သိမ်းယူ ထားသောမြေများကို အခြားစီးပွားရေးသမားများသို့ ရောင်းလိုက်ကြသည်။ ဝန်ကြီးဌာနတခုက မြေသိမ်းပြီးလျှင် အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းလိုက်ပြီး နောက်ဆုံးတွင် ခရိုနီ စီးပွားရေးသမား များထံသို့ ရောက်သွားကြသည်။ အချို့မြေများကို သိမ်းယူရာတွင် လက်နက်ကိုင်အဖွဲ့များ ခေါင်းစဉ်တပ်၍ သိမ်းယူလေ့ရှိသည်။
အဆိုပြုစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဒေသခံများအား ကြိုတင်အသိပေး လုပ်ဆောင်ခြင်းများ မရှိပေ။ မြေယာများသိမ်းယူရာတွင် ပလပ်မြေနှင့် မြေလွတ်မြေရိုင်းများကို ချန်ထားပြီး သီးနှံများ၊ စိုက်ပျိုးပင်များရှိသော မြေများကိုသာ သိမ်းယူလေ့ရှိသည်။ ထို့အတွက် ကြောင့် ဒေသခံများမှာ စိုက်ပျိုးထားသော သီးနှံပျိုးပင်များ ပျက်စီးရခြင်းဖြစ်သည်။

Exit, Voice, Loyalty, Neglect among Myanmar peasants: land tenure
insecurity and labor issues in rural communities, Su Mon Thazin Aung, 2013
Hirschman (1970) ၏သီအိုရီအရ စားသုံးသူများ၏ စိတ်မကျေနပ်မှုများကို ဖော် ပြရာတွင် ပထမရွေးချယ်မှုဖြစ်သည့် ထွက်ခွာမှု (Exit) သည် ဝယ်သူက အဆိုပါကုန်စည်အား ပြိုင်ဘက်ဖြစ်သည့်ကုမ္ပဏီတွင် ဝယ်ယူခြင်း ဖြင့်တုံ့ပြန်ခြင်း၊ အလုပ်သမားဖြစ်ပါက ပြိုင် ဘက် အဖွဲ့အစည်းတခုတွင် သွားရောက်လုပ် ကိုင်ခြင်း၊ သို့မဟုတ် နိုင်ငံသားများက မကျေ နပ်မှုကို အခြားနိုင်ငံတခုသို့ ရွှေ့ပြောင်းသွား ခြင်းဖြင့် တုံ့ပြန်ခြင်း စသည့်အမူအကျင့်များ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။ အဆိုပါ ထွက်ခွာရန် ရွေးချယ်မှုသည် ပုဂ္ဂလိကအမြင် တွင် ပိုမိုကောင်းမွန်ရန် အခြေအနေတခုကို မတွေ့တော့သဖြင့် မိမိကိုယ်ကို ဖယ်ထုတ် ခြင်း၊ နုတ်ထွက်ခြင်း စသည်ဖြင့် မိမိကိုယ်တိုင် ပြန်လည်နာကျင်စေနိုင်သည့် ရွေးချယ်မှုကို ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယေဘုယျအားဖြင့် ပုဂ္ဂလိက လွတ် လပ်စွာပြုလုပ်သည့် ဆုံးဖြတ်ချက်သည် အခြားသော ပတ်သက်ဆက်နွယ်မှုတခုသို့ အပြောင်းအလဲလုပ်လိုက်ခြင်းဖြင့် နဂိုအနေ အထားကို အဆုံးသတ်လိုက်ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်မှုတွင်လည်း နောက်ထပ် ရွေးချယ်မှုအသစ် တခုကို စတင်လိုက်ရသဖြင့် အဆိုပါရွေးချယ်မှုအတွက် အရင်းအနှီးအားထုတ်ရမှုများနှင့် အချိန် ယူရမှုများ ထပ်တိုးလာပါသည်။ ဒုတိယရွေးချယ်မှုမှာ စားသုံးသူက ၎င်း၏ စိတ်မကျေနပ်မှုကို အသံထွက်ဖော်ထုတ်ရန် (Voice) ရွေးချယ်ခြင်းဖြစ်သည်။ ဟက်ရှ်မန်းရှုမြင်သည်မှာ ထုတ်ဖော် ပြောဆိုရန် ကြိုးပမ်းမှုသည် အခြေအနေတခုအား တားဆီးငြင်းဆိုပြီး လွတ်မြောက်သွားခြင်းထက် အပြောင်းအလဲတခုဖြစ်စေရန် တာဝန်ယူရင်ဆိုင်ဖြေရှင်းသော နည်းလမ်းဖြစ်သည်ဟုဆိုသည်။ ထုတ်ဖော်ပြောဆိုမှုကို အသုံးပြုမှုသည် လူအများကြား ပတ်သက်ဆက်နွယ်မှုများတွင် တရားဝင် ဖြေရှင်းသည့် နည်းလမ်းတခုဟု Hirschman (1970) ကယူဆပြီး၊ Freeman and Medoff (1984) တို့ကမူ ထုတ်ဖော် ငြင်းခုန်မှုသည် နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးကျေးဇူးရရှိစေသည်၊ သို့မဟုတ် စားသုံးသူ၊ အလုပ်သမားနှင့် အဖွဲ့အစည်းကြား ပိုမိုကောင်းမွန်သော အရည်အသွေး ရှိသည့် လုပ်ဆောင်ချက်များ ဖြစ်လာနိုင်သည်ဟု သုံးသပ်ထားသည်။
သစ္စာရှိမှု (loyalty) မှာ တတိယရွေးချယ်မှုဖြစ်ပြီး အခြေအနေဆိုးတခုကို ရင်ဆိုင်ရာတွင် မိမိတဦးတည်း တိတ်ဆိတ်စွာနေပြီး၊ ထွက်ခွာခြင်းပြဿနာကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ အခြေအနေကောင်းတခု ပေါ်လာချိန်ကို စောင့်စားနေခြင်းဖြစ်သည်။ Mahaffey, Neut and Taylor (1991) တို့က ဖော်ပြသည်မှာ သစ္စာစောင့်သိမှုသည် အားနည်းဖွံ့ဖြိုးမှုမရှိသေးသော အဖွဲ့ အစည်းများက လိုလားသည့် အမြင်တခုဖြစ်သည်ဟုဆိုသည်။ သို့သော် မကျေနပ်မှုကို သစ္စာ ရှိမှုဖြင့် တုံ့ပြန်မှုမှာ အသံထွက်ပြောဆိုမှုနှင့် ထွက်ခွာမှုမပြုလုပ်မီ အလယ်အလတ် ရွေးချယ်မှုတခု ဖြစ်နိုင်သည်ဟု ဟက်ရှ်မန်းကသုံးသပ်သည်။ ဤ EVL သီအိုရီ၏ တိကျမှုမရှိသည့် အဓိပ္ပာယ်များ ကြောင့် ငြင်းခုံမှုများ၊ ဝေဖန်မှုများလည်း မြောက်မြားစွာရှိခဲ့ပါသည်။ Leck and Saunders (1992) တို့က အကြံပြုသည်မှာ သစ္စာရှိမှုထက် သည်းခံမှုရှိခြင်းဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ပြီး နာကျင် မှု၊ စိတ်မကျေနပ်မှုများအပေါ် အကောင်းမြင်သော ခံနိုင်ရည်ရှိမှုဟု ဆိုလိုသည်။

သုတေသနတွေ့ရှိချက်
မွန်ပြည်နယ်ရှိ မြေယာသိမ်းဆည်းမှုများအား လေ့လာရာတွင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် ဝန်းကျင်အတွင်း လယ်မြေသိမ်းဆည်းခံရသည် လယ်သမားများအား တွေ့ဆုံမေးမြန်းမှု များကို အခြေခံထားပါသည်။ မြေယာသိမ်းဆည်းခံရမှုကြောင့် လူမှုဘဝ အပြောင်းအလဲများအား လေ့လာရာတွင် လယ်မြေသိမ်းခံရပြီး တနှစ်အတွင်း အဖြစ်အပျက်များကို အခြေခံထားပါသည်။

မြေယာသိမ်းဆည်းခံရမှုအပေါ် လယ်သမားများတုံ့ပြန်သည့် မကျေနပ်မှုများအား လေ့လာရာတွင် သီအိုရီအရ Prof Hirschman\EVLN (Exit, Voice, Loyalty, Neglect) မိုဒယ် အား အသုံးပြုထားပါသည်။ EVLN မိုဒယ်အရ မြေယာသိမ်းဆည်းခံရမှုအပေါ် လယ်သမားများ၏ တုံ့ပြန်မှုများကို လေ့လာရာတွင် နမူနာကောက်ယူထားသော စုစုပေါင်း လယ်သိမ်းခံရသူ ၁၂၉ ဦးတွင် ၆၆ ဒသမ ၅ ရာခိုင်နှုန်းသော လယ်သမားများသည် မည်သည့်တုံ့ပြန်မှုမှ မလုပ်ခဲ့ကြဘဲ လျစ်လျူရှုခဲ့ကြသည်။ ၉ ဒသမ ၅ ရာခိုင်နှုန်းသော လယ်သမားများမှာမူ အခြားနိုင်ငံသို့ ရွှေ့ ပြောင်းသွားပြီး၊ ၂၃ ရာခိုင်နှုန်းသောလယ်သမားများမှာ အစိုးရဌာနသို့ တိုင်စာများပို့ခဲ့ကြကာ ၁ ရာခိုင်နှုန်းသာ ပုဂ္ဂလိကဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟု တွေ့ရှိရပါသည်။ ဤတုံ့ပြန်မှုများကိုကြည့်ပါက EVLN မိုဒယ်၏ နှိုင်းယှဉ်ချက်များသည် လယ်သမားများ တုံ့ပြန်သောအချက်များဖြစ်သည့် ပြည်ပသို့ထွက်ခွာခြင်း (Exit)၊ ဆန္ဒပြခြင်း (Voice) နှင့် လျစ်လျူရှုခြင်း (Neglect) များတွင် မိုဒယ် ၏အဆိုအတိုင်း တုံ့ပြန်မှုများရှိသည်ကို တွေ့ရသည်။
မြေယာမှတ်ပုံတင်မှု ပုံစံ(၇)သည် မြေယာလုပ်ပိုင်ခွင့် တရားဝင်ရရှိစေပြီး မြေယာ သိမ်း ဆည်းခံရမှုဖြစ်ပေါ်ပါက တရားစွဲဆိုခြင်း၊ လျော်ကြေးရရှိရန် တောင်းဆိုနိုင်ခြင်းနှင့် အလွယ်တကူ သိမ်းယူမှုများကို ပိုမိုကာကွယ်ပေးနိုင်သည့် အထောက်အထားတခုဖြစ်သည်။ သို့ဖြစ်၍ အဆိုပါ မြေယာမှတ်ပုံတင်သည့်လုပ်ငန်းစဉ်ကို လေ့လာရာ၌ အများစုသော လယ်သမားများ ၅၄ ရာခိုင် နှုန်းသည် လွယ်ကူမှုမရှိ၊ အချိန်ကြန့်ကြာသည်ဟုဖြေကြသည်။ အချို့သောလယ်သမား ၃၅ ရာခိုင်နှုန်းသည် မြေယာမှတ်ပုံတင်လျှောက်ရန် လိုအပ်မှုကိုပင် သိရှိကြခြင်းမရှိပါ။ မှတ်ပုံတင် ပြုလုပ်သည့် ကြာချိန်မှာလည်း အချို့မှာ ငါးရက်အတွင်းရသည်ဟု ဖြေဆိုကြပြီး အချို့မှာ တနှစ်မှ သုံးနှစ်အတွင်း ကြာမြင့်သည်ဟု ဖြေဆိုကြသည်။ မြေယာမှတ်ပုံတင်လျှောက်ရာတွင် ကုန်ကျ စရိတ်မှာလည်း တူညီမှုမရှိကြဘဲ အချို့မှာ တသောင်းအောက်ကုန်ကျသည်ဟုဖြေပြီး အချို့မှာ ကျပ်ငွေ တသိန်းမှ သုံးသိန်းအထိကုန်ကျသည်ဟုဆိုသည်။ ထပ်မံသိရှိရသော သတင်းအချက် အလက်များအရ ပုံစံ(၇)ကို မြို့နှင့်နီးသောဒေသများတွင် အလွယ်တကူရရှိစေရန် ထုတ်ပေးပြီး မြို့နှင့်ဝေးကွာသော ကျေးရွာများတွင်မူ မထုတ်ပေးဘဲ လျစ်လျူရှုထားသည့်အတွက်ကြောင့် ကျေးရွာများတွင် မြေယာသိမ်းဆည်းမှုများကို အများမသိရှိဘဲ အလွယ်တကူ သိမ်းယူမှုများ လုပ် ကိုင်နိုင်ခြင်း ဖြစ်သည်။
ဒေသခံများမှာ မြေယာသိမ်းဆည်းခံရပြီးနောက် ၎င်းတို့၏ သက်မွေးဝမ်းကြောင်းများ ပြောင်းလဲသွားသည်ကို တွေ့ရှိရပါသည်။ မြေယာသိမ်းဆည်းမခံရခင်က ဒေသခံများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး ကျပန်းလုပ်ကိုင်စားသောက်မှုသည် ၁ ရာခိုင်နှုန်းခန့်သာ ရှိကာ မြေယာသိမ်းဆည်းခံရပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၊ ကျပန်း လုပ်ကိုင်စားသောက်ရခြင်း ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း၊ ဝင်ငွေ အလုပ်အကိုင်မရှိဘဲ အချိန်အတော်ကြာ နေရခြင်းများရှိသည်ကို တွေ့ရသည်။ စိုက်ပျိုးရေးလုပ်ငန်း ဆက်လက်လုပ် ကိုင်ကြရာတွင် အကြီးစား ရာဘာနှင့် ဆန်စပါးစိုက်ပျိုးခြင်းမဟုတ်တော့ဘဲ ဥယျာဉ်ခြံမြေစိုက် ပျိုးရေးသို့ ၂၃ ရာခိုင်နှုန်းခန့် ကူးပြောင်းသွားသည်ကို တွေ့ရသည်။ အိမ်ထောင်စု ၂၆ ရာခိုင် နှုန်းမှာ များသောအားဖြင့် ပြန်ပို့ငွေကိုမှီခိုပြီး စိုက်ပျိုးရေးလုပ်ငန်းကို အနည်းငယ်တွဲ၍ မိသားစု စားဝတ်နေရေး ဖြေရှင်းကြသည်ကိုတွေ့ရသည်။ ထို့အပြင် ၎င်းတို့၏ သားသမီးများ ပညာ သင်ကြားမှုများမှာလည်း အချို့ ရပ်တန့်သွားသည်ကို တွေ့ရသည်။ မြေသိမ်းမခံရခင်က ကျောင်း သားစုစုပေါင်း ၁၆၇ ဦးပညာသင်ကြားနေပြီး မြေသိမ်းခံရပြီး တနှစ်အတွင်း ကျောင်းသား ၁၁၂ ယောက်သို့ လျော့ကျသွားသည်ကို တွေ့ရှိရပါသည်။ မြေသိမ်းခံရမှုအတွက် လျော်ကြေးပေးချေမှု များတွင်လည်း စုစုပေါင်း ၁၂၉ ဦး မြေသိမ်းခံရမှုတွင် ၃၃ ဦးသာ လျော်ကြေးရရှိပြီး ၎င်းတို့မှာ လည်း ရရှိသောလျော်ကြေးအပေါ်တွင် စိတ်ကျေနပ်မှုမရှိခဲ့ကြကြောင်း တွေ့ရှိရပါသည်။
မြေသိမ်းခံရသူ စုစုပေါင်း ၁၂၉ ဦးအား မွန်ပြည်နယ်၏ မြို့နယ် ငါးမြို့နယ်ဖြစ်သော သံဖြူ ဇရပ်၊ ပေါင်၊ ရေး၊ ကျိုက်မရောနှင့် ဘီးလင်းမြို့နယ်များတွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။ မြေသိမ်း ခံရသူ ၁၂၉ ဦးတွင် သိမ်းဆည်းခံရသောလယ်မြေများ၏ ၁၇ ရာခိုင်နှုန်းမှာ ပလပ်မြေ၊ မြေလွတ် မြေရိုင်းများဖြစ်သည်။ ၃၆ ရာခိုင်နှုန်းမှာ ဝယ်ယူထားသော လယ်မြေများဖြစ်ပြီး ၃၃ ရာခိုင်နှုန်း သည် အမွေရသောမြေများဖြစ်သည်ကို တွေ့ရသည်။ ၉ ရာခိုင်နှုန်းမှာ အမွေရမြေနှင့် ဝယ်ယူထား သောမြေ အရောအနှောဖြစ်ပြီး နောက်ဆုံးကျန်သည့် ၅ ရာခိုင်နှုန်းမှာ ဝယ်ယူမြေ၊ မြေလွတ် မြေရိုင်းနှင့် အမွေရမြေများ ရောနှောထားခြင်းဖြစ်သည်။

မြေသိမ်းမခံရသော လယ်သမားများ
မြေသိမ်းမခံရသော လယ်သမားများ၏ မြေယာပိုင်ဆိုင်မှုကို မေးရာတွင် စုစုပေါင်း ၇၁ ဦးအား မေးမြန်းခဲ့သည်။ ၎င်းတို့အထဲမှ ၅၂ ရာခိုင်နှုန်း၏ လယ်မြေများမှာ ဝယ်ယူထားသော လယ်မြေများဖြစ်ပြီး၊ ၃၂ ဒသမ ၆ ရာခိုင်နှုန်းမှာ အမွေရထားသောမြေများ ဖြစ်ကြသည်။ ၁ ဒသမ ၄ ရာခိုင်နှုန်းသော လယ်မြေမှာ ပလပ်မြေများဖြစ်ကာ ၁၄ ရာခိုင်နှုန်းသော လယ်မြေများသည် ဝယ်ယူထားသောမြေနှင့် အမွေရထားသောမြေများ ဖြစ်သည်။

မြေယာလုပ်ပိုင်ခွင့် ပုံစံ(၇)လျှောက်ရာတွင် တွေ့ရသော
အခက်အခဲများနှင့် လျှောက်ထားမှုအနေအထား
မြေယာလုပ်ပိုင်ခွင့်အတွက် ပုံစံ(၇)လျှောက်ထားရာတွင် အခက်အခဲများ မျိုးစုံရှိကြသည် ကိုတွေ့ရသည်။ သို့သော် အနည်းစုသော လယ်သမားများက ပုံစံ(၇)လျှောက်ရခြင်းသည် လွယ် ကူမှုရှိကြောင်း ဖြေဆိုသည်ကို တွေ့ရသည်။ ဖြေဆိုသူများတွင် ၅၄ ရာခိုင်နှုန်းသည် ပုံစံ(၇) လျှောက်ရာတွင် အချိန်ကြာမြင့်ခြင်းသည် အဓိက အခက်အခဲဖြစ်ကြောင်းဆိုသည်။ ၃၅ ရာခိုင် နှုန်းမှာ အချိန်ကြာခြင်း၊ လျှောက်ထားရန်အတွက် လိုအပ်ချက်များကို မသိရှိခြင်း၊ မြေယာလုပ်ပိုင် ခွင့် မှတ်ပုံတင်ရန်လိုအပ်သည်ကို မသိရှိခြင်းကိုတွေ့ရသည်။ သို့သော် ၁၁ ရာခိုင်နှုန်းသော လယ် သမားများက ပုံစံ(၇)လျှောက်ရသည်မှာ လွယ်ကူမှုရှိသည်ဟုဆိုသည်။ အဆိုပါ တွေ့ရှိချက်များ အရ မြေယာလုပ်ပိုင်ခွင့် မှတ်ပုံတင်လုပ်ငန်းစဉ်သည် အားလုံး တပြေးညီမရှိဘဲ တစစီဖြစ်နေသည့် ပြည်သူ့ဝန်ဆောင်မှုများ ဖြစ်နေသည်ကို တွေ့ရသည်။

ပုံစံ(၇)လျှောက်ရာတွင် ကြာချိန်
ပုံစံ(၇)လျှောက်ရာတွင် ကြာချိန်ကိုမေးမြန်းရာ၌ စုစုပေါင်း ၁၀၁ ဦးတွင် ခြောက်ဦးမှာ ငါးရက်အောက်သာ ကြာမြင့်သည့် အချိန်ကာလတွင် ရရှိသွားကြပြီး ၂၀ ဦးမှာ တနှစ်မှ သုံးနှစ် အတွင်း ကြာသည်ဟု ဖြေဆိုပါသည်။ ထို့အပြင် ရှစ်ဦးကဖြေဆိုသည်မှာ လေးနှစ်မှ ခြောက်နှစ် ကြာသော်လည်း ရရှိခြင်းမရှိသေးကြောင်း ဆိုသည်။ ၆၀ ဦးမှာ ပုံစံ(၇)လျှောက်သည့် ကြာချိန်ကို ပင် သိရှိခြင်းမရှိပေ။ ယခင်က ပုံစံ(၇)ထုတ်ယူရန် မလိုအပ်သော်လည်း ၂၀၁၂ ခုနှစ် မြေယာ ဥပဒေအရ အဆိုပါ မြေယာလုပ်ပိုင်ခွင့်လက်မှတ်မှာ လိုအပ်လာပါသည်။ သို့သော် ဥပဒေ ထုတ်ပြီးသော်လည်း အဆိုပါဥပဒေအတိုင်း ပုံစံ(၇)ထုတ်ပေးမှုမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်နေ သည်ကို တွေ့ရှိရပါသည်။

ပုံစံ(၇)လျှောက်ရာတွင် ကုန်ကျစရိတ်
ပုံစံ(၇)ထုတ်ပေးမှုအတွက် ကုန်ကျစရိတ်ကို မေးမြန်းရာတွင် လုံးဝမသိသူမှာ ပေါင် မြို့နယ်တွင် ၂၀ ရာခိုင်နှုန်းနှင့် သံဖြူဇရပ်မြို့နယ်တွင် ၂၃ ရာခိုင်နှုန်းရှိပြီး ကျန်သော မြို့နယ်များ တွင်လည်း အသီးသီး မသိရှိသူများရှိကြပါသည်။ သံဖြူဇရပ်မြို့တွင် ကုန်ကျစရိတ်သည် ငွေကျပ် တသိန်းမှ သုံးသိန်းအထိရှိသည်ဟု ဖြေဆိုသူ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ပေါင်မြို့နယ်တွင် ၁၅၀ဝ ကျပ်မှ ၂၅၀ဝ ကျပ်အထိ ကုန်ကျသည်ဟု ဖြေဆိုသူ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။

မြေအသိမ်းမခံရမီနှင့် မြေသိမ်းခံရပြီးနောက်
အသက်မွေးဝမ်းကျောင်းလုပ်ငန်း
မြေယာသိမ်းဆည်းမှုကြောင့် အိမ်ထောင်စုများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြောင်းလဲမှုရှိမရှိ လေ့လာရာတွင် တနှစ်အတွင်း မြေသိမ်းခံရသူ ၁၃၃ ဦးကို မေးမြန်းခဲ့ပါသည်။ မြေသိမ်းမခံရခင်က လယ်သမားအိမ်ထောင်စုများသည် စိုက်ပျိုးရေးကို ကျိုက်မရော၊ ပေါင်နှင့် မုဒုံတို့တွင် လုပ်ကိုင်ကြသည်ကို တွေ့ရပါသည်။ အဆိုပါမြို့များတွင် မြေယာသိမ်းခံရပြီး တနှစ် အတွင်း သက်မွေးဝမ်းကျောင်းကို မေးမြန်းသောအခါ ကျိုက်မရောတွင် နိုင်ငံခြားမှပြန်ပို့ငွေကို အဓိကအားပြုလာရသည်ကို တွေ့ရပါသည်။ ကျပန်းလုပ်ငန်းလုပ်ကိုင်မှုသည် သံဖြူဇရပ်တွင် ၁ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း၊ ဘီးလင်းတွင် ၁ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။ ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ကို တွေ့ရပါသည်။ အနည်းအကျဉ်းသာ လယ်ယာလုပ်ငန်း လုပ်ကိုင်သည်ကို တွေ့ရပြီး ဥယျာဉ်ခြံမြေလုပ်ငန်း၊ ကွမ်းစိုက်ပျိုးခြင်း၊ သစ်နှင့် ရာဘာစိုက်ပျိုးခြင်း အနည်းငယ်ရှိပြီး အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိသူများ အနည်းငယ် ပေါ်ပေါက်လာသည်။

မြေအသိမ်းမခံရမီနှင့် မြေသိမ်းခံရပြီးနောက်
လယ်သမားမိသားစု၏ ကျောင်းတက်သူဦးရေ
မြေယာသိမ်းဆည်းမှုကြောင့် ပညာဆက်လက်သင်ကြားမှု အခြေအနေ မည်ကဲ့သို့ သက် ရောက်သည်ကို ကြည့်ရာတွင် စုစုပေါင်း ၁၆၇ ဦးသော ကျောင်းသားများမှ ၁၁၂ ဦးသို့ လျော့ကျ သွားသည်ကိုတွေ့ရပြီး စုစုပေါင်း ၅၅ ဦးသော ကျောင်းသားများ ပညာသင်ကြားမှု ရပ်နား သွားသည်ကို တွေ့ရပါသည်။ မြို့နယ်တခုချင်းစီတွင်လည်း ကျောင်းသားအရေအတွက်များ လျော့နည်းသွားပြီး အထူးသဖြင့် ကျိုက်မရောနှင့် သံဖြူဇရပ်တို့တွင် ကျောင်းသားဦးရေမှာ ထက်ဝက်ခန့် လျော့ကျသွားသည်ကို တွေ့ရသည်။

လျော်ကြေးပေးမှုအပေါ် လယ်သမားများ၏ စိတ်ကျေနပ်မှုအခြေအနေ
မြေယာသိမ်းဆည်းမှုကြောင့် လျော်ကြေးပေးမှုနှင့် လက်ခံရရှိသော လယ်သမားများ၏ စိတ်ကျေနပ်မှုကို လေ့လာရာတွင် မြေသိမ်းခံရသူ စုစုပေါင်း ၁၂၉ ဦးတွင် ၃၃ ဦးသာ လျော်ကြေး ရရှိပါသည်။ လယ်သမားများမှာ လယ်မြေဆုံးရှုံးရုံသာမက စိုက်ပျိုးထားသော ဆန်စပါး၊ ရာဘာ နှင့် အခြား ရာသီပေါ်သီးနှံများလည်း ဆုံးရှုံးခဲ့ပါသည်။ သို့သော် လျော်ကြေးပမာဏမှာ နည်းပါး သဖြင့် စိတ်ကျေနပ်မှုမရှိကြပါဟု ဖြေဆိုကြသည်။

မွန်ပြည်နယ်၊ ထန်းပင်ချောင်ရွာ၏ မြေယာသိမ်းဆည်းမှု လေ့လာချက်
အစိုးရသတ္တုတွင်းဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့က
ဒေသတွင်းလယ်ယာမြေများကို သိမ်းယူခြင်း
မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်ရွာမှ လယ်သမား ၆၄ ဦး၏ ၅၀ဝ ဒသမ ၅၃ ဧကကို ၁၉၈၂-၈၃ ခုနှစ်တွင် နိုင်ငံတော်ပိုင် ဆားလုပ်ငန်းလုပ်ကိုင်ရန်အတွက် သတ္တုတွင်းဝန်ကြီး ဌာနအမည်ဖြင့် သိမ်းယူခဲ့ပါသည်။ ဆားလုပ်ငန်းလုပ်ရန် အမှန်တကယ်အသုံးပြုခဲ့သည့် မြေဧက မှာ ၂၀ဝ ဝန်းကျင်ခန့်သာ ရှိပါသည်။ အဆိုပါသိမ်းယူချိန်သည် ကောက်ရိတ်သိမ်းချိန်ဖြစ်သဖြင့် လယ်သမားများမှာ ဝင်ငွေရမည့်အချိန်တွင် ရောင်းချခွင့်မရ၊ လျော်ကြေးမရဘဲ မတရားသဖြင့် သိမ်းယူခြင်းခံခဲ့ရပါသည်။ အဆိုပါ သိမ်းဆည်းလယ်ယာမြေများတွင် ဆားလုပ်ငန်း လုပ်ကိုင် သော်လည်း အောင်မြင်မှုမရှိသဖြင့် တဧက ၅ တင်းနှုန်းဖြင့် သီးစား အငှားချထားခြင်းကို အခြား လယ်သမားများအား လုပ်ကိုင်စေခဲ့ပါသည်။ အဆိုပါလယ်မြေများတွင် နိုင်ငံတော် အကျိုးအမြတ် ဖြစ်ထွန်းစေမည့်၊ ဒေသခံများ အကျိုးဖြစ်ထွန်းစေမည့် မည်သည့်စီမံကိန်းမှ သိသာထင်ရှားစွာ လုပ်ကိုင်ခဲ့ခြင်းမရှိဟု လယ်မြေအသိမ်းခံရသည့် လယ်သမားများက ဆိုပါသည်။ ၂၀၁၄ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံတော်ကသိမ်းယူထားသည့် အဆိုပါလယ်မြေများကို အသိမ်းခံရသူတဦးချင်းဆီကို ဧကအတိအကျဖြင့် ပြန်လည်လုပ်ပိုင်ခွင့်ပေးခဲ့ပါသည်။ လယ်သမား များမှာ အသိမ်းခံရသည့် လယ်မြေများပြန်လည်ရရှိသဖြင့် နေ့စား ကျပန်းအလုပ်သမားဘဝမှ လယ်ပိုင်ရှင်ဘဝသို့ ပြန်လည်ရောက်ရှိပြီဟူသော အိပ်မက်များဖြင့် ချေးငွေများချေးယူကာ လယ်ယာလုပ်ငန်းကို အားတက်သရော ပြန်လည်လုပ်ကိုင်ခဲ့ကြပါသည်။
လယ်ယာလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကာ သုံးနှစ်လုပ်ကိုင်ခွင့်ရခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ အစိုးရသစ်အပြောင်းအလဲတွင် ဦးပိုင်ကုမ္ပဏီက ၎င်းတို့ပိုင်မြေများဟုသတ်မှတ် ကာ ပြန်လည်သိမ်းယူသွားပါသည်။ အဆိုပါသိမ်းယူမှုတွင် လယ်သမား ၂၄ ဦးမှာ ဖယ်ရှားပေး ခြင်းမရှိဘဲ ထွန်တုံးတိုက်ပွဲဝင်ကာ ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ ကျန်လယ်သမားများမှာ လျော်ကြေးမရရှိဘဲ စိုက်ပျိုးစပါးသီးနှံများတန်းလန်းဖြင့် သိမ်းယူခံခဲ့ရသည်။ သိမ်းယူထားသော လယ်မြေနေရာမှာ ပတ်လည်တွင် ချောင်းရှိပြီး လယ်မြေသို့ ဝင်ရောက်နိုင်သည့်ဝင်ပေါက်ကို သံတခါးပိတ်ထားသဖြင့် လယ်သမားများမှာ ၎င်းတို့လယ်မြေများသို့ ဖြတ်သန်းသွားလာခြင်းပင် လုပ်၍မရကြပါ။
လယ်မြေဆက်လက်လုပ်ကိုင်နေသည့် လယ်သမားများမှာလည်း နေထိုင်သော တဲများ၊ ရေအိုးများ၊ ငါးထောင်သောပိုက်များအား ဖျက်ဆီးခြင်း၊ လယ်မြေများအား ဆားငန်ရေသွင်းခြင်း များ အစရှိသည့် နှောင့်ယှက်မှုမျိုးစုံအား ကြုံတွေ့ခဲ့ကြပါသည်။ လယ်မြေသိမ်းယူခံရသည့် လယ် သမားများမှာလည်း တရားစွဲဆိုခံရခြင်း၊ ရုံးချိန်းသွားရခြင်းများဖြင့် ငွေကုန်ကြေးကျများခြင်း၊ အလုပ်ပျက်ခြင်း၊ စိုးရိမ်မှုများနှင့် စိတ်ဓာတ်ကျဆင်းလျက်ရှိပါသည်။ လုံးဝ အသိမ်းခံရသည့် လယ်သမားများမှာလည်း ၎င်းတို့ထံမှ သိမ်းယူထားသည့်လယ်များအား အသုံးချမှု တစုံတရာ မလုပ်ဘဲ ဒီအတိုင်း ကွက်လပ်ထားသည်ကို နေ့စဉ် တွေ့မြင်နေရသည့်အတွက် မကျေနပ်မှုများ၊ မတရားသဖြင့် အနိုင်ကျင့်ခံရမှုများအား မခံမရပ်နိုင်ဖြစ်နေကြသည်။ ထန်းပင်ချောင်ရွာသည် လယ်ယာစိုက်ပျိုးရေးနှင့် ငါး၊ ဆိတ်၊ ဘဲ မွေးမြူရေးကိုသာ အဓိကဝင်ငွေရသည့် လုပ်ငန်းများအဖြစ် လုပ်ကိုင်နေရသည့် ရွာဖြစ်သည်။ အခြားဝင်ငွေရလိုပါက အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အလုပ်သမား ဘဝအဖြစ် ရွှေ့ပြောင်းလုပ်ကိုင် ခြင်းသာရှိ သည်။ ရွေးချယ်စရာ စက်မှုလက်မှု ကုန်ထုတ် လုပ်ငန်းများ၊ ကုန်သွယ်မှုများမရှိပေ။
လယ်မြေ သိမ်းဆည်းခံရပြီးနောက် အများစုသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရွှေ့ ပြောင်းကြပြီး ပြန်ပို့ငွေများဖြင့် မိသားစုကို ထောက်ပံ့ကြသည်။ ရွှေ့ပြောင်းသွားသော လူငယ်များသည် ကျောင်းထွက်၍ သွား ရောက်လုပ်ကိုင်ကြသဖြင့် အများစုသည် အတန်းပညာအားဖြင့် မူလတန်း၊ အနည်း စုမှာ အလယ်တန်းပညာသာ တတ်မြောက် ကြသည်။ ရွာတွင် အသက်ကြီးသူများ၊ကလေး များသာ အများစုကျန်သည်။ မွန်လူမျိုး မဟုတ်သော မွတ်ဆလင်မိသားစုအချို့ သည် လယ်မြေများ သိမ်းယူခံရသော်လည်း ထိုင်း နိုင်ငံသို့ မရွှေ့ပြောင်းဘဲ ရန်ကုန်တွင် ကြုံရာ ကျပန်း လုပ်ကိုင်ကြသည်။ အချို့ မွတ်ဆလင် မိသားစုသည် ရွာတွင် ဆိတ်၊ ကြက်ဘဲနှင့် ငါးမွေးမြူခြင်းများ ဆက်လက်လုပ်ကိုင်ကြသည်။ ၎င်း တို့သည် အခြားနိုင်ငံသို့ရွှေ့ပြောင်းပြီး လုပ်ကိုင်ရသည်ကို ဝါသနာမပါဟုဆိုသည်။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကိုသာ ရွာတွင် လုပ်ကိုင်စားသောက်လိုသူများဖြစ်သည်။ လယ်မြေများပြန်ရ သဖြင့် ကျပန်း အလုပ်သမားဘဝမှကျွတ်လွတ်ပြီး လယ်ပိုင်ရှင်ဘဝဖြင့် ရပ်တည်မည်ဆိုသော ၎င်းတို့အိပ်မက်များ အကောင်အထည်ပေါ်ရန် စိတ်အားထက်သန်ခဲ့ကြသည်။ ရွာနီးချုပ်စပ်မှ ခင်မင်ရာ အိမ်နီးချင်းများထံမှ အတိုးဖြင့်ငွေချေးခဲ့ကြပြီး လယ်ယာတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
သုံးနှစ်လုပ်ပြီး အကြွေးများပြန်ဆပ်နိုင်ရန် အားခဲထားသောလယ်သမားများမှာ စိုက်ပျိုး ထားသောလယ်များ ပြန်လည်သိမ်းယူခံရသဖြင့် ရုတ်တရက်လည်ပတ်ရန် အားယူနေသော လယ်ယာလုပ်ငန်းများရပ်တန့်ပြီး အလုပ်အကိုင်မရှိဘဝတွင် အကြွေးပါ အဆစ်ပါသည့် အခြေ အနေ ရောက်ခဲ့ကြပါသည်။ အခြား ဆက်လက်လုပ်ကိုင်နေသည့် လယ်သမားများမှာလည်း ရိတ်သိမ်းချိန်တွင် လယ်ထဲ ရိတ်သိမ်းချွေလှေ့စက်ဝင်ရောက်သည့် တံတားကို ပိတ်ထားသဖြင့် စပါးဈေးကောင်းချိန် ရိတ်သိမ်းရောင်းချခွင့်မရဘဲ ချောင်းရေကျချိန်တွင်သာ ရိတ်သိမ်းနိုင်တော့ မည်ဖြစ်သည်။
လယ်ယာမြေလုပ်ပိုင်ခွင်လက်မှတ် ပုံစံ(၇)လျှောက်ခြင်း
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးရုံးမှ မြေယာလုပ်ပိုင်ခွင့် ပုံစံ(၇)ကို လယ်သမား အတော်များများအား ထုတ်ပေးခဲ့သည်။ သို့သော် ဆားကွင်းမှ လယ်သမားအချို့ သည် ပုံစံ(၇)လျှောက်ရန် ရုံးသို့တင်ခဲ့သော်လည်း ထုတ်ပေးခဲ့ခြင်းမရှိပေ။ အချို့လယ်သမား များမှာ ပုံစံ(၇)လျှောက်ရန်လိုအပ်သည်ကိုပင် သိရှိခြင်းမရှိကြပေ။ ထို့ကြောင့် ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်တွင် USDP အစိုးရလက်ထက်က ဝေငှထားသောလယ်မြေများကို ပြန်လည် သိမ်းယူသွားကြသည်။ မြေယာလုပ်ပိုင်ခွင့် ပုံစံ(၇)မရှိသဖြင့် ၎င်းတို့အား ဝေငှထားသော လယ် မြေများကို အလွယ်တကူ ပြန်လည်သိမ်းယူခြင်းများသည် နှစ်ကာလကြာရှည်စွာ တည်ဆောက် ယူရသည့် အိမ်ထောင်စုမြောက်မြားစွာ၏ ဘဝတည်ငြိမ်မှုကို တရားဥပဒေစိုးမိုးမှုမရှိဘဲ အလွယ် တကူ ဖျက်ဆီးနိုင်ခွင့်ရရှိနိုင်သကဲ့သို့ ဖြစ်နေပါသည်။

ကုန်ထုတ်လုပ်မှုမရှိသော ဆုံးရှုံးလယ်မြေများနှင့်
လူမှုဘဝမတည်ငြိမ်မှု ဖြစ်နိုင်ခြေအကျိုးဆက်များ
အဆိုပါ ၅၀ဝ ဒသမ ၅၃ ဧကရှိသော ဆားကွင်းလယ်မြေများသည့် နှစ်ပေါင်း ၃၀ ကျော် သိမ်းယူခဲ့သော်လည်း နဂိုရည်ရွယ်ထားသည့် ဆားထုတ်လုပ်မှုကိုလည်း ထိရောက်စွာ လုပ်ကိုင် နိုင်ခြင်းမရှိဟု လယ်သမားများက ဆိုပါသည်။ သို့ဖြစ်၍ အခြားလယ်သမားများကို သီးစား အငှား ချထားခြင်းများ လုပ်ကိုင်ခဲ့ကြသည်။ လယ်သမားများက အဆိုပါဆားကွင်းလယ်သည် နိုင်ငံ တော် သို့မဟုတ် ဦးပိုင်ကုမ္ပဏီက သိမ်းယူခြင်း စသည့် တိကျသေချာသော မူလသိမ်းယူသည့် ဌာနကို သိရှိခြင်းမရှိကြပါ။ လယ်မြေများကို မူလသိမ်းယူခံသူများအား ပြန်လည်အပ်နှံပြီး ဒုတိယ အကြိမ် ပြန်လည်သိမ်းယူပြီးချိန်တွင်လည်း မည်သည့်စီမံကိန်းမျှ အကောင်အထည်ဖော်ခြင်း မရှိ သေးပါ။ လယ်တဧက စိုက်ပျိုးပါက တင်း ၆၀၊ ၇၀ ခန့်ထွက်ရှိပြီး တင်း ၁၀ဝ လျှင် စပါး ဈေး ကောင်းချိန် တန်ဆောင်မုန်း၊ နတ်တော်လများတွင် ကျပ်ငွေ ရှစ်သိန်းခန့်အထိ ရလေ့ရှိပါသည်။ ကျန် သိမ်းယူပြီးသော လယ်များမှာလည်း တနှစ်ကြာသည်အထိ အကောင်အထည်ဖော်မှု မရှိ သဖြင့် ငွေကြေးနှင့် ကုန်ထုတ်လုပ်မှု ဆုံးရှုံးမှုပမာဏကို တွက်ကြည့်လျင် စပါးဈေးနှုန်းကျချိန် တန်ဖိုးနှင့်ပင် ၂၇၁ ဧကတွင် စပါးတင်းပေါင်း ၁၈ç၉၇၀ နှင့် ငွေကျပ်သိန်းပေါင်း တထောင့် ငါးရာ တဆယ့်ခုနစ်သိန်း (၁၅၁,၇၆၀, ဝဝဝ) ခန့် ဆုံးရှုံးနေပြီဖြစ်သည်။
အဆိုပါလ ကုန်လွန်သည်နှင့် စပါးဈေးသည် ကျပ်ခြောက်သိန်းခန့်အထိ ကျလေ့ရှိပါ သည်။ သို့ဖြစ်ရာ လယ်သမားများသည် စပါးဈေးကောင်းချိန်ကိုစောင့်ပြီး အလျင်အမြန် ရောင်း ချနိုင်အောင် ဆောင်ရွက်ရလေ့ရှိပါသည်။ လယ်မြေဆက်လက်လုပ်ကိုင်နေသည့် လယ်သမားများ မှာ ရိတ်သိမ်းခွင့်အချိန်မမီသောကြောင့် စပါးဈေးကျချိန်မှသာ ရောင်းချရမည်ဖြစ်သဖြင့် အရင်း မကာမိဘဲ အရှုံးခံရောင်းရမည်ဖြစ်ပါသည်။
တောနေလူထုအတွက် လယ်ယာမှလွဲ၍ အခြားရွေးချယ်လုပ်ကိုင်စရာ မရှိသဖြင့် လူငယ် အများစု ကျောင်းပြီးဆုံးအောင်ပညာမသင်နိုင်ဘဲ အခြားမြို့များသို့ ရွှေ့ပြောင်းခြင်း၊ ပြည်ပသို့ ထွက်၍ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ခြင်းများသို့ ကူးပြောင်းလာကြပါသည်။ ပြည်ပသို့ ထွက်ခွာ လုပ်ကိုင်ရာတွင် ဝင်ငွေရသော်လည်း လုပ်ကိုင်ရသောအလုပ်များမှာ များသောအားဖြင့် အလုပ် ကြမ်းအဆင့်အလုပ်များ ဖြစ်ပါသည်။ ပြည်တွင်းသို့ပြောင်းရွှေ့ပါကလည်း ကောင်းမွန်သောအလုပ် ချက်ချင်းမရနိုင်ဘဲ အခြားလမ်းလွဲသော လုပ်ကိုင်စားသောက်ရမှုများသို့ ပြောင်းလဲသွားလေ့ရှိ သည်ဟု ရွာသားအချို့ကဆိုပါသည်။ သို့သော် အိမ်နီးချင်းနိုင်ငံမှ ပြန်ပို့ငွေများဖြင့် ဒေသခံများ သည် အိမ်ရာကောင်းများ ဆောက်နိုင်ခြင်း၊ လူနေမှုအဆင့်မြင့်မားလာခြင်းများလည်း ရှိပါသည်။ အဆိုပါပြန်ပို့ငွေများကို စနစ်တကျစုဆောင်းပြီး ပညာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ စီးပွားရေး အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်လျှင် နောင်တွင် ပြည်ပ၌ အလုပ်ကြမ်း လုပ်ကိုင်စားသောက် ရခြင်းမှ လွတ်ကင်းမည်ဖြစ်သည်။

နိဂုံး
တောနေလူထုအတွက် လယ်ယာစိုက်ပျိုးရေးသည်သာ အဓိကအားထားရာဖြစ်ရာ အဆိုပါလုပ်ငန်း ရပ်တန့်ပါက လူမှုဘဝ အပြောင်းအလဲများ၊ မတည်ငြိမ်မှုများ ဖြစ်လာနိုင်ပါသည်။ သုတေသနလေ့လာတွေ့ရှိချက်များအရ မွန်ပြည်နယ်မှ မြို့ပြနှင့်ပြည်ပသို့ ရွှေ့ပြောင်း နေထိုင် လုပ်ကိုင်မှုများသည် မြေယာသိမ်းဆည်းခံရသဖြင့် ရွာတွင် ဝင်ငွေရအလုပ်များ ရပ်တန့်သွား ရသော အကြောင်းရင်းများအနက် တခုအပါအဝင်ဖြစ်သည်။ ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်မှု များမှာ မိသားစုဝင်ငွေများတိုးသဖြင့် အပေါင်းလက္ခဏာရှိသော်လည်း၊ ပညာ ဆက်လက်သင် ကြားမှု ရပ်တန့်သဖြင့် ပညာရေးနိမ့်ကျခြင်း၊ အလုပ်ကြမ်းများလုပ်ရသဖြင့် ကျွမ်းကျင်တတ် မြောက်ရန် လိုအပ်သော အရည်အချင်းများ ကျဆင်းခြင်း၊ မိသားစုများဝေးကွာခြင်း၊ အခြား အလုပ်အကိုင်နှင့် ရွှေ့ပြောင်းမှု ခေါင်းပုံဖြတ်ခံရခြင်း၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများ တွေ့ကြုံရခြင်း စသည့် အနှုတ်လက္ခဏာများလည်း ရှိပါသည်။

မူဝါဒအကြံပြုချက်များ

၁။ သုတေသနတွေ့ရှိချက်များအရ လယ်သိမ်းခံရသူများ၏ လယ်များမှာ များသောအားဖြင့် အမွေရထားသော၊ ဝယ်ထားသောမြေများဖြစ်ပြီး မြေလွတ်၊ မြေရိုင်းအရေအတွက်မှာ နည်းပါးသည်။ ပြဿနာမှာ မြေပြင်ရှိမြေယာများတွင် လယ်သမားများ စိုက်ပျိုးနေ သော်လည်း မြေစာရင်းဌာနရှိစာရင်းမှာ မြေလွတ်၊ မြေလပ်အဖြစ် စာရင်းမှတ်ထားခြင်း က အဓိကပြဿနာဖြစ်လာသဖြင့် မြေယာစာရင်းများသည် မြေပြင်နှင့် စာရင်းအင်း ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။ ထို့အပြင် မြေအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်သင့်ပါသည်။
၂။ မြေယာများသိမ်းယူရာတွင် ပွင့်လင်းမြင်သာမူနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိရန် လိုအပ်ပြီး၊ အကောင်အထည်ဖော်မည့် စီမံကိန်းအတွက် အသုံးပြုမည့်မြေယာအား လျော်ကြေး သတ်မှတ်ရာတွင် ဈေးကွက်ကိုအခြေခံသည့် တန်ဖိုးဖြတ်မှု ဖြစ်ရမည်။ လယ်မြေများ သိမ်းဆည်းခံရသဖြင့် လယ်သမားမိသားစုများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြောင်းလဲကာ သားသမီးများ၏ပညာရေးများလည်း ရပ်တန့်သွားသည်ကို တွေ့ရသည်။ ဖွံ့ဖြိုးရေးအတွက် မြေသိမ်းဆည်းမှုများ နောင်တွင်ရှိလာပါက အသိမ်းခံရသော မိသားစု များ၏ ဆုံးရှုံးနိုင်ခြေရှိသော ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်များ ရရှိစေရန် ဆောင်ရွက်ပေးခြင်းတို့အား ပြုလုပ်ပေးရမည်ဖြစ်သည်။ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် မြေ ပိုင်ဆိုင်မှုကို အဓိပ္ပာယ်သတ်မှတ်ရာတွင် အစိုးရအနေဖြင့် အထူးဂရုပြုလုပ်ဆောင်သင့်ပြီး ပိုင်ရှင်အား ထိရောက်သောလျော်ကြေးကို ပေးလျော်ရမည်ဖြစ်သည်။
၃။ ထို့အပြင် စီမံကိန်းအတွက် သိမ်းဆည်းမြေများအား အသုံးမပြုဘဲ နှစ်ရှည်လများ ပစ် ထားခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးရုံသာမက မူလလုပ်ကိုင်နေသူများ၏ မိသားစု စားဝတ်နေရေးကိုပါ ထိခိုက်နစ်နာစေသဖြင့် အဆိုပါ အသုံးမပြုသော သိမ်းဆည်းမြေ များကို လုပ်ပိုင်ခွင့်ရှိသော စုံစမ်းစစ်ဆေးရေးအဖွဲ့တခုမှ မူလအသုံးပြုခဲ့သူများနှင့် လယ်မဲ့ယာမဲ့များကို ဆင်းရဲမှုပပျောက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြန်လည်ဝေငှပေးရန် လိုအပ်ပါသည်။ ဤကဲ့သို့ တရားဝင်ပြုလုပ်နိုင်ရန် ဥပဒေ ပြဌာန်းခြင်း၊ သို့မဟုတ် အစိုးရ၏အမိန့်အာဏာဖြင့် ဆောင်ရွက်ခြင်းကို လုပ်ဆောင်ခြင်း ဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်ပါသည်။
၄။ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ ကုမ္ပဏီများ၏ စီမံကိန်းများလက်ခံရာတွင် စီမံကိန်းတခုချင်းစီ အတွက် စရိတ်နှင့် အမြတ်အစွန်းစိစစ်မှု၊ စီမံကိန်းငွေကြေးပမာဏ အစီရင်ခံစာ၊ အကောင်အထည်ဖော်နိုင်မည့် နည်းပညာဆိုင်ရာအစီရင်ခံစာ၊ အချိန်ကာလအလိုက် စီမံကိန်းပြီးစီးနိုင်မှု၊ လူမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု အခြေအနေများအား သုံးသပ်လေ့လာထားသည့် အစီရင်ခံစာများအား ဂရုတစိုက် သုံးသပ်ရမည်ဖြစ်ပါသည်။
၅။ မြေယာလုပ်ပိုင်ခွင့် ပုံစံ(၇) ပြုလုပ်မှုတွင်လည်း ဌာနမှဝန်ထမ်းများ မမှန်မကန်ပြုလုပ်မှု များရှိနေသဖြင့် စစ်ဆေးပြီး ထိရောက်စွာဆောင်ရွက်ရန် လိုအပ်ပါသည်။ ပုံစံ(၇) ထုတ် ပေးမှုတွင် မြို့နှင့်နီးသော လယ်မြေများတွင်သာမက မြို့နှင့်ဝေးသော လယ်မြေများကိုပါ တပြေးညီ လုပ်ဆောင်ပေးရန် စီမံသင့်ပါသည်။
၆။ အစိုးရပိုင်မြေများ ငှားရမ်းခြင်း၊ ရောင်းချခြင်းများတွင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် တိကျသော နည်းဥပဒေများ၊ နည်းလမ်းများ ချမှတ်ထားရန် လိုအပ်ပါ သည်။
၇။ မြေယာများ အသုံးချရန်ပေးထားသည့် စီမံကိန်းများအား အစမှသည် လုပ်ဆောင်နေ သည့် ကာလတလျှောက် စောင့်ကြည့်အကဲဖြတ်နိုင်မှုလုပ်ဆောင်ရန် လိုအပ်ပါသည်။

ကျမ်းကိုးစာရင်း

Hirschman, Albert O. (1970). Exit, voice, and loyalty : responses to decline in firms, organizations, and states. Cambridge, Massachusetts: Harvard University Press. ISBN 0674276604.

Leck J.D., and Saunders D.M. Hirshman’s Loyalty: Attitude or Behavior? Employee Responsibilities and Rights Journal, 1992, 5, 219-230.

McCathy, S. (2016). Land tenure security and Policy tensions in Myanmar, Asia Pacific Issues. Analysis from the East-West Center.

Myanmar Karen civil society organizations (2016). Report on Land Problems in Karen State. Ethnic Peace Resources Project, Karen State.

Richard B, Freeman and JamesL Medoff (1984). What Do Union Do? New York: Basic Books.

Su Mon Tha Zin Aung (2013). Exit, Voice, Loyalty, Neglect among Myanmar peasants: land tenure insecurity and labor issues in rural communities. Powerpoint presented at the University of Hongkong.

The human right foundation of Monland-Burma. (2013). Mon Farmers Fights Unjust Land Acquisiton and barriers to their progress. ND-Burma.

Tom Mahaffey, Dean Neut, and Alison Taylor (1991). Exit, Voice, Loyalty and Neglect as Student Responses to Dissatisfaction: An Act Frequency Approach. The Canadian Journal Of Higher Education, Vol. XXI-1, 1991.

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment