ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှူး စိုင်းညွန့်လွင်အား မေးမြန်းခြင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ပြုပြင်ဖို့နဲ့ အစိုးရအဖွဲ့ကိုလည်း ပြန်လည် သုံးသပ်ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ကိုယ်လုပ်နေတဲ့လုပ်ငန်း တုံ့ဆိုင်းနေခဲ့ရင် အဲဒီလုပ်ငန်းကို စပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီအချက်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။

■ ဖြေ   –         နှစ်ပေါင်း ၅၀ ကျော်လောက် စစ်တပ်ရဲ့ နည်းအမျိုးမျိုးနဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ကြရပြီးပြီ။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံလည်း ဖြစ်နေပြီဆိုတော့  ဒီတခါ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ကတော့ ၂၀၁၂၊ ၂၀၁၅ မဲဆွယ်ထားခဲ့သလို အရပ်သားအစိုးရ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အစိုးရတစ်ရပ်ကို ဖော်ဆောင်ပြီး ပျက်ယွင်းနေတဲ့ အခြေအနေတွေကို ပြန်လည် ဦးမော့လာအောင် ဦးတည်ချက်ထားသင့်တယ်လို့ ယူဆပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သား ဦးဆောင်တဲ့ အစိုးရ ဖြစ်ပေါ်ခဲ့တယ်။ တစ်နှစ်ပြည့်မှာ အရပ်သားအစိုးရ (လက်တွေ့မှာတော့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း အစိုးရ) ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲဒီအထိ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်လို့ (ပြောချင်ရင်) ပြောနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်နေပေမဲ့ ဖြောင့်ဖြူးတဲ့ လမ်းကြောင်းတော့ မဟုတ်ပြန်ပါဘူး။ အခက်အခဲတွေ ၊ အကြပ်အတည်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲလို့ မြင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေက စစ်တပ်ကို အာဏာအကြီးကြီးတွေ ဆက်ပြီး ပေးထားခဲ့တယ်။ လုပ်ပိုင်ခွင့်ကြီးနေတဲ့ စစ်တပ်နဲ့ အဆင်ပြေမှ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ပါမယ်။ မေးခွန်းကို ဖြေရမယ် ဆိုရင်တော့ လမ်းမှန်ပေါ်ကို တစ်ဝက်တစ်ပျက်နဲ့ ရောက်နေတယ်လို့ဘဲ ပြောရမယ်ထင်ပါတယ်။ အပြည့်အ၀ မှန်ကန်တယ်လို့တော့ မပြောနိုင်သေးပါဘူး။

■ မေး။           ဒုတိယ မေးခွန်းကတော့ ရှေ့တိုး၊ မတိုးဆိုတဲ့ သုံးသပ်ချက်ကနေ နောက်ကြောင်း ပြန်နိုင်ခြေ ရှိ၊ မရှိဆိုတဲ့ အကြောင်းပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးလှိုင်းကို နောက်ကြောင်းပြန်စေမယ့် အဓိက အကြောင်းတွေ ရှိမယ်ဆိုရင် ဘာတွေလို့ ထင်ပါသလဲ။ အဓိက အချက်တွေကို သုံးသပ်ပေးပါ။

■ ဖြေ   –  ရှေ့တိုး၊ မတိုးတော့ မသိပါဘူး။ ဒါပေမဲ့ အရပ်သားတွေအနေနဲ့  နောက်ကြောင်းပြန်ဖို့ သိပ်မလွယ်လှဘူးလို့ ထင်မြင်ပါတယ်။ အခြေအနေ အားလုံးက ကိုယ့်ဘာသာ ဖန်တီးလို့ရနေတာ မဟုတ်ပါဘူး။ အခြေအနေကို ကြည့်ပြီး မီးစင်ကြည့်ကနေရတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ မြင်ပါတယ်။ လက်ရှိ အခြေအနေအရဆိုရင်လည်း တပ်မတော်အနေနဲ့ အာဏာသိမ်းသလိုမျိုး နောက်ကြောင်းပြန်တာကို လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းပြီးမှ ရလာမယ့် အာဏာက အခုလက်ရှိ လက်ထဲမှာ ဥပဒေအရ ပိုင်ပိုင်နိုင်နိုင် ရရှိထားတဲ့ လုပ်ပိုင်ခွင့်ထက် ပိုနိုင်စရာမရှိလို့ဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အာဏာတွေကို ရုပ်သိမ်းခံလိုက်ရမယ် ဆိုရင်တော့ အသွင်ကူးပြောင်းရေးလှိုင်း နောက်ကြောင်းပြန်နိုင်ပါတယ်။ လက်ရှိ အနေအထားထက် လုပ်ပိုင်ခွင့်တွေ ရုပ်သိမ်းခံရရင်တော့ နောက်ကြောင်းပြန်ဖို့ ဖြစ်လာနိုင်ပါတယ်။  အဲဒီအချက်ကိုတော့ ဖြစ်နိုင်ခြေအဖြစ် မြင်မိတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဘယ်အင်အားစုတွေက (ဥပမာ-  နိုင်ငံရေးပါတီများ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံတကာ စသဖြင့်) အဓိက ပြဋ္ဌာန်းနိုင်သလဲဆိုတာ ရေတို၊ ရေရှည် အရေးပါမှုတွေနဲ့ ချိတ်ဆက် သုံးသပ်ပေးပါဦး။

■ ဖြေ   –         မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုနဲ့ ကျရှုံးမှုကို လက်ရှိအခြေအနေမှာ တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့တို့က အဓိက ဆုံးဖြတ်ပြဋ္ဌာန်း နိုင်လိမ့်မယ်လို့ မြင်မိပါတယ်။ နိုင်ငံရေးပါတီတွေကတော့ လက်ရှိ အခြေအနေအရဆိုရင် ဘာမှ လုပ်နိုင်ကိုင်နိုင်တာ မရှိပါဘူး။ လက်ရှိ အာဏာရပါတီကိုပဲ အကဲဖြတ်ကြည့်လိုက်ပါလား၊ ခေါင်းဆောင်တွေက အစိုးရထဲကို ရောက်နေကြလို့ ပါတီကနေ အစိုးရကို ဦးဆောင်တဲ့ အခန်းကဏ္ဍ မရှိတာကို တွေ့နေရတာပဲ။ အာဏာပိုင်မရှိတဲ့ ပါတီတွေဆိုရင် ပိုလို့တောင်မှ ပါဝင်ပတ်သက်ဖို့ မလွယ်ပါဘူး။

ရေရှည်မှာတော့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍပေါ်ကောင်း ပေါ်လာနိုင်ပါလိမ့်မယ်။ ဒီနေ့ ရေတိုကာလမှာတော့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ ဝင်ဖို့လောက်ပဲ အသုံးဝင်နေတာ သတိပြုမိတယ်။ ရွေးကောက်ပွဲကိုတောင်မှ ၂၀၀၈ အခြေခံဥပဒေနဲ့ ပြဌာန်းထားတဲ့အတိုင်း ဝင်နေကြရတာ လက်တွေ့ပဲဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံ အထူးသဖြင့် တရုတ်နိုင်ငံ အနေနဲ့ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ အကူအညီပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အသွင်ကူးပြောင်းရေး ကာလမှာ စီးပွားရေးလို ကိစ္စမျိုးမှာ ပြိုလဲမသွားအောင် ကူညီနိုင်သလို ပြိုလဲသွားအောင်လည်း လုပ်နိုင်ပါတယ်။ ဒါကတော့ ရေရှည်မှာ စဉ်းစားသင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ပထဝီနိုင်ငံရေးနဲ့လည်း ဆိုင်ပါတယ်။

နောက်ထပ် ရေရှည်အတွက် စဉ်းစားသင့်တဲ့ ကိစ္စတစ်ခုကတော့ ပြည်တွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကိစ္စ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ အပစ်ရပ်စဲရေးကိစ္စဟာ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အောင်မြင်မှု၊ သို့မဟုတ် ကျဆုံးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ သူတို့တတွေနဲ့ ဆွေးနွေးပွဲ အောင်မြင်ဖို့အတွက် လက်ရှိအစိုးရနဲ့ တပ်မတော်တို့ သဘောထား တိုက်ဆိုင်ဖို့လိုသလို ညှိနှိုင်းမှုတွေလည်း ရှိနေဖို့ လိုပါတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် ဘယ်လို နိုင်ငံရေး၊ စီးပွားရေး မူဝါဒ ပေါ်လစီတွေကို ဦးစားပေး ဆောင်ရွက်သင့်သလဲ၊ ဘယ်လို မူဝါဒမျိုးတွေကတော့ ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွားမလဲ ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ရပ်တွေပေါ် ဥပမာပေး ဆွေးနွေးပေးပါ။

■ ဖြေ   –         မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် နိုင်ငံရေးအရ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အောင်မြင်အောင် လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတာကတော့ အစိုးရနဲ့ သဘောထား ကွဲပြားနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့တင် မဟုတ်ပါဘူး။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလို့ ဆိုနေကြတဲ့ တပ်မတော်နဲ့ အရပ်ဘက် လူထုတဖက်နဲ့ တဖက် အထင်မှားတာတွေ၊ သံသယရှိနေတာတွေကို ဖြေလျှော့ပြီး လက်တွဲ ဆောင်ရွက်နိုင်အောင် လုပ်ဖို့လည်း လိုအပ်ပါတယ်။

စီးပွားရေး မူဝါဒတွေကတော့ ကျွန်တော်လည်း သိပ်မသိပါဘူး။ ဒါတွေက နိုင်ငံရေးသမားတွေနဲ့စာရင် ပညာရှင်တွေက ပိုပြီးကျွမ်းကျင်မယ်လို့ ထင်ပါတယ်။ လူကြီး တော်တော်များများကတော့ စီးပွားရေးကောင်းဖို့ပဲ လိုအပ်တယ်။ စီးပွားရေးကောင်းရင် လူထုအဖို့ နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ မရှိသလောက် နည်းသွားမယ် စသဖြင့် ယူဆကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ အဲဒီလိုသာဆိုရင် စီးပွားရေးကောင်းနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးအာဏာကိစ္စတွေ ဘယ်ဖြစ်စရာ ရှိပါတော့မလဲ။ အခုတော့ ရှိနေတာ ဆိုတော့ အဲဒီအယူအဆ လွဲနေတယ်လို့ ထင်ပါတယ်။

တစ်နှစ်အတွင်း ဘယ်လိုမူဝါဒတွေကြောင့် ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွားမလဲ ဆိုတော့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် ယှဉ်တွေးကြည့်ရမယ့် သဘောဖြစ်နေတယ်။ အားမနာတမ်း ပြောရရင် အစိုးရသက်တမ်း တစ်နှစ်အတွင်းမှာ လောက်လောက်လားလား တိုးတက်ပြောင်းလဲတာ မတွေ့ကြရပါဘူး။ ဒါကို အစိုးရကိုယ်တိုင်က ဝန်မခံပေမဲ့ ကျွန်တော်တို့ ထိတွေ့ရတဲ့ ပြည်သူလူထု အတော်များများက အဲဒီလိုပဲ မြင်နေကြပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး မလုပ်လို့ဘဲ ဖြစ်ပါ တယ်။ အစိုးရတက်ပြီး တစ်လမပြည့်သေးဘူး။ သိန်းငါးဆယ် လက်ဆောင်ပေးတဲ့ ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲတော့ မသိပါဘူး။ အရေးမယူခဲ့ဘူး။ အဲဒီကတည်းက ဦးကျိုးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အတော်များများကို ကျွန်တော် အကြံပြုခဲ့တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ပြုပြင်ဖို့နဲ့ အစိုးရအဖွဲ့ကိုလည်း ပြန်လည် သုံးသပ်ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့ အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်း တုံ့ဆိုင်းနေခဲ့ရင် အဲဒီလုပ်ငန်းကို စပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တော့ အဲဒီအချက်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။

မအောင်မမြင် တုံ့ဆိုင်းနေတဲ့ ယန္တရားကြီးကိုမှ မပြုမပြင် ဒီအတိုင်း ပေပေတေတေ ဆက်သုံးနေမယ်ဆိုရင် “ကျဆုံးခြင်း အစုန်လမ်းကို ဆင်းသွား” မှာပဲ ဖြစ်ပါတယ်။

■ မေး။ တချို့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေစိတ်ထား mindset မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့ အခြေပြုရှုမြင်ပုံမျိုးကို ဘယ်လို သုံးသပ်ပါလဲ။

■ ဖြေ   –         ပြည်သူတွေရဲ့ စိတ်နေစိတ်ထား mindset ဆိုတာ သူ့အလိုလို ဖြစ်လာတယ်လို့ ကျွန်တော်မထင်ပါဘူး။  သူတို့ကို အုပ်ချုပ်ခဲ့တဲ့ အစိုးရ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်အခြေအနေ၊ သူတို့ ရုန်းကန်ခဲ့ရတဲ့ ဘဝတွေကနေ ဖြစ်တည်လာတဲ့ စိတ်နေစိတ်ထားသာလျှင် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။  ပြည်သူတွေရဲ့ စိတ်နေစိတ်ထားပြောင်းမှ အသွင်ကူးပြောင်းရေး အောင်မြင်မယ် ဆိုရင်တော့ ကျွန်တော်တို့အတွက် အောင်မြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး။

အရင်ဆုံး အစိုးရက ပြောင်းလဲပြရပါမယ်။ ကိုယ် ကိုယ်တိုင် စည်းကမ်းလိုက်နာပြီး မလိုက်နာသူတွေကို ဥပဒေနဲ့အညီ အရေးယူရပါမယ်။  အရေးယူတာရှိသလို ဥပဒေနဲ့အညီနေထိုင်တဲ့ ပြည်သူတွေကိုတော့ အစိုးရဖက်က အကာအကွယ်ပေး တာဝန်ယူပေးဖို့ လိုပါတယ်။ အစိုးရကိုယ်တိုင်က mindset ပြောင်းပြမှ လူထုကလဲ လိုက်ပြောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ အစိုးရဆိုတာ လူထုကို ခေါင်းဆောင်ဖို့ပဲ ဖြစ်တယ်။ စံပြလုပ်ပြဖို့ပဲ လိုပါတယ်။ လူထုက mindset  ပြောင်းမှ အသွင်ကူးပြောင်းရေးလုပ်ငန်း အောင်မြင်မယ်ဆိုတဲ့ အယူအဆကို ကျွန်တော် လက်မခံပါဘူး။ ဘယ်သူမှ မပြောင်းလဲရင်နေပါစေ။ အစိုးရက စပြီး ပြောင်းလဲပြလိုက်ရင် လူထုလည်း လိုက်ပြောင်းလဲ ပါလိမ့်မယ်။  လူထုက သိပ်မညံ့ပါဘူး။

About the author

The Editor

Add comment