လူမှုတရားမျှတရေး

သမိုင်းကြောင်းတလျှောက်လုံးတွင် လူမှုဆိုင်ရာ တရားမျှတမှုရရှိရန် ပြင်းပြသည့် စေ့ဆော်မှုများက လူသားတို့ကို လှုပ်ရှားမှုများဖြစ်အောင် ရိုက်ခတ်စေခဲ့ပါသည်။ လူမှုဆိုင်ရာတရားမျှတမှု ဆိုသည်မှာလည်း လူ့အဖွဲ့အစည်း အတွင်းရှိ အစုအဖွဲ့များ၊ သို့မဟုတ် လူတန်းစားအသီးသီးအပေါ် မမျှမတဆက်ဆံမှုနှင့် အခွင့်အလမ်းပိုင်းဆိုင်ရာ မညီမျှမှုများကို အသိအမှတ်ပြုခြင်းနှင့် ဖြေရှင်း ပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် ရုန်းကန် လှုပ်ရှားမှုမှာ လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုတခုသာမက လူမှုဆိုင်ရာ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားမှုလည်း ဖြစ်ပါသည်။
ထို့ကြောင့် ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်နှောင်းပိုင်းတို့၌ မြန်မာနိုင်ငံရှိ လူအများစုက လက်ဝဲအဖွဲ့အစည်းများအတွင်းသို့ ရောက်ရှိသွားကြခြင်းမှာလည်း လူမှုဆိုင်ရာ တရားမျှတမှုက အရေးကြီးသည်ဟု ထင်မြင်ယူဆကြခြင်းကြောင့်ဖြစ်ပါသည်။ ထိုမှတဖန် ပြီးခဲ့သည့် ဆယ်စုနှစ် များအတွင်းက လူမှုဆိုင်ရာတရားမျှတမှုနှင့် ပတ်သက်သည့် အယူအဆများကို တပ်မတော် အသိုင်းအဝိုင်း၏ အခွင့်ထူးခံကိစ္စများကို လျှော့ချရေး၊ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာရေး ဆိုင်ရာ လူနည်းစုများအတွက် တန်းတူညီမျှအခွင့်အရေး ရရှိရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုများ အဖြစ် ဖော်ပြခဲ့ကြပါသည်။ ထို့အပြင် ပြည်သူ လူထု၏ အယူအဆများကို ဖွင့်ဟဖော်ထုတ်နိုင်မည့် အခြေအနေ ကျယ်ပြန့်လာခြင်းကြောင့် လူမှုဆိုင်ရာတရားမျှတမှုကို ဇောင်းပေးသည့် အစုအဖွဲ့ များလည်း မြန်မာနိုင်ငံ၌ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါသည်။ ဥပမာပြရမည်ဆိုပါက လိင်အခြေပြု အကြမ်းဖက်မှု (gender-based violence) အဆုံးသတ်ရန် ရှေ့ဆောင်ဦးရွက်ပြုသည့် အဖွဲ့ အစည်းများ၊ ထွန်ယက်စိုက်ပျိုးမည့် မြေယာများကို ပြန်လည်ရရှိရေး၊ သို့မဟုတ် ဥပဒေ ပြဌာန်းချက်များအတိုင်း နစ်နာကြေး လုံလုံလောက်လောက် ရရှိရေးတို့အတွက် လယ်သမား အဖွဲ့အစည်းများလည်း ပါဝင်ပါသည်။
လူ့အဖွဲ့အစည်းတခုအတွင်း လူမှုဆိုင်ရာ တရားမျှတမှု ရရှိရန် အဓိက လိုအပ်ချက် သုံးခု ရှိပါသည်။ ပထမဆုံးအချက်မှာ ထိုအယူအဆအတိုင်း အလေးထားသည့် စိတ်ခံစားချက် ပြည့်ပြည့်၀၀ ရှိရပါမည်။ ဤအနေအထားအတိုင်း အမြဲတစေ မရှိတတ်ကြပါ။ လူသားတို့၏ စိတ်ဆန္ဒများဖြစ်သည့် ကန့်သတ်ပိတ်ပင်မခံရသော လွတ်မြောက်မှုနှင့် မိမိတို့၏အစုအဖွဲ့က အခြားအဖွဲ့အပေါ် အနိုင်ရခြင်းကို တန်ဖိုးထားသည့် လူသားတို့၏ တိမ်းညွှတ်မှုများလည်း ရှိနေ ကြရာ လူမှုဆိုင်ရာတရားမျှတမှု သဘောတရားနှင့်ပတ်သက်၍ ဝိရောဓိ တင်းမာမှုများဖြစ်စေ ပါသည်။ ကမ္ဘာလောကကြီးတွင် အရှုံးအမြတ်သင်ပုန်းချေသည့် zero-sum အယူအဆအရ အစု အဖွဲ့တခု၏ အောင်မြင်ရရှိမှုမှာ အခြားအစုအဖွဲ့တခု၏ နစ်နာဆုံးရှုံးမှု ဖြစ်ခြင်းကြောင့် လူသားများအနေဖြင့် လူမှုဆိုင်ရာ တရားမျှတမှု အား စိုက်လိုက်မတ်တတ် လုပ်ဆောင်ရေးကို ဆန့်ကျင်လာစေနိုင်ပါသည်။ အခြားသော ပိတ်ပင် တားဆီးမှုတခုမှာ လူမှုဆိုင်ရာတရားမျှတမှု မရှိသည့် အခြေအနေကိုဖြစ်စေသော စိတ်နေစိတ်ထား များနှင့် ဖွဲ့စည်းတည်ဆောက်ပုံများကို စိန်ခေါ်ရန် မလိုလားကြခြင်းကြောင့်ပင် ဖြစ်ပါသည်။ သို့သော် လူသားများအနေဖြင့် တန်းတူညီမျှ ရှိသည့် အနေအထားတခုမှစတင်မည်ဟု စိတ်ကူးပုံဖော်ကြည့်ခဲ့ပြီး မိမိတို့သည်လည်း ချမ်းသာ သည့်၊ သို့မဟုတ် ဆင်းရဲသည့် အုပ်စု၊ ကောင်းကျိုးချမ်းသာ၊ သို့မဟုတ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့်အုပ်စု မည်သည့်အုပ်စုထဲတွင် ပါဝင်ကပြအသုံးတော်ခံရမည်ကို မသိရှိခဲ့ပါက အားလုံးအတွက် တန်းတူညီမျှအခွင့်အရေးရရှိရန် ပိုမိုထောက်ခံလိမ့်မည်ဟု နာမည်ကျော် နိုင်ငံရေးသိပ္ပံပညာရှင် John Rawls က အခိုင်အမာ ပြောကြားခဲ့ပါသည်။
လူမှုဆိုင်ရာတရားမျှတမှု ရရှိအောင်မြင်နိုင်ရန် နိုင်ငံရေးအင်စတီကျူးရှင်းများ ဖွဲ့စည်း ထားပုံကလည်း အရေးပါပြီး ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့မျှနှင့် မလုံ လောက်ပါ။ ထို့အပြင် နယ်ပယ်နောက်ခံကဏ္ဍပေါင်းစုံမှ လူပုဂ္ဂိုလ်များ ရွေးကောက်တင် မြှောက်ခံရပြီး ဦးစီးဦးဆောင်အနေအထား မျိုး ရရှိစေနိုင်မည့် လုပ်ထုံးလုပ်နည်း စနစ် များကိုလည်း အသေအချာ သတ်မှတ်ထား ရှိရပါမည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ကျယ်ပြန့်သော ကိုယ်စားပြုပါဝင်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို သေချာစေနိုင် ပါသည်။ ထို့အပြင် ပြည်သူလူထု၏ နစ်နာ ခံစားရမှုများနှင့် စည်းလုံးစုစည်းနိုင်မှုတို့ကိုလည်း ထုတ်ဖော်ပြသနိုင်ရပါမည်။ ထို့နောက် နိုင်ငံသားများအနေဖြင့် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် တွေ့ဆုံခွင့်ရှိ၍ မိမိတို့၏အကြောင်းကိစ္စရပ်များကို ရှေ့ဆောင်ရှေ့ရွက် ပြုပေးပါရန် ပြောဆိုနိုင်သည့် အခွင့်အလမ်း များလည်း ဖောဖောသီသီ ရှိရပါမည်။ သို့မှ သာလျှင် အစိုးရအဖွဲ့ပြင်ပနှင့် အစိုးရအဖွဲ့ တွင်းမှပုဂ္ဂိုလ်များ လက်တွဲဆောင်ရွက်နိုင်မည့် အကြံပေးကော်မတီများ၊ သို့မဟုတ် အမှုဆောင် အဖွဲ့များ၏ ဖွဲ့စည်းမှုပုံစံကို အခြေခိုင်စေနိုင်ပါမည်။ မြန်မာနိုင်ငံမှ ထိုကဲ့သို့သော အဖွဲ့အစည်းများ၏ ဥပမာကောင်းတခုမှာ လွန်ခဲ့သောနှစ်များအတွင်းက HIV ကာကွယ်ကုသရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနနှင့် HIV ရောဂါပိုးတွေ့ရှိထားသူများ ပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုပင် ဖြစ်ပါသည်။ တချိန်တည်းမှာပင် သီးခြားလွတ်လပ်သော တရား စီရင် ရေးစနစ်တခုလည်း ရှိထားရမည်ဖြစ်ပြီး သို့မှသာလျှင် အစိုးရတာဝန်ရှိသူများ သို့မဟုတ် အခြား သော လူ့အဖွဲ့အစည်းဝင်များ၏ မမျှမတဆက်ဆံခံရမှုအတွက် တရားမျှတမှု ရရှိစေမည်ဖြစ်သည်။
အဆုံးသတ်အားဖြင့် အစိုးရကချမှတ်သည့်မူဝါဒများ၏ အရည်အသွေး အကျိုးသက် ရောက်မှုမှာလည်း လူမှုဆိုင်ရာတရားမျှတမှု ရည်မှန်းချက်များ အောင်မြင်ရေးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိစေပါသည်။ အချို့သောကိစ္စရပ်များတွင် ဝန်ကြီးဌာနအသီးသီး၌ တာဝန် ထမ်းဆောင်နေကြသူများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်လိုအပ်သည်။ သို့မှသာလျှင် ထိုသူများ သည် ဆီလျော်ကောင်းမွန်သည့်မူဝါဒများ ချမှတ်လုပ်ဆောင်နိုင်ပါမည်။ အခြားသော ကိစ္စရပ် များတွင်မူ အချို့သောလိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် အထူးပြုလေ့လာနေသည့် အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ သို့မဟုတ် ယုံကြည်မှုရှိရှိဖြင့် အားသွန်ခွန်စိုက် လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို လုပ်ဆောင်ခွင့်ပြုသင့်ပါသည်။ မည်သို့ပင်ဆိုစေ တရား မျှတမှုကိုအခြေခံသည့် မူဝါဒများ ဖြစ်မြောက်အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် ထောက်ခံပေးမည့် နိုင်ငံရေးစိတ်ဆန္ဒ အပြည့်အဝ ရှိရပါမည်။
တန်းတူညီမျှမှု (Equity) မှာ လူမှုဆိုင်ရာတရားမျှတမှုနှင့်ပတ်သက်၍ အခြေခံသော့ချက်ပင်ဖြစ်ပါသည်။ ထို့အပြင် အချို့သောအုပ်စုများအနေဖြင့် မိမိတို့သည်လည်း အလားတူ အခွင့် အလမ်းများရှိကြောင်း မုချယုံကြည်စိတ်ချနိုင်မည့် အရင်းအမြစ်များလည်း ပို၍လိုအပ်နိုင်ပါသည်။ သာဓကအနေဖြင့် ဆွံ့အနားမကြားကလေးသူငယ်များအတွက် အထူးပြုလုပ်ထားသည့် သင် ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်းကြောင့် ၎င်းတို့သည်လည်း သက်တူရွယ်တူ သာမာန် ကလေးများ သင်ကြားကြရသည့် ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်းကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ကြပါမည်။ ထို့အပြင် ဝေးလံခေါင်ဖျားဒေသများရှိ ဆင်းရဲနွမ်းပါးသော မိသားစုဝင် ကလေးသူငယ်များအား ကျောင်းသို့ အခမဲ့သယ်ယူပို့ဆောင်ပေးခြင်း၊ သို့မဟုတ် မြို့ထဲရှိ အထက်တန်းကျောင်းများတွင် ပညာ ဆက်လက်သင်ယူနိုင်ရန် နေရာထိုင်ခင်းပေးခြင်းတို့လည်း လိုအပ်ပါသည်။
အချို့သောတိုင်းပြည်များ၌ မိမိတို့၏လူမျိုး၊ တိုင်းရင်းသားမျိုးနွယ်စု၊ သို့မဟုတ် လိင် သဘောသဘာဝတို့ကို အခြေခံ၍ ခွဲခြားဆက်ဆံမှုခံနေရသော သမိုင်းကြောင်းရှိသည့် အုပ်စုများ သည် ဝေစုခွဲတမ်းစနစ်ကို ကျင့်သုံးကြပါသည်။ ဝေစုခွဲတမ်းစနစ် ဆိုသည်မှာလည်း လူ့အဖွဲ့ အစည်းအတွင်း တဖက်စောင်းနင်းနိုင်သည့် စိတ်နေစိတ်ထား ပြုမူဆောင်ရွက်ချက်များ ရှိနေ သည့်တိုင် ခွဲခြားဆက်ဆံခံနေရသော အုပ်စုများအနေဖြင့် အခွင့်အလမ်းများ ရရှိနိုင်စေမည့် နည်းလမ်းတခုပင် ဖြစ်ပါသည်။ အဆုံးစွန်ဆုံးအားဖြင့် တင်ကူးဆုံးဖြတ်ထားတတ်သည့် အာဃာ တတရားများကို သုတ်သင်ဖယ်ရှားနိုင်ခဲ့ပါက ဝေစုခွဲတမ်းစနစ်လည်း လိုအပ်တော့မည်မဟုတ်ပါ။
ဆင်းရဲသောနိုင်ငံများတွင် နှိုင်းယှဉ်ချက်အရ လိုအပ်ချက်များရှိနေတတ်ရာ လူမှုဆိုင်ရာ တရားမျှတမှုနှင့် ပတ်သက်၍ ချက်ချင်းလက်ငင်း အလေးပေး ဆောင်ရွက်နိုင်မည်မဟုတ်ဟု တချို့က ပြောကြပါလိမ့်မည်။ မှန်ပါသည်။ မြန်မာနိုင်ငံ၌ ယင်းလိုအပ်ချက်ကို ထောက်ပံ့ ကူညီ ပေးနေသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ ရှိခဲ့ဖူးသည့် ရာဇဝင်ရှိပါသည်။ သို့သော်လည်း ထိုအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များမှာ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုမပါဝင်ဘဲ မဖြစ်နိုင်ပါ။ ထို့အပြင် လက်ရှိအနေအထားအရလည်း မြန်မာနိုင်ငံအနေဖြင့် ထို့ထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါသည်။ တပ်မတော်ကို အထူးအခွင့်အရေးများ ပေးထားရသည့် ပြဌာန်းချက်များ ရှိလင့်ကစား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူများ၊ ပုဒ်မ(၆)၊ ပုဒ်မခွဲငယ်(င)တွင် ‘နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး’ဟူသောအချက် ပါဝင်ပါသည်။ ထို့ကြောင့် ယခု Myanmar Quarterly ဂျာနယ်ပါ ဆောင်းပါးများကဲ့သို့ပင် မညီမျှမှုများကို ခွဲခြမ်းစိတ်ဖြာ အဖြေ ရှာနိုင်မည့် ဆွေးနွေးညှိနှိုင်းမှုများ လိုအပ်ပါသည်။
လူသားများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ပြီး သင့်တင့်လျောက်ပတ်သော လူနေမှုဘဝများ ရရှိစေမည့် အခွင့်အလမ်းများ အခိုင်အမာ ရရှိစေရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်နိုင်ရပါမည်။ ထို ကြိုးပမ်းအားထုတ်မှုများထဲတွင် အခမဲ့၊ သို့မဟုတ် လူတိုင်းလက်လှမ်း မီနိုင်မည့် ပညာရေး၊ အားလုံးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု စသည်တို့နှင့် သက် ဆိုင်သော ပြဌာန်းချက်များ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုအတွက် အာမခံချက်များ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မြေယာအသုံးချစီမံခန့်ခွဲမှုကဲ့သို့ စီးပွားရေးအရင်းအမြစ်များ စသည်တို့ ပါဝင် ပါသည်။
လူ့အဖွဲ့အစည်းများအတွင်း လူမှုဆိုင်ရာ တရားမျှတမှုအတွက် အာမခံနိုင်သည့်အခါ အပြုသဘောအကျိုးဆက်များ ပေါ်ပေါက်လာစေပါသည်။ လူသားများအနေဖြင့် လူ့အဖွဲ့အစည်း အတွင်း မိမိတို့ပါဝင်နေသည်ဟု စိတ်ခံစားမှုကိုရစေပြီး ယုံကြည်မှုများ တိုးပွားလာစေသည်။ လူတိုင်းလူတိုင်းအတွက် အကျိုးအမြတ်ဖြစ်စေမည့် လူမှုဆိုင်ရာ ပေါင်းစည်းညီညွတ်မှုနှင့် တည်ငြိမ်မှုရှိသော ဝန်းကျင်တခု ဖန်တီးပေးနိုင်ပါသည်။ ထို့အပြင် ကမ္ဘာလောကကြီးအနေဖြင့် လူမှုဆိုင်ရာတရားမျှတမှုမှ သီးခြားကင်းလွတ်နေရန် လုံးဝမဖြစ်နိုင်ခြင်းကြောင့် လူသားအားလုံး အတွက် မျှတမှုနှင့် အခွင့်အလမ်းတို့မှာလည်း ရှေ့ဆက်ဆောင်ရွက်ရန် လွန်စွာ ထိုက်တန်သည့် ရည်မှန်းချက်ပန်းတိုင်များပင် ဖြစ်ပါသည်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment