အယ်ဒီတာမှတ်စု

(၁)
အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်ဆောက် ရေး ဖော်ဆောင်မှုတွေ လုပ်တဲ့အခါ တိုင်းရင်းသားအရေး(လူမျိုးစုအရေး)၊ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ ဘာသာရေး အစရှိတဲ့ ဝိသေသလက္ခဏာတွေအပြင် လူ့အဖွဲ့အစည်းအတွင်း အလွန် အကျူးဖြစ်နေတဲ့ လူတန်းစားမညီမျှမှု၊ ကျား-မ လိင်စိတ်ခံယူမှုဆိုင်ရာတန်းတူရေး တဖက်စောင်း နင်းဖြစ်မှုနဲ့ ဥတုဖောက်ပြန်မှု ဆိုးပြစ်အကျိုးဆက် စတာတွေကိုလည်း လျစ်လျူရှုထားဖို့ မဖြစ်နိုင် ပါဘူး။
အထက်ဖော်ပြပါ အလွန်အကျူး ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမှု အစရှိတဲ့ကိစ္စရပ်တွေ က တရားမျှတမှုမရှိတဲ့ လူမှုအခြေအနေတွေမှာ မြစ်ဖျားခံနေပါတယ်။ နိုင်ငံတော်ရဲ့ ဓနဥစ္စာ ပြန် လည်ဖြန့်ခွဲဝေမှု မူဝါဒတွေ၊ လူမှုဖူလုံရေးပိုက်ကွန်တွေ၊ နိုင်ငံသားအဓိပ္ပာယ်ဖွင့်ဆိုမှု၊ နိုင်ငံသား များရဲ့ လွတ်လပ်ခွင့်နှင့်တာဝန်ယူမှု စတဲ့ တရားမျှတမှုထွန်းကားရေး လုပ်ငန်းစဉ်တွေ မလုပ်နိုင် ဘူးဆိုရင် လူ့အဖွဲ့အစည်းကို အစည်းပြေ ပျက်ပြားစေနိုင်တဲ့ ပဋိပက္ခလောင်စာတွေ ဆက်ရှိနေမှာ ပါပဲ။
အထူးသဖြင့် အရောင်စုံပြီး မတူကွဲပြားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် သဟဇာတဖြစ်မှု၊ ညီညွတ်မှုတရပ် (social cohesion) တည်ဆောက်ရာမှာ လူမှုတရားမျှတမှု (social justice) ဖော် ဆောင်နိုင်ရေးက အရေးပါတဲ့အချက်တခု ဖြစ်နေပါတယ်။

(၂)
ဒီတကြိမ်ထုတ် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) မှာ လူမှုတရားမျှမှု (social justice) နဲ့ ပတ်သက်တဲ့ အကြောင်းအရာစုံကို ရှုထောင့်ပေါင်းစုံက တင်ပြ ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စက အစပြုလို့၊ တိုင်းရင်းသားတန်းတူရေး၊ အလုပ် သမား၊ လယ်သမား၊ စီးပွားရေးဆိုင်ရာမျှတမှု ကိစ္စတွေအလယ်၊ သယံဇာတ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်တွေအဆုံး အကြောင်းအရာတိုင်းမှာ လူမှုတရားမျှတမှု (social justice) ရှိရေးဟာ သတိပြုသုံးသပ်စရာ ဆုံချက်တခု ဖြစ်နေပါတယ်။
ဒါပေမဲ့ မျက်မှောက်ခေတ်ကာလ မြန်မာ့လူ့အဖွဲ့အစည်းမှာ တရားမျှတမှု (justice) ထက် ပိုပြီးအနုစိတ်ကျတဲ့ လူမှုတရားမျှတမှု (social justice) အကြောင်း ပြောဆိုဆွေးနွေးချက်တွေ (ဘာသာပြန်ဆိုဖော်ပြခြင်း အချို့မှလွဲ၍) နည်းပါးနေတာ သတိပြုမိပါတယ်။ ဒါကလည်း လူမှု တရားမျှတမှု (social justice) ဖွင့်ဆိုချက်အပေါ် အယူအဆ၊ အနက်ကောက်ပုံကောက်နည်း အနည်မထိုင်သေးတာကြောင့် ဖြစ်ပါလိမ့်မယ်။
အခြားတဖက်မှာလည်း အယူအကောက် အနည်မထိုင်သေးတဲ့အတွက် လူမှုတရားမျှတမှု (social justice) ကင်းမဲ့နေခြင်းကို ပြုပြင်ပြောင်းလဲနိုင်မယ့် ပြည်သှူရေးရာမူဝါဒအဖြစ် ချိတ်ဆက် ဖော်ဆောင်နိုင်မှု မရှိခြင်းကလည်း လူ့အဖွဲ့အစည်းအတွင်း အရေးတကြီးအာရုံစိုက်ရမယ့် ကိစ္စရပ် တခု ဖြစ်နေပါတယ်။

(၃)
လူမှုတရားမျှတမှု (social justice) နဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေကို ရှုထောင့်မျိုးစုံက တင်ပြကြတဲ့အခါ ချဉ်းကပ်ပုံသုံးခုကို The Myanmar Quarterly ဂျာနယ် အမှတ် ၄ မှာ ထင်သာ မြင်သာ တွေ့ရပါလိမ့်မယ်။
ပထမတခုက လူမှုတရားမျှတမှု (social justice) အယူအကောက် ဖွင့်ဆိုချက်နဲ့ institution ပိုင်းဆိုင်ရာရှုထောင့်က ပြောဆိုရေးသားမှုတွေ ဖြစ်ပါတယ်။ ဥပဒေ အစရှိတဲ့ institution ကိစ္စ ရပ်တွေအပြင် တဖက်စောင်းနင်းဖြစ်နေတဲ့ အာဏာနဲ့ ဓနဥစ္စာခွဲဝေမှုတွေအရ တည်ဆောက်ထား တဲ့ လူ့အဖွဲ့အစည်းအတွင်း ပကတိဘာဝအခြေအနေ (societal structure) ကို ဆန်းစစ်ထောက်ပြ ထားတဲ့ ရှုထောင့်အမြင်များကိုလည်း ဒုတိယချဉ်းကပ်ပုံအဖြစ် ဖတ်ရပါမယ်။ တတိယတခုကတော့ ယဉ်ကျေးမှုဓလေ့နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ စိတ်ပညာအယူအဆ ရှုထောင့် ကနေ တင်ပြထားတဲ့ culture ပိုင်းဆိုင်ရာ ချဉ်းကပ်မှုတွေ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူမှုတရားမျှတမှု (social justice) နဲ့ ပတ် သက်ပြီး လိုအပ်ချက်ရှိနေချိန်မှာ The Myanmar Quarterly က တစုံတရာ ဖြည့်ဆည်းပေးဖို့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်။ လူမှုတရားမျှတမှု (social justice) အပေါ် အယူအကောက်အားဖြင့် သော်လည်းကောင်း၊ ပြည်သူ့ရေးရာမူဝါဒအားဖြင့်သော်လည်းကောင်း ဘယ်လို ဖြည့်စွမ်းပေးနိုင် မလဲဆိုတဲ့ လစ်ဟာချက်မှာ အခြေအတင် ဆွေးနွေးအဖြေရှာမှုတွေဖြစ်လာစေဖို့ အထောက်အကူ ပြုမယ်လို့ ယူဆပါတယ်။

(၄)
လူမှုတရားမျှတမှု (social justice) ကိစ္စအပြင် နောက်ထပ် အထူးပြုထားတဲ့ အကြောင်းအရာ တွေကိုလည်း ဒီစာအုပ်မှာ ဖတ်ရပါဦးမယ်။ သုတေသနတွေ့ရှိချက်ကဏ္ဍမှာဆိုရင် လယ်ယာမြေ သိမ်းဆည်းခံရမှုများအကြောင်းကို အကျယ်တဝင့် ဖော်ပြထားပါတယ်။ ဒီအထဲမှာ ‘မဖြည့်ဆည်း ပေးနိုင်သေးသည့် ကတိကဝတ်’ သုတေသနအစီရင်ခံစာဟာ ဒီနှစ်ပိုင်းအတွင်း ထွက်ရှိခဲ့ကြတဲ့ သုတေသနအစီရင်ခံစာတွေထဲမှာ အရေးပါတဲ့ အစီရင်ခံစာတစောင် ဖြစ်ခဲ့ပါတယ်။ အဲဒီအစီရင် ခံစာကို မြေယာအရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ စုစည်း လုပ်ဆောင်ခဲ့ကြတာပါ။ သူတို့ လုပ်ဆောင်ခဲ့ကြတဲ့ အစီရင်ခံစာကို The Myanmar Quarterly မှာ ထည့်သွင်းဖော်ပြခွင့်ပေးခဲ့တဲ့အတွက် သက်ဆိုင်သူတွေကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြု အပ်ပါတယ်။
နောက်တခုကတော့ ‘မွန်ပြည်နယ်ရှိ မြေသိမ်းဆည်းခံရမှု အခြေအနေ’ သုတေသနတွေ့ရှိ ချက် ဖြစ်ပါတယ်။ ဒါကိုတော့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြုလုပ်ခဲ့တဲ့ မူဝါဒရေးရာ သုတေသနသင်တန်းကို တက်ရောက်ခဲ့ကြသော မွန် အမျိုးသားပါတီဝင်တွေ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အဖွဲ့ဝင်တွေ၊ မွန်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းဝင် သင်တန်းသားတွေက အချက်အလက်ကောက်ယူ လုပ် ဆောင်ခဲ့ကြတာပါ။
သုတေသနတွေ့ရှိချက်ကဏ္ဍမှာပဲ ဒေါက်တာကင်မီလာဘူဇီ ရေးသားခဲ့တဲ့ ‘မြန်မာနိုင်ငံမှ ဒီမိုကရက်တစ် အပြောင်းအလဲအတွက် နိုင်ငံရေးလှုပ်ရှားပြောင်းလဲမှုများတွင် အပြည်ပြည်ဆိုင်ရာ လှူအခွင့်အရေးနည်းနာအယူအဆများ အသုံးပြုခြင်း၊ ၁၉၈၈ မှ ၂၀၁၁ အထိ အတွေ့အကြုံများ’ ဆောင်းပါးကလည်း စိတ်ဝင်စားစရာဖြစ်ပြီး အရေးပါတဲ့ သမိုင်းကွင်းဆက်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်အထူးပြုထားတဲ့ အကြောင်းအရာတခုကို ‘စကားပြောသော ကိန်းဂဏန်းများ’ ကဏ္ဍမှာဖတ်ရပါမယ်။ အဲဒါက ‘၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေး မျှော်မှန်းချက်’ ဆိုင်ရာ လူထုစစ်တမ်းရလဒ် ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ ဒီစစ်တမ်းကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သှူလှုပ်ရှားမှုအဖွဲ့ PACE က လူတွေ့မေးမြန်းမှု ၃၃၇၂ ခုအပေါ် အခြေခံပြီး ပြုလုပ်ခဲ့တာပါ။ စာဖတ်သူတွေအပါအဝင် အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေပါ ဆင်ခြင် အကျိုးများစေနိုင်တဲ့ စစ်တမ်းရလဒ်အကျဉ်းကို The Myanmar Quarterly မှာ ဖော်ပြခွင့်ပေးတဲ့အတွက် PACE အဖွဲ့ ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါတယ်။

(၅)
The Myanmar Quarterly ဂျာနယ်ရဲ့ ရည်ရွယ်ချက်ကို မပြောခင်မှာ စာဖတ်ပရိသတ်တွေကို တောင်းပန်စကား ပြောလိုပါတယ်။ ပုံမှန်အားဖြင့် The Myanmar Quarterly ဂျာနယ်ကို သုံးလ တကြိမ်ထုတ်ဝေဖို့ ရည်ရွယ်ခဲ့ပေမယ့် မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံခဲ့ရတာကြောင့် ထုတ်ဝေမှု နှောင့်နှေးခဲ့ရပါတယ်။ နောက်ဆုံးတကြိမ်ကို ၂၀၁၇ ခုနှစ် ဇူလိုင်မှာ ထုတ်ဝေခဲ့ပြီး နှစ်နှစ်နီးပါးကြာချိန်ရောက်မှ ပြန်လည်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒါကြောင့် စာအုပ်အသစ်ကို စောင့် မျှော်နေကြတဲ့ စာဖတ်ပရိသတ်တွေ၊ အစောပိုင်းအချိန်ကတည်းက စာမူပေးပို့ထားကြတဲ့ ဆောင်းပါးရှင်တွေကို တောင်းပန်ပါရစေ။
The Myanmar Quarterly ဂျာနယ်ဟာ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီ ကျု (ISP-Myanmar) ရဲ့ လုပ်ငန်းစီမံချက်တခု ဖြစ်ပါတယ်။ ဂျာနယ်ခေါင်းစီး တင်ပြချက်တွေအပြင် မြန်မာ့အရေး သုတေသနရှာဖွေတွေ့ရှိချက်တွေ၊ မြန်မာ့အရေး လေ့လာသူတွေရဲ့ ရှုထောင့်အမြင် တွေ၊ ခေတ်ကာလနဲ့လျော်ညီစွာ အာရုံပြုအပ်တဲ့ ဆောင်းပါးတွေကို ဖော်ပြလျက်ရှိပါတယ်။ ဒီလို ဖော်ပြရာမှာ နိုင်ငံ့အရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒရေးရာကိစ္စတွေကို ဘက်စုံထောင့်စုံကနေ အပြန် အလှန် ဆွေးနွေးခြင်းအားဖြင့် နိုင်ငံအရေးမှာ ပြည်သူလူထုရဲ့ ပါဝင်မှု ပိုမိုအားကောင်းပြီး ဒီမို ကရေစီကျတဲ့ ခေါင်းဆောင်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
အယ်ဒီတာ
မေ ၂၁၊ ၂၀၁၉

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment