အယ်ဒီတာမှတ်စု

(၁)

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအဖြစ် အရပ်သားအစိုးရအုပ်ချုပ်ရေး အာဏာရရှိခဲ့တာ အချိန်တစ်နှစ်ခွဲနီးပါး ရှိခဲ့ပါပြီ။ မြန်မာ့ အသွင်ကူးပြောင်းရေး ဘယ်ကလာပြီး ဘယ်ကို ဦးတည်ရှေးရှုနေပါသလဲ။ ဒီအကြောင်းတွေကို ဒီတစ်ကြိမ်ထုတ် The Myanmar Quarterly  မဟာဗျူဟာနှင့် မူဝါဒလေ့လာလေးရေး ဂျာနယ်မှာ ရှုထောင့်ပေါင်းစုံကနေ သုံးသပ်တင်ပြထားပါတယ်။

ဒီနေရာမှာ နိုင်ငံတစ်ခုရဲ့ အသွင်ကူးပြောင်းမှုဆိုတာ နိုင်ငံရေးအရ အသွင်ကူးပြောင်းခြင်း (political transition) ကို ဆိုလိုတာပါ။ ဒါကို အဓိပ္ပာယ်ဖွင့်ဆိုကြတဲ့အခါ နိုင်ငံတခုအနေနဲ့ အာဏာရှင်အုပ်ချုပ်မှုကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာခြင်း၊ ဒီမိုကရေစီ မဟုတ်တဲ့ အခြေအနေကနေ ဒီမိုကရေစီအခြေအနေ ပြောင်းလဲလာခြင်းလို့ ဆိုပါတယ်။ ဒီအယူအဆက ခေတ်နောက်ကျပြီး အသုံးဝင်မှု မရှိတော့ဘူးလို့ ပြောကြသူတွေရှိပေမဲ့ ဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းတွေမှာ ဖြစ်ခဲ့တဲ့ အရောင်တော်လှန်ရေးတွေ၊ အာရပ်နွေဦးလို့ တင်စားကြတဲ့ အပြောင်းအလဲတွေ ဒီမိုကရေစီ အပြောင်းအလဲအပေါ် သုံးသပ် ဆင်ခြင်စရာတွေ ဖြစ်လာပါတယ်။ အသွင်ကူးပြောင်းရေးဆိုတာ တသမတ်တည်း ရှိနေတာ မဟုတ်ဘဲ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း အပြောင်းအလဲကို လိုလားတဲ့လူတွေ (ပြည်သူတွေ) ကတော့ ပြောင်းလဲဖို့ အတွက် ဆက်လက် အားထုတ်မှုတွေ လုပ်နေပါတယ်။ ဒီအခါ ဒါတွေကို မျက်ကွယ်ပြုလို့ မရပါဘူး။ လေ့လာမှုတွေ ဆက်လက်ပြုလုပ်နေရပါတယ်။

 (၂)

မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သုံးသပ် ဆင်ခြင်စရာတွေ ပြည့်နှက်နေပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ် မတ်မှာ အုပ်ချုပ်ရေးတာဝန်တွေကို အရပ်သား ဦးဆောင်တဲ့ အစိုးရ စတင် တာဝန်ယူပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ကာလတစ်ခုကနေ နောက်ထပ်ကာလ တစ်ခုကို ရောက်လာခဲ့တာပါ။ အုပ်ချုပ်ရေးတာဝန်တွေကို စတင်လွှဲပြောင်း ရယူချိန်မှာ အရပ်သားအစိုးရသစ် (အစိုးရသစ်) က တာဝန်ယူတယ်ဆို ပြောနိုင်ပေမဲ့ အခုချိန်မှာ အစိုးရသစ် မဟုတ်တော့ပါဘူး။ အစိုးရ ဖြစ်နေပါပြီ။ အစိုးရဖြစ်လာတာနဲ့အမျှ တာဝန်ယူရမယ့်ကိစ္စတွေ ရှိလာပါတယ်။

ဒီအခါ အစိုးရအနေနဲ့ ပြီးခဲ့တဲ့ကာလတွေမှာ ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲ၊ ဖြစ်စဉ်တွေအပေါ် ပြန်ပြီး သုံးသပ်ရမယ့် အကြောင်းအချက်တွေ ရှိလာပါတယ်။ အဲဒီ သုံးသပ်မှုတွေအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူ ဖြစ်စေဖို့ရာ ရည်ရွယ်ပြီး ဒီတစ်ကြိမ်ထုတ် The Myanmar Quarterly မှာ အသွင်ကူးပြောင်းရေး အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုင်ရာ အကြောင်းအချက်တွေနဲ့ ဂယက်တွေကို ဦးစားပေး ဖော်ပြခဲ့တာပါ။

(၃)

နောက်ထပ် အထူးပြုကဏ္ဍတစ်ရပ် အနေနဲ့ ဖော်ပြထားတာက ဦးကြည်မောင်အကြောင်း ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဦးဆောင်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ခဲ့သူ၊ ခေါင်းဆောင်မှု တန်ဖိုးရှိတဲ့ နိုင်ငံရေးသမားကောင်းကြီးတစ်ဦး အကြောင်းပါ။ ဒါကလည်း ဒီကနေ့ခေတ်မှာ ပြောဆိုနေကြတဲ့ ခေါင်းဆောင်မှု လေဟာနယ်ဖြစ်နေခြင်းကို  ဖြည့်ဆည်းကြတဲ့အခါ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

ဦးကြည်မောင်နဲ့ ပတ်သက်ပြီး နာမည်ကျော် ထင်ရှားခဲ့တာက နုရင်ဘတ်ခုံရုံးကိစ္စ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ထုတ် Asiaweek မဂ္ဂဇင်းမှာ သတင်းစာဆရာ ဒေါမနစ်ဖူလ်ဒါ မေးမြန်းခဲ့တဲ့ ဦးကြည်မောင် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ ဒီအင်တာဗျူးမှာ နူရင်ဘတ်ခုံရုံးကိစ္စ ပါဝင်ခဲ့တာဖြစ်ပြီး ဒါကို အကြောင်းပြုလို့ (စစ်အာဏာရှင်တွေက အြင်ှိုးအတေး ထားခဲ့တာကြောင့်) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းခြင်း ပျက်ပြားစေခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

တကယ်တော့ သတင်းစာဆရာ ဒေါမနစ်ဖူလ်ဒါက ဦးကြည်မောင်ကို နှစ်ကြိမ်တွေ့ဆုံပြီး အင်တာဗျူးလုပ်ခဲ့ချိန်မှာ အင်တာဗျူး အပြည့်အစုံက စာမျက်နှာ ကိုးမျက်နှာ ရှိပါတယ်။ နုရင်ဘတ် ခုံရုံးကိစ္စ တစ်ခုတည်း ပြောခဲ့တာ မဟုတ်ပါဘူး။ အကြောင်းအရာပေါင်းများစွာ ပြောဆိုခဲ့တာပါ။ ဒါကို ဖော်ပြတဲ့အခါ အယ်ဒီတာက အကျဉ်းချုံး တည်းဖြတ်မှု လုပ်ခဲ့တာကြောင့် နုရင်ဘတ်ခုံရုံးကိစ္စ တစ်ခုတည်း ပေါ်လွင် ထင်ရှားခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒေါမနစ်ဖူလ်ဒါရဲ့ ပြန်ပြောင်းပြောဆိုချက် ဆောင်းပါးနဲ့အတူ တစ်ကြိမ်တစ်ခါမျှ အပြည့်အ၀ ဖော်ပြခဲ့ခြင်းမရှိတဲ့ (စာမျက်နှာ ကိုးမျက်နှာပါ) မူရင်း အင်တာဗျူး အပြည့်အစုံကိုလည်း (သမိုင်းအထောက်အထား တစ်ရပ်အဖြစ်) တည်းဖြတ် ပြင်ဆင်ခြင်းမပြုဘဲ  အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဒီတကြိမ် The Myanmar Quarterly မှာ ဖော်ပြထားပါတယ်။

(၄)

အသွင်ကူးပြောင်းရေးဖြစ်စဉ်၊ ဦးကြည်မောင်အကြောင်း အထူးဖော်ပြချက်အပြင် ထူးခြားချက်အချို့ ရှိနေပါသေးတယ်။ ဆောင်းပါးရှင် မယ်ရီကယ်လာဟန်ရဲ့ သုတေသနတွေ့ရှိချက်၊ “ရှုထောင့်အမြင်”ကဏ္ဍမှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေ ဆောင်းပါး အပါအဝင် ကင်ညာနိုင်ငံက အရပ်ဘက်လူအဖွဲ့အစည်းတွေ ရုန်းကန်ရမှု အခြေအနေ ဆောင်းပါး၊ ဒါတွေကလည်း  မူဝါဒဆိုင်ရာ ကိစ္စရပ်တွေနဲ့ မျက်ခြေမပြတ်လိုသူတွေအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် “စကားပြောသော ကိန်းဂဏန်းများ” ကဏ္ဍမှာ ဖော်ပြထားတဲ့ အကြောင်းအရာ နှစ်ခုကလည်း စိတ်ဝင်စားစရာ ဖြစ်မယ်လို့ ထင်ပါတယ်။ ပထမတစ်ခုက၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပေါ် လေ့လာဆန်းစစ်ထားတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီး အရေးယူခံထားရသူတွေအကြောင်းပါ။ ဒါတွေကလည်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အသုံးဝင်နိုင်တဲ့ အချက်အလက်တွေ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။

နိဂုံးချုပ်အားဖြင့် The Myanmar Quarterly ရဲ့ ရည်ရွယ်ချက်ကိုပဲ ပြောလိုပါတယ်။ The Myanmar Quarterly ဟာ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ Institute for Strategy and Policy: Myanmar (ISP)  ရဲ့ လုပ်ငန်းစီမံချက် တစ်ခုဖြစ်ပြီး ဂျာနယ်ခေါင်းစီး တင်ပြချက်တွေအပြင် မြန်မာ့အရေး သုတေသန ရှာဖွေတွေ့ရှိချက်တွေ၊ မြန်မာ့အရေး လေ့လာသူတွေရဲ့ ရှုထောင့်အမြင်တွေ၊ ခေတ်ကာလနဲ့ လျော်ညီစွာ အာရုံပြုအပ်တဲ့ ဆောင်းပါးတွေကို ဖော်ပြလျက်ရှိပါတယ်။ ဒီလိုဖော်ပြရာမှာ နိုင်ငံအရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒရေးရာကိစ္စရပ်တွေကို ဘက်စုံထောင့်စုံကနေ အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့် နိုင်ငံရေးမှာ ပြည်သူလူထုရဲ့ ပါဝင်မှု ပိုမိုအားကောင်းစေပြီး ဒီမိုကရေစီကျတဲ့ ခေါင်းဆောင်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

အယ်ဒီတာ

Editor’s Note

In our last issue, the Myanmar Quarterly took on the thematic topic of ‘federalism’ and the challenges for achieving inclusive ‘state building’ and ‘nation building’ that promote stability and equality. Now, we tackle a new one: “An assessment of Myanmar’s political transition: Success and Challenges .” In March 2016, the National League for Democracy’s came to power, representing Myanmar’s first civilian-led government in over fifty years. After a year in office, the articles in this issue of the Myanmar Quarterly raise timely questions. When did Myanmar’s transition begin? Where is it leading? In this issue the Myanmar Quarterly aims to contribute in two ways.  Theoretically, we discuss factors of political transitions, which lead to the success and failure of a particular country. Empirically, we also attempt to understand and analyze the roles played by the civilian-led government in the transition process over the past one and half years.

This issue features articles on the late U Kyi Maung – an influential and well-respected political leader. His mentioned of a “Nuremberg trial” in excerpts of an interview published in Asiaweek magazine in 1990 cannot be forgotten. His comments were mistakenly interpreted and widely publicized, which helped derail the political transition at that time. In this issue, we therefore present a full 9-page transcript of the interviews by Dominic Faulder along with his account of the interviews.

This issue is one of the most ambitious to date on the subject of political transition in Myanmar. It aims to promote informed debates among policymakers as well as the general public. This reflects ISP-Myanmar’s twin goals of promoting democratic leadership and civic participation.

About the author

The Editor

Add comment