အလံဖြူ ဘယ်သူလွှင့်

‘လူ …’ တဲ့။
အသိဉာဏ်ရှိတဲ့ သတ္တဝါကို ‘လူ’လို့ ခေါ်သတဲ့။
ဘယ်လို အသိဉာဏ်မျိုးလဲ …။
(၁) ‘သကတ္တ’နဲ့ ‘ပရတ္တ’ – မိမိအကျိုး၊ သူတပါးအကျိုး ခွဲခြားသိတာ၊ ဆိုလိုတာက ကိုယ့် အကျိုးသာမက သူ့အကျိုးပါ ဒွန်တွဲစဉ်းစားတာ၊ ချုပ်လိုက်တော့ ‘ကိုယ်ချင်းစာတရား’ ပေါ့။
(၂) ‘အတ္တ’နဲ့ ‘အနတ္တ’ – အကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်းကို ခွဲခြားသိတာ။ ဒီအလုပ် လုပ်ရင် အကျိုးရှိတယ်။ ဒီစကားပြောရင် အကျိုးမဲ့တယ်။ ဒီစကားပြောရင် အကျိုးရှိတယ်။ ဒီအလုပ်လုပ်ရင် အကျိုးမဲ့တယ်ကို သိတာ။ ဒီ ‘အကျိုး’ ဆိုတာမှာလည်း ‘ကိုယ်ချင်း စာတရား’ နဲ့ယှဉ်တဲ့ ‘အကျိုး’ ပါပဲ။
(၃) ‘ပုည’နဲ့ ‘ပါပ’ – ကောင်းမှု၊ မကောင်းမှု။ ကုသိုလ်၊ အကုသိုလ်ကို စိတ်ဖြာပြီး သိတာ။ ကိုယ့်အလုပ်၊ ကိုယ့်အပြောကြောင့် ကောင်းမှုဖြစ်စေတာ၊ မကောင်းမှုဆီ ဦးတည်သွားပြီ ဆိုတာ စိတ်ဖြာခွဲခြမ်း သိနိုင်တာ။
(၄) ‘ကာရဏ’နဲ့ ‘ဖလ’ – အကြောင်း၊ အကျိုးကို သိတာ။ သည်အကြောင်းတရားကို အခြေခံရင် အကျိုးဆက်က ဘယ်လို၊ သည်အကျိုးဆက်ဖြစ်ရတာက သည်အကြောင်း ကြောင့် ဆိုတာမျိုး ဝေဖန်ပိုင်းခြား သိကျွမ်းတာ။

လူပီသတဲ့ လူ့အဆောက်အအုံ
ဒီတော့ ‘လူ’ ဆိုတာ ဒီအချက် လေးချက်ကို အခြေခံတဲ့ အသိဉာဏ်ရှိသူကို ခေါ်တာပဲ။ ဒီလိုအသိဉာဏ်မျိုးရှိတဲ့ လူမျိုးမှသာ လူ့အဆင့်၊ လူ့အတန်းမီပြီး လူ့လောကကြီးမှာ လူပီသစွာနဲ့ လူ့အဆောက်အအုံကြီးကို တည်ဆောက်နိုင်တာပဲ။ ဒီလို ရှေးရှေးကတည်းက လိုက်နာယုံကြည်ခဲ့ ကြတယ်။ ကျင့်ကြံခဲ့ကြတယ်။ ဒီအဘိဓမ္မာ၊ ဒီဒဿနနဲ့ ‘မြန်မာ’ဆိုတာ ‘ယဉ်ကျေးဖွယ်ရာသော လူမျိုး’အဖြစ် … တထီးတနန်း နေနိုင်ခဲ့ကြတယ်။
အချိန်ကာလတခုမှာ အဲဒီ ‘မြန်မာ’ဆိုတာ ညှိုးမှိန်၊ အဲဒီ ‘မြန်မာ’ဆိုတာ ဆိတ်သုဉ်း၊ အဲဒီ ‘မြန်မာ’ဆိုတာ ကွယ်ပျောက်လု ဖြစ်ခဲ့ရတော့၊ မျိုးနွယ်တဆက်လုံး ကျင့်သုံးလိုက်နာခဲ့တဲ့ ‘လူသားဆိုင်ရာ ဒဿန’ ကြီးလည်း ညှိုးမှိန်၊ ဆိတ်သုဉ်း၊ ကွယ်ပျောက်ကာ … ‘လူမဆန်တဲ့ကာလ’ ကြီး ရောက်လေမလားတွေးပူပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း အပါအဝင် ရှေးမြန်မာ ပညာရှင်ကြီးများက တလျောက်လုံး ယုံကြည်လက်ခံတဲ့ ‘လူသားကိုယ်စားပြု မြန်မာ…၊ မြန်မာ ကိုယ်စားပြုခဲ့တဲ့ မန္တလေး’ကို ရော်ရမ်းမျှော်မှန်း လွမ်းဆွတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း
‘ပြည်တော်သူ ရဟန်းရှင်လူအပေါင်းကိုဖြင့် …
ဆုတောင်းကာ ပတ္တနာခြွေလို့၊
မာပါစေ မေတ္တာပို့ရာက
ရွှေမြို့တော် တောင်တမန်းဆီသို့
ယောင်ယမ်းကာ တခါတခါမြင်တော့ ….’ တဲ့။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ‘အရှင် နန်းမတော်မိဖုရားခေါင်ကြီးဘုရား နတ်ထီး ကြငှန်း စံမြန်းတော်မူကြောင်းဘွဲ့ သံဝေဂလေးချိုးကြီး’မှာ စပ်ဆိုခဲ့ပါတယ်။ ဆရာကြီးက ‘သခင် ဋီကာ’မှာလည်း ‘’မန်းအပျက်တွင် ကြငှန်းမက်လိုက်ရပုံက၊ ပုခန်းထွက်တဲ့ပြီး၊ အကြမ်း ဖက်ကရော့မဟဲ့လို့၊ ငမ်းငမ်းတက် သရေယိုအောင်၊ နန်းဆက်အမွေကိုလည်း မှန်းမိတဲ့ပြင်…’’ လို့ စပ်ဆိုခဲ့သေးတယ် မဟုတ်ပါလား …။

ကိုယ်စားပြု စရိုက်လက္ခဏာ
ဆရာကြီးက ‘မန္တလေး’ကို ရော်ရမ်းမျှော်မှန်း လွမ်းတနေရတယ်ဆိုတာ… ရွှေထီးရွှေနန်း ပြာဿဒ်အဆောင်ဆောင်နဲ့ ရုပ်ဝတ္ထု မန္တလေးထက် …။ မြန်မာကိုကိုယ်စားပြုတဲ့ စရိုက်လက္ခဏာ၊ မြန်မာကိုကိုယ်စားပြုတဲ့ စိတ်ဓာတ်၊ မြန်မာကိုကိုယ်စားပြုတဲ့ သဘောသဘာဝတွေကို ပိုမို လွမ်းဆွတ် တသမယ်ဆိုတာ ပိုမိုသေချာပါတယ်။
ဒီစရိုက်လက္ခဏာ၊ ဒီစိတ်ဓာတ်၊ ဒီသဘောသဘာဝတွေကို လွမ်းဆွတ်လောက်တယ် ဆိုတာကလည်း လူသားတဦးတယောက်အနေနဲ့ လူသားပီသစွာ၊ လူသားဆန်တဲ့ မြင့်မြတ် စိတ်ထားကို တန်ဖိုးထား ဂုဏ်ယူထွေးပိုက်ချင်တဲ့ သဘောပါပဲ။
ရှေးက ‘မန္တလေး’ကို ချစ်ကြတယ်ဆိုရာမှာ… အဲဒီယုံကြည်မှုနဲ့ ချစ်ခဲ့ကြတာပါ။ အဲဒီ အတွေးအခေါ်နဲ့ ချစ်ခဲ့ကြတာပါ။ ‘ကျဉ်းမြောင်းတဲ့ ဒေသစွဲ’နဲ့ ငါ့မြို့၊ ငါ့မြေဆိုတာမျိုးနဲ့ ချစ်ခဲ့ ကြတာမျိုး မဟုတ်ပါဘူး။ စွဲလမ်းခဲ့ကြတာမျိုး မဟုတ်ပါဘူး။
ပြည်ရွှေတောင် ဝါးလည်ရွာသား ဆရာကြီးသခင်ကိုယ်တော်မှိုင်းကလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေး ချစ်ခဲ့တာပါ။ မုံရွာသား လယ်တီပဏ္ဍိတဦးမောင်ကြီးလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေး ချစ်ခဲ့တာပါ။ ဖျာပုံသား ဆရာဇော်ဂျီလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေး ချစ်ခဲ့တာပါ။ ကွမ်းခြံကုန်းသား ဆရာမင်းသုဝဏ်လည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးချစ်ခဲ့တာပါ။ ဇီးကုန်းသား ဆရာဇေယျလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးချစ်ခဲ့တာပါ။ စစ်ကိုင်းသား ဆရာကြီးမဟာဆွေလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးချစ်ခဲ့တာပါ။ မုံရွာသား ဆရာညိုမြလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးချစ်ခဲ့တာပါ။ ပြည်သား ဇဝနလည်း ဒီစိတ်ဓာတ်နဲ့ ချစ်ခဲ့တာပါ။ ရခိုင်ပြည်နယ်၊ သံတွဲသား ပါမောက္ခ ဦးကျော်ရင်လည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးချစ်ခဲ့တာပါ။ ဟင်္သာတ၊ ကျုံတဒူးသား ဦးဆန်းထွန်းလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးကို ချစ်ခဲ့တာပါ။ ညောင်လေးပင်၊ ပုစွန်မြောင်းသား ကြီးပွားရေးဦးလှလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးချစ်ခဲ့တာပါ။ ရေကြည်သား ဒေါက်တာသန်းထွန်းလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေး ချစ်ခဲ့ တာပါ။ ပခုက္ကူ၊ မြိုင်သား မြသန်းတင့်လည်း ဒီစိတ်ဓာတ်နဲ့ မန္တလေးချစ်ခဲ့တာပါ။
ဒီလိုနဲ့… ရန်ကုန်သား၊ မော်လမြိုင်သား၊ မြင်းခြံသား၊ စစ်ကိုင်းသား၊ မုံရွာသား၊ တောင်ကြီးသား၊ မြစ်ကြီးနားသား…၊ တံတားဦး၊ အင်းဝသားတွေလည်း ဒီစိတ်ဓာတ်နဲ့ မန္တလေး ချစ်ခဲ့ကြတာ မဟုတ်လား …။
မန္တလေးမှာ မွေးဖွား…၊ မန္တလေးစိတ်ဓာတ်ကို အပြည့်အဝ သဘောပေါက်၊ လက်ဆင့်ကမ်း ယူခဲ့ကြတဲ့… စာရေးဆရာ၊ ဆရာမကြီးများ၊ အနုပညာရှင်ကြီးများဆိုရင် အထူးပြောစရာ မရှိ တော့ပါဘူး။ ဒီလိုစိတ်ဓာတ် ဖြစ်ပေါ်ခဲ့ရတာကလည်း ဘုရင်က အမိန့်နဲ့ မြို့သစ်နန်းသစ် ထူထောင် တယ်ဆိုငြား ပြည်သူကိုယ်တိုင် ပူးပေါင်းပါဝင်ထူထောင်ခဲ့ပြီး တူရာ အစုအဖွဲ့လိုက် ညီညွတ် မျှတစွာနေထိုင်၊ အမှုတော်ထမ်းဆိုတဲ့ ဝန်ထမ်းစိတ်မျှမဟုတ်မူဘဲ ကိုယ့်အရပ်၊ ကိုယ့်ပြ၊ ကိုယ့်လမ်း၊ ကိုယ့်အပိုင်း၊ ကိုယ့်ရွာ၊ ကိုယ့်မြို့ရယ်လို့ ခံစားတာဝန်ရှိလာအောင် မြို့တည်စဉ်က သန္ဓေဟာ ပြည်သူဆိုတဲ့ ‘လူ’ကို ဗဟိုပြုခဲ့လို့ပါပဲ။

ပြည်သူကို စည်းရုံးဆွဲဆောင်
သက္ကရာဇ် ၁၂၁၄ ခုနှစ်မှာ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ဟာ နောင်တော် ပုဂံမင်းကို ထီးနန်းချပြီး အမရပူရထီးနန်းကို သိမ်းမြန်းစိုးအုပ်တော်မူတယ်။ မင်းတုန်းမင်း တရားကြီးအဖြစ် ထီးနန်းရရှိပြီး မကြာမီမှာပဲ အမရပူရမင်းနေပြည်တော်ရဲ့ မြောက်ဘက် မန္တလေး တောင်အနီးမှာ မြို့ကြီးတည်ရသော် ကောင်းလေအံ့ဟု ကြံစည်တော်မူတယ်။ အမရပူရ မင်း နေပြည်ကို ပစ်ခွာပြီး မန္တလေးအရပ်မှာ မြို့သစ်နန်းသစ်တည်ခြင်းဆိုတာ အမရပူရက မြို့ကျဉ်း၍ ဖြစ်စေ၊ ဘေးအန္တရာယ်ရှိ၍ဖြစ်စေ၊ ကျန်းမာရေးနှင့်ဆန့်ကျင်၍ဖြစ်စေ တစုံတခုချို့ယွင်း၍လောလို့ မေးဖွယ်ရှိသော်ဘာ့ကြောင့်ဟူ၍မူ မည်မည်ရရထင်းခနဲလင်းခနဲမပြသာခဲ့ပါဘူး။ ဒါကြောင့်လည်း ဘုံကျော်ဆရာတော်ကဲ့သို့ ထေရ်ကြီးများက မြို့သစ်နန်းသစ်တည်ရေးကို နှစ်သက်တော် မမူ ခဲ့ပါဘူး။ မြန်မာပြည်အောက်ပိုင်း အင်္ဂလိပ်သိမ်းထားချိန် ငွေကြေးအင်းအား၊ လူအင်အား၊ စိတ်ဓာတ်အင်အားတို့ကို မလိုအပ်သေးတဲ့ မြို့သစ်နန်းသစ်ကိစ္စမှာပဲ မဖြုန်းတီးစေချင်ဘူး။ အလားတူ မင်းတိုင်ပင် ပုရောဟိတ် ရာမပုဏ္ဏားကြီးကလည်း ဗေဒင်အကြောင်းချင်းရာတွေနှင့် မြို့သစ်နန်းသစ်တည်ရေးအပေါ် မကျေမလည် ရှိခဲ့တယ်။ အမရပူရ မင်းနေပြည်သားတို့အဖို့ ကတော့ ဆိုဖွယ်မရှိပေါ့။ ဘယ်သူမှ မိမိအိမ်ရာကို ဖျက်သိမ်းပြီး နယ်သစ်ပယ်သစ်မှာ ဘဝကို တစ်က ပြန်မစချင်ကြပါဘူး။ မိမိလယ်ယာကို နှမြောကြတာပါပဲ။ မိမိအိုးအိမ်ကို မြတ်နိုးကြတာပါပဲ။ မိမိစေတီပုထိုးကို စိတ်ညွှတ်ကြတာပါပဲ။ မိမိကျောင်းကန်ကို ခင်တွယ်ကြတာပါပဲ။

မြို့သစ်နန်းသစ် တည်ထောင်လိုခြင်း
ဒါပေမဲ့ မင်းပျိုမင်းလွင် မင်းတုန်းဘုရင်က ကျုံး၊ ပစ္စင်၊ ပြအိုးနဲ့ ခံ့ခံ့ညားညားရှိဆဲ အမရပူရ ‘’မြနန်းဘုံစံ’’ နန်းမြို့တော်နှင့် ရွှေရောင်တလက်လက်နှင့် ထည်ဝါနေဆဲ ‘’အောင် နန်းစံရာ’’ ရွှေနန်းတော်ကို စိတ်လက်မကြည် မအီမသာရှိနေပုံရတယ်။ အမရပူရ မြို့တည်၊ နန်းတည် ဘိုးတော်ဗဒုံမင်းမှလွဲပြီး ဘကြီးတော် စစ်ကိုင်းမင်း၊ ခမည်းတော် သာယာဝတီမင်းနှင့် နောင်တော်ပုဂံမင်းတို့ လက်ထက် အတိမ်း အစောင်းတွေနှင့် စိတ်ညစ်ညူးဖွယ် ကိစ္စ များကြောင့် ထီးနန်းသစ်ကို ထူထောင် လိုခြင်းက မင်းနေပြည် ပြောင်းရွှေ့ရေးမှာ အဓိကကျတဲ့တချက် ဖြစ်တယ်။ ဒါ့အပြင် အောက်မြန်မာပြည်ကို မြေထဲမြို့အထိ သိမ်း ပိုက်ထားတဲ့ အင်္ဂလိပ်အစိုးရရဲ့ သံခင်း တမန်ခင်း စစ်သင်္ဘောတွေ အမရပူရ နန်းတော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း တောင်သမန်အင်းထဲ ဝင်ရောက်ဆိုက်ကပ် နားလေတိုင်း အမရပူရနန်းတော်အပေါ် စီးမိုး နေတဲ့ မြင်ကွင်းကို မြင်ရလို့ စိုးရိမ်စိတ် ပြင်းပြမှုက လုံခြုံစိတ်ချရသော ထီးနန်းသစ် ကို မျှော်လင့်မှာလည်း ဧကန်ဖြစ်လိမ့်မယ်။ ဒီအချက်က မန္တလေးသို့ မင်းနေပြည်တော် ပြောင်းရွှေ့ရေးရဲ့ ခိုင်မာတဲ့ ဒုတိယအချက် လည်း ဖြစ်တယ်။
ဒါ့အပြင် အမရပူရ နိုင်ငံတော်ကြီးကို သိမ်းပိုက်အုပ်စိုးချိန်မှာ မင်းတုန်းမင်းက အသက် ၄၀ ပင် မပြည့်သေးတဲ့ အားကောင်းမောင်းသန် အရွယ်ဆိုတာလည်း သတိပြုရမယ်။ ဒီအရွယ်ရဲ့ စိတ်ဓာတ်အားမာန်ကလည်း ကုန်းဘောင်မင်းဆက်ကို ပထမတည်ထောင်တဲ့ အလောင်း မင်းတရားကြီးက ရတနာသိင်္ဃမြို့ တည်သလို၊ ဒုတိယနောင်တော်မင်းတရားက ဇေယျာပူရမြို့ တည်သလို၊ တတိယ ဆင်ဖြူရှင်မင်းက ရတနာပူရ အင်းဝ တတိယမြို့နန်း တည်သလို၊ ဘိုးတော် ဘုရားကလည်း အမရပူရ ပထမမြို့နန်းတည်သလို၊ ဘကြီးတော် မင်းတရားကလည်း ရတနာပူရ စတုတ္ထမြို့နန်းတည်သလို၊ ခမည်းတော်ရွှေဘိုမင်းက အမရပူရ ဒုတိယမြို့နန်း တည်သလို မင်းတုန်းမင်းကလည်း ကုန်းဘောင်မင်းဆယ်ဆက်မှာ အထက်ခြောက်ဆက်သော မင်းတွေလို မြို့သစ်နန်းသစ် တည်ထောင်လိုခြင်းကလည်း အဓိကတွန်းတဲ့ တတိယအချက်လည်း ဖြစ်တယ်။

တဦးနဲ့တဦး ယုံကြည်မှုရခဲ့ပြီ
အမရပူရမြို့တော်က မန္တလေးရတနာပုံမြို့တော်ကို အသစ်တည်ဆောက်ပြောင်းရွှေ့ စံတော်မူရန် မင်းတုန်းမင်းရဲ့စိတ်မှာ ခိုင်မာသွားပြီး နှလုံးရည်လက်ရုံးရည်နှင့် ရယူပိုင်ဆိုင်ထားတဲ့ မင်းဧကရာဇ်တပါးအတွက် ‘’မန္တလေး ရတနာပုံ နေပြည်တော်အသစ် တည်ထားပြောင်းရွှေ့ စံတော်မူမည်။ တချက်လွှတ် အမိန့်တော်’’လို့ ရဲဝံ့စွာ ဆောင်ရွက်နိုင်ငြား မင်းတုန်းမင်းက ဒီလို တသွေး တသံ တမိန့် ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်း မပြုခဲ့ပါဘူး။ မင်းတုန်းမင်းရဲ့ ပင်ကိုမူလ စိတ်ထားနူးညံ့မှုနှင့် ဘာသာတရားအပေါ် ကိုင်းရှိုင်းမှုက တသွေး တသံ တမိန့်ကို မဖြစ်စေဘဲ၊ မြန်မာတို့၏ ပင်ကိုရှိရင်းစွဲ နှလုံးသားပျော့ပျောင်းစွာ စိတ်လိုလက်ရ တိမ်းညွှတ်လာဖို့ ဆွဲဆောင် ရေးကို ဦးစားပေးခဲ့တယ် ဆိုတာကလည်း ဂရုပြုဖွယ်ဖြစ်တယ်။ ဒါကြောင့် ပြောင်းရေး၊ မပြောင်း ရေး အယူအဆမတူတဲ့ ဘက်နှစ်ဘက်ကို ပြေလည်သည်အထိ အခြေအတင် အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးစေတယ်။ ပြည်သူလူထုကို ပြောင်းရေးဘက် တိမ်းညွှတ်လာအောင် စည်းရုံးတယ်။ အခြေအတင် ဘက်နှစ်ဘက်က ညှိနှိုင်းဆွေးနွေးမှုအရ ပြောင်းရေးကို လက်ခံသဘောတူချိန်နဲ့ ပြည်သူကလည်း ပြောင်းဖို့ ထက်သန်လာစေမှုကို ချိန်ကိုက် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါကြောင့် မန္တလေးမြို့တည် အခင်းအကျင်းဟာ မင်း၊ မှူးမတ်၊ ရဟန်း၊ ပြည်သူတွေဟာ တဦးနဲ့တဦး ယုံကြည်မှုရခဲ့ပြီး ကဏ္ဍအလိုက် ‘လူ့တန်ဖိုး’ကို အပြန်အလှန် လေးစားလက်ခံခဲ့ကြတာပါပဲ။

‘လူ’ဆိုတဲ့ တန်ဖိုး
ဒါကြောင့် သူ့ကျွန်အောက် ရောက်သည့်တိုင် ကိုယ့်စရိုက် ကိုယ့်လက္ခဏာ ကိုယ့် အမူအကျင့် ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်ကဏ္ဍနှင့်ကိုယ် ထိန်းသိမ်းကာကွယ်နိုင်ခဲ့တယ်။ ကိုယ့် စည်းကိုယ့်တာနဲ့ အပြန်အလှန်အသိအမှတ်ပြု ကူညီယိုင်းပင်းခဲ့ကြတယ်။ သူဋ္ဌေးက တရပ်ထဲနေ လက်လုပ်လက်စား မင်္ဂလာဆောင်မှာ သတို့သမီးကို စိန်အစစ်တဆင်စာ ယုံယုံကြည်ကြည် ဆင်ပြီး သဌေးကတော်ကိုယ်တိုင် ဧည့်ခံပေးတယ်။ သဋ္ဌေးအိမ် အလူ့ရှိရင်လည်း တရပ်လုံးက အလုပ်နားပြီး လိုတဲ့နေရာမှာ အားတက်သရော ကူကြတယ်။ သဋ္ဌေးအိမ်ရှေ့က ရေကန်ကို သဋ္ဌေးရော ရပ်ကွက်ပါသုံးတယ်။ သဋ္ဌေးက ရေကန်ပျက်ရင် အကုန်အကျခံပြင်တယ်။ ရပ်ကွက်က ရေကန်ကို သန့်ရှင်းတယ်။ ရေညှိ အမှိုက်သရိုက်မရှိအောင် နေ့စဉ်ဆေးကြောတယ်။ သဋ္ဌေး စားဖိုဆောင်မှာ လိုအပ်တဲ့အချိန် အအီပြေ ဆင်းရဲသားအစာလေးတွေ ဝင်ချက်ပြုတ်ပေးတယ်။ သဋ္ဌေး ဆေးသောက်ချိန် ကြုံသူက မမေ့မလျော့ ဆေးဝင်တိုက်တယ်။ သင်္ကြန်လိုကာလမျိုးမှာ သဋ္ဌေးမကြီးနဲ့ အလုပ်သမလေးတွေ ကြမ်းတပြေးတည်းထိုင်ပြီး အတူ သီဆိုကခုန်ဆင်နွှဲကြတယ်။ မည်သည့်ဘာသာမဆို ငါ့ဘာသာမို့ သူ့ဘာသာမို့မခွဲဘဲ အပြန်အလှန် လိုတဲ့နေရာ ကူညီတယ်။ ဒါတွေဟာ မန္တလေးမှာ သဋ္ဌေးနဲ့ ဆင်းရဲသား အလုပ်ရှင်နဲ့ အလုပ်သမား လူမျိုးဘာသာမခြား ညီညွတ်ချစ်ခင်ခဲ့ကြပါတယ်။ ကိုယ်ကျင့်သီလ အခြေခံ ‘လူ’ဆိုတဲ့ တန်ဖိုးအပေါ်မှာ အပြန်အလှန် လေးစားခဲ့ကြတာပါ။

ရှေးကတော့ ပိုချစ်ကြတယ်
နန်းတော်ရှေ့ ဆရာတင် ရေးသလို ပါပဲ။
‘ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရေတပြင်တည်း …
ရှေးကတော့ ပိုချစ်ကြတယ်…’ ဆိုတာမျိုး ….။
ဟုတ်ပါတယ်။ အင်မတန် မြန်မာ ဆန်သော၊ မြန်မာဆန်မှု၏ အညွန့်အဖူး၊ အထွတ်အထိပ် ထီးနန်းဆန်သော၊ ရုပ်ဝတ္ထု အလှသာမက စိတ်ရင်းစိတ်ဓာတ် အလှ အပတို့ စုစည်းရာဖြစ်ခဲ့သော မန္တလေးကို ရှေးပညာရှိ မြန်မာကြီးများကိုယ်နှိုက်က တမြတ်တနိုး ချစ်ခဲ့ကြတာပါ။
‘မန္တလေးဆို ရွှေမြို့၊ တို့ရတနာပုံ နေပြည် …
တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ ….
အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြံစို့လေ …’ လို့ တေးရေးဆရာ အေဝမ်းဆရာညှာ တိုက်တွန်းခဲ့သလို၊ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ပြာပုံအတိ ပြားပြားဝပ်ပျက်စီးခဲ့တဲ့ ‘မန္တလေး’ကို နဂိုမူလ မန္တလေးမူ၊ မန္တလေးဟန်၊ မန္တလေးသန္ဓေမပျောက်သော၊ ‘နဖူးက ချွေး ခြေမကျမျှ’ ရွှေမြို့တော်သူ ရွှေမြို့တော်သားအားလုံးက စွမ်းစွမ်းတမံ ပြန်လည်တည်ဆောက် ခိုင်မာစေခဲ့တာ မန္တလေး အနှစ် ၁၀ဝ ပြည့်မှာထိ ဒီစိတ်ဓာတ် ဒီအားမာန်က ရှင်သန်တက်ကြွနေဆဲပါ။ ဒီစိတ်ဓာတ် ဒီအားမာန်နဲ့ မန္တလေးကို ချစ်ခင်ကြဆဲပါ။
ဒုတိယကမ္ဘာစစ်လို စစ်ကြီးဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး ရုပ်ဝတ္ထုများသာမက စိတ်ဓာတ် များပါ ဘုံးဘုံးလဲကျ ကုန်းကောက်စရာမရှိ ဖြစ်ခဲ့ရတဲ့ မန္တလေးမြို့ကြီးကို အချိန်တိုအတွင်း နလံထူရုံမက ကိုယ်ရော စိတ်ပါ ကျန်းမာသန်စွမ်းလာအောင် မြို့ခံပညာရှင်များ၊ မြို့မိမြို့ဖများက အစိုးရအဖွဲ့နှင့် ပူးပေါင်း စီမံဆောင်ရွက်ကြတာကလည်း လက်ဆင့်ကမ်း အမွေခံခဲ့ကြတဲ့ အချင်းချင်းလေးစားမှုကို အခြေခံတဲ့ ညီညွတ်ခြင်းကြောင့်ပါပဲ။

အလံဖြူ ဘယ်သူလွှင့်
တကယ်တော့ ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်တဲ့ တရား မျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ခွင့်တူညီမျှခြင်းဆိုတာ ကျနော်တို့တန်ဖိုးထားပြီး တလျောက်လုံး လိုက်နာကျင့်သုံး လက်ဆင့်ကမ်းအမွေခံခဲ့တဲ့ မြန်မာ့လူမှုစရိုက်ပါပဲ။ တချိန်က ဒီစရိုက်လက္ခဏာကို ခမ်းနားစွာ လက်ခံကျင့်သုံးပြသနိုင်ခဲ့တာ မန္တလေးပါ။ ရတနာပုံ မြို့တည် နန်းတည်ကာလမှာကတည်းက သန္ဓေတည်ခဲ့တဲ့ ဒီဓလေ့စရိုက်ဟာ ပါတော်မူပြီးနောက် သူ့ကျွန် လက်အောက်မှာလည်း ကုန်းရုန်းလူးလဲထပြီး လက်မထောင်နိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲ ကာလတလျောက် နိုင်ငံရေးမျက်နှာစာသာမက ယဉ်ကျေးမှုမျက်နှာစာကလည်း ဒီစရိုက်လက္ခဏာနဲ့ စစ်မျက်နှာဖွင့်နိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်လည်း ဘိုးဘွား အမွေအနှစ်အပေါ် တန်ဖိုးထား ပုခုံးပြောင်း တာဝန်ကျေခဲ့လို့ ယဉ်ကျေးမှုမြို့တော်လို့တောင် အသိအမှတ်ပြုနိုင်ခဲ့ ကြတာပါ။
ဒါပေမဲ့ နိုင်ငံရေးရေသောက်မြစ်ရဲ့ သန်စွမ်းမျိုးမှန်မှုအပေါ်မှာ အကိုင်းအခက်တွေ ရှင်သန်ဝေဆာရစမြဲ မဟုတ်ပါလား။ မန္တလေးရေခံမြေခံပေါ်မှာ သေမျိုးရင်းအပင်တွေ ရေ မလောင်း ပေါင်းမသင်ရုံမက ခုတ်ထစ်ရှင်းလင်း သင်းသတ်ခံရတဲ့ကာလတွေဟာ ဒေသိယ ပြဿနာမဟုတ်ဘဲ အမျိုးသားရေးပြဿနာအဖြစ် ဖြေရှင်းကိုင်တွယ်ခွင့် မရခဲ့ပါဘူး။ ပွင့်လင်းစ ကာလရောက်လို့ ဆုံးရှုံးမှုတွေအပေါ် ရဲရဲ အကဲဖြတ်ခွင့်ရလေမှ မန္တလေးက မြန်မာတို့ရဲ့ ယဉ် ကျေးမှု နောက်ဆုံးခံတပ်တဲ့လေ။ ဒီခံတပ်ပဲကျန်တော့သတဲ့။ ကဲ… ဒီခံတပ်ပေါ်က ကျန်ကောင်း ကျန်ရာ ဘက်တော်သားတို့ ဓားဆွဲ လှံဆွဲ ရဲရဲတောက် ခုခံကြလေမလား။
အခုတော့ နောက်ဆုံးခံတပ်မှာ ခုခံစစ်မောင်းသံ မဟည်းသေးခင် အရှုံးပေး လက်နက်ချ အလံဖြူတွေ တလူလူ လွင့်ပျံနေပြီလားလေ။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment