ခေတ်သစ် အမျိုးသားနိုင်ငံနှင့်လူမှုရေးဆိုင်ရာ တရားမျှတမှု၏ပင်မအစိတ်အပိုင်း

လူမျိုးကြီးဝါဒကို စွဲကိုင်အုပ်ချုပ်တဲ့တိုင်းပြည်တွေမှာ လူမှုရေးဆိုင်ရာ တရားမျှတမှုရဲ့ သဘောက အင်အားကြီးမားတဲ့လူမျိုးရဲ့ အခွင့်အရေးနဲ့ ကောင်းကျိုးချမ်းသာကိုပဲ စောင့် ရှောက်တာမျိုး ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ လူမှုရေးဆိုင်ရာ တရားမျှတမှုဟာ ဖက်ဆစ်ဝါဒပုံစံတရပ်ကို မွေးထုတ်ပေးပါတယ်။ လူမျိုးစုံ၊ တိုင်းရင်းသားပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့ တိုင်းပြည်၊ သို့မဟုတ် ဗဟုသဘောဆောင်တဲ့ လူ့အဖွဲ့အစည်းတခုမှာဆိုရင်တော့ ဘယ်လို မျိုးနွယ်ဝင်ပဲဖြစ်ပါစေ တန်းတူရည်တူ သတ်မှတ်ခံရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ခေတ်သစ် အမျိုးသားနိုင်ငံတရပ် ဖြစ်မလာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကျဉ်းမြောင်းတဲ့ အမျိုးသားဝါဒကြောင့်ဖြစ်တယ်ဆိုတာ ဒီနှိုင်းယှဉ်ချက်ကတဆင့် ကောက်ချက်ချနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းကနေ ကြည့်မယ်ဆိုရင်၊ ဗမာ လူမျိုး အများစုပါဝင်တဲ့ အုပ်ချုပ်သူလူတန်းစားဟာ အလောင်းဘုရားခေတ်က တွေးခေါ်မှုမျိုးကို ဆက်လက်ထိန်းသိမ်း ကျင့်သုံးနေသလားဆိုတဲ့မေးခွန်း ထွက်ပေါ်လာပါတယ်။ အဲသလို ရှုထောင့် မျိုးကနေသာ ကြည့်မယ်ဆိုရင်တော့ အခြားတိုင်းရင်းသားလူမျိုးစုတွေဟာ ဗမာတွေရဲ့ လက် အောက်ခံတွေသာဖြစ်တယ်လို့ အဖြေထွက်လာပါလိမ့်မယ်။ ဥရောပတိုက်မှာ အချုပ်အချာ အာဏာရ အမျိုးသားနိုင်ငံတွေပေါ်ထွက်လာတာ ၁၅ ရာစု၊ ၁၆ ရာစုလောက်က ဖြစ်ပါတယ်။ ဗဟိုကနေချုပ်ကိုင်တဲ့စနစ်မျိုးဖြစ်ပြီး အခြားသော အဖွဲ့အစည်းတွေ၊ လူအုပ်စုတွေကို အုပ်ချုပ်သူ လူတန်းစားရဲ့ လက်အောက်ခံဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်။ အဲသလို လုပ်ဆောင်တဲ့အခါမှာ ဘာသာတရားနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရော၊ လောကီအရေး အရာနဲ့သာ သက်ဆိုင်တဲ့အဖွဲ့တွေ၊ အုပ်စုတွေကိုပါ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်။ အချုပ်အချာ အာဏာရအမျိုးသားနိုင်ငံတွေ ပေါ်ထွက်လာတဲ့အကြောင်းကို ဆွေးနွေးတဲ့အခါ ၁၆၄၈ ခုနှစ်မှာ ဥရောပနိုင်ငံတွေ ပါဝင်ချုပ်ဆိုခဲ့တဲ့ Peace of Westphalia ငြိမ်းချမ်းရေးစာချုပ်တွေကို ရည်ညွှန်း ဆွေးနွေးလေ့ရှိပါတယ်။ အဲဒီစာချုပ်တွေကြောင့်ပဲ သာသနာပိုင် ခရစ်ယာန်ဘုန်းတော်ကြီးတွေ အုပ်ချုပ်တဲ့ ရိုမန်အင်ပါယာကနေခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ ဥရောပနိုင်ငံတွေအဖြစ် ထူထောင်လာနိုင်ခဲ့တယ်။
ရိုဟင်ဂျာအရေးကိစ္စဟာ ရှုပ်ထွေးပြီး၊ ကိုလိုနီစနစ်ရဲ့ အမွေတရပ်ဖြစ်တယ်ဆိုတာကို လက်ခံရမှာဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်တခုက အဲဒီအရေးနဲ့ပတ်သက်ပြီး ဖြန့်ဖြူး ပြောဆိုကြရာမှာ ကရုဏာတရား ပျောက်ဆုံးနေခြင်းပါပဲ။ လူမှုရေးဆိုင်ရာ တရားမျှတမှုလို့ဆိုရာ မှာ အုပ်ချုပ်ရေးနဲ့ လူမှုရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုအတွင်း ကရုဏာတရားနဲ့ မေတ္တာတရား တို့ကို ထည့်သွင်းပြီး လူ့အဖွဲ့အစည်းအတွင်းက ဖယ်ကြဉ်ခံရသူတွေ၊ ပြီးတော့ အဖိနှိပ်ခံတွေကို လုံခြုံမှုဆိုတဲ့အရာနဲ့ လွှမ်းခြုံပေးခြင်းဖြစ်တယ်။
အတိုချုံးပြောရရင် လူမှုရေးဆိုင်ရာတရားမျှတမှုဟာ ဥပဒေရေးဆိုင်ရာ တရားမျှမှုနဲ့ ကွာခြားပါတယ်။ ဥပဒေရေးဆိုင်ရာ တရားမျှတမှုဆိုတာက လူအုပ်စုတခု၊ သို့မဟုတ် လူတဦး တယောက်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မျှတမှုရှိမရှိကို ဥပဒေရှုထောင့်ကနေ စဉ်းစားတာဖြစ်ပါ တယ်။ လူမှုရေးဆိုင်ရာတရားမျှတမှုရဲ့ ရှုထောင့်တွေကျတော့ အဲဒီထက် ပိုမိုကျယ်ဝန်းပြီး၊ လူ့အဖွဲ့ အစည်းတခုအတွင်းမှာ ဓန၊ အာဏာ၊ အသိအမှတ်ပြုခြင်း စတဲ့ကိစ္စတွေကို မျှတမှုရှိအောင် ဘယ်လို လူမှုရေးတည်ဆောက်ချက်တွေနဲ့ ဖြန့်ဖြူးခွဲဝေသလဲဆိုတာကို ကြည့်ရှုပါတယ်။ မျှတ ခြင်းဆိုတာကို လူမှုရေးဆိုင်ရာတရားမျှတမှု ရှုထောင့်တွေကနေ ကြည့်တဲ့အခါ လူ့အဖွဲ့အစည်း တခုအပေါ်မှာ ဘယ်လို ဈေးကွက်မျိုးကို ကျင့် သုံးသလဲနဲ့ အဆိုပါဈေးကွက်ကနေ ဘယ်လို အကျိုးသက်ရောက်မှုတွေ ထွက်လာသလဲဆို တာကို မေးခွန်းထုတ်နိုင်ပါတယ်။ ဥပမာ- ယှဉ်ပြိုင်မှုနဲ့ ပုဂ္ဂလိကစီးပွားရေးကို အဓိက ထားတဲ့ Free Markets လား၊ ယှဉ်ပြိုင်မှုနဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကို အဓိကထားပေမယ့် မိမိရဲ့လုပ်အားကနေ ဝင်ငွေမရရှိနိုင်တဲ့ အလုပ်လက်မဲ့တွေ၊ အသက်အရွယ်အိုမင်းသူ တွေကို လူမှုရေး စောင့်ရှောက်မှုတွေပေးတဲ့ Social Markets လား၊ ဒါမှမဟုတ် ဗဟို အစိုးကနေ ထိန်းချုပ်တဲ့ State-Controlled Market မျိုးလား စသည်ဖြင့် အဆိုပါ ဈေး ကွက်တွေရဲ့ သက်ရောက်မှုတွေကို သုံးသပ် နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိနိုင်ငံမှာ ကျင့်သုံးနေတဲ့ အခွန်ကောက်ယူမှုပုံစံနဲ့ စီမံ အုပ်ချုပ်မှုပုံစံတွေဟာ လူမှုရေးစောင့်ရှောက် မှုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိသလဲ။ ဗဟိုအစိုးရက အုပ်ချုပ် စီမံ ဆုံးဖြတ်ခွင့်အာဏာ တွေကို ဘယ်အဆင့်လောက်အထိ ထိန်းချုပ်ထားသလဲ။ အာဏာခွဲဝေသုံးစွဲမှု ဘယ်လောက်ရှိ သလဲ စတဲ့မေးခွန်းတွေလည်း ပါလာပါတယ်။ ဥပမာအားဖြင့် စီမံဆုံးဖြတ်ခွင့်အာဏာကို ဒေသ အဆင့်၊ ရပ်ရွာအဆင့်တွေမှာ ခွဲဝေပေးထားသလား၊ ဘယ်လောက်အထိ ခွဲဝေပေးထားသလဲ။ လူမှုရေးဆိုင်ရာ တရားမျှတမှုရှုထောင့်တွေကနေ ကြည့်တဲ့အခါ စီမံအုပ်ချုပ်မှုရဲ့ ပြဿနာတွေ သက်သက်ကိုပဲ ကြည့်တာမဟုတ်ဘဲ၊ အဲဒီပြဿနာတွေရဲ့ အလွန်ကိုပါ ကြည့်ရှုတာဖြစ်တယ်။ မီဒီယာဆိုရင်လည်း ပုဂ္ဂလိကပိုင်ဖြစ်သင့်သလား၊ အများပိုင်ဖြစ်သင့်သလား၊ ဒါမှမဟုတ် အစိုးရ ပိုင်ဖြစ်သင့်သလားပေါ့။ ပညာရေးစနစ်ကို ဘယ်သူက ထိန်းချုပ်ထားတာလဲ။ ပညာရေးဟာ ပုဂ္ဂလိကပိုင်လုပ်ငန်းလား၊ အများပြည်သူပိုင်လား၊ လူတိုင်း အခမဲ့ပညာသင်ကြားခွင့် ရသလား၊ ကုန်ကျစရိတ်ရော ဘယ်လောက်ရှိသလဲ။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကရော ဘယ်လိုစနစ် မျိုးလဲ။ အများပိုင်လား၊ ပုဂ္ဂလိကပိုင်လား၊ အဲဒီနှစ်မျိုးကို ရောနှောကျင့်သုံးတာလား။ ပစ္စည်းရှိ လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားတို့ရဲ့ ကြားမှာ ကွာဟချက် ဘယ်လောက်ရှိသင့်သလဲ။
လူမှုရေးဆိုင်ရာတရားမျှတမှုဟာ အစိုးရနဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို ကွက်ပြီး ကြည့်တာမဟုတ်ပါဘူး။ အဲဒီကို ကျော်လွန်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တရားဥပဒေစနစ်အပေါ်မှာ ထားရှိတဲ့ နိုင်ငံသားတို့ရဲ့ ယုံကြည်ကိုးစားမှု တိုက်စားပွန်းပဲ့လာတဲ့အခါ၊ တုံ့ပြန်မှုတခုအနေနဲ့ အဆိုပါနိုင်ငံသားတွေဟာ တရားဥပဒေကို မိမိဘာသာ ဆုံးဖြတ်စီရင်လာတတ်ပါတယ်။ ပြီးတော့ အဲသလိုစီရင်မှုကို လူမှုရေးဆိုင်ရာတရားမျှတမှုလို့ နာမည်တပ်တတ်ကြပါတယ်။ Pat Jasan လှုပ်ရှားမှုဟာ လောလောလတ်လတ်ပြဆိုစရာ သာဓကတခုဖြစ်တယ်။ မူးယစ်ဆေးဝါးနဲ့ ဆက် နွယ်တဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းရာမှာ ကချင်လူမျိုးတွေရဲ့အကြားမှာ မြန်မာနိုင်ငံ အစိုးရအပေါ် ယုံကြည်စိတ်ပျောက်ဆုံးလာရာကနေ ထွက်ပေါ်လာတဲ့ လူထုလှုပ်ရှားမှုဖြစ်ပါတယ်။ ကျမအနေနဲ့ မြစ်ကြီးနားနဲ့ ပူတာအိုမြို့တို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ရခဲ့ပြီး၊ တရားမဝင် ဘိန်းစိုက်ပျိုးခြင်း၊ လူငယ်လူရွယ်တွေရဲ့အကြားမှာ မူးယစ် ဆေးဝါးသုံးစွဲမှု ပိုမိုများပြားခြင်း စတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ ရပ်ရွာလူထုရဲ့ စိုးရိမ်ပူပန်မှုကို အရင်ကထက် ပိုနားလည်နိုင်လာပါတယ်။ ဘိန်းသုံးစွဲသူဦးရေဟာ တိုးပွားလာနေပြီး၊ HIV ၊ အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုး အစရှိတာတွေလည်း ကူးစက်ပြန့်ပွားလာနေပါသေး တာပါ။
Pat Jasan ဟာ အင်မတန်ဖြေရှင်းရခက်တဲ့ မူးယစ်ဆေးဝါးပြဿနာတွေအပေါ် ရပ်ရွာ လူထုအနေနဲ့ စိတ်ပျက်ခံပြင်းခြင်းဖြစ်လာရာကနေ ပေါ်ထွက်လာတဲ့တုံ့ပြန်မှုလို့ ဆိုနိုင်ပါတယ်။ မူးယစ်ဆေးဝါးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရာမှလည်း လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ ဖြေရှင်းရနိုင်မယ့် နည်းလမ်းမျိုးကလည်း ရှိပုံမပေါ်ပါဘူး။ သိုပေမဲ့ ဘိန်း ထုတ်လုပ်သူတွေနဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို အကြမ်းဖက်နှိမ်နင်းတာကလည်း သင့်လျော်တဲ့ တုံ့ပြန်မှုမဟုတ်သလို၊ လူမှုရေးပြဿနာတွေကို တိုးပွားစေပါတယ်။
Pat Jasan ရဲ့ခေါင်းဆောင်တွေဟာ မှန်ကန်တဲ့ တရားဥပဒေလုပ်ငန်းစဉ်တွေကို လိုက် နာပြီး၊ မျှတမှုနဲ့ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရပ်ရွာကနေ မိမိကိုယ်ပိုင် တရားရုံးတွေ ဖန်တီးဖွင့်လှစ်ပြီး ဂျူရီလူကြီးအဖွဲ့ကိုလည်း လူအများက လေးစားလက်ခံတဲ့ လူ တွေကို ထည့်သွင်းခန့်အပ်နိုင်ပါတယ်။ ဒီကိစ္စဟာ ကချင်တိုင်းရင်းသားတွေအတွက် သိပ်စိမ်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ လူအများလက်ခံနိုင်တဲ့ အစိုးရတရားရုံးပြင်ပ တရားစီရင်မှုတွေကို နှစ်ပေါင်း များစွာ ပြုလုပ်ခဲ့ဖူးတဲ့အစဉ်အလာ ရှိပြီးဖြစ်ပါတယ်။ ဒီနည်းနဲ့ ရပ်ရွာအတွင်းက အငြင်းပွားမှု တွေကို အစဉ်အဆက် ဖြေရှင်းခဲ့တာပါ။
ဒီလို တရားစီရင်ဖြေရှင်းနည်းတွေကို ကျင့်သုံးမယ်ဆိုရင် နောက်ထပ် အမြတ်တခုတောင် ထွက်လာနိုင်ပါတယ်။ အဲဒါကတော့ ပြည်သူတွေကိုယ်တိုင်က ပဋိပက္ခတွေကို ဖြေရှင်းတတ်လာ ပြီး ရဲတို့၊ တရားရုံးတို့ကို သိပ်ပြီး သွားစရာမလိုတော့ပါဘူး။ ဒါဟာ တရားမျှတတဲ့လူ့အဖွဲ့အစည်းကို ရပ်ရွာလူထုကိုယ်တိုင် ပြန်လည်ဖန်တီးခြင်း မည်သလို၊ မိမိတို့ရဲ့ရပ်ရွာကို မိမိတို့ဘာသာ စီမံ အုပ်ချုပ်နိုင်တယ် ဆိုတဲ့ အသိအမှတ်ပြုခံရ ခြင်းကိုလည်း ရရှိမှာဖြစ်တယ်။ လူ့အဖွဲ့ အစည်းအတွင်းမှာ တရားမျှတမှု ကြီးစိုးတဲ့ တရားစီရင်မှုစနစ်ကို အားကောင်းစေဖို့ အတွက်ဆိုရင် နည်းလမ်းမျိုးစုံကို အသုံးချ တတ်ဖို့ လိုမှာဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ ပြဿနာ တခုကတော့ အစိုးရအဆက်ဆက်မှာ ဝေးလံ သီခေါင်တဲ့ နယ်စပ်ဒေသတွေ၊ တိုင်းရင်းသား ဒေသတွေကို အစိုးရအနေနဲ့ ကမ်းလင့် ထောက်ကူခြင်းမရှိတဲ့ ကိစ္စပါပဲ။ ၂၀၁၆ ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံ အနောက်မြောက် ဘက်မှာရှိတဲ့ နာဂဒေသမှာ ကလေး ၆၀ ခန့် အရွယ်မတိုင်မီ သေဆုံးခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ကလေးသူငယ် သေဆုံးမှုတွေကိုကြည့်လိုက်ရင် ကုသလို့မရ နိုင်တဲ့ရောဂါတွေ၊ ထူးခြားဆန်းပြားတဲ့ ရောဂါတွေကြောင့် သေဆုံးရတာမဟုတ်ဘဲ ဝေးလံသီခေါင်တဲ့ အရပ်ဒေသတွေမှာ မွေးဖွားခဲ့လို့ သေဆုံးရတာမျိုးဖြစ်နေပါ တယ်။ အဆိုပါ အတိဒုက္ခဆိုးဟာ ကလေးအရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေမှာ အခြေခံပါတယ်။ တကယ်တော့ အဲဒီရောဂါတွေကိုကုသနိုင်တဲ့ ဆေးဝါးတွေ ပေါ် ပေါက်ခဲ့တာ ရာစုနှစ်နဲ့ချီနေပါပြီ။ အစိုးရအနေနဲ့ ကလေးမိခင်နဲ့ ကလေးငယ်တို့အတွက် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မပေးနိုင်ဘဲ ဆက်ရှိနေမယ်ဆိုရင် ကလေးငယ်တွေဟာ အရွယ်မတိုင်မီ ဆက်ပြီးသေဆုံးနေရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်သူပဲ အုပ်ချုပ်နေသည် ဖြစ်ပါစေ အစိုးရအဆက်ဆက်အနေနဲ့ အဆိုပါပြည်သူတွေအတွက် စိုးရိမ်ပူပန်မှုမရှိသလို၊ အလေး ထားစဉ်းစားခြင်းလည်း မရှိဘူးလို့ တိုင်းရင်းသားပြည်သူအများစုက ခံစားနေရပါတယ်။ အကယ် ၍ တိုင်းရင်းသားပြည်သူအားလုံးမှာ အာဏာနဲ့ အရင်းအမြစ်တွေ မျှမျှတတရှိကြမယ်ဆိုရင် တိုင်း ရင်းသားပြည်သူတွေဟာ ပညာရေးကိုလည်းရမယ်၊ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်းရမယ်။ ပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ လူသားများအဖြစ် ရပ်တည်နိုင်စေမယ့် အခြားသော အသိပညာ ဗဟုသုတတွေကိုလည်း ရှာမှီးနိုင်ပါလိမ့်မယ်။
အခု ရေးသားဆွေးနွေးခဲ့တဲ့ကိစ္စရပ်တွေနဲ့ အခြားသော ကိစ္စရပ်တွေကို သုံးသပ်ကြည့်မယ် ဆိုရင် ကောင်းမွန်သောအုပ်ချုပ်စီမံမှုရှိဖို့က သိပ်ကိုအရေးကြီးလာပါတယ်။ ငြိမ်းချမ်းရေးပြဿနာ ကို ကြည့်ရှုမယ်ဆိုရင် ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာ ပါတယ်။ သော့ချက်ကတော့ ပြည်သူလူထုရဲ့ အခန်းကဏ္ဏပါပဲ။ ဒီကိစ္စဟာ အရေးကြီးသလောက် သုံးသပ်ဆွေးနွေးမှုပြုလုပ်ခြင်း သိပ်မခံရတဲ့ကိစ္စလည်း ဖြစ်နေတယ်။
မြန်မာ လူ့အဖွဲ့အစည်းအတွင်းက လူအများစုဟာ စိတ်ကူးပေါက်သလို ကောက်ခံတဲ့ အခွန်ငွေကို ပေးဆောင်ဖို့ ‘အခွင့်အရေးရှိသော’၊ တပ်မတော်အစိုးရရဲ့ စီမံကိန်းတွေမှာ အတင်း အကျပ် ခိုင်းစေလာတဲ့အခါ အဆိုပါခိုင်းစေမှုမျိုးကိုလက်ခံရန် ‘အခွင့်အရေးရှိသော’၊ မိသားစုဝင် တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေကို မိမိဘာသာမိမိ တာဝန်ယူရန် ‘အခွင့်အရေးရှိသော’၊ ပြန်လည် မေးခွန်းထုတ်ဝေဖန်ခြင်းမျိုးကို မပြုလုပ်ဘဲနေရန် ‘အခွင့်အရေးရှိသော’ နိုင်ငံသားတွေ အဖြစ် ဘဝကိုနေထိုင်ဖြတ်သန်းခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီအခါကျတော့ အဆိုပါ ‘အခွင့်အရေး’ တွေ မတူညီတဲ့ အခွင့်အရေးမျိုးတွေကို လေ့လာသင်ယူဖို့ကိစ္စဟာ နေ့ချင်းညချင်း မဖြစ်ပေါ်နိုင် ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်ဂျက်မြှင့်တင်ဖို့ကိစ္စကို အစိုးရထံ တင်ပြ တာင်းဆိုဖို့တောင် ပြောနေကြပြီမဟုတ်ပါလား။ နောက်ထပ် လှမ်းရမယ့်ခြေလှမ်းကတော့ ဘတ်ဂျက်တွေကို ပြည်နယ်အဆင့်မှာ စီမံသုံးစွဲခွင့်ရဖို့အရေး တောင်းဆိုကြဖို့ဖြစ်ပါတယ်။ အခုလို ‘ဆောင်ရွက်ပြုကျင့်မှုဆိုင်ရာ’ အရွေ့နဲ့အတူ၊ မြန်မာနိုင်ငံသားတွေဟာ မှီခိုလိုက်ပါသူ နိုင်ငံသား များအဖြစ်ကနေ ကိုယ်တိုင်ပါဝင် ဆုံးဖြတ်အရေးဆိုတဲ့ နိုင်ငံသားများဘဝကို အသွင်ပြောင်းယူ ကြရမှာဖြစ်ပါတယ်။ တက်ကြွစွာပါဝင်တဲ့နိုင်ငံသားဖြစ်မှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အတွက် အခြေခံကျတဲ့ကိစ္စရပ် ဖြစ်ပါတယ်။

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment