မြန်မာ့ ပျောင်းနွဲ့တော်လှန်ရေး

စိုးလင်းအောင်နှင့် စတီဖန်ကင်းဘဲလ်

ရွေးကောက်ပွဲ ညချမ်းသမယ မဲအဖြေများ တဖြည်းဖြည်း ရရှိလာပြီး ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို အနိုင်ရပြီ ဖြစ်ကြောင်း သေချာသွားသည့်အချိန်၌ ထောင်ပေါင်းများစွာသော လူအုပ်ကြီးသည် ရန်ကုန်ရှိ ပါတီဌာနချုပ်ရှေ့တွင် ပျော်ရွှင်ဝမ်းမြောက်စွာ စုဝေးလာကြသည်။ စစ်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရခြင်းမှ လွတ်မြောက်သောကြောင့် ဝမ်းမြောက်စိတ်တို့သည် လေထု တွင် ပြည့်လျှံနေသကဲ့သို့ ရှိသည်။ မဲပေးသူတဦးကမူ ‘ဒါ ကျနော်တို့ လွတ်လပ်ဖို့အတွက် အခွင့် အရေးပဲ’ဟု ပြောလေသည် (Fuller, 2015)။
သို့သော် ဗမာလူမျိုးအများစုနေထိုင်ရာ မြေပြန့်ဒေသမှ အပဖြစ်သော နေရာများတွင် မဲနိုင်၍ ပျော်ရွှင်ဝမ်းမြောက်နေကြသော မြင်ကွင်းများမှာ သိသိသာသာပင် ကျဲပါးလှသည်။ ထိုနေရာများတွင် NLD အောင်မြင်မှု ရရှိသော်လည်း စစ်တမ်းများက ရွေးကောက်ပွဲအပေါ် လူထု စိတ်ဝင်စားမှု လျော့နည်းခြင်း၊ မဲပေးသူဦးရေ နည်းပါးခြင်း၊ NLD ၏ အုပ်ချုပ်မှုစွမ်းရည်အပေါ်တွင် သံသယရှိခြင်းတို့ကို ညွှန်ပြလျက်ရှိသည်။
အခြားနေရာများတွင်မူ ရွေးကောက်ပွဲနိုင်ငံရေးအပေါ် မကျေနပ်ချက်သည် အသေးငယ် ဆုံးသော ပြဿနာသာဖြစ်သည်။ ရွေးကောက်ပွဲနေ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့ တပ်မတော်က SSPP/SSA ကို ဗုံးကြဲနေဆဲပင်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အနောက်ဖျား ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများမှာ ရွေးကောက်ပွဲနေ့ရက်ကို စစ်ဘေးသင့် ဒုက္ခသည်စခန်းများ တွင် ဖြတ်သန်းခဲ့ရသည်။ ယင်းဖြစ်ရပ်မှာ မွတ်ဆလင်မုန်းတီးဆန့်ကျင်ရေး အကြမ်းဖက်လှုပ်ရှားမှု က ရိုဟင်ဂျာများကို ယင်းတို့ နှစ်ပေါင်းများစွာ ဆိုးဆိုးရွားရွား အဖယ်ကြဉ်ခံဘဝဖြင့် နေထိုင် လာခဲ့သောနေရာများမှ မောင်းထုတ်လိုက်ခြင်း၏ နောက်ဆက်တွဲဖြစ်သည်။ ရွေးကောက်ပွဲမစ တင်မီ လအနည်းငယ်အလိုတွင် မဲပေးခွင့်ကို တရားဝင်ရုပ်သိမ်းခံရခြင်းမှာ ရိုဟင်ဂျာများ လော လောလတ်လတ် ခံစားထားရသော ထိခိုက်စော်ကားမှုပင် ဖြစ်လေသည်။ လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် (ယခုလနှောင်းပိုင်းတွင် ခေါ်ယူမည့်) မြန်မာ့လွှတ်တော် အသစ်တွင် မွတ်ဆလင်ကိုယ်စားလှယ်တဦးမျှ ပါဝင်ခြင်း မရှိပေ။ ရိုဟင်ဂျာကျောင်းဆရာတဦးကမူ ‘ဒီမှာ ကျနော်တို့အတွက် ဘာအနာဂတ်မှ မရှိတော့ဘူး’ဟု ငြီးတွားသည် (Galache, 2015)။
သို့ဆိုလျှင် အဘယ့်ကြောင့် NLD ‘သောင်ပြိုကမ်းပြို’ အနိုင်ရခဲ့သနည်းဟု မေးစရာ ရှိလာသည်။ ဘယ်သူတွေက ဘာတွေရမလဲ။ ဘယ်သူတွေက ဘာတွေ ဆုံးရှုံးသွားမလဲ။ ဘယ်လို အတိုက်အခံ နိုင်ငံရေးလမ်းကြောင်းတွေ ပေါ်ပေါက်လာပြီး ဘယ်လမ်းကြောင်းတွေများ ပိတ်ဆို့ သွားမလဲ။ တိုင်းပြည်အုပ်ချုပ်ရေး နောက်ဆုံးအပြောင်းအလဲက ရေရှည်တွင် နိုင်ငံ၏ ပါဝါ၊ နိုင်ငံရေးနှင့် နိုင်ငံရေးဘောဂဗေဒတို့ကို မည်သို့သက်ရောက်မှုရှိစေမလဲ အစရှိသည့် မေးခွန်းများ ပေါ်ပေါက်လာသည်။
မြန်မာနိုင်ငံရှိ ဝေဖန်သုံးသပ်သူများအကြားတွင် ‘သောင်ပြိုကမ်းပြို’ဆိုသော စကားလုံး ၏ ဂယက်အနက်မှာ အတော်များများ ဆုံးရှုံးသွားပြီဖြစ်သည်။ ဤစကားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် NLD ၏ အောင်နိုင်မှုကို ညွှန်းဆိုသော စကားလုံးအဖြစ် ရှိနေခဲ့သည်။ (၁၉၉၀ ပြည့်ရွေးကောက်ပွဲကို စစ်တပ်ကပယ်ဖျက်ခဲ့ပြီး စစ်အုပ် ချုပ်ရေးကို ဆက်လက်တည်မြဲစေခဲ့သည်)။ နိုဝင်ဘာရွေးကောက်ပွဲအပြီးတွင် နိုင်ငံခြားသတင်း ဌာနများက ဒီမိုကရေစီလိုလားသော အတိုက်အခံများ၏ ‘သမိုင်းဝင်အောင်ပွဲ’အဖြစ် သမုတ်ပြီး နိုင်ငံ၏ အာဏာရှင်စနစ်အောက်ရှိ အတိတ်မှလမ်းခွဲအဖြစ်၊ ‘တပ်မတော်၏ ဆယ်စုနှစ်ပေါင်း များစွာ အုပ်စိုးမှုကို အဆုံးသတ်နိုင်ခြင်း’အဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မင်ဒဲလားနှင့် အလား တူ ‘လွတ်လပ်ရေးအတွက် ခရီးရှည်’ အထမြောက်မှုအဖြစ် သရုပ်ဖော်ကြသည်။
အံ့ဩဖွယ်ကောင်းလောက်အောင်ပင် တပ်မတော်သည် ရွေးကောက်ပွဲရလဒ်ကို ဖယ် ရှားရန်နှင့် အာဏာလွှဲပြောင်းမှုကို ငြင်းဆန်ရန် အရိပ်အယောင် စိုးစဉ်းမျှ ပြသခြင်းမရှိချေ။ ထို့ကြောင့် နိုင်ငံကို ၂၀၁၁ ခုနှစ်ကတည်းက ဦးဆောင်ခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကို အချို့က ‘မြန်မာ့ဒီမိုကရေစီရဲ့ တကယ့်ချန်ပီယံ’ ‘အပြောင်းအလဲရဲ့ အစစ်အမှန် သူရဲကောင်း’ အစရှိသည့် ဂုဏ်ပုဒ်များဖြင့် အမွှန်းတင်ကြသည် (Hunter, 2014)။
ဤနေရာတွင် မေးစရာရှိလာသည်က ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲအဖြေကို လက်ခံရန် ငြင်းပယ်ခဲ့သော တပ်မတော်သည် ယခုအပြောင်းအလဲကို ဘာကြောင့် ရှောရှောရှူရှူ ခွင့်ပြုခဲ့ သနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ယခုအချိန်မှာ ဘာတွေ ပြောင်းလဲသွားပြီး ဘာတွေက မပြောင်းမလဲ ဖြစ်နေတုန်းလဲဟု မေးရန်ရှိလာသည်။

ပျောင်းနွဲ့သောတော်လှန်ရေး
ဤကဲ့သို့ တပ်မတော်၏ သိသာထင်ရှားသော သဘောထားပြောင်းလဲမှုအပေါ် သုံးသပ် သော သီအိုရီများလည်း ပေါ်ထွက်လာသည်။ ဝေဖန်သုံးသပ်သူအချို့က မြန်မာ့ စစ်ဗိုလ်ချုပ်များ သည် စင်ကာပူနှင့် ထိုင်း အစရှိသော အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုတွင် နောက်ကျကျန်ခဲ့ပြီဆိုသည့်အချက်ကို တဖြည်းဖြည်း သဘောပေါက်လာကြသည်။ ယင်းက ၂၀၁၀ ပြည့်နှစ်အလွန် နိုင်ငံရေးဖြေလျော့မှုများကို ဖြစ်ပေါ်စေပြီး တိုင်းပြည်၏ အထွေ ထွေ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တပ်မတော်က ယင်းတို့ သဘောဆန္ဒ အလျောက် အာဏာကို စွန့်လွှတ်ခဲ့သည့် ‘မိုးကျရွှေကိုယ်တော်လှန်ရေး’ကို ဆောင်ကြဉ်းပေးခဲ့ သည်ဟု ထင်ကြေးပေးကြသည်။
အဆိုပါ ဖွံ့ဖြိုးမှုအခြေပြု သုံးသပ်ချက်မှာ လုံးလုံးလျားလျား မှားယွင်းသည်ဟု မဆို သာပါ။ ပိုမိုကောင်းမွန်သော လူမှုရေး၊ စီးပွားရေး အခြေအနေများ ရရှိလာစေရန် အချို့သော တပ်မတော်ခေါင်းဆောင်များ ဆန္ဒရှိသည်ဆိုခြင်းမှာ မှန်ကန်ပါလိမ့်မည်။ သို့သော် ယင်းသုံးသပ် ချက်မှာ ခေတ်၊ သမိုင်းချင်းရာတို့နှင့် ကိုက်ညီခြင်းမရှိ (ahistorical) ဟု ဆိုနိုင်သည်။ ထို့အပြင် ယေဘုယျကောင်းမြတ်မှု၏ နောက်ကွယ်ရှိ သိမ်ဖျင်းသော ကိုယ်ကျိုးရှာမှုများကို ဖုံးကွယ်ပစ် လိုက်နိုင်သည့် ဆိုးကျိုးလည်း ရှိသေးသည်။
နောက်ထပ် ထင်ရှားသောသုံးသပ်မှုမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက် သည်။ တပ်မတော် လွှမ်းမိုးချုပ်ကိုင်သော ဥပဒေပြုလုပ်ငန်းစဉ်မှ ပေါ်ထွန်းလာသည့် အဆိုပါ ဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ဆုပ်ကိုင်ပြီးဖြစ်သည်။ ထို့ကြောင့် မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုမဆို ပြုလုပ်နိုင်ရန် စစ်တပ်၏ထောက်ခံမှုကို ရရှိရန် လိုအပ်သည်။ ဤအခြေခံဥပဒေအသစ်က နိုင်ငံခြားသား ဇနီး/ခင်ပွန်းရှိသူ နိုင်ငံခြားသား သား၊ သမီးရှိသူတို့ကို သမ္မတဖြစ်ခွင့် မရှိစေရန်လည်း ပြဋ္ဌာန်းထားသည်။ (ဤပုဒ်မ ၅၉-စ သည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်သည်။ သူ၏ ကွယ်လွန်သူ ခင်ပွန်းမှာ ဗြိတိသျှနိုင်ငံသားဖြစ်ပြီး သားနှစ်ဦးမှာလည်း ဗြိတိသျှနိုင်ငံသား ခံယူထားကြသူများဖြစ်သည်)
ထို့အပြင် အခြေခံဥပဒေက အရေးပါသော ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးဝန်ကြီးများ၏ အကြီးအကဲများအား ခန့်အပ်ခွင့်ကို တပ်မတော် အား အပ်နှင်းထားသည်။
တိုင်းရင်းသားလူနည်းစုများ၏ ဖက်ဒရယ်တောင်းဆိုမှုများကို အသိအမှတ် မပြုရုံသာ မက အချို့နေရာများတွင် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကို ထိုးစစ်ဆင်မှုများလည်း ဆက်လက်ဆောင်ရွက်နေဆဲပင်ဖြစ်သည်။ ဤအချက်များက အပြောင်းအလဲကို တပ်မတော်က ခွင့်ပြုထားခြင်းသည် ခန့်မှန်းနိုင်သမျှ အနာဂတ်ကာလတလျှောက် မြန်မာ့နိုင်ငံရေးတွင် တပ်မ တော်၏အခန်းကဏ္ဍ ခိုင်မာတည်မြဲစေရန် အခြေခံဥပဒေက ကာကွယ် ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်ဆိုသည့် ‘အခြေခံဥပဒေ အခြေပြုသုံးသပ်ချက်’ကို ထောက်ပံ့ပေးသည် (Maung Zarni, 2015)။
အကယ်၍ ‘ဖွံ့ဖြိုးရေးအခြေပြုသုံးသပ်ချက်’သည် စစ်ဗိုလ်ချုပ်များကို နားလည်မှုလိုသည် ထက်ပို၍ ပေးလွန်းသည်ဟုဆိုလျှင် ‘အခြေခံဥပဒေအခြေပြု သုံးသပ်ချက်’သည် နိုင်ငံရေးအမြင် ကျဉ်းမြောင်းလွန်းသည်ဟု ဆိုရမည်။ အကြောင်းမှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အခြေခံ ဥပဒေနှင့် ထိပ်ပိုင်းမှ ပဋိပက္ခများကသာ လွှမ်းမိုးချုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် သုံးသပ်ချက်နှစ်ရပ်လုံးသည် မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ အမြစ်တွယ်ပေါ်ထွန်းလာနေသော လူတန်းစားအသွင်ပြောင်းလဲမှုကို မျက်ကွယ်ပြု ဖုံးကွယ်ထား သကဲ့သို့ မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်အလွန် ဈေးကွက်ဖြေလျှော့ရေးပြောင်းလဲမှုများနှင့် NLD ၏ ယခုအောင်ပွဲကို ချိတ်ဆက်စဉ်းစားရန် ပျက်ကွက်မှုလည်း ရှိနေသည်။
များစွာသော ဒီမိုကရေစီရေး အားပေးလှုံ့ဆော်သူတို့အဖို့ ၁၉၈၈-၁၉၉၀ ပြည့်နှစ် ကာလ သည် မအောင်မြင်ခဲ့သော ဒီမိုကရေစီ အရေးတော်ပုံကာလပင်ဖြစ်သည်။ ၈၈ လူထုအုံကြွမှုကြီးမှ NLD ပါတီ ပေါ်ပေါက်လာပြီး နိုင်ငံ၏ အကြီးမားဆုံး အတိုက်အခံအင်အားစု ဖြစ်လာသည်။ သို့သော် ဆန္ဒပြ ကျောင်းသားကျောင်းသူများနှင့် ပေါ်ထွန်းစပါတီကို တပ်မတော်က အင်အားသုံး ဖြိုခွင်းကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီး အာဏာကို ဆက်လက် ချုပ်ကိုင် ထားခဲ့သည်။
ပြည်တွင်းတွင် လူထုဆန့်ကျင်မှုနှင့် ရင်ဆိုင်ရပြီး ပြည်ပတွင် ဝေဖန်ပြစ်တင်မှု များကို ခံနေရသော အသစ်ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီသည် နိုင်ငံရေးဆိုင်ရာ ဖြေ လျှော့ လွတ်လပ်ခွင့်ပေးရေး တောင်းဆိုမှု များကို ညင်သာသော စီးပွားရေးဆိုင်ရာဖြေ လျှော့ ပြောင်းလဲမှုဖြစ်စဉ်ကို အကောင် အထည်ဖော်ခြင်းဖြင့် ဖြေရှင်းရန် ကြိုးစား သည်။ ပို့ကုန်နှင့်သွင်းကုန်များအပေါ် တင်း ကျပ်ထားမှုများအား ဖြေလျှော့ပေးခြင်း၊ အစိုးရက စားသုံးကုန်ပစ္စည်းများ ဝေခြမ်း ပေးခြင်းကို ရပ်ဆိုင်းလိုက်ခြင်းနှင့် နိုင်ငံခြား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ စေရန် အားတက်သရော ဆွဲဆောင်ခြင်းများ ကို ပြုလုပ်သည် (Fujita, 2009)။
ယင်းပြောင်းလဲမှု၏ သက်ရောက်မှု များမှာ ၉၀ ပြည့်နှစ်များတွင်ပင် မြင်သာထင် သာ ရှိခဲ့သည်။ လယ်ယာစိုက်ပျိုးရေးပို့ကုန်များ တိုးမြင့်လာမှုကြောင့် လယ်ယာမြေတန်ဖိုးများ မြင့်မားလာပြီး မြေပိုင်ဆိုင်မှုများ ပေါင်းစည်းလာစေခြင်း၊ အသေးစားပိုင်ဆိုင်သူများကို အလုပ် သမားအဖြစ် ပြောင်းလဲပစ်ခြင်းနှင့် ကျေးလက်တောရွာများတွင် စီးပွားရေး မညီမျှကွာဟမှုများ တိုးပွားလာစေခြင်းတို့ ဖြစ်ပေါ်လာစေသည် (Fujita, 2009)။ ဆယ်စုနှစ်တခုလုံးလိုလို ငွေဖောင်းပွ မှုနှင့် အစိုးရအထောက်အပံ့ပြု စားသောက်ကုန်ဝေမျှခြင်းတို့ကို ဖျက်သိမ်းလိုက်မှုတို့က ဆင်းရဲ သား လူအများစုနေထိုင်သော နိုင်ငံ၏ လူနေမှုစရိတ်ကို မြင့်မားလာစေသည်။ (တပ်မတော်နှင့် ကော်ပိုရေးရှင်းကြီးများ၏ မြေယာသိမ်းမှုများ အရှိန်မြင့်လာခြင်းကလည်း စိုက်ပျိုးမြေများ လူနည်းစုလက်တွင် ပေါင်းစည်းနေခြင်းကို တိုးမြင့်စေသည်။)
ဤဈေးကွက်ဖြေလျှော့ခြင်း ပထမလှိုင်းသည် မြန်မာပြည်တွင် ‘ခရိုနီစီးပွားရေးလုပ်ငန်းရှင်များ’ ပေါ်ပေါက်လာခြင်းနှင့် တိုက်ဆိုင်နေပြီး စင်စစ်အားဖြင့် ယင်းတို့ကြောင့်ပင် အကောင် အထည် ပေါ်လာရခြင်းဖြစ်သည်။ တပ်မတော်နှင့် နီးစပ်အကျွမ်းတဝင်ရှိခြင်းဖြင့် အဓိက လုပ်ငန်း ရှင်ကြီးများဖြစ်သော ဦးတေဇ(ထူးထရေးဒင်း)၊ ဦးဇော်ဇော်(မက်စ်မြန်မာ) အစရှိသူတို့သည် သူတို့၏လုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ်များတွင် စတင် အခြေတည် လုပ်ဆောင်ခဲ့ကြသည် (Montlake, 2011)။ ဦးခင်ရွှေ(ဇေကမ္ဘာ)၊ ဦးဌေးမြင့်(ယုဇန)တို့မှာ (ပြီးခဲ့သော ရွေးကောက်ပွဲ တွင် မရှုံးနိမ့်သေးမီအချိန်အထိ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များပင် ဖြစ်လိုက်သေးသည်။ တသီးပုဂ္ဂလများအဖြစ် ဝင်ရောက်ယှဉ် ပြိုင်သော ဆာကူရာဦးဌေးအောင်၊ ဇောတိကဦးခင်လှိုင်တို့မှာလည်း ရွေးကောက်ပွဲတွင် အရေး နိမ့်ခဲ့ရသည် (Kyaw Hsu Mon, 2015)။
သို့သော် အရေးနိမ့်သွားသော စီးပွားရေးသမားများမှာ စိတ်ဓာတ်ကျသွားမည်ဟု ထင် လျှင်မှားပေလိမ့်မည်။ ဦးခင်ရွှေဆိုလျှင် NLD အစိုးရလက်ထက်တွင် ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကြောင့် သူ့လုပ်ငန်းများမှ အမြတ်အစွန်းများပိုမိုရရှိမည်ဟု ယုံကြည်သည်ဟုပင် ဆိုသည် (Hnin Yadana Zaw & Slodkowshi, 2015)။
ဈေးကွက်စီးပွားရေးစနစ်နှင့်ယှဉ်၍ ၉၀ ပြည့်နှစ်များအတွင်း အရင်းရှင်များ အားကောင်း ရှေ့တန်းရောက်လာမှုသည် မြန်မာ့စီးပွားရေးသမိုင်းတွင် သိသာထင်ရှားသော အရွေ့ပင်ဖြစ် သည်။ ၁၉၆၂ ခုနှစ် တပ်မတော်၏ အာဏာသိမ်းမှုမတိုင်ခင် ဦးနု၏ ပါလီမန်ဆိုရှယ်လစ်အစိုးရ လက်ထက်တွင်ပင် ပုဂ္ဂလိကပိုင်အရင်းကို ကိုလိုနီစနစ်နှင့် တွဲဖက်ရှုမြင်တတ်ကြသည်။
ဦးနုလက်ထက်က စတင်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) လက်ထက်တွင် အရှိန်အမြင့်ဆုံးဖြစ်ခဲ့သော နိုင်ငံတော်ကဦးဆောင်သည့် စက်မှုနိုင်ငံတည်ဆောက်ရေး ပေါ်လစီ များဖြင့် ပုဂ္ဂလအရင်းပိုင်ဆိုင်မှုကို ပယ်ဖျက်ရန်နှင့် ခြိုးခြံချွေတာရေး ဆိုရှယ်လစ်လမ်းစဉ်ဖြင့် လျှောက်လှမ်းရန်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့်မတူသည်က မြန်မာနိုင်ငံရှိ လူတန်းစား အခင်းအကျင်းတွင် လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသော မိသားစုကြီးများ၊ စွန့်ဦးတီထွင် ရင်းနှီးမြှုပ်နှံနိုင်သော အရင်း များ၊ သို့မဟုတ် နယ်ဘက်ကျေးဘက်ရှိ အထက်တန်းလွှာမြေရှင်ကြီးများ သိသိသာသာပင် ကင်းမဲ့နေမှုဖြစ်သည်။ ယင်းတို့အစား နိုင်ငံ၏ အရေးပါသော စီးပွားရေးကဏ္ဍများနှင့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သော တပ်မတော်ကိုယ်စားပြု နိုင်ငံ တော်ယန္တရား (state apparatus) က ကျောထောက်နောက်ခံပြုထားသည့် စီမံခန့်ခွဲမှုဆိုင်ရာ ဗျူရိုကရက် ရေပေါ်ဆီ အလိလူတန်းစားသာ ရှိခဲ့သည်။ အမည်နာမအားဖြင့် ဆိုရှယ်လစ်ဟု ခံယူထားသော်လည်း မဆလပါတီ၏ အယူဝါဒပိုင်းဆိုင်ရာ ဗိသုကာကြီးကိုယ်တိုင်က ဤစနစ်ကို ‘နိုင်ငံပိုင်အရင်းရှင်စနစ်’ဟု ခေါ်ဆိုသည်က ပိုမိုမှန်ကန်လိမ့်မည်ဟု ဆိုသည် (Chit Hlaing, 2009)။
၁၉၈၀ ပြည့်နှစ် နှောင်းပိုင်းကာလများတွင် ပြိုကွဲလုဆဲဆဲဖြစ်နေပြီဖြစ်သော ဖွံ့ဖြိုးရေး ဆိုင်ရာ တပ်မတော်ပြုမှုဝါဒ (developmental militarism) ၏ အထက်ပါ နောက်ခံကားချပ်မှ မြန်မာ့ ထွန်းသစ်စအရင်းရှင်များသည် သိသာထင်ရှားစွာ ကွဲထွက်နေသည်။ ၁၉၉၀ ပြည့်နှစ် အပြောင်းအလဲကာလအတွင်း ဦးတေဇနှင့် ဦးဇော်ဇော်တို့ကဲ့သို့သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာရုံ သာမက တပ်မတော်အရာရှိ အများအပြားသည် လွတ်လပ်သော အကျိုးအမြတ်ရှာ စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်လာကြပြီး တပ်မတော်ပိုင်ကုမ္ပဏီနှစ်ခုကို ထူထောင်ခဲ့ကြသည်။ ယင်းတို့ မှာ ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၁၉၉၇ ခုနှစ် တွင် တည်ထောင်ခဲ့သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ ဖြစ်သည်။
၁၉၈၈ ခုနှစ်အလွန် စီးပွားရေး အကူးအပြောင်းကာလ၏ ကြန်အင်လက္ခဏာတို့တွင် တပ်မတော်ဆက်နွယ် အရင်းရှင်လူတန်းစား အသွင်ပြောင်းလဲခြင်းရော ယင်းတို့ နေရာပြန်လည် ရရှိလာခြင်းတို့ပါ ပါဝင်သည်။ ဤဖွံ့ဖြိုးတိုးတက်မှုတို့မှာ ပြီးခဲ့သော ငါးနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးပြောင်းလဲမှုများထက် များစွာစော၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုကာလနှစ်ခုကြားရှိ ခြားနားမှုမှာ သိသာဆဲပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် လွတ်လပ်၍ အမှီအခိုကင်းသော အရင်းရှင်လူတန်းစားဟူ၍ ပြောပြစရာမရှိချေ။ ယခုအချိန်တွင်မူ ၁၉၉၀ ပြည့်နှစ်များအတွင်းက ကြွယ်ဝချမ်းသာလာသော ဩဇာကြီးစီးပွားရေးသမားများ၊ အရင်း ရှင်စီးပွားရေးလုပ်ငန်းများသို့ တိုက်ရိုက်ကူးပြောင်းသွားပြီဖြစ်သော တပ်မတော်ခေါင်းဆောင် များနှင့် ယင်းတို့ထက် ဩဇာနှင့် ပိုင်ဆိုင်မှုနည်းပါးသော အချို့သောပုဂ္ဂိုလ်များ ပါဝင်သည့် အရေအတွက်အားဖြင့် နည်းပါးသေးသော်လည်း တဖြည်းဖြည်း ကြီးထွားလာနေသည့် အရင်းရှင် လူတန်းစားတရပ် ရှိလာပြီဖြစ်သည်။ ကာလရှည်ကြာ အရေးပါသော ကဏ္ဍများဖြစ်သည့် ရေနံ နှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ သစ်ထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများသည် ကြီးထွားနေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေးကဏ္ဍများမှာ ယခင်ကထက် ပိုမို၍ အသွေး စုံကာ ဖွံ့ဖြိုးလာပြီဖြစ်သည်။ ယင်းကဏ္ဍများတွင် အရှိန်အဟုန်မြင့် တိုးတက်လာသော နည်း ပညာကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသုံးသူကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ ပါဝင် သည်။
ခရိုနီ စီးပွားရေးသမားများဖြစ်ကြသည့် ဦးတေဇ၊ ဦးခင်ရွှေနှင့် ဦးဌေးမြင့်တို့သည် အရင်းရှင်လူတန်းစားအသစ်ကို အပြည့်အဝကိုယ်စားပြုခြင်း မရှိတော့ရုံသာမက ကြီးစိုးလွှမ်းမိုး ထားနိုင်သော (hegemonic) နေရာတွင်ပါ ရှိမနေတော့ပေ။ စင်စစ် ယင်းတို့မှာ မကြာခဏ ဆိုသလိုပင် ကုပ်သွေးစုပ် အမြတ်ကြီးစားများအဖြစ် ပုံဖော်ခြင်းခံရတတ်သည်။ မည်သို့ပင်ဆိုစေ အဆိုပါပုဂ္ဂိုလ်တို့သည် ၁၉၉၀ ပြည့်နှစ်များအတွင်းက မြန်မာနိုင်ငံတွင်းသို့ ပုဂ္ဂလိကအရင်းကို ပြန်လည် သယ်ဆောင်လာသူများဖြစ်ကြပြီး ယခုအခါတွင်မူ ယင်းတို့ထက် များစွာ ပို၍ကြီးမားပြီး ပို၍အသွေးစုံသော အရင်းရှင်လူတန်းစားက ဩဇာညောင်း လွှမ်းမိုးနိုင်သည့်နေရာတွင် ရောက်ရှိ နေပြီဟု ဆိုရမည်ထင်သည်။
ဝေးဝေးမကြည့်ပါနှင့်။ လစ်ဘရယ်နိုင်ငံရေးအမြင်ရှိ လူတန်းစားနှင့် အနောက်တိုင်း အထောက်အပံ့ခံ အရပ်ဘက်လူ့အဖွဲ့အစည်းများကို ကြည့်ပါ။ ယင်းတို့သည် သွားလေသူ အစိုးရ ဟောင်း၏ စီးပွားရေးအမြင်နှင့်ပင် ကျေနပ်နေကြသူများဖြစ်သည်။ ပြောင်းလဲရမည်ဟု ကြွေးကြော်နေသော်လည်း NLD ၏ စီးပွားရေးအပေါ် ချဉ်းကပ်မှုမှာ အစိုးရဟောင်း၏ လမ်းရိုးအတိုင်းပင် ဖြစ်သည် (Turnell, 2015)။ ယေဘုယျအားဖြင့် မြန်မာ့နိုင်ငံရေးနယ်ပယ်တကြောနှင့် Civil Society တွင် နီယိုလစ်ဘရယ်အမြင် ကြီးစိုးသည်ဟု ဆိုနိုင်သည်။ ထို့အပြင် လူလတ်တန်းလွှာနှင့် အထက်တန်းလွှာတို့သည်လည်း အရင်းရှင်လူတန်းစား၏ ကျင့်ဝတ်နှင့် နိုင်ငံရေးဆိုင်ရာ ဦးဆောင်မှုအောက်တွင် လုံးလုံးလျားလျားရောက်ရှိနေပြီဟု ဆိုရမည်။ ယခုအခါတွင် စစ်ဗိုလ်ချုပ် များနှင့် ယင်းတို့၏ ခရိုနီများသည် NLD ၏ အောင်မြင်မှုက သူတို့ကို ပိုမို တောင့်တင်းအောင် ပြုလုပ်ပေးနိုင်လိမ့်မည် ဟု စိတ်ချယုံကြည်စွာဖြင့် သမားရိုးကျနိုင်ငံရေးမှ ဘေးဖယ် နောက်ဆုတ် နေနိုင်ပေပြီ။
ဤနေရာတွင် အန်တိုနီယိုဂရမ်ချီ၏ ပျောင်းနွဲ့တော်လှန်ရေး (passive revolution) သဘောတရားသည် အသုံးဝင်နိုင်သည်။ ဂရမ်ချီအဖို့ ပျောင်းနွဲ့တော်လှန်ရေးဆိုသည်မှာ အီတလီ နိုင်ငံကို ခေတ်သစ်ပုံစံထူထောင်ရာတွင် ‘ဂျက်ကိုဘင်ပုံစံ ရာဒီကယ်တော်လှန်ရေးကို ဖြတ်သန်း ရန်မလိုဘဲ’ တည်ဆောက်ခဲ့သော လုပ်ငန်းအစဉ်ကိုဆိုလိုသည် (Thomas, 2009, p.147)။ နောင် တွင် အိန္ဒိယပညာရှင်တို့က ဂရမ်ချီ၏ အတွေးအခေါ်တို့အပေါ်တွင် အခြေပြု၍ ကိုလိုနီစနစ်မှ ပို့စ် ကိုလိုနီစနစ်သို့ အကူးအပြောင်းနှင့် ပို့စ်ကိုလိုနီယယ်နိုင်ငံရေးတွင် လူတန်းစားဆက်ဆံရေးပုံစံများ အရွေ့တို့ကို လေ့လာသည် (Kaviraj, 1988; Chatterjee, 1986)။
ဤသဘောတရားကို သုံးစွဲပုံအားလုံး၏ ဗဟိုချက်မှာ ပျောင်းနွဲ့တော်လှန်ရေးတွင် အများ အားဖြင့် အတိုက်အခံ အင်အားစုများကို ပေါင်းစည်းရာတွင် အင်အားဖြင့် စိုးမိုးနိုင်မှု (domination) သက်သက်မဟုတ်ဘဲ ဂရမ်ချီ၏စကားဖြင့်ပြောရလျှင် ‘ကျင့်ဝတ်ပိုင်းနှင့် အသိဉာဏ် ပိုင်းဆိုင်ရာ ဦးဆောင်မှု’ တနည်းအားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်မှု (hegemony) ဖြင့်ပါ ပေါင်းစည်း ရမည်ဟူသော အချက်ပင်ဖြစ်သည်။ ဂျက်ကိုဘင်မြင်ကွင်းများ၊ မာကီယာဗယ်လီပုံစံ ခေတ်သစ် မင်းသား (Modern Prince) များ မပါဝင်ဘဲ ပိုမိုကျယ်ပြန့်သော ပါဝါဆက်သွယ်မှုများ အတွင်းရှိ လူတန်းစားပေါင်းစည်းမှု အရွေ့ဆိုင်ရာ ‘မော်လီကျူး (melocular)’ ပြောင်းလဲမှုနှင့် ပြန်လည် ပေါင်းစပ်မှုများသာ ပါဝင်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုများသည် ဩဇာရှိ အင်အားကြီး လူတန်းစားများ၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှု (hegemony) ကို မွေးထုတ်ပေးပြီး အင်အားနည်း အုပ်စုငယ်များကို ‘subaltern’ အဖြစ်သို့ ရောက်ရှိသွားစေသည်။ ဤ ‘တော်လှန်ရေးမဲ့ တော်လှန် ရေး’ကြောင့် အာဏာချုပ်ကိုင် အလိများသည် အနည်းငယ်သော လူထုတောင်းဆိုမှုတို့ကို လိုက် လျောပေးလိုက်ရသော်လည်း ယင်းလိုက်လျောမှုတို့သည် တည်ရှိဆဲ အာဏာရလူတန်းစား၏ အုပ်ချုပ်မှုကို ပိုမိုခိုင်မြဲစေရန်၊ သမားရိုးကျ နိုင်ငံရေးအတိုက်အခံများကို သိမ်းသွင်းရန် နှင့် ပိုမို ရာဒီကယ်ကျသော နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်စေရန် တောင်း ဆိုမှုများကို ဖြိုဖျက်နိုင်စေရန် အတွက်သာ ဖြစ်လေသည် (Min Zin, 2015)။

တကျော့ပြန် ဒိုင်အာခီ
ရာဒီကယ်အပြောင်းအလဲကို ဖော် ဆောင်ရာတွင် တပ်မတော်သည် အရပ်ဘက် ၏ လက်အောက်တွင်သာ ရှိနေရန် လိုအပ် မည်ဖြစ်သော်လည်း မည်သည့်အချိန်တွင် ထိုကဲ့သို့ဖြစ်လာမည် ဆိုသည်မှာတော့ မသိ နိုင်ချေ။ အထက်တွင် ဆိုသကဲ့သို့ပင် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၏ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ခံမဟုတ် သော တပ်မတော်သား ကိုယ်စားလှယ်များ အတွက် ခွဲဝေပေးအပ်ထားပြီးဖြစ်သည်။ အခြေခံဥပဒေပါအချက်များကို ပြင်ဆင်လိုပါက အနည်း ဆုံး ၇၅ ရာခိုင်နှုန်း ထက်ပိုသော ထောက်ခံမှုကိုရရှိရန် လိုအပ်သည်။ ထို့အပြင် တပ်မတော်သည် ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးခန့်အပ်မှုကို ချုပ်ကိုင်ထား နိုင်သည့်အာဏာလည်း အပြည့်အဝရှိသည်။ တပ်မတော်သည် ကျန်းမာရေး၊ ပညာရေးနှင့် စွမ်းအင်ဝန်ကြီးများရှိ အရပ်သားရာထူးများတွင် တပ်မတော်သားများကို ခန့်ထားမှုများ ပြုလုပ် သည့်အပြင် တရားလွှတ်တော်ချုပ်ကိုလည်း ခန့်အပ်ထားပြီးဖြစ်သည် (Wade, 2015)။ ထို့ကြောင့် NLD အနေ ဖြင့် နိုင်ငံ၏ မဲဆန္ဒနယ်များ၏ ၇၈ ရာခိုင်နှုန်းအထိ အနိုင်ရခဲ့သော်လည်း လွှတ်တော်၏ ၅၉ ရာခိုင်နှုန်းကိုသာ နေရာရရှိမည်ဖြစ်သည်။ ထို့ကြောင့် NLD ၏ နိုင်ငံရေးအစုအဖွဲ့သည် တပ်မ တော်၏လွှမ်းမိုးမှု ကြီးကြီးမားမားရှိနေသော ဗျူရိုကရက်များနှင့်ယှဉ်လျှင် အလွန်ပင် သေးငယ် နေဦး၏မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားသော ရွေးကောက်ခံနှင့် ခန့်အပ်ခံ ကိုယ်စားလှယ် နှစ်ရပ် ပါဝင်သည့် ဤဒွိဥပဒေပြုစနစ်ကို ကိုလိုနီလက်အောက် မြန်မာနိုင်ငံတွင် ၁၉၂၃ ခုနှစ်က ကျင့်သုံးခဲ့သည့် ဒိုင်အာခီစနစ်နှင့် ခိုင်းနှိုင်းပြောဆိုကြသည် (Saha, 2015)။ ကိုလိုနီခေတ်က ဝေဖန်သုံးသပ်သူများသည် ဒိုင်အာခီစနစ်သည် သဘောထားပျော့ပြောင်းသော ဗမာနိုင်ငံရေး သမားများကို ကိုလိုနီနိုင်ငံပြုစနစ်အတွင်း သွတ်သွင်းရန် အကြံအစည်သာဖြစ်ကြောင်းကို ချက် ချင်း သဘောပေါက်ကြသည်။ တချိန်တည်းမှာပင် ဤစနစ်က နယ်ချဲ့ဆန့်ကျင်ရေးအင်အားစုများ ကို ချိနဲ့သွားစေပြီး ပို၍ သဘောထားပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမားများ၏ ချက်ချင်း လွတ်လပ်ရေးရရှိရေး တောင်းဆိုချက်များကို ဘေးရောက်သွားစေသည်။
ယနေ့ခေတ်တွင်မူ ‘ဒိုင်အာခီ’ ဆိုသည်မှာ အာဏာရှင်စနစ်နှင့် လစ်ဘရယ်နိုင်ငံရေးပုံစံတို့ အပျက်သဘောဆောင် ရောစပ်မှုသက်သက်မျှသာမဟုတ်ဘဲ တချိန်က ကိုလိုနီနယ်ချဲ့ အင်အားစု များ၏နေရာတွင် တပ်မတော်က အစားထိုးဝင်ရောက်လာခြင်းကိုလည်း ဆိုလိုသည်။ မြေပြန့် ဒေသ၏အပတွင်ရှိသော (တခါတရံတွင်မူမြေပြန့်တွင်ပင်နေထိုင်သော) တိုင်းရင်းသား လူနည်းစု များအဖို့မူ ကိုလိုနီလက်သစ်ဆိုသည်မှာ ဥပစာစကား သက်သက်မျှမဟုတ်ချေ။ ရွေးကောက်ပွဲ မတိုင်မီက တိုင်းရင်းသား တက်ကြွ လှုပ်ရှားသူတဦးရေးသကဲ့သို့ပင် ‘ကျနော်တို့ အခုရနေတာက အစိုးရက နယ်ချဲ့တွေလုပ်ခဲ့သလို လူထုကိုဖိနှိပ်နေတဲ့ ကိုလိုနီပုံစံသစ်ပဲ။ အထူးသဖြင့် တိုင်းရင်း သား လူနည်းစုတွေများတဲ့ နေရာတွေမှာပေါ့။ (Naw, 2015)’
ထိုကဲ့သို့ ဒိုင်အာခီ တကျော့ပြန်လည်လာမှုတွင် NLD ပါတီက တိုင်းပြည်၏ ပိုနေမြဲ ကျားနေမြဲ အနေအထားကို အတွင်းမှ ပြောင်းလဲနိုင်မည်ဟု မျှော်လင့်နိုင်မည်လား။
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနှင့် လွှတ်တော်အတွင်းရှိ ရွေးကောက်ခံ မဟုတ် သော ကိုယ်စားလှယ်များ၏လုပ်ပိုင်ခွင့်ကို ထိန်းချုပ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုကို ပြုလုပ်လိုကြောင်း အတိအလင်း ပြောကြားထားပြီးဖြစ်သည် (Radio Free Asia, 2015)။ ထိုကဲ့သို့ အခြေခံဥပဒေ ပြင်ဆင်ရေးသက်သက်ကို အာရုံစိုက်မှုက နိုင်ငံ၏ ပြောင်းလဲနေသော အာဏာ အဆောက်အအုံ၏ အသွင်နှင့် တိုင်းပြည်၏ စီးပွားရေးမူဝါဒများကို လွှမ်းမိုးနိုင်သူများက ပိုင်းခြား ဆုံးဖြတ်နိုင်သည့် အတိုင်းအတာကို မျက်ကွယ်ပြုထားရာ ရောက်နေသည်။
လတ်တလော ပြုပြင်ပြောင်းလဲမှုများက NLD သည် အရင်းရှင်လူတန်းစားများ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ဥရောပနှင့် အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင် နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့ သည်။
၂၀၁၂ ခုနှစ်အစတွင် ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကို ပြန်လည် ပြုလုပ်ခဲ့ပြီး အစိုးရအဖွဲ့အစည်းများကို ငွေချေးခြင်းနှင့် ‘ကြွေးမြီစီမံခန့်ခွဲခြင်းနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေ’တို့အပေါ် နည်းပညာ အထောက်အပံ့များပေးခြင်းတို့ကို ပြုလုပ်သည် (Reuters, 2015; World Bank, 2016; World Bank, 2014)။
နှစ်ကုန်ပိုင်းတွင် မြန်မာအစိုးရသည် နိုင်ငံခြားကုမ္ပဏီများကို မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများကို အပြည့်အဝပိုင်ဆိုင်ခွင့်ပေးသည့်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို အခွန် ကင်း လွတ်ခွင့်များပေးသည့်၊ ပြင်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည် မြေငှားစာချုပ်များ ချုပ်ဆိုခွင့် ပေးအပ်သောဥပဒေကို စတင်မိတ်ဆက်ခဲ့သည် (Aung Hla Tun, 2012)။ (နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများအပေါ် ကန့်သတ်မှုများကို ထပ်မံဖြေလျော့ပေးရန် အလားအလာရှိသည့် ဥပဒေ ပြင်ဆင်မှု ကို ပြုလုပ်ရန်လည်း ယမန်နှစ်ကတည်းက ဆွေးနွေးနေပြီဖြစ်သည် (Htin Lin Aung, 2015)။)
အမျိုးမျိုးသော အရင်းစီးဆင်းမှုများလည်း ဝင်ရောက်လာရန် ဟန်ပြင်နေသည်။ ၁၉၈၈ ခုနှစ် အလွန် စီးပွားရေး အကူးအပြောင်းကာလအပြီးတွင် မြန်မာနိုင်ငံ၌ အာရှနိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုများ အလွန်တိုးတက်ခဲ့သည်။ သို့သော် ဝင်ရောက်လာရန်ရှိသော မြောက်အမေရိကမှ ရင်းနှီးမြှုပ်နှံမှုများမှာမူ ဥရောပ-အမေရိကန်ဆန်ရှင်ကြောင့် ရပ်ဆိုင်းခဲ့ရသည်။ ယခုအချိန်တွင် အာရှနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ကြီးမားနေဆဲဖြစ်သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ ဥရောပ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာသည်။ အနောက်မီဒီယာများကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် အခွင့်အလမ်းများကို ‘gold rush’ ဟု သရုပ်ဖော်၍ အလွန်အကြူး စန်းတင်ညွှန်းဆိုကြသည် (National Post, 2012)။
NLD က ဘဏ္ဍာရေး အင်စတီကျူးရှင်းကြီးဖြစ်သော ကမ္ဘာ့ဘဏ်နှင့် IMF တို့၏ မူဝါဒများ ကို စိန်ခေါ်လိမ့်မည်ဟု မျှော်လင့်ထားသူများမှာ စိတ်ပျက်သွားမည်သာဖြစ်သည်။ ယင်း၏ စီးပွား ရေးသဘောထားက စိုးရိမ်ဖွယ်ရာမူဝါဒများဖြစ်သည့် မြေလွတ်မြေရိုင်းများကို အကြီးအကျယ် တိုးချဲ့အသုံးပြုခြင်း၊ စီးပွားဖြစ်စိုက်ပျိုးရေး (agribusiness) နှင့် agro-forestry ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းနှင့် မြေယာပိုင်ဆိုင်မှုနှင့် နိုင်ငံတော်ပိုင်လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်ပြုခြင်း စသည်တို့ကို ထောက်ခံကြောင်းပြနေသည် (Hammond, 2015)။
NLD ပါတီသည် စီးပွားရေးအလိများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန်ပင် ကြိုးပမ်းလာ သည်။ ရွေးကောက်ပွဲကာလအတွင်း ဦးတေဇနှင့် ဦးဇော်ဇော်တို့ထံမှ အလူ့ငွေများကို လက်ခံ ခဲ့သည်။ ဦးတေဇက ဒေါ်အောင်ဆန်းစုကြည်ကို သူ၏လေကြောင်းလိုင်း Asian Wings ၏ ‘platinum member’ အဖြစ် ချီးမြှင့်ပြီး ရာသက်ပန် လေယာဉ်စီးနင်းခ ပေးစရာမလိုအောင် ဆောင်ရွက်ပေးခဲ့သည် (Zaw Win Than, 2013)။
အတိုချုပ်ပြောရလျှင် ဤ ဒိုင်အာခီစနစ်အတွင်းမှနေ၍ ပြောင်းလဲနိုင်မည့် အလားအလာ မှာ မှေးမှိန်လှသည်။ NLD သည် အာဏာအဆောက်အဦသစ်ကို တိုက်ခိုက်ရန်ကိုရော အဆောက် အဦဟောင်း၏ အဓိကအစိတ်အပိုင်းများကို စိန်ခေါ်ရန်ကိုပါ စိတ်ဝင်စားဟန်မရှိချေ။ တခုတည်း သော ခြွင်းချက်ဖြစ်သည့် လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တိုက်ပွဲမှာလည်း အခြားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန်ထက် ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်လိုမှု သဘောဆန္ဒကြောင့်သာ ပိုမိုဖြစ်နိုင်သည်ဟု ယူဆရန်ရှိသည်။

ပေါ်ထွန်းလာသော ဆန့်ကျင်ကွဲပြားမှုများ
ရှုပ်ထွေး၍ ပြောင်းလဲရွေ့လျားနေသော နိုင်ငံရေးစနစ်အား ရင်ဆိုင်နေရချိန်တွင် မြန်မာ နိုင်ငံ၏ တပ်မတော်ခေါင်းဆောင်များမှာ ၎င်းတို့ရရှိထားသော နေရာအား တည်တံ့စေရန် အမြောက်အမြား ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်အလွန် ပြောင်းလဲမှုများတလျှောက် ရာထူး မြင့်သော တပ်မတော်အရာရှိများ၊ ပုဂ္ဂလိကအရင်းရှင်များနှင့် ထွန်းသစ်လာနေသော နိုင်ငံရေး အုပ်စုဖြစ်သည့် NLD ၏ ခေါင်းဆောင်ပိုင်းတို့အကြား လူတန်းစား စေ့စပ်မှုတရပ်ကို မြန်မာ စစ်ဗိုလ်ချုပ်များက ကြိုးပမ်းခဲ့ကြသည်။ သို့သော် ထိုဆောင်ရွက်ချက်များသည် နောင်ဖြစ်လာမည့် လူတန်းစားစေ့စပ်မှုအား စိန်ခေါ်နိုင်သည့် လယ်သမား၊ အလုပ်သမား၊ ရာဒီကယ်ကျောင်းသားများ အတွက် ယင်းတို့၏ တောင်းဆိုချက်များကို ပြင်းပြင်းထန်ထန် အခိုင်အမာ တောင်းဆိုနိုင်ရန် နေရာတခုကို လမ်းပွင့်စေခဲ့သည်။
နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု ဖယ်ရှားလိုက်ခြင်းကြောင့် ပို့ကုန်ဦးစားပေး တိုးတက်မှု ဆီသို့ ရွေ့လျားလာပြီး မြေယာတန်ဖိုး မြင့်မားလာမှု၊ သဘာဝသယံဇာတများနှင့် မြေယာတို့ကို သိမ်းယူမှုတို့သည် စစ်တပ်နှင့် ကော်ပိုရေးရှင်းကြီးများမှ ပုဂ္ဂိုလ်တို့၏ အရင်း စုပေါင်းတိုးတက် လာခြင်းဖြစ်စဉ်များအား အရှိန်အဟုန် မြင့်သွားစေသည်။ သို့သော် တပြိုင်နက်တည်း ဖြစ်ပွား နေသော နိုင်ငံရေး ဖြေလျှော့ပြောင်းလဲမှုသည် လူထုဆန္ဒဖော်ထုတ်ပွဲများ၊ သပိတ်မှောက်မှုများ၊ အခြေချဝင်ရောက် သပိတ် (occupations) များ ဆင်နွှဲနေသည့် မြေယာသိမ်းခံရသူများအား ရဲဆေးတင်ပေးခဲ့သည်။ ရဲတပ်ဖွဲ့သည် ပါဝင်လှုပ်ရှားသူများအား နှောင့်ယှက်စော်ကားခြင်း၊ ပြင်းပြင်းထန်ထန် ညှင်းဆဲနှိပ်စက်ခြင်း၊ ဖမ်းဆီးအပြစ်ပေးခြင်းတို့ဖြင့် တုံ့ပြန်ခဲ့ကြသည်။
ယနေ့အချိန်အထိ အပြင်းထန်ဆုံးသော အုံကြွမှုမှာ မုံရွာတွင် ဖြစ်ပွားခဲ့သည်။ မြေယာ ဆုံးရှုံးရသော တောင်သူလယ်သမားများသည် ယင်းတို့၏ လယ်ယာမြေများ ပြန်လည်ရရှိရန် တောင်းဆိုသော လူထုထောက်ခံမှု အများအပြားရရှိသည့် ဆန္ဒဖော်ထုတ်ပွဲများကို ၂၀၁၂ ခုနှစ်မှ စ၍ ပြုလုပ်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်ကုမ္ပဏီ ဝမ်ပေါင်နှင့် တပ်မတော်၏ ဦးပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် အင်အားသုံး ဖယ်ရှားခြင်းခံရသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသော ရွာသားများနှင့် သံဃာတော် များကို အဆိပ်ပါဝင်မှုများပြီး ပေါက်ကွဲအား ပြင်းထန်သော ဖော့စဖရတ်အဖြူများ ပစ်ခတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည် (Amnesty International, 2015)။
၂၀၁၂ ခုနှစ်တွင် အစိုးရ၏ လက်ပံတောင်းစုံစမ်းရေးကော်မရှင် အကြီးအကဲအဖြစ် ခန့် အပ်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး ဆန္ဒပြသူ များကို ‘၎င်းတို့အနေဖြင့် ဥပဒေကို လေးစား လိုက်နာပြီး မြေများကို အဆုံးခံသင့်သည်’ဟု ပြောကြားခဲ့သည် (Prasse-Freeman, 2016, p.88)။ ဆန္ဒပြသူများက သူ၏အကြံ ပြုချက်ကို ‘ပြင်းပြင်းထန်ထန်’ ပယ်ချခဲ့သည်။
အလုပ်သမားများ၏ လှုပ်ရှားမှုများ ကို ဗျူရိုကရေစီဆန်ဆန် အလုပ်သမား ဆက်ဆံရေးများဖြင့် ကန့်သတ်ထားရန် အား ထုတ်သော်လည်း အလုပ်သမားများ၏ လှုပ် ရှားမှုများမှာ ပိုမိုတိုးမြင့်လာသည်။ သပိတ် များကိုတားဆီးရန် ရည်ရွယ်ချက်ဖြင့် အစိုးရ သည် ILO နှင့် ပူးပေါင်း၍ သမဂ္ဂများ တရား ဝင်ဖွဲ့ခွင့်ပြုခြင်း၊ စုပေါင်းတောင်းဆိုခြင်းများ (collective bargaining) ကို အဖွဲ့အစည်းနှင့် ပြုလုပ်စေခြင်း၊ အလုပ်သမားခုံသမာဓိအဖွဲ့ကို ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့သည် (Zaw Zaw Htwe & Barron, 2015)။
သို့သော် ၂၀၁၁ ခုနှစ်တွင် အလုပ်သမားဥပဒေ၏ ပထမပိုင်းကို ပြဌာန်းသည်နှင့်တပြိုင် နက် ရန်ကုန်မြို့ဝန်းကျင်ရှိ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မှော်ဘီစက်မှုဇုန်တို့မှ အလုပ်သမားများ ၏သပိတ်များ ဆက်တိုက်ပေါ်ထွက်လာသည် (Campbell, 2013)။ သုံးနှစ်ကျော် ကြာပြီးသောအခါ (ILO က ကောင်စီသည် ‘ထူးထူးကဲကဲပင် အောင်မြင်ပါသည်’ဟု ချီးကျူးသော်လည်း) အလုပ် သမားများက အစိုးရ၏ အလုပ်သမား ခုံသမာဓိကောင်စီကို အယုံအကြည်ကင်းမဲ့ကြောင်း ဆန္ဒ ထုတ်ဖော်ကြသည် (Zaw Zaw Htwe & Barron, 2015)။
ကျောင်းသားများကလည်း နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ရန် ကြိုးပမ်းလာသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် အစိုးရက NLD ၏ ထောက်ခံမှုဖြင့် ပညာရေးဥပဒေတရပ်ကို ပြဌာန်းသည် (Radio Free Asia, 2015)။ ယင်းဥပဒေက ဗဟိုကချုပ်ကိုင်သော သင်ရိုးညွှန်းတမ်း ရေးဆွဲမှု၊ ကန့်သတ်ထားသော ပညာရေးလွတ်လပ်မှုနှင့် ကျောင်းသားသမဂ္ဂများကို ချုပ်ချယ် ထားမှုများပြုလုပ်ပြီး ကျောင်းသားများကို မကျေမချမ်း ဖြစ်စေခဲ့သည်။
ကျောင်းသားလှုပ်ရှားမှုများမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့မှ စတင်ခဲ့ပြီး ယင်းနောက်တွင် မန္တလေးမြို့၌ပေါ်ပေါက်ခဲ့သည်။ ရာဒီကယ်အဖြစ်ဆုံး ကျောင်းသားများသည် မန္တလေးမှ ရန်ကုန်သို့ ချီတက်ပွဲဆင်နွှဲခဲ့ကြသော်လည်း ရဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ဖမ်းဆီး ခြင်းကို ခံခဲ့ရသည်။ (ဒေါ်အောင်ဆန်းစုကြည်က ပညာရေးဥပဒေကို ပြင်ဆင်ရန် ‘လွှတ်တော် အပေါ် ဖိအားပေးခဲ့သော ကျောင်းသားများကို သတိပေး’ခဲ့သည် (Min Zin, 2015)။)
တိုးမြင့်လာသော လွှတ်တော်ပြင်ပ ရုန်းကန်လှုပ်ရှားမှု ဒီရေလှိုင်းက မြန်မာနိုင်ငံ၏ ၂၀၁၀ ပြည့်နှစ်အလွန် လူတန်းစားသရုပ်သကန်၏ ကြီးမားသော ဆန့်ကျင်ကွဲပြားမှုများကို ဖော်ကျူးပြသနေသည်။ ပြီးခဲ့သော ရွေးကောက်ပွဲသည် တိုင်းပြည်၏ နိုင်ငံရေး အသွင်ကူးပြောင်းမှု တွင် အရေးပါသောကာလဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ပြီးခဲ့သည့်နှစ်များအတွင်းက ဖြစ်ပေါ်ခဲ့သော လူထုအကျပ်အတည်းများကို ဖြစ်ပေါ်စေသည့် လူတန်းစားနှင့် အာဏာ ပဋိပက္ခ များကို (ဖြေရှင်းရန် ရည်ရွယ်ချက်ရှိသည်ဆိုဦးတော့) ဖြေရှင်းပေးနိုင်စွမ်း ဒေါ်အောင်ဆန်းစုကြည် တွင်ရှိသည့် အရိပ်အယောင် မရှိပေ။

လူထုအခြေပြု လမ်းကြောင်းများ
ပြီးခဲ့သည့် ရာစုနှစ်အတွင်းတွင် အခြားသော နေရာများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ကျယ်ပြန့်သော နိုင်ငံရေးလှုပ်ရှားမှုများက ကိုလိုနီဆန့်ကျင်ရေး လူထုလှုံ့ဆော်မှု၊ လူတန်းစား အခြေခံ အလုပ်သမားတိုက်ပွဲများ၊ ကွန်မြူနစ်အုံကြွမှုများ၊ တောင်ပေါ်ဒေသများတွင် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်မှုများ စသည့် အပြုသဘောဆောင် နိုင်ငံရေးအပြောင်းအလဲကို ရည်သန်သည့် ရည်မှန်းချက်များကို ဖြစ်ပေါ်စေသည်။ လူမျိုး၊ သွေးနှင့် လူတန်းစားကို အခြေပြု သည့် လှုပ်ရှားမှုများက ကိုလိုနီအင်အားစုများကို ဆန့်ကျင်ပုန်ကန်ခြင်း၊ ခိုင်မာသော လူတန်းစား အကျိုးစီးပွားများနှင့် ကိုလိုနီလက်သစ် မြေပြန့်နေဗမာများကို မွေးထုတ်ပေးခဲ့သည်။
ရာဒီကယ်နိုင်ငံရေးသည် မြန်မာ့ခေတ်ပြိုင် နိုင်ငံရေးအခင်းအကျင်းတွင် ပျောက်ကွယ် နေခြင်း မဟုတ်ကြောင်းကို လယ်သမား၊ အလုပ်သမားနှင့် ကျောင်းသားများ၏ အုံကြွမှုများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ သို့သော် အာဏာနှင့်နိုင်ငံရေးအပေါ် ကဏ္ဍဆိုင်ရာ ကွဲပြားခြားနား သော တောင်းဆိုမှုများ တဟုန်ထိုးတိုးပွားလာခြင်းသည် မရေရာသော မဟာမိတ် အလံတော်များ အောက်သို့ ရံဖန်ရံခါ ကျရောက်သွားနိုင်သည်။ ယင်းတို့နှင့်အတူ အချိန်အခါသင့် နိုင်ငံရေးဆီသို့ သာ စွဲမြဲစွာ ယိမ်းယိုင်လျက်ရှိသည်။ အတိတ်နှစ်များဆီက လူတန်းစား၊ သို့မဟုတ် နိုင်ငံ/ လူမျိုး အခြေပြု လူထုလှုံ့ဆော်မှုများနှင့် ဆန့်ကျင်ဖီလာဖြစ်နေသော ပိုမိုရှုပ်ထွေးသည့် သပွတ်အူ နိုင်ငံရေးပုံစံသည် တနည်းအားဖြင့် နိုင်ငံရေးထက် အီတလီနိုင်ငံသမိုင်းကြောင်းတွင် ဂရမ်ချီ ဖော်ထုတ်ခဲ့သော ပါဝါနှင့် လူတန်းစားပေါင်းစည်းမှုအရွေ့ဆိုင်ရာ မော်လီကျူး ပြောင်းလဲမှုဖြစ်စဉ် ဟုခေါ်သည့် အနုစိတ်နိုင်ငံရေး (micropolitics) ပိုဆန်နေသည်။
မည်သို့ပင်ဖြစ်စေ NLD ၏ ရွေးကောက်ပွဲအောင်ပွဲသည် လူများစု၏ အောင်ပွဲပင်ဖြစ် သည်။ မကြာခဏ ဝေဖန်ခံရလေ့ရှိသော်လည်း ဤသည်ကပင် ယင်း၏ အကြီးမားဆုံး အားသာ ချက်ဖြစ်နိုင်သည့် နိုင်ငံရေးပိုင်းဆိုင်ရာ မတိကျမပြတ်သားမှုကို ပိုင်ဆိုင်ထားသည့် အလံတော် တခု၏အောက်ရှိ များပြားလှစွာသော မတူကွဲပြားသည့် တောင်းဆိုချက်များ၏ ပေါင်းစည်းမှုပင် ဖြစ်သည်။ တဖက်တွင် လူထု၏ထောက်ခံမှုကို ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်ရှိပြီး အခြား တဖက်တွင် အာဏာရှင်စနစ်က ကျောထောက်နောက်ခံပြုထားသော စစ်ဗိုလ်ချုပ်များရှိသည်။
ထို့အပြင် NLD ၏ ရွေးကောက်ပွဲ အောင်မြင်မှုကို ဝမ်းသာအားရ ကြိုဆိုကြသောသူများ ကိုလည်း လူပြိန်းကြိုက်နိုင်ငံရေး ယန္တရားတခု၏ နယ်ရုပ်မျှသာဖြစ်သည်ဟု မမြင်သင့်ပါ။ အကယ် စင်စစ် ယင်းတို့သည် ရာစုနှစ်၏လေးပုံတပုံခန့် ဆိုးဆိုးဝါးဝါး ဖိနှိပ်မှုအောက်တွင် ပျောက်ပျက် မသွားအောင် ထိန်းသိမ်းထားနိုင်ခဲ့သော၊ NLD ၏ ကျီးလန့်စာစား မြန်မာ့နိုင်ငံရေး အခင်းအကျင်း တွင် (မျှမျှတတမဟုတ်လျှင်သော်မှ) နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်နိုင်စွမ်းကို မီးမောင်းထိုးပြနေ သည်။
ဒေါ်အောင်ဆန်းစုကြည်ကတဖက် စစ်ဗိုလ်ချုပ်များကတဖက်ဟူသည့် ရိုးစင်းသော ပြိုင် ဆိုင်မှုက စည်းတခုကို ပိုင်းခြားပေးထားသည်။ စည်း၏တဖက်ခြမ်းတွင် လူထုဟူသော ခေါင်းစဉ် အောက်ရှိ နိုင်ငံရေးဆိုင်ရာ မတူညီသောသူများ၏ အပေါင်းအစုကြီးရှိသည်။ သို့သော် NLD ၏ ရှေ့သို့လျှောက်လှမ်းမည့်ခရီးတွင် လူများစုထောက်ခံမှုကို ဆက်လက်ရရှိရန်မှာ ဆိုခဲ့သောစည်း ကို ကျော်လွန်ပြီး မတူကွဲပြားသော တောင်းဆိုချက်များကို ပြည့်မီအောင် ဆောင်ရွက်ပေး နိုင်စွမ်းပေါ်တွင် တည်မှီနေသည်။
NLD က မည်သူ့ကို ကိုယ်စားပြုသည်၊ မည်သူတို့ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြောရေးဆိုခွင့်ရှိသည်၊ သူ၏ပါတီက လူနည်းစု အုပ်စုငယ်များ၏ အရေးတကြီး ရုန်းကန်နေရမှု များကို တိုက်ရိုက်ဖြေရှင်းပေးမည်၊ မပေးမည် စသည့် မေးခွန်းများမှာ တည်ရှိနေဆဲပင် ဖြစ်သည်။ မြင်တွေ့နေရသော လက္ခဏာများကတော့ အားရစရာ မကောင်းလှပေ။ အသွေးစုံသော အရင်း ရှင်လူတန်းစား၏ လွှမ်းမိုးချုပ်ကိုင်လာနိုင်မှု၊ ကိုလိုနီခေတ်ပုံစံ ဒိုင်အာခီစနစ် တကျော့ပြန်လည် လာမှု၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားများ၏ လှုပ်ရှားမှုများအပေါ် မသိကျိုးကျွံပြုမှုနှင့် အထင်ရှားဆုံးအဖြစ် မြန်မာနိုင်ငံရှိ မူဆလင်တို့ကို ဖိနှိပ်မှုအပေါ် နိုင်ငံရေး လူတန်းစားအသစ်၏ ကြောက်မက်ဖွယ်တိတ်ဆိတ်မှုတို့ပင် ဖြစ်သည်။
အထက်ပါအချက်တို့အရ NLD ၏ အပြောင်းအလဲကို တိုးတက်သော (progressive) အမြင်ဖြင့် ဖော်ဆောင်နိုင်စွမ်းတွင် စနစ်ကြောင့်ဖြစ်သော အကန့်အသတ်များ ရှိနေသည်ကို မြင်နိုင်ရုံမျှမက NLD ကိုယ်တိုင်သော်က အပြောင်းအလဲကိုဖော်ဆောင်ရန် ဆန္ဒရှိမှုအပေါ်တွင်ပါ သံသယဖြစ်ရန် ရှိလာသည်။ တပြိုင်တည်းတွင် လယ်ကွင်းများနှင့် စက်ရုံများရှိ လူထုလှုပ်ရှားမှု များကလည်း လူထုကိုစည်းရုံးလှုံ့ဆော်နိုင်မည့် အခွင့်အလမ်းအသစ်များကို ဆုပ်ကိုင်ပြီး မြန်မာ့ နိုင်ငံရေးလမ်းကြောင်းကို ပိုမိုရာဒီကယ်ကျသော သာတူညီမျှပန်းတိုင်ရှိရာဆီသို့ တိမ်းညွှတ်စေ ရန် ကြိုးစားနေပြီဖြစ်သည်။

ကျမ်းကိုးစာရင်း
Amnesty International. (2015, February 10). Myanmar: Foreign mining companies colluding in serious abuses and illegality. Retrieved from www.amnesty.org/en/press-releases/2015/02/myanmar-foreign-mining-companies-colluding-serious-abuses-and-illegality/

Aung Hla Tun. (2013, November 3). Myanmar state media details new foreign investment law. Reuters. Retrieved from www.reuters.com/article/2012/11/03/us-myanmar-investment-IDUSBRE8A204F20121103#k9QRPp2LI4jMQOsv.97

BBC. (2015, November 13). Myanmar election: Suu Kyi’s NLD wins landslide victory. Retrieved from www.bbc.com/news/world-asis-34805806?SThisFB

Campbell, S. (2013, July). On Labour Organizations in Myanmar. Global Labour Column. Retrieved from http://column.global-labour-university.org/2013/07/0n-labour-organizations-in-myanmar.html

Chatterjee, Partha. (1986). Nationalist Thought and the Colonial World: A Derivative Discourse. London: Zed Books.

Chaulia, S. (2015, November 10). Suu Kyi’s win is comparable to Mandela’s ‘Long Walk to Freedom’. Hindustan Times. Retrieved from www.hindustantimes.com/analysis/suu-kyi-s-win-is-comparable-to-madela-s-long-walk-to-freedom/story-3dqExSvj36yDjD4N3vHqEK.html

CNN. (2015, November 9). Early Myanmar election results favor Suu Kyi’s party. Retrieved from www.cnn.com/videos/world/2015/11/9/myanmar-path-towards-democracy-thant-myint-u-intv-amanpour.cnn/video/playlists/intl-asia-samsung/

Country Lending Summaries – Myanmar. (2016). World Bank. Retrieved from http://web.worldbank.org/WBSITE/EXTERNAL/PROJECTS/0,,countrycode:MM~eop_date:31-Oct-2015~menuPK:64820000~pagePK:64392398~piPK:64392037~theSitePK:40941,00.html

Fujita, Koichi. (2016, January). The Economic Transition in Myanmar After 1988: Market Economy Versus State Control. In Koichi Fujita (Eds.). Fumiharu Mieno and Ikuko Okamoto, Agricultural Labourers in Myanmar during the Economic Transition: Views from the Study of Selected Villages (pp.246-280). Singapore,Singapore: NUS Press.
Ibid.
Fuller, T. (2015, November 8). Myanmar’s People Joyful in Voting, Even With Final Results Days Away. New York Times. Retrieved from www.nytimes.com/2015/11/09/world/asia/myanmar-votes-election-aung-san-suu-kyi-burma.html

Galache, C.S. (2015, November 13). Elections in a divided city. Democratic Voice of Burma. Retrieved from www.dvb.no/news/elections-in-a-divided-city-burma-myanmar/59198

Gramsci – Peter Thomas. (2009). The Gramscian Moment: Philosophy, Hegemony and Marxism. Leiden: Brill. P. 147.

Hammond, C. (2015, August 18). Revealed: NLD’s economic plan. Myanmar Times. Retrieved from https://www.mmtimes.com/business/16036-revealed-nld-s-economic-plan.html

Hnin Yadana Zaw and Slodkowski, A. (2015, November 18). In Myanmar on cusp of change, former junta ‘crony’ sees business as usual. Reuters. Retrieved from http://in.reuters.com/article/2015/11/18/myanmar-election-investment-idINKCNOT62LM20151118

Htin Lynn Aung. (2015, September 1). New investment laws in limbo. Myanmar Times. Retrieved from www.mmtimes.com/index.php/business/16244-new-investment-laws-in-limbo.html

Hunter, A. (2014, July 2). Is Thein Sein Myanmar’s real champion of democracy?. The Age. Retrieved from www.theage.com.au/comment/is-thein-sein-myanmars-real-champion-of-democracy-20140702-zstai.html

Karimi, F. (2015, November 13). Aung San Suu Kyi’s NLD wins historic majority. CNN. Retrieved from www.cnn.com/2015/11/13/asia/myanmar-aung-san-suu-kyi-historic-win/

Kaviraj, Sudipta. A Critique of the Passive Revolution. Economic and Political Weekly, 23(45,47), pp.2429 – 2444.

Kyaw Hsu Mon. (2015, November 9). Cronies Crushes as NLD Claims Key Constituencies. The Irrawaddy. Retrieved from www.irrawaddy.org/elections/news/cronies-crushed-as-nld-claims-key-constituencies
Maung Zarni. (2015, November 9). Why Aung San Suu Kyi’s ‘Mandela moment’ is a victory for Myanmar’s generals. The Guardian. Retrieved from www.theguardian.com/commentisfree/2015/nov/09/aung-san-suu-kyi-mandela-moment-myanmar-generals

Min Zin. (2015, March 12). Burma Takes a Big Step Backwards. Foreign Policy. Retrieved from http://foreignpolicy.com/2015/03/12/burma-takes-abig-steps-backwards/

Min Zin. (2015, February 9). A New Generation Takes to the Streets in Burma. Foreign Policy. Retrieved from http://foreignpolicy.com/2014/04/03/lets-face-it-democracy-in-burma-is-not-inevitable/;%20http:/foreignpolicy.com/2015/02/09/a-new-generation-takes-to-the-streets-in-burma/

Montlake, S. (2011, September 28). Burma’s Showy Crony. Forbes. Retrieved from www.forbes.com/global/2011/1010/feature-people-burma-showy-crony-capitalism-luxury-za-montlake.html

Myanmar Country Partnership Framework. (CPF). (2014, June). World Bank Group. Retrieved from https://consultations.worldbank.org/Data/hub/files/consultation-template/world-bank-group-holds-consultations-inform-its-partnership-framework/phases/wbg_background_material.pdf

National Post. (2012, November 27). Like a gold rush: Investing in Burma ‘high-risk’ and potentially ‘high-reward’. Retrieved from http://news.nationalpost.com/news/like-a-gold-rush-investing-in-burma-high-risk-and-potentially-high-reward

Naw, S. (2015, October 12). The Peace We Envision. The Irrawaddy. Retrieved from www.irrawaddy.org/contributor/the-peace-that-we-envision.html

Pletcher, K. Thein Sein. Encyclopedia Britannica. Retrieved from www.brittannica.com/biography/Thein-Sein

Radio Free Asia. (2015, November 11). Aung San Suu Kyi Eyes Leading in Myanmar Despite Constitutional Ban. Retrieved from www.rfa.org/english/news/myanmar/aung-san-suu-kyi-eyes-leading-in-myanmar-despite-constitutional-ban-11052015161407.html

Radio Free Asia. (2015). Timeline: Myanmar Student Protest. Retrieved from www.rfa.org/english/news/special/studentprotest/home.html

Rasse-Freeman,E. (2016). Grassroots protest movements and mutating conceptions of “the political” in an evolving Burma. Metamorphosis: Studies in social and political change in Myanmar. Singapore: NUS Press. P.88.

Reuters. (2015, February 16). World Bank says reengaging with Myanmar after 25 years. Retrieved from www.reuters.com/article/2012/02/17/us-worldbank-myanmar-idUSTRE81G05820120217#302mgVgGvDkxeMxP.97

Saha, J. (2015, November 13). Decolonising Democracy. Colonizing Animals. Retrieved from https://jonathansaha.wordpress.com/2015/11/13/decolonising-democracy/

Shan State Progress Party/ Shan State Army. Myanmar Peace Monitor. Retrieved from www.mmpeacemonitor.org/stakeholders/stakeholders-overview/167-ssa-n

Soe, S & Chit Hlaing, M. (2008). Myanmar Literature Project. Hans-Bernd Z (Eds.). Southeast Asian Studies Passau, Working Paper No.10:10. www.burmalibrary.org/docs11/mlp10.10-op.pdf

Turnell, S. (2015, November 22). Myanmar’s democracy dividend begins with an economic re-boot. Nikkei Asian Review. Retrieved from http://asia.nikkei.com/Viewpoints/Viewpoints/Myanmar-s-democracy-dividend-begins-with-an-economic-re-boot?page=1

U Nu. Encyclopedia Britannica. Retrieved from www.britannica.com/biography/U-Nu

Wade, F. (2015, November 15). Burma’s Militarized Ministries. Foreign Policy. Retrieved from http://foreignpolicy.com/2015/11/15/burmas-militarized-ministries/

Zaw Win Than. (2013, June 21). Aung San Suu Kyi gets free flights for life. Myanmar Times. Retrieved from www.mmtimes.com/index.php/national-news/7196-daw-suu-gets-her-wings.html

Zaw Zaw Htwe and Barron, L. (2015, September 25). Factory workers weary of the Arbitration Council. Myanmar Times. Retrieved from www.mmtimes.com/index.php/national-news/16690-factory-workers-weary-of-the-arbitration-council.html

Zaw Zaw Htwe and Barron, L. (2015, September 25).

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment