မြန်မာနိုင်ငံရှိ မူးယစ်ဆေးနှင့် ဆက်နွယ်ပြဿနာများကို လျှော့ချနိုင်ရန် လူမှုဆိုင်ရာတရားမျှတမှုကို မြှင့်တင်ခြင်း

ရီနိုခါချီယာနှင့် တွမ်ကရေမာ

ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ လုံးလုံး တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ရောင်း ဝယ်ဖောက်ကားခြင်း၊ ဘိန်းစိုက်ပျိုးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို ‘ဥပဒေကြောင်း ဆိုင်ရာ တရားမျှတမှု (criminal justice) ပြဿနာများအဖြစ်သာ မြန်မာအစိုးရအဆက်ဆက်က လက်ခံထားခဲ့ကြသည်။ ရဲတပ်ဖွဲ့နှင့်ထိန်းကျောင်းခြင်း၊ မူးယစ်ဆေးများကို ဖျက်ဆီးပစ်ခြင်းနှင့် အကျဉ်းချခြင်းတို့အပေါ် အခြေပြုသည့် ပြစ်ဒဏ်ချမှတ်ခြင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဝယ်ယူရရှိနိုင်ခြင်းနှင့် သုံးစွဲခြင်းတို့ကို ထိန်းချုပ်ရန် နိုင်ငံတော်ကဆောင်ရွက်သည့် ပင်မလုပ်ဆောင်ချက် ဖြစ်နေခဲ့သည်။
သို့သော် ယခုနှစ်ပိုင်းကာလများတွင် မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူများအကြား၌ HIV/AIDS ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် မူးယစ်ဆေးစွဲခြင်း၏ ဖြစ်စဉ်များအပေါ် ပိုမိုနားလည်လာခြင်းနှင့် ပို၍ယေဘုယျကျကျပြောရလျှင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ သိပ္ပံပညာတွင် တိုးတက်လာမှု များက ဤကိစ္စအပေါ်ရှုမြင်မှုများကို သိသိသာသာပြောင်းလဲစေသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း သည် ဥပဒေကြောင်းဆိုင်ရာ တရားမျှတမှုပြဿနာမျှ မဟုတ်တော့ဘဲ တကိုယ်ရေ၊ သို့မဟုတ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာအဖြစ် ပိုမိုတွေးမြင်လာကြသည်။ ထို့အတူပင် ဝေးလံ ခေါင်ဖျားသောဒေသများတွင် ဘေးအဖယ်ခံလူနည်းစုများ၏ ဘိန်းစိုက်ပျိုးခြင်းကိုလည်း စားဝတ် နေရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပြဿနာအဖြစ် ပိုမိုလက်ခံလာကြသည်။ တနည်းအားဖြင့်ပြောရလျှင် မူးယစ်ဆေးဆိုင်ရာပြဿနာများသည် ရှုပ်ထွေးနက်နဲသည်။ ထို့ကြောင့် သာမန်ပြစ်ဒဏ် ချမှတ် ခြင်းသက်သက်ထက်ပိုသော ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်မှု လိုအပ်သည်ဟူသော အချက်ကို လက်ခံမှု ပို၍ပို၍ ကျယ်ပြန့်လာသည်ဆိုသည်ပင် ဖြစ်သည်။
အထက်ပါကဲ့သို့ ရှုမြင်ပုံများ ပြောင်းလဲလာသည်နှင့်အညီ မူးယစ်ဆေးဝါး ပြဿနာ များကို လူမှုဆိုင်ရာ တရားမျှတမှု ရှုထောင့်မှကြည့်၍ မြန်မာနိုင်ငံ၏ လက်ရှိ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများကို ဆင်ခြင်သုံးသပ်ကြည့်လျှင်လည်း အကျိုးရှိမည်ဖြစ်သည်။ ပို၍ တိတိပပဆိုရလျှင် ဤဆောင်းပါးသည် လူမှုဆိုင်ရာ တရားမျှတမှုချို့တဲ့ခြင်းက (မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ဆက် စပ်သော ပြဿနာများရော မရှိဆင်းရဲသား တောင်သူများအဖို့ ဘိန်းစိုက်ပျိုးခြင်းကို အသက် မွေးဝမ်းကျောင်းအဖြစ် မှီခိုနေရခြင်းများပါ အကျုံးဝင်သည့်) မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာစေခြင်းကို အထောက်အပံ့ပြုနေသည်ဆိုသောအချက်ကို မီးမောင်းထိုးပြရန် ဖြစ် သည်။ လက်ရှိသုံးစွဲနေသော ဖိနှိပ်ခြင်းကိုအခြေခံသည့် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများသည် အမှန်တကယ်အားဖြင့် လူမှုဆိုင်ရာ တရားမမျှတမှုများဖြစ်စေရန် အားဖြည့်ပေးနေပြီး ယင်း အချက်က ဖြေရှင်းရမည့်ပြဿနာများကို ပိုမိုဆိုးရွားစေသည်။ မူယစ်ဆေးဝါးဆိုင်ရာ ပြဿနာ များကို လျှော့ချပေးပြီး တချိန်တည်းမှာပင် လူမှုဆိုင်ရာတရားမျှတမှုကို အားဖြည့်ပေးမည့် ‘အခြား’နည်းလမ်းများ ရှိသည်။

လူမှုဆိုင်ရာ တရားမျှတမှု၏ အဓိပ္ပာယ်
လူမှုဆိုင်ရာတရားမျှတမှုဆိုသည်မှာ နိုင်ငံရေးဆိုင်ရာ၊ ဒဿနဆိုင်ရာနှင့် ဘာသာရေး ဆိုင်ရာ ရည်ညွှန်းမှုများ များစွာပါဝင်သည့် ကျယ်ပြန့်သော သဘောတရားတရပ်ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် လူသားအားလုံးသည် ဥစ္စာဓန၊ ကျန်းမာရေး၊ ပညာရေး၊ သာယာ ပျော်ရွှင်မှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဆိုင်ရာအခွင့်အရေးများ၊ သို့မဟုတ် တရားမျှတမှုကို ရရှိရန် တန်းတူအခွင့်အရေးနှင့် အခွင့်အလမ်းများရှိသည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ဤသဘောတရားသည် ညီမျှမှု၊ တန်းတူမှု၊ တရားမျှတမှုနှင့် စည်းလုံးညီညွတ်မှု စသည်တို့အပေါ်တွင် အခြေခံသော သဘောတရားပင်ဖြစ်သည်။ ထို့အပြင် လူမှုဆိုင်ရာ တရား မျှတမှုကို ရရှိရန် လက်တွေ့ဆောင်ရွက်ရမည်ဆိုသည်မှာ အများက လက်ခံထားသည့်အချက် ဖြစ်သည်။ ထို့ကြောင့် ပိုမိုမြင့်မားသော လူမှုဆိုင်ရာတရားမျှတမှုကို ရရှိရန် ထည့်ဝင်အားဖြည့် ပေးမည့် အဓိကနည်းလမ်းတခုမှာ ယေဘုယျအားဖြင့် တရားမမျှတမှုများကို လျှော့ချပေးပြီး နိုင်ငံသားအားလုံးကို အခွင့်အရေးနှင့် အခွင့်အလမ်းများ တန်းတူခံစားနိုင်စေသည့် ဝန်းကျင် တရပ်ကို ဖန်တီးပေးနိုင်ရန် ရည်သန်သောဥပဒေများ မူဝါဒများကို နိုင်ငံတော်က ရေးဆွဲချမှတ် ခြင်းပင် ဖြစ်သည်။

လူမှုဆိုင်ရာ တရားမမျှတမှုများ၊ သို့မဟုတ်
မူးယစ်ဆေးဝါးနှင့်ဆက်စပ်သော ပြဿနာများ ပေါက်ဖွားရာ
စိတ်ကို ပြောင်းလဲစေတတ်သောအရာများကို သုံးစွဲခြင်းသည် ဆိုးရွားသော ကျန်းမာရေး နှင့် လူမှုရေးဆိုင်ရာ အကျိုးဆက်များရှိစေသော်လည်း ယင်းမှာ အလုံးစုံမှန်ကန်သည်တော့ မဟုတ်ပေ။ စင်စစ်အားဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသာ စိုးရိမ်ရသော မူးယစ်ဆေးဝါးသုံးစွဲမှု အမူအကျင့်များဖြစ်သည့် အကြောထဲ ထိုးသွင်းသုံးစွဲခြင်းနှင့် ထပ်ကျော့သုံးစွဲခြင်း စသည်တို့ကို ပြုမူလာနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ အကယ်၍ မူးယစ်ဆေးစွဲခြင်း၏ ဖြစ်စဉ်များကို အပြည့်အဝ သိနားလည်ခြင်း မရှိသေးဟုဆိုလျှင် အဓိကကဏ္ဍကြီးသုံးခုအောက်တွင် ထားရှိနိုင်သော ဂရုပြုရမည့် အကြောင်းအချက်ရှိသည်။
• တကိုယ်ရည် အကြောင်းခြင်းရာများ၊ ဥပမာ စရိုက်သွင်ပြင်၊ စိတ်ဒဏ်ရာဖြစ်စေသော အတွေ့အကြုံများ၊ မျိုးဗီဇဆိုင်ရာအခြေအနေများ၊ တိမ်မြုပ်နေသော ယှဉ်တွဲတည်ရှိနေ သည့် စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ အစရှိသည်များ။
• ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခြင်းရာများ၊ ဥပမာ မိသားစု၊ လူမှုစီးပွားဆိုင်ရာ အခြေ အနေ၊ ပညာရေးကို လက်လှမ်းမီမှု၊ မိတ်ဆွေသူငယ်ချင်းများနှင့် ပတ်ဝန်းကျင်ရှိသူများ၊ ယဉ်ကျေးမှုအရ လူမှုဆိုင်ရာအရ မူးယစ်ဆေးဝါးသုံးစွဲမှုကို လက်သင့်ခံရှိမှု၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ လုပ်ဆောင်မှု၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အစရှိသည်များ။
• မူယစ်ဆေးဝါးများနှင့် ချိတ်ဆက်နေသော (ထွေပြားသည့်) အကြောင်းခြင်းရာများ ဥပမာ ဈေးနှုန်းနှင့်ဝယ်ယူရရှိနိုင်မှု၊ မူးယစ်ဆေးဝါး၏သန့်စင်မှု၊ အုပ်ချုပ်ရေးလမ်းကြောင်း၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၏ ပြင်းအားနှင့် ဖြစ်ပေါ်သောစွဲလမ်းမှု အစ ရှိသည်များ။
အထောက်အထားများအရ လူမှု-စီးပွားရေးနှင့် ပညာရေးအဆင့်နိမ့်သူများ၊ အလုပ် လက်မဲ့များနှင့် ပဋိပက္ခဖြစ်ပွားရာနေရာများတွင် နေထိုင်သူများသည် မူးယစ်ဆေးဝါး သုံးစွဲမှု ဆိုင်ရာပြဿနာများကို ခံစားရရန် ပညာရေး အဆင့်အတန်းမြင့်သူများ၊ လူမှုဝန်းကျင်က လက်ခံ အသိအမှတ်ပြုထားသော အရည်အချင်းများ ပိုင်ဆိုင်သူများနှင့် မိသားစု၏ပံ့ပိုးမှုကို ကြီးကြီး မားမား ရရှိသူများထက် ပိုမို၍ အခွင့်အလမ်းများသည်။ ဤအချက်ကို သဘောပိုက်ထားလျှင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုများ ရှိနေသော၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ယွင်းမှုများ ရှိနေသော၊ ပညာရေး အခွင့်အလမ်းများ နည်းပါးသော၊ အလုပ်လက်မဲ့နှုန်း မြင့်မားသော သို့မဟုတ် ကြမ်းတမ်းသောဝန်းကျင်တွင် လုပ်ရသော အလွန် အန္တရာယ်များသည့် အလုပ်အကိုင်များ ရှိနေသော (ဥပမာ- ကျောက်စိမ်းတူးခြင်း)၊ တရားမျှတမှု မရှိသောအမြင်များ လွှမ်းမိုးနေသော၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ခဲယဉ်းသောဒေသများ နှင့် မူးယစ်ဆေးဝါးများကို ဝယ်ယူရန် အလွန်လွယ်ကူပြီး ဈေးပေါသော ဒေသများတွင် မူးယစ် ဆေးဝါး အလွဲသုံးမှုဆိုင်ရာ ပြဿနာဖြစ်ပွားမှုနှုန်း မြင့်မားသည်မှာ ထူးဆန်းသည်တော့မဟုတ်။
အလားတူစွာပင် မြန်မာနိုင်ငံရှိ ဘိန်းစိုက်ပျိုးရာ နေရာအများစုသည်လည်း လက်နက် ကိုင်ပဋိပက္ခဒဏ်ကို ခံနေရသောနေရာများ၊ မြေယာသိမ်းမှုများနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှု များရှိနေသော နေရာများ၊ အခြေခံအဆောက်အအုံ (infrastructures) နှင့် အခြေခံဝန်ဆောင်မှု များ ရရှိရန်ခက်ခဲသောနေရာများ၊ စားနပ်ရိက္ခာရှားပါးသောနေရာများနှင့် ခိုင်မာသော အစား ထိုး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲသောနေရာများ ဖြစ်နေသည်ကို တွေ့ရသည်။ ထို့အပြင် အောက်ခြေအဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုသည် လူမှု-စီးပွား အခွင့်အလမ်း နည်းပါးသောသူများအကြားတွင် ပိုမိုများပြားသည်ကို သိရသည်။ ဤဥပမာ များကို ပြောနေခြင်းမှာ အချို့သောအပြုအမူများကို လက်သင့်ခံရန်၊ သို့မဟုတ် တဦးချင်း၏ ရွေးချယ်နိုင်စွမ်းကို ငြင်းပယ်လိုခြင်းမဟုတ်ဘဲ လူမှုဆိုင်ရာ တရားမျှတမှု အခြေအနေတရပ်က လူပုဂ္ဂိုလ်တဦး၏ အပြုအမူကို လွှမ်းမိုးပုံသွင်းနိုင်ပြီး မူးယစ်ဆေးဝါး ထပ်ကျော့သုံးစွဲမှု၊ တားမြစ် ထားသော မူးယစ်ဆေးပင်များ စိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု စသော မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်မှု မြင့်မားစေသည်ကို သိနားလည်စေရန်သာ ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့်ဆိုင်သော ပြဿနာများကို လွှမ်းမိုးနေသော လူမှု-စီးပွားဆိုင်ရာ အခြေအနေအများအပြားနှင့် နိမ့်ကျသော လူမှုဆိုင်ရာတရားမျှတမှုတို့သည် အပြန်အလှန်ညွှန် ကိန်းများ ဖြစ်နေကြသည်မှာ အံ့ဩဘနန်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများ၏ သက်ရောက်မှု
မြန်မာနိုင်ငံ၏ လက်ရှိ အသက်ဝင် သုံးစွဲနေသော မူးယစ်ဆေးဝါးဥပဒေဖြစ်သည့် မြန်မာ နိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို တပ်မတော် အစိုးရက ၁၉၉၃ ခုနှစ်တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေသည် ကမ္ဘာပေါ်ရှိ အပြင်းထန်ဆုံး မူးယစ်ဆေးဝါးဥပဒေများတွင် တခုအပါအဝင်ဖြစ်နေဆဲဖြစ်ပြီး အလွန်သေးငယ်သော ပြစ်မှုများ ပင်ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သော ဥပဒေဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲသူ အဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်မှုသည် သုံးနှစ်မှ ငါးနှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပြီး ကိုယ် တိုင်သုံးစွဲရန် သက်သက်အဖြစ် သိမ်းဆည်း ထားသည့် နည်းပါးသော ပမာဏကိုပင် လက်ဝယ်တွေ့ရှိပါက ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ်အထိ ကျခံရနိုင်ပေသည်။ ဥပဒေက အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်သည့် သေဒဏ် ကိုပင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ချိ ခြင်းနှင့် ရောင်းချခြင်းစသည့် ပြစ်မှုများ အတွက် သတ်မှတ်ထားသည်။ ထို့အပြင် (အသေးစားစိုက်ပျိုးမှု အပါအဝင်) ဘိန်း စိုက်ပျိုးမှုကို ပြင်းထန်သော ပြစ်ဒဏ်ဖြစ် သည့် ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ်အထိ သတ်မှတ်ထားသည်။
သို့သော် နှိပ်ကွပ်ခြင်းကို အခြေခံ သော အဆိုပါမူဝါဒများသည် မူးယစ်ဆေးဝါး သုံးစွဲမှု၊ ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတို့ကို လျှော့ချခြင်းမပြုနိုင်ရုံမျှမက မူးယစ်ဆေးဝါး ဆိုင်ရာ ပြဿနာများကိုပါ ဖြေရှင်းနိုင်ခြင်းမရှိချေ။ အခြားသော အာဆီယံနိုင်ငံများကဲ့သို့ပင် မြန်မာသည်လည်း သူ၏ ‘မူးယစ်ကင်းစင်’ ရည်မှန်းချက်များကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းနေဆဲ ဖြစ်ပြီး အမြဲတစေ တင်းကျပ်ထားသည့် စောင့်ကြပ်မှုများနှင့် ဖြိုခွဲမှုများကလည်း မည်သည့် မျှော်မှန်းရလဒ်ကိုမှ ဆောင်ယူလာနိုင်ခြင်း မရှိသေးချေ။ စင်စစ် တိုင်းပြည်ရှိ မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများသည် ယခုနှစ်ပိုင်းများတွင် ပိုမိုတိုးပွားလာပုံသာရှိပြီး ၂၀ဝ၆ ခုနှစ်ကထက် သုံးဆ ပိုမိုတိုးမြင့်လာသော ဘိန်းစိုက်ပျိုးမှု၊ အမ်ဖက်တမင်းကဲ့သို့သော စိတ်ကြွဆေးထုတ်လုပ်မှု အလျင်အမြန် တိုးတက်လာမှုနှင့် ဒေသအားလုံးနီးပါးတွင် မူးယစ်ဆေးဝါးသုံးစွဲမှု ကျယ်ပြန့်နေမှုတို့ ရှိနေသည် (UNODC)။
အဆိုးဆုံးမှာ နှိပ်ကွပ်မှုများသည် အားအနည်းဆုံးသူများဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲသူ များနှင့် ဆင်းရဲသော အသေးစား ဘိန်းတောင်သူများအပေါ်တွင် အချိုးမညီမမျှ သက်ရောက် နေခြင်းပင်ဖြစ်သည်။ ယင်းက ထိုသူတို့အပေါ် ပတ်ဝန်းကျင်၏ နှာခေါင်းရှုံ့ခံရမှုနှင့် ဖယ်ကျဉ်ခံရမှု ကို ပိုမိုဖြစ်ပေါ်စေပြီး လူမှုဆိုင်ရာ တရားမမျှတမှုကို ထပ်လောင်းအားဖြည့်ပေးနေသည်။ မူးယစ် ဆေးဝါးသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ် သက်မှတ်သည့် နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ သည်လည်း အကြီးစားရောင်းဝယ်ဖောက်ကားသူများထက် ပစ်မှတ်ထားရန် ပို၍လွယ်ကူသည့် သုံးစွဲသူများနှင့် အသေးစားရောင်းချသူများ (မူးယစ်ဆေးဝါးသုံးစွဲသူများသည် ရံဖန်ရံခါ သူတို့ဆက်လက်သုံးစွဲနိုင်ရန်အတွက် မူးယစ်ဆေးပမာဏ အနည်းငယ်ကို ရောင်းချတတ်သည်) ကို များနိုင်သမျှ များများဖမ်းဆီးရန်သာ အဓိကဦးတည်သည်။ ရလဒ်အားဖြင့် မြန်မာနိုင်ငံရှိ အကျဉ်း ထောင်များမှာ ပြည့်လျှံနေပြီး အကျဉ်းသားလေးယောက်တွင် သုံးယောက်မှာ အများအားဖြင့် အသေးစား မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများအတွက် ကျခံနေရခြင်းဖြစ်သည်၁။ ဤအခြေအနေ က ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်နှင့် နဂိုကပင် အရင်းအမြစ်ချို့တဲ့ပြီးဖြစ်သော အစိုးရ ဌာနများအပေါ် ဝန်ပိစေပြီး မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ကျန်းမာရေးနှင့် လူမှုရေး ဝန်ဆောင်မှုများမှာ ဆိုးဆိုးရွားရွား ချို့ငဲ့နေသည်။
မူးယစ်ဆေးကို ထပ်ကျော့သုံးစွဲနေရမှုနှင့် ရုန်းကန်နေရသူများကို ကူမရန်မှ ဝေးစွာပင် အကျဉ်းထောင်များသည် ယင်းတို့ လွတ်မြောက်ချိန်တွင် အလုပ်အကိုင်နှင့် နေစရာရှာဖွေရန် အခွင့်ကို သိသိသာသာ လျော့ကျစေခြင်း၊ ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုတ်ချမှုကို ပိုမိုဆိုးရွားစေခြင်း၊ လူမှုပေါင်းစည်းခြင်းကို ပျက်ယွင်းစေခြင်းနှင့် အခွင့်အလမ်းများ တန်းတူရရှိနိုင်မှုကို ယုတ်လျော့ စေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ယင်း၏ မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒက အာဖရိကအနွယ်ဝင် အမေရိကန်များနှင့် လက်တီနိုများအပေါ်တွင် အချိုးမညီမမျှ သက်ရောက်နေသော အမေရိကန် ပြည်ထောင်စုမှာကဲ့သို့ပင် မြန်မာနိုင်ငံ၏ မူဝါဒများသည်လည်း တိုင်းရင်းသားများအကြား မညီ မျှမှုများ ဖြစ်ပေါ်စေသည်ကို မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများက ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ တိုင်းရင်းသားမျိုးနွယ်များ အများစုနေထိုင်ရာ မြောက် ပိုင်းဒေသများအပေါ် အချိုးမညီမျှဘဲ သက်ရောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဤအချက်က တင်းမာမှုများကို တိုးမြင့်စေပြီး ထိပ်တိုက်တွေ့ဆုံမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်စေရန် ပင် မီးထိုးပေးသကဲ့သို့ဖြစ်သည်။ တိုင်းရင်းသားလူငယ်များနှင့် လက်နက်ကိုင်အတိုက်အခံများကို အင်အားချိနဲ့စေရန် မြန်မာ့တပ်မတော်နှင့် အစိုးရက မူးယစ်ဆေးဝါးကို ရည်ရွယ်ချက်ရှိရှိနှင့် အသုံးချနေသည်ဆိုသော အယူအဆမှာ တိုင်းရင်းသား လူနည်းစုများအကြား အထူးသဖြင့် ကချင်ပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသော အယူအဆပင်ဖြစ်သည်။ ကချင် အသိုင်းအဝိုင်းတွင် ပတ်ဂျာဆန်လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းကို ဤအယူအဆနှင့် ဆန်းစစ်ကြည့် နိုင်သည်။ ဤစာတမ်း၏ရည်ရွယ်ချက်မှာ အဆိုပါအယူအဆသည် အမှန်တရားအပေါ်တွင် အခြေ တည် မတည် ငြင်းခုံရန်မဟုတ်ဘဲ နိုင်ငံတော်၏မူဝါဒများသည် လူမှုဆိုင်ရာ တရားမျှတမှု ပိုမို အားကောင်းလာစေဖို့ရာ ထည့်ဝင်ရန်ဖြစ်ပြီး ပိုမိုချိနဲ့သွားအောင် ပြုလုပ်ရန်မဟုတ် ဆိုသည့် အချက် မည်မျှအရေးပါသည်ကို မီးမောင်းထိုးပြရန်သာဖြစ်သည်။
Drug Policy Advocacy Group က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်သော ကြေညာချက်တခုတွင် ဖော်ပြထားသကဲ့သို့ပင် အဖမ်းခံရမည်ကို ကြောက်ရွံ့စိတ်က မူးယစ် ဆေးဝါးသုံးစွဲသူတို့ကို ပုန်းအောင်းနေစေပြီး ဘေးကင်းစေခြင်းနှင့် အခြားသော အရေးပါသည့် ကျန်းမာရေး အစောင့်အရှောက်များထံမှ မောင်းထုတ်ပစ်နေသည်။ ပိုးသတ်ထားသော ဆေးထိုး အပ်များကိုရယူရန်နှင့် ရယူရန်ကြိုးစားရာတွင် အခက်အခဲတွေ့မည်ကို ကြောက်ရွံ့သည့်အတွက် များစွာသော သုံးစွဲသူများသည် အန္တရာယ်ရှိမှန်း သိလျက်နှင့်ပင် အပ်များကို လက်ဆင့်ကမ်း ဝေမျှသုံးစွဲနေဆဲဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် HIV နှင့် အသည်း ရောင် စီပိုးတို့ ကပ်ရောဂါသဖွယ် ပျံ့နှံ့လာမှုသည် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒ၏ တိုက်ရိုက်အကျိုးဆက်ဟု ယူဆနိုင်သည်၂။ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိမှုတွင် ကွာဟနေမှု ကို ပေါင်းကူးပေးရမည့်အစား နိုင်ငံတော်၏မူဝါဒများက အချို့သောအုပ်စုတို့၏ ကျန်းမာရေး အခွင့်အရေးအတွက် အတားအဆီးပင် ဖြစ်နေသည်။
ထုတ်လုပ်မှုအပိုင်းတွင် ဖိနှိပ်မှုပြင်းထန်သည့် မူဝါဒများက ဆင်းရဲသော ဘိန်းတောင်သူ များကို မဟာဒုက္ခတွင်းဆုံးကျစေသည်ဟူသော အလားတူပုံစံကို တွေ့ရပြန်သည်။ မြန်မာနိုင်ငံရှိ ဘိန်းစိုက်ပျိုးမှုအများစုကို လူနည်းစု တိုင်းရင်းသားများက ကုန်းမြင့်ဒေသများတွင် စိုက်ပျိုးကြပြီး ယင်းတို့မှာ ဘိန်းကို သူတို့၏ အခြေခံလိုအပ်ချက်များဖြစ်သော အစားအစာ၊ ဆေးဝါး၊ အဝတ် အထည်နှင့် ပညာသင်ကြားရန်တို့အတွက် စိုက်ပျိုးကြခြင်းဖြစ်သည်။ ဘိန်းမည်းကို ဆေးဝါးများ လက်လှမ်းမမီနိုင်သောနေရာများတွင် ဆေးအဖြစ်သုံးစွဲသလို ရှမ်းပြည်အရှေ့ပိုင်းရှိ အချို့သော ရပ်ရွာများတွင်မူ ရှေးအစဉ်အလာဓလေ့ထုံးစံကို အသေဆုပ်ကိုင်လျက်ရှိသဖြင့် သုံးစွဲကြခြင်း ဖြစ်သည်။ အလှမ်းကွာဝေးပြီး စစ်ဘေးဒဏ်ကိုခံနေရသော ဒေသများတွင် ဘိန်းသည် တောင်သူ များ၏ ရှင်သန်ရေးအတွက် မရှိမဖြစ်ပင်ဖြစ်သည်။ အခြားသော ဝင်ငွေရရန် အလုပ်အကိုင်များ မရှိတော့သည့်အချိန်တွင် ဘိန်းကို တန်ဖိုးကြီးမားသော ကုန်စည်တခုအဖြစ် အသုံးချနိုင်သော ကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင် ဘိန်းသည် ပြဿနာတရပ်ထက် ဘဝတွင် တင့်တောင့် တင့်တယ်နေနိုင်ရန် ခိုင်မာသော အဖြေတရပ်ဖြစ်နေကြောင်း အခြေအနေ အများအပြားတွင် တွေ့ရသည်။ သို့သော် တောင်သူများသည် အခြား အစားထိုးစရာ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများရရှိခြင်းမရှိဘဲ စိုက်ခင်းများဖျက်ဆီးခံရခြင်းနှင့် ထောင်ဒဏ်စသော ခြိမ်း ခြောက်မှုများကို ကြုံတွေ့နေရသည်။ ယင်းအချက်က သူတို့ကို လာဘ်တောင်းခြင်းနှင့် ဆက်ကြေး တောင်းခြင်းတို့ ပြုလုပ်သော ရဲ၊ တပ်မတော်နှင့် အစိုးရအရာရှိများ အပါအဝင် အမျိုးမျိုးသော အုပ်စုများ၊ အဖွဲ့အစည်းများ ရှေ့မှောက်တွင် ကူကယ်ရာမဲ့ ဖြစ်နေစေသည်။
ဖိနှိပ်မှုပြင်းထန်သော မြန်မာ့မူးယစ်ဆေးဝါးထိန်းချုပ်မှု မူဝါဒ၏ အကျိုးဆက်ကို ခါးစည်း ခံရသူ အများစုမှာ မူးယစ်ဆေးသုံးစွဲသူများနှင့် ဘိန်းတောင်သူများဖြစ်သည်။ အဆိုပါ မူဝါဒများ သည် နည်းလမ်းအမျိုးမျိုးဖြင့် လူမှုဆိုင်ရာ တရားမျှတမှုကို ချိနဲ့စေပြီး အဂတိလိုက်စားမှုကို တိုက်ရိုက်သက်ရောက်စေခြင်း၊ တရားဥပဒေစိုးမိုးမှုကို တိုက်စားပစ်ခြင်း၊ ကြီးထွားလာသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာများကို အားပေးခြင်း၊ လူ့အသိုင်းအဝိုင်း၏ ကဲ့ရဲ့ရှုတ်ချမှုကို ထပ်လောင်းအားဖြည့်ပေးခြင်းနှင့် မျှတသောအခွင့်အလမ်းရရှိမှုကို လျော့ပါးစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ရှိရင်းစွဲမှ ကွဲပြားသော မူးယစ်ဆေးဝါးမူဝါဒ လိုအပ်မှု
ဖိလစ်ပိုင်နိုင်ငံတွင် အကြီးအကျယ် ဆိုးရွားလာနေသည့် အခြေအနေ၌ မြန်မာအစိုးရ အဖို့ ယင်း၏ မူးယစ်ဆေးဝါး ထိန်းချုပ်မှုအပေါ် ချဉ်းကပ်မှုကို အခြေခံကျကျ ပြန်လည်သုံးသပ်ရန်နှင့် မူးယစ်ဆေးဝါးနှင့် စပ်ဆိုင်ရာပြဿနာများကို တိုက်ရိုက်လျှော့ချနိုင်ရုံသာမက ပိုမိုသာလွန်သော လူမှုဆိုင်ရာတရားမျှတမှုအပေါ် ထည့်ဝင်နိုင်မည့် နည်းလမ်းများကို အလေးပေးနိုင်မည့် အခွင့် အလမ်း ရှိနေသည်။
အရေးအပါဆုံးမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တကိုယ်ရည် သုံးစွဲရန်အတွက် လက်ဝယ် ထားရှိမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်ဖြစ်သည်။ ဤအချက်က အကျဉ်း ထောင်များ ပြည့်လျှံနေခြင်းကို လျှော့ချရန် တိုက်ရိုက် အထောက်အပံ့ပေးမည်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်မှုကို တိုးတက်စေမည်ဖြစ်သည်။ အလားတူပင် အသေးစားဘိန်းတောင်သူများ၏ ဘိန်းစိုက်ပျိုးမှုကိုလည်း ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်သင့်သည်။ အခြေအနေနှစ်ရပ်လုံးတွင် ဤရိုးစင်းသော ကိုင်တွယ်ဖြေရှင်းပုံက မူးယစ် ဆေးသုံးစွဲသူနှင့် ဘိန်းတောင်သူတို့ကို လာဘ်ပေးရခြင်းနှင့် ဆက်ကြေးပေးရခြင်းတို့မှ သက်သာ ရာရစေမည် ဖြစ်သည်။
ထို့အပြင် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများသည် ဖမ်းဆီးမှုများပြုလုပ်ခြင်းနှင့် ဖျက်ဆီး ရှင်းလင်းခြင်းစသော ပစ်မှတ်များထားရှိရန်မဟုတ်ဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ကျန်း မာရေးနှင့် လူမှုရေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုများအပေါ်သာမက ဘိန်းစိုက်သော ဒေသများတွင် ရေရှည် ကျေးလက်ဖွံ့ဖြိုးမှုအစီအစဉ်များ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် အထောက်အပံ့ပေးမှု တို့၌ အစိုးရ၏ မျှော်မှန်းချက်များနှင့်တာဝန်များကို ရှင်းလင်းစွာ ချမှတ်ထားသင့်သည်။
ဆိုရလျှင် မြန်မာနိုင်ငံ၏ (အထူးသဖြင့် နယ်စပ်ဒေသများ၏) လူမှုဆိုင်ရာတရားမျှတမှုကို တိုးတက်စေရန် ရည်ရွယ်သော ကျယ်ပြန့်သည့်မူဝါဒများသည် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဘိန်း စိုက်ပျိုးမှုနှင့် အသေးစား ရောင်းဝယ်ဖောက်ကားမှုတို့ လျှော့ချမှုအပေါ် အကျိုး သက်ရောက်မှု သည် ဖိနှိပ်မှုကို အခြေတည်သည့် မူဝါဒများထက် ပို၍ သာလွန်မည်ဟု ဆိုချင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်မှု မူဝါဒများတွင် လူမှုဆိုင်ရာ တရားမျှတမှုကို ရှေ့တန်း တွင်ထားရှိရန် အချိန်ပင် ဖြစ်ပေတော့သည်။

ကျမ်းကိုးစာရင်း

Drug Policy Advocacy Group Myanmar. (2017). Addressing drug problems in Myanmar: 5 key interventions that can make a difference. Retrieved from https://www.tni.org/files/publication-downloads/drug_problem_in_myamar_final_feb8_english.pdf

Myanmar 2010+2015. Retrieved from http://www.aidsdatahub.org/sites/default/files/documents/Myanmar_HIV_Estimates_2010-2015.pdf

National AIDS Program. Ministry of Health and Sports. (2014). Myanmar: Integrated Biological and Behavioural Surveillance Survey and Population Size Estimates among People Who Inject Drugs. Retrieved from https://pr-myanmar.org/sites/pr-myanmar.org/files/publication_docs/myanmar_pwid_ibbs_pse_report_300516.pdf

Pyae Thet Phyo. (2017, July 25). “Govt alarmed by rising drug abuse in prisons.” The Myanmar Times. Retrieved from https://www.mmtimes.com/national-news/nay-pyi-taw/26941-govt-alarmed-by-rising-drug-abuse-in-prisons.html

Technical and Strategy Group on AIDS, chaired by National AIDS Programme, Myanmar Ministry of Health. HIV Estimates and Projections Asian Epidemiological Model

United Nations Office on Drugs and Crime. (n.d.) Southeast Asia Opium Survey 2015. Retrieved from https://www.unodc.org/documents/crop-monitoring/sea/Southeast_Asia_Opium_Survey_2015_web.pdf

About the author

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add comment