နိုင်ငံရေး ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းအား မေးမြန်းခြင်း

၂၀၁၆ ခုနှစ်နောက်ပိုင်း လွှတ်တော်တွေ၊ အစိုးရတွေရဲ့ စွမ်းဆောင်ရည်ဟာ ဖြစ်သင့်တာထက် လျော့နေတာကတော့ အားမလိုအားမရစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့မတိုး၊ နောက်မဆုတ်၊ သောင်မတင်၊ ရေမကျလို့ ပြောကြတာ ဖြစ်မယ်ထင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြည်သူလူထု ပါဝင်မှုကို ချဲ့ထွင်ပေးနိုင်ဖို့ အရေးကြီးမယ်လို့ ယူဆပါတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။

■ ဖြေ။  ။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပဲ ဖြစ်သင့်ပါတယ်။ နှစ် ၅၀ ကျော်ကာလ ပထမဆုံး အရပ်သားအစိုးရရဲ့ တစ်နှစ်ပြည့် အခါသမယမှာ အဲဒီဦးတည်ချက်ကို ရှေးရှုနေတယ်လို့တော့ ယူဆစရာ ရှိပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကို အဖြေရှာနိုင်မယ့် လမ်းစပေါ် ခြေမချနိုင်သရွေ့၊ လမ်းကြောင်းမှန်ပေါ် ရောက်ပြီလို့ ပြောဖို့ခက်ဦးမှာပါ။ ငြိမ်းချမ်းရေး အကျပ်အတည်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကျပ်အတည်းတွေကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းအပေါ် အတော့်ကို တည်မှီနေပါတယ်။ အစိုးရသစ်ရဲ့ တစ်နှစ်တာမှာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ထိတွေ့တဲ့အပိုင်းဟာ အတော့်ကို အားနည်းနေတယ်လို့ မြင်မိပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အကြိတ်အနယ် မဆွေးနွေးပဲ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

■ မေး။           ဒုတိယ မေးခွန်းကတော့ ရှေ့တိုး၊ မတိုးဆိုတဲ့ သုံးသပ်ချက်ကနေ နောက်ကြောင်းပြန်နိုင်ခြေ ရှိ၊ မရှိဆိုတဲ့ အကြောင်းပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးလှိုင်းကို နောက်ကြောင်းပြန်စေမယ့် အဓိကအကြောင်းတွေ ရှိမယ်ဆိုရင် ဘာတွေလို့ ထင်ပါသလဲ။ အဓိကအချက်တွေကို သုံးသပ်ပေးပါ။

■ ဖြေ။  ။ မြန်မာ့အသွင်ကူးပြောင်းရေးလှိုင်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပြည်သူလူထု အများစုကို ကိုယ်စားပြုလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်း လွှတ်တော်တွေ၊ အစိုးရတွေရဲ့ စွမ်းဆောင်ရည်ဟာ ဖြစ်သင့်တာထက် လျော့နေတာကတော့ အားမလိုအားမရစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့မတိုး၊ နောက်မဆုတ်၊ သောင်မတင်၊ ရေမကျလို့ ပြောကြတာ ဖြစ်မယ်ထင်ပါတယ်။ ဒီမိုကရေစီ  အသွင်ကူးပြောင်းရေးမှာ ပြည်သူလူထု ပါဝင်မှုကို ချဲ့ထွင်ပေးနိုင်ဖို့ အရေးကြီးမယ်လို့ ယူဆပါတယ်။ ပြည်သူလူထုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ကာ၊ ထိန်းကျောင်းလာနိုင်မယ်ဆိုရင် အသွင်ကူးပြောင်းရေးဟာ အားကောင်းသထက် ကောင်းလာမယ်လို့ ပြောနိုင်ပါတယ်။ နောက်အစိုးရတွေ၊ လွှတ်တော်တွေနဲ့ နိုင်ငံရေးပါတီတွေမှာ ဗဟိုချုပ်ကိုင်တာကို လျှော့ချဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးပါတီ တွေ စနစ်တကျ တည်ဆောက်ကာ အားကောင်းလာနိုင်ဖို့ကလဲ နောက်ကြောင်း မပြန်အောင် ထိန်းကျောင်းတဲ့နေရာမှာ အရေးကြီးမယ်လို့ မြင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း၊ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကျပ်အတည်းတွေကို အမြော်အမြင်ရှိရှိ စီမံချက်တွေ၊ ဗျူဟာတွေ ချမှတ်ကာ စနစ်တကျ ချဉ်းကပ် အဖြေရှာနိုင်ဖို့ကလည်း အရေးကြီးတဲ့အချက်လို့ မြင်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားတွေအကြား အလုပ်သဘော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို ရေရှည်အမြင်ရှိရှိ စဉ်ဆက်မပြတ် ကျင်းပကာ၊ အကြိတ်အနယ် ဆွေးနွေး အဖြေရှာလာနိုင်မယ်ဆိုရင် နောက်ကြောင်းပြန်မယ့် အနေအထားကို လျှော့ချနိုင်မယ် ထင်ပါတယ်။ နောက်ကြောင်းပြန်တယ်ဆိုတာ အာဏာရှင်စနစ်ကို ပြန်သွားတာလို့ပဲ မြင်မိပါတယ်။ အဲဒီမှာ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးကိုလည်း ပိုကောင်းအောင် တည်ဆောက်သင့်ပါတယ်။ စစ်ဖက်က အစိုးရတွေ၊ လွှတ်တော်တွေမှာ နေရာသတ်မှတ် ရယူနေတာတွေကို ဆွေးနွေးညှိနှိုင်းကာ မလျှော့ချနိုင်သရွေ့လဲ နောက်ကြောင်းပြန်နိုင်ဖို့က မြင့်မားနေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာတဲ့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့၊ ကောင်းမွန်တဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ စီးပွားရေးလုပ်ငန်း၊ အရပ်ဘက် အဖွဲ့အစည်း၊ သတင်းမီဒီယာတွေအဖြစ် စနစ်တကျ အားကောင်းမောင်းသန် တည်ဆောက်လာနိုင်မှ ရေရှည်မှာ အာဏာရှင်စနစ်ဆီကို နောက်ပြန်လဲကျမယ့် ဘေးကနေ တားဆီးနိုင်မှာ ဖြစ်ပါတယ်။

■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဘယ်အင်အားစုတွေက (ဥပမာ-  နိုင်ငံရေးပါတီများ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံတကာ စသဖြင့်) အဓိက ပြဋ္ဌာန်းနိုင်သလဲဆိုတာ ရေတို၊ ရေရှည် အရေးပါမှုတွေနဲ့ ချိတ်ဆက် သုံးသပ်ပေးပါဦး။

■ ဖြေ။ ။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ရှေ့တိုးမလား၊ နောက်ဆုတ်မလား ဆိုတဲ့ အဖြေဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီတွေပေါ်မှာပဲ အဓိက မူတည်ပါတယ်။ အမေရိကန်တို့၊ တရုတ်တို့ စတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အဓိကနေရာမှာ မရှိဘူးလို့ မြင်မိပါတယ်။ ပွင့်ပွင့်လင်းလင်း ထပ်ပြောရရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြားမှာ ကနဦး သဘောတူညီချက် တစ်ရပ်ကိုရအောင် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ဖို့ အရေးကြီးမယ်လို့ မြင်ပါတယ်။ အဲဒီ ကနဦး သဘောတူညီချက်အပေါ်မှာ အခြေပြုကာ နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲတွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ စဉ်းစားသင့်တာပါ။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို အဆုံးသတ်မှာတော့ မြန်မာပြည်သူလူထုကပဲ အဓိက အဆုံးအဖြတ် ပေးရမယ်လို့ ဆိုနိုင်ပါတယ်။

■ မေး။ တချို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေစိတ်ထား mindset မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့ အခြေပြု ရှုမြင်ပုံမျိုး ဘယ်လို သုံးသပ်ပါလဲ။

■ ဖြေ   –         မြန်မာ့ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ အားလုံးပါဝင်နိုင်မယ့်၊ ပွင့်လင်း မြင်သာတဲ့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့၊ ယုံကြည်မှု တည်ဆောက်နိုင်မယ့်၊ တန်းတူရည်တူရှိတဲ့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်တဲ့ နိုင်ငံရေး မူဝါဒတွေကို ချမှတ်နိုင်ဖို့ လိုမယ်ထင်ပါတယ်။ ပြည်သူလူထုနဲ့ ကင်းကွာလာရင် အသွင်ကူးပြောင်းရေးဟာ ကျဆုံးတဲ့ဖက်ကို အချိန်မရွေး ဦးတည်သွားနိုင်ပါတယ်။ ပြည်သူလူထုနဲ့ တစ်သားတည်းဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။ စီးပွားရေးမှာလည်း ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မယ့်၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖော်ထုတ်ပေးနိုင်မယ့်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် မူဝါဒမျိုးတွေကို ဦးစားပေး၊ စဉ်းစား ချမှတ်သင့်ပါတယ်။ နောက်အရေးကြီးတာကတော့ အဂတိလိုက်စားတာကို တိုက်ဖျက်ဖို့ပါ။ အဲဒါကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရင်ကို ပြည်သူလူထု ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို အတန်အသင့် လျှော့ချလာနိုင်မယ်လို့ ယုံကြည်မိပါတယ်။ မူဝါဒတွေ၊ ပေါ်လစီတွေ ကောင်းဖို့ အရေးကြီးသလို၊ အဲဒီ မူဝါဒတွေ၊ ပေါ်လစီတွေနဲ့ တစ်သွေမတိမ်း အကောင်အထည်ဖော်နိုင်ဖို့က ပိုလို့တောင် အရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မေး။    တချို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သုံးသပ်သူတွေက ပြည်သူတွေရဲ့ စိတ်နေစိတ်ထား mindset မပြောင်းသရွေ့ အသွင်ကူးပြောင်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုတတ်ကြတယ်။ အဲဒီ နိုင်ငံရေးဓလေ့ အခြေပြုရှုမြင်ပုံမျိုးကို ဘယ်လို သုံးသပ်ပါလဲ။

ဖြေ။     ။ ပြည်သူတွေရဲ့ စိတ်နေစိတ်ထား mindset တွေ ပြောင်းတာ၊ မပြောင်းတာထက် နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေး သုံးသပ်သူတွေအနေနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားတွေ၊ mindset တွေကို အရင်ပြောင်းပစ်နိုင်ရမယ်လို့ မြင်မိပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အပါအဝင် အားလုံးအနေနဲ့ စိတ်နေစိတ်ထားတွေကို အဆောတလျင် ပြောင်းနိုင်၊ ပြင်နိုင်ဖို့ အရေးကြီးမယ်လို့ မြင်မိပါတယ်။ အသွင်ကူးပြောင်းရေး၊ ပြုပြင်ပြောင်းလဲရေးတွေ မအောင်မြင်တာ၊ ခရီးမပေါက်တာကို ပြည်သူတွေရဲ့ စိတ်နေစိတ်ထား မပြောင်းတာကြောင့်ကို အပြစ်ဖို့ကာ၊ ကိုယ့်ရဲ့၊ ကိုယ့်အဖွဲ့အစည်းရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ဖုံးကွယ်တာမျိုး၊ ဖုံးဖိတာမျိုး ဖြစ်မယ်ဆိုရင်တော့ နိုင်ငံရေးအပြောင်းအလဲမှာ မိအေးနှစ်ခါနာဖြစ်ကိန်း မြင်မိပါတယ်။

About the author

The Editor

Add comment