အားကောင်း ရှင်သန်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း

■ မင်းခင်မောင်ရင် ၁

လွန်ခဲ့သည့် အနှစ် ၁၅၀ ကျော် ကာလကတည်းက ပြင်သစ်သံတမန်နှင့် နိုင်ငံရေးသိပ္ပံပညာရှင် အဲလက်စ် တော့ခ်ဗီလီက အမေရိကန်နိုင်ငံ နယူးအင်္ဂလန်မြို့ကလေးမှ တစ်သီးပုဂ္ဂလ အရပ်သားများ မြို့လယ်သာလာယံဇရပ်သို့ ရောက်ရှိ စုဝေးလာကြပြီး၊ မြို့ကလေး၏ လူမှုဖူလုံရေး၊ သာရေး၊ နာရေး ကိစ္စများကို ၎င်းတို့ဘာသာ အမှီအခိုကင်းစွာဖြင့် စုပေါင်း ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်နေကြသည်ကို မြင်တွေ့ခဲ့ပြီးနောက်၊ လူတစ်ဦးချင်းစီ၏ လူနေမှုဘဝနှင့်၊ ပြည်သူလူထု၏ နေ့စဉ် လူမှုလိုအပ်ချက်များကို အားကောင်းသည့် ဒေသအခြေခံ မြို့၊ ရွာ အရပ်ဘက်လူ့အဖွဲ့အစည်းကသာ အကောင်းဆုံးနှင့် အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်မည်ဟု ကောက်ချက်ချခဲ့ပါသည်။ ဆရာကြီးက ဗဟိုအစိုးရများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု အစိုးရ၏ အများပြည်သူတို့၏ စားဝတ်နေရေးနှင့် အခြား လူမှုလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သည့် အကန့်အသတ်ကို ထောက်ပြလိုရင်း ဖြစ်ပြီး၊ ထိုစဉ်က ပြင်သစ်အပါအဝင် ဥရောပနိုင်ငံများမှ ခန်းနားကြီးကျယ်လှသည့် ဗဟိုအစိုးရ နန်းတော်များနှင့် ရုံးပြင်ကန္နားများတွင် အခန့်သား ရုံးထိုင်ကာ၊ နိုင်ငံ့အရေးအရာများကို အဝေးမှ ဆုံးဖြတ်၊ စီမံနေကြသည့် နိုင်ငံအစိုးရများနှင့်မတူ၊ ရပ်ရွာပြည်သူလူထု၏ လူမှုလိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်သူလူထုနှင့် အနီးကပ် တိုက်ရိုက်ထိတွေ့၊ အကြံဉာဏ်ရယူပြီးမှ  အများညီ ဆုံးဖြတ် ဆောင်ရွက်ကြသည့် အမေရိကန် ရပ်ရွာလူမှုအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတို့၏ ၎င်းတို့ လူ့အဖွဲ့အစည်း၏ လူမှုလိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်စွမ်းကို အသိအမှတ်ပြုလိုရင်းဟု နားလည်ရပါသည်။

၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလတွင်၊ ဘာလင်တံတိုင်း တစ်လျောက် စစ်ဆေးရေးဂိတ်များသို့ စုဝေးရောက်ရှိ လာခဲ့ကြပြီး နောက်ဆုံး စစ်အေးခေတ်၏ အထင်ရှားဆုံး အမှတ်အသားသရုပ် ဘာလင်တံတိုင်းကို တွန်းဖြိုလိုက်ကြသည့် သာမန် ဂျာမန်အရပ်သားများ၏ ပုံရိပ်နှင့် စွန့်စားလုပ်ဆောင်မှုများ ကမ္ဘာအနှံ့ ပြန့်နှံ့ ရိုက်ခတ်ခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ်များ၏ အထင်ကရ ဖြစ်ရပ်တစ်ခုအဖြစ် အမှတ်ထင်ထင် ကျန်ရစ်ခဲ့ပါသည်။ အလားတူ၊ ၂၀ ရာစု ကုန်ဆုံးခါနီးကာလများတွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့နှင့် ဗဟို ဥရောပနိုင်ငံ လူ့အဖွဲ့အစည်းများ၏ နိုင်ငံရေးနှင့် လူမှုဘဝများကို အခြေခံကျကျ ပြောင်းလဲစေခဲ့သည့် သာမန်ပြည်သူတို့၏ မဆုတ်မနစ်သော အားမာန်သတ္တိတို့ဖြင့် အနစ်နာခံ စွန့်လွှတ် ပါဝင်ဆောင်ရွက်မှုကို အရပ်ဘက် လူ့အဖွဲ့အစည်း၏ ပဓာန ရုပ်လက္ခဏာအဖြစ် စိတ်ဝင်စားခဲ့ကြပါသည်။ သို့နှင့် ဥရောပ ကွန်မြူနစ်အစိုးရများ၏ အကြွင်းမဲ့အာဏာ အပါအဝင် မည်ကဲ့သို့သော အာဏာစက်မျိုးကမျှ အောက်ခြေမှ အုံကြွလာသည့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ဖိအားကို ခုခံနိုင်စွမ်း မရှိဟုပင် ယုံမှတ်ခဲ့ကြပါသည်။ ထို့အပြင် နိုင်ငံလူ့အဖွဲ့အစည်း တစ်ခုခု၏ အရပ်ဘက် လူမှုအဖွဲ့အစည်း အနေအထား၊ အဆင့်အတန်းကို ကြည့်၍ ဆိုင်ရာ နိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွားရေးစနစ်များကို အကဲဖြတ်သည်မျိုးပင် ဖြစ်လာခဲ့ပါသည်။ အရပ်ဘက် လူ့အဖွဲ့အစည်း မြင့်မားစွာ ရှင်သန်လှုပ်ရှားနေလျှင် ထိုနိုင်ငံ လူ့အဖွဲ့အစည်းကို လွတ်လပ်သည့် နိုင်ငံရေး၊ စီးပွားရေးစနစ်မျိုး ကျင့်သုံးသည့်အပြင်၊ နိုင်ငံတော်အာဏာကိုလည်း သေချာကျနစွာ ခွဲဝေသုံးစွဲသည့် ဒီမိုကရေစီနိုင်ငံ လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြပြီး၊ တစ်ဖက်တွင် အရပ်ဘက်လူ့အဖွဲ့အစည်း အားနည်းသည့်နိုင်ငံများကို ဗဟိုချုပ်ကိုင်မှု အားကြီးပြီး၊ မည်သည့် အတိုက်အခံပြုမှုမျိုးကိုမျှ သည်းညည်းမခံသည့် အာဏာရှင် လူ့အဖွဲ့အစည်းများအဖြစ် ယေဘုယျ သဘောယူကြသည်အထိ ဖြစ်ခဲ့ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဒီမိုကရေစီနှင့် ဒီမိုကရက်တိုက်ဇေးရှင်း ဆရာအများစုတို့ အရပ်ဘက် လူ့အဖွဲ့အစည်း၏  ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အပေါ် ကျေးဇူးပြုနိုင်မှုကို အကျယ်အပြန့် လေ့လာ ငြင်းခုန်ခဲ့ကြပါသည်။ စစ်အာဏာရှင်များ အပါအဝင်၊ ကမ္ဘာအရပ်ရပ်ရှိ အာဏာရှင်အုပ်စိုးမှု အမျိုးမျိုးကို ဆန့်ကျင်သည့် လူထုခုခံလှုပ်ရှားမှုများကို ကြံ့ကြံ့ခံ စွန့်စား လုပ်ဆောင်နိုင်ခဲ့သည့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကိုကြည့်ပြီး ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်တစ်ရပ် အစပြုရန်နှင့်၊ အပြီးသတ် အောင်မြင်သည်အထိ ဆက်လက် အသွင်ကူးပြောင်းသွားနိုင်ရန်အတွက် လွတ်လပ်ပြီး၊ အသက်ဝင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်း တစ်ရပ် မရှိမဖြစ် လိုအပ်သည်ဟု ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆရာများဖြစ်ကြသည့် ဂျူအန်ဂျေလင့်ဇ်နှင့် အဲလ်ဖရက် စတီဗင်တို့က ဆိုပါသည်။ ဆရာကြီး လာရီ ဒိုင်းမွန်းကလည်း အရပ်ဘက် လူ့အဖွဲ့အစည်းများသည် ကြံ့ခိုင်သည့် လစ်ဘရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော သီးခြားလက္ခဏာရပ်များနှင့် ပြည့်စုံသည့် ပြည်သူလူထု တစ်ရပ်ကို ဖန်တီးပေးနိုင်သည်ဟုပင် ဆိုခဲ့ပါသည်။ ဆရာကြီးက ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုအတွက် အများညီ လက်ခံကျင့်သုံးနေသည့် နှုန်းစံတန်ဖိုးများအတိုင်း အလေးထား ပြုမူဆက်ဆံ တတ်ကြသော၊ မိမိတို့၏ ကျဉ်းမြောင်းသည့် နေ့စဉ် လူမှုဘ၀ ပြဿနာများကိုသာမက အခြားသော အကျယ်အပြန့် အရပ်သားအများ ပြည်သူတို့၏ အကျိုးစီးပွားကိုလည်း အလေးထား ဆောင်ရွက်လေ့ရှိသော၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုလုံး၏ အကျိုးစီးပွားအတွက် ရည်ရွယ်စုဖွဲ့ လုပ်ကိုင်ဆောင်ရွက်တတ်ကြသော ထူးခြားသည့် အင်္ဂါရပ်များနှင့် ပြည့်စုံသည့် ပြည်သူလူထုမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်နှင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို တွန်းထိုး လှုံ့ဆော် အစပြုသည့်၊ အထောက်အကူ ပြုသည့်၊ ဖန်တီး တည်ဆောက်၊ စောင့်ရှောက်သည့် ပြည်သူလူထုမျိုးကို အရပ်ဘက် လူမှုအဖွဲ့အစည်းက လေ့ကျင့် တည်ဆောက်ပေးနိုင်သည်ဟု နားလည်ရပါသည်။ သို့နှင့် ဘာလင်တံတိုင်း ပြိုကျသွားပြီးနောက် ဒီမိုကရေစီဘက်သားများက အရပ်ဘက် လူမှုအဖွဲ့အစည်းကို ပြဿနာအားလုံး ဖြေရှင်းပေးနိုင်သည့် ပြဒါးရှင်လုံးအဖြစ် မှတ်ယူလာကြပြီး၊ အာဏာရှင်အမျိုးမျိုးတို့က ၎င်းတို့၏ အာဏာအိမ်ကို ထိပါးဖြိုဖျက်နိုင်သည့် ရန်ဘက်အဖြစ် သတ်မှတ်လာခဲ့ကြပါသည်။

အခြားတစ်ဖက်တွင် ဒီမိုကရေစီ ဆရာကြီးအချို့က ဆိုခဲ့သည့် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း၏ အထောက်အကူ ပြုနိုင်မှုဆိုင်ရာ အကောက်အယူများသည် သီအိုရီအရရော၊ လက်တွေ့အရပါ သေချာကျနစွာ ဆန်းစစ်ထားခြင်း မရှိဘဲ၊ အထောက်အထားမဲ့ မှတ်ယူထားကြသည့် ယေဘုယျ မှတ်ယူချက်များသာ ဖြစ်သည်ဟု ငြင်းဆိုကြပါသည်။  နိုင်ငံရေးသိပ္ပံဆရာကြီး လူကန်ဝေးက ၁၉၉၀ပြည့်နှစ် အစောပိုင်းကာလ ဆိုဗီယက်ယူနီယံဟောင်းမှ ကွဲထွက်လာသည့် နိုင်ငံအချို့တို့တွင် ဒီမိုကရက်တိုက်ဇေးရှင်း အစပြုခဲ့ကြသော်လည်း တစ်ဝက်တစ်ပျက်နှင့် ရပ်တန့် အသက်မဆက်နိုင်ခဲ့ခြင်းအတွက် ဆိုင်ရာနိုင်ငံများ၏ အရပ်ဘက်လူ့အဖွဲ့အစည်းများကို အပြစ်ပုံခဲ့ပါသည်။ ဆိုခဲ့ပါ နိုင်ငံလူမှုအဖွဲ့အစည်းများ၏ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်များတွင် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများသည် ဒီမိုကရက်တိုက်ဇေးရှင်း ဖြေလျော့မှုနှင့် အသွင်ကူးပြောင်းမှုကို တွန့်ဆုတ် တွန့်ဆုတ်၊ တစ်ခါတစ်ရံ စိတ်မပါလက်မပါ အကောင်အထည် ဖော်နေကြသည့် အာဏာရှင်အစိုးရများ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ဆုံးခန်းတိုင်သည်အထိ မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော်ရန် လိမ္မာပါးနပ်စွာ ဝိုင်းပတ်၊ တွန်းတိုက် ဖိအားပေးကြရမည့်အစား၊ ဆိုခဲ့ပါ ဖြေလျော့နေဆဲ အစိုးရများ၏ လုပ်ဆောင်မှုများကို တစွန်းတစ်စမျှ အမှားမခံ၊ ဆန့်ကျင်တုံ့ပြန်ခဲ့ကြခြင်း၊ ပကတိ လက်တွေ့အခြေအနေ၊ အထူးသဖြင့် အသွင်ကူးပြောင်းနေဆဲ အားနည်းနိုင်ငံတော်နှင့်၊ ဖြစ်ထွန်းနေဆဲ အင်စတီကျူးရှင်းများက လက်တွေ့ ဖော်ဆောင် မပေးနိုင်သည့်  တောင်းဆိုချက်များကို  တသမတ်တည်း တောင်းဆို ဖိအားပေးနေခဲ့ခြင်းတို့ကြောင့် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် မအောင်ခဲ့ခြင်း ဖြစ်သည်ဟု အပြစ်တင်ပါသည်။  ထို့အပြင် ဆရာအချို့က အရပ်ဘက် လူ့အဖွဲ့အစည်း၏ ပယောဂကြောင့် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် အစပြု ဖြစ်ပေါ်လာခြင်းထက်၊ ဒီမိုကရက်တိုက်ဇေးရှင်း ဆိုင်ရာ ဖြေလျော့မှုနှင့် အသွင်ကူးပြောင်းမှုတို့က အရပ်ဘက်လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာရေးအတွက် လူးသာလွန့်သာသည့် အခြေအနေနှင့် နေရာကို ဖန်တီးပေးခြင်းသာ ဖြစ်သည်ဟု ဆိုကြပါသည်။ ယခင် အာဏာရှင်များက နိုင်ငံလူမှုအဖွဲ့အစည်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အားလုံး တစ်မိုးလုံးဖျောက်ဆိပ်၊ တင်းကြပ်စွာ လွှမ်းမိုး ချုပ်ကိုင်ထားမှုကို လျှော့ပေါ့ပေးလိုက်ခြင်းကြောင့်သာ အရပ်ဘက်လူ့အဖွဲ့အစည်း ပေါ်ထွန်း ရှင်သန်လာရသည်ဟု ငြင်းသူက ငြင်းပါသည်။

■ အရပ်ဘက်လူ့အဖွဲ့အစည်း၏   ဒီမိုကရက်ဇေးရှင်းအခန်း

၁၉၈၀ ပြည့်နှစ် အစောပိုင်း ကာလကတည်းက ကမ္ဘာအနှံ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်များတွင် ပါဝင်ခဲ့သည့် ယင်း၏ အရေးပါမှုအခန်းကို အကြောင်းပြုပြီး၊ ကမ္ဘာနှင့်အဝှမ်း အရပ်ဘက် လူ့အဖွဲ့အစည်းကို အရေးကြီးသည့် နိုင်ငံရေးအင်အားစု တစ်ရပ်အဖြစ် အလေးထားခဲ့ကြပါသည်။ ထိုစဉ်ကတည်းက အရပ်ဘက် လူ့အဖွဲ့အစည်းသည် ပညာရှင် အဝန်းအဝိုင်းတွင်သာမက၊ နိုင်ငံရေးရာများ စီမံခန့်ခွဲကြရသည့် အစိုးရမူဝါဒ ရေးဆွဲ အကောင်အထည်ဖော်သူများ ကြားတွင်ပါ အရေးပါသည့် ဝေါဟာရတစ်ရပ် ဖြစ်လာပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပတ်သက်သည့် တွေးခေါ်မှုဆိုင်ရာ မူလဇစ်မြစ်နှင့် သီအိုရီများ၊ နိုင်ငံစီမံအုပ်ချုပ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသွေးစည်းညီညွတ်မှုတို့အပေါ် ၎င်း၏ သက်ရောက်မှု၊ အစရှိသည်တို့ကို အသေးစိတ် လေ့လာသုံးသပ် တင်ပြကြသည့် သုတေသနစာတမ်း အမြောက်အမြား ပေါ်ထွက်ခဲ့ပါသည်။ သို့ရာတွင် ဆိုခဲ့ပါ ဝေါဟာရကို တိကျရှင်းလင်းစွာ အဓိပ္ပာယ် မဖွင့်တော့ဘဲ၊ အလွယ်သုံးလာခဲ့ကြရာမှ နောက်ဆုံးတွင် အရပ်ဘက် လူ့အဖွဲ့အစည်းသည် မတူသည့် အုပ်စုအမျိုးမျိုးအတွက် ရေလဲနှင့် အသုံးပြုနိုင်သည့် ဝေါဟာရတစ်ရပ် ဖြစ်လာပါတော့သည်။ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်များက နိုင်ငံအစိုးရတို့၏ မူဝါဒနှင့် လုပ်ရပ်များကို အများအားဖြင့် ဆန့်ကျင်ဝေဖန်လေ့ရှိသည့် အရပ်ဘက် လူ့အဖွဲ့အစည်း၏ သဘောသဘာဝကို နှစ်ခြိုက်ကြပြီး၊ ယင်းသို့ ဆန့်ကျင် ဆောင်ရွက်သည့် အဖွဲ့အစည်းများကိုသာ စစ်မှန်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်ပါသည်။ လစ်ဘရယ်ဝါဒီများက အရပ်ဘက် လူ့အဖွဲ့အစည်း၏ အရပ်သားဆန်မှု (အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကင်းလွတ်မှု)နှင့် လွတ်လပ် အမှီအခိုကင်းမှုကို တန်ဖိုးထားကြပါသည်။ သို့အတွက် နိုင်ငံအစိုးရများမှ ကင်းလွတ်သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကိုသာ အရပ်ဘက် လူမှုအဖွဲ့အစည်းအဖြစ် မှတ်ယူကြပါသည်။ လက်ဝဲဝါဒီများကမူ အရပ်ဘက် လူမှုအဖွဲ့အစည်းက လှုံ့ဆော် စုစည်းပေးနိုင်သည့် မြင့်မားသည့် အများပြည်သူ ပါဝင်မှုမှတစ်ဆင့်  စီမံအုပ်ချုပ်မှုစနစ် တစ်ရပ်ကို အခြေခံကျကျ တော်လှန်ပြောင်းလဲရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းကို စိတ်ဝင်စားကြပါသည်။ ၎င်းတို့က အရပ်ဘက်လူ့အဖွဲ့အစည်းကို နိုင်ငံရေးအာဏာအတွက် ပြိုင်ဆိုင်ကြသည့် အကျိုးစီးပွားအပေါ် အခြေပြုသည့် အုပ်စုများ အင်အားစုရာနေရာအဖြစ် သတ်မှတ်ကြပါသည်။ သို့အတွက် လူထုလှုပ်ရှားမှုများကို ထိရောက်စွာ စည်းရုံးလှုံ့ဆော်နိုင်သည့် လူမှုအသင်းအဖွဲ့များကို အလေးထား စည်းရုံးကြခြင်း ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း အလှူရှင်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မူဝါဒရေးဆွဲသူများက အရပ်ဘက် လူမှုအဖွဲ့အစည်းကို လူ့အဖွဲ့အစည်းများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ လူ့အဖွဲ့အစည်းများတွင် ကြုံတွေ့နေကြရသည့် လူမှုနိုင်ငံရေး ဒုက္ခများဖြစ်သည့် အာဏာရှင်အုပ်စိုးမှု၊ အကျင့်ပျက်ခြစားမှု၊ ဗျူရိုကရေစီ နှောင့်နှေးကြန့်ကြာမှု၊ လူမှုအစည်းပြေမှုနှင့် ခေတ်ပေါ် ပြည်တော်သာနိုင်ငံများတွင် ကြုံတွေ့နေကြရသည့် အကြပ်အတည်းများကို ဖြေရှင်းပေးနိုင်သည့် အစိုးရထိန်းချုပ်မှုမှ ကင်းလွတ်သည့် လူမှုအင်အားစုအဖြစ် မြင်ကြပါသည်။

သို့ရာတွင် မတူကွဲပြားသည့် ဆိုခဲ့ပါ အကောက်အယူများကို လစ်ဘရယ်-တော့ခ်ဗီလီဝါဒီ တွေးခေါ်မှုနှင့် မာ့က်စ်-ဂရမ်စီဝါဒီ တွေးခေါ်မှု အစဉ်အလာနှစ်ခုဖြင့် အမျိုးအစား ခွဲနိုင်သည်ကို တွေ့ရပါသည်။ လစ်ဘရယ်-တော့ခ်ဗီလီဝါဒီများက အရပ်ဘက် လူ့အဖွဲ့အစည်းကို နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း၏ အခြေခံယူနစ်ဖြစ်သည့် မိသားစုများကြား၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ဖြည့်ဆည်းပေးသည့်၊ လွတ်လပ်သည့်၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ကွန်ရက်များအဖြစ် အဓိပ္ပာယ်ဖွင့်ကြပါသည်။ ယင်းတွင် ကျယ်ဝန်းစွာ အဓိပ္ပာယ်ဖွင့်ထားသည့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs)၊ အစိုးရမဟုတ်သည့် လူမှုအသင်းအဖွဲ့များ (NGOs)၊ မီဒီယာအဖွဲ့အစည်းများ၊ လူမှုဖူလုံရေး အသင်းအဖွဲ့များနှင့်၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ အားလုံး ပါဝင်ပါသည်။ သို့ရာတွင် စီးပွားရေး အကျိုးအမြတ်နှင့် နိုင်ငံရေးအာဏာ ရယူရန်အလို့ငှာ ဖွဲ့စည်းလုပ်ကိုင်ကြသည့် အဖွဲ့အစည်းများကို လူမှုဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးပြုကောင်း ပြုနိုင်စေကာမူ အရပ်ဘက် လူမှုအဖွဲ့အစည်း၏ အစိတ်အပိုင်းအဖြစ် မသတ်မှတ်ကြပါ။ ဒီမိုကရေစီ ဆရာတစ်ဦးဖြစ်သူ ရောဘတ်ပူထနမ်က အရပ်ဘက်လူ့အဖွဲ့အစည်းကို ဒီမိုကရေစီ တန်ဖိုးများနှင့် လူမှုအရင်း တိုးပွားစေနိုင်သည့် လူမှုအသင်းအဖွဲ့ဝန်းကျင်ဟု တော့ခ်ဗီလီ အစဉ်အလာအတိုင်း အဓိပ္ပာယ်ဖွင့်ပါသည်။

အခြားတစ်ဖက်တွင် မာ့က်စ်-ဂရမ်စီယန် ဝါဒီများကမူ အရပ်ဘက်လူ့အဖွဲ့အစည်းကို အာဏာရယူရန် အလို့ငှာ သူတင်ကိုယ်တင် ပြိုင်ဆိုင်နေကြသည့် အင်အားစုများနှင့်၊ အကျိုးစီးပွားအပေါ် အခြေခံ ဖွဲ့စည်းကြသည့် အုပ်စုများ ရေရှည် ပြိုင်ဆိုင်ကြရန်အတွက် နေရာယူ အခြေတည်ကြသည့် တပ်တည်နယ်အဖြစ် မှတ်ယူကြပါသည်။ ဆရာကြီး အန်တိုနီယိုဂရမ်စီက အချို့သော အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များသည် အာဏာရအစိုးရများ၏ မူဝါဒများကို လွှမ်းမိုးရန် သို့မဟုတ် ပြောင်းလဲရန် ဦးတည် လုပ်ဆောင်လေ့ ရှိကြပါသည်။ ထို့အပြင် အစိုးရများ၏ လွှမ်းမိုးထိန်းချုပ်မှုများမှ အတိုင်းအတာ တစ်ခုအထိ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်နေသည့် လူ့အဖွဲ့အစည်း၏ အစိပ်အပိုင်းကို အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုများမှ ဆက်လက် ကင်းလွတ်စေရန် ကာကွယ်တတ်ကြပါသည်။ သို့ရာတွင် အာဏာရှင်အစိုးရများ၏ ခြေတံလက်တံများက ဆိုခဲ့သည့် ချဉ်းကပ်မှု နှစ်မျိုးလုံးကို ခုခံခြေဖျက်ရန်အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းကို တစ်သမတ်တည်း ရန်သတ္တရုပြု ဖျက်ဆီးလေ့ ရှိသည့်အပြင်၊ တစ်ပြိုင်နက်တည်းတွင်လည်း ကျုံးသွင်း ထိန်းချုပ်ရန် ကြိုးစားကြသည်ချည်း ဖြစ်သည်ဟု ဆိုကြပါသည်။ တရုတ်နိုင်ငံကဲ့သို့သော လူမှုအဖွဲ့အစည်းမျိုးတွင် အရပ်ဘက်လူ့အဖွဲ့အစည်းကို နိုင်ငံတော်ကို ဆန့်ကျင်သည့် တန်ပြန်အင်အားစုများအဖြစ် ယခုတိုင် မှတ်ယူထားဆဲ ဖြစ်ပါသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ လေ့လာမှုအများအစုက အရပ်ဘက်လူမှုအဖွဲ့အစည်းကို ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်ရပ်၏ ခွဲထုတ်၍ မရနိုင်သည့် အင်္ဂါအစိတ်အပိုင်းအဖြစ် သတ်မှတ်ကြပါသည်။ အာဏာရှင်စနစ် တစ်မျိုးမျိုးမှ အမြင့်ဆုံးဆင့် အနောက်လစ်ဘရယ် ဒီမိုကရေစီသို့  ဒီမိုကရေစီသန္တာန်အစဉ် (democratic continuum) တစ်လျှောက် တစ်ဆင့်ချင်း အသွင်ကူးပြောင်းကြရာတွင် အားကောင်းပြီး၊ ရှင်သန်သည့် အရပ်ဘက်လူ့အဖွဲ့အစည်း တစ်ရပ် မရှိမဖြစ် လိုအပ်သည်ဟု သဘောညီကြပါသည်။ ဆရာအများတို့က အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် အားနည်း၊ ဘေးရောက်နေသည့် လူမျိုးစုငယ်များနှင့် အခြား လူမှုအုပ်စုဝင်များ ကြုံတွေ့နေကြရသည့် လူမှုတရားမျှမှုကင်းမဲ့မှု အပါအဝင် အခြားသော အရေးအရာကိစ္စများကို ဖုံးကွယ် ပိတ်ဆီးထားသည့် အဟန့်အတားများကို ဖယ်ရှား ဖော်ထုတ်ပေးနိုင်သဖြင့်၊ လူ့အဖွဲ့အစည်း၏ နေ့စဉ်ဘဝအတွင်း ၎င်းလူနည်းစုတို့၏ ပါဝင်မှုကို မြှင့်တင်ပေးနိုင်သည်၊ ဤနည်းဖြင့် ဆိုင်ရာလူ့အဖွဲ့အစည်းဝင်များ အစိုးရများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အနီးကပ် စောင့်ကြည့်နိုင်လာစေသဖြင့် နိုင်ငံအစိုးရများ၏ နိုင်ငံတော်အာဏာ အသုံးပြုမှုကို ကန့်သတ်ပေးနိုင်သည် ဆိုသည့်အပေါ် အများညီ သဘောတူကြပါသည်။ သို့အတွက် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်တစ်ခု၏ အောင်မြင်မှု သို့မဟုတ် မအောင်မြင်မှုများအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းသည် အခရာကျသည့်အခန်းမှ ပါဝင်နေသည်ဟု နားလည်ရပါသည်။

ဒေသတွင်း အောက်ခြေအဆင့်တွင် ဆိုခဲ့ပါ အရပ်ဘက် လူ့အဖွဲ့အစည်း ကွန်ရက်များနှင့် လူမှုအရင်း ဖြစ်ထွန်းတိုးတက်မှုတို့က လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ကိုးစားယုံကြည်မှုနှင့် လူမှုစွမ်းဆောင်ရည်များ မြင့်မားလာစေပြီး၊ ဒေသခံ အာဏာပိုင်များ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရတစ်ရပ်ကဲ့သို့ လူ့အဖွဲ့အစည်းကို စီမံအုပ်ချုပ်နေကြသည့် အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအတွင်းတွင်ပါ အကောင်းဘက်သို့ ဦးတည်သည့် အပြောင်းအလဲများ တစ်စတစ်စ ဖြစ်ထွန်း ပေါ်ပေါက်လာစေနိုင်ပါသည်။  အရပ်ဘက်လူ့အဖွဲ့အစည်း၏ ဆိုခဲ့ပါ လူမှုအရင်း တည်ဆောက်မှုများနှင့်၊ အပြန်အလှန် တာဝန်ယူ၊ တာဝန်ခံကြရသည့် စေတနာ့ဝန်ထမ်း အကျိုးဆောင်မှုများမှတဆင့်၊ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် အထောက်အကူပြုမှုများနှင့် နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်ကိုးစားမှုများ တဖြည်းဖြည်း ဖြစ်ပေါ် အခြေတည်လာစေခြင်းတို့သည် လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းများရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း၏ အရည်အသွေးတစ်ရပ် ဖြစ်ပါသည်။ အရပ်ဘက် လူမှုအသင်းအဖွဲ့များသည် ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်ကြသည့် တစ်ပြိုင်နက်တည်းတွင် ဒေသခံများ၏ လူမှုစွမ်းဆောင်ရည်နှင့် ဒေသ၏ လူမှုအရင်းများ ဖြစ်ထွန်း တိုးမြင့်လာစေရန်ကိုလည်း ဆောင်ရွက်ပေးနိုင်ကြသည်ဟု ဆရာအများ သဘောတူကြပါသည်။ သို့အတွက် အလှူရှင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ လူ့အဖွဲ့အစည်းက အရပ်ဘက် လူမှုအသင်းအဖွဲ့များကို လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြခြင်း ဖြစ်ပါသည်။ ဆရာကြီး လာရီဒိုင်းမွန်းက အောက်ခြေ လူ့အဖွဲ့အစည်း၏ စည်းကမ်းစနစ်ကျနသည့် ကြိုးပမ်းအားထုတ်မှုများသည် လူမှုအရင်းနှင့် ဒီမိုကရေစီ ကွန်ရက်များ၊ နှုန်းစံများနှင့် မျှော်ကိုးချက်များ နည်းမှန်လမ်းမှန် ဖြစ်ပေါ်လာစေနိုင်သည့်အပြင်၊ လူ့အဖွဲ့အစည်းအတွက် ရေရှည်ခံသည့် ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆောင်ကြဉ်းပေးနိုင်သည့် ဒီမိုကရေစီစနစ်မျိုး ပေါ်ထွန်းလာရေးအတွက် အခရာကျသည်ဟု ဆိုခဲ့ဖူးပါသည်။

ဆရာများက ပိုမိုခေတ်မီ ရှုပ်ထွေးလာသည့် ယနေ့ခေတ် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို အချက်လေးချက်ဖြင့် ချဉ်းကပ် ဖော်ပြကြပါသည်။  ပထမအချက်မှာ ရှင်သန်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းက ဖော်ဆောင်ပေးနိုင်သည့် လူမှုအရင်း (social capital) ဖြစ်ပေါ်မှု တိုးတက်မှု ဖြစ်ပါသည်။ အကျိုးတူကိစ္စရပ် တစ်ခုခုကို စုပေါင်းဖော်ဆောင်ရန် သို့မဟုတ် ပြဿနာတစ်ရပ်ရပ်ကို စုပေါင်းဖြေရှင်းရန်အတွက် အတူတကွ လာရောက်စုဆုံကြသည့် သာမန်အရပ်သားတို့ကြားတွင် အချင်းချင်း စိတ်ချယုံကြည်မှု သို့မဟုတ် ”လူမှုအရင်း” အတိုင်းအတာ တစ်ခုအထိ ပါလာလေ့ရှိပါသည်။ ထို နဂိုမူလပါလာသည့် လူမှုအရင်းအပေါ် အခြေခံ၍ စိတ်ချယုံကြည်သူတို့ စုပေါင်းရေးဆွဲသည့် သင်းဖွဲ့ဆိုင်ရာ ရည်ရွယ်ချက်၊ အဖွဲ့အစည်းအင်္ဂါရပ် အစရှိသည်တို့ ဆင့်ပွား ထွက်ပေါ်လာတတ်ပြီး၊ ဆိုခဲ့ပါ အရပ်သားများ စုပေါင်းဖွဲ့စည်းသည့် လူမှုအသင်းအဖွဲ့များ ပေါ်ပေါက်လာတတ်ပါသည်။ ကာလကြာလာသည်နှင့်အမျှ ဆိုခဲ့သည့် လူမှုယုံကြည်စိတ်ချမှုသည် နိုင်ငံရေး စိတ်ချယုံကြည်မှုအဖြစ်သို့ ကူးပြောင်းရောက်ရှိလာပြီး၊ နိုင်ငံရေးအဖွဲ့အစည်းများကိုပင် ဖွဲ့စည်းလာနိုင်လေ့ ရှိပါသည်။ ယင်းကဲ့သို့သော အားကောင်းသည့် လူမှုရေး၊ ထိုမှ နိုင်ငံရေး အသင်းအဖွဲ့များ အလုံအလောက်ရှိသည့် လူ့အဖွဲ့အစည်းများသည် ကိုယ်စားပြုမှု မြင့်မားသည့်အပြင်၊ ပို၍ တည်ငြိမ်သည့် အုပ်ချုပ်သူ အစိုးရမျိုးကိုလည်း ရရှိတတ်ပါသည်။ တစ်ဖက်တွင် ယင်းသို့ အားကောင်းသော အရပ်ဘက် လူ့အဖွဲ့အစည်း အလုံအလောက် မရှိသည့် လူ့အဖွဲ့အစည်းများ၏ အစိုးရများမှာ တရားဝင်ဖြစ်မှု အားနည်းပြီး၊ နိုင်ငံရေးပြဿနာများနှင့် ရင်ဆိုင်ကြရလေ့ ရှိပါသည်။

ဆရာများက လူမှုအဖွဲ့အစည်းအတွင်း ဗဟုဝါဒ သို့မဟုတ် မတူကွဲပြားမှုများ အပြိုင်တည်ရှိခြင်းကို လက်ခံလာနိုင်စေနိုင်ခြင်းကို အရပ်ဘက် လူမှုအဖွဲ့စည်း အားကောင်းမှု၏ ဒုတိယ လက္ခဏာအဖြစ် သတ်မှတ်ကြပါသည်။ အရပ်ဘက် လူ့အဖွဲ့အစည်း ရှင်သန်သည့် လူ့အဖွဲ့အစည်းများတွင် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည့် ဗဟုဝါဒကို လက်ခံနိုင်မှု ပိုမို သိသာစွာ အားကောင်းလေ့ ရှိပါသည်။ အားကောင်းသည့် အရပ်ဘက်လူ့အဖွဲ့အစည်းက အစိုးရများ၊ အထူးသဖြင့် ဒေသတွင်း အစိုးရများ၏ ဆုံးဖြတ်ချက်များနှင့် လက်တွေ့ အကောင်အထည်ဖော်မှုများကို အနီးကပ် စောင့်ကြည့်နိုင်ကြသည် ဖြစ်၍ အနည်းဆုံး အောက်ခြေအဆင့် အာဏာပိုင်များ၏ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု ရှိမှု၊ အစိုးရ ကတိကဝတ်များ စောင့်ထိန်းမှုများနှင့်၊ ဆီလျော်သည့် နိုင်ငံတော်အာဏာ အသုံးပြုမှု အစရှိသည့် ကောင်းမွန်သော အစိုးရတစ်ရပ်၏ အရေးကြီးသော အင်္ဂါရပ်များ ဖြစ်ထွန်းရှင်သန်နေရေးအတွက် ကြီးစွာ အထောက်အကူပြုနိုင်သည်ဟု ဆိုကြပါသည်။ တစ်ပြိုင်နက်တည်းတွင် ဆရာများက အရပ်ဘက်လူမှုအဖွဲ့အစည်း၏ အများပြည်သူ နေ့စဉ်ဘဝနှင့် စပ်ဆိုင်သည့် အရေးအရာကိစ္စများတွင် အများပြည်သူတို့ အကျယ်အပြန့် ပါဝင်လာစေရန် စည်းရုံးလှုံ့ဆော်နိုင်စွမ်းကို ယင်း၏ တတိယ အားကောင်းချက်အဖြစ် သတ်မှတ်ကြပါသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်းက ပြည်သူတို့ ရင်ဆိုင်ကြုံတွေ့နေကြရသည့် အများဆိုင် ပြဿနာရပ်များကို သက်ဆိုင်သည့် ပြည်သူများကိုယ်တိုင် စိတ်ဝင်စားလာစေရေးနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ဖြေရှင်းလာကြစေရန်အတွက် စည်းရုံးလှုံ့ဆော်နိုင်စွမ်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ နောက်ဆုံးအချက်မှာ နိုင်ငံတော်က မပံ့ပိုးသည့် သို့မဟုတ် ပံ့ပိုးပေးရန် မစွမ်းသာသည့် သို့မဟုတ် ပံ့ပိုးပေးရန် မလိုအပ်ဟု မှတ်ယူထားသည့် လူမှုလိုအပ်ချက်များနှင့် အခြားသော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ကူညီ ဖြည့်ဆည်းပေးနိုင်ခြင်းကို အရပ်ဘက်လူ့အဖွဲ့အစည်း၏ စတုတ္တအခန်းအဖြစ် အသိအမှတ် ပြုကြပါသည်။

■ အဖွဲ့အစည်းပုံစံ

အဖွဲ့အစည်းပုံစံအနေဖြင့် နိုင်ငံအစိုးရများနှင့် ကင်းလွတ်သည့်၊ စီးပွားရေး အကျိုးအမြတ်အတွက် မဟုတ်သည့် ဒေသတွင်း သို့မဟုတ် အမျိုးသားအဆင့် သို့မဟုတ် နိုင်ငံတကာအထိ ဖွဲ့စည်း ဆောင်ရွက်ကြသည့် အဖွဲ့အစည်း ကြီးငယ်အားလုံးကို အရပ်ဘက် လူမှုအသင်းအဖွဲ့များအဖြစ် သတ်မှတ်ကြပါသည်။ ယင်းတွင် လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုဖူလုံရေး၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ လူငယ်၊ အားကစား၊ လုပ်အားပေး၊ စေတနာ့ဝန်ထမ်း၊ လှူဒါန်းပေးဝေရေး အစရှိသည့် တရားဝင်၊ အပျော်တန်း အသင်းအဖွဲ့များအားလုံး ပါဝင်ပါသည်။ ဆရာအချို့က မီဒီယာအဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများကိုပင် အရပ်ဘက် လူမှုအဖွဲ့အစည်းအဖြစ် စာရင်းသွင်းကြပါသည်။ သို့ရာတွင် အများစုတို့က အမြတ်အစွန်းအတွက် မဟုတ်ဘဲ စေတနာ့ဝန်ထမ်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကိုသာ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအဖြစ် ထည့်တွက်လိုကြသည်။ လွတ်လပ်သည့် မီဒီယာအဖွဲ့အစည်းများသည် အစိုးများနှင့် ကင်းလွတ်သည့်အပြင်၊ ဆိုင်ရာ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်သည့် သတင်းအချက်အလက်များ ဝန်ဆောင် ဆက်သွယ်ပေးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ နှုန်းစံတန်ဖိုးများ ဖြစ်ထွန်းလာစေရေး၊ လူမှု တရားမျှတမှုများ တိုးတက် မြင့်မားလာစေရေးတို့အတွက် ဆောင်ရွက်ကောင်း ဆောင်ရွက်ပေးနိုင်သော်လည်း၊ စီးပွားရေး အကျိုးအမြတ် တစ်မျိုးမျိုးအပေါ် ရှင်သန် ရပ်တည်ရသည် ဖြစ်၍ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဟု မသတ်မှတ်နိုင်။ သို့အတွက် မီဒီယာ အဖွဲ့အစည်းများကို အရပ်ဘက် လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်၍ မရဟု ဆိုရပါမည်။ ထိုနည်းတူ နိုင်ငံရေးပါတီများသည်လည်း နိုင်ငံတော်အာဏာ ရရှိရန်အလို့ငှာ ဦးတည်လှုံ့ဆော် ဆောင်ရွက်ရသည်ချည်း ဖြစ်သည့်အပြင်၊ တစ်ခါတစ်ရံ နိုင်ငံတော်၏ အထောက်အပံ့နှင့်လည်း ငြိစွန်းနေလေ့ရှိသဖြင့် ယင်းတို့ကို အရပ်ဘက် လူမှုအသင်းအဖွဲ့များအဖြစ် မသတ်မှတ်နိုင်ပါ။

ဤ၌ အစိုးရ မဟုတ်သည့် လူမှုရေးအသင်းအဖွဲ့(အင်ဂျီအို)နှင့် လူထုအခြေပြုအဖွဲ့ အသင်းအဖွဲ့ (စီဘီအို)တို့ကို ဆရာများကပါ အလဲအလှယ်ဖြင့် သုံးစွဲနေကြသဖြင့် တိတိပပ ခွဲခြား အဓိပ္ပာယ်သတ်မှတ်ရန် လိုမည်ထင်ပါသည်။ စီဘီအိုကို အောက်ခြေရပ်ရွာ အဝန်းအဝိုင်းအတွင်း ရပ်ရွာပြည်သူအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းကြပြီး၊ အဖွဲ့ဝင်များ၏ အကျိုးစီးပွားကိုသာ အဓိကထား ဦးတည်ဆောင်ရွက်သည့်  ရပ်ရွာလူထု အခြေပြု အဖွဲ့အစည်းမျိုးဟု အဓိပ္ပာယ်ဖွင့်ကြပါသည်။ ယင်းတွင် ကျေးရွာ၊ ရပ်ကွက်တစ်ခု သို့မဟုတ် ရွာနီးချုပ်စပ် အုပ်စုများအထိ ပါဝင်တတ်ကြပါသည်။ အင်ဂျီအိုကိုမူ ရပ်ရွာ ပြည်သူလူထု၏ လူမှုဘ၀ လိုအပ်ချက်များကို ဖြည့်ဆည်း ဝန်ဆောင်မှုပေးသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကို ဆိုလိုပါသည်။ ယင်းအဖွဲ့အစည်းများ၏ ဝန်ထမ်းများ၊ သို့မဟုတ် စေတနာ့ဝန်ထမ်းများသည် သက်ဆိုင်ရာ အဖွဲ့အစည်းက ဝန်ဆောင်မှုပေးနေသည့် ရပ်ရွာဒေသကို ကိုယ်စားပြုသူ ဖြစ်ရန်မလို၊ ရပ်ရွာဒေသတွင်း သို့မဟုတ် နိုင်ငံအနှံ့ သို့မဟုတ် နိုင်ငံတကာမှ လာရောက်သူများလည်း ဖြစ်နိုင်ပါသည်။ အင်ဂျီအိုများသည် စီဘီအိုများထက် လုပ်ငန်းအမျိုးအစား နယ်ပယ်တွင်ရော၊ ဝန်ဆောင်မှု ဧရိယာဒေသတွင်ပါ ပိုမို ကျယ်ဝန်းလေ့ရှိပါသည်။ တစ်ဖက်တွင်လည်း စီဘီအိုများသည် အချိန်နှင့်အမျှ လုပ်ငန်းအတွေ့အကြုံ ရင့်ကျက်လာသည်နှင့်အတူ ဝန်ဆောင်မှုအမျိုးအစားရော၊ ဧရိယာဒေသများကိုပါ တိုးချဲ့ပေးအပ်နိုင်လာခြင်းဖြင့် မိမိတို့၏ အသင်းအဖွဲ့ဝင်များကိုသာမက၊ ဒေသတွင်း၊ ထိုမှ နိုင်ငံနှင့်ချီသည့် အတိုင်းအတာဖြင့် လုပ်ငန်း ဆောင်ရွက်ကြသည့် အင်ဂျီအိုအဖြစ်သို့ အသွင်ပြောင်းသွားနိုင်ပါသည်။

■ အရပ်ဘက်လူ့အဖွဲ့အစည်း၏ အမှောင်ခြမ်း

၁၉၈၀ နှင့် ၉၀ ပြည့်နှစ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များတွင် ရေပန်းစား နေရာရနေခဲ့သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း၏ ဒီမိုကရေစီနှင့် လူမှုအရင်း ဖြစ်ပေါ် တိုးတက်မှုတို့အတွက် ကောင်းကျိုးပြုနိုင်သည် ဆိုသည့် အကောက်အယူများသည် ထောင်စုနှစ်သစ်အတွင်းသို့ ချဉ်းနင်း ဝင်ရောက်လာသည်နှင့်အမျှ တစ်ဆင့်ထက် တစ်ဆင့် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါသည်။ ယင်း၏ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လေ့ရှိသည့် ဆုတ်ယုတ် ပျက်ပြားမှုများကို ကုစားပေးနိုင်ခြေကိုလည်း မေးခွန်းထုတ်လာကြပါသည်။ အာလာကပ္ပနှင့် လော့ချ်တို့ သတိပေးခဲ့ကြသည့်အတိုင်း အရပ်ဘက် လူမှုအဖွဲ့အစည်း၏ အရပ်ဘက်မဆန်သည့် အမှောင်ခြမ်းကိုလည်း အသိအမှတ်ပြုကြရန် လိုအပ်သည်ကို ဆရာများ အားလုံးနီးပါး သဘောတူကြပါသည်။ ထိုဆရာများက အရပ်ဘက် လူမှုအဖွဲ့အစည်းဟုဆိုတိုင်း လူမှုနိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်းချက်ထား ဦးတည် လုပ်ဆောင်သည့် လွတ်လပ် အမှီအခိုကင်းသည့် အဖွဲ့အစည်းများဟု တစ်ထစ်ချ မှတ်ယူ၍မရ၊ လူမှုနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆန့်ကျင်သည့် သို့မဟုတ် အာဏာရှင်ဆန်သည့် လူမှုအသင်းအဖွဲ့များ၊ တာဝန်ခံယူမှု၊ ပွင့်လင်းမြင်သာမှု မရှိသည့်၊ အကျင့်ပျက် ခြစားသည့် လူမှုအသင်းအဖွဲ့များလည်း အများအပြား ရှိနေလေ့ရှိသည်ဟု ဆရာများက ထောက်ပြကြပါသည်။  ဖွံ့ဖြိုးဆဲနိုင်ငံ လူ့အဖွဲ့အစည်းများတွင် အရပ်ဘက် လူ့အဖွဲ့အစည်းကို နယ်ခံ အထက်လွှာ လူ့မလိုင်များက လွှမ်းမိုးထားတတ်ကြပြီး၊ တစ်ခါတစ်ရံ လူ့အဖွဲ့အစည်းအတွင်း မညီမျှမှုများကိုပင် ဖြစ်ပေါ်စေလေ့ ရှိသည်ဟု ဆရာများက ထောက်ပြကြပါသည်။  လက်တွေ့တွင်လည်း နားကြီး မျက်စိကြီး အင်ဂျီအိုများက ဆိုခဲ့ပါ အရပ်ဘက်လူ့အဖွဲ့အစည်း နယ်ပယ် တစ်ခုလုံးကို လွှမ်းမိုးထားခဲ့ကြသည်ဟု ဆရာကြီး သောမတ်စ် ကာရိုးသားစ် အပါအဝင် ပညာရှင်အများက ထောက်ပြကြပါသည်။ အစိုးရ မဟုတ်သည့် လူမှုရေးအသင်းအဖွဲ့များသည် အရပ်ဘက် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း တစ်ရပ်မျှသာဖြစ်ပြီး ယင်းတို့ကို အရပ်ဘက် လူ့အဖွဲ့အစည်းအဖြစ် ထပ်တူပြု သတ်မှတ်ခြင်းကို ဆရာအများစုတို့ ဆန့်ကျင်ကြပါသည်။

ဒီမိုကရေစီ ဖြေလျော့မှုများက နိုင်ငံရေးရာကိစ္စများကို ပိုမိုလွတ်လပ် ထိရောက်စွာ ထုတ်ဖော်ပြောဆိုနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာစေနိုင်သော်လည်း၊ ဒီမိုကရေစီ စီမံအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်လိုသူများက ဆိုခဲ့သည့် ဖြေလျော့မှု အခြေအနေကို အလွဲသုံးရန် အမြဲတမ်း ကြိုးပမ်းလေ့ရှိကြပါသည်။ သို့နှင့် ယင်းသို့သော ဖြေလျှော့မှုမျိုးကို ဖြတ်သန်းနေဆဲ ကာလများတွင် ဆိုခဲ့ပါ အမှောင်ခြမ်းမှ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အစွန်းရောက် လှုံ့ဆော်မှုများ၊ လှုပ်ရှားမှုများ မတန်တဆ မြင့်တက်လာတတ်ပါသည်။ ယင်းသို့ လူမျိုးရေးနှင့် ဘာသာရေး အကြမ်းဖက်မှုများ မြင့်တက်လာနိုင်စဉ်တွင်၊ နိုင်ငံကို စီမံခန့်ခွဲ၊ အုပ်ချုပ်သည့် အစိုးရနှင့် ဥပဒေပြုကြရသည့် လွှတ်တော်တို့ကြား ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပေါ်လာလေ့ ရှိပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို နှောင့်နှေး စေတတ်ပါသည်။ ယင်းသို့သော အခြေအနေမျိုးအောက်တွင် များသောအားဖြင့် အာဏာရှင် အုပ်စုဟောင်း သို့မဟုတ် စစ်အုပ်စု ခေါင်းဆောင်များနှင့် အကျိုးစီးပွား ဆက်နွယ်နေလေ့ ရှိသူများက ဖြစ်ပေါ်လာသည့် နိုင်ငံရေးကွင်းသစ်ကို လွှမ်းမိုးနိုင်ရန်အတွက် ဆိုခဲ့သည့် အရပ်ဘက် လူ့အဖွဲ့အစည်း၏ အမှောင်ခြမ်းကို အသုံးချတတ်ကြပါသည်။ ယင်းသို့ နိုင်ငံလူ့အဖွဲ့အစည်းအတွက် အရေးကြီးသည့်အချိန်မျိုးတွင် ဒီမိုကရေစီလိုလားသည့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အဓိက အစိတ်အပိုင်းဝင်များ၊ အထူးသဖြင့် အင်ဂျီအိုများ လက်ပမ်းကျ အားပျက်သွားတတ်ကြပါသည်။ သို့မဟုတ် ဖြစ်ပေါ်လာသည့် အင်စတီကျူးရှင်း အသစ်များနှင့် ယင်းတို့၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သည့် အနေအထားမျိုးတွင် ရောက်ရှိနေသည်မျိုးလည်း ဖြစ်နေတတ်ပါသည်။ သို့နှင့် ဆိုင်ရာလူ့အဖွဲ့အစည်း၏ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် အရေးအရာကိစ္စများကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သူ နည်းပါးလာပြီး၊ အများစု ဆိုခဲ့ပါ အရပ်ဘက် လူ့အဖွဲ့အစည်းကို စွန့်ခွာသွားတတ်ကြပါသည်။

■ မြန်မာ အရပ်ဘက်လူ့အဖွဲ့အစည်း

မြန်မာနိုင်ငံ လူမှုအဖွဲ့အစည်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်း၏ သဘောအဓိပ္ပာယ်နှင့် ထပ်တူကျသည့် လူမှုနယ်ပယ်မျိုး အစဉ်အလာအားဖြင့် ရှိမနေခဲ့ပါ။ အရပ်ဘက်လူ့အဖွဲ့အစည်း ဆိုင်ရာ အကောက်အယူသည် မြန်မာ လူ့အဖွဲ့အစည်းအတွက် အသစ်အဆန်း ဖြစ်သည်ဟု ဆရာအများစု ဆိုကြပါသည်။  လွတ်လပ်ရေးသမိုင်းခေတ် တလျောက်၊ မြန်မာတပ်မတော်မှ နိုင်ငံတော်အာဏာကို အင်အားသုံး ရယူခဲ့သည့် ၁၉၆၀ ပြည့်နှစ်များမှစ၍ လွန်ခဲ့သည့်နှစ်များအထိ မြန်မာနိုင်ငံတော်နှင့် မြန်မာလူ့အဖွဲ့အစည်းတို့ကြားရှိ ဆက်ဆံရေးကို နိုင်ငံတော်က သူ အုပ်စိုးနေသည့် နိုင်ငံသား ပြည်သူလူထု တစ်ရပ်လုံးအား ရန်သတ္တရုပြုသည့် ဆက်ဆံရေးမျိုးဖြစ်သည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူများက ဆိုကြပါသည်။ ရာစုနှစ်ဝက် ကျော်လာနေသည့် မြန်မာ့နိုင်ငံရေး ပြဿနာတွင် ”နိုင်ငံတော်” ကိုယ်တိုင်၌ကိုက ပြဿနာ၏ အရင်းအမြစ် ဖြစ်နေခဲ့သည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူများ ဆိုကြပါသည်။  သက်တမ်းမကြာခဲ့သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီအစိုးရ လက်ထက်တွင်ပင် အာဏာရ ဒီမိုကရေစီအစိုးရ၏ လက်အောက်ခံ အာဏာပိုင်အဖွဲ့အစည်းများ၊ အထူးသဖြင့် ဒေသတွင်း နယ်ခံအာဏာပိုင်များက ၎င်းတို့၏ မူဝါဒများနှင့် လုပ်ရပ်များကို ဝေဖန်သည့် မည်သည့် အရပ်ဘက် လူမှုအသင်းအဖွဲ့ကိုမျှ ချမ်းသာမပေးခဲ့ကြပါ။ မြန်မာ စစ်ခေါင်းဆောင်များ နိုင်ငံတော် အာဏာ ရယူခဲ့ကြသည့် ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလများမှ အစပြု၍ စစ်အစိုးရများက အတိုင်းအတာတစ်ခုအထိ လွတ်လပ်နေခဲ့သည့် အရပ်သားများ၏ လူမှုနေ့စဉ်ဘ၀ အတွင်းသို့ ချောင်ကြိုချောင်ကြားမကျန် ဝင်ရောက် ထိုးဖောက် ဖျက်ဆီးခဲ့ကြပါသည်။ ၁၉၆၄ ခုနှစ်၊ အမျိုးသားလုံခြုံရေး အက်ဥပဒေဖြင့် နိုင်ငံရေးပါတီများကို အတင်းအကြပ် ဖျက်သိမ်းခဲ့ပြီး၊ လွတ်လပ်သည့် အရပ်ဘက် လူမှုအသင်းအဖွဲ့ အားလုံးနီးပါးကို အစိုးရ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် လုပ်ငန်းဆောင်ရွက်ကြရသည့် အစိုးရ၏ လူထုလူတန်းစား အဖွဲ့အစည်းများဖြင့် အစားထိုးခဲ့ပါသည်။ အလုပ်သမားသမဂ္ဂများကို ဖျက်သိမ်းပြီး၊ အလုပ်သမားအားလုံး ထိုစဉ်က စစ်ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းသည့် တစ်ခုတည်းသော ပါတီဖြစ်သည့်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တိုက်ရိုက် စီမံကွပ်ကဲသည့် အလုပ်သမားအစည်းအရုံးဝင်များအဖြစ် မဖြစ်မနေ အဖွဲ့ဝင်ဖြစ်ကြရပါသည်။ ထို့အတူ ၁၉၄၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး၊ မြန်မာနိုင်ရှိ မြို့ကြီးများတွင် အဖွဲ့ခွဲပေါင်း ၁၂၀ ကျော်ဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးကို အကူအညီပေး စောင့်ရှောက်နေခဲ့ကြသည့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများ၏ လှုပ်ရှားမှုများကိုလည်း ရပ်တံ့သွားစေခဲ့ပါသည်။ မည်သည့် အရပ်ဘက် လူမှုအသင်းအဖွဲ့နှင့် ကွန်ရက်ကမျှ ရှင်သန်ရပ်တည်ခွင့် မရတော့ဘဲ ဖျက်သိမ်းခံကြရပါသည်။ အစိုးရကို ဆန့်ကျင်ဝေဖန်သည့် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းအားလုံး မြေအောက် လျှို့ဝှက်အဖွဲ့အစည်း သို့မဟုတ် လက်နက်ကိုင် ခုခံပုန်ကန်သည့် အဖွဲ့အစည်းများအဖြစ် အသွင်ပြောင်းကြရပါသည်။ ထို့အပြင် ဗမာ မဟုတ်သည့် လူမျိုးစုများ၏ နိုင်ငံရေးနှင့် တိုက်ရိုက် မသက်ဆိုင်သည့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု အသင်းအဖွဲ့များကိုပါ ဖျက်သိမ်းပြီး၊ လူမျိုးစုစာပေ၊ ဘာသာစကား သင်ကြားရေးကိုပါ ဖိနှိပ်လာခဲ့သဖြင့်၊ ရွေးစရာ မရှိတော့သည့် လူမျိုးစု အရပ်ဘက် လူ့အဖွဲ့အစည်းဝင်များ လက်နက်ကိုင် တော်လှန်ရေးဒေသများသို့ အစဉ်အဆက် ကူးပြောင်း လှုပ်ရှားကြရသည့် အနေအထားသို့ ရောက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တိုက်ရိုက် စစ်အာဏာရှင်များက ချည့်နဲ့နေပြီ ဖြစ်သည့် မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းကို ထပ်ဆင့် ဖိနှိပ်ခဲ့ကြသည့်အပြင်၊ အကွဲကွဲ အပြားပြား ဖြစ်နေသည့် မြန်မာ အရပ်ဘက်လူမှုအုပ်စုများ၏ ကြီးမားသည့် အစိတ်အပိုင်းကိုလည်း ကျုံးသွင်းခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်များအတွင်း မြန်မာစစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရအာဏာ ရယူခဲ့သည့် နောက်ပိုင်းတွင် ဒီမိုကရေစီ စီမံအုပ်ချုပ်မှုစနစ်သို့လည်း ဦးတည်သည့် အပြောင်းအလဲများ သိသိသာသာ ဖြစ်ပေါ်ခဲ့သည့် နည်းတူ၊ သားကြောဖြတ် သင်းသတ် ခံထားရသည့် မြန်မာ အရပ်ဘက်လူ့အဖွဲ့အစည်းကိုလည်း ပြန်လည်ရှင်သန်ခွင့် ပေးခဲ့ပါသည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကိုပါ အသိအမှတ်ပြု နေရာပေးခဲ့ပါသည်။

သို့ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ အကောက်အယူများသည် အနောက်ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် အခြေတည်လာခဲ့သည့် နိုင်ငံရေးဆိုင်ရာ အကောက်အယူ တစ်ရပ် ဖြစ်ပါသည်။ သို့အတွက် အနောက်တိုင်း လူမှုနိုင်ငံရေးနှင့် ယဉ်ကျေးမှုအစဉ်အလာချင်း မတူကွဲပြားသည့် မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံလူ့အဖွဲ့အစည်းများ၏ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်များတွင် ဆိုခဲ့ပါ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုင်ရာ အကောက်အယူများကို အသုံးပြုခြင်းသည် လူမှုနိုင်ငံရေး ပြဿနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်သည်ကို ဆရာအများ သတိပေးကြပါသည်။ ထို့အပြင် အထက်တွင် ဆိုခဲ့သည့်အတိုင်း အရပ်ဘက် လူ့အဖွဲ့အစည်းကို မတူသည့် နိုင်ငံရေး၊ လူမှုရေးအုပ်စုများက လိုသလို မတူကွဲပြားစွာ အဓိပ္ပာယ်ဖွင့်၊ လက်တွေ့ အသုံးချကြမည်ဖြစ်၍ ၎င်းတို့၏ လူမှုလှုပ်ရှား ဆောင်ရွက်မှုများကြောင့် လူ့အဖွဲ့အစည်း၏ အောက်ခြေ ပြည်သူများအတွင်း တွန်းတိုက်မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ မတူကွဲပြားသည့် လူမှုအုပ်စုများကို ကိုယ်စားပြုကြသည့် အရပ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များအတွင်း ယင်းတို့အပေါ် ကျရောက်လာသည့် အုပ်စုဆိုင်ရာ ဖိအားများအပေါ် မူတည်ပြီး ပြောင်ကျကျဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ အရင်းအမြစ်နှင့် သြဇာလွှမ်းမိုးမှု တို့အတွက် ပြိုင်ဆိုင်ကြမည်လည်း ဖြစ်ပါသည်။ အာဏာရှင်များ၏ ကျောထောက်နောက်ခံဖြင့် ရပ်တည် လှုပ်ရှားနေသည့် အရပ်ဘက် လူမှုအသင်းအဖွဲ့များ၊ အနောက် ဒီမိုကရေစီနိုင်ငံများနှင့် နိုင်ငံတကာ လူ့အဖွဲ့အစည်း၏ ကူညီထောက်ပံ့မှုဖြင့် လုပ်ငန်း ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ နှင့် မာ့က်စ်-ဂရမ်စီဝါဒီတို့၏ အခြေခံကျသည့် လူမှုနိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ရေးကို ဦးတည် ဆောင်ရွက်ကြသည့် လူမှုအသင်းအဖွဲ့များကြား ဖြစ်ပွားလေ့ရှိသည့် တွန်းတိုက်မှုများနှင့် ယင်း တွန်းတိုက်မှုများ၏ ဒေသတွင်း ပြည်သူလူထုအပေါ် ကျရောက်သည့် အကျိုးသက်ရောက်မှုများကို သတိပြုကြရန် လိုအပ်ပါသည်။

တစ်ဖက်တွင်လည်း မြန်မာ ကျေးလက်နှင့် မြို့ပြ ဆင်ခြေဖုံး ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်း၏ စွမ်းဆောင်ရည်မှာ သိသာစွာ အကန့်အသတ် ရှိနေဆဲဖြစ်ပါသည်။ ဒေသခံ အရပ်ဘက် လူမှုအသင်းအဖွဲ့များ၏ လက်ရှိအနေအထားမှာ ရေရှည်မျှော်မှန်းချက် တစ်ခုခုထားရှိပြီး၊ ယင်းရည်မှန်းချက်သို့ ရောက်ရှိရေးအတွက် နည်းစနစ်ကျနသည့် အစီအမံများ ချမှတ် ဆောင်ရွက်နိုင်မှုမျိုး မရှိသည်ကို တွေ့ရပါသည်။ ထို့အပြင် အမျိုးသားအဆင့်တွင်ရော၊ ဒေသခံအဆင့်တွင်ပါ ဆိုးရွားသည့် အုပ်ချုပ်ရေးစနစ်၏ ဖော်ပြချက်များဖြစ်သည့် အဖွဲ့အစည်းများအတွင်း အထက်အောက် ကျေးဇူးခံ ကျေးဇူးစား ဆက်ဆံရေးမျိုး လွှမ်းမိုးနေမှု၊ ခေါင်းဆောင်များ၏ အာဏာရှင်ဆန်ဆန် ဆုံးဖြတ်ချက်ချမှု၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့မှု၊ ကိုယ်ကျိုးအတွက် မရိုးမသား အမြတ်ထုတ်မှု၊ အကျင့်ပျက်ခြစားမှု၊ အောက်ခြေဝန်ထမ်း အဖွဲ့ဝင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့မှု အစရှိသည့် အားနည်းချက်များ နိုင်ငံအနှံ့ အကျယ်အပြန့် ဖြစ်ပေါ်နေဆဲ ဖြစ်ပါသည်။  ထို့အပြင် မြန်မာ အရပ်ဘက် လူမှုအသင်းအဖွဲ့များအကြားတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရှင်းလင်းတိကျသည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်နှင့် နေရာဒေသ တိကျရှင်းလင်းစွာ ပိုင်းခြားမထားနိုင်ကြခြင်း၊ ရေရှည်တွင် လွတ်လပ် အမှီအခိုကင်းသည့် ရန်ပုံငွေ အရင်းအမြစ်များအတွက် ပြင်ဆင်ထားမှု မရှိခြင်းနှင့် အလှူရှင် အဖွဲ့အစည်းများ၏ လုပ်ငန်းအစီအစဉ်ကို ဦးစားပေး ဆောင်ရွက်နေကြရသည့် ဝန်ထုပ်ဝန်ပိုးများနှင့် ပိတ်မိနေတတ်ကြခြင်း အစရှိသည့် အားနည်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါသည်။ ထိုမျှမက ပြည်တွင်းနှင့် နိုင်ငံတကာမှ အရင်းအမြစ်မျိုးစုံကို လက်လှမ်းမီကြသည့် နားကြီး မျက်စိကြီး အရပ်ဘက် လူ့အဖွဲ့အစည်းများသည် ဒေသတွင်း ကွာဟမှုများ ထပ်ဆင့်ဖြစ်ပေါ်နေစေသည့်အပြင်၊  တည်ငြိမ်မှုကိုလည်း ပျက်ပြားစေပါသည်။

 ■ မြန်မာဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်

၂၀၁၅ ခုနှစ် မြန်မာ့ရွေးကောက်ပွဲ ပြီးနောက်၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရက အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် ပိုမိုကျယ်ပြန့်သည့် အရပ်သားတစ်ပိုင်း အစိုးရလက်သို့ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခဲ့ပါသည်။ ထို့အပြင် မြန်မာတပ်မတော်နှင့် မြန်မာနယ်စပ် တစ်လျောက် ပြန့်နှံ့ တည်ရှိနေခဲ့သည့် လူမျိုးစု လက်နက်ကိုင် ခုခံရေးအဖွဲ့အစည်းအများစုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူ အပစ်ရပ်နိုင်ခဲ့ကြပါသည်။ ယခု မြန်မာတပ်မတော်၊ လူမျိုးစု လက်နက်ကိုင်န နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော်တို့၏ ပိုမိုကျယ်ပြန့်သည့် အရပ်သားတစ်ပိုင်း အစိုးရတို့နှင့်အတူ အမျိုးအစား စုံလင်လှသည့် အရပ်ဘက် လူမှုအသင်းအဖွဲ့မျိုးစုံတို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ထိုမှ တည်တံ့သည့် ငြိမ်းချမ်းမှု တည်ဆောက်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းနေကြသည်ကိုလည်း တွေ့ကြရမည် ဖြစ်ပါသည်။

ဤတွင် ဒီမိုကရေစီနှင့် ဒီမိုကရက်တိုက်ဇေးရှင်းတို့နှင့် ပတ်သက်သည့် သဘောတရား အကောက်အယူတချို့ကို အကျဉ်းမျှ တင်ပြလိုပါသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ဒေးဗစ်ကိုလီယာနှင့် စတီဗင်လက်ဗင်းစကီးတို့က ဆရာအမျိုးမျိုးတို့၊ အယူအဆအမျိုးမျုးိဖြင့် မတူကွဲပြားစွာ ဖွင့်ဆိုနေကြသည့် ဒီမိုကရေစီ၏ အကောက်အယူနှင့် သဘော သဘာဝများကို သန္တာန်အစဉ်မျဉ်းတံ (continuum of ordered scale) တစ်ခုပေါ်သို့ တင်၍ အဆင့်ပိုင်းခြား သတ်မှတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ အများစုလည်း ဆိုခဲ့ပါ ဆရာများ၏ အားထုတ်မှုကို သဘောတူကြပါသည်။ ဆရာများက ၎င်းတို့၏ သန္တာန်အစဉ်မျဉ်းတံကို အာဏာရှင်စနစ်မှ အစပြု၍ အနောက် လစ်ဘရယ်ဒီမိုကရေစီ အဆင့်အထိ အဆင့်(၆)ဆင့် ခွဲပါသည်။ ထိုမျဉ်းတံပေါ်တွင်  ဒီမိုကရေစီ မဟုတ်သည့်အဆင့်  (non-democracy)  ပြီးနောက်၊  ဒုတိယနေရာတွင် ”အနိမ့်ဆုံး ဒီမိုကရေစီ” (minimalist democracy) ကို နေရာချပါသည်။ ယင်းတွင် အတိုင်းအတာ တစ်ခုအထိ အရည်အသွေးပြည့်ဝသည့် ရွေးကောက်ပွဲများကို သတ်မှတ်ကာလတိုင်းတွင် ပုံမှန်ကျင်းပခြင်း၊ အလွန်အကျွံ ရွေးကောက်ပွဲ မသမာမှုများမှ ကင်းရှင်းခြင်း၊ နိုင်ငံသား၊ အရွယ်ရောက်သူ အားလုံးနီးပါး မဲပေးခွင့်ရရှိခြင်း စသည်တို့နှင့် ပြည့်စုံရမည်ဟု ဆိုပါသည်။ ထို့နောက် မျဉ်းတံ၏ တတိယနေရာတွင် ”အင်္ဂါစုံ ဒီမိုကရေစီ” (procedural minimum) ကို ထားရှိကြပါသည်။ ယင်းတွင် အရပ်သားများ၏ အခြေခံ လွတ်လပ်ခွင့်များ (basic civil liberties)တွင် အပါအဝင်ဖြစ်သည့် လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်၊ စီတန်းလှည့်လည် ဆန္ဒပြခွင့်၊ သွားလာခွင့်၊ အခြေချနေထိုင်ခွင့်၊ တရားဥပဒေရှေ့မှောက်တွင် တန်းတူ ဆက်ဆံခံထိုက်ခွင့်၊ အစရှိသည်တို့နှင့် ပြည့်စုံရမည်ဟု သတ်မှတ်ပါသည်။ ထိုနောက်တွင် ဆရာများက ”ပြည့်စုံဒီမိုကရေစီ” (expanded procedural minimum) ကို စတုတ္ထနေရာတွင် ထားရှိပါသည်။ ယင်းတွင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲများမှ တစ်ဆင့် အာဏာ ရလာသည့် အစိုးရများသည် စီမံအုပ်ချုပ်ခွင့်ဆိုင်ရာ အာဏာနှင့် ပြည့်စုံရမည်ဟု ဆိုပါသည်။ တစ်နည်းအားဖြင့် ရွေးကောက်ခံ အစိုးရသည် ရွေးကောက်ခံ မဟုတ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် နိုင်ငံပိုင်နက် နယ်မြေ၏ ပြင်ပမှ အင်အားစု တစ်ရပ်ရပ်၏ ထိန်းချုပ်မှု၊ သြဇာလွှမ်းမိုးမှု အားလုံးမှ ကင်းလွတ်ပြီး၊ လွတ်လပ် ထိရောက်စွာ စီမံအုပ်ချုပ်နိုင်သည့် အစိုးရမျိုး ဖြစ်ရမည်ဟု ဆိုပါသည်။  မျဉ်းတံ၏ ပဉ္စမနေရာတွင် ဆရာများက ”ဖွံ့ဖြိုးပြီး ဒီမိုကရေစီ” (established industrial democracy) ကို နေရာချပါသည်။ ယင်းတွင် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကျင့်သုံးသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အင်္ဂါရပ်များအပြင်၊ လူမှုစီးပွား သာတူညီမျှမှု (socio-economic equality) လည်း ရှိရမည်ဟု ဆိုပါသည်။ အစိုးရ၏ မူဝါဒများ၊ ဆုံးဖြတ်ချက်များ၊ အစရှိသည်တို့ကို နားလည်သိရှိခွင့် ရရှိရုံမျှသာမက၊ လူ့ အခြေခံလိုအပ်ချက်များ ဖြစ်သည့် အလုပ်လုပ်ခွင့် (တစ်ပြိုင်နက်တည်းတွင် အလုပ်မရလျှင်၊ သို့မဟုတ် နာမကျန်းဖြစ်လျှင် အလုပ်လက်မဲ့ အထောက်အပံ့ ခံစားခွင့်)၊ အခမဲ့ အခြေခံပညာ သင်ယူခွင့်၊ ကျန်းမာရေးစောင့်ရှောက် ကုသခံခွင့်၊ အိမ်ရာ ရထိုက်ခွင့် အစရှိသည်တို့နှင့်လည်း ပြည့်စုံရမည် ဖြစ်ပါသည်။ နောက်ဆုံး ဆဋ္ဌမနေရာတွင် ဆရာများက ”အမြင့်ဆုံး ဒီမိုကရေစီ” (maximalist democracy)ကို နေရာပေးပါသည်။ ယင်းတွင် အနောက်တိုင်း လစ်ဘရယ် နှုန်း၊ စံ၊ တန်ဖိုးများဖြစ်သည့် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း၊ တာဝန်ခံယူမှု ရှိခြင်း၊ တရားဥပဒေ စိုးမိုးမှုရှိခြင်း အစရှိသည်တို့ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံအုပ်ချုပ်စီမံမှု နယ်ပယ်အားလုံးတွင် အကျယ်အပြန့် အသုံးပြုသည့် လူ့အဖွဲ့အစည်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဒီမိုကရက်ဇေးရှင်းကို ၁၉၇၀ ပြည့်နှစ်များ အစောပိုင်းတွင်မှ လေ့လာစရာ ပညာရပ်တစ်ရပ်အဖြစ် အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်ပြီး၊ ကွေ့ကောက် ရှုပ်ထွေးလှသည့် ဒီမိုကရက်တိုက်ဇေးရှင်း၏ သဘောတရား အကောက်အယူနှင့် လက်တွေ့လုပ်ငန်းစဉ်များမှာ ယခုတိုင် ရှာဖွေ ဖော်ထုတ်နေကြဆဲ အနေအထားတွင်ပင် ရှိနေပါသေးသည်။ သို့ရာတွင် အထက်တွင် ဖွင့်ဆိုခဲ့သည့် ဒီမိုကရေစီ၏ အကောက်အယူ သဘောအပေါ် အခြေပြု၍ အာဏာရှင်စနစ် တစ်မျိုးမျိုးမှ အသွေးအသားကျ ဒီမိုကရက်တစ် စီမံအုပ်ချုပ်ရေးစနစ် (institutionalized, democratic governance) တစ်ခုခုသို့ အသွင်ကူးပြောင်း တည်ဆောက်ခြင်းကို ဒီမိုကရက်တိုက်ဇေးရှင်း၏ သဘောတရားရေးဆိုင်ရာ အကောက်အယူအဖြစ် သဘောတူကြပါသည်။  လက်တွေ့တိုင်းတာရန်အတွက်မူ ဆိုခဲ့ပါ ဒီမိုကရေစီ သန္တာန်အစဉ်မျဉ်းတံ တလျောက် ဒီမိုကရေစီ မဟုတ်သည့် စနစ်မှ အမြင့်ဆုံးအဆင့် ဒီမိုကရေစီသို့ ဦးတည်ရွေ့သည့် မည်သည့် အရွေ့ကိုမဆို ဒီမိုကရက်တိုက်ဇေးရှင်းဟု ဆရာများက သဘောညီကြပါသည်။

ဆိုခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲသည် ဆိုခဲ့ပါ ဒီမိုကရေစီ သန္တာန်အစဉ်မျဉ်းတံ၏ အနိမ့်ဆုံး ဒီမိုကရေစီအဆင့်တွင် ပါဝင်ရမည့် အခြေခံ အချက်အလက်များနှင့် ပြည့်စုံသင့်သလောက် ပြည့်စုံခဲ့သည့်အပြင်၊ ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်း အစိုးရကလည်း အင်္ဂါစုံ ဒီမိုကရေစီအဆင့်၏ အဓိက အင်္ဂါရပ်များ ဖြစ်သည့်၊ လွတ်လပ်စွာ ဖွဲ့စည်း၊ စည်းရုံး၊ ဟောပြော၊ ရေးသား၊ ပုံနှိပ်ထုတ်ဝေခွင့်များ အပါအဝင် အခြေခံ အရပ်သား အခွင့်အရေးများကို ၎င်း၏ အစိုးရသက်တမ်း ၅ နှစ်အတွင်း သိသာစွာ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုဖြေလျှော့မှုများ ယခုလက်ရှိ အစိုးရလက်ထက်တွင် ပိုမိုပီပြင် ကျယ်ပြန့်လာမည်မှာလည်း သေချာလှပါသည်။ သို့အတွက် မြန်မာနိုင်ငံသည် အင်္ဂါစုံ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပြီဟု ဆိုရပါမည်။ ထို့အပြင် ဒီမိုကရက်တိုင်ဇေးရှင်း အစဉ်တွင်လည်း ပါမောက္ခ ရှနိုက်ဒါနှင့် ရှမစ်ထားတု့ိ၏ ”အဖြေ၊ အကူး၊ အခိုင်” ဒီမိုကရက်တိုက်ဇေးရှင်း အကောက်အယူ သဘောအရ  မြန်မာနိုင်ငံသည် ဒီမိုကရေစီဖြေလျှော့မှုအဆင့်ကို ဖြတ်ကျော်ခဲ့ပြီဟု ဆိုရမည်လည်း ဖြစ်ပါသည်။ ဤ၌ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် အရေးလည်းကြီးပြီး၊ နိုင်ငံတော်တော်များများတွင် ရှေ့ဆက်မတိုးတော့သည့် သို့မဟုတ် နောက်ပြန်လန်ကျလေ့ ရှိသည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်ကို သတိချပ်ကြ စေလိုပါသည်။ အထက်တွင် ပြဆိုခဲ့သည့်အတိုင်း မြန်မာ့ဒီမိုကရက် တိုက်ဇေးရှင်း နောက်တစ်ဆင့် ဖြစ်သည့် ပြည့်စုံ ဒီမိုကရေစီအဆင့်သို့ ရှေ့တိုး အသွင်ကူးပြောင်းရန်အတွက် ယခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသည် စီမံအုပ်ချုပ်ခွင့်အာဏာ အပြည့်အဝရှိသည့် ထိရောက်သည့်အစိုးရ ဖြစ်လာရန်နှင့်၊ ရွေးကောက်ခံ မဟုတ်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်း၏ အာဏာ၊ သြဇာနှင့် စွက်ဖက်မှုများမှ ကင်းလွတ်ရန် ဆောင်ရွက်ကြရတော့မည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်သူအများစု၏ ဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ထားခြင်း မရှိသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို အများပြည်သူဆိုင်ရာ ဥပဒေပြု၊ စီမံအုပ်ချုပ်မှု၊ တရားစီရင်မှု ကဏ္ဍအားလုံးမှ ဖယ်ရှားကြရတော့မည့် အနေအထားသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

ဤနေရာတွင် မြန်မာနိုင်ငံ၏ လောလောဆယ် အရပ်ရပ် အခြေအနေအောက်တွင်၊ ဖြစ်သင့်သည်ဟု ယုံကြည်ကြသော၊ ဖြစ်လိုသော စိတ်ဆန္ဒများကို ဘေးဖယ်၍၊ ပြည့်စုံဒီမိုကရေစီ အဆင့်သို့ ရှေ့တိုး အသွင်ကူးပြောင်းမှုမျိုး၏ လောလောဆယ် လက်တွေ့ဖြစ်နိုင်ခြေနှင့်၊ လက်တွေ့အခြေအနေ၏ လိုအပ်မှုကို ပြန်လည် ချင့်တွက်ကြရန် လိုအပ်သည်ဟု ဆိုချင်ပါသည်။ လက်ရှိ အစိုးရသည် အများပြည်သူတို့ ကာလကြာရှည် မျှော်လင့်နေခဲ့သည့် အစိုးရမျိုး မဟုတ်သည့်အပြင် ယခုကာလအထိ အစိုးရက အများပြည်သူသို့ ထုတ်လုပ် ပေးအပ်နေသည့် အများဆိုင် ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် ဝေဖန်ထောက်ပြစရာ အမြောက်အမြားရှိသည် ဆိုခြင်းအပေါ် အငြင်းပွားစရာ မရှိပါ။ သို့ရာတွင် ယခုလက်ရှိ အသွေးအသားကျ မဖြစ်တည် တတ်သေးသည့် အသွင်ကူးပြောင်းနေဆဲ နိုင်ငံတော်၊ အင်္ဂါစုံအဆင့်တွင်သာ တစ်ဆို့နေသည့် ဒီမိုကရေစီအုပ်ချုပ်မှု၊  ရွေးကောက်ခံ အရပ်သားများ သက်သက်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်သည့် အစိုးရ နှင့် ဖြစ်ထွန်းနေဆဲ နိုင်ငံမောင်းနှင်ရေး အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည် အကန့်အသတ်ကို ထည့်မတွက်ဘဲ၊  သခွပ်ပင်က မီးတကျီကျီ အစိုးရလုပ်သမျှကို တစိုက်မတ်မတ် ဆန့်ကျင်ခြင်း၊ ဖြစ်နိုင်ခြေ နည်းပါးနေဆဲဖြစ်သည့် အခြေခံကျသည့် နိုင်ငံရေး အပြောင်းအလဲများကို ဖိအားပေး တောင်းဆိုခြင်းမျိုးသည် တစ်ဆင့်ထက် တစ်ဆင့် ရေရာမှု လျော့ပါးလာနေသည့် မြန်မာဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ် အစဉ်တစိုက် ရှေ့ဆက် တိုးတက်ဖြစ်ပေါ်နေစေရန်နှင့် အဆုံးတွင် လစ်ဘရယ် ဒီမိုကရေစီအဆင့်သို့ ရောက်ရှိ အောင်မြင်ရန်အတွက် များစွာ အထောက်အကူ မဖြစ်စေပါ။

၁၉၈၉ ခုနှစ်၊ ဇွန်လ တရုတ်နိုင်ငံ လူထုအုံကြွမှုနှင့်၊ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်း ဆိုဗီယက်ပြည်ထောင်စုဟောင်း နိုင်ငံအချို့တို့တွင် မအောင်မြင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များ နည်းတူ၊ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ မြန်မာဒီမိုကရေစီ အရေးတော်ပုံ မအောင်မြင်ခဲ့ရခြင်း အကြောင်းရင်းများတွင်လည်း စစ်အာဏာရှင်များ၏ ရှည်ကြာလှသည့် ဖိနှိပ်မှု မျိုးစုံအောက်တွင် ပျက်ယွင်းနေခဲ့သည့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အားနည်းမှုကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်ဟု ဆရာများက ထောက်ပြကြပါသည်။ ၁၉၈၀ ပြည့်နှစ်များအတွင်း အရှေ့ဥရောပ နိုင်ငံအချို့၊ ၁၉၈၆ ဖိလစ်ပိုင်နှင့် ၁၉၉၂ ထိုင်းနိုင်ငံတို့တွင် ဖြစ်ပေါ် အောင်မြင်ခဲ့သည့် ဒီမိုကရေစီရေး အုံကြွမှုများနှင့် မတူ၊ တရုတ်နှင့် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် လှုပ်ရှား တက်ကြွသူများအနေဖြင့် အများပြည်သူတို့၏ နိုင်ငံရေးစနစ်ကို အခြေခံကျကျ ပြောင်းလဲလိုသည့် စိတ်ဆန္ဒကို အသုံးပြုပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အခြေတည် ဖြစ်ပေါ်လာရေးအတွက် လိုအပ်သည့် အခြေအနေများ ဖန်တီးရန် အခွင့်အရေး မရခဲ့ကြပါ။ ပိုလန်နှင့် ဖိလစ်ပိုင်တို့၏ ဒီမိုကရေစီ အရေးတော်ပုံကို အဓိက ဦးဆောင်ခဲ့သည့် လွတ်လပ်အမှီအခို ကင်းသည့် အလုပ်သမားသမဂ္ဂမျိုး မြန်မာနိုင်ငံတွင်ရော၊ တရုတ်နိုင်ငံတွင်ပါ ရှိမနေခဲ့ပါ။ အစိုးရများက နိုင်ငံရေးတွင်သာမက၊ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာ၊ ယဉ်ကျေးမှု အဝန်းအဝိုင်းတွင်ပါ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် တိုက်ရိုက်ရှိ မနေသည့် မည်သည့် အရပ်ဘက် လူမှုအင်အားစုကိုမျှ ရှင်သန်ရပ်တည်ခွင့် မပေးခဲ့ကြပါ။ သို့နှင့် မခံမရပ်နိုင်သည့်အဆုံး လူ့အဖွဲ့အစည်း တစ်ခုလုံး အကြပ်ဆိုက်၊ အုံကြွရသည့် အခြေအနေမျိုး ရောက်မှသာ အတိုက်အခံများ ဖရိုဖရဲ၊ ပုံပျက်ပန်းပျက် အနေအထားမျိုးဖြင့် ပေါ်ထွက် လာရပါတော့သည်။ အရှေ့နှင့် အလယ်ဥရောပ၊ အရှေ့နှင့် အရှေ့တောင်အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံအများစုတို့တွင် ဒီမိုကရေစီ အရေးတော်ပုံကို ဦးဆောင်ခဲ့ကြသည့် လှုပ်ရှား တက်ကြွသူများနှင့် ခေါင်းဆောင်များက လူထုလှုပ်ရှားမှုကို ထိရောက်စွာ ဦးဆောင်မှု မပေးနိုင်တော့ဘဲ ငြိမ်ဝပ်ပိပြားမှု ပျက်ပြားကာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဗရမ်းဗတာ အခြေအနေသို့ ဦးတည်ကုန်သည်ချည်း ဖြစ်ခဲ့ပါသည်။ အာဏာရှင်များ ကိုယ်တိုင်လည်း လူထုလှုပ်ရှားမှုများ ထိုအခြေအနေမျိုးသို့ အနှေးနှင့်အမြန် ဆိုက်ရောက်စေရန် တွန်းပို့လေ့ ရှိကြပါသည်။ သို့နှင့် မြန်မာနိုင်ငံ၏ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကဲ့သို့သော တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းကို မဖြစ်မနေ ကယ်တင်ကြရသည် ဆိုသည့် စစ်ခေါင်းဆောင်များ ဦးစီးသည့် အစိုးရများ ဆိုခဲ့ပါ နိုင်ငံများတွင် အလျှိုလျှို ပေါ်လာခဲ့ကြသည်ကို သတိချပ်စေလိုပါသည်။

ထို့အပြင် ကာလတာရှည် အာဏာရှင်အုပ်စိုးမှု၏ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် လူမှုအခြေခံ လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုရေး လိုအပ်ချက်များ၊ အသက်မွေးဝမ်းကျောင်းမှု၊ အလုပ်အကိုင် အခွင့်အလမ်း၊ နေရာထိုင်ခင်းနှင့် အခြားသော လူ့အခြေခံ အခွင့်အရေးများကို ထိရောက်စွာ အကာအကွယ်ပေးရန်နှင့် ဖြစ်ထွန်း တိုးတက်လာရန် လိုအပ်နေဆဲ ဖြစ်ပါသည်။ သို့အတွက် ယခုလက်ရှိ အကောင်အထည် ဖော်နေကြသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို နယ်ပယ်များစွာတွင်၊ အထူးသဖြင့် နိုင်ငံတော်၏ အင်စတီကျူးရှင်း အစီအမံများနှင့် ထိုအင်စတီကျူးရှင်းများကို မောင်းနှင်နေကြသည့်  နိုင်ငံတော်၏ အေးဂျင့်များအတွင်း ဒီမိုကရေစီနှုန်းစံ တန်ဖိုးများ အသွေးအသားကျ ဖြစ်တည် လာစေရေးအတွက် ပိုမိုနက်ရှိုင်းစွာ အရှိန်တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ယင်းသို့ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အများပြည်သူဆိုင်ရာ မူဝါဒများ ချမှတ်ခြင်းအပြင် လက်တွေ့လည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် တရားဝင် ရွေးကောက်ခံ အစိုးရနှင့် မိမိတို့၏ အင်အားအပေါ် အခြေပြု၍ အများပြည်သူတို့အရေးကို ဝင်ရောက် ဆုံးဖြတ် စီမံနေကြသည့် နိုင်ငံတော်၏ စစ်တပ်နှင့် နိုင်ငံတော် မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်ကျိုးစီးပွားနှင့် အင်စတီကျူးရှင်းဆိုင်ရာ ဖွဲ့စည်း တည်ဆောက်မှုများအတွင်း ဒီမိုကရေစီစနစ်သို့ ဦးတည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာရန်လည်း လိုအပ်နေပါသည်။

■ မြန်မာ အရပ်ဘက်လူ့အဖွဲ့အစည်း၏ ဒီမိုကရက်တိုက်ဇင်းအခန်း

အထက်တွင် ဆိုခဲ့သည့်အတိုင်း မြန်မာနိုင်ငံတွင်၊ အာဏာရှင် စစ်အစိုးရများက ၎င်းတို့အုပ်စိုးမှု ကာလတစ်လျှောက်လုံး ၎င်းတို့၏ ထိန်းချုပ်မှုမှ ကင်းလွတ်သည့် မည်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းကိုမျှ ရှင်သန်ခွင့် မပေးခဲ့သည့်အပြင်၊ တစ်သမတ်တည်းလည်း ရန်သတ္တရု ပြုနေခဲ့ပါသည်။ စစ်ခေါင်းဆောင်များ ဦးစီးသည့် အရပ်သားတစ်ပိုင်းအစိုးရ အာဏာရယူခဲ့သည့် နောက်ပိုင်း၊ ၂၀၁၁ ခုနှစ်တွင် အစပြုခဲ့သည့် မြန်မာစစ်အုပ်စု၏ ဖြေလျှော့မှုများက မျိုးဆက် ပြတ်လုနီးပါး အခြေအနေသို့ပင် ရောက်သွားခဲ့သည့် မြန်မာ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အခန်းကို ပြန်လည်ခွင့်ပြုခဲ့ပါသည်။ ယခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်သည့် ပိုမိုကျယ်ပြန့်သည့် အရပ်သားတစ်ပိုင်း အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ဖြစ်စဉ် ပိုမိုကျယ်ပြန့် မြန်ဆန်လာနေသည်ကို တွေ့ရပါသည်။ သို့ရာတွင် လက်ရှိ အသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အဆုံးအဖြတ် ကျသည့် အစိတ်အပိုင်းအများစုကို မြန်မာစစ်အုပ်စုက ၎င်းတို့ သဘောဆန္ဒအလျှောက် လွှမ်းမိုး ထိန်းချုပ်ထားဆဲ ဖြစ်သည်ကိုလည်း သတိချပ်ရန် လိုအပ်ပါသည်။ ယခု တစ်စတစ်စ ထင်ရှားလာနေသည့် အပေါ်မှ ပြဌာန်းသည့် အမျိုးသားဆင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ရေရာမှု နည်းပါးလာနေသည့် ကာလမျိုးတွင်၊ လွန်ခဲ့သည့် အရပ်သားတစ်ပိုင်း အစိုးရလက်ထက်ကမှ ပြန်လည် ပွားစည်လာသည့် မြန်မာ အရပ်ဘက် လူ့အဖွဲ့အစည်းသည် ယိမ်းယိုင်လာနေသည့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ် ဆက်လက်ရှေ့တိုး ဖြစ်ပေါ်နေစေရန်အတွက် အလွန်အရေးပါသည့် အခန်းမှ ပါဝင်ရန် လိုအပ်ပါသည်။ နိုင်ငံလူ့အဖွဲ့အစည်း တော်တော်များများအတွက် ဒီမိုကရက်တိုက်ဇေးရှင်းသည် ရှည်ကြာသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်နှင့်အညီ၊ အမျိုးသားအဆင့် သို့မဟုတ် ထိပ်သီး ခေါင်းဆောင်မှုအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ရန် လိုအပ်သည့် တစ်ပြိုင်နက်တည်းတွင်၊ အောက်ခြေ အများပြည်သူလူထု၏ ထဲထဲဝင်ဝင် ပါဝင်မှုဖြင့်သာ ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို တစ်ဆက်တစ်စပ်တည်း အကောင်အထည် ဖော်နိုင်မည် ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း နိုင်ငံတော်၏ ဦးဆောင်မှု ထိပ်ပိုင်းအဆင့်တွင် သိသာသည့် အပြောင်းအလဲများ ဖြစ်ပေါ်ရန် လိုအပ်နေသည့် နည်းတူ၊ အောက်ခြေမှ အစပြုပြောင်းလဲသည့် လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ စတင်ဖြစ်ပေါ်ရန်နှင့် ယင်းသို့သော ဖြစ်ပေါ်တိုးတက်မှုများ ရေရှည်တည်တံ့နိုင်စေရန်အတွက် လည်းကောင်း၊ အောက်ခြေဒေသတွင်းနှင့် အမျိုးသားအဆင့်တို့တွင် အသွင်ကူးပြောင်းရေး ကာလများအတွင်း ဖြစ်ပေါ်လေ့ရှိသည့် ပဋိပက္ခများကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်ရန်အတွက် လည်းကောင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း တစ်ရပ်၏ လုပ်ငန်းဆောင်တာများကို ဒီမိုကရေစီ နှုန်းစံများနှင့်အညီ နည်းလမ်းတကျ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်သည့် အားကောင်းသည့် အရပ်ဘက် လူမှုအသင်းအဖွဲ့များ မရှိမဖြစ် လိုအပ်ပါသည်။ ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲကြောင့်ဖြစ်စေ၊ တရွေ့ရွေ့ဖြင့် (ဖြစ်ဖို့ များသည့်) အာဏာရှင် အုပ်စုများ၏ ဆုတ်ခွာမှုကြောင့် ဖြစ်စေ ပေါ်ပေါက်လာနိုင်သည့် ဆုံးဖြတ်စီမံမှုဆိုင်ရာ လစ်ဟာမှုများကို အစားထိုးဖြည့်ဆည်းပေးရန်အတွက် အဆင်သင့်ဖြစ်နေကြရန် လိုအပ်ပါသည်။ လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း မတူကွဲပြားမှုများစွာ ရှိနေသည့် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတွင် ဆက်လက် အကောင်အထည်ဖော်နေသည့် အသွင်ကူးပြောင်းရေး ဖြစ်စဉ်အပေါ် အများပြည်သူတို့ ယုံကြည်မှု ရှိလာကြစေရန်နှင့် ပါဝင်ဆောင်ရွက်လာကြစေရန်အတွက် အားကောင်းသည့် အရပ်ဘက် လူ့အဖွဲ့အစည်း မဖြစ်မနေ လိုအပ်ပါသည်။

ထို့အပြင် ၁၉၆၀ ပြည့်နှစ်များ ကတည်းက မြန်မာစစ်အုပ်စု၏ အတင်းအကျပ် လွှမ်းမိုးထိန်းချုပ်မှုကို ခံထားခဲ့ရသည့် အရပ်သားပြည်သူများ မိမိတို့ နေ့စဉ်ဘဝကို မိမိတို့ဘာသာ လွတ်လပ်စွာ စီမံဆုံးဖြတ်နိုင်ခွင့်ကို ပြန်လည်ရယူ တည်ဆောက်နိုင်ကြရန်အတွက် ဆိုခဲ့ပါ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အကူအညီ လိုအပ်ပါသည်။ မြန်မာ အရပ်ဘက် လူ့အဖွဲ့အစည်းအနေဖြင့် ဒီမိုကရေစီနိုင်ငံများ အပါအဝင် ကမ္ဘာအနှံ့ အရပ်ဘက် လူ့အဖွဲ့အစည်းများကဲ့သို့ပင် အမျိုးသားအဆင့် ထိပ်သီးများအတွင်း သိသာသည့် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန်အတွက် စွမ်းဆောင်နိုင်ရည် အကန့်အသတ် ရှိကြပါသည်။ သို့ရာတွင် အောက်ခြေ အများပြည်သူလူထု၏ အင်တိုက်အားတိုက် ပါဝင်မှုကို အရပ်ဘက် လူ့အဖွဲ့အစည်း၏ ဦးဆောင်စည်းရုံး လှုံ့ဆော်မှုဖြင့်သာ ရရှိနိုင်မည် ဆိုသည်ကိုမူ ငြင်းပယ်နိုင်မည် မထင်ပါ။ ယင်းသို့သော အများပြည်သူတို့၏ ထဲထဲဝင်ဝင် ပါဝင်မှုမျိုး မပါရှိဘဲနှင့် ဗဟိုအဆင့် ထိပ်ပိုင်းမှ ဦးဆောင်ချမှတ် အကောင်အထည်ဖော်သည့် မည်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုမျှ ထိရောက် အောင်မြင်မည် မဟုတ်ဟု သုတေသနပြု လေ့လာမှုအများစုက တစ်ညီတစ်ညွတ်တည်း ဆိုကြပါသည်။

■ နိဂုံး

အရပ်ဘက် လူမှုအသင်းအဖွဲ့ တစ်ရပ်ရပ်သည် ၎င်း၏ လုပ်ငန်းဆောင်တာများကို နိုင်ငံရေး သာတူညီမျှမှု၊ အပြန်အလှန် သတင်းအချက်အလက် လဲလှယ်အသိပေးမှု၊ အပြန်အလှန် လေးစားမှု အသိအမှတ်ပြုမှု၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်မှု အစရှိသည်တို့နှင့်အညီ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ၊ ၎င်း၏ အသင်းအဖွဲ့ဝင်များကို ဆိုခဲ့ပါ ဒီမိုကရေစီနှုန်းစံ တန်ဖိုးများအပေါ် သက်ဝင်ယုံကြည်လာစေမည် ဖြစ်ပါသည်။ သို့နှင့်အမျှ ခိုင်မာသန်စွမ်းသည့် လစ်ဘရယ်ဒီမိုကရေစီကို အကာအကွယ်ပြုနိုင်သည့် လူမှုယုံကြည် ကိုးစားမှု၊ လူမှုသွေးစည်း ညီညွတ်မှု၊ သည်းခံနိုင်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် နိုင်ငံသား စွမ်းဆောင်ရည် မြင့်မားရေးတို့ကို တည်ဆောက် မြှင့်တင်နိုင်လာမည် ဖြစ်ပါသည်။ မြန်မာ အရပ်ဘက်လူ့အဖွဲ့အစည်းသည် လူမှုဖွံ့ဖြိုးရေးနှင့် အခြားသော လူမှုလိုအပ်ချက်များ အထောက်အကူပြု လုပ်ငန်းများတွင် အရှိန်အဟုန်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လာနိုင်နေပြီ ဖြစ်ပါသည်။ ထို့အပြင် ဒေသတွင်း အာဏာပိုင်များနှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အများပြည်သူဆိုင်ရာ ဆုံးဖြတ် ဆောင်ရွက်ချက်များကို စောင့်ကြည့်၊ ဝေဖန် အကြံပြုလာနိုင်ကြသည်နှင့်အမျှ၊ ဒေသတွင်း ဒီမိုကရေစီ စီမံအုပ်ချုပ်မှု ဖြစ်ထွန်း တိုးတက်လာရေးကိုလည်း အတိုင်းအတာ တစ်ခုအထိ အထောက်အကူပြုနိုင်နေကြပြီ ဖြစ်ပါသည်။

သို့အတွက် ပေါ်ထွန်းဆဲ မြန်မာ အရပ်ဘက်လူ့အဖွဲ့အစည်း အနေဖြင့်၊ ယခုလက်ရှိ မြန်မာနိုင်ငံ၏ ကွေ့ကောက် ရှုပ်ထွေးပြီး၊ အချိန်မရွေး ရပ်တန့်သွားနိုင်သည့် သို့မဟုတ် လစ်ဘရယ် မဟုတ်သည့် ဒီမိုကရေစီစနစ် တစ်မျိုးမျိုးသို့ နောက်ဆုတ် ပြောင်းပြန်၊ ပြန်လည် ထွက်သွားနိုင်သည့် အသွင်ကူးပြောင်းရေး ဖြစ်စဉ်များ ဆုံးခန်းတိုင်သည်အထိ ဆက်လက် ရှေ့တိုးဖြစ်ထွန်းနေစေရန် လိမ္မာပါးနပ်စွာ တွန်းထိုး ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ တစ်ပြိုင်နက်တည်းတွင် မြန်မာ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ယခုတိုင် ဖြစ်ထွန်းဆဲ အဆင့်တွင်သာ ရှိနေသေးသည့် မြန်မာ အရပ်ဘက် လူမှုအသင်းအဖွဲ့များ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်စီမံ ဆောင်ရွက်ခြင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း အစရှိသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်၏ နှုန်းစံတန်ဖိုးများကို အမှန်တကယ် တန်ဖိုးထား လက်ခံပြီး၊ ၎င်းတို့ အသင်းအဖွဲ့များ၏ နေ့စဉ်ဘဝတွင် အသွေးအသားကျ ကျင့်သုံးလာကြရေးအတွက် ဦးတည် တည်ဆောက်ကြရန် လိုအပ်နေဆဲ ဖြစ်သည်ဟု ဆိုပါမည်။ တစ်ပြိုင်နက်တည်းတွင် မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း ရှေ့ဆက် တိုးတက် ဖြစ်ပေါ်နေစေရေးနှင့် ရေရှည် တည်တံ့သည့် အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်ကို ထိရောက်စွာ အထောက်အကူ ဖြစ်စေသည့်၊ အင်တိုက်အားတိုက်လည်း ပါဝင်ကြသည့် အထူးပြည်သူလူထုမျိုးကိုလည်း ဝိုင်းဝန်းဖန်တီး တည်ဆောက်ပေးရန် တာဝန်ရှိသည်ဟု ဆိုပါမည်။

A Robust and Functioning Civil Society

By Min Khin Maung Yin

Most scholars agree that civil society plays a vital role in the success of a democratization process, while some scholars have been critical of the claims that civil society plays a democratizing role. However, there is an emerging consensus among scholars that civil society plays important roles in initiating and sustaining the process of democratic transition. As for Myanmar, the concept of civil society is new, as the development of civil society was suppressed during decades of military rule. Although the recently imposed political liberalization led by the Myanmar military has created more space for civil society to operate, the sector requires significant development to be effective. Whereas the democratic transition process of Myanmar has recently shown signs of losing its momentum, civil society – the only reliable social engine of the country – is not sufficiently robust. Instead of constantly criticizing the transitioning state, this article argues that civil society needs to reposition itself to play a supportive role in revitalizing Myanmar’s stagnating democratic reform process.

■ စာညွှန်း

၁  မင်းခင်မောင်ရင်သည် The University of New South Wales တွင် ပါရဂူဘွဲ့ ကျမ်းပြုနေသူဖြစ်သည်။

ကျမ်းကိုးစာရင်း

Aiyede, E. Remi (2003). The dynamics of civil society and the democratization process in Nigeria. Canadian Journal of African Studies, 37(1), 1-27.

Carothers, T., & Barndt, W. (1999). Civil society. Foreign policy, 18-29.

Cheng Guan, A. (2007). Political legitimacy in Myanmar: The ethnic minority dimension. Asian Security, 3(2), 121-140.

Collier, D., & Levitsky, S. (1997). Democracy with adjectives: Conceptual innovation in comparative research. World politics, 49(03), 430-451.

Diamond, L. (1999). Developing democracy: Toward consolidation. Baltimore: Johns Hopkins University Press.

Diamond, L. (1994). Toward democratic consolidation. Journal of democracy, 5(3), 4-17.

Fioramonti, L. (2005). Civil societies and democratization: Assumptions, dilemmas and the South African experience. Theoria: A Journal of Social and Political Theory (107), 65-88.

Francis, F. (1995). Trust: The social virtues and the creation of prosperity. Hamish Hamilton: London.

Gramsci, A. (1971). Selections from the Prison Notebooks. Nowell Smith, London: Lawrence and Wishart.

Heinrich, V., & Fioramonti, L. (Eds.). (2008). CIVICUS Global Survey of the State of Civil Society: Comparative Perspectives (Vol. 2). Bloomsfield: Kumarian Press.

International Crisis Group (2001). Myanmar: Role of civil society. Bangkok/Brussels: International Crisis Group.

Linz, J. J., & Stepan, A. (1996). Problems of democratic transition and consolidation: Southern Europe, South America, and post-communist Europe. Baltimore: Johns Hopkins University Press.

Putnam, R. D. (2000). Bowling alone: The collapse and the revival of American democracy. New York & London: Simon & Schuster.

Reiter, D. (2001). Does peace nature democracy?. The Journal of Politics, 63(03), 935-948.

South, A. (2004). Political transition in Myanmar: A new model for democratization. Contemporary Southeast Asia, 233-255.

South, A. (2008). Civil Society in Burma: The Development of Democracy amidst Conflict. Singapore & Washington: Institute of Southeast Asian Studies and East-West Centre.

Schmitter, P. C., & Karl, T. L. (1991). What democracy is… and is not. Journal of Democracy, 2(3), 75-88.

Schneider, C. Q., & Schmitter, P. C. (2004). Liberalization, transition and consolidation: Measuring the components of democratization. Democratization, 11(5), 59-90.

Smith, M. T. (2005). Ethnic Politics and Regional Development in Myanmar: The need for new approaches. In Hlaing, K. Y., Taylor, R. H., & Than, T. M. M. (Eds.), Myanmar: Beyond politics to societal imperatives. Singapore: Institute of Southeast Asian Studies.

Steinberg, D. I. (1997). A void in Myanmar: Civil society in Burma. In Burma Centre Netherlands and Transnational Institute (Eds.), Strengthening Civil Society in Burma: Possibilities and Dilemmas for International NGOs. Chiang Mai: Silkworm Books.

Steinberg, D. I. (2006). Civil society and legitimacy: The basis for national reconciliation in Burma/Myanmar. In Wilson, T. (Ed.), Myanmar’s long road to national reconciliation, Singapore: Institute of Southeast Asian Studies.

Taylor, R. (2013). Myanmar in 2012: mhyaw ta lin lin or Great Expectations. Southeast Asian Affairs, 189-203.

Taylor, R. (2009). The State in Myanmar. Honolulu: University of Hawaii Press.

Tocqueville, A. (1968). Democracy in America. London: Collins.

Way, L. (2014). Civil society and democratization. Journal of Democracy, 25(3), 35-43.

Windfuhr, M. (1999). Promotion of Civil Society in Developing Countries: The Example of European Development Cooperation. German Development Institute Briefing Paper 6.

About the author

Min Khin Maung Yin

မင်းခင်မောင်ရင်သည် The University of New South Wales တွင် ပါရဂူဘွဲ့ ကျမ်းပြုနေသူ တဦး ဖြစ်သည်။

Add comment