ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

■ ဦးအောင်မျိုးမင်း

ဦးအောင်မျိုးမင်းသည် ညီမျှခြင်းမြန်မာ (Equality Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ပါသည်။ ထိုအဖွဲ့သည် ယခင်က လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) အမည်ဖြင့် ထင်ရှားခဲ့သောအဖွဲ့ ဖြစ်ပါသည်။ ဦးအောင်မျိုးမင်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ စစ်တပ် အာဏာသိမ်းအပြီးတွင် ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင်သွားခဲ့ပြီး ပြည်ပတွင် ၂၃ နှစ်ကြာ တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီတပ်ဦး၏ နိုင်ငံခြားရေးဌာန အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်မှ လူ့အခွင့်အရေး မဟာဘွဲ့ကို ရယူခဲ့သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်စဉ်အတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လှုံ့ဆော်မှုများ လုပ်ဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ လူ့အခွင့်အရေး မှတ်တမ်းတင်ဌာနတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)ကို ထိုင်းနိုင်ငံတွင် ထူထောင်ခဲ့ပြီး လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ စာအုပ်များစွာကို ရေးသား ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး ညီမျှခြင်းမြန်မာအဖွဲ့ အမည်ဖြင့် လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ၊ လူ့အခွင့်အရေး လှုံ့ဆော်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသည်။ ယနေ့အချိန်အထိ လူ့အခွင့်အရေးဆုပေါင်း (၇) ဆုကို လက်ခံ ရရှိထားသည်။

■ မေး ။   ။ မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တာဝန်နဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် ဘယ်လိုမျိုး ခံယူထားလဲ။

■ ဖြေ ။   ။ အရပ်ဘက် လူမှုအဖွဲ့အစည်းဆိုတာ အမှန်တော့ အစိုးရတွေရဲ့ policy တွေကို စောင့်ကြပ်မှုတွေရှိမယ် ဒါနဲ့ပတ်သက်ပြီး လိုအပ်သော အကြံဉာဏ်ပေးမှုတွေ လုပ်ဆောင်တာ ရှိမယ်။ ဒီလုပ်ငန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ အစိုးရတစ်ရပ်ထဲ အကောင်အထည်ဖော်လို့ မရတဲ့အချိန်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း ပူပေါင်း ပါဝင်ပြီးတော့ လုပ်ဆောင်တာတွေ ရှိမယ်။ ပြောရမယ်ဆိုရင် စောင့်ကြပ်တာရယ်၊ ဖြေရှင်းနိုင်တဲ့ ဖြေရှင်းမှုကိရိယာရယ်၊ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်း အဲဒါမျိုးတွေကို အရပ်ဘက် လူမှုအဖွဲ့အစည်းရဲ့တာဝန်တွေလို့ ပြောချင်ပါတယ်။

■ မေး ။   ။ အခုဆိုရင် အစိုးရအသစ် တက်လာပြီး နောက်ပိုင်းမှာ အရင်က ဆောင်ရွက်တာနဲ့ အခုလုပ်တာနဲ့ ကြားထဲမှာ ရပ်တည်ချက် သဘောအရရော၊ အမြင်သဘောအရရော၊ ကရုဏာ သဘောအရရော၊  အရပ်ဘက် အဖွဲ့အစည်းအနေနဲ့ ပြောင်းလဲသွားတာ ရှိလား။ အစိုးရအသစ် တက်လာပြီ၊ လူထုကလည်း ငါတို့အရပ်သားအစိုးရ ဆိုတာ ပြောင်းလဲသွားတာ ရှိလား။ ဒါမှမဟုတ် ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် တောက်လျှောက် အရပ်ဘက် အဖွဲ့အစည်းနဲ့ နိုင်ငံတော်ကြားထဲမှာ အရပ်ဘက်နဲ့ နိုင်ငံတော်နဲ့ ဆက်ဆံရေးရဲ့ state society relation က အခု အစိုးရသစ် နောက်ပိုင်းမှာ ပြောင်းလဲ လာတဲ့သဘော သက်ရောက်ပြီလား။ ဒါမှမဟုတ်ရင်လည်း ကိုအောင်မျိုးမင်းတို့အနေနဲ့ နိုင်ငံတော်နဲ့ လူအဖွဲ့အစည်းမှာ state society relation ကို ဘယ်လိုပုံစံမျိုး မျှော်လင့်ကြသလဲ။

■ ဖြေ ။   ။ အရင်အစိုးရ ခေတ်တုန်းကတော့ ကျွန်တော်တို့က ဒီလိုမျိုး အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေခေါ်ပြီး တွေ့တာ၊ ပြောဆိုတာ သမ္မတဟောင်း ဦးသိန်းစိန် လုပ်ခဲ့တာမျိုး ရှိတယ်။ ဒါပေမဲ့  အဲဒီနေရာမှာ ဘာအခက်အခဲ ရှိလဲဆိုတော့ တစ်ခါတွေ့ပြီးတဲ့ နောက်ပိုင်း ဘာမှပြန်မတွေ့တဲ့ဟာမျိုး အဲဒါမျိုး ရှိတယ်။ ဒါပေမဲ့ ဒီအစိုးရ လက်ထက်ကျ တစ်မျိုးဗျ။ ဒီအစိုးရ လက်ထက်ကျတော့ ကျွန်တော်တို့မှာ အောက်ခြေမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တို့လို အချို့သော ဝန်ကြီးတွေအပိုင်းတွေမှာ တွေ့ဆုံမှုတွေ ပိုရှိတယ်၊ ကျွန်တော်တို့ကို ပိုမိုကြိုဆိုပြီးတော့ အယူအဆတွေကို ပြောတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အစိုးရအသစ် တစ်ရပ်ရဲ့ policy အရပ်ဘက် လူမှုအဖွဲ့အစည်းအပေါ် ဘယ်လို သဘောထားလဲဆိုတဲ့ policy သူတို့နဲ့ ဘယ်လိုမျိုး တွေ့ဆုံပြီးတော့ ဘယ်လိုမျိုး လုပ်ကိုင် ဆောင်ရွက်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ အဲဒါတွေတွေ့ရတယ်။ အောက်ခြေပိုင်းမှာက အရင်ကထက် ပိုမိုပြီး တွေ့နိုင်တာမျိုး ရှိတယ်။ ဒါပေမဲ့ အစိုးရ တစ်ရပ်လုံးရဲ့ policy ပိုင်းမှာ ခုချိန်အထိ အတိအကျ မသိသေးဘူး။ ဒါပေမဲ့ စကားလုံးထဲမှာတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းက အရေးကြီးတယ်၊ ဒါပေမဲ့ တွေ့သင့်တယ်ဆိုတဲ့ ဟာမျိုး ပြောပေမယ့် အဲဒါကို ကိုယ်စားပြုပြီး တကယ်တမ်း သက်သေပြနိုင်သော တွေ့ဆုံမှုမျိုးတွေ၊ အရပ်ဘက် အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကို ဘယ်လောက်အထိ လေးစားပါတယ်ဆိုတဲ့ policy မျိုးတွေ ရက် ၁၀၀ မှာလည်း မတွေ့သေးဘူး၊ အခုထက်ထိလည်း မတွေ့သေးဘူး။

■ မေး ။   ။ အဲတော့ လူမှုစီးပွားရေးနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှု ကင်းမဲ့တာတွေ၊ social justice၊  ဘာသာရေးတို့၊ တိုင်းရင်းသားရေးတို့ အဲလိုကိစ္စတွေမှာ နောက်ဆုံး ကုန်ကုန်ပြောရရင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ကိုယ်တိုင် ရှင်သန်ရပ်တည်ရေး ဆိုတာလည်း လိုတယ်။ အဲလိုကိစ္စတွေမှာ အစိုးရနဲ့ပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်နဲ့ပဲဖြစ်ဖြစ်၊ သဘောထားကွဲလွဲမူတွေ ရှိလာတယ်ဆိုတော့ ဒါဖြစ်လာလို့ရှိရင် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အစိုးရသစ် လက်အောက်မှာ ဘယ်လိုမျိုး လှုပ်ရှားဆောင်ရွက်မူတွေ၊ ဘယ်လိုမျိုး ဆန္ဒထုတ်ဖော် ဖြေရှင်းသွားတာမျိုးတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ။

■ ဖြေ ။   ။ ကျွန်တော်တို့ကတော့ နည်းလမ်းပေါင်းစုံ လုပ်ရမှာပါ။ အရင်တုန်းကလည်း ဒီလိုမျိုးကိစ္စတွေကို ဖိနှိပ်တဲ့ ဥပဒေကြားထဲမှာ ဖိနှိပ်တဲ့ အစိုးရကြားမှာ လုပ်ခဲ့တယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့ နည်းလမ်းက နည်းတာပေါ့။ အထူးသဖြင့် ဒါမျိုးကိစ္စ လုပ်မယ်ဆိုရင် အစိုးရကို တင်ပြပြောဆိုမယ် လှုံ့ဆော်မယ်ဆိုရင် လမ်းပေါ်ထွက်တာပဲ မြင်ကြတယ်။ အခုကျတော့ ကျွန်တော်တို့က နည်းနည်း တံခါးပေါက်တွေက နည်းနည်းကျယ်လာတယ်။ တံခါးပေါက်တိုင်းက ဒိုးယိုပေါက်ပဲ ဖွင့်ထားတာ မဟုတ်ဘူး ဖွင့်သလိုနဲ့ ပိတ်နေတာရှိတယ်။ သော့ ရှာမတွေ့တာတွေ အများကြီးရှိတယ်။ အဲတော့ ကျွန်တော်တို့မှာ ခုနက လမ်းပေါ်ထွက်တဲ့ဟာ တစ်ခုတင်မကပဲနဲ့ အခြားသော နည်းလမ်းတွေ ပြောမယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ကျွန်တော်တို့နဲ့လည်း ရင်းနှီးပြီးသား သူတို့မှာလည်း  ဒီအရပ်ဘက် အဖွဲ့အစည်းကို နားလည်ပြီးသားဆိုတော့ သူတို့ကတစ်ဆင့် သွားတဲ့အရာမျိုး ကျွန်တော်တို့ ရှိတယ်။ ဒါတွေက အလုပ်ကိစ္စပေါ့။ နောက်တစ်ခုကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ကြီးဌာနတွေ တွေ့တဲ့အခါ ဒီအပိုင်းကြတော့ ကျွန်တော်တို့က လမ်းကြောင်းတွေ ရှိသေးတယ်။ ဒါပေမဲ့ မူချထားတာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဝန်ကြီးတွေရဲ့ တစ်ဦးချင်း စိတ်ဆန္ဒတွေမှာ မူတည်နေတယ်။ တွေ့တဲ့ဝန်ကြီးက တွေ့တယ်၊ မတွေ့တဲ့ဝန်ကြီးက မတွေ့ဘူး။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ ပြောကြားချက်ကို ဘယ်လိုမျိုး အသိအမှတ်ပြုမလဲ ဆိုတာလည်း မူအရမဟုတ်ဘဲနဲ့ လူအရဖြစ်တယ်။ အဲဒီအပိုင်းမှာ အားနည်းတယ်။ နောက်တစ်ခု အဆိုးဆုံးကတော့ ကျွန်တော်တို့ ဒီတရားစီရင်ရေး အပိုင်းပါ။ တရားစီရင်ရေးအပိုင်းက သပ်သပ်ကြီးဖြစ်ပြီးတော့ ကျွန်တော်တို့တွေ ပြောနေတဲ့ အချက်တွေကိုလည်း သိပ်နားမလည်ဘူး။ တရားစီရင်ရေးအပိုင်းက အရပ်ဘက်လူ့အဖွဲ့အစည်းကို သူတို့က မသိဘဲ မတတ်ဘဲ ပြောနေတဲ့ လူမျိုးဆိုတဲ့ အစွဲက အမြဲတမ်း ပြဿနာရှိတယ်။ ကျွန်တော်တို့မှာ အလိုလို ဒိုင်ယာလော့က ပိတ်နေတယ်။ အမှန်တော့ ကျွန်တော်တို့က ဟုတ်ပါတယ်၊ ဥပဒေပညာရှင် မဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေထဲမှာ တချို့သော ဥပဒေ အားနည်းကြောင့် လူတွေရဲ့ဘ၀ နေ့စဉ် social judgement နဲ့ ပတ်သက်ပြီး ထိခိုက်တာ ရှိတယ်။ ဒါပေမဲ့ ဥပဒေသမားတွေက ဒါ ဥပဒေ၊ ဒါ မှန်တယ်၊ မှားတယ် ဆိုတဲ့ အစွဲမျိုး ရှိနေတော့ ဘယ်လိုမှ ဒိုင်ယာလော့ဖြစ်မှာ မဟုတ်ဘူး။ အဲတော့ ကျွန်တော်တို့ ဘက်ပေါင်းစုံတွေ့ဖို့အတွက် ပူးပေါင်း လုပ်ဆောင်တာ ရှိတယ်။ ဒါပေမဲ့ တချို့တွေမှာ အစိုးရကြောင့် ဖြစ်သွားတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အရပ်သားပြဿနာကို မီးထွန်းရှာနေတဲ့ လူတွေ၊ အစိုးရ ဘာလုပ်လုပ် မကောင်းပြောနေတဲ့ လူတွေ၊ ပြဿနာရှာမဲ့ လူတွေလို့  မြင်တဲ့အမြင်က တစ်ခါတလေ ကျွန်တော်တို့ဘက်က လမ်းခင်းပြီး တွေ့ချိန်တောင် မရဘူး။ အမှန်တော့ တစ်ခါတလေ ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းကလည်း တစ်ခါတလေ အစိုးရကို မှားတဲ့ဟာ ထိုင်ပြောတာကို advocacy လို့ ထင်တယ်။ အစိုးရမကောင်းတာ များများပြောနိုင်လေလေ ဒါ ထင်ရှားလေ advocacy ဖြစ်တယ်လို့ ထင်တယ်။ အမှန်တော့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေပြောတဲ့ advocacy က မှားတာကို မှားတဲ့အတိုင်း ပြောရမယ်။ မှန်တာကိုလည်း အသိအမှတ်ပြုရမယ်။ မှားနေတဲ့ အားနည်းတဲ့အချက်ကို ဘယ်လိုမျိုး ကောင်းအောင် လုပ်မလဲဆိုတဲ့ solution လည်း ကျွန်တော်တို့ ပေးနိုင်ရမယ်။ Problem ကြီးကို သွားထောက်ပြတာက advocacy မဟုတ်ဘူး။ Problem နဲ့အဲဒီ ပြဿနာကို တင်ပြပြီးတော့ solution ကို ဘယ်လိုချမလဲဆိုတဲ့ မှန်ကန်တဲ့ advocacy ကို တစ်ခါတလေ အစိုးရက အဲ့ဒါကိုလည်း နားမလည်ဘူး။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း နားမလည်ဘူး။ အဲဒါက ကျွန်တော်တို့အတွက် အဓိက စိန်ခေါ်မှု ဖြစ်တယ်။ အဲတော့ အခုလောလောဆယ်ကတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လမ်းကို ဖွင့်နိုင်မလဲ။ ဘယ်လမ်းကြောင်း သွားနိုင်မလဲ။ လမ်းကြောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့တွေက တိုင်းပြည်က ပြဿနာလို့ ဖော်ထုတ်တာ မဟုတ်ဘူး။ တိုင်းပြည်က အစိုးရရဲ့ လုပ်ဆောင်သင့်တဲ့ အရာတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဘာတွေ တာဝန်ယူသင့်လဲ ဆိုတာကို တင်ပြတဲ့ လမ်းကြောင်းတော့ နည်းပေါင်းစုံနဲ့ ဆက်သုံးသွားမှာပါ။

■ မေး ။   ။ ၂၁ ပင်လုံ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်တဲ့အခါ ဒီမှာရော အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်ခွင့်နဲ့ ပတ်သက်ပြီး နံပါတ် (၁) က တိုင်းရင်းသားအရေးဆိုရင် အားရမှု ရှိသလား။ နံပါတ် (၂) ကတော့ ဒီတိုင်းရင်းသား အခြေပြုနဲ့ ဗမာအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေ ရှိနေကြတယ်။ အဲဒီနှစ်ခုကြားထဲမှာရော ဆက်စပ်မှုတွေ အားရလား၊ နိုင်ငံတော်အဆင့်မှာ လုပ်တဲ့ forum မှာ ညီလာခံမှာ ပါဝင်ခွင့် ရှိ မရှိဆိုတဲ့ အနေအထားတစ်ခု နောက်တစ်ခုက ကိုယ့်အောက်ခြေမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မူ ရှိ မရှိ အနေအထားတွေ ဘယ်လိုအခြေအနေ ရှိနေပါသလဲ။

■ ဖြေ ။   ။ အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပါဝင်စရာ မလိုဘူးဆိုတဲ့အချက်က ကျွန်တော်တို့ စိတ်တော့ မကောင်းဘူး၊ ဘာကြောင့်လဲဆိုတော့ ဒါက မှားယွင်းတဲ့ဟာပဲ။ ဒေသတစ်ခုမှာဆို  ဒီငြိမ်းချမ်းရေးမှာ လူထုလူတန်းစားတွေ ပါတယ်။ ခုနကပြောသလို ကျွန်တော်တို့ ဒီကိစ္စလုပ်ဆောင်မယ့် အဖွဲ့တွေ၊ ကျွန်တော်တို့ တိုင်းရင်းသား လူထု၊ အရပ်ဘက် လူထုအဖွဲ့အစည်းတွေ ပါတယ်။ အဲဒီတော့ ဆုံးဖြတ်ချက်တွေ ဒီဟာတွေ ချမှတ်ဖို့အတွက် အဖြေရှာမယ့် နည်းလမ်းတွေကို ဒီလိုမျိုး မပါချင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်တယ်လို့ ကျွန်တော်တို့ ယူဆပြီးတော့ ကျွန်တော်တို့ ပါအောင် လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပါခွင့်ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဆွေးနွေးခွင့် မရှိဘူူး၊ လေ့လာသူအနေနဲ့ ကာလတော့ တော်တော်များများကတော့ ဒီတစ်ဆင့်ကတော့ အားလုံးက ကိုယ့်အယူအဆကို တင်ပြတဲ့ စာတမ်းဖတ်ပွဲပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီထက်ပိုမိုပြီးတော့ စာတမ်းဖတ်ပွဲမှာ တင်ပြပိုင်ခွင့် အယူအဆတွေ အပြန်အလှန် ဆွေးနွေးပိုင်ခွင့်ရှိတဲ့ လုပ်ငန်းစဉ် ထူထောင်မယ်ဆို ဒီထက်ပိုပြီးတော့ အဓိပ္ပာယ်ပြည့်စုံတဲ့အရာမျိုး ရှိလာလိမ့်မယ်။ ခုနက မေးတဲ့အထဲမှာ တိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆိုတာ ရှိလာလိမ့်မယ်။ တချို့က ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အားကိုယူပြီးတော့ လုပ်ဆောင်ရတဲ့ ရန်ကုန်အခြေစိုက် လူမျိုးကြီးအခြေစိုက်တဲ့ အရပ်ဘက် အဖွဲ့အစည်း၊ လူနည်းစုအခြေခိုင်မှာ issue ကြီးက ကွဲတဲ့ အခါကျတော့ ဒါပေမဲ့ အားလုံးရဲ့ ရည်ရွယ်ချက်တူတဲ့ အရာမျိုးတွေ ရှိတယ်။ ဘယ်နေရာ သွားတူလဲဆိုတော့ မြစ်ဆုံလို ဟာမျိုးကြတော့ သွားတူနေပြန်ရော။ တိုင်းရင်းသားဆိုတာ မရှိတော့ဘူး၊ မြန်မာဆိုတာ မရှိတော့ဘူး၊ အကုန်လုံးက ဒါတည့်ကြတယ်။ အဲဒါက ကျွန်တော်တို့ အားကောင်းချက်ပဲ။  ဒါပေမဲ့ တစ်ခါတလေ ကျတော့ရှိရင် တစ်ခါတလေ ဖွင့်ထားတဲ့ အဖွဲ့အစည်းရဲ့ မန်းဒိတ်နဲ့ ရည်မှန်းချက် ကိုယ်တိုင်က ပေါင်းဖို့ မဟုတ်ဘူး၊ ငါတို့ သီးခြားလုပ်ဖို့ဆိုတဲ့ အရာမျိုး ဖြစ်တဲ့အချိန်မှာ ပြဿနာက တက်တာပဲ။ အဲဒီ ပြဿနာတက်တဲ့ အထဲထဲမှာမှ ဒီလိုမျိုး ကိုယ်အဖွဲ့မှာ ပါဝင်ပြီး စိတ်ဝင်စားဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးဖို့၊ အထင်မှားဖို့ဆိုတဲ့ အယူဝါဒအစွဲကြီးက အခြေခံပြီး ဖြစ်လာပြီး  ပြဿနာ တက်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ပြဿနာ မဟုတ်ဘူး။ သမိုင်းစဉ်မှာ ဖြစ်လာတဲ့ ပြဿနာ၊ ဒါပေမဲ့ အဲဒီဟာကြီးကို ခုချိန်ထိ စွဲထားတော့ မြန်မာဆိုတာ မကောင်းဘူးဆိုတဲ့ အစွဲရှိနေရင် ဘယ်သူလုပ်လုပ် မကောင်းမြင်နေမှာပဲ။ အဲလိုမျိုးဟာ ရှိလို့ရှိရင် တော်တော်ကို ပြဿနာတက်တယ်။ ဒီတော့ ကျွန်တော်တို့လည်း အမြင်ကျယ်ဖို့ လိုတယ်။ ကျွန်တော်တို့ လုပ်နေတာ နိုင်ငံရဲ့ best interest နော်၊ အကျိုးစီးပွားကို ပြည်သူပြည်သား အားလုံး အကျိုးစီးပွားအလုပ်ကို ဦးတည်တယ်ဆိုတာကို သိလို့ရှိရင် အားလုံး အဆင်ပြေတယ်။ ဒါပေမဲ့ ပြည်သူပြည်သား အကျိုးစီးပွားလုပ်တာ ငါတို့ မပါဘူး။ ငါတို့ သီးသန့်လွတ်နေတာ ဆိုလို့ရှိရင် ကိုယ့် ကိုကိုယ် ပြည်သူပြည်သားလို့ မသတ်မှတ်သလို နိုင်ငံသားအဖြစ် မသတ်မှတ်တဲ့ အချိန်တွေမှာ ကျွန်တော်တို့က ပြဿနာတွေ အကြီးအကျယ် တက်လာတယ်။ အဲဒါက ကျွန်တော်တို့ လက်ရှိ ကြုံတွေ့နေရတယ်။ အရင်တုန်းက ရှိနေခဲ့တဲ့ Divide and Rule က အခုချိန်ထိ အရပ်ဘက် လူမှုအဖွဲ့အစည်းမှာ Divide and Rule ဖြစ်နေတာ။ ကျွန်တော်တို့ တကယ့်ကို ဝမ်းနည်းစရာ ရှိလာတယ်။ အကုန်လုံး မဟုတ်ပါဘူး တချို့နေရာတွေပါ။ အစွဲကြီးလာလေလေ လုပ်ဆောင်ရ ခက်လာလေလေ ဖြစ်လာပါတယ်။

■ မေး ။   ။ နောက်ဆုံး မေးခွန်းပေါ့လေ။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ကိုယ်စားပြုမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု နည်းတယ်၊ ဒီအဖွဲ့တွေက ဒေါ်လာစားတွေပဲ၊ ပြဿနာရှာဖို့ သက်သက်ပဲဆိုတဲ့ အမြင်မျိုးနဲ့ ပြောတယ်။ ခုနတုန်းကတော့ ပြဿနာရှာတဲ့အကြောင်း ပြောသွားတယ်။ အဲလိုမျိုး ပြောတာနဲ့ ပတ်သက်ပြီးတော့ တုံ့ပြန်မယ်ဆိုရင် ဘယ်လိုမျိုး တုံ့ပြန်မလဲ။

■ ဖြေ ။   ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ခုနက ကျွန်တော် တစ်ခု လက်ခံထားတာကတော့ ကိုယ်စားပြုမှု အဲဒီအပိုင်းကိုတော့ ကျွန်တော် နားလည်တယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဘယ်သူမှလည်း ကိုယ်စား တစ်ယောက်ထဲပြုလို့ မရဘူး။ issue တွေက တူလည်း မတူဘူး။ နောက်တစ်ခါ အယူအဆတွေလည်း မတူဘူး။ ဒါပေမဲ့ အဲဒီလိုကိစ္စတွေကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ဟာ ဆိုလို့ရှိရင် ကိုယ်စားပြုတဲ့သူ ဆိုတဲ့အရာဟာ မဟုတ်ဘဲ ကိုယ်စားပေးတဲ့ message ကတော့ ကျွန်တော်တို့ ရှင်းပါလိမ့်မယ်။ လူဘယ်သူသွားသွား မဟုတ်ဘူး ကိုယ်စားပြုတာ မဟုတ်ဘူး ဒီလူရဲ့  အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ကိုယ်စားပြုပြီး သယ်ဆောင်သူ ဆိုလို့ရှိရင် အဲဒါကတော့ ပိုအဆင်ပြေလိမ့်မယ်။ ကိုယ်စားပြုပြီးတော့ representative ဆိုလို့ရှိရင် ဘယ်သူမှ ကြိုက်မှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာလည်း အတ္တတွေက ရှိနေတော့။ တချို့ကလည်း ကိုယ်စားပြုပြီး သွားလို့ရှိရင် ဒီမှာဆွေးနွေးတာ မဟုတ်ဘဲနဲ့ ကိုယ့်အကြောင်းပဲ ကိုယ်ပြောပြီးတော့ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်လုပ်ခဲ့တဲ့ ဟာမျိုးတွေရှိတော့ ကိုယ်စားပြုမှုဆိုတဲ့အစား message delivery  ပုံစံမျိုးဆိုရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်။ ဒေါ်လာစား အဲဒီလိုဆိုရင် ဒီက လူတွေကတော့ မြန်မာကျပ် မစားကြဘူးလား။ အဓိကက ကိုယ်တန်ရာတန်ရာ လုပ်တဲ့ကိစ္စကို တန်ရာတန်ကြေး ယူပြီးတော့ လုပ်တာက ကျွန်တော်တို့အမှား မဟုတ်ဘူး။ ကျွန်တော်တို့လုပ်တဲ့ လုပ်ငန်းကို မှန်ကန်တယ်၊ မှန်ကန်တာကိုလဲ သက်သေပြနိုင်တယ်။ ပေးတဲ့သူကလည်း ဒါကို ကျွန်တော်တို့ ကျေနပ်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ကိုယ့်အတွက် မဟုတ်ဘဲနဲ့ ပြည်သူအတွက် ဆိုတဲ့ဟာကို အမှန်တကယ် လုပ်လို့ရှိရင် ဘာပဲစားစားဗျာ သီလသန့်ဖို့ လိုတယ်။ ဒေါ်လာစားစား ကျပ်ပဲစားစား ကိုယ်လုပ်တဲ့ လုပ်ငန်းကို သီလပြည့်တယ်။ ကိုယ်ဘာမှ လိပ်ပြာမလုံစရာ မရှိဘူးဆိုလို့ရှိရင် ဒါ ပြဿနာမရှိဘူး။ အကုန်လုံးပဲ အရင်အစိုးရတောင်မှ သူ့တိုင်းပြည်ကို စောင့်ရှောက်ဖို့ ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက် နိုင်ငံတကာကို ပတ်ပြီးတော့ ပိုက်ဆံရှာရတာပဲ။ ကျွန်တော်တို့လည်း ကျွန်တော်တို့လုပ်ချင်တဲ့ဟာ မွန်မြတ်တယ်၊ လုပ်ဖို့ လိုအပ်တယ်၊ လုပ်လည်း လုပ်နိုင်တယ်၊ ဒေါ်လာကို စားတယ်။ ဒါပေမဲ့ ဒေါ်လာကို အလွဲသုံးစားလုပ်ပြီးတော့ မသမာတဲ့နည်းနဲ့ မဟုတ်ဘူးဆိုတာကို ပြနိုင်တယ် ဆိုရင်တော့ ဒါ သဘာဝကျပါတယ်။

About the author

The Editor

Add comment