NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း

N

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း

■ မေး။    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ ပညာရေးကလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်နဲ့ ပညာရေး အဆက်အစပ်ကို အရိုးရှင်းဆုံးဘယ်လို နားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။    ဖက်ဒရယ်စနစ် ထူထောင်တော့မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရပါမယ်။ ကိုယ်ပိုင်ပြဌာန်း ဆိုရာမှာလည်း ပညာရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်ထဲမှာလည်း ထည့်ရပါမယ်။ ပညာရေးဆိုင်ရာကိုယ်ပိုင်ပြဌာန်းခွင့်မှာ ကိုက်ညီတဲ့ ပညာရေးစနစ် လိုတယ်။ ကျွန်တော်တို့နိုင်ငံက ဒီလို တိုင်းရင်းသားလူမျိုးများစွာ နေထိုင်သောနိုင်ငံ ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ သူတို့နဲ့ကိုက်ညီတဲ့ ပညာရေး ဖြစ်ဖို့ဆိုရင် ဒေသဆိုင်ရာ တန်ဖိုးတွေနဲ့ကိုက်ညီတဲ့ ဒေသဆိုင်ရာ လိုအပ်ချက်၊ ဒေသဆိုင်ရာ အသုံးအနှုန်း အခေါ်အဝေါ် စသည်ဖြင့် သင်ရိုးညွှန်းတန်းလည်း လွတ်လပ်ခွင့်ရှိဖို့ လိုတယ်။ အထူးသဖြင့် ဘာသာစကား တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်တာ ဖြစ်တဲ့အတွက် တိုင်းရင်းသား ဘာသာစကားတွေ လွတ်လပ်ခွင့်ရှိဖို့ လိုပါတယ်။ အထူးသဖြင့် ပညာရေးမှာဆိုလျှင် ဒီကျောင်းသားတွေက သူတို့နားမလည်တဲ့ ဘာသာစကားနဲ့ သင်ရတာ အဲဒီအခါကျရင် ပညာရေးမှာ အခက်အခဲရှိတယ်။ အထူးသဖြင့် ကျောင်းမှာ မပျော်ဘူး။ ဆရာ ပြောတာ နားမလည်ဘူးဆိုရင် ကျောင်းစောစော ထွက်ရတယ်။ ပညာရေးမှာ ကလေးတွေက သူတို့နားလည်တဲ့ ဘာသာစကားနဲ့ သင်တဲ့အခါကျမှ ကျောင်းမှာ ပျော်တယ်။ သူတို့ ဆရာမက နားလည်တဲ့အတွက် သူတို့သင်သမျှ ဘာသာအားလုံးကို နားလည်နိုင်စွမ်း ရှိတယ်။ သချာၤ၊ ပထဝီ၊ သိပ္ပံ စသည်ဖြင့်။ အဲဒီတော့ ပညာရေးလွတ်လပ်ခွင့်မှ သက်ဆိုင်ရာ တိုင်းရင်းသားတွေက ဘာသာစကား လွတ်လပ်ခွင့် ရှိဖို့လိုပါတယ်။ အဲတော့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်တဲ့အခါ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ဒီပညာရေးဆိုင်ရာ လွတ်လပ်ခွင့်၊ ဘာသာစကားဆိုင်ရာ လွတ်လပ်ခွင့် ရှိဖို့လိုပါတယ်။ သင်ရိုးညွှန်းတန်းလွတ်လပ်ခွင့် ရှိရပါမယ်။ နောက်ပြီး ဆရာတွေ ခန့်ထားတဲ့နေရာမှာ အခုစနစ်က ဗဟိုကချုပ်ကိုင်တဲ့အတွက် ဒေသနဲ့ မကိုက်ညီတဲ့ ဆရာတွေ များပါတယ်။ နောက် ဘာသာစကား နားမလည်ဘူး။ ဒေသဆိုင်ရာ ယဉ်ကျေးမှုကို နားမလည်တဲ့ဆရာတွေ ဖြစ်လာတယ်။ အဲတော့ အခက်အခဲဖြစ်တယ်။ ဆရာတွေမှာလည်း သင်ကြားရတာ အခက်အခဲဖြစ်တယ်။ ဒီဆရာနဲ့ သင်ရတဲ့ ကျောင်းသားတွေမှာလည်း အခက်အခဲ ဖြစ်တယ်။ အဲတော့ ဒေသဆိုင်ရာ ပညာရေးလွတ်လပ်ခွင့်မှာ သူ့ဒေသနဲ့ ကိုက်ညီတဲ့ ဆရာခန့်ထားရေး အရေးကြီးတယ်။ အဲဒါကြောင့် ဖက်ဒရယ်နိုင်ငံ ထူထောင်တော့မယ်ဆိုရင် ပညာရေး လွတ်လပ်ခွင့်က အရေးကြီးတယ်။ သက်ဆိုင်ရာ လူမျိုးအလိုက် သူတို့ရဲ့ သင်ရိုးညွှန်းတန်းဆိုင်ရာ လွတ်လပ်ခွင့်၊ ဘာသာစကားဆိုင်ရာ လွတ်လပ်ခွင့်၊ ဆရာတွေခန့်ထားတဲ့အခါ လွတ်လပ်ခွင့် အဲဒါတွေရှိဖို့ လိုပါတယ်။

■ မေး။     တချို့ကလည်း တိုင်းရင်းသား လူမျိုးအလိုက် သင်ရိုးလွတ်လပ်ခွင့်တို့၊ မိခင်ဘာသာစကား အခြေပြုပညာရေးတို့ စတာတွေဟာ လက်တွေ့ မကျသေးဘူး။ လတ်တလော မဖြစ်နိုင်သေးဘူး ဆိုပြီး ပြောတာတွေ ရှိပါတယ်။ ဆရာ့ သုံးသပ်ချက် သိပါရစေ။

ဖြေ။    ဗဟိုချုပ်ကိုင်တဲ့ သင်ရိုးညွှန်းတန်းကတော့ ဗဟိုက ချမှတ်တယ်။ အဲဒီ သင်ရိုးညွှန်းတန်းက ပြည်နယ်တွေနဲ့ မကိုက်ညီဘူး။ ဒါ လက်တွေ့မှာ ရှိတယ်။ အခု ဗဟိုကချမှတ်တဲ့ သင်ရိုးညွှန်းတန်းမှာ လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှု လွှမ်းနေတာ တွေ့တယ်။ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို ထင်ဟပ်ထားတာ မရှိဘူး။ အဲဒါ လက်တွေ့မကျတာ ဖြစ်နေတယ်။ အထူးသဖြင့် ဗမာနိုင်ငံသမိုင်းမှာ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတန်းမှာ ပါဝင်တဲ့ ဖတ်စာ၊ သမိုင်းဖတ်စာမှာ မြန်မာလူမျိုးရဲ့သမိုင်းက အဓိကကျတယ်။ ရှေးမြန်မာဘုရင်တွေရဲ့ နိုင်ငံထူထောင်ပုံတွေ၊ တိုင်းရင်းသား ဒေသတွေမှာ သွားပြီး အခက်အခဲဖြစ်တယ်။ ဥပမာ- မွန်တိုင်းရင်းသား ဒေသမှာ၊ ဒီ မွန်ကျောင်းတွေမှာ သင်တဲ့ ဗဟိုက ပြဌာန်းလိုက်တဲ့ သင်ရိုးညွှန်းတန်းတွေမှာ ပထမနိုင်ငံတော် ထူထောင်ခြင်း၊ ဒုတိယနိုင်ငံတော် ထူထောင်ခြင်း၊ အဲဒီမှာ ဘုရင့်နောင်၊ တပင်ရွှေထီး၊ အလောင်းဘုရားတို့ကို သူရဲကောင်းတွေအဖြစ် သမိုင်းမှာ သင်ခန်းစာပါတယ်။ မွန်ကျောင်းတွေမှာ သင်တဲ့အခါ မွန်တွေအတွက် အခက်အခဲရှိတယ်။ ဆရာအတွက်လည်း အခက်အခဲရှိတယ်။ ကျောင်းသားတွေအတွက်လည်း အခက်အခဲရှိတယ်။ ဒါကြောင့် ဗဟိုချုပ်ကိုင်တဲ့ သင်ရိုးညွှန်းတန်းက လက်တွေ့မကျဘူးလို့ ပြောချင်တယ်။ နောက် ဘာသာစကား။ ဗမာနိုင်ငံက ကျောင်းတွေမှာ ဗမာစကားကသာ အဓိကဖြစ်တယ်။ ဗမာဘာသာ စကားကို အဓိကမန္တိုင် ထားပြီး သင်ရတာဖြစ်တယ်။ သင်ရတဲ့အခါကျတော့ တိုင်းရင်းသား ကလေးတွေက ဗမာစကားကို နားမလည်တဲ့အတွက် ပညာရေးမှာ အခက်အခဲဖြစ်တယ်။ အခု လက်ရှိ ဗဟိုချုပ်ကိုင်ထားခြင်းကသာ လက်တွေ့မကျတာ။ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားတွေရဲ့ လက်တွေ့ကိုက်ညီတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ သူတို့ရဲ့ ထုံးတမ်းယဉ်ကျေးမှု သမိုင်းနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတန်းဖြစ်ဖို့ လိုတယ်။ ဒေသနဲ့သက်ဆိုင်တဲ့ သင်ရိုးညွှန်းတန်း ဖြစ်ဖို့လိုတယ်။ ဘာသာစကားကလည်း တိုင်းရင်းသား ကလေးတွေ နားလည်တဲ့ သူ့မိခင် ဘာသာစကားနဲ့ သင်ကြားဖို့လိုတယ်။ အဲဒါမှသာ လက်တွေ့ကျမှာ။

■ မေး၊   တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေ (အထူးသဖြင့် NCA လက်မှတ် ထိုးပြီးထားတဲ့ ဒေသတွေ) က ပညာရေးအဖွဲ့အစည်းတွေက အကောင်အထည်ဖော်နေတဲ့ ပညာရေးစနစ်နဲ့ ပညာရေးဝန်ထမ်းတွေကို တရားဝင် အသိအမှတ်ပြုရုံသာမက ပညာရေးရန်ပုံငွေ ချပေးဖို့ ကိစ္စတွေကို ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ ဘယ်လို အခက်အခဲတွေ ရှိနိုင်ပါသလဲ။

ဖြေ။     ပညာရေးရန်ပုံငွေကိစ္စကို ပြောရရင် ကေအင်ယူဒေသမှာ ဖွင့်ထားတဲ့ ကျောင်းတွေက အစိုးရထောက်ပံ့ငွေ မရရှိဘူး။ သက်ဆိုင်ရာ ဒေသခံတွေနဲ့ ပြင်ပ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒီကျောင်းတွေကို အစိုးရက အသိမှတ်ပြုမယ်ဆိုရင်၊ ဘဏ္ဍာငွေ ချထားမယ်ဆိုရင်၊ ဒီ ဖက်ဒရယ် နိုင်ငံတစ်ခုရဲ့ ပုံစံအရဆိုရင် ဒီဘဏ္ဍာငွေကို ပြည်နယ်အစိုးရက အဓိက ပံ့ပိုးဖို့လိုတယ်။ သူ့ သက်ဆိုင်ရာ ကျောင်းတည်ရှိရာဒေသ မြို့နယ်ကနေ လိုအပ်တာ ပံ့ပိုးဖို့လိုတယ်။ လိုအပ်ချက် ရှိနေသေးရင်လည်း ပြည်ထောင်စု အစိုးရကနေ ပံ့ပိုးဖို့ လိုအပ်တယ်။ အဲဒီ အဆင့်သုံးဆင့်နဲ့ ပံ့ပိုးမယ်ဆိုရင် ဒီကျောင်းတွေ ကောင်းကောင်း လည်ပတ်လို့ ရပါတယ်။ ဒီကျောင်းတွေရဲ့ ပြည်နယ်က စီမံခန့်ခွဲခွင့် ရှိတဲ့အတွက် ဒီကျောင်းတွေရဲ့ လိုအပ်ချက်ကို ပြည်နယ်က နားလည်မယ်။ ဒီကျောင်းတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကိုလည်း ဗဟိုတစ်ခုတည်းက ချုပ်ကိုင်ထားတာ မဟုတ်ဘဲနဲ့ ဒေသခံတွေ ပါဝင်ဖို့ လိုတယ်။ သက်ဆိုင်ရာ ကျောင်း၊ သက်ဆိုင်ရာ ကျောင်းတည်ရှိတဲ့ ဒေသ၊ ကျောင်းတည်ရှိရာ ပြည်နယ် အဲဒါတွေအားလုံး ပါဝင်တဲ့ အဲဒီ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုဖြစ်တယ် ဆိုလို့ရှိရင် ပိုပြီး အဆင်ပြေမှာပါ။

■ မေး။    ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေအနေနဲ့ သူတို့ဒေသ ပညာရေးနဲ့ ပတ်သက်ရင် စေ့စပ်ညှိနှိုင်းရေးလောက်သာ ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကသာ ဗဟိုချုပ်ကိုင်မှုနဲ့ တိုက်ရိုက် စီမံခန့်ခွဲတာ တွေ့ရပါတယ်။ ဒါကြောင့် ဒေသ လိုအပ်ချက်နဲ့ ဗဟိုက ချမှတ်တဲ့ ဦးစားပေးမှုတွေ ကွာဟနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲက ပြီးပြတ်တဲ့အဖြေ မထွက်ခင် ကာလမှာရော ဒီလို အခြေအနေတွေနဲ့ ပတ်သက်ရင် နိုင်ငံတော်ဘက်က ဗဟိုချုပ်ကိုင်မှု ဘယ်လိုလျှော့ချနိုင်မလဲ ဆိုတာ အကြံပြုပါဦံး။

ဖြေ။     ပြည်နယ်အစိုးရတွေမှာ ပညာရေးဝန်ကြီးဆိုတာ မရှိဘူး။ ဒါပေမဲ့ လူမှုရေးဝန်ကြီးကသာလျှင် ပညာရေးကဏ္ဍကို တာဝန်ယူတယ်လို့ သိရတယ်။ လူမှုရေးဝန်ကြီးကလည်း အခမ်းအနားတက်တဲ့ အဆင့်လောက်ပဲ ရှိတယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ ဆရာတွေ ခန့်ထားတာ၊ ဒီ ကျောင်းတွေကိစ္စ၊ ကျောင်းအဆောင်ကိစ္စ အကုန်လုံးဟာ ပညာရေးဝန်ကြီးဌာနကပဲ ချုပ်ကိုင်ထားတယ်။ ပညာရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေမှာ ဘာမှ လုပ်ကိုင်ခွင့် မရှိသေးဘူး။ အခု ဒီနောက် ဖက်ဒရယ်နိုင်ငံ ဖြစ်သွားရင်တော့ သူ့ဒေသအလိုက် စီမံခန့်ခွဲမှု ရှိလာမယ်။ အခု မဖြစ်သေးတဲ့အချိန်ပေါ့။ ဖက်ဒရယ်နိုင်ငံ မဖြစ်သေးတဲ့အချိန် ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ ဆိုရင် သက်ဆိုင်ရာ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တွေမှာ ပညာရေးနဲ့ဆိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ရှိဖို့လိုမယ်။ နောက် ပြည်နယ်အစိုးရ မဟုတ်ဘဲနဲ့ ပြည်နယ်မှာရှိတဲ့ သက်ဆိုင်ရာ ပညာရေးဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေပါဝင်တဲ့ ပညာရေးကော်မတီတစ်ရပ်ရှိရင် ကောင်းတယ်။ ပြည်နယ်အလိုက် ပညာရေးကော်မတီမှာ ပြည်နယ်အစိုးရရယ်၊ ပညာရေးဌာနရယ်၊ လွှတ်တော်ရယ်၊ သက်ဆိုင်ရာ လူမျိုးအသီးသီးရယ် ပညာရေး ဆောင်ရွက်တဲ့သူတွေပါတဲ့ ပညာရေးကော်မတီက စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်ပြီးတော့ သက်ဆိုင်ရာဒေသနဲ့ အတော်အတန် ကိုက်ညီတဲ့ ပညာရေးစီမံခန့်ခွဲမှုတွေ ရှိလာနိုင်မယ်။ နောက် သူ့ဒေသအလိုက်၊ သူ့ပြည်နယ်အလိုက် လုပ်မယ်ဆိုရင် သူ့ဒေသအလိုက် ဘာသာစကားဆိုင်ရာ ကိစ္စတွေ၊ ဆရာခန့်ထားရေးဆိုင်ရာ ကိစ္စတွေ၊ သင်ရိုးညွှန်းတန်းဆိုင်ရာ ကိစ္စတွေကို အတော်အတန် သူ့ဒေသနဲ့ ကိုက်ညီအောင် လုပ်နိုင်မယ်။ ဖက်ဒရယ် မဖြစ်ခင်မှာကတည်းကိုက ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီးတော့ ဖက်ဒရယ်သွားမယ့် ဦးတည်မှုမျိုး လုပ်သင့်တယ်။

■ မေး။     တစ်ခါ ဖက်ဒရယ်စနစ် ပုံမပေါ်သေးတဲ့ အခြေအနေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပညာရေးကဏ္ဍမှာ ဘယ်လိုအခန်းက ပါဝင်နိုင်သလဲ။ နိုင်ငံတော်ဘက်က လိုက်လျောမှုတွေ ဖြစ်လာအောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။

ဖြေ။    လူထုအဖွဲ့အစည်းတွေ အနေနဲ့ ဆောင်ရွက်နိုင်တာ အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာ လူထုအဖွဲ့အစည်းအနေနဲ့ ပညာရေးမူဝါဒ ကဏ္ဍမှာရော အကောင်အထည်ဖော်တဲ့ နေရာမှာပါ ပါဝင်ဆောင်ရွက်နိုင်တယ်။ မူဝါဒဆိုင်ရာ ကိစ္စတွေမှာ ပြည်နယ်/တိုင်းတွေကနေ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေ လိုလာလည်းဆိုတာကို စုဆောင်းထားပြီးပြီ။ အဲတော့ သူတို့ရဲ့ အကြံပေးချက်တွေ ပါဝင်ဖို့လိုတယ်။ အစိုးရက ပြည်ထောင်စုအစိုးရက ပညာရေးမူဝါဒတွေ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ ချမှတ်တော့မယ်ဆိုရင် လူထုအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုမယ်။ လူထု အဖွဲ့အစည်းတွေကလည်း လူထုကို ကိုယ်စားပြုတဲ့ အသံတွေ၊ အကြံဉာဏ်တွေ ပါဝင်ဖို့လိုတယ်။ မူဝါဒပိုင်းဆိုင်ရာကိစ္စ အကောင်အထည်ဖော်တဲ့ ကိစ္စမှာဆိုရင် လူထုအဖွဲ့အစည်းတွေက အများကြီး လုပ်ပေးနိုင်တာ ရှိတယ်။ အစိုးရကနေပြီးတော့ ပညာရေးဝန်ကြီးဌာနက လုပ်ထားတဲ့ ဆရာအတတ်သင် ကောလိပ်တွေက ပြည်မမှာများတယ်၊ ပြည်နယ်တွေမှာ နည်းတယ်။ အဲဒီအတွက် အဲဒီလို လိုအပ်ချက်ရှိတဲ့ လူထုအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကနေ ပါဝင်ဆောင်ရွက်နိုင်တယ်။ ဆရာအတတ်သင်ဆိုင်ရာ ကိစ္စတွေ၊ ခုန ဘာသာစကား သင်ကြားဆိုင်ရာကိစ္စတွေ ဆရာတွေကို သက်ဆိုင်ရာလူမျိုးတွေရဲ့ ဘာသာစကားကို ကျွမ်းကျင်တဲ့ ဆရာတွေအတွက် သင်ကြားနည်းအသစ်တွေ လိုအပ်တယ်။ အဲဒါတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူထုအဖွဲ့အစည်းတွေကနေ ဆောင်ရွက်ပေးနိုင်တယ်။ မသန်စွမ်း ကလေးငယ်တွေ အားလုံးပါဝင်နိုင်တဲ့ ပညာရေးမှာ ပါဝင်နိုင်ဖို့ဆိုရင် အစိုးရဌာနတွေက အဆင်သင့် မဖြစ်သေးဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေက ဒါတွေကို ဆောင်ရွက်နေတာ ရှိတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်မယ်ဆိုရင် အားလုံးပါဝင်တဲ့ ပညာရေး မသန်စွမ်းကလေးငယ် အပါအဝင် ပညာရေးမှာ အခက်အခဲ တကယ်ရှိနေတဲ့ ကလေးငယ်တွေ သင်ကြားခွင့်ရှိရမယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေ၊ စစ်ဖြစ်နေတဲ့ ဒေသတွေ၊ နောက် တခြားနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ အဲဒီကလေးတွေရဲ့ ပညာရေးကို အရပ်ဘက် အဖွဲ့အစည်းတွေကပဲ လုပ်နိုင်မယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းအားဖြင့် ပညာရေးကဏ္ဍမှာ တိုးတက်လာနိုင်မယ်။ အခု သွားမယ့် ပညာရေးကလည်း ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို သွားမယ့် ပညာရေးမျိုးဆိုရင် အစိုးရ တစ်ဖွဲ့တည်းနဲ့ မလုံလောက်ဘူး။ လူထုအဖွဲ့အစည်းတွေ ပါဖို့လိုတယ်။ လူထုအဖွဲ့အစည်းနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်တဲ့ ပညာရေးမျိုး ဖြစ်ဖို့လိုတယ်။ လူထုအဖွဲ့အစည်းတွေက ပူးပေါင်းဖို့ အဆင်သင့်ရှိတယ်။ အစိုးရဘက်က ကမ်းလှမ်းမှုမျိုး မရှိဘူးဖြစ်နေတယ်။ အဲဒီအတွက် အစိုးရနဲ့လည်း လူထုအဖွဲ့အစည်းတွေ ပူးပေါင်းခြင်း အားဖြင့် ရေရှည်တည်တံ့တဲ့ ပညာရေးကို အကောင်အထည် ဖော်တဲ့နေရာမှာ အားကောင်းလာမယ်။ အစိုးရ ဆောင်ရွက်ခြင်းမရှိတဲ့ ဒေသတွေမှာ လူထုအဖွဲ့အစည်းတွေဟာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မယ်။

■ မေး။    UN Declaration on the Rights of Indigenous People (2008) ဟာ မလိုက်နာမနေရ နိုင်ငံတကာဥပဒေ မဟုတ်ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ မဲပေး ထောက်ခံထားတာဆိုတော့ ပညာရေးကဏ္ဍမှာ အဲဒါကို လက်ရှိကာလမှာ ကျင့်သုံးနေမှု အနေအထားကိုရော သုံးသပ်ပေးပါဦး။

ဖြေ။    ဌာနေတိုင်းရင်းသားများ အခွင့်အရေး ကြေညာချက်မှာ ပညာရေးဆိုင်ရာ အခွင့်အရေးလည်း ပါတယ်။ ပညာရေးဆိုင်ရာ အခွင့်အရေးမှာဌာနေ တိုင်းရင်းသားများက သူတို့ရဲ့ပညာရေးစနစ်ကို ပြဌာန်းပိုင်ခွင့် ရှိတယ်။ သင်ရိုး ညွှန်းတန်းတွေကိုလည်း ဌာနေတိုင်းရင်းသားများက သူတို့နဲ့ကိုက်ညီတဲ့ သင်ရိုးညွှန်းတန်းတွေကို ရေးဆွဲပိုင်ခွင့် ရှိတယ်။ ဌာနေတိုင်းရင်းသားများရဲ့ အသိဉာဏ်ပညာကိုလည်း ထည့်သွင်း သင်ကြားပေးနိုင်ခွင့် ရှိတယ်။ ဒါ့အပြင် ဘာသာစကား သူတို့ ဘာသာစကားနဲ့ သင်ကြားနိုင်ခွင့် ရှိတယ်။ ဒီ ဌာနေတိုင်းရင်းသားတို့ရဲ့ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းမှာ ပါပြီးသားဖြစ်တယ်။ ဒီ ဗမာနိုင်ငံအစိုးရကလည်း ဒါကို သဘောတူပြီးပြီဖြစ်လို့ လက်မှတ်ထိုးထားတယ်လို့ သိရတယ်။ အဲဒီအတွက် လက်ရှိ အကောင်အထည် မပေါ်သေးဘူး။ လက်ရှိ အနေအထားအရလည်း ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးရဖို့ လိုအပ်တယ်။ နောက်တချိန် ဖက်ဒရယ်နိုင်ငံ ထူထောင်ရင်  သူ့ ဒေသအလိုက် ဒါကို ဆောင်ရွက်ရမှာ ဖြစ်ကိုဖြစ်တယ်။ အဲဒီအတွက် အခုကတည်းက ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးမှာ ပါဝင်တဲ့ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့် စပြီးတော့ အကောင်အထည်ဖော်ဖို့ လိုအပ်နေပါပြီ။

About the author

The Editor

Add comment