တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက်မှ ကိုဖရန်ကီအား မေးမြန်းခြင်း

တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက် (TRIP NET) တည်ထောင်သူ ကိုဖရန်ကီအား မေးမြန်းခြင်း

■ မေး။   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ သယံဇာတ အရင်းအမြစ် ခွဲဝေရေးကလည်း ခေါင်းစဉ်တစ်ခု အနေနဲ့ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်စနစ်နဲ့ သယံဇာတအရင်းအမြစ် ခွဲဝေရေး အဆက်အစပ်ကို အရိုးရှင်းဆုံး ဘယ်လိုနားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။     ဖက်ဒရယ်စနစ်နဲ့ သယံဇာတ အရင်းအမြစ် ခွဲဝေရေးခေါင်းစဉ်နဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း မြင်နိုင်တာကတော့ ဖက်ဒရယ်ဆိုတာ တန်းတူမှု၊ စည်းလုံးမှု၊ ဝိုင်းဝန်းကူညီမှုနဲ့ ဆက်စပ်မှု ဆိုတာတွေကို အခြေခံထားတယ်။  ဒါကြောင့် သဘာဝရင်းမြစ် ခွဲဝေမှုဆိုတာကို စဉ်းစားကြတဲ့အခါ အခွန်အကောက်နဲ့ ဘဏ္ဍာရေးဆိုတာကို စဉ်းစားလေ့ ရှိကြတယ်။ အခွန်အကောက်နဲ့ ဘဏ္ဍာရေးကို ဖက်ဒရယ်စနစ်နဲ့အညီ ထည့်သွင်း စဉ်းစားမယ်ဆိုရင်တော့ တန်းတူမှုကို ဖြစ်စေနိုင်သလား၊ မဖြစ်စေနိုင်ဘူးလား၊ စည်းရုံးမှုကို ဖြစ်စေနိုင်သလား၊ ဒါမှမဟုတ် ခွဲထွက်မှုကို ဖြစ်စေနိုင်သလား။ ကူညီထောက်ပံ့မှု ဆိုတာကလည်း သဘာဝအရင်းအမြစ်ကနေ ဝင်ငွေမရှိတဲ့ ပြည်နယ်တွေကိုလည်း ဘယ်လို နည်းမျိုးနဲ့ ခွဲဝေပေးမလဲ၊ ပြည်နယ် တစ်ခုနဲ့တစ်ခု အမှီသဟဲပြုမှု၊ ဆက်စပ်မှုတွေကို ဘယ်လို ဖော်ဆောင်မလဲဆိုတာ လျစ်လျူရှုလို့ မရနိုင်ပါဘူး။

■  မေး။    တချို့ကလည်း တိုင်းရင်းသား လူမျိုးစုအလိုက်၊ ရပ်ရွာအလိုက် အရင်းအမြစ် စီမံခန့်ခွဲမှု စသည်တို့ဟာ လက်တွေ့မကျသေးဘူး။ လတ်တလော မဖြစ်နိုင်သေးဘူး ဆိုပြီး ပြောတာတွေရှိပါတယ်။ ဆရာ့သုံးသပ်ချက်ကို သိပါရစေ။

ဖြေ။        တိုင်းရင်းသား လူမျိုးစုအလိုက်၊ ရပ်ရွာအလိုက် အရင်းအမြစ်စီမံမှုဟာ လက်တွေ့မကျသေးဘူး။ လတ်တလော မဖြစ်နိုင်သေးဘူးဆိုတာ ဖက်ဒရယ်စနစ်ကို ဦးတည်တဲ့အခါ အခက်အခဲကြီး၊ အဟန့်အတားကြီးတစ်ခု ဖြစ်နိုင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာ၊ ဒီဒေသမှာ နှစ်ပေါင်းများစွာ နေလာတဲ့ သူတွေက သူတို့ရဲ့ သဘာဝရင်းမြစ်နဲ့ သဟဇာတဖြစ်အောင် ဘယ်လို နေထိုင် သုံးစွဲကြမလဲဆိုတာ သိတယ်လေ။ သူတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ကိုက်ညီမှုရှိတဲ့ သဘာ၀ အရင်းအမြစ်အပေါ် အမှီပြုကြတယ်။ သူတို့ရဲ့ ရေမြေတောတောင်ရဲ့အကြောင်းကို ကောင်းကောင်း သိနေတဲ့ လူမျိုးစုအလိုက်၊ ရပ်ရွာအလိုက် အရင်းအမြစ်စီမံမှုအခွင့်ကို ဘာကြောင့် မပေးနိုင်ရတာလဲ။ သဘာ၀ အရင်းအမြစ် ပျက်စီးဆုံးရှုံးမှုဆိုတာ အဲဒီဒေသ မူရင်းနေရာမှာ နေထိုင်တဲ့ သူတွေထက် ပြင်ပက လူတွေကြောင့်သာ ဖြစ်လေ့ရှိတယ်။ မူရင်းနေရာဒေသမှာ နေထိုင်တဲ့ လူမျိုးစုအလိုက်၊ ရပ်ရွာအလိုက် အရင်းအမြစ် စီမံမှုအခွင့်ကို ပေးမယ်ဆိုရင် ရေရှည် တည်တံ့ခိုင်မြဲမှုကို ပိုမိုဖြစ်စေမှာ ဖြစ်တယ်။

■ မေး။    တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေ (အထူးသဖြင့် NCA လက်မှတ် ထိုးပြီးထားတဲ့ ဒေသတွေ) အတွင်းမှာ သဘာဝရင်းမြစ်စီမံခန့်ခွဲမှု ကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။

ဖြေ။     တိုင်းရင်းသား လက်နက်ကိုင်ဒေသ၊ အထူးသဖြင့် NCA လက်မှတ်ထိုးတဲ့ ဒေသမှာကျတော့ သဘာဝရင်းမြစ် စီမံခန့်ခွဲမှုတွေက ပရမ်းပတာ ဖြစ်နေတာကို တွေ့ရတယ်။ NCA သဘောတူညီချက်မှာ EAOs (တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ) တွေက ပြည်သူထံကနေ အခွန်ကောက်ခံမှု မပြုလုပ်ရဘူးလို့လည်း ဆိုတယ်၊ စီးပွားရေးလုပ်ပြီး မိမိအဖွဲ့အစည်း ရပ်တည်မှု ပြုပါဆိုပြီး နိုင်ငံတော်က အကြံပြုခဲ့တယ်။ ကျနော် သိသလောက် EAOs တချို့က ဥပဒေအရ တရားဝင်ခွင့်ပြုတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ ဆောင်ရွက်တဲ့အခါ တင်းကြပ်မှုတွေ အမျိုးမျိုးရှိတယ်လို့လည်း သိရတယ်။ အဲဒါကြောင့် EAOs အများစုကတော့ သူတို့လွှမ်းမိုးနိုင်တဲ့ နေရာဒေသမှာ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကို အဖွဲ့အစည်း ရပ်တည်နိုင်ဖို့ ဆောင်ရွက်ခဲ့ကြတယ်။ အဓိကအားဖြင့် သဘာဝရင်းမြစ်တွေ ထုတ်ယူသုံးစွဲတဲ့ စီးပွားရေး လုပ်ငန်းတွေပဲ ဖြစ်တယ်။ ဒီတရားမဝင် စီးပွားရေး လုပ်ငန်းတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိတဲ့ ပြဿနာတွေ ဖြစ်တယ်။ ဥပမာ- မြစ်ချောင်းထဲမှာ ရွှေတူးတဲ့လုပ်ငန်းက ရေထုညစ်ညမ်းမှုကို ဖြစ်ပြီး ဂေဟစနစ်နဲ့ လူသားရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ဖြစ်စေနိုင်တာကြောင့် နိုင်ငံတော်အစိုးရကို တင်ပြတဲ့အခါ ဒါကတော့ EAOs တွေရဲ့ နယ်မြေထဲမှာမလို့ တစ်ခုခုဆောင်ရွက်ရင် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မလား၊ EAOs ဘက်ကို တင်ပြရင်လည်း  ဒါကတော့ နိုင်ငံတော်က ခွင့်ပြုတာပဲဆိုပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိဘူးဆိုတာတွေကို တွေ့ခဲ့ရတယ်။

■ မေး။   ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေအနေနဲ့ သူတို့ဒေသ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲရေးနဲ့ ပတ်သက်ရင် သိပ်ပြီး လုပ်ဆောင်ပိုင်ခွင့် မရှိပါဘူး။ “သစ်တောကဏ္ဍဆိုရင် ဝါးခုတ်ခွင့် ရှိတယ်၊ မီးသွေးဖုတ်ခွင့် ရှိတယ်၊ သတ္တုကဏ္ဍဆိုရင် ဆားချက်ခွင့် ရှိတယ်၊ ကျောက်သွေးခွင့် ရှိတယ်” ဆိုတာမျိုးတောင် လှောင်ပြီးပြောကြပါတယ်။ စေ့စပ်ညှိနှိုင်းမှုမျှသာ ဆောင်ရွက်ရပြီး ပြည်ထောင်စုအစိုးရ သစ်တောဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့ကသာ ဗဟိုချုပ်ကိုင်မှုနဲ့ တိုက်ရိုက် စီမံခန့်ခွဲတာ များပါတယ်။ ဒါကြောင့် ဒေသလိုအပ်ချက်နဲ့ ဗဟိုကချမှတ်တဲ့ ဦးစားပေးမှုတွေ ကွာဟနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲက ပြီးပြတ်တဲ့ အဖြေမထွက်ခင် ကာလမှာရော ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ရင် နိုင်ငံတော်ဘက်က ဗဟိုချုပ်ကိုင်မှု ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ အကြံပြုပါဦး။ 

ဖြေ။     သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲရေးအပေါ် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့် နည်းပါတယ်ဆိုတာ ဖက်ဒရယ်စနစ်ရဲ့ အားနည်းချက် ဖြစ်နိုင်တယ်။ ပြည်နယ်နဲ့တိုင်း အစိုးရဆိုတာ အဲဒီ ပြည်နယ်နဲ့ တိုင်း ပြည်သူလူထုက ယုံကြည်ပြီး တင်မြှောက်တဲ့ အစိုးရတွေဖြစ်တယ်။ ပြည်သူလူထုကနေ ယုံကြည်ပြီး တင်မြှောက်တဲ့ အစိုးရက  ပြည်သူ့အသံကို နားထောင်ဖို့ဆိုတာ အဲဒီဒေသ အစိုးရတွေရဲ့ အဓိက တာဝန်ဖြစ်တယ်။ ဆိုတော့ အဲဒီ ပြည်နယ်၊ တိုင်း အစိုးရက သယံဇာတနဲ့ ပတ်သက်ပြီး ငွေကြေး၊ ဝင်ငွေ တစ်ခုတည်းအနေနဲ့ ကြည့်ရမှာ မဟုတ်ဘူး။ ငွေကြေး၊ ဝင်ငွေအနေနဲ့ ကတော့ ကောင်းပါရဲ့။ ဒါပေမဲ့ အခြားသော လူနေမှုပတ်ဝန်းကျင်၊ ယဉ်ကျေးမှု ဆိုတာတွေကို ထိခိုက်မယ် ဆိုရင်တော့ ထိခိုက်မှု မရှိအောင်၊ ဒါမှမဟုတ် ထိခိုက်မှု လျော့နည်းအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတယ် ဆိုတာကလည်း ပြည်နယ်၊ တိုင်းဒေသတွေမှာ ယုံကြည်မှုကို ပြသမယ်ဆိုမှသာ ဗဟိုချုပ်ကိုင်မှု မရှိတာကို ပြသနိုင်မှာဖြစ်တယ်။  ဗဟိုချုပ်ကိုင်မှုကို လျှော့ချဖို့ အထက်နဲ့အောက် နှစ်ဖက်စလုံး မူဝါဒတွေချမှတ်ဖို့ လိုအပ်တယ်။ ချမှတ်တဲ့ မူဝါဒတွေကို နိုင်ငံတော်ဘက်က ပေါ်လစီအနေနဲ့ ထိန်းကျောင်းပြီး ပြည်နယ်တိုင်းတွေက အဲဒီ ချမှတ်ထားတဲ့  မူဝါဒအပေါ်မှာပဲ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမူဝါဒတွေကတော့ ပြည်သူတွေရဲ့အသံပေါ်မှာပဲ အခြေခံရမှာ ဖြစ်ပါတယ်။

■ မေး။     ဖက်ဒရယ်စနစ် ပုံမပေါ်သေးတဲ့ အခြေအနေမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ သယံဇာတ အရင်းအမြစ်ခွဲဝေရေး၊ စီမံရေးကဏ္ဍမှာ ဘယ်လိုအခန်းက ပါဝင်နိုင်သလဲ။ နိုင်ငံတော်ဘက်က လိုက်လျောမှုတွေ ဖြစ်လာအောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။

ဖြေ ။    ဖက်ဒရယ်စနစ် ပုံမပေါ်သေးတဲ့ အခြေအနေမှာ CSOs (အရပ်ဘက် လူ့အဖွဲ့အစည်းများ) တွေက အခုကတည်းက ဖက်ဒရယ်စနစ်ကို ပုံဆောင်နိုင်တဲ့၊ အရင်းအမြစ်စီမံမှုကို အောက်ခြေကနေ ပြုလုပ်နိုင်တယ်။ သယံဇာတသဘာ၀ အရင်းအမြစ်ကိုကျတော့ ကျနော်တို့ ငွေကြေးနဲ့ တန်ဖိုးမဖြတ်ပါဘူး။ သဘာဝရင်းမြစ်ဆိုတာ မူရင်းနေရာမှာ နေထိုင်နေတဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဝိသေသ၊ ဂုဏ်သိက္ခာ တန်ဖိုးအနေနဲ့ မြင်ပေးပါတယ်။ အဲဒီက သဘာဝအရင်းအမြစ်ကို မူရင်းဒေသမှ လူတွေက ကောင်းမွန်စွာ စီမံနိုင်မှသာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ ဝိသေသတန်ဖိုး၊ ယဉ်ကျေးမှုကို မြင့်တက်စေမှာ ဖြစ်ပါတယ်။ အထက်ကပြောတဲ့ အရာတွေကို ထိန်းကျောင်းမှသာ သဘာ၀ အရင်းအမြစ်က ဆက်လက် တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ သဘာဝရင်းမြစ်ကို ငွေကြေးနဲ့ပဲ တန်ဖိုးဖြတ်မယ် ဆိုရင်တော့ ထုတ်ယူသုံးစွဲမှု တစ်ခုတည်းကိုပဲ လုပ်သွားကြမှာဖြစ်ပြီး ဒီ သဘာဝရင်းမြစ် ကုန်ဆုံးတဲ့အခါ သူတို့ရဲ့ ဝိသေသ၊ ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုတန်ဖိုး အားလုံး ဆုံးရှုံးသွားမှာ ဖြစ်တယ်။ သဘာဝရင်းမြစ်ကို လုံး၀ မထုတ်ရဘူးလို့ မပြောဘူး။ ဘယ်လို စနစ်တကျ စီမံခန့်ခွဲမှုတွေကို ဘယ်လိုပြုလုပ်ရမယ်ဆိုတာ ပိုပြီးအရေးကြီးတယ်။ ဒီလို စီမံခန့်ခွဲတဲ့နေရာမှာ အစမှအဆုံး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပါဝင်ခွင့်ကိုလည်း ခွင့်ပေးထားရမှာ ဖြစ်တယ်။ CSOs တွေအနေနဲ့ကတော့ ပြည်သူလူထုက ဦးဆောင်သော သဘာဝရင်းမြစ် စီမံခန့်ခွဲမှု Community-driven natural resource management ဆိုတဲ့ မိုဒယ်ကို ဖော်ဆောင်ပေးနိုင်တယ်။ ဆိုချင်တာက သဘာဝသယံဇာတ စီမံခန့်ခွဲမှုမှာ ရည်ရွယ်ချက်က multiple ဖြစ်ရမယ်။ sustainable ဖြစ်ရမယ်။ လူသားရဲ့ပျော်ရွှင်မှုကို ဖန်တီးပေးဖို့ပဲ ဖြစ်ရမယ်။

■ မေး ။   UN Declaration on the Rights of Indigenous People(2008) ဟာ မလိုက်နာမနေရ နိုင်ငံတကာဥပဒေ မဟုတ်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ မဲပေး ထောက်ခံထားတာ ဆိုတော့ သယံဇာတအရင်းအမြစ် ခွဲဝေရေး၊ စီမံခန့်ခွဲရေးကဏ္ဍမှာ အဲဒါကို လက်ရှိကာလမှာ ကျင့်သုံးနေမှု အနေအထားကို သုံးသပ်ပေးပါ။

ဖြေ။     UNDRIP ကို မြန်မာက endorse လုပ်ထားတယ်။ ဒါပေမဲ့ ဒီနေ့ မြေပြင် အခြေအနေမှာတော့ ဌာနေတိုင်းရင်းသားရဲ့ အခွင့်အရေးကို ဘယ်သူကမှ မလေးစားဘူး။ အသိအမှတ် မပြုဘူး။ အကာအကွယ် ပေးမထားဘူး။ UNDRIP မှာ ဌာနေ တိုင်းရင်းသားတွေက သူတို့ရဲ့ သဘာဝရင်းမြစ်ကို စီမံခန့်ခွဲပိုင်ခွင့် ရှိတယ်ဆိုပေမယ့် နိုင်ငံတော်ရဲ့ ဥပဒေမှာကျတော့  မြေပေါ်မြေအောက် အားလုံးက နိုင်ငံတော်ကပဲ ပိုင်တယ်လို့ ဆိုထားတဲ့အတွက် အောက် ခြေမှာရှိတဲ့ အာဏာပိုင်တွေနဲ့ အလုပ်လုပ်တဲ့အခါ  အခက်အခဲတွေ ဖြစ်တယ်။ ပြီးတော့ Free Prior Informed consent (FPIC) ဆိုတဲ့အတိုင်း ကုမ္ပဏီကရော အစိုးရကပါ လိုက်နာမှုတွေ မရှိခဲ့ဘူး။ ဌာနေ တိုင်းရင်းသားတွေက သူတို့ ဘာသာ လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ် ဆိုတာကလည်း မင်းတို့ဘာသာ မင်းတို့ ဖွဲ့စည်းလို့ မရဘူးဆိုတဲ့ အောက်ခြေက ခြိမ်းခြောက်မှုတွေလည်း တွေ့ခဲ့ရတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက ဌာနေတိုင်းရင်းသား အခွင့်အရေးဆိုတာကို မြန်မာတစ်နိုင်ငံလုံးမှာ အသိပေး ကြေညာပေးစေချင်တယ်။ သယံဇာတ အရင်းအမြစ် စီမံခွဲဝေရေး ဆိုတာကလည်း ဌာနေတိုင်းရင်းသားရဲ့ နယ်မြေမှာ သယံဇာတတွေ ထုတ်ယူတဲ့အတွက် မင်းတို့က ဒီရာခိုင်နှုန်းကိုပဲ ယူတာမျိုး မဖြစ်စေဘဲ သယံဇာတခွဲဝေရေးဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ဘယ်လို ခွဲဝေယူကြမလဲ ဆိုတာကိုပဲ အဓိက ထားစေချင်ပါတယ်။

About the author

The Editor

Add comment