ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း

မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ထောင်သူနှင့် ၂၀၁၃ ခုနှစ် ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း

■ မေး။    ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အကြောင်းအရာ ခေါင်းစဉ်အလိုက်ဆိုပြီး သုံးမျိုး ပါဝင်ပါတယ်။ ဒီလို သုံးခုခွဲခြားထားတာက ဘာအတွက်၊ ဘယ်လို အထောက်အကူ ပြုပါသလဲ။ လိုအပ်တဲ့ ခွဲခြားမှုအဖြစ် ရှုမြင်ပါသလား။

ဖြေ။     ပထမဆုံးအနေနဲ့ စိတ်ကျေနပ်တယ်လေ။ အားရတာကတော့ ဒီအထဲမှာ ပါဝင်နေတဲ့ အားလုံးဟာ ကျွန်မတို့ရဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ လက်ခံထားတယ်လို့ နားလည်တယ်လေ။ အဲဒါကြောင့် အားတက်စရာကောင်းတယ်။ တစ်ဖက်က ကျတော့လည်း ခေါင်းစဉ်သုံးမျိုးကို ဘာဖြစ်လို့ ခွဲထားသလဲ ကျွန်မ မသိဘူး။ ခွဲထားတဲ့ ပုဂ္ဂိုလ်များရဲ့ ရည်ရွယ်ချက်ကို မသိတာလေ။ မသိတဲ့အတွက် ဒါကို လက်ခံနိုင်တဲ့သူ ရှိသလို၊ မေးခွန်းထုတ်မယ့် ပုဂ္ဂိုလ်များလည်း ရှိမယ်။ ဘာပဲပြောပြော ဒီအချိန်မှာ ကျွန်မတို့ တစ်သံတည်းဖြစ်ဖို့ အရေးကြီးတယ်။ ဘယ်ခေါင်းစဉ်အောက်မှာဖြစ်ဖြစ် အမြင်တူတာတွေကို ကျွန်မတို့က စုစည်းနိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ အထူးသဖြင့် ကျွန်မတို့ တိုင်းရင်းသားအနေနဲ့လည်း ဒါကို ကိုယ့်တိုင်းရင်းသား အချင်းချင်းမှာ သဘောတူညီမှု ရသွားတဲ့အခါကျမှ ဗမာပေါ့နော်၊ ဗမာဆိုတဲ့ နေရာမှာ အများပေါ့။ ဗမာတွေနဲ့ ပြန်ပြီးတော့ ညှိနှိုင်းတဲ့အခါ အဓိကကတော့ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်၊ နိုင်ငံရေး အာဏာပေါ့နော်၊ အဲဒါတွေကို ကျွန်မတို့က ညှိနှိုင်းတဲ့အခါ ပိုပြီးတော့မှ အဆင်ပြေမှာ။ ဒါကြောင့်မလို့ ဘယ်လိုကဏ္ဍနဲ့ပဲ ခွဲခွဲ၊ ကျွန်မတို့အနေနဲ့ကတော့ တူညီတဲ့အမြင်ကို ရထားဖို့ လိုတယ်။ ကချင်ပြည်နယ်မှာ လုပ်သွားတဲ့ အစည်းအဝေးမှာဆို သူတို့တောင်းဆိုချက်တွေ ထွက်လာတယ်။ အဲဒီမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ဆွေးနွေးပွဲသည် ၁၉၄၇ ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖော်ဆောင်နိုင်မည့် ညီလာခံဖြစ်ရန် လိုလားသည်ဆိုတာ။ အဲဒီဟာလေး တစ်ခုက ကျွန်မတို့ ကချင်တွေအားလုံးကို အခြေခံအားဖြင့် စုစည်းလိုက်တာ။

■ မေး။   ဒါကတော့ အကောင်းမြင်တဲ့ ရှုထောင့်ကနေ ဆရာမ ချဉ်းကပ်သွားတာပေါ့။ နောက်တစ်ခုက ဖက်ဒရယ်စနစ်ကို သွားတဲ့အခါ အကြောင်းအရာ ကဏ္ဍအလိုက် မူဝါဒတွေ ချမှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လူမျိုးရေးရာ စင်တာ (ENAC) က မူဝါဒတွေ အကြံပြုထားတာ ရှိပါတယ်။ ကဏ္ဍကိုးခုမှာ အကြံပြုထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီ မူဝါဒ အကြံပြုချက်တွေကို ဘယ်လို ရယူထားပါသလဲ။ ရှေ့ဆက် ဘာတွေဆက်လုပ်ဖို့  ရှိဦးမလဲ။

ဖြေ။     ၂၁ ရာစု ပင်လုံဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်။ ရွေးကောက်ပွဲလိုပေါ့။ ရွေးကောက်ပွဲ ပြီးသွားတာနဲ့ ပြောင်းလဲသွားတာ မဟုတ်သေးဘူး။ လုပ်ရမယ့် အလုပ်တွေ အများကြီးပဲ။ အဲဒါကြောင့်မလို့ ကျွန်မအနေနဲ့က အဲဒီမှာ ပါဝင်တဲ့၊ တက်ရောက်တဲ့ ပုဂ္ဂိုလ်များက သူတို့ရဲ့ အနေအထား၊ သူတို့ အဖွဲ့အစည်းရဲ့ အမြင်တွေကို တင်ပြခွင့်ရတာ ကောင်းတယ်။ ဒီထဲကမှ ကျွန်မတို့ ဖလှယ်နိုင်တဲ့အဆင့်၊ စားပွဲပေါ်မှာ စကားပြောနိုင်တဲ့အဆင့်ကို ဆွဲဆောင်ရတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မအနေနဲ့ အဲဒါကို သဘောကျတယ်။ ခုနက ပြောသလိုပဲ ဆွေးနွေးပွဲမှာ သဘောတူညီချက်တွေကို ရရှိပြီးလို့ရှိရင် ရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ခြင်း ကဏ္ဍအလိုက်လည်း ပါလာလိမ့်မယ်။ အဲဒါကို ဆက်ပြီးမှ ဆွေးနွေးသွားဖို့ပဲ ရှိတယ်။

■ မေး။   တချို့ကလည်း အဆိုပြုချက်တွေဟာ ဖြစ်ချင်တဲ့စာရင်း ချရေးထားသလို ဖြစ်နေတယ်။ လက်တွေ့ မကျသေးဘူး။ လတ်တလော မဖြစ်နိုင်သေးလို့ ထောက်ပြတာတွေ ရှိတာပေါ့။ အခုချိန်မှာတင် ဖက်ဒရယ်နဲ့ ပတ်သက်ရင်လည်း ဝိဝါဒကွဲစရာတွေ ရှိနေတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ။     တစ်ကတော့ ကျွန်မတို့နိုင်ငံရဲ့ မငြိမ်းချမ်းတဲ့ နှစ်ပေါင်း ၇၀။ ဘာကြောင့်ဖြစ်လဲ။ သူ့ကို ကြည့်ဖို့လိုတယ်။ ဇာစ်မြစ်ကို ကြည့်လို့ရှိရင် ပင်လုံ ကတိကဝတ်ကို မဖြည့်ဆည်းပေးနိုင်လို့ ဆိုတဲ့ဟာ ထွက်လာလိမ့်မယ်။ ဒါကြောင့်မလို့ မဖြစ်နိုင်ဘူးဆိုတဲ့ဟာ ဘာကြောင့်လဲ။ ဘာတွေက အခက်အခဲ ဖြစ်နေတာလဲပေါ့။ လွန်ခဲ့တဲ့ အပတ်ကပဲ ပြီးသွားတဲ့ ကချင်ညီလာခံမှာဆိုရင် သူတို့က ဆက်ပြီးတော့ သွားနေမယ့် ပင်လုံညီလာခံသည် ၁၉၄၇ ခုနှစ်က ကတိကဝတ် ကို အခြေခံသောဟာ ဖြစ်ရမယ်ဆိုပြီးတော့မှ အဲဒီမှာ ကချင်လူထုရဲ့အာဘော် ထွက်လာပြီ။ ကျွန်မအနေနဲ့ကတော့ အကုန်လုံး တစ်ခုလုံးကို မဖြစ်နိုင်တာတွေလို့ ပြောမယ့်အစား အခြေခံကိုတော့ ကျွန်မတို့ လက်ခံသဘောတူဖို့ လိုတယ်။  ဒီအခြေခံကို အကောင်အထည်ဖော်တဲ့ အဆင့်တွေ အများကြီးရှိလိမ့်မယ်။ ချက်ချင်း မဖြစ်နိုင်တာရှိသလို ငါးနှစ်ကြာမှ အကောင်အထည်ဖော်နိုင်တာ၊ ၁၀ နှစ်ကြာမှ အကောင်အထည်ဖော်နိုင်တာ အဲဒါတွေ ရှိမယ်။ အဲဒါတွေအားလုံးက ဂဃဏန ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်။

 ■ မေး။    ဒီနေရာမှာ ကြားဖြတ် မေးချင်တာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ပင်လုံမှာ လုပ်ခဲ့တဲ့ စကားဝိုင်းက အများအာရုံစိုက်တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီမှာ ပင်လုံနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေ၊ ပင်လုံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။   ကျွန်မအနေနဲ့ကတော့ ခုနကပြောသလိုပေါ့။ ဒီလို အခင်းအကျင်းတွေပေါ့။ အားလုံးသည် ငြိမ်းချမ်းစွာ အဖြေရှာချင်တာကို ပြသနေတယ်လို့ ကျွန်မက ယူလိုက်တယ်။ ယူလိုက်ပြီးတော့ ဘာပဲပြောပြော သဘောမတူတဲ့ အချက်တွေလည်း ထွက်လာမှာပဲ။  သဘောမတူတဲ့ အချက်တွေကို ဖယ်ပြီးတော့ တူတဲ့ဟာတွေနဲ့ အရင်စနိုင်တယ်။ မတူတဲ့ဟာကိုလည်း ဘာကြောင့် မတူသလဲပေါ့။ ဒီ မတူတဲ့အခြေအနေကို မဖြေရှင်းနိုင်ရင် ပဋိပက္ခ ပြန်ဖြစ်မလား ဆိုတဲ့ဟာကိုလည်း ပြန်ကြည့်ဖို့လိုတယ်။ ခုနကပြောသလို ကျွန်မတို့ ဦးတည်ချက်က ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်းရဲ့ ဇာစ်မြစ်ကို ငြိမ်းချမ်းစွာ အဖြေရှာချင်တာပဲ။ ဒါကို လက်ဆုပ်လက်ကိုင် ပြုနိုင်ရင်တော့ ဒီခရီးက မှန်ပါတယ်။

■ မေး။   နောက်တစ်ခုက တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေ (အထူးသဖြင့် NCA လက်မှတ်ထိုးထားတဲ့ ဒေသတွေ)မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကောင်အထည်ဖော်နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့စနစ်နဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်ဘက်က တရားဝင် အသိအမှတ်ပြုရုံသာမက ကြားကာလ နိုင်ငံတော်ရန်ပုံငွေ ချပေးဖို့ ကိစ္စတွေကစလို့ ရေရှည်ပေါင်းစည်းရေးအထိ ဖြစ်ဖို့ ဘယ်လို အကြံပြုချင်တာ ရှိသလဲ။ နောက်ပြီး ပြည်နယ်နဲ့တိုင်း အစိုးရတွေဟာ သူတို့ဒေသ ပညာရေး၊ ကျန်းမာရေး၊ မြေယာ စတဲ့ ကိစ္စတွေမှာ စေ့စပ်ညှိနှိုင်းရေးလောက်ပဲ လုပ်ခွင့်ရှိပြီး ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနက ဗဟိုချုပ်ကိုင်မှုနဲ့ တိုက်ရိုက် စီမံခန့်ခွဲနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒေသလိုအပ်ချက်နဲ့ ဗဟိုကချမှတ်တဲ့ ဦးစားပေးမှုတွေ ကွာဟနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။ အခုလို စပ်ကြားကာလမျိုးမှာ ဗဟိုချုပ်ကိုင်မှုကို ဘယ်လို လျှော့ချနိုင်မလဲဆိုတာကိုလည်း အကြံပြုပေးပါဦး။

ဖြေ။     ဒီမိုကရက်တိုက်ဇေးရှင်းလို့ ပြောတဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေး၊ ပြီးလို့ရှိရင် စစ်ရဲ့ ဇာစ်မြစ်ကို အဖြေရှာခြင်း၊ ဖြေရှင်းနိုင်ခြင်း၊ ပြီးတဲ့နောက် ဖွံ့ဖြိုးတိုးတက်ခြင်းပေါ့။ ဒါတွေအားလုံးသည် ဟိုဟာရမှ ဒီဟာလုပ်မယ်လို့ ခွဲထားလို့ မရဘူး။ တပြိုင်နက်တည်း လုပ်သွားရမယ့် အလုပ်တွေ။ တပြိုင်နက်တည်း လုပ်သွားရမယ်ဆိုတဲ့ အလုပ်မှာ ကျွန်မအမြင်ကတော့ ခုနကပြောသလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မပီပြင်သေးဘူး။ ဒါကို ပီပြင်အောင် လုပ်ရမယ်ဆိုတဲ့ အများလက်ခံနိုင်အောင် ပြောင်းဖို့က တစ်ကဏ္ဍ၊ ဒါပေမဲ့ အဲဒါကို သွားနေတဲ့အခါ တပြိုင်နက်တည်းမှာ ကျွန်မတို့လုပ်ရမယ့် အလုပ်တွေအများကြီးပဲ။ အဲဒီလိုလုပ်ရမယ့် အလုပ်ထဲမှာ ပညာရေးကဏ္ဍ ပါတယ်၊ ကျန်းမာရေးကဏ္ဍပါတယ်။ တိုင်းရင်းသားတွေ တောင်းနေတာက တန်းတူညီမျှရေးပေါ့။  လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ အကောင်အထည်ဖော်နေတဲ့ ပညာရေး၊ ကျန်းမာရေး မူဝါဒတွေကိုလည်း လက်ခံဖို့လိုတယ်။ ပြီးလို့ရှိရင် ရေရှည်မှာ ဘယ်လို ပေါင်းစည်းသွားနိုင်မလဲ ဆိုတာကိုလည်း အခုကတည်းက ကြည့်ဖို့လိုတယ်။ အခုကတည်းက ဗဟိုအုပ်ချုပ်မှုကို လျှော့ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ခွင့်ပြုသင့်တယ်။ ပြီးတော့ အသုံးစရိတ်။ ဒီကြားကာလမှာပေါ့။ အခု ဒါက ကျွန်မတို့ ကြားကာလပဲ။ ကြားကာလမှာလည်း အသုံးစရိတ်တွေကို ချပေးဖို့လိုတယ်။ ပြီးလို့ရှိရင် လက်ရှိ ရှိနေတဲ့ ဝန်ထမ်းတွေကိုလည်း တရားဝင် အသိအမှတ်ပြုပေးဖို့ လိုတယ်။ တရားဝင် အသိအမှတ်ပြုတယ် ဆိုကတည်းက သူတို့ရဲ့စွမ်းရည် မြှင့်တင်ခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း ဆိုတာ တစ်ခါတည်း မဟုတ်ဘူး။ ဆရာဖြစ်သင်တန်း တစ်ခုတည်း မဟုတ်ဘူး။ အဲဒါတွေနဲ့လည်း ဖြည့်ဆည်းပေးဖို့ လိုတယ်။ သင်ရိုးညွှန်းတမ်းပိုင်းကို အထောက်အကူပေးနိုင်တဲ့ ဟာတွေ ပေးရမယ်။ ဘတ်ဂျက်ချပေးရမယ်။ ပြီးတဲ့အခါ မိခင်ဘာသာစကား အခြေပြုသင်ရိုးတွေ စနစ်တကျပြုစုနိုင်အောင် ပံ့ပိုးပေးနိုင်ရမယ်။ ဘာသာစကားမှာ အရေး၊ အဖတ် အပြည့်အစုံရှိနေတဲ့ တိုင်းရင်းသားတွေ၊ သူတို့ ဒေသမှာ ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး ခန့်ထားပေးဖို့ လိုတယ်။ သူတို့ ဘာသာစကားရဲ့အောက်မှာ။ အခု လက်ရှိ ရှိနေတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို ဒေသဖွံ့ဖြိုးရေးအပြင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေမှာ အလေးပေး ဆောင်ရွက်နိုင်ဖို့၊ တစ်ခု အရေးကြီးတာတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ တာဝန်ခံနိုင်မှု၊ လုပ်ဆောင်နိုင်မှုကို စိစစ်ဖို့ လိုတယ်။ နောက်တစ်ခုကလည်း အခု တာဝန်ယူနေသော ပုဂ္ဂိုလ်များသည် ပဋိပက္ခကိုဖြစ်ထွန်းစေဖို့ ရှောင်ရှားဖို့ လိုတယ်။ ရှောင်ရှားနိုင်ဖို့ကလည်း ပဋိပက္ခ ဘာကြောင့်ဖြစ်ရသလဲဆိုတာ သူတို့အားလုံး နားလည်ဖို့လိုတယ်။

■ မေး။   နောက်မေးခွန်း တစ်ခုကတော့ ဖက်ဒရယ်စနစ် ပုံမပေါ်သေးတဲ့ အခြေအနေမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ နယ်ပယ်ကဏ္ဍစုံမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်သလဲ။ နိုင်ငံတော်ဘက်က လိုက်လျောမှုတွေဖြစ်အောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။

ဖြေ။    ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံပေါ့နော်။ တကယ်တန်း တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိဖို၊ ပြီးလို့ရှိရင် ကျွန်မတို့ တကယ်ပဲ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် အရပ်ဘက် လူမှုအဖွဲ့အစည်းပေါ့၊ ဒီနေရာမှ အရပ်ဘက်ဆိုတဲ့ စကားကို နည်းနည်း သတိထားတယ်။ ကျွန်မကတော့ လူမှုအဖွဲ့အစည်း ဆိုတဲ့နေရာမှာ ဘာသာရေးခေါင်းဆောင်တွေလည်း ပါတယ်။ အရပ်ဘက် ဘာသာရေးခေါင်းဆောင် ပေါ့နော်။ အားလုံးပါတဲ့ လူမှုအဖွဲ့အစည်း၊ အားလုံးသည် အလွန်ပဲ အရေးကြီးတယ်။ ဒီမိုကရေစီ ကဏ္ဍမှာရော၊ နောက်တစ်ခါ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး မရဘဲ ဒီမိုကရေစီလည်း မရဘူး။ လုပ်ဖို့ အများကြီးလိုတယ်။ ကျွန်မတို့က အရေးကြီးတာ NCA လို့ခေါ်တဲ့ဟာကလည်း  စစ်ရေးအရ အပစ်အခတ်ရပ်စဲခြင်း ကဏ္ဍတစ်ခုပဲ ဖြစ်သေးတယ်။ ကျွန်မတို့ရဲ့ ပင်လုံဟာလည်း အားလုံးရဲ့ဆန္ဒတွေကို ဖော်ထုတ်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ်ပဲ ရှိနေသေးတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ နှစ်ပေါင်း ၇၀ အုပ်ချုပ်မှု ယ္တရားထဲမှာ ကျင်လည်ခဲ့တဲ့သူတွေက ပြည်တွင်းမငြိမ်သက်မှု၊ အုပ်ချုပ် မင်းလုပ်သူများရဲ့ စီမံခန့်ခွဲမှုအမှား ဒီနှစ်ခုကို ပေါင်းထားတဲ့အခါကျတော့ ပြဿနာတွေက အများကြီးပဲ။ အဲဒီပြဿနာတွေကို အကုန်လုံး ပြေလည်သွားမှ ဖြေ ရှင်းဖို့ ကျွန်မတို့ စောင့်နေလို့မရဘူး။ တစ်စစီ ဖြေရှင်းသွားဖို့ဆိုတာ ခုနပြောတဲ့ လူမှုအဖွဲ့အစည်းများရဲ့ အားကောင်းမှု၊ သူတို့ရဲ့ပါဝင်မှု၊ သူတို့ရဲ့ ဦးစီးမှု ကျွန်မတို့မှာ လိုကိုလိုအပ်တယ်။ အဲဒါကို ကျွန်မတို့ ပယ်ထားလို့မရဘူး။ နောက်တစ်ခုက ပြည်သူလူထုကပဲ တကယ် ငြိမ်းချမ်းလား၊ မငြိမ်းချမ်းဘူးလား ဆိုတာ သူတို့ပဲ စိစစ်ပေးလို့ရတယ်။ ငြိမ်းချမ်းပြီလို့ ပြောလို့မရဘူး။ သူတို့ ကိုယ်တိုင်က နေ့စဉ် သူတို့ထိတွေ့နေတဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့မှပဲ တကယ်တမ်း ကျွန်မတို့က လမ်းကြောင်းမှန်ပေါ် ရောက်နေ၊ မရောက်နေ သူတို့က စိစစ်ပေးလိမ့်မယ်။ ဒါကြောင့် ကျမတို့က သူတို့အသံကို ဖော်ထုတ်တဲ့ CSOs တွေရဲ့ ကဏ္ဍက ပိုပြီးအရေးကြီးလာတယ်။ အဲဒီမှာ နိုင်ငံတကာ အခန်းကဏ္ဍကလည်း သိပ်အရေးကြီးတယ်။ သူတို့ကလည်း ဒါကိုမြင်ရမယ်။ ဖြစ်နေတဲ့ တစ်ခုတည်းကိုပဲ မကြည့်ဘဲနဲ့ ဖြစ်စဉ်တစ်ခုလုံးကို နားလည်ဖို့ လိုတယ်။ ဒါမှလည်း သူတို့ရဲ့ ပံ့ပိုးကူညီမှုက ထိရောက်မယ်။

■ မေး။    သီးခြား ဖြည့်စွက် ပြောချင်တာများ ရှိသေးလား။

ဖြေ။   ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ခံယူမှု၊ တစ်ခါ ငြိမ်းချမ်းရေးဖြစ်စဉ်က တော်တော်လေး ရှုပ်ထွေးလာတယ်။ ဝန် ကြီးလာတယ်။ အများကလည်း ပြောတာပေါ့နော်။ ဘာကိစ္စ ပင်လုံကြီးပဲ လုပ်နေတာလဲ။ ဘာလို့ ငြိမ်းချမ်းရေးပဲ လုပ်နေတာလဲ။ ဝင်ငွေရအောင်၊ အလုပ်ရအောင်လည်း လုပ်ရဦးမယ်ပေါ့၊ စားရေး၊ သောက်ရေးကလည်း ရှိသေးတယ်ပေါ့နော်။ ဒါကြောင့်မလို့ အဲဒါတွေကို သတိထားရမယ်။ နည်းနည်း မျှတအောင် လုပ်ဖို့လိုတယ်။ NCA ပဲ ဖြစ်ဖြစ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ် ကျွန်မတို့က ဒါကို ပြောင်းလို့ မရတဲ့၊ ဒါကို ခံယူမှပဲဖြစ်မယ်ဆိုတဲ့ တရားသေ သဘောကို ကိုင်ထားပြီးခါမှ ပြင်လို့လည်း မရ၊ ပြင်လို့ရတဲ့ ဖြစ်စဉ်ထဲမှာပဲ ကန့်လန့်ကြီး ဒါကြီးကပဲ အတား အဆီးလိုလေ၊ ကျွန်မတို့ တကယ်ပဲ ဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့က NCA နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အတားအဆီး ဖြစ်နေတယ် ဆိုလို့ရှိရင်လည်း ဝမ်းနည်းစရာပဲ။ ဒါကြောင့်မလို့ ကျွန်မတို့ ဒါတွေကိုလည်း အားလုံး စဉ်းစားဖို့ လိုပါတယ်။

About the author

The Editor

Add comment