မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

■ မဖြိုးဖြိုးအောင်

၁၉၈၈ သြဂုတ် ၂၅ တွင် မွေး။ ၂၀၀၃-၀၄ တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်၊ ၂၀၀၅ တွင် မှော်ဘီ နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ကို စတင် တက်ရောက်။ ၂၀၀၇ သြဂုတ် ၂၈ တွင် ပြန်လည် ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများအား ဝန်းရံခဲ့။ ၂၀၀၈ နာဂစ် မုန်တိုင်းဒဏ်ခံ ဒေသများသို့ သွားရောက် လှူဒါန်းခြင်း၊ အလောင်းများကို စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်ခြင်းများ ပြုလုပ်ပေးပြီးအပြန် ဘိုကလေးမြို့တွင် အထက်ပါကိစ္စရပ်များကြောင့် လေးနှစ်ခန့် ဖမ်းဆီး ထိန်းသိမ်းခံရ။ ၂၀၁၂ ဇန်နဝါရီတွင် ပြန်လည် ဖွဲ့စည်းခဲ့သော ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ မေလတွင် တိုးချဲ့ဖွဲ့စည်းသော ဗဟိုလုပ်ငန်းကော်မတီတို့တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ယနေ့ထိ တာဝန်ထမ်းဆောင်။ ၂၀၁၄ နိုဝင်ဘာတွင် ပြုလုပ်သော ကျောင်းသားထု အရေးပေါ်အစည်းအဝေး (National Emergency Meeting of Students – NEMS) က ဖွဲ့စည်းပေးလိုက်သော ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ (Action Committee for Democratic Education-ACDE) ဝင် တစ်ဦးဖြစ်ပြီး ပညာရေးသပိတ်တွင် ပါဝင်ဦးဆောင်ခဲ့။ ၂၀၁၅ မတ် ၁၀ ရက်တွင် လက်ပံတန်း၌ ဖမ်းဆီးခံရပြီး သာယာဝတီထောင်မှ ၁ နှစ်ကျော် တရားရင်ဆိုင်ရင်း ၂၀၁၆ ဧပြီ ၈ ရက် အစိုးရသစ်က အမှုပိတ်သိမ်းပေး၍ ပြန်လည် လွတ်မြောက်လာ။

■ မေး ။   ။ မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ကို ဘယ်လို သတ်မှတ်ခံယူထားပါသလဲ။

■ ဖြေ ။   ။ လက်ရှိ ဒီတိုင်းပြည်က အရပ်ဘက် လူ့အဖွဲ့အစည်း (လူထုအခြေပြု အဖွဲ့အစည်း) တွေဟာ အခြေခံလူထုနဲ့ အနီးဆုံး၊ လူထုက ဘာကို တကယ် လိုအပ်နေတယ် ဘာတွေ လုပ်ဆောင်သင့်တယ် ဆိုတာ အသိဆုံးဖြစ်တဲ့အတွက် အစိုးရ မလုပ်နိုင်တဲ့ လက်လှမ်းမမီတဲ့ အလုပ်တွေ ပြည်သူတွေအတွက် လုပ်ဆောင်ရင်း လူထုအကျိုးပြုတဲ့ ပေါ်လစီတွေ ပြဌာန်းနိုင်ရေးနဲ့ အမှန်တကယ် အကျိုးရှိစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရကို ရှေ့ဆောင်လမ်းပြ လုပ်ဖို့လည်း လိုအပ်တယ်။ တခါတလေ အစိုးရရဲ့ လွဲမှားတဲ့ လုပ်ရပ်တွေကို ထောက်ပြဝေဖန်ပြီး ပြင်ဆင်နိုင်ဖို့လည်း တိုက်တွန်းရတာမျိုး ရှိနိုင်ပါတယ်။

■ မေး ။   ။ ဒီချုပ်အစိုးရသစ် တက်လာပြီးနောက် အရင်က ဆောင်ရွက်နေတာနဲ့ ယခု လုပ်နေတာတွေကြားမှာ ရပ်တည်မှု၊ အမြင်နဲ့ နည်းနာတွေအရ ကွာခြားသွားတာ ရှိပါသလား။ ကျယ်ကျယ်ပြန့်ပြန့် မေးရရင် နှစ်ပေါင်းများစွာ ပျက်ပြားခဲ့တဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး (state-society relations) ပြောင်းလဲမယ့် လမ်းကြောင်းပေါ် ရောက်ပြီလို့ သုံးသပ်ပါသလား၊ မျှော်မှန်းထားတဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ဆက်ဆံရေးပုံစံကို အကျဉ်းဆွေးနွေးပြပါ။

■ ဖြေ ။   ။ အရင် အစိုးရတွေနဲ့ယှဉ်ရင် အစိုးရသစ် တက်လာတဲ့အပေါ် ပြည်သူတွေရဲ့ ကိုယ်ရွေးချယ်ပေးလိုက်တဲ့ အစိုးရဆိုတဲ့အမြင်က လူ့အဖွဲ့အစည်းနဲ့ အစိုးရသစ်ကို ကြီးမားတဲ့ ဆက်စပ်မှုတစ်ခု ဖြစ်လာစေပါတယ်။

အတိုက်အခံ ဒီမိုကရေစီ အင်အားစုအဖြစ် အနှစ်နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့တဲ့ အစိုးရသစ်ရဲ့ ရပ်တည်မှု၊ အမြင်တွေက အရင် စစ်တပ် ကျောထောက်နောက်ခံ အစိုးရတွေနဲ့တော့ ကွဲပြားခြားနားပါတယ်။ ဒါပေမဲ့ နည်းနာနဲ့ လုပ်ဟန်တွေမှာတော့ ခေတ်အဆက်ဆက် အရိုးစွဲနေတဲ့ ဗြူရိုကရက်တွေကြောင့် အရင်အတိုင်းပဲဆိုတဲ့ ဖြစ်ရပ်မျိုးတွေကတော့ လတ်တလော ကြုံနေရဦးမှာပါ။  ပြည်သူတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေကို ဦးစားပေး ဖော်ဆောင်ရင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြွေးကြော်လာတဲ့ အစိုးရသစ်ဟာ စစ်တပ်၊ ခရိုနီနဲ့ အစိုးရဟောင်းတွေအပေါ် အပြောင်းအလဲကို အဟန့်အတား ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးထိတော့ မလျှော့ပေးသင့်ပါဘူး။

အစိုးရနဲ့ လူ့အဖွဲ့အစည်းရဲ့ ဆက်ဆံရေးက ပြည်သူဆီက စီးဆင်းတဲ့ Democracy ရဲ့ တကယ့် အနှစ်သာရကို ဖော်ကျူးတဲ့သဏ္ဌာန် ဖြစ်ဖို့လိုပါမယ်။ အထူးသဖြင့် ပြည်သူတွေနဲ့ ထိတွေ့နိုင်ဖို့ တိုက်ရိုက် လမ်းကြောင်းဖွင့်တာမျိုး ကိုယ်စားပြု အရပ်ဘက် အဖွဲ့အစည်းတွေ မကြာခဏ တွေ့ဆုံဆွေးနွေးတာမျိုး ချိတ်ဆက် ဆောင်ရွက်နိုင်မယ့် လမ်းကြောင်း ဖွင့်ထားတာမျိုးတွေ လိုအပ်ပါတယ်။ အစိုးရရဲ့ သဘောထားတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြတဲ့ လုပ်ဆောင်ချက်မျိုး မကြာခဏ ပြုလုပ်ပေးပြီး ပြည်သူတွေရဲ့ သဘောထားအမြင် ကောက်ခံတာတွေ အကြံပြု ဝေဖန်ချက်တွေ တောင်းခံတာမျိုးတွေကလည်း အစိုးရဌာနတွေတိုင်းမှာ မရှိမဖြစ် ရှိသင့်ပါတယ်။ ဒီလို လုပ်ငန်းစဉ်တွေဟာ တစ်ဖက်က အရိုးစွဲနေတဲ့ အစိုးရဌာနတွေကို ပြုပြင်နိုင်မယ့် နည်းလမ်းတွေလည်း ဖြစ်လာနိုင်ပါတယ်။

■ မေး ။   ။ လူမှုစီးပွား တရားမျှတမှု၊ ဘာသာရေး၊ တိုင်းရင်းသား ပဋိပက္ခများနဲ့ ယုတ်စွအဆုံး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရှင်သန်ရေး ကိစ္စရပ်တွေမှာ အစိုးရနဲ့သော် လည်းကောင်း၊ တပ်မတော်နဲ့သော် လည်းကောင်း၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးတွေနဲ့သော် လည်းကောင်း သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ရင် ဘယ်လိုဘယ်ပုံ ဆန္ဒထုတ်ဖော်   ဖြေရှင်းသွားသင့်၊ သွားနိုင်ပါသလဲ။

■ ဖြေ ။   ။ ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံလို ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံထဲမှာတောင် လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးကို အာမခံ ပေးထားရတာပါပဲ။ (နောက်ဆက်တွဲ ဥပဒေတွေ သတ်မှတ်ပြီး ဖိနှိပ်ကန့်သတ်တာက တစ်ပိုင်း)။ အထွေထွေ မကျေနပ်ချက်တွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ တရားမျှတမှုတွေအတွက် လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိရမှာပါပဲ။ ဒီလိုအခြေအနေမျိုး ဖြစ်လာအောင် ပိတ်ထားတဲ့ အခြေအနေတွေထဲကနေ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြရတာပါ။ အစိုးရက အစွန်အဖျား အခြေအနေအားလုံးကို လက်လှမ်းမမီ မသိနိုင်တဲ့အတွက် ဆန္ဒဖော်ထုတ်တဲ့ နည်းလမ်းအပြင် အစိုးရသိအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားပြီး ညှိနှိုင်းတဲ့ အဆင့်အမျိုးမျိုးနဲ့ စတင်တာက ရွေးချယ်သင့်တဲ့ ပုံစံတစ်ခုပါပဲ။ ညှိနှိုင်း၊ ဆန္ဒထုတ်ဖော်တဲ့ နည်းအပြင် အခြားနည်းလမ်းမျိုးစုံနဲ့ ကြိုးစားပေမယ့် လျစ်လျူရှုခံရနိုင်တဲ့ အခြေအနေတွေ ရှိနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

အရေးကြီးတဲ့အပိုင်းက ရေရှည်အတွက် အာမခံချက်ရှိမယ့် ဥပဒေဆိုင်ရာ တောင်းဆိုမှုမျိုး၊ ဖြေရှင်းနည်းမျိုး ဖြစ်ရင်တော့ ပိုအကျိုးရှိနိုင်ပါတယ်။

■ မေး ။   ။ လက်ရှိ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပါဝင်ခွင့်ကို အားရကျေနပ်မှု ရှိပါသလား၊ ဗမာအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေကိုရော အားရပါသလား။

■ ဖြေ ။   ။ ၂၁ ရာစုပင်လုံနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် မပြောနိုင်သေးပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒေသခံ ပြည်သူ့အခြေပြု အဖွဲ့အစည်းတွေရဲ့ အသံတွေဟာ စစ်တပ် (တပ်မတော်)နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အသံတွေလိုပဲ အလွန် အရေးကြီးပါတယ်။ အဲဒီဒေသက ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်ချက်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူတို့ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားပြုသူတွေ ဆွေးနွေးနိုင်မှသာ (ဘယ်သူ့အတွက် ဘာ့အတွက် ငြိမ်းချမ်းရေးလဲဆိုတဲ့) ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ အမှန်တကယ် အနှစ်သာရကို ဖော်ဆောင်နိုင်မှာပါ။

လက်ရှိ ပြည်မအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လူနည်းစု တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေကြား သတင်းအချက်အလက် ဖြန့်ကျက်နိုင်မှုတွေ၊ လိုအပ်သလို ချက်ချင်း တုံ့ပြန် ချိတ်ဆက် ဆောင်ရွက်နိုင်မှုတွေကတော့ ထင်တာထက်ကို ပိုအားရ ကျေနပ်စရာ ကောင်းပါတယ်။

■ မေး ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ကိုယ်စားပြုမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းတယ်၊ ဒီ အဖွဲ့အစည်းတွေဟာ ဒေါ်လာစားပြီး ပြဿနာရှာရုံ သက်သက်ပဲဆိုတဲ့ အမြင်တွေကို ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးနိုင်ခွင့်ကို ချုပ်ချယ် ထိန်းချုပ်ထားတဲ့ ဥပဒေတွေ အာဏာပိုင်တွေ ရှိခဲ့တဲ့ ရှိနေသေးတဲ့ ကာလတလျှောက် မေးခွန်းထဲမှာပါတဲ့ ကိုယ်စားပြုမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာ အားနည်းမှုတွေ ရှိခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ အခုအချိန်မှာတော့ အမှန်တကယ် ပြည်သူ့အကျိုးကို လိုလားတဲ့ အဖွဲ့အစည်း အတော်များများကတော့ အားနည်းချက်တွေကို ကြိုးစား ပြင်ဆင်နေကြပါပြီ။ အထက်ကပြောခဲ့တဲ့ ဥပဒေတွေနဲ့ အာမခံချက်မရှိသေးတဲ့ အခြေအနေတွေမှာ အပြည့်အ၀ ပွင့်လင်းမြင်သာနိုင်ဖို့ကတော့ အခက်အခဲတွေ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ တာဝန်ယူ တာဝန်ခံမှုနဲ့ ကိုယ်စားပြုမှုတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းထားနိုင်မှ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်းတွေ၊ ထိရောက်မှုတွေနဲ့ ဘာ့ကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေ လိုအပ်ရသလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်တာတွေ နည်းသွားမှာပါ။

About the author

The Editor

Add comment