ဦးဘိုကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း

■ ဦးဘိုကြည်

ဦးဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ပြည်သူများ နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ကျင့်သုံး နိုင်စေရေးအတွက် တက်ကြွလှုပ်ရှားနေသူ ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းတွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသူ ဖြစ်ပါသည်။

■ မေး ။   ။ မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ကို ဘယ်လို သတ်မှတ်ခံယူထားပါသလဲ။

■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းများဆိုတာ တိုင်းပြည်ရဲ့ နားနဲ့မျက်စိပါ။ အရပ်ဘက် အဖွဲ့အစည်းတွေဟာ များသောအားဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးနဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်ဆောင်လေ့ ရှိပါတယ်။ အဲဒီ အခွင့်အရေးတွေဆိုတာ ကျွန်တော်တို့ ပြည်သူတွေ အခု လက်တွေ့ ကြုံတွေ့နေရတဲ့ လယ်ယာမြေ ပြဿနာ၊ အလုပ်သမား အခွင့်အရေး ပြဿနာ၊ နှိပ်စက် ညှင်းပမ်းမှုခံရတဲ့ ပြဿနာ၊ သဘာ၀၀န်းကျင် ပြဿနာ၊ မတရားသဖြင့် ဖမ်းဆီးခံနေရတဲ့ကိစ္စ၊ လူမှုတရားမျှတမှုကိစ္စများ၊ ဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့ကိစ္စ ပပျောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးမှုရှိစေရေး အစရှိသဖြင့် တိုင်းပြည် တည်ငြိမ်တိုးတက်ဖို့ လိုအပ်နေတဲ့ ကိစ္စများကို စောင့်ကြည့် သတင်းပို့ခြင်း၊ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်း၊ နိုင်ငံသား တစ်ဦးချင်း၏ ရပိုင်ခွင့်နှင့် တာဝန်ရှိမှုများကို နိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရပါတယ်။ အစိုးရနဲ့ ဥပဒေပြု လွှတ်တော်အမတ်များကိုလည်း လိုအပ်သော ဥပဒေများကို အသစ်ရေးဆွဲရန် အကြံပေးခြင်း၊ ပယ်ဖျက်သင့်သော ဥပဒေများကို ပယ်ဖျက်စေရန် အကြံပေးခြင်း၊ ပြုပြင်ပြောင်းလဲစေရန် ဖိအားပေးခြင်းတို့ကိုလည်း လုပ်ဆောင်ရပါတယ်။ အရပ်ဘက် အဖွဲ့အစည်းများအတွက် အရေးအကြီးဆုံးက အစိုးရရဲ့ လွှမ်းမိုးမှုအောက်က ကင်းလွတ်ရေး၊ အကျိုးစီးပွားအပေါ် ဦးစားမပေးရေးနဲ့ ပြည်သူလူထု လိုအပ်ချက်အတွက်သာ အဓိကထား လုပ်ဆောင်ရေး ဖြစ်ပါတယ်။

■ မေး ။   ။ ဒီချုပ်အစိုးရသစ် တက်လာပြီးနောက် အရင်က ဆောင်ရွက်နေတာနဲ့ ယခု လုပ်နေတာတွေကြားမှာ ရပ်တည်မှု၊ အမြင်နဲ့ နည်းနာတွေအရ ကွာခြားသွားတာ ရှိပါသလား။ ကျယ်ကျယ်ပြန့်ပြန့် မေးရရင် နှစ်ပေါင်းများစွာ ပျက်ပြားခဲ့တဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး (state-society relations) ပြောင်းလဲမယ့် လမ်းကြောင်းပေါ် ရောက်ပြီလို့ သုံးသပ်ပါသလား၊ မျှော်မှန်းထားတဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ဆက်ဆံရေးပုံစံကို အကျဉ်းဆွေးနွေးပြပါ။

■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းများအပေါ်ကို ထားရှိတဲ့ အစိုးရသစ်ရဲ့ သဘောထားကို သေသေချာချာ မသိရှိရသေးပါ။ ရုရှားကစပြီး အာဏာရှင်နိုင်ငံများနဲ့ အချို့သော ဒီမိုကရေစီ နိုင်ငံတွေမှာ အရပ်ဘက် အဖွဲ့အစည်းများကို ထိမ်းချုပ်ဖို့ ကြိုးစားလာတာတွေ တွေ့နေရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အရပ်ဘက် အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုတွေကို ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းယူပြီးစဉ် ကတည်းက သင်းကွတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ကာလ နောက်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းတွေကို တစ်စုံတရာ ရှင်သန် လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဟန်ပြပဲ ဖြစ်ဖြစ် လက်တွဲ လုပ်ဆောင်မှုတွေအထိ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဒီချုပ်အစိုးရသစ် အာဏာရယူပြီး ကတည်းက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းနေတာကို တွေ့မြင်နေရပါတယ်။ တကယ်တော့ အရပ်ဘက် အဖွဲ့အစည်းတွေဆိုတာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်သွယ်ရေးပုဂ္ဂိုလ် သို့မဟုတ် ကြားခံ ဆောင်ရွက်ပေးနေသူပါ။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ ဥပဒေပြဌာန်းပြီး ဆောင်ရွက်ပေးသင့်ပါတယ်။ လွှတ်တော်အနေနဲ့လည်း အရပ်ဘက် အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ ဘတ်ဂျက်တစ်ခုကို သတ်မှတ်ပြီး ဆောင်ရွက်သင့်ပါတယ်။

■ မေး ။   ။ လူမှုစီးပွား တရားမျှတမှု၊ ဘာသာရေး၊ တိုင်းရင်းသား ပဋိပက္ခများနဲ့ ယုတ်စွအဆုံး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရှင်သန်ရေး ကိစ္စရပ်တွေမှာ အစိုးရနဲ့သော် လည်းကောင်း၊ တပ်မတော်နဲ့သော် လည်းကောင်း၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးတွေနဲ့သော် လည်းကောင်း သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ရင် ဘယ်လိုဘယ်ပုံ ဆန္ဒထုတ်ဖော်   ဖြေရှင်းသွားသင့်၊ သွားနိုင်ပါသလဲ။

■ ဖြေ ။   ။ နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအတွက်သော် လည်းကောင်း၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအတွက် လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့များ ရှင်သန်ခွင့် မရှိတော့ဘူးဆိုရင် အာဏာရှင်နိုင်ငံ ဖြစ်နေပါပြီ၊ အာဏာရှင် ပြုတ်ကျအောင် သို့မဟုတ် အာဏာရှင် အင်အားချိနဲ့အောင် လုပ်ဆောင်ခြင်းသာ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။

■ မေး ။   ။ လက်ရှိ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပါဝင်ခွင့်ကို အားရကျေနပ်မှု ရှိပါသလား၊ ဗမာအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေအကြား ပူးပေါင်း ဆောင် ရွက်မှုတွေကိုရော အားရပါသလား။

■ ဖြေ ။   ။ ၂၁ရာစု ပင်လုံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေကို ပါဝင်ခွင့်ပေးတဲ့ အပေါ်မှာတော့ ကျေနပ်ပါတယ်။ သို့သော်လည်းပဲ အချိန်က အရမ်းတိုတောင်းလွန်းပါတယ်။ ပြီးတော့ အစိုးရဘက်က အရပ်ဘက် အဖွဲ့အစည်းတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးချင်ပုံ မရဘဲ အစိုးရက ချမှတ်ပေးတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ခေါင်းစဉ်အောက်ကနေပဲ ဆွေးနွေးစေချင်တဲ့ ပုံစံမျိုးကို တွေ့နေရပါတယ်။ ဒါကတော့ သိပ်မကောင်းပါ။ ပြည်နယ်အသီးသီးမှာလည်း ကချင်၊ ကရင်၊ ရှမ်း၊ မွန်နဲ့ ချင်းမှာတော့ အရပ်ဘက် အဖွဲ့အစည်း အားကောင်းတာမျိုး တွေ့ရပြီး ပူးပေါင်းဆောင်ရွက်မှု ရှိနေကြပါတယ်။ ဒါပေမဲ့ ရခိုင်ဘက်က အရပ်ဘက် အဖွဲ့အစည်းတွေ ကျပြန်တော့လည်း သီးခြားဆန်လွန်းနေတာ တွေ့ရပါတယ်။ အဖွဲ့ တော်တော်များများကလည်း ရန်ကုန်မှာ အခြေပြုနေတာနဲ့ ချိတ်ဆက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ယေဘုယျအားဖြင့် ဗမာအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုက အတော်အသင့် အားရစရာကောင်းတယ်လို့ ပြောလို့ရပါတယ်။

■ မေး ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ကိုယ်စားပြုမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းတယ်၊ ဒီ အဖွဲ့အစည်းတွေဟာ ဒေါ်လာစားပြီး ပြဿနာရှာရုံ သက်သက်ပဲဆိုတဲ့ အမြင်တွေကို ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

■ ဖြေ ။   ။ တကယ်ကို စနစ်တကျ လုပ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ဝက်ဆိုဒ်၊ ဖေ့ဘွတ်၊ တွစ်တာ အစရှိသဖြင့် ရှိကြပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အများပြည်သူနဲ့ အစိုးရ သိအောင် တင်ပြလေ့ ရှိကြပါတယ်။ ရုံးတွေလည်း ဖွင့်ထားပြီး လုပ်ဆောင်နေပါတယ်။ ထိတွေ့ဆက်ဆံမှု မရှိဘဲ နဂိုကတည်းကိုက အရပ်ဘက် အဖွဲ့အစည်းတွေကို အနှောင့်အယှက်လို့ မြင်နေတဲ့ စိတ်အခံကြောင့် ဖြစ်မှာပါ။ နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေလျက် ရှိတယ်ဆိုတာကို သတိထားစေချင်ပါတယ်။ အစိုးရများအနေနဲ့ အရပ်ဘက် အဖွဲ့အစည်းများရဲ့ အသံကို ဂရုတစိုက် နားထောင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် အများကြီး အကျိုးရှိမှာပါ။

About the author

The Editor

Add comment