ပြည်ထောင်စု အင်စတီကျု၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးခွန်းဆေအား မေးမြန်းခြင်း

■ မေး။   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အကြောင်းအရာ ခေါင်းစဉ်အလိုက်ဆိုပြီး သုံးမျိုး ပါဝင်ပါတယ်။ ဒီလို သုံးခု ခွဲခြားထားတာက ဘာအတွက် ဘယ်လို အထောက်အကူပြုပါသလဲ။ လိုအပ်တဲ့ခွဲခြားမှုအဖြစ် ရှုမြင်ပါသလား။

ဖြေ  –   အဲဒါ ကျွန်တော် မပါဘူးဗျ။ အဲဒီတော့ ဒီဥစ္စာက ကျွန်တော် ဖြေလို့မရဘူး။

■ မေး။   အဲဒီ သုံးခုခွဲတာရယ်၊ လေ့လာသူ သုံးသပ်သူအနေနဲ့ ကြည့်မယ်ဆိုရင် အားသာချက်၊ အားနည်းချက် ဘယ်လို အကျိုးရှိမလဲ။

ဖြေ  –   အခု လောလောဆယ်ကတော့ လုပ်နိုင်သလောက် သူတို့ ဘာတွေလုပ်နိုင်သလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့ပဲ လိုတယ်လို့ ထင်တယ်။ ဘယ်သူမှ တစ်ခါမှ မလုပ်ဖူးသေးဘူးကိုဗျ၊ မလုပ်ဖူးသေးတဲ့ လူတွေက လာလုပ်တာကိုး။ သူတို့ ကိုယ်တိုင်ကလည်း တကယ် ဒီဥစ္စာကို သေချာသိမယ်လို့ မထင်သေးဘူးဗျ။ ဒါကြောင့် သူတို့က အရင်ဆုံး လူမျိုးဆိုလို့ ရှိရင်လည်း ကရင်မှာ လုပ်မယ်၊ ဒေသဆိုလို့ ရှိရင်လည်း တနင်္သာရီတိုင်းမှာ လုပ်မယ်၊ နောက်ပြီးတော့မှ ခေါင်းစဉ်ဆိုလည်း နေပြည်တော်မှာ လုပ်မယ် အဲလို အရင်စမယ်။ ဒါဖြစ်မှ နောက်ကျန်တဲ့ဟာတွေ လုပ်နိုင်မှာ။ အဲဒီတော့ အခုလောလောဆယ်တော့ သူတို့ ကိုယ်တိုင်လည်း သူတို့ ဘယ်လို အဖြေရမယ်ဆိုတာ ကြိုပြီးတော့ တွေးထားနိုင်လိမ့်မယ်လို့ကျွန်တော် မထင်ဘူး။

■ မေး။    ဖက်ဒရယ်စနစ်ကို သွားတဲ့အခါ အကြောင်းအရာ ကဏ္ဍအလိုက် မူဝါဒတွေ ချမှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေက မူဝါဒတွေ အကြံပြုထားတာ တွေ့ရပါတယ်။ တချို့လည်း ၂၁ ပင်လုံမှာ ဆွေးနွေးခဲ့တာမျိုး ရှိပါတယ်။ တချို့ကလည်း အဆိုပြုချက်တွေဟာ ဖြစ်ချင်တဲ့စာရင်း ချရေးထားသလို ဖြစ်နေတယ်။ လက်တွေ့မကျသေးဘူး။ လတ်တလော မဖြစ်နိုင်သေးဘူးဆိုပြီး ထောက်ပြတာတွေ ရှိပါတယ်။ ဆရာ့ရဲ့သုံးသပ်ချက် သိပါရစေ။

ဖြေ –   ကျွန်တော်တို့ ဖက်ဒရယ်ကို ပြောတဲ့အခါမှာ အကြောင်းအရာလိုက် ပြောတာပေါ့နော်။ ဖက်ဒရယ်နဲ့ ကျန်းမာရေး၊ ဖက်ဒရယ်နဲ့ ပညာရေး၊ ဖက်ဒရယ်နဲ့ စိုက်ပျိုးရေး လယ်ယာကိစ္စတို့ အဲလိုပြောကြတယ် ဆိုတော့လေ။ တချို့လည်း သေချာ ဆွေးနွေးပြောကြတာတွေ ရှိပါတယ်လေ။ ပြောချင်တာက အဆိုပြုချက် တော်တော်များများက ကိုယ်ဖြစ်ချင်တဲ့စာရင်းပဲ ချရေးသလို ဖြစ်နေတယ်။

■ မေး။    လက်တွေ့မှာတော့ လတ်တလော မဖြစ်နိုင်သေးဆိုပြီး ပြောတာတွေလည်း ရှိတယ်။ အဲဒါကိုရော ဦးခွန်းဆေ ဘယ်လိုသုံးသပ်ပါသလဲဗျ။

ဖြေ –    ကျွန်တော့်အမြင်ကတော့ ဆိုကြပါစို့၊ တကယ်လို့ မြေယာပေါ့နော်။ ပညာရေးလို့ ပြောလိုက်ရင်ပေါ့နော်။ ပညာရေး ဆိုရင်လည်း ဖက်ဒရယ်ပညာရေး ဖြစ်ရမယ်။ ဖက်ဒရယ် ပညာရေးဆိုရင်လည်း ကျွန်တော်တို့ ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် ပညာရေးက ဘယ်လိုဖြစ်ရမလည်။ အဲလိုမူကို အရင်ချရပါမယ်။ သူ့နေရာနှင့်သူ။ သူ့ပြည်နယ်နှင့် သူတို ့ဘယ်လို စီမံခန်ခွဲမလဲ ဆိုတာကတော့ ရှိကို ရှိရပါမယ်။ တကယ်လို့ အဲလိုမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ဗဟိုချုပ်ကိုင်မှုတိုင်း လုပ်မယ်ဆိုရင် ဖက်ဒရယ်လို့ ဘာလို့ ခေါ်စရာလိုဦးမလဲ။ ကျွန်တော်တို့ ယူနီတိုးရီပဲ ခေါ်လိုက်ပေါ့။ ကိုလိုနီလို့ပဲ ခေါ်လိုက်ပေ့ါ။ ဒါက ပိုရှင်းတာပေါ့။

■ မေး။   တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေ (အထူးသဖြင့် NCA လက်မှတ် ထိုးပြီးထားတဲ့ ဒေသတွေ)မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကောင်အထည်ဖော်နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ စနစ်နဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်ဘက်က တရားဝင် အသိအမှတ်ပြုရုံသာမက ကြားကာလ နိုင်ငံတော်ရန်ပုံငွေ ချပေးဖို့ ကိစ္စတွေကစလို့ ရေရှည် ပေါင်းစည်းရေး convergence အထိ ဘယ်လို အကြံပြုချင်ပါသလဲ။ စဉ်းစားတာ ရှိနေမလဲ။

ဖြေ-    အဲဒါက ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ပြဿနာဖြစ်တယ်။ ကျွန်တော်တို့ NCA ထဲမှာ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ပုဒ်မ ၂၅၊ အပုဒ်၂၆ ပေါ့။ သို့သော်လည်း ဒါကို ကြားကာလ လုပ်ကိုင်ဆောင်ရွက်ရမယ့် အချိန်ကာလ ဖြစ်တယ်။ Internal Arragement ဖြစ်ဖို့ လိုတယ်။ Internal Arragement မရမချင်း၊ ကျွန်တော်တို့ ငြိမ်းချမ်းရေး မရမချင်း၊ သို့မဟုတ် Political Settlemen မရမချင်း၊ သို့မဟုတ် နိုင်ငံရေး သဘောတူညီမှု မရမချင်း၊ ကျွန်တော်တို့ ဘယ်လိုပူးတွဲပြီးတော့ လုပ်ဆောင်သွားမလဲတို့။ ကျွန်တော်တို့ ဒီကျန်းမာရေးတို့၊ ပညာရေးတို့၊ ဒီ ဖွံ့ဖြိုးရေး စသည်တို့ပေါ့။ ဒါတွေ ဘယ်လိုလုပ်ရမယ် ဆိုတာကို NCA ထဲမှာ ပြဌာန်းထားပြီးသား ဖြစ်တယ်။ သို့သော်လည်း ဒါကို အကောင်အထည် ဖော်နိုင်ဖို့က ကြားကာလ စီမံခန့်ခွဲရေးကော်မတီဆိုတာ ရှိရမယ်။ ပြီးတော့ EAO က အကြံပြုထားပါတယ်။ ဒါပေမဲ့ ဒီအကြံပြုချက်က စာနဲ့ပေနဲ့ ဒီ Project တစ်ခုအနေနဲ့ မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အခါကျတော့ သူတို့ အခုလတ်တလောတော့ သူတို့ စတင်နေပြီဆိုတဲ့ အကြောင်းတော့ ကြားရပြီပေါ့။ အဲဒါ မလုပ်လို့ရှိရင်လည်း မရဘူးပေါ့နော်။

■ မေး။     ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေအနေနဲ့ သူတို့ဒေသ ပညာရေး၊ ကျန်းမာရေး၊ မြေယာ စတဲ့ အရေးတွေနဲ့ ပတ်သက်ရင် စေ့စပ်ညှိနှိုင်းရေးလောက်သာ ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနတွေကသာ ဗဟိုချုပ်ကိုင်မှုနဲ့ တိုက်ရိုက် စီမံခန့်ခွဲတာ တွေ့ရပါတယ်။ ဒါကြောင့် ဒေသလိုအပ်ချက်နဲ့ ဗဟိုက ချမှတ်တဲ့ ဦးစားပေးမှုတွေ ကွာဟနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲက ပြီးပြတ်တဲ့အဖြေ မထွက်ခင် ကာလမှာရော ဒီလို အခြေအနေတွေနဲ့ ပတ်သက်ရင် နိုင်ငံတော်ဘက်က ဗဟိုချုပ်ကိုင်မှု ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ အကြံပြုပါဦး။

ဖြေ  –   ဒါ တိုင်းဒေသကြီးတွေမှာလည်း ဖြစ်တဲ့ပြဿနာ ဖြစ်တယ်။ သူတို့ကိုယ်တိုင် ကိုင်တွယ်တဲ့ဟာက ကျွန်တော် ဖတ်ဖူး မှတ်ဖူးတာက ဘာလဲဆိုတော့ ဒီ စည်ပင်သာယာရေးကလွဲလို့ ဝန်ကြီးချုပ်ကိုင်တာ ဘာမှမရှိဘူး။ အဲလိုမျိုးအဆင့်တွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဟိုအရင်တုန်းက ဆိုလို့ရှိရင် အစတုန်းက ဆိုလို့ရှိရင် ဘဏ္ဍာရေးကို ပြောမယ်ဆိုလို့ရှိရင် နေပြည်တော် ပြည်ထောင်စုအစိုးရ ကိုင်ထားတာက ၉၆ ရာခိုင်နှုန်းပဲ ရှိတယ်။ အခုတော့ ဘယ်လောက် တိုးတက်လာသလဲ မသိဘူး။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတောင် ပြောသေးတယ်၊ ဒီဥစ္စာက ဘာလဲဆိုတော “ခင်ဗျားတို့နိုင်ငံက ၃၆ ရာခိုင်နှုန်းပဲ ဖက်ဒရယ်ဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်”တဲ့။ အခုတော့ ၁၁ ရာခိုင်နှုန်းလောက်တောင် ဖြစ်လာမလားတော့ မသိဘူးပေါ့နော။ တချို့ ငွေတွေက ပြည်ထောင်စုဝန်ကြီးဌာနမှာ ရှိနေတဲ့ ငွေတွေက ပြန်ပေးလိုက်ပြီလားတော့ မသိဘူးပေါ့။ လွှဲပေးတယ်ဆိုလည်း ဒါမျိုးဖြစ်မှာပေါ့။ အနည်းဆုံးတော့ ၅၀ ရာခိုင်နှုန်းလောက်စီ ဖြစ်ကုန်ရင်တော့ ကောင်းတာပေါ့။

■ မေး။     ဖက်ဒရယ်စနစ် ပုံမပေါ်သေးတဲ့ အခြေအနေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ဒီနယ်ပယ်ကဏ္ဍစုံမှာ ဘယ်လိုအခန်းက ပါဝင်နိုင်သလဲ။ နိုင်ငံတော်ဘက်က လိုက်လျောမှုတွေ ဖြစ်လာအောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ။

ဖြေ –   အခု နိုင်ငံတော်အတိုင်ပင်ခံ လက်ထက်မှာကျတော့ သူကတော့ ပံ့ပိုးတဲ့ဘက်ကို ပိုလွန်လာတယ်ပေါ့နော။ အားပြိုင်တဲ့ သဘောမျိုး လုပ်ရမယ်ဆိုပြီးလည်း ပြောတယ်လေ။ သူတို့က အခုလုပ်နေတာ အပြိုင်လိုမျိုးလည်း မဟုတ်ဘူး။ တကယ် အပြိုင်ဆိုလို့ရှိရင် သူတို့ခေါင်းစဉ်အားလုံး ငါးခုရှိတာပဲ။ ငါးခုစလုံး သူတို့ ဆွေးနွေးခွင့် ရှိရမှာပေါ့။ ဆွေးနွေးခွင့်မှ ပေးမထားဘဲ။

■ မေး။   UN Declaration on the Rights of Indigenous People (2008)  ဟာ မလိုက်နာမနေရ နိုင်ငံတကာဥပဒေ မဟုတ်ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ မဲပေး ထောက်ခံထားတာဆိုတော့ ပညာရေးကဏ္ဍမှာ အဲဒါကို လက်ရှိကာလမှာ ကျင့်သုံးနေမှု အနေအထားကိုရော သုံးသပ်ပေးပါဦး။

ဖြေ –    အကောင်းလည်း ရှိတယ်၊ အဆိုးလည်း ရှိတယ်လို့ ကျွန်တော် ထင်တယ်ပေါ့ဗျာ။ အကောင်းရှိတာကတော့ ဒီ ၂၀၁၁ မှာ ကျွန်တော်တို့ အစိုးရအသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဒီဖက်ဒရယ်ဆိုတဲ့ စကားလုံးကလည်း အရင်တုန်းကထက် “ပူး” ဖြစ်တဲ့စကားလုံး ဖြစ်တယ်။ အခုကျတော့ သူတို့က အားလုံး ဖောဖောသီသီ သုံးနေကြတာ။ ဒီဥစ္စာကို ဆက်လက်ပြီးတော့ အားပေးထားဖို့ လိုတယ်။ ကျွန်တော်တို့ အခုဖြစ်နေတာက ဘာလဲဆိုတော့ အများအားဖြင့်ကတော့ အခွင့်အရေးတွေကို ခံစားရတာက မြို့ထဲကသူတွေ ပိုများတယ်။ တောသူ တောင်သားတွေက နည်းတယ်။ တောသူ တောင်သားဆိုတာ အခြား ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ။ သူတို့ကတော့ အခုထိ ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာ မရှိဘူး။ အရင်ကလိုပဲလို့ သူတို့ကတော့ အောက်မေ့ကြတယ်။ အခု ဒီပြဿနာတစ်ခု ဖြစ်နိုင်တာက ဘာလဲဆိုတော့ လုပ်ချင်တာတွေက သိပ်များနေတယ်။ ဘယ်ဥစ္စာကို အဓိကထား လုပ်မယ်ဆိုတာကို သူတို့ ဒီ မဟာဗျူဟာကျကျ စဉ်းစားပြီးတော့ ရေးဆွဲထားတာ မရှိဘူးလားဆိုတဲ့ မေးခွန်းမျိုးတော့ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လုပ်သင့်တာတွေက အများကြီးပဲလေ။ ဘာကို ဘယ်ကနေ စကိုင်မယ်၊ ဘာလုပ်မယ် ဆိုတာတွေပေါ့။

■ မေး။   နိုင်ငံတကာရဲ့ အခန်းကဏ္ဍဟာ ငြိမ်းချမ်းမှာ ပိုအရေးပါလာနေပါတယ်။ ပထဝီ နိုင်ငံရေးဖိအားနဲ့ ငွေကြေးနည်းပညာပိုင်း ထောက်ပံသူတွေရဲ့ဖိအားဟာ အရှိတရား ဖြစ်နေပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေအပါအဝင် နိုင်ငံတကာအနေနဲ့ အစိုးရပိုင်းနဲ့ ပိုမိုချိတ်ဆက် လုပ်ဆောင်လိုပြီး အစိုးရမဟုတ်တဲ့ ပလေယာတွေကို မူဝါဒအရရော ပံပိုးမှုအရပါ အစိုးရလမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်ဖို့ ဖိအားပေးမှုတွေ ပိုများတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်ကနေစလို့ ခုချိန်အထိ ဒီဖိအားတွေဟာ လျော့သွားတာ မရှိဘူးလို့ ဝေဖန်မှုတွေ ရှိပါတယ်။ ဒါကို ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ –    ကျွန်တော်တို့ EAO တို့ဘာတို့ဆိုတာက player side show တွေပဲကိုးလို့ အများအားဖြင့် သူတို့ မှတ်မှာပေါ့နော်။ အဓိက player ကတော့ နေပြည်တော်မှာ ဘယ်သူ အစိုးရလုပ်နေသလဲ ဆိုတာက ပိုပြီး အဓိကကျနေတယ်။ အခုမှ မဟုတ်ဘူး အရင့် အရင်ကတည်းကလည်း အများအားဖြင့် အစိုးရနဲ့ လုပ်ခဲ့တာ။ အခုမှလုပ်တယ်လို့ ဒါ အသစ်အဆန်းတော့ ပြောလို့မရဘူးပေါ့နော။ အခု ဒီနည်းက ကျွန်တော်တို့က ဒီ နိုင်ငံခြား အစိုးရတစ်ခုဖြစ်မယ် ဆိုလို့ရှိရင်လည်း လွယ်လွယ်ကူကူပဲ စဉ်းစားလိမ့်မယ်လို့ ဒီလိုပဲ ကျွန်တော်တော့ ထင်တယ်။ သို့သော်လည်းပဲ ဒီကိစ္စမှာ ပြန်လည်ပြောင်းနိုင်ဖို့ ဆိုတာက အဓိက ကတော့ ကျွန်တောာ်တို့ ဒီလှုပ်ရှားနေတဲ့ EAO တို့၊ နောက် CSO တို့ ဒါတွေအပေါ်မှာ အများကြီး မူတည်တယ်လို့ ကျွန်တော်ထင်တယ်။ ဒီလိုမျိုး အခုလောလောဆယ်တော့ လှုပ်ရှားနေတာတော့ ရှိတယ်။ ဒီ လှုပ်ရှားနေတဲ့အဆင့် တက်ဖို့လိုတယ် ဒါတွေကို ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီ ဒုံရင်းအတိုင်းပဲ ဒီတိုင်းပဲ ဆက်သွားမှာပဲလို့ ကျွန်တော်ထင်တယ်။ အခု ကျွန်တော်တို့ ကြည့်လိုက်တဲ့အခါ ဥပမာ- တရုတ်က အင်အားကြီးလာတယ်။ ငွေလည်း သူက ပေးနိုင်တာဖြစ်တယ်။ အမေရိကန်ကျတော့ အင်အားတော့ ကြီးပါတယ်၊ သူက ဘာမှမပေးနိုင်ဘူး။ နောက်တစ်ခုကလည်း အခု ဒေါ်နယ်ထရမ့်ကလည်း သူက နောက်ဆုတ်တော့မယ်လိုလို ဘာလိုလို ဖြစ်နေတဲ့ အခါကျတော့ ဘယ်လိုဖြစ်မယ် ဆိုတာကတော့ စောင့်ပြီးတော့ နားထောင်ရမှာပေါ့။ အခု ဗမာပြည်နဲ့ ပတ် သက်ပြီးတော့ရော တရုတ်ကတော့ ဘာပြောချင်လဲ၊ သူက ကျောက်ဖြူကို လိုချင်တာ။ အသေအချာလိုချင်တာ။ ကျောက်ဖြူက သူ့ရဲ့ “အင်ဒီယံအိုးရှင်း အက်စက်”ပဲ။ ဒါ သူ့ကို အပြစ်တင်တာ မဟုတ်ဘူး။ ဒါ စကားစပ်မိလို့ပြောတာ ပါ။ သူ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အဓိက သူဆက်ဆံရမှာ ဘယ်သူလဲ၊ အစိုးရနဲ့ပဲ သူက ဆက်ဆံရမှာပဲလေ။ ဒါပေမဲ့ သူက ဈေးဆစ်နေတာပေါ့။ ဒီဥစ္စာက သူ့အလုပ်လေ။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ ကချင်တို့၊ ဝတို့၊ ရှမ်းတို့၊ နောက်ပြီး တရုတ်နယ်စပ်မှာရှိတဲ့ အဖွဲ့တွေပေါ့။ ဒါတွေလည်း ကိုယ်က နားလည်ဖို့ လိုတာပေါ့။ ငါတို့က အသုံးချခံပဲ ဖြစ်တယ်လို့။ ဒီအတိုင်းဆိုလို့ရှိရင် မရဘူး။ သူတို့အလိုပြည့်ရင် ငါတို့ကို ပစ်မှာပဲ။ ငါတို့ အခုထိ ရုန်းကန်လာခဲ့တဲ့ ရည်မှန်းချက် ဆိုတာလည်း မှေးမှိန်သွားမှာပဲ။ ဒါကြောင့် သူတို့ကိုယ်တိုင် လှုပ်ရှားရမယ့်အချိန်ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

About the author

The Editor

Add comment