ဦးဝင်းမျိုးသူနှင့် တွေ့ဆုံမေးမြန်းခြင်း

ဦးဝင်းမျိုးသူ

ဦးဝင်းမျိုးသူသည် မြန်မာနိုင်ငံ၏ သဘာ၀၀န်းကျင် အဖွဲ့အစည်းတစ်ခုဖြစ်သော Ecodev ကို စတင်ထူထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည်။

■ မေးခွန်း(၁) မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ တာဝန်ကို ဘယ်လို သတ်မှတ် ခံယူထားပါသလဲ။

■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အနည်းဆုံး နယ်ပယ်နှစ်ခုမှာတော့ အရင်ကထက် ပိုပြီး အရေးပါလာတယ်ဆိုတာ သိသာလာပါတယ်။

ပထမ တစ်ခုကတော့ အများပြည်သူ အခြေခံလိုအပ်ချက်နဲ့ ဝန်ဆောင်မှု အခန်းကဏ္ဍက ဟာကွက်တွေကို ဖြည့်စွမ်းပေးနိုင်ရေးပါ။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ဈေးကွက်ဗဟိုပြုစနစ်ကို ဖြည်းဖြည်းချင်းသွားဖို့ ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။  ဒါပေမဲ့ အခြေခံလူတန်းစားတွေ လက်လှမ်းမှီတဲ့၊ အစိုးရက ဖြည့်ဆည်းတဲ့ အခြေခံလိုအပ်ချက်နဲ့ ဝန်ဆောင်မှု အခန်းကဏ္ဍဟာ ပုဂ္ဂလိကကဏ္ဍက အစားထိုး နေရာဝင်မယူခင်မှာဘဲ လျင်လျင်မြန်မြန် ကျဆင်းလာပါပြီ။ အဲဒါမျိုးကို ကျန်းမာရေးကဏ္ဍနဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့မှုတွေမှာ ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ တကယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေသာ ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍမှာ မရှိခဲ့ဘူးဆိုရင် HIV/AIDS ဝေဒနာသည်တွေနဲ့ ကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းတွေ သိသိသာသာ မြင့်တက်လာနိုင်တဲ့အပြင် နာရေးကူညီတာ၊ သွေးလှူတာ၊ မိဘမဲ့နဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ စတာတွေကိုလည်း လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အလားတူပဲ စိုက်ပျိုးရေးကဏ္ဍမှာ ဆိုရင်လည်း ကုမ္ပဏီတွေက ပိုးသတ်ဆေးနဲ့ တခြားပစ္စည်းတွေကိုသာ အရောင်းမြှင့်တင်ကြပြီး တောင်သူလယ်သမားတွေ ရေရှည် အသုံးပြုနိုင်မယ့် စိုက်ပျိုးရေးနည်းနာဆိုင်ရာ အကြံဉာဏ်ကောင်းပေးတာမျိုး မလုပ်ကြပါဘူး။ (အကျိုးမရှိတဲ့ လုပ်ဆောင်ချက်တွေ အများကြီးရှိသေးတဲ့အပြင် ကုမ္ပဏီတွေက ဝန်ဆောင်မှုပေးဖို့တောင် စိတ်မပါကြတာမျိုးလည်း ရှိပါသေးတယ်) ဒါ့အပြင် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပေါ်အခြေအနေမှာ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်းကိုလည်း နာဂစ်မုန်တိုင်း အပြီးမှာ တွေ့ခဲ့ရပါတယ်။ ဒီကဏ္ဍတွေဟာ နောက်ထပ် ၁၀ နှစ်လောက် ကြာခဲ့ရင်တောင် အစိုးရအနေနဲ့ ပိုတိုးတက်လာအောင် မလုပ်နိုင်သေးတဲ့ နယ်ပယ်တွေဆိုတာ ကြိုတင် သိမြင်နိုင်ပါတယ်။ ဒါကြောင့်လဲ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ပြည်သူ့အခြေခံလိုအပ်ချက်နဲ့ ဝန်ဆောင်မှု အခန်းကဏ္ဍတွေကို ဖြည့်စွက်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

(၂) ဒုတိယ အချက်ကတော့ လူ့အခွင့်အရေး၊ လိင်ခွဲခြားမှုနဲ့ သက်ဆိုင်တဲ့ အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ မြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာ အခွင့်အရေး၊ သဘာဝသယံဇာတဆိုင်ရာ အခွင့်အရေး စတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ အခွင့်အရေး အခြေပြု ချဉ်းကပ်မှုတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ လိုပါတယ်။ တိုင်းပြည်အခြေအနေ ပွင့်လင်း လွတ်လပ်လာပြီဆိုတာနဲ့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ရှိလာမှာပါပဲ။ လူတိုင်းက အဖွဲ့အစည်းတွေရဲ့ လူမှုဆိုင်ရာ တာဝန်ယူ တာဝန်ခံမှု (Corporate Social Responsibility – CSR) အကြောင်း ပြောကြပေမယ့် တကယ်တမ်း အလုပ်ဖြစ်တဲ့ အနေအထားမျိုးအထိ မရောက်ခဲ့ပါဘူး။ အစိုးရရဲ့ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေမှာ အားနည်းချက်တွေ ရှိနေပြီး (ဥပဒေပြုသူတွေကလည်း လွှတ်တော်ထဲမှာ ကြိုးပမ်း အားထုတ်ပြီး ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားကြပေမယ့် အဆင့်တိုင်းမှာ လုပ်နိုင်စွမ်း အကန့်အသတ် ရှိတာကြောင့် အတိုင်းအတာ တစ်ခုအထိသာ အောင်မြင်မှု ရခဲ့ပါတယ်) အဲဒီ ဥပဒေတွေအတိုင်း အတည်ပြု လိုက်နာကျင့်သုံးဖို့ မျှော်လင့်လို့မရတဲ့ အနေအထားပါ။ ဒါကြောင့်လဲ နိုင်ငံသား အခွင့်အရေးတွေဟာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေခဲ့ရပြီး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြားဝင်ပေးမှုသာ မရှိခဲ့ရင် အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အကွပ်အညှပ် မရှိ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင်ပါတယ်။

■ မေး(၂)  ဒီချုပ်အစိုးရသစ် တက်လာပြီးနောက် အရင်က ဆောင်ရွက်နေတာတွေနဲ့ ယခု လုပ်နေတာတွေ ကြားမှာ ရပ်တည်မှု၊ အမြင်နဲ့ နည်းနာတွေအရ ကွာခြားသွားတာ ရှိပါသလား။ ကျယ်ကျယ်ပြန့်ပြန့် မေးရရင် နှစ်ပေါင်းများစွာ ပျက်ပြားခဲ့တဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး (state-society relations)  ပြောင်းလဲမယ့် လမ်းကြောင်းပေါ် ရောက်ပြီလို့ သုံးသပ်ပါသလား။ မျှော်မှန်းထားတဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ဆက်ဆံရေးပုံစံကို အကျဉ်း ဆွေးနွေးပြပါ။

■ ဖြေ ။   ။ (၁) လက်ရှိ အစိုးရအဖွဲ့မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိပေမယ့်လည်း သိသာထင်ရှားတဲ့ ဆောင်ရွက်မှုတွေ မတွေ့ရသေးပါဘူး။ ဘာလို့လဲဆိုတော့ စွမ်းဆောင်ရည် ရှိသူတွေ ပါဝင်တဲ့ သင့်မြတ်လျော်ကန်တဲ့အဖွဲ့နဲ့ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်း နည်းလမ်းတွေ မရှိတာ၊ လာမယ့် အနာဂတ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်စွမ်း မရှိတာ (မူဝါဒနဲ့ မဟာဗျူဟာရေးရာ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်း၊ ခံယူနိုင်တဲ့ နိုင်ငံရေးစိတ်ဆန္ဒ ကင်းမဲ့ခြင်း တွေကြောင့် အနာဂတ်ကာလမှာ ဘာတွေဖြစ်လာမလဲဆိုတာ မျှော်လင့်လို့ မရနိုင်သေးပါဘူး။

(၂) အကောင်းဆုံး မျှော်လင့်နိုင်တာ တစ်ခုကတော့ ထိပ်ပိုင်းအဆင့်တွေ အဂတိလိုက်စားမှု မရှိဖို့ပါပဲ။ (ဒါတောင် ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ အာမ မခံနိုင်ပါဘူး)

(၃) မျှော်လင့်ထားတဲ့ အတိုင်းသာ ဖြစ်လာခဲ့မယ် ဆိုရင်တော့ ပိုကောင်းတဲ့ အရပ်ဘက်-အစိုးရ ဆက်ဆံရေးကတစ်ဆင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလည်း တိုးတက်လာနိုင်ပါတယ်။ တစ်နည်းပြောရရင် အားလုံးရဲ့ စိတ်ဝင်စားမှု ခံရပြီး  ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဥပမာ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုအစီအစဉ် (Extractive Industries Transparency Initiative-EITI) လိုမျိုး ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်တဲ့ ဘုံသဘောတူညီမှုတစ်ခုကို ဖန်တီးနိုင်ခြင်းအားဖြင့် ပြည်သူလူထုနဲ့ အစိုးရဝန်ကြီးဋ္ဌာန (ပြည်ထဲရေး၊ နယ်စပ်ရေးရာကဲ့သို့ ဝန်ကြီးဌာနများ မပါ) တွေရဲ့ ဆက်ဆံရေးလည်း တိုးတက်လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ အခြေခံ လူတန်းစားတွေရဲ့ လူမှုရေး၊ စီးပွားရေး အခြေအနေတွေ သိသိသာသာ တိုးတက်လာပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဖြစ်အောင် ပြောင်းလဲရခြင်းရဲ့ အရသာကို ပြည်သူတွေ ခံစားရပါလိမ့်မယ်။ ပိုကောင်းတဲ့ အရပ်ဘက်-အစိုးရ ဆက်ဆံရေးက တစ်ဆင့် ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်၊ ဝင်ငွေတွေ တိုးတက်ရရှိလာခဲ့ရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို နောက်ထပ် အားကောင်းလာအောင် လုပ်ပေးလိုက်သလို ဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကန့်အသတ်တွေ ရှိနေပေမယ့်လည်း NLD အစိုးရအနေနဲ့ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ အင်မတန် အရေးပါတဲ့ ကော်မတီ (၃) ခု ကို အားကောင်းလာအောင် လုပ်ဆောင်ခြင်းအားဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တိုးတက်လာနိုင်ပါတယ်။ အဲဒါတွေကတော့ (၁) ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (၂) ကျေးရွာစု မြေယာကော်မတီ (၃) မြို့နယ် မြူနီစပယ်ကော်မတီ စတာတွေပါပဲ။ NLD အစိုးရက တည်ဆဲ ကော်မတီတွေကို ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပေမယ့်လည်း အဲဒီကော်မတီတွေမှာ ပါတီက ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ပြန်လည် အစားထိုးခဲ့ပြီး အဆင့်တိုင်းမှာ သူတို့ရဲ့အင်အား စုစည်းထားနိုင်အောင် ကျင့်သုံး လုပ်ဆောင်ခဲ့ပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အောက်မှာ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပေမယ့်လည်း ဘယ်ပုံဘယ်နည်း ဖွံ့ဖြိုးတိုးတက်လာနိုင်တယ် ဆိုတာ လုံး၀ မသိရသေးပါဘူး။

■ မေး(၃)  လူမှုစီးပွား တရားမျှတမှု၊ ဘာသာရေး၊ တိုင်းရင်းသား ပဋိပက္ခများနဲ့ ယုတ်စွအဆုံး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ရပ်တည် ရှင်သန်ရေးကိစ္စရပ်တွေမှာ အစိုးရနဲ့သော် လည်းကောင်း၊ တပ်မတော်နဲ့သော် လည်းကောင်း၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးတွေနဲ့သော် လည်းကောင်း သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ရင် ဘယ်လိုဘယ်ပုံ ဆန္ဒထုတ်ဖော် ဖြေရှင်းသွားသင့်၊ သွားနိုင်ပါသလဲ။

■ ဖြေ ။   ။ ကျန်ရှိနေသေးတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆိုတာက ကျွန်တော့်အနေနဲ့ ပြောရရင်တော့ မြို့နယ်အဆင့်မှာ လူထုအလွှာအလိုက် တာဝန်ယူ တာဝန်ခံတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖွဲ့စည်း တည်ထောင်ဖို့က အဓိကကျပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ဒေသခံ အဖွဲ့အစည်းတွေဆီက တက်လာမယ့် ကန့်ကွက်မှု၊ စောဒက တက်မှုတွေအတွက် နိုင်ငံတော်အဆင့် လက်အောက်ခံ EITI ကော်မတီတွေ ဖွဲ့စည်းဖို့ အတိုင်းအတာ တစ်ခုအထိ ကြိုးပမ်းသင့်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ကုမ္ပဏီတွေ အနေနဲ့လည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ သင့်တင့် လျောက်ပတ်စွာ တုံ့ပြန်သင့်ပါတယ်။ အဲဒီလို ပြုလုပ်ခြင်းအားဖြင့် မျှော်လင့်ချက် မြင့်မြင့်မားမား ထားနေတဲ့ ပြည်သူလူထုရဲ့ နစ်နာချက်၊ မကျေနပ်ချက် တစ်စိတ်တစ်ပိုင်းကို ကိုင်တွယ်စီမံ ခန့်ခွဲပေးရာ ရောက်ပါတယ်။ ပြီးတော့လည်း အဲဒီ EITI  ကော်မတီတွေဟာ ဒေသဆိုင်ရာ နိုင်ငံရေးနဲ့ မူဝါဒရေးရာ တိုင်ပင်ဆွေးနွေးမှုတွေအတွက် တွေ့ဆုံဆွေးနွေးရာ နေရာလေး တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း NLD အစိုးရအနေနဲ့ အလားတူ ကော်မတီမျိုး ဖွဲ့စည်းဖို့ အလွန် စဉ်းစားစိုးရိမ်နေဟန်ရှိပြီး ဘာလို့လဲဆိုတာတော့ ကျွန်တော်တို့ မသိရပါဘူး။

■ မေး(၄)  လက်ရှိ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပါဝင်ခွင့်ကို အားရကျေနပ်မှု ရှိပါသလား။ ဗမာအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်နယ် အသီးသီးက တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုရော အားရပါသလား။

■ ဖြေ ။   ။ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ နယ်ပယ် မဟုတ်တဲ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့ခြင်း မရှိတဲ့အတွက် မှတ်ချက်ပြု ပြောကြားလိုခြင်း မရှိပါဘူး။ (မြေယာနှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများတွင် ကူညီဆောင်ရွက်ပေးသူ အကျိုးဆောင် facilitator အဖြစ် လုပ်ဆောင်ခဲ့ခြင်းမျိုးသာ ရှိပါသည်)

■ မေး(၅)  အရပ်ဘက် အဖွဲ့အစည်းတွေမှာ ကိုယ်စားပြုမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းတယ်၊ ‘ ဒီအဖွဲ့အစည်းတွေဟာ ဒေါ်လာစားပြီး ပြဿနာရှာရုံ သက်သက်ပဲ’ ဆိုတဲ့ အမြင်တွေကို ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ NGO တွေ လောကမှာလည်း မီဒီယာလောကမှာလိုပဲ အီလိထ်တစ်စုရဲ့ အဂတိလိုက်စားမှု (ဝါ) လွှမ်းမိုးမှုကြောင့် အလွဲသုံးစား လုပ်မှုတွေ ရှိနိုင်ပါတယ်။ ဒီနေရာမှာ ဆရာမောင်ဝံသ ပြောခဲ့ဖူးတာလေးကို ကိုးကားပါရစေ။ အဲဒါကတော့ ”မီဒီညာ” တွေဟာ အချိန်ကြာလာတာနဲ့အမျှ လူထုရဲ့ အပြစ်ပေးဒဏ်ခတ်မှုကို ခံရပြီး စီးပွားရေးအရလည်း မအောင်မြင်နိုင်ဘူး ဆိုတာပါ။ (မီဒီယာသူဋ္ဌေးကြီး မားဒေါ့ရဲ့ကိစ္စကတော့ ချွင်းချက်ပေါ့လေ) ပြောရမယ်ဆိုရင် ဒီနေရာမှာ ငွေရေးကြေးရေး အမှီအခိုကင်းတဲ့ အရပ်ဘက် အဖွဲ့အစည်းနဲ့ ငွေကြေးထောက်ပံ့မှု လိုအပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမတစ်မျိုးကတော့ တခြားသူတွေဆီက ငွေကြေး မလိုအပ်ဘဲ တစ်ကိုယ်တော် တက်ကြွလှုပ်ရှားသူ ဒါမှမဟုတ် သူ့ရဲ့ ပင်ကိုယ် ချမ်းသာကြွယ်ဝမှု (ဝါ) အများပြည်သူက လှူဒါန်းထားတဲ့ ခိုင်မာတဲ့ ငွေကြေး အထောက်အပံ့ ရရှိနေသူတွေ ဖြစ်ပါတယ်။ ဒုတိယ တစ်မျိုးကတော့ အဆိုပြုချက်တွေ တင်သွင်းရပြီး အလှူရှင်တွေဆီက ရန်ပုံငွေ တောင်းခံရပါတယ်။ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေနဲ့ စာရင်းစစ် လိုအပ်ချက်တွေအရ အလှူရှင်ဆီက အဆိုပြု ရန်ပုံငွေ တောင်းခံတဲ့အခါမှာ တင်းကျပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရှိတဲ့အတွက် တစ်ကျပ်တစ်ပြားမှ မတော်မလျော် အလွဲသုံးစား လုပ်လို့မရပါ ဘူး။ (တချို့ကိစ္စတွေမှာ ရာနှုန်းပြည့် မကင်းစင်နိုင်တာမျိုးတွေ ရှိပေမယ့် ဒီလုပ်ငန်းစဉ် စကတည်းက လူသိထင်ရှား စေ့စေ့စပ်စပ် စစ်ဆေးစိစစ်မှုတွေ ရှိနေ ပြီးသားပါ) အရင်တုန်းကတော့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေကြောင့် အဲဒီ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ပေါ့ ပေးထားခဲ့တာကြောင့် ခြစားမှုအခန်းကဏ္ဍ ကြီးမား ကျယ်ပြန့်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ငွေကြေး ထောက်ပံ့မှုတွေသာ မရှိတော့ရင်တော့ အလွဲသုံးစားလုပ်တဲ့ကိစ္စကို စိုးရိမ်ဖို့ မလိုတော့ပါဘူး။ အများပြည်သူ လှူဒါန်းထားတာကို အလွဲသုံးစား လုပ်တာဟာ ဆိုးရွားလှတဲ့ကိစ္စ ဖြစ်ပေမယ့် နိုင်ငံတော် စာရင်းစစ်အဖွဲ့အနေနဲ့လည်း ဒီကိစ္စကို မျက်စိဒေါက်ထောက် ကြည့်ရလောက်အောင် အားမကောင်းလှ သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စီမံခန့်ခွဲမှု အလွဲတွေသာ ပေါ်လာခဲ့မယ်ဆိုရင် ဒီအုပ်စုတွေထဲမှာ အကွဲအပြဲ ဇာတ်လမ်းတွေ ပေါ်လာပြီး အချင်းချင်း ဝေဖန်ထိုးနှက် တိုက်ခိုက်ကြပါလိမ့်မယ်။ နောက်ဆုံးမှာတော့ အဲဒီလိုဖြစ်နေတဲ့ အဖွဲ့အစည်းတွေ၊ အုပ်စုတွေ ပျောက်ကွယ်သွားမှာပါ။ ဘယ်စနစ်မှာပဲ ဖြစ်ဖြစ် ဂယ်ပေါက်တွေ ရှိနေတတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီ အရုပ်ဆိုးလွန်းတဲ့ ကိစ္စတွေအားလုံးကို ရှင်းလင်း သုတ်သင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပိုအားကောင်းတဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုတွေ ဖြစ်အောင် မြှင့်တင်လာနိုင်ပြီး အားလုံး သဘောကိုက်ညီမယ့် အနေအထားမျိုး ရောက်လာရင် ဒီ ပြဿနာတွေအားလုံး လက်ခံနိုင်လောက်တဲ့ အတိုင်းအတာထိ လျော့နည်းသွားနိုင်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံက ထိပ်တန်း အရပ်ဘက် အဖွဲ့အစည်းတွေဟာလည်း စေတနာ့ဝန်ထမ်း အခြေခံတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာစေဖို့ ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ယူ တာဝန်ခံမှု စနစ်တွေကို ပြည်တွင်းမှာ ရှေ့ဆောင်လမ်းပြ ကြိုးပမ်းနေကြပါပြီ။

(ဤ အင်တာဗျူးကို အင်္ဂလိပ်ဘာသာဖြင့်် ဖြေဆိုထားခြင်း ဖြစ်ပြီး စည်သူကျော်က  မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)

About the author

The Editor

Add comment