ဆန်ရှင် အလွန်ကာလ စီးပွားရေး အလားအလာကောင်းတွေ ရှိနေ ပြီလား


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB Business Debate (စီးပွားရေး ဒီဘိတ် အစီအစဉ်) မှာ ဆွေးနွေးခဲ့ကြပါတယ်။ ပင်တိုင် ဆွေးနွေးသူတွေ အဖြစ် ကျနော်ရယ်၊ ကိုမောင်မောင် (ပြည်သစ်ညွန့်ဝေ) (CTUM) တို့ ဆွေးနွေးကြပါ တယ်။ စီးပွားရေး ဒဏ်ခတ် အရေးယူမှု (ဆန်ရှင်) တွေ ဖြစ်ပေါ်လာရတယ်၊ အကျိုးရယ် အကြောင်းရယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနဲ့ များစွာ ဆက်စပ်နေပါတယ်။ အကယ်၍ မြန်မာ အစိုးရ (စစ်အစိုးရ) က လူ့အခွင့်အရေး ဒီမိုကရေစီဆန့်ကျင်တဲ့ လုပ်ရပ်တခုလုပ်တဲ့အခါ၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်မှု တခုလုပ်ဖို့ ကြိုးစားပါတယ်။ (Tit for tat) သဘော ဆောင်ပါတယ်။

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို အကြမ်းဖက် ချေမှုန်းတယ်။ ၁၉၈၉ မှာ အမေရိကန်နိုင်ငံက GSP (Generalized system of preference) ကို ရုပ်သိမ်းလိုက်ပါတယ်။ တဖန် ၁၉၉၆-၉၇ ကာလများမှာ အဓမ္မ လုပ်အားခိုင်းစေမှု အလွန်အကျူး အသုံးပြုတာရယ်၊ ကလေးစစ်သားကိစ္စတွေကြောင့် ဒဏ်ခတ် အရေးယူမှုတွေ ထပ်ဖြစ်လာပါတယ်။ ၂၀၀၃ မှာ ဒီပဲယင်းဖြစ်တယ်။ ဆန်ရှင် ထပ်လုပ်တယ်။ ၂၀၀၉ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီး ချေမှုန်းတယ်။ ကျောက်စိမ်းဥပဒေ… ကုန်သွယ်မှု အထွေထွေပိတ်ဆို့ရေး ဥပဒေတွေ စသည်ဖြင့် ထပ်ပိတ်ပါတယ်။ ဒီလိုပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် ဒီမိုကရေစီ တွန်းအား ဖြစ်စေသလား… ဒါကတော့ အရှည်ဆွေးနွေးရမယ့် ကိစ္စပါ။ ကျနော့် အမြင်မှာတော့ ဆန်ရှင်က တင်းပုတ် (Blunt tool) နဲ့ တူပါတယ်။ လက်နက်ကြီးနဲ့ တူပါတယ်။ ဆင်းရဲချမ်းသာ၊ ကျားမ ကြီးငယ်မရွေး ထိပါတယ်။ ရေတိုမှာ အလုပ်ဖြစ်နိုင်ပေမယ့် ရေရှည်လာလေလေ ပြဿနာ ရှိလာလေလေပါ။

ဦးသိန်းစိန် အစိုးရက အပြောင်းအလဲတွေ လုပ်လာပြီး ၂၀၁၂ ခုနှစ်က စလို့၊ ဆန်ရှင်တွေ လျှော့ပေါ့ပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် NLD ပါတီ အနိုင်ရလို့ အစိုးရဖွဲ့ပြီးတဲ့ ကာလမှာ ဒဏ်ခတ်မှုတွေ မရှိတော့ သလောက် အနောက်နိုင်ငံတွေက လျှော့ပေါ့ပေးခဲ့ပါပြီ။ မြန်မာနိုင်ငံက ဒဏ်ခတ် ပိတ်ဆို့ ခံထားရတဲ့ ခရိုနီ၊ ခရိုပြာတွေ၊ ယခင် စစ်အစိုးရ အရာရှိဟောင်းတွေ အတွက်တော့ ဆွမ်းကြီးလောင်းပါပဲ။

ဒါဆိုရင် မြန်မာ့ စီးပွားရေး အလားအလားက ဘယ်လို ရှိပါမလဲ။ ကိုမောင်မောင် (CTUM) ကတော့ အထည်ချုပ် လုပ်ငန်းတွေ ယေဘုယျ အားဖြင့် တိုးတက်မှုပြလာပုံကို ပြောပါတယ်။ အထည်ချုပ် ကဏ္ဍက ပြည်ပ တင်ပို့မှုဟာ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာသန်း ၉၀၀ ကျော်ကနေ၊ ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိလာတယ် ဆိုပါတယ်။ နှစ်ဆနီးပါး တက်လာပါတယ်။ ယေဘုယျတော့ နိုင်ငံ တခုဟာ ဒဏ်ခတ် ပိတ်ဆို့မှု ထီးမိုးအောက်က လွတ်မြောက်လာတာ၊ ပုံမှန် နိုင်ငံတကာ ဆက်ဆံရေး (normalization) ဖြစ်လာတာ ကောင်းတယ်လို့ ဆိုနိုင် ပါတယ်။

ဒါပေမယ့် ကျနော်ကတော့ ဂျပန်နိုင်ငံ Institute of Developing Economies က သုတေသီ ကိုဂျီကူဘို (Koji Kubo) လေ့လာချက် စာတန်း ကို ကိုးကားပြောပါတယ်။ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ နောက်ပိုင်း မြန်မာနိုင်ငံမှ သယံဇာတ မဟုတ်သည့် ပြည်ပ ပို့ကုန်များ၏ အလားအလာ (Myanmar’s non-resource export potential after the lifting of economic sanctions: A gravity model analysis) စာတန်း ဖြစ်ပါတယ်။  သူ့စာတန်းက ၂၀၁၂ ခုနှစ်က ရေးထားတာ ဆိုတော့ နည်းနည်းတော့ ကိန်းဂဏန်းတွေက ခေတ် နောက်ကျနေပါပြီ။ သူပြောတာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုတာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ အာဆီယံနိုင်ငံတွေမှာ ယှဉ်လိုက်ရင်၊ နောက်ဆုံးမှာချည်း ရှိနေပါသတဲ့။ ၂၀၁၀ ပြည့်နှစ် စာရင်းများအရ မြန်မာနိုင်ငံရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လူတစ်ဦးချင်း နိုင်ငံခြားတင်ပို့မှု (Export per capita) ဟာ ၁၅၉ ဒေါ်လာပဲ ရှိပါတယ်။ အဲသည်ကာလမှာ လာအိုနိုင်ငံရဲ့ (Export per capita) က ၃၅၉ ဒေါ်လာ ရှိပါတယ်။ မြန်မာ နိုင်ငံရဲ့ ပြည်ပ တင်ပို့မှုကလည်း ရေနံ၊ သဘာဝဓာတ်ငွေ့၊ သယံဇာတက အများစု ဖြစ်ပါတယ်။ ကျန် ထုတ်လုပ်မှု ကဏ္ဍ မှာ နည်းပါတယ်။ ကူဂျီ ကူဘိုရဲ့ တွက်ချက်မှုတွေအရ ဆန်ရှင် နောက်ပိုင်းကာလ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်နိုင်စွမ်း (potential) ရဲ့ ငါးပုံတစ်ပုံကိုသာ အသုံးချနိုင်သေးတယ်လို့ ခန့်မှန်းပါတယ်။

ဒီနေရာမှာ အကြောင်းအချက် များစွာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍက ၃၈ ရာခိုင်နှုန်း (၂၀၁၀) အထိ ပါဝင်နေပြီး၊ နိုင်ငံမှာ ဆင်းရဲမှုမျဉ်းအောက် ကျရောက်နေသူက ၂၅ ဒသမ ၆ ရာခိုင်နှုန်း ရှိနေပါတယ်။ (လူတစ်ရာမှာ ၂၅ ဦး ဆင်းရဲ နေတဲ့သဘောပါ။) နောက်တခါ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကုန်သွယ်မှု၊ ပို့ကုန် ဦးတည်ရာ (သယံဇာတမဟုတ်သော ပို့ကုန်) တွေကို ကြည့်တဲ့အခါ အမေရိကန်၊ အနောက်နိုင်ငံသို့ များပါတယ်။ ကိုဂျီကူဘို လေ့လာချက်အရ ပြီးခဲ့တဲ့ ကာလတွေမှာ မြန်မာပို့ကုန်တွေက ထိုင်း (၄၃ ရာခိုင်နှုန်း)၊ အိန္ဒိယ (၁၇ ရာခိုင်နှုန်း)၊ တရုတ် (၁၄ ရာခိုင်နှုန်း)၊ ဂျပန် (၉ ရာခိုင်နှုန်း)၊ မလေးရှား (၃ ဒသမ ၅ ရာခိုင်နှုန်း) ကိုပဲ သွားပါတယ်။ (၂၀၁၀) အနောက်နိုင်ငံတွေက ပို့ကုန် ကုန်သွယ်ဖက် မဟုတ်သေးဘူးဆိုတဲ့ သဘောပါပဲ။ မြန်မာနိုင်ငံက ပို့ကုန် အမယ်စုံအောင်၊ ဈေးကွက်စုံအောင် အများကြီး ကြိုးစားကြရဦးမယ့် သဘောရှိပါတယ်။

တလောက ကိုဘိုဘိုကျော်ငြိမ်း Share လုပ်ထားတဲ့ Bloomberg မဂ္ဂဇင်းက ဆောင်းပါး တပုဒ်ကို ဖတ်ရတဲ့အခါ ပိုလို့ စိုးရိမ်စိတ် ဖြစ်မိပါတယ်။ (ဒီအချက်ကိုတော့ DVB debate) မှာ မပြောဖြစ်ပါဘူး။ အာရှကို ဆယ်စုနှစ် များစွာကြာ ဖွဲ့စည်း ခဲ့တဲ့ စီးပွားရေးမိုဒယ် အလုပ် မဖြစ်တော့ဘူး။ ကျရှုံးသွားပြီ ဆိုတဲ့ ဆောင်းပါးပါ။ This Economic Model Organized Asia for Decades. Now It’s Broken ဆိုတဲ့ ဆောင်းပါးပါ။

အရင်တချိန်က အာရှမှာ aခတ်စားတဲ့ ငန်းရိုင်းတို့ပျံတဲ့ မိုဒယ် (Flying geese model) ဆိုတာ ရှိပါတယ်။ ငန်းရိုင်းများ ပျံသန်းကြတဲ့အခါ ရှေ့က မျှားပုံသဏ္ဌာန် ရှေ့က တကောင်က ပျံပါတယ်။ နောက်တော့ တဖြည်းဖြည်း ပြန့်ကားပြီး လေကိုခွဲ ပျံသန်းကြပုံမျိုး ဖြစ်ပါတယ်။ ဆိုလိုတဲ့ သဘောက စက်မှု မဖွံ့ဖြိုးတဲ့ ကျနော်တို့၊ ဘင်္ဂလားဒေ့ရှ်တို့က လုပ်အားအများ လိုအပ်တဲ့ အထည်ချုပ် လုပ်ငန်းမျိုးနဲ့ နောက်က လိုက်မယ်။ နည်းနည်းစက်မှု တက်လာရင် သံရည်ကြို လုပ်ငန်းမျိုးနဲ့ မလေးရှား၊ ထိုင်းနိုင်ငံတို့ အဆင့်ရောက်လာမယ်။ နောက်တဆင့် စက်မှု ဖွံ့ဖြိုးလာရင် တရုတ်၊ တောင်ကိုရီးယား၊ တိုင်ဝမ် တို့လို ကွန်ပြူတာ၊ မော်တော်ကား ထုတ်လုပ်ရေးတွေ ဖြစ်လာမယ်။ ရှေ့ဆုံးကတော့ ဂျပန်၊ စင်္ကာပူ၊ ဟောင်ကောင်လို အင်တာနက်နည်းပညာ၊ ငွေကြေး ဘဏ်လုပ်ငန်းတွေနဲ့ ဦးဆောင်သွားမယ့် သဘောပါ။

ဒါကို ဆောင်းပါးရှင် Kevin Hamlin နဲ့ Dexter Roberts တို့က မဖြစ်နိုင်တော့ဘူး ဆိုပါတယ်။ သူတို့ ဆောင်းပါးမှာ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် (Xinjiang) ပြည်နယ်က စက်ရုံတခု တည်ဆောက်နေမှုကို သွားလည်တဲ့အကြောင်းနဲ့ စထားပါတယ်။ အဲဒီစက်ရုံက ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး၊ ၁၅ သန်း စတုရန်းပေ ကျယ်ဝန်းပါတယ်။ အမေရိကန်က အင်ပိုင်ယာစတိတ် အဆောက်အဦထက် ကျယ်တယ်လို့ ဆိုပါတယ်။ ဘာလုပ်မလို့ပါလဲ။ သူတို့က အထည်ချုပ် စက်ရုံကြီး ဆောက်နေတာဖြစ်ပြီး၊ အဆင့်မြင့်နည်းပညာ (High-tech) တွေနဲ့ နောက်ဆိုရင် လူသား မလိုအပ်တော့တဲ့ အထည်ချုပ် စက်ရုံ (human-free factory) တည်နေတာ ဆိုပါတယ်။

အရင် တချိန်တုန်းက ဂျင်းဘောင်းဘီတထည် ချုပ်ဖို့၊ လုပ်သားများစွာ၊ အိပ်ကပ်တလုံး တပ်ဆင်ဖို့ အဆင့်များစွာ လိုအပ်ပေမယ့် မကြာခင်ကာလမှာ လူမလိုတော့ဘဲ စက်တွေက ချုပ်ပေးနိုင်တော့မှာပါ။ ဒီကိစ္စတွေက အခုမဖြစ်သေးပေမယ့် လာမယ့် နှစ်အနည်းငယ်အတွင်း ဖြစ်တော့မှာပါ။ SoftWear Automation လို့ခေါ်တဲ့ အမေရိကန် ကုမ္ပဏီက ဒီလို ကိစ္စတွေကို သုတေသန လုပ်နေတာပါ။ အမေရိကန် အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံချက်များ Defense Advanced Research Projects Agency ကနေ ဒေါ်လာ ၁ ဒသမ ၇၅ သန်း ဂရန့်နဲ့ ဒီလိုကိစ္စတွေ လေ့လာဆောင်ရွက်နေ ကြတာ အတော် ခရီးရောက်နေပါပြီ။ Sewbot လို့ခေါ်တဲ့ အပ်ချုပ်ရိုဘော့ စက်ရုပ်တွေကို အမှာစာတွေလည်း ရောက်နေ ကြပါပြီ။ ပြဿနာကတော့ လူဆင်းရဲသန်းများစွာကို ဆင်းရဲတွင်းက လွတ်မြောက်စေခဲ့တဲ့ ခုလို အထည်ချုပ်လုပ်ငန်းတွေ နောက်ဆို စက်တွေက လုပ်တော့မှာပါ။ အရင် ငန်းရိုင်းပျံတဲ့ လှေခါးမှာ ကြိုးစား တက်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ကမ္ဘောဒီးယားတို့က ရှေက နိုင်ငံတွေ စားကွက် ကောင်းခဲ့သလို ကောင်းနိုင်ဖို့ သိပ်မသေချာတော့ပါဘူး။

မန်မာ့ ပြည်ပပို့ကုန် (export)၊ အကျယ်အပြန့် ပြောရရင် စီးပွားရေးကို ဘယ်လို မြှင့်တင်ကြမှာလဲ။ ရင်လေးနေမိပါတယ်။

About the author

Aung Thu Nyein

Aung Thu Nyein is the Director of Communications at ISP Myanmar. He is a former student activist in 1988 Democracy Movement and took leadership several positions in exile democracy movement. He read Masters in Public Administration (M. P.A) at Harvard University in 2002. He co-founded Vahu Development Institute (VDI) along with other expatriates in 2006, which is focusing on policy advocacy on democratization and strengthening civil society in Burma/Myanmar. He returned to Myanmar after 2011country's political reforms and joined in the Center for Economic and Social Development (CESD) of Myanmar Development Institute (MDRI). (from 2012- until 2014 Dec). He is pursuing a Ph.D. study on development administration at National Institute of Development Administration (NIDA) in Bangkok.

Add comment