အုပ်ချုပ်သူများဘက်မှအမြင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်နည်း နိသျှည်း

■ အောင်သူငြိမ်း

မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် ဘေးအန္တရာယ် ကြုံရဖွယ်၊ စိုးရိမ်ဖွယ် အခြေအနေ ရှိနေပါပြီလား။ မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရ အာဏာရလာခဲ့သော်လည်း၊ များမကြာသေးမီက အထက်မြန်မာပြည်မှ အလုပ်သမားအရေး လှုပ်ရှားသူ ၁၅ ဦးကို ဒဏ်ငွေ ၅,၀၀၀ ကျပ်၊ သို့မဟုတ် တစ်လကြာ အကျဉ်းကျခံရန် အမိန့်ချမှတ်ခဲ့သည်ကို တွေ့ကြရသည်။ ထိုသူများမှာ လုပ်ငန်းခွင်အတွင်း မမျှတမှု ပြဿနာများကို တင်ပြရန် စစ်ကိုင်းစက်မှုဇုန်မှ အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ယခုနှစ် မေလတွင် ချီတက်လာသည့် ဆန္ဒပြသူများ ဖြစ်ကြသည်။ ၂  ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရက “နိုင်ငံအတွင်းရှိ နိုင်ငံရပ်ခြား အကူအညီများကို စောင့်ကြည့် ကြီးကြပ်နိုင်ရန် ပူးပေါင်းညှိနှိုင်းရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းမည်”ဟု ပြောဆိုလာသည့် လေသံများလည်း ကြားခဲ့ကြရသေးသည်။ နိုင်ငံ၏ အလိုအပ်ဆုံး နေရာများသို့ အကူအညီများ ပို၍ ရောက်ရှိစေရန်ဟု ဆိုပါသည်။ ၃ မည်သို့ ကြီးကြပ် ထိန်းချုပ်မည်၊ မည်သို့သော အစိုးရအဖွဲ့အစည်းများက ဦးဆောင် လုပ်ကိုင်မည်ကို တိကျသေချာ မသိရှိရသေးပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ကမကထပြုနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းများကို မည်သည့်နေရာထား ဆွေးနွေးစေမည်ကို သေချာ မသိရသေးပါ။ ညီလာခံကြီးအစား အပြိုင်ကျင်းပမည့် အရပ်ဘက်လူမှုအဖွဲ့အစည်း ဖိုရမ်တွင်သာ ဆွေးနွေးခွင့်ရှိကြမည်ဟု ဆိုနေကြသည်။ ထို့အပြင် လက်တွေ့အရေးယူမှုများ ရှိနေသည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲရေး စော်ကားသဖြင့် လူနှစ်ဦးကို ဖမ်းဆီး အပြစ်ပေးခဲ့သည်။ ထိုမျှမက အစိုးရသစ် တက်လာပြီးနောက်ပိုင်း လူတစ်ဦးက သမ္မတကို ရူးသွပ်နေသည်ဟု ဖေ့ဘုတ် (Facebook) ပေါ်တွင် ရေးသားမှုဖြင့် ထောင်ဒဏ် ၉ လ အပြစ်ပေးခဲ့သေးသည်။ ဇူလိုင်လတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့ဘုတ်ပေါ်တွင် သိက္ခာချ ရေးသားမှုဖြင့် ဒေသဆိုင်ရာ အရာရှိတစ်ဦးကို အပြစ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများအပေါ် တင်းကျပ်လာမည့် အရိပ်အရောင်များ မတွေ့ရသေးပါ။ သို့သော် ဒီမိုကရေစီအစိုးရ အာဏာပိုင်များက အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ကန့်သတ် ချုပ်ချယ်လာမည်လောဟု စိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ အကြောင်းမဲ့ မဟုတ်ပါ။ အိမ်နီးချင်း နိုင်ငံများတွင်လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းများကို တစ်နည်းတစ်ဖုံ တင်းကျပ်မှုများ တွေ့လာနေကြရသောကြောင့် ဖြစ်ပါသည်။ ကမ္ဘာဒီးယားနိုင်ငံတွင် မကြာသေးမီက အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ (အဲန်ဂျီအို) ဆိုင်ရာဥပဒေကို ထုတ်ပြန်၍ ကန့်သတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ၂၀၁၅ ခုနှစ် ဥပဒေအရလည်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်း သာယာရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအပေါ် ကန့်သတ်သည့် ဥပဒေများ ပြဌာန်းခဲ့ပြီး၊ ယင်းသို့ စောင့်ကြည့် ကြီးကြပ်မှုကို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက စောင့်ကြည့်သွားမည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံ၏ နိုင်ငံရပ်ခြား အကူငွေများဆိုင်ရာ ဥပဒေ Foreign Contribution Regulation Act (FCRA) ၂၀၁၀ ပြည့်နှစ် အရလည်း နိုင်ငံရပ်ခြားမှ ငွေလက်ခံကြသည့် အဲန်ဂျီအိုများ အနေဖြင့် “လိုင်စင်” ရယူကြရမည်ဖြစ်ပြီး၊ ယင်းငွေများဖြင့် နိုင်ငံရေးလုပ်ငန်းများ လုံး၀ မဆောင်ရွက်ရဟု တားမြစ်ထားသည်။ သေချာသည်ကတော့ နိုင်ငံအများအပြားတွင် “အကြမ်းဖက်မှု တားဆီးရေး”ဟူသည့် ဥပဒေများ ၁၄၀ ကျော် ပြဌာန်းခဲ့ကြပြီး၊ ယင်းတို့က အကြမ်းဖက်မှုများ တားဆီး ကာကွယ်ရေးထက်၊ အစိုးရကို ပြစ်တင်ဝေဖန် ပြောဆိုနေကြသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ပစ်မှတ်ထားနေခြင်းပင်။ ယင်းသို့ ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများတွင် သတင်းမီဒီယာ ချုပ်ချယ် ကန့်သတ်သည့် ဥပဒေများလည်း အပါအဝင် ဖြစ်သည်။

ဤသို့သော ဖြစ်စဉ်များမှာ သိသိသာသာ မဟုတ်ဘဲ၊ သို့မဟုတ် တန်ပြန် ရေစီးကြောင်းသဖွယ် လူမသိသူမသိ ဖြစ်ပေါ်နေခဲ့သည်။ ဟိန်းနရစ် ဘိုးလ်ဖောင်ဒေးရှင်း (Henrik Boll Foundation) ၏ ဥက္ကဋ္ဌ ဘာဘရာ (Barbara Unmüßig) က သူ၏ ၂၀၁၆ ခုနှစ်၊ ဖိအားများအောက်မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ — ကျဉ်းကြပ်လာခြင်း၊ ပိတ်ဆို့လာခြင်း၊ နေရာပျောက်ဆုံးသွားခြင်း (Civil society under pressure shrinking closing no space) ဟူသည့် အစီရင်ခံစာတွင် ဖော်ပြထားရာ၌၊ “ကမ္ဘာ့ နေရာအသီးသီးရှိ အစိုးရများသည်– မည်သို့သော ပုံစံရှိသည့် အစိုးရများဖြစ်စေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း လှုပ်ရှားသူများအပေါ် ပြင်းထန်တင်းကျပ်သည့် အရေးယူမှုများ လုပ်ဆောင်နေကြသည်။ ယင်းတို့တွင် အစိုးရ မဟုတ်သည့် အဲန်ဂျီအို အဖွဲ့အစည်းများ၊ လူမှုရေးနှင့် ဂေဟစနစ်အတွက် လှုပ်ရှားနေကြသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားနေကြသူများ အပါအဝင် ဖြစ်သည်”ဟု ဖော်ပြထားခဲ့သည်။ ၅

ယင်းသို့ ဖိနှိပ်သည့် လုပ်ရပ်များတွင် ပုံသဏ္ဌာန်မျိုးစုံ ပါဝင်သည်။ ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများ၊ ရုပ်ဖျက် နာမည်ဖျက်သည့် ကမ်ပိန်းများ၊ ဖိနှိပ်မှုများ၊ သို့မဟုတ် ရာဇဝတ်ကြောင်းအရ အရေးယူမှုများ၊ ဗျူရိုကရေစီနည်းဖြင့် ချုပ်ချယ်မှုများ၊ အခွန်စနစ်ဖြင့် ထိန်းချုပ်မှုများ၊ နှိပ်ကွပ်မှုများ၊ သတင်းမီဒီယာများမှ တစ်ဆင့် ပုံဖျက်ဖော်ပြခြင်းများ၊ ထောက်လှမ်းရေး လျှို့ဝှက် အဖွဲ့အစည်း၏ နည်းနာများသုံးခြင်း စသည်တို့ ပါဝင်ကြသည်။

ဤသို့ ဖြစ်ပျက်နေခြင်းက မယုံကြည်နိုင်စရာ ကောင်းလှပါသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပြောဆိုနေကြပြီး၊ “ခိုင်မာသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ရှိနေခြင်း”သည် ဒီမိုကရေစီအတွက်၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် (Good governance) ဖြစ်ပေါ်စေရေးအတွက်၊ ဗဟုဝါဒအတွက်၊ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုများအတွက်၊ အခြေခံအုတ်မြစ် ဖြစ်သည်ဟုလည်း အကျယ်အပြန့် ယုံကြည်ထားကြရာကပင်၊ ယခုကဲ့သို့ အရပ်ဘက် အဖွဲ့အစည်းများကို ရန်လို ဖိနှိပ်နေခြင်းမှာ ပို၍ မယုံကြည်နိုင်စရာ ဖြစ်စေရပါသည်။ ရာသီဝန်းကျင်နှင့် ပတ်သက်၍ ပဲရစ် သဘောတူညီချက် (Paris declaration on aid effectiveness) နှင့် အလားတူ ကုလသမဂ္ဂ၏ ရေရှည် တည်တံ့ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်များတွင်လည်း အင်အားစုပေါင်းစုံ သဘောတူညီ ဆောင်ရွက်ကြသည့် စီမံကိန်းများတွင် အဲန်ဂျီအိုများ၏ ဦးဆောင်မှုပေးသည့် အခန်းကဏ္ဍ၊ စောင့်ကြည့် လေ့လာရေးကဏ္ဍတို့ကို အထူး တန်ဖိုးထား ဖော်ပြထားခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်ပင် သမ္မတဦးသိန်းစိန်ကာလ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာအစိုးရနှင့် နိုင်ငံတကာ အေဂျင်စီများအကြား လက်မှတ် ရေးထိုးခဲ့ကြသော “ထိရောက်သော ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နေပြည်တော် သဘောတူညီချက်” (Nay Pyi Taw Accord for Effective Development Cooperation) တွင်ပင်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အရေးပါသည့် အခန်းကဏ္ဍကို ဖော်ပြ သံန္နိဌာန် ပြုထားခဲ့ကြပါသည်။ ထိုမျှမက၊ မကြာသေးမီက မြန်မာအစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် နိုင်ငံရေးပါတီများအကြား သဘောတူညီ လက်မှတ် ရေးထိုးထားသည့် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူညီချက်” (NCA) တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်တိုင်း၌ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အရေးပါသည့် အခန်းကဏ္ဍကို ချီးမြှောက် ဖော်ပြထားပါသည်။

ယခု ဆောင်းပါးအတွက် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများ၏ အခြေအနေကို သိရှိနိုင်ရန်၊ အရေးပါသည့် အဲန်ဂျီအိုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် စကားပြောဆို မေးမြန်းခဲ့ပါသေးသည်။ သူတို့ထံမှ အမျိုးမျိုးသော ထင်မြင်ချက်များလည်း ကြားသိခဲ့ရပါသည်။ အချို့သော အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များက အခြေအနေ တိုးတက်လာသည်ဟု ထင်မြင် ယူဆကြပါသည်။ အကြောင်းမှာ အောက်ခြေအဆင့်များတွင် အစည်းအဝေးများ ကျင်းပရာတွင် လည်းကောင်း၊ သင်တန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း ယခင်ကကဲ့သို့ ခွင့်ပြုချက် ရယူရမှုများ၊ ပိတ်ပင် တားဆီးမှုများ လျော့နည်းလာသည်ဟု ဖော်ပြကြပါသည်။ အသစ်ပြဌာန်းခဲ့သော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအရ၊ အဖွဲ့အစည်းများ အနေဖြင့် မိမိဆန္ဒအလျောက် အစိုးရထံ မှတ်ပုံတင်နိုင်သည်။ မှတ်ပုံမတင်ဘဲလည်း ရပ်တည်နိုင်သည်ဟု ဖော်ပြထားရာ သူတို့၏ လုပ်ငန်းများအတွက် ဖြေလျှော့မှုများ ဖြစ်စေသည်။ ဒေသခံ အာဏာပိုင်များထံမှ ပြဿနာ ပိုနည်းလာစေသည်ဟု ဆိုကြပါသည်။ သို့သော်လည်း အချို့သော လူမှုအဖွဲ့အစည်း ခေါင်းဆောင်များက ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများအပေါ် အထင်အမြင်မှားနေသည်၊ အပြုသဘော မဆောင်သည့် သဘောထား ရှိနေသည်ဟု သုံးသပ်ကြသည်။ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ညီလာခံတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို နှိမ်ချထားသည်ဟု သုံးသပ်ကြသည်။ ထို့အပြင် အနိုင်ရ (NLD) ပါတီ၏ ပါတီတွင်း ညွှန်ကြားချက်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပါတီမှ မဟုတ်ဘဲ အခြားသင်တန်းများ သွားရောက်တက်ခြင်းအပေါ် ကန့်သတ်သည့် မူများ ရှိနေသည်ကို ထောက်ပြကြသည်။ ပါတီခေါင်းဆောင်များသည် တစ်ပြိုင်နက်တည်းတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများတွင် ခေါင်းဆောင်တာဝန် ယူခြင်းကိုလည်း တားမြစ်ထားသည်။ အချို့သော သုံးသပ်သူများကလည်း (NLD) အစိုးရအနေဖြင့် အဲန်ဂျီအိုများကို ထိန်းချုပ်ရန်၊ နိုင်ငံတကာ အကူအညီများကို ထိန်းချုပ်ရန် တင်းကျပ်ဖိနှိပ်သည့် ဥပဒေများ ပြဌာန်းသည်အထိ လုပ်ဆောင်လာဖွယ် မရှိပါဟု သုံးသပ်ကြပါသည်။ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး အပါအဝင် အခြား အရေးကြီး ဦးစားပေးကိစ္စများနှင့် အလုပ်ရှုပ်နေရာ၊ အဲန်ဂျီအိုများဘက် လှည့်လာနိုင်ခြေ မရှိဟု ထင်မြင်ကြပါသည်။ သို့သော် အချို့သော သုံးသပ်သူများက အရပ်ဘက် လူမှုအဖွဲ့အစည်းများကို မှတ်ပုံတင်ရန် အစိုးရက တိုက်တွန်းအားပေးမှု ပြုလာနိုင်သည်။ မှတ်ပုံတင်သည့် အဖွဲ့အစည်းဖြစ်မှသာ နိုင်ငံခြားမှ ထောက်ပံ့ငွေ၊ အကူအညီများ ရယူနိုင်မည်ဟူသော ကန့်သတ်မှုမျိုး လုပ်လာနိုင်သည်ဟုလည်း ထင်မြင် သုံးသပ်ကြပါသည်။

■ မည်သည့် အတွက်ကြောင့် အစိုးရများက အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ နေရာ လုပ်ပိုင်ခွင့်များကို ကန့်သတ် ချုပ်ချယ် လာရပါသနည်း။

အရပ်ဘက် လူမှုအဖွဲ့အစည်းများ (Civil society) ဟူသည်မှာ ကာလရေရှည် ကြာမြင့်ပြီ ဖြစ်သော၊ ရှုပ်ထွေး အဓိပ္ပာယ်ဖော်ရ ခက်ခဲသော သဘောတရား တစ်ရပ်လည်း ဖြစ်ပါသည်။ ပညာရှင် မစ်ချယ် အက်ဒ်ဝဒ်စ် (Michael Edwards) က “အောက်စဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများဆိုင်ရာ လက်စွဲစာအုပ်” (Oxford Handbook of Civil Society) တွင် ဆွေးနွေး ဖော်ပြထားရာ၌၊ “အရပ်ဘက် လူမှုအဖွဲ့အစည်း (Civil society) ဟူသည်မှာ တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များနှင့် နိုင်ငံတော်အစိုးရတို့အကြား အတင်းအကျပ်ပြုမှုကင်းစွာ လူသားချင်း အသင်းအပင်း ဖွဲ့စည်းထားသည့် နယ်ပယ်နေရာ”ဟု ယေဘုယျ ရှင်းပြထားပါသည်။ ဤ အသင်းအပင်းများသည် အစိုးရနှင့် ဈေးကွက်တို့နှင့် ကင်းရှင်းရမည် ဖြစ်ပြီး၊ တန်ဖိုးထားမှုဆိုင်ရာ၊ သို့မဟုတ် လက်ငင်း အကျိုးဖြစ်မှုဆိုင်ရာ ရည်ရွယ်ချက်များကို စုပေါင်း ဆောင်ရွက်လုပ်ကိုင်သည့် နယ်ပယ်ဟု ဖော်ပြထားပါသည်။ (၁၉၉၈ç ၁၂၃-၂၄) ၆

အရပ်ဘက် လူမှုအဖွဲ့အစည်းများ (Civil society) တွင် ယင်းတို့၏ တန်ဖိုးထားမှုများ၊ အရေးပါသည့် အခန်းကဏ္ဍနှင့် စွမ်းဆောင်နိုင်ခြေတို့ ရှိနေပါသည်။ ပုံသဏ္ဌာန် အမျိုးမျိုးနှင့်လည်း ရပ်တည်နေကြသည်။ နောက်ပိုင်း ကာလများတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဟူသော အယူအဆကို နိုင်ငံတော်မူဝါဒများ၊ နိုင်ငံရေးအရ ဖွဲ့စည်းထားပုံများ၊ နိုင်ငံတကာ သံတမန်ရေး ကိစ္စများတွင်ပါ ထည့်သွင်းပေါင်းစပ် အသုံးပြုလာခဲ့ကြပါသည်။ မူလ ကနဦးတွင် စိတ်စေတနာ အရင်းခံသည့် အလှူပေးရေး (compassionate conservatism) သဘောတရားမျိုးမှသည် နိုင်ငံရေး တတိယလမ်း (third-way politics) အဖြစ်၊ ရပ်ရွာ လူမှုအသိုက်အဝန်းဆိုင်ရာ တွေးခေါ်မှု (communitarian thinking) များအထိ ချဲ့ထွင်လာခဲ့ကြပါသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်း ဟူသော အယူအဆမှသည် နိုင်ငံသားများ ပို၍ ပါဝင်ဆောင်ရွက်လာစေရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချ၍ အောက်ခြေသို့ အာဏာပိုမို လွှဲပြောင်းပေးရေး၊ ဒေသန္တရ အစိုးရများကို အာဏာ ခွန်အား ပိုမိုတပ်ဆင်ပေးရေး သဘောတရားအဖြစ် အသုံးပြုလာခဲ့ကြပါသည်။ အမေရိက၊ အနောက်ကမ္ဘာ ကဲ့သို့သော “ဖွံ့ဖြိုးပြီးကမ္ဘာ”အတွက်မူ အရပ်ဘက် လူမှုအဖွဲ့အစည်းဟူသည်မှာ အနည်းဆုံး မိန့်ခွန်းတွင် ထည့်သွင်းပြောဆို၍ ကောင်းသည့် လူထောက်ခံဖွယ် စကားလုံးအနေဖြင့် ရှိနေခဲ့ပါသည်။ ၇

အရပ်ဘက် လူမှုအဖွဲ့အစည်းများတွင် တတ်နိုင်စွမ်းသော နိုင်ငံသားများဖြင့် ဖွဲ့စည်းထားကြပြီး၊ ဤအုပ်စုများက အစိုးရနှင့် ပုဂ္ဂလိက အာဏာရှိသူများ၏ လုပ်ဆောင်ချက်များအပေါ် တာဝန်ယူ တာဝန်ခံမှု ဖြစ်စေရန် ဆောင်ရွက်ကြသည်။ အခြား ရွေးချယ်စရာ မူဝါဒများကို ဆွေးနွေးဖန်တီး တင်ပြကြသည်။ အာဏာ ဖွဲ့စည်းထားပုံကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှု ဖြစ်စေရန် တွန်းဆော်ကြသည်။ ထိုမျှမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆက်ဆံရေး ကိစ္စများတွင် ရေရှည် ပြောင်းလဲမှုများ ဖြစ်လာစေရန်အထိ အင်အားကြီးမားသည့် လူထု လှုပ်ရှားမှုကြီးများကိုပါ စည်းရုံး ဆောင်ရွက်ခဲ့ကြပါသည်။ ၈

သို့သော် အသစ်သော လားရာများ ဖြစ်ပေါ်နေပြီဟု လေ့လာ စောင့်ကြည့်သူများက ဆိုကြပါသည်။ ယေဘုယျပြောရလျှင် အရပ်ဘက် လူမှုအဖွဲ့အစည်းများတွင် ဖိအားများ ကြုံနေကြရသည်။ သူတို့ကို အင်အား ချိနဲ့လာစေရန်၊ ပိတ်သိမ်းသွားစေရန်၊ သို့မဟုတ် လုပ်ပိုင်နယ်ပယ် မရှိတော့စေရန် ဖန်တီးမှုများကို အစိုးရများက လုပ်ဆောင်နေကြသည်ဟု စောင့်ကြည့် လေ့လာသူများက ဆိုကြပါသည်။ နေရာတိုင်း မဟုတ်သော်လည်း ကမ္ဘာကြီး၏ အချို့ထောင့်၊ နေရာများတွင် ဤသို့ ဖြစ်ပေါ်နေပါသည်။ အချို့သော ပညာရှင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းအတွက် တိုက်တွန်းကြသူများက နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်တွင်ပင် အခြေခံကျကျ အပြောင်းအလဲ ဖြစ်လာနိုင်သည်အထိ ပြဿနာရှိနေသည်ဟု သတိပေး ဖော်ပြပြောဆို နေကြပါသည်။

ပြည်သူများ ပါဝင် ဆောင်ရွက်မှုအတွက် လှုံ့ဆော်နေသည့် ကမ္ဘာ့အဖွဲ့အစည်း တစ်ခုဖြစ်သော CIVICUS က ဆိုရာတွင် နိုင်ငံပေါင်း ၆၀ ကျော်တွင် ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း၌ အဲန်ဂျီအိုများနှင့် ပတ်သက်သည့် ဥပဒေကို ပြဌာန်းခဲ့သည် သို့မဟုတ် ပြဌာန်းထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု ဆိုပါသည်။ ၂၀၁၄ ခုနှစ် ဇွန်လနှင့် ၂၀၁၅ ခုနှစ် မေလအကြား အရပ်ဘက် လူမှုအဖွဲ့အစည်းများအပေါ် သိသာသည့် တင်းကျပ် ကန့်သတ်မှု ၉၆ ခုထက်မနည်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ၉ တစ်ချိန်တည်းတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီမြှင့်တင်ရေးအသင်း (Carnegie Endowment of International Peace) မှ သောမတ်စ် ကာရိုသားစ် (Thomas Carothers) က ပြောရာတွင် အနောက်တိုင်းနိုင်ငံ မဟုတ်သည့် မဟာအင်အားကြီး နိုင်ငံနှစ်ခုဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံများတွင် မူလက ရှိနေပြီးသား အဲန်ဂျီအိုများအပေါ် တင်းကျပ်သည့် သူတို့၏ ရပ်တည်မှုအပေါ် ပို၍ တင်းတင်းမာမာ ကျင့်သုံး နေခဲ့သည်ဟု ဆွေးနွေးပါသည်။ သူတို့ ဤသို့ ဆောင်ရွက်နေကြသည်မှာ သူတို့ အစိုးရများ၏ အမျိုးသားရေးအခြေခံ၊ အနောက်တိုင်း ဆန့်ကျင်ရေး အခြေခံပေါ်တွင် ဆောင်ရွက်နေကြခြင်းဟု ဆိုသည်။

■ အစိုးရများက အဲန်ဂျီအိုများ၊ ပြည်ပ နိုင်ငံတကာ အဲန်ဂျီအိုများအပေါ် မလိုလားဖြစ်လာကြသည့် အကြောင်းရင်းများစွာ ရှိပါသည်။

ပထမအချက်မှာ အဲန်ဂျီအိုများက “ပြည်ပမှ ဒီမိုကရေစီ တင်ပို့မှု” ပြုနေကြသည်ဟု ယူဆကြသည်။ ယင်းသို့ ကြိုးပမ်းမှုနှင့်အတူ “အနောက်တိုင်း တန်ဖိုး” များကိုပါ တင်ပို့နေသည်ဟု ယူဆကြပါသည်။ ဤ နိုင်ငံများတွင် အစိုးရအပေါ် မကျေနပ်မှုက သဘာဝအလျောက် ရှိနေနိုင်ပါသည်။ သို့သော်လည်း၊ အနောက်နိုင်ငံကြီးများမှ ဒီမိုကရေစီ ထွန်းကားရေး လုပ်ငန်းစဉ်များ (ဒီမိုကရက်တိုက်ဇေးရှင်း) အတွက် လွှဲပြောင်း ပေးပို့လာကြသည့် ငွေကြေးများကို ၁၉၉၀ ပြည့်နှစ်များထက် စာလျှင် ပို၍ သံသယမျက်စိဖြင့် ကြည့်လာကြပါသည်။ ယင်းငွေများသည် နိုင်ငံတော်အစိုးရအတွက် သာမက၊ အစိုးရ မဟုတ်သည့် အင်အားစုများအတွက် ခွန်အားအာဏာ ဖြစ်လာစေသည်ဟုလည်း မြင်နေခဲ့ကြပါသည်။ ၁၀

ဤသို့ဖြင့် နိုင်ငံအစိုးရများက ပြည်ပရန်ပုံငွေများကို အပြည့်အ၀ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုများ ရှိလာခဲ့ပါသည်။ အထူးသဖြင့် သတင်း မီဒီယာများက “အရောင်တော်လှန်ရေးများ”ဟု အမည်လှလှ ပေးကြသည့် လူထုတော်လှန်ရေး၊ လူထု လှုပ်ရှားမှုများအပေါ် စိုးရိမ်လာကြသည်။ အာရပ်ကမ္ဘာတွင် ဖြစ်ခဲ့သည့် သူပုန်ထမှုများတွင် အနောက် ရန်ပုံငွေများ၏ လက်ပါသည်ဟု မြင်ကြသည်။ “၂၀၀၀ ပြည့်နှစ်များ အလယ်ပိုင်း ရောက်လာတော့ ဒီမိုကရေစီ မြှင့်တင်ရေးဆိုတာ၊ အနောက်တိုင်းက ချမှတ်လာတဲ့ အစိုးရပြောင်းလဲရေး (regime change) လှုပ်ရှားမှုနဲ့ အသွင်တူလို့ မြင်လာခဲ့ကြတယ်၊ ၂၀၀၁ ခုနှစ် အာဖဂန်နစ္စတန်နဲ့ အီရတ် အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ပွဲအပြီးမှာ အနောက်နိုင်ငံတွေက နိုင်ငံရေးသြဇာလွှမ်းမှု ဘယ်လိုပုံစံမဆိုနဲ့ ဆောင်ရွက်လာတာကို ဆန့်ကျင်တဲ့ ရပ်တည်ချက်က ပိုလို့ အရှိန်အဟုန် ရလာတယ်”ဟု သောမတ် ကာရိုးသားစ်က ဆိုပါသည်။ ၁၁

ထိုမျှမက အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အဲန်ဂျီအိုများကို နိုင်ငံတော်အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍမှ အာဏာရှိသူများက ဗီလိန်အဖြစ် ပစ်မှတ်ထား သရုပ်ဖော်မှုများ၊ ဖိနှိပ်မှုများ၊ ရာဇဝတ်ကြောင်းဖြင့် အရေးယူမှုများ တိုးပွားလာနေပါသည်။ မကြာသေးမီကပင် တရုတ်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဆုံတွင် ဆောင်ရွက်မည့် ဆည်အပေါ် ဆန့်ကျင်ကြသူများကို အစွန်းရောက်သူများ၊ သဘောထား အမြင်ဆိုးဖြင့် ဆန့်ကျင်နေကြသူများအဖြစ် စွပ်စွဲ ဖော်ပြခဲ့ပါသေးသည်။ ဤသို့ ဖြစ်ရသည်ကလည်း မဆန်းလှပါ။ အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း ကမ္ဘာတစ်ဝန်းတွင် အင်နှင့်အားဖြင့် နိုင်ငံရေးနှင့် လူမှုရေး ကမ်ပိန်းများ၊ ဂေဟသဘာ၀ ကာကွယ်ရေး လူထုလှုပ်ရှားမှုများ စုရုံး ဆောင်ရွက်ခဲ့ကြပြီး၊ ဤသို့ ချိုးဖောက်နေကြသော နိုင်ငံအစိုးရများ၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးများအပေါ် ပစ်မှတ်ထား ဆောင်ရွက်နေခဲ့ကြပါသည်။ ဒေသတွင်းတွင်လည်း ဆည်များ တည်ဆောက်ရေး၊ တရားမဝင် သစ်ထုတ်လုပ်မှု၊ မြေယာသိမ်းပိုက်မှု၊ သတ္တုမိုင်းများနှင့် အကြီးစား စီးပွားဖြစ် စိုက်ပျိုးရေး စီမံကိန်းများကြောင့် လူမှုရေးနှင့် ဂေဟဗေဒ ထိခိုက်နစ်နာမှုများကို ဖော်ထုတ် ဆန့်ကျင် နေခဲ့ကြပါသည်။

ထိုမျှမက ဤအင်အားစုများက အစိုးရ၏ မူဝါဒများကို လေ့လာစောင့်ကြည့်၍ ဝေဖန်ရန် အသင့်ရှိနေကြသည်။ တစ်ဖက်တွင်လည်း လူထုကို စည်းရုံးလှုံ့ဆော်မှု ပြုနေကြပါသည်။ ထို့အပြင် နိုင်ငံတော် အစိုးရနှင့် ကော်ပိုရေးရှင်းကြီးများ၏ စီးပွားရေး အကျိုးစီးပွားများအတွက်လည်း စိန်ခေါ်မှု အခက်အခဲများ ဖြစ်လာစေသည်။ အချို့သောဖြစ်ရပ်များတွင် ယခုကဲ့သို့ အရပ်ဘက် အဖွဲ့အစည်းများက ပစ်ပယ် ခံထားရသော၊ သို့မဟုတ် ပြောရေးဆိုခွင့် မရှိသည့် အုပ်စုများ၏ အရေး (ဥပမာ- အမျိုးသမီးအခွင့်အရေး၊ LGBT လိင်တူ-လိင်ကွဲ စုံမက်သူများ အရေး၊ မသန်စွမ်းသူများနှင့် ရွှေ့ပြောင်းလုပ်သားများအရေး စသည်) တို့ကို လှုံ့ဆော် ကိုင်တွယ်နေကြပါသည်။

ဤသို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ဘောင်ကျဉ်းလာစေသည့်၊ သို့မဟုတ် နေရာ ချုပ်ချယ်လာစေသည့် နောက်ကွယ်မှ တိုက်တွန်းမှု အကြောင်းအရင်း တစ်ရပ်မှာ အစိုးရများ စဉ်းစားလေ့၊ စဉ်းစားထ ရှိသည့် “နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတော် အချုပ်အခြာအာဏာ၊ နိုင်ငံတော် အကျိုးစီးပွား”ကို သူတို့သာ သိသည်ဟူသော စဉ်းစားချက်ဖြစ်ပါသည်။ အာဏာရှိသူအများက အင်အားကောင်းသည့် အရပ်ဘက် လူမှုအင်အားစုများ၏ စွမ်းရည်ကို ခြိမ်းခြောက်မှု၊ သို့မဟုတ် အာဏာရှိသူများကို တာဝန်ယူတာဝန်ခံမှု ဖြစ်လာစေရန် တောင်းဆိုမှုများအဖြစ် မြင်လာနေကြသည်။

ဤသို့ဖြင့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်မှုပြီးနောက် နိုင်ငံပေါင်း ၁၄၀ ကျော်တွင် အကြမ်းဖက်မှု ဆန့်ကျင်ရေးဥပဒေများ ချမှတ်လာစေရန် အမေရိကန် ပြည်ထောင်စုက ဖိအားပေးခဲ့ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သကဲ့သို့၊ အကြမ်းဖက်မှု ဆန့်ကျင်ရေး လမ်းညွှန်များလည်း ပြုစုထားကြသည်။ နိုင်ငံတကာ ငွေလွှဲပြောင်းမှုများကို စောင့်ကြည့်ရန်လည်း အလုပ်အဖွဲ့ (Task force) များလည်း ဖွဲ့စည်းထားခဲ့ကြသည်။ ဤ ဥပဒေ၊ လုပ်ထုံးများကလည်း အကြမ်းဖက်သူများ အစား၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များအပေါ် ဖိအားများ ဖြစ်လာစေသည်။

နောက်တစ်ချက်မှာ အစိုးရဆီမှ တစ်ဆင့် မဟုတ်ဘဲ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အဲန်ဂျီအိုများသို့ စီးဆင်းလာနေသော ငွေကြေးများကို စောင့်ကြည့် လေ့လာလိုကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် အဲန်ဂျီအိုများအတွက် ဥပဒေပြဌာန်းချက်များတွင် ငွေကြေး ရယူမှုဆိုင်ရာ ကန့်သတ်ချက်များ၊ စာရင်းအင်း ထိန်းသိမ်းထားရှိမှုများ၊ အစိုးရအတွက် အခွန်ဆောင်မှုများအပေါ် တင်းကျပ်လာခဲ့ကြသည်။

၂၀၀၉ ခုနှစ်က အီသီယိုပီးယားနိုင်ငံတွင် ပြဌာန်းခဲ့သည့် ဥပဒေတစ်ခုတွင် နိုင်ငံရပ်ခြားမှ ရန်ပုံငွေ ၁၀% ထက် ကျော်လွန်၍ ရယူပါက၊ မည်သို့သော နိုင်ငံရေး လှုပ်ရှားမှုမျိုးတွင်မှ မပါဝင် မပတ်သက်စေရန် ပြဌာန်းထားခဲ့သည်။ အစ္စရေးလ်နိုင်ငံတွင်လည်း သူတို့ ရန်ပုံငွေ တစ်ဝက်ကျော်ကို နိုင်ငံခြား အဖွဲ့အစည်းများမှ ရယူထားသည့် အဖွဲ့အစည်းများသည် လွှတ်တော်သို့ လာရောက်စဉ် တစ်မျိုး တစ်ဖုံသော သိမှတ်စေရန် ရင်ထိုးတံဆိပ်တစ်ခုကို တပ်ဆင်လာစေရန် ပြဌာန်းထားပါသေးသည်။ အဖွဲ့အစည်း မှတ်ပုံတင်ခြင်း ဥပဒေ၊ အခွန်ဥပဒေများဖြင့်လည်း တင်းကျပ် ကန့်သတ်မှုများ ရှိလာခဲ့ပါသည်။

■ အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ထိန်းချုပ်နည်း နိသျှည်း

ယေဘုယျအားဖြင့် အစိုးရများက အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ထိန်းချုပ်မည်ဆိုလျှင် အောက်ပါနည်းနာများ ကျင့်သုံး ဆောင်ရွက်ခဲ့ကြ၊ ဆောင်ရွက်နေဆဲ ဖြစ်သည်ကို တွေ့ရှိကြရသည်။

■ ၁။ အုပ်ချုပ်ရေးအရ လိုအပ်ချက်များကို ခက်ခဲစေခြင်း

မြန်မာနိုင်ငံတွင် အသစ်ပြုပြင်ထားသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဥပဒေအရ၊ မိမိဆန္ဒအလျောက် မှတ်ပုံတင်မည်/မတင်မည်ကို ဆုံးဖြတ်နိုင်ခွင့် ရှိကြပါသည်။ အဖွဲ့အစည်းများ အနေဖြင့် မိမိဘာသာ ဆုံးဖြတ်လုပ်ကိုင်ခွင့် ရှိပါသည်။ သို့သော်လည်း အစိုးရများက မှတ်ပုံ မတင်ထားသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ကိုင်မည်၊ မလုပ်ကိုင်မည်ကို သူ့ဘက်က ဆုံးဖြတ်ခွင့် ရှိနေပါသည်။ ထိုမျှမက မှတ်ပုံ မတင်ထားသည့် အဖွဲ့အစည်းများကို နိုင်ငံတကာ အကူအညီများ မပေးအပ်စေရန် ဆုံးဖြတ်ခြင်း၊ ကန့်သတ်ခြင်းများလည်း ဆောင်ရွက်နိုင်ပါသေးသည်။ ပြီးခဲ့သည့် ကာလများအတွင်း အဖွဲ့အစည်းများ ဘဏ်ငွေစာရင်း ဖွင့်နိုင်ရန် အခက်အခဲ တွေ့ခဲ့ကြသည်။ နိုင်ငံတကာ အကူအညီရရှိရန် ခက်ခဲခဲ့ကြသည်။ ထိုမျှမက မှတ်ပုံတင်သည့် လုပ်ငန်းစဉ်တလျှောက်တွင်လည်း အဖွဲ့အစည်းများ များစွာ အခက်အခဲ တွေ့ကြုံခဲ့ရပါသည်။ မည်သည့်အဆင့်တွင် ရောက်နေသည် မသိ၊ မည်သည့် အချိန်တွင် ဆုံးဖြတ်ပေးမည် မသိ စသည့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရပါသည်။

■ ၂။ အစိုးရ၏ လုပ်ဆောင်မှုများအတွက် တရားမျှတကြောင်း တည်ဆဲဥပဒေများကို ကိုးကား၍ အသုံးပြုခြင်း

မြန်မာနိုင်ငံတွင် အသုံးများသည်မှာ ငြိမ်းချမ်းစွာ လူထုများ စုဝေးစီတန်း လှည့်လည်ခြင်း ဥပဒေပင် ဖြစ်သည်။ အထူးသဖြင့် လူထု စုဝေးပွဲများကို ပြုလုပ်ခွင့် တောင်းကြရာတွင် ပြုလုပ်ခွင့် မပေးကြပါ။ ထို့နောက်တွင် ဦးဆောင်သူအများကို ယင်းဥပဒေ၏ ပုဒ်မ-၁၈ ဖြင့် စွဲချက်တင် ခံကြရသကဲ့သို့၊ စီတန်း လှည့်လည်ရာတွင်လည်း ဖြတ်သန်းသည့် မြို့နယ်များအလျောက် မြို့တိုင်းတွင် ပုဒ်မ-၁၈ ဖြင့် စွဲဆိုခြင်း ခံရတတ်ပါသည်။ ထိုမျှမက အစိုးရဝန်ထမ်းများအပေါ် ဝတ္တရားနှောင့်ယှက်မှု၊ ကျော်နင်းမှု၊ လူစုလူဝေးဖြင့် ဆူပူစေမှု စသည့် ဥပဒေများကိုလည်း ထည်လဲ သုံးစွဲခဲ့ကြပါသည်။

■ ၃။ သတင်းမီဒီယာများကို တစ်နည်းတစ်ဖုံဖြင့် ပါးစပ်ပိတ်စေခြင်း။

သတင်းမီဒီယာများကို ဝယ်ယူကြသည်များ ရှိသကဲ့သို့၊ ခြိမ်းခြောက်မှု၊ တရားစွဲဆို၊ ဖမ်းဆီးမှုများဖြင့် သတင်းမီဒီယာများ ကိုယ်၌က မိမိဘာသာ ဆင်ဆာ တည်းဖြတ်နေကြရသည့် ဘဝမျိုးကို ရောက်စေ တတ်ကြပါသည်။ အထူးသဖြင့် အစိုးရနှင့် သဘောထား ကွဲလွဲသည့် တင်ပြချက်များ၊ ဝေဖန်ချက်များကို အသရေဖျက်မှုဖြင့် လွယ်လွယ် တရားစွဲတတ်ကြပါသည်။ ထို့အပြင် အစိုးရ ထိန်းချုပ်ထားသည့် မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများ အခွင့်အရေး တန်းတူမရနိုင်အောင်၊ မျှတသည့် ပြိုင်ကွင်း မဖြစ်စေရန် ဆောင်ရွက်ခြင်းမျိုးဖြင့်လည်း မီဒီယာကို ချိနဲ့အောင် ဆောင်ရွက် ထားနိုင်ပါသေးသည်။

■ ၄။ လွတ်လပ်သော အသင်းအဖွဲ့များကို တင်းကျပ်ထားခြင်း။

မြန်မာနိုင်ငံတွင် အသင်းအဖွဲ့ မှတ်ပုံတင်ရာတွင် တင်းကျပ် မထားသော်လည်း၊ ယေဘုယျအားဖြင့် တစ်နှစ်ခန့် စောင့်ဆိုင်းနေကြ ရတတ်ပါသည်။ လျှောက်လွှာ လျှောက်ထားမှုများအတွက် လက်ခံရရှိကြောင်း စာပြန်ပေးလေ့ မရှိသကဲ့သို့ ဤအမှုတွဲအမှတ်ကိုလည်း အသိပေးခြင်း မရှိကြပါ။ သို့ဖြစ်ရာ အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ လျှောက်လွှာ မည်သည့်အဆင့်တွင် ရှိနေမှန်း မသိ၊ မည်သည့် လိုအပ်ချက် ရှိနေမှန်းမသိဘဲ စောင့်ဆိုင်းနေကြရပါသည်။

■ ၅။ နိုင်ငံတော် အချုပ်အခြာအာဏာကို တင်းတင်းကျပ်ကျပ် ရှိစေခြင်းနှင့် ပြည်ပမှ ဒီမိုကရေစီ မြှင့်တင်ရေး ဟူသော အယူအဆများကို မပြတ်စောင့်ကြည့်နေခြင်း

အစိုးရများက နိုင်ငံတော် အချုပ်အခြာအာဏာ၊ နိုင်ငံတော် အကျိုးစီးပွား စသည့် စကားလုံးများကို တွင်တွင်ကျယ်ကျယ် ပြောဆိုလေ့ ရှိကြပါသည်။ သို့သော် ဖွံ့ဖြိုးရေး စီမံကိန်းကြီးများကို ပြည်သူအများ သိရှိနိုင်အောင် ပွင့်လင်းမြင်သာစွာ ချပြခဲ့ခြင်း မရှိကြပါ။ ကောင်းကျိုးဆိုးပြစ်များကိုလည်း အပြည့်အ၀ အသိပေး၍ ကြိုတင် ဆန္ဒသဘောထား ယူခြင်းမျိုး မရှိခဲ့ကြပါ။ လူနည်းစုကသာ နိုင်ငံတော် အချုပ်အခြာအာဏာ၊ နိုင်ငံတော်အကျိုးစီးပွား စကားလုံးများသုံး၍ အာဏာရယူ ဆုံးဖြတ်ခဲ့ကြပါသည်။

အစိုးရများက မူဝါဒများချမှတ်ရာတွင် “လူအများ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်”ဟု ကျယ်ကျယ် လောင်လောင် ပြောဆိုလေ့ ရှိကြပါသည်။ သို့သော်လည်း ဖြစ်တတ်သည်က တိုးတက်မှုများက တဖြည်ဖြည်းခြင်းသာ ဖြစ်ပေါ်တတ်ပြီး၊ ပါဝင်ဆောင်ရွက်ခွင့် ဟူသည်ကလည်း မေးခွန်းထုတ်ရမည့် ကိစ္စမျိုး ဖြစ်နေတတ်သည်။ ဟန်ပြ ဖြစ်နေတတ်သည်။ အနှစ်သာ ရရှိသော ပါဝင်ဆောင်ရွက်မှုမျိုးကို ဖန်တီး မထားတတ်ကြပေ။ ထို့အပြင် ဒီမိုကရေစီနိုင်ငံအများတွင် မိမိတို့ တောင်းဆိုသမျှ ကိစ္စအားလုံး ပြည့်ဝနိုင်မည် မဟုတ်။ ဤသို့ မမျှော်မှန်းထားကြရန်လည်း နားချ ထားတတ်ကြပါသည်။

■ ၆။ အကြမ်းဖက်မှု ဥပဒေများကို တွင်တွင်ကျယ်ကျယ် သုံးခြင်း

အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေများကို အကျယ်အပြန့်သုံး၍ အစိုးရကို အတိုက်အခံ ပြုနေသူများကို အသံတိတ်စေသည်၊ ဖမ်းဆီး၊ ဟန့်တားနေသည်မှာ နိုင်ငံအများတွင် ဖြစ်ပါသည်။ ထိုမျှမက ဘဏ်စာရင်းများကို စောင့်ကြည့်ခြင်း၊ တစ်ဦးချင်း၏ လွတ်လပ်ခွင့်ဖြစ်သည့် စာ၊ တယ်လီဖုန်း၊ အဆက်အသွယ်များကို ကြားဖြတ်ခြင်း၊ ဘဏ်ငွေလွှဲ ပို့ဆောင်နေမှုများ စောင့်ကြည့်ခြင်း၊ ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်း စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြပါသည်။ အဲန်ဂျီအိုများ၊ ပြည်ပအဖွဲ့အစည်း ဝန်ထမ်းများ၏ ဗီဇာ ပြည်ဝင်ခွင့် ကိစ္စများကိုလည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထား တတ်ကြသည်။ နောက်ဆုံး ကိုယ်ထိလက်ရောက် နှောင့်ယှက် ခြိမ်းခြောက်မှုများကိုပါ အစိုးရအရာရှိများက ကျူးလွန်နေခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်မူ မတရားအသင်းများနှင့် ဆက်သွယ်ရေး ကိစ္စမှာလည်း အတိုက်အခံများ၊ အရပ်ဘက် လူမှုအဖွဲ့များကို ဖိနှိပ်ရေးတွင် အသုံးတည့်နေသော ကိစ္စတစ်ခု ဖြစ်ပါသည်။

■ ၇။ အစိုးရက ဦးဆောင် ဖွဲ့စည်းသည့် အဲန်ဂျီအိုများ (GONGOs) များကို နေသားတကျ သုံးခြင်း

ဤသို့ နောက်ဆုံးမှ ဖော်ပြသော်လည်း အရေးမကြီး၍ မဟုတ်ပါ။ အစိုးရအများက သူတို့ ထိန်းချုပ်ထားသော အဲန်ဂျီအိုများကို အလျဉ်းသင့်သလို ဖော်ထုတ် အသုံးပြုလေ့ ရှိပါသည်။ ယခင် စစ်အစိုးရ ကာလများတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို လူမှုရေးအသင်းကြီး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီ စသည့် လူထုလူတန်းစား အဖွဲ့အစည်းများဖြင့် ပြည်သူများက ထောက်ခံ ပါဝင်နေသယောင် ဆောင်ရွက်ခဲ့ကြပါသည်။ ထိုမျှမက ရုရှားနိုင်ငံတွင် ပါတီစုံ စနစ်သဖွယ် ခွင့်ပြုထားသော်လည်း ထိန်းချုပ်ထားသည့် အတိုက်အခံများ၊ ထိန်းချုပ်ထားသည့် ဗဟုဝါဒ၊ ခေါင်းညိမ့် တတ်သည့် ပါတီခွဲများ (Yes party) များဖြင့် နိုင်ငံတော်အစိုးရ အဆွယ်အပွား အဖွဲ့အစည်းများပင် စီမံထားကြသည်ဟု ဆိုပါသည်။ ၁၂

နိုင်ငံတော်ကိုယ်၌က အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးလာစေရန် နိုင်ငံရေး ဝန်းကျင်နေရာများ ဖန်တီးထားမပေးသည့် အတွက်ကြောင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများလည်း စောင့်ကြည့် ဝေဖန်ရမည့် (Watchdog) တာဝန် မထမ်းဆောင်နိုင်တော့သည့် အခြေအနေ ဖြစ်လာရတော့သည်ဟု ဆိုကြပါသည်။

Views from the rulers: A manual for handling Civil Society Organizations (CSOs) and protests

By Aung Thu Nyein

Is civil society at risk in Myanmar? Despite a popularly elected government led by democracy icon, civil society in Myanmar does not feel encouraging to them by the opposition-turned- government, in terms of relationship as well as their participation in peace and policy process.

Look around the neighboring countries; Cambodia recently passed a law restricting to NGO’s activities and in China, 2015 NGO law forbids all activities that endanger the peace, stability, public order, culture or traditions of the country and India’s Foreign Contribution Regulation Act (FCRA) (2010) dictates NGOs receiving money from abroad must have a “license” and no political activities with that money. There are many restrictive laws against civil society around the world.

It could be a subtle trend or an undercurrent threat to civil society, but many civil society advocates and scholar alike have warned that “Civil society under pressure –as their space is shrinking –closing– turned to no space”. The governments use a bundle of measures: compromising laws, vilification campaigns, repression or criminalization, bureaucratic and tax regulations and harassment, smear campaigns, secret service methods and open repression. It would be an interesting question why the states have changed their position against civil society?

■ စာညွှန်း

၁        အောင်သူငြိမ်းသည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar  ၏ သင်တန်းဆိုင်ရာ ဒါရိုက်တာဖြစ်သည်။

၂        Mann, 2016 July 13

၃        Mann, 2016 May 25

၄        Bangkok Post, 2016 October 7

၅        Unmüßig, 2016

၆        Edwards, 2011

၇        Ewards, 2011

၈        Ewards, 2011

၉        CIVICUS, 2015

၁၀      Carothers, 2015

၁၁      Unmüßig, 2016

၁၂      March, 2009

■ ကျမ်းကိုးစာရင်း

Bangkok Post. (2016. October 7). “Pair charged with insulting Suu Kyi”. http://www.bangkokpost.com/news/general/1105025/pair-charged-with-insulting-suu-kyi

Carothers. T. and Youngs. R. (2015). The Closing Space Challenge: How Are Funders Responding?. Washington D. C. : Carnegie Endowment for International Peace.

CIVICUS, (2015). State of Civil Society Report. New York: World Alliance for Citizen Participation.

Edwards, M. (ed.). (2011). “The introduction: Civil Society and the Geometry of Human Relations” in The Oxford Handbook of Civil Society. Oxford/ New York: Oxford University Press.

March. K. (2009). “Managing Opposition in a Hybrid Regime: Just Russia and Parastatal Opposition” in Slavic Review. Vol. 68, No. 3. Association for Slavic, East European, and Eurasian Studies, pp. 504-527.

Mann. Z. (2016. July 13). “Detained Laborers Sentenced for Contempt of Court”, The Irrawaddy. http://www.irrawaddy.com/burma/detained-laborers-sentenced-for-contempt-of-court.html

Mann. Z. (2016. May 25). “Forthcoming Govt Body Aims to Get More Aid to More People”,  The Irrawaddy. http://www.irrawaddy.com/burma/forthcoming-govt-body-aims-to-get-more-aid-to-more-people.html

Robertson. G. B. (2011). The Politics of Protest in Hybrid Regimes: Managing Dissent in Post-Communist Russia. New York: Cambridge University Press.

Unmüßig. B. (2016). Civil society under pressure –shrinking –closing– no space. Berlin: Heinrich Böll Foundation.

About the author

Aung Thu Nyein

Aung Thu Nyein is the Director of Communications at ISP Myanmar. He is a former student activist in 1988 Democracy Movement and took leadership several positions in exile democracy movement. He read Masters in Public Administration (M. P.A) at Harvard University in 2002. He co-founded Vahu Development Institute (VDI) along with other expatriates in 2006, which is focusing on policy advocacy on democratization and strengthening civil society in Burma/Myanmar. He returned to Myanmar after 2011country's political reforms and joined in the Center for Economic and Social Development (CESD) of Myanmar Development Institute (MDRI). (from 2012- until 2014 Dec). He is pursuing a Ph.D. study on development administration at National Institute of Development Administration (NIDA) in Bangkok.

Add comment